ဖန်ရှုံ့ရှန်း သေစမ်း
Vol. 72 Ch. 997
မန်ဟို၏ အင်မော်တယ် ၁၂၃ ကြောက စွမ်းအားတို့ဖြင့် ပေါက်ကွဲထွက်လာရင်း ကောင်းကင်ဘုံ ၃၃ ခု၏ စွမ်းအားကို ပါကာဂွန်တံတားအဖြစ် စုစည်းကာ ဖန်ဝေနှင့် ဖန်ရှုံ့ရှန်းကို ဟန့်တားလိုက်သည်။
သူ အမြန်ဆုံး နောက်ဆုတ်လိုက်သည့်အချိန်မှာပင် သူ၏ မျက်လုံးများက အေးစက်စက် တောက်ပသွား၏။ သူက ဖန်ဝေနှင့် ဖန်ရှုံ့ရှန်းကို သေလူများအလား ကြည့်နေလေသည်။
ထစ်ချုန်းသံများ ကြားလိုက်ရပြီး ကောင်းကင်နှင့်မြေကြီးသည် ပြင်းပြင်းထန်ထန် တုန်ခါသွား၏။ နိဗ္ဗာနသစ်သီးက မျက်စိကျိန်းမတတ် တောက်ပနေသော အလင်းရောင်ကို ထုတ်လွှတ်နေသည်။
ဤသည်မှာ ပထမမျိုးဆက်ခေါင်းဆောင်ကြီး၏ နိဗ္ဗာနသစ်သီးဖြစ်သည်။
၎င်းက နှစ်ပေါင်းများစွာ တည်ရှိခဲ့သည်ကို သက်သေပြနေပုံရသော ရှေးဆန်သည့် အရှိန်အဝါအား ထုတ်လွှတ်နေပြီး ၎င်းပေါ်လာသည်နှင့်တစ်ပြိုင်နက် သစ်သီးထဲရှိ အချိန် အနှစ်သာရသည် ပတ်၀န်းကျင်ကို ဖုံးလွှမ်းရင်း မန်ဟို့ပတ်၀န်းကျင်အား မတူညီသော ခေတ်တစ်ခေတ်သို့ ရောက်သွားသည့်အလား ဖြစ်သွားစေသည်။
ဖန်ရှုံ့ရှန်း၏အကြည့်က မန်ဟို့အကြည့်နှင့် ဆုံသွားပြီး ရင်ဒိန်းခနဲ ခုန်သွား၏။ နိဗ္ဗာနသစ်သီးကို ကြည့်လိုက်ချိန်တွင် သူ၏ မျက်လုံးထဲ၌ အန္တရာယ်များသော အရိပ်အယောင်တစ်ခု ပေါ်လာပြီး သူ၏ နှုတ်ခမ်းများက ရက်စက်ယုတ်မာသော အပြုံးတစ်ခုအသွင် တွန့်ချိုးသွား၏။
"စုပ်ယူလိုက်လေ။ ငါ တိုက်ခိုက်စရာတောင်မလိုဘူး။ မင်းသေသွားမှာ သံသယတောင် မရှိဘူး"
ဖန်ဝေ၏ စွမ်းအင်က တရိပ်ရိပ် ထိုးတက်နေသော်လည်း သူသည် မန်ဟို့ကို ကြည့်သောအခါ ရင်တဒိန်းဒိန်း ခုန်စပြုလာသည်။ သူ၏အကြည့်က နိဗ္ဗာနသစ်သီးထက်သို့ ရောက်ရှိသွားပြီး ရုတ်တရက်ဆိုသလို ပြင်းထန်သော အန္တရာယ်အာရုံက သူ၏ နှလုံးသားထဲတွင် ပေါ်ထွက်လာလေသည်။
သူသည် ဖန်ဝေအစစ် မဟုတ်ပေ။ ဆဋ္ဌမခေါင်းဆောင်ကြီး၏ ကိုယ်ပွားသာဖြစ်သည်။ ထို့ကြောင့် သူက ထိုသစ်သီးကို မှတ်မိပြီး ၎င်းကို မြင်လိုက်သည်နှင့်တစ်ပြိုင်နက် ၎င်းသည် သူမှတ်မိသော နိဗ္ဗာနသစ်သီးနှင့် တခြားစီဖြစ်နေကြောင်း သဘောပေါက်လိုက်၏။
မန်ဟို ၎င်းကို ထုတ်လိုက်သည်နှင့်တစ်ပြိုင်နက် ဖန်ဟဲ့ရှန်းနှင့် တိုက်ခိုက်နေသော မဟာအကြီးအကဲက လှမ်းကြည့်လိုက်သည်။ သူ့မှာ ဖြစ်ပျက်နေသောအရာကိုမြင်လျှင် မျက်နှာပျက်သွား၏။
"ဟိုအာ မင်း အဲ့ဒါကို စုပ်ယူလို့မဖြစ်ဘူး" သူက အလောတကြီး လှမ်းအော်လိုက်သည်။ သူ့မှာ သူ၏အသံ ပဲ့တင်ထပ်သွားသည့်အချိန်မှာပင် သူချခဲ့သော ဆုံးဖြတ်ချက်များအတွက် နောင်တအကြီးအကျယ် ရသွားတော့သည်။
မဟာအကြီးအကဲ အော်ပြောလိုက်သည့် အခိုက်အတန့်တွင် ဖန်ဝေ၏မျက်လုံးများ ပြူးကျယ်သွားပြီး သူ့ရင်ထဲရှိ အန္တရာယ်အာရုံသည် အထွတ်အထိပ်သို့ ရောက်ရှိသွား၏။ မန်ဟိုသာ နိဗ္ဗာနသစ်သီးကို စုပ်ယူလိုက်လျှင် အလွန်ကြီးမားသော အပြောင်းအလဲကြီးတစ်ခု ဖြစ်ပွားတော့မည်ဟု သူ့နှလုံးသားက ပြောနေလေသည်။ သူက ရုတ်တရက် အော်ဟစ်လိုက်သည်။ "သူ့ကို တားလိုက်"
ဖန်ဝေက ရှေ့တစ်လှမ်းတက်၍ လက်ကို ခါရမ်းသည်။ ကောင်းကင်ဘုံ ၃၃ ခုနှင့် အင်မော်တယ်အကြော ၃၃၀ ကြောသည် မြစ်ဝါမြစ်အသွင်ပြောင်းရင်း ပါရာဂွန်တံတားအား လှုပ်ခါသွားစေ၏။
တစ်ချိန်တည်းမှာပင် ဖန်ရှုံ့ရှန်းသည် တွန့်ဆုတ်နေသော်လည်း မီးအိမ်နှစ်လုံး ငြှိမ်းထားသော ရှေးဟောင်းနယ်ပယ်၏စွမ်းအားဖြင့် တိုက်ခိုက်လိုက်သေး၏။ အံ့မခန်းလိလိ တိုက်ကွက်တစ်ကွက် ဖြစ်ပေါ်လာပြီး ဧရာမပုံရိပ်ယောင်လက်ကြီးက ပါရာဂွန်တံတားကို ပိုင်းချလိုက်သည်။
ပါရာဂွန်တံတားမှာ တုန်ခါသွားပြီး တစ်လွှာပြီးတစ်လွှာ ပြိုကွဲလာ၏။ ၎င်းက ပါရာဂွန်တစ်ဦးသဖွယ် အစွမ်းထက်သော တာအိုမှော်သိုင်းဖြစ်သော်လည်း မန်ဟိုကျင့်ကြံခြင်းအခြေခံအရ ၎င်းကို ထုတ်ဖော်နိုင်ရုံသာ ထုတ်ဖော်နိုင်လေသည်။ ဖန်ဝေနှင့် ဖန်ရှုံ့ရှန်းတို့နှစ်ယောက် ပူးပေါင်းတိုက်ခိုက်လိုက်သည်ကို ထည့်တွက်လျှင် တံတားမှာ တခဏသာ တောင့်ခံနိုင်ပြီးနောက် တစစီ ပြိုကွဲသွားတော့သည်။
၎င်းပျောက်ကွယ်သွားသည်နှင့်တစ်ပြိုင်နက် ဖန်ဝေနှင့် ဖန်ရှုံ့ရှန်း၏ လမ်းကို ဟန့်တားနေသည့်အရာ တစ်ခုမှ မရှိတော့ရာ သူတို့က မန်ဟို့ထံသို့ သေစေနိုင်သော တိုက်ကွက်များအား ချက်ချင်း ထုတ်လွှတ်ပေတော့ပေမည်။
မန်ဟိုက မျက်လုံးများ အေးစက်နေလျက် ချက်ချင်း နောက်ဆုတ်လိုက်သည်။ ဖန်ဝေနှင့် ဖန်ရှုံ့ရှန်း ပါရာဂွန်တံတားအား ၀င်တိုက်လိုက်သည့်အခိုက်အတန့်မှာပင် မန်ဟိုက နိဗ္ဗာနသစ်သီးကို မြှောက်၍ နဖူးထဲသို့ ဖိထည့်လိုက်၏။
သစ်သီးက အရည်ပျော်သွားပြီး သူ့နဖူးထဲ နစ်၀င်သွားကာ နွေးထွေးသော လှိုင်းတစ်လှိုင်းအား သူ၏ ခန္ဓာကိုယ်တစ်လျှောက် စီးဆင်းသွားစေသည်။ သူ၏ ခန္ဓာကိုယ်သည် တုန်ခါသွားပြီး သူ့စိတ်နှလုံးမှာ တုန်ရီလာ၏။ သူ့မှာ တစ်စစီ စုတ်ပြဲတော့မည့်အလား ခံစားနေရပြီး သွေးကြောများက သူ့မျက်နှာပေါ်တွင် ဖောင်းကြွလာသည်။ သူ၏ မျက်စိ၊ နား၊ နှာခေါင်း၊ ပါးစပ်တို့မှ သွေးများစီးကျလာသည်။
ဖန်ဝေနှင့် ဖန်ရှုံ့ရှန်းတို့ ပါရာဂွန်တံတားကို ၀င်တိုက်နေစဉ် ဖန်ဝေ၏ နှလုံးသားမှာ တဒိန်းဒိန်း ခုန်နေ၏။ သူက ဟိန်းဟောက်ကြုံးဝါးရင်း အစွမ်းထက်ဆုံး နတ်ဘုရားစွမ်းရည်များကို ထုတ်လွှတ်ကာ တံတားအား မြန်မြန်ဆန်ဆန် ကြေမွသွားစေသည်။
ချက်ချင်းပင် ဖန်ဝေက ကြယ်တံခွန်ကြီးသဖွယ် မန်ဟို့ထံသို့ ပြေး၀င်သွား၏။
"သေစမ်း" ဖန်ဝေမှာ မန်ဟို့တွင် ဖြစ်ပျက်နေသောအရာနှင့် ပက်သက်ပြီး ခံစားချက်မကောင်းသည့်အတွက် သူ၏ အသတ်အဖြတ်စိတ်ဆန္ဒတို့မှာ ပို၍ပင် အားကောင်းလာတော့သည်။
ဖန်ရှုံ့ရှန်း၏ အသတ်အဖြတ်စိတ်ဆန္ဒလည်း တဖွေးဖွေး လှုပ်လာပြီး မန်ဟို့အပေါ် သူ၏ သတ်ဖြတ်လိုစိတ်တို့မှာ ပို၍ပင်ပြင်းပြလာသည်။ ဧရာမလက်ကြီးက မန်ဟို့အား ချေမှုန်းရန်၊ သူ၏ နှလုံးသားထဲရှိ အမုန်းတရားတို့အား ဖယ်ရှားရန် ပြေး၀င်သွား၏။
ဖန်ဝေနှင့် ဖန်ရှုံ့ရှန်းတို့ အနားရောက်စဉ် မန်ဟိုမှာ တုန်ရီလာပြီး မျက်လုံးများ နီရဲနေ၏။ ပြင်းထန်ပြီး လွှမ်းမိုးကြီးစိုးနေသော အရှိန်အဝါတစ်ခုက သူ့ထံမှ ဖြာထွက်လာသည်။
အရှိန်အဝါက ဖန်ဝေ့ကို အံဩမှင်သက်သွားစေပြီး ဖန်ရှုံ့ရှန်း၏မျက်နှာအား ပျက်သွားစေသည်။
ထို့နောက် မန်ဟိုက မာန်သွင်းဟိန်းဟောက်လိုက်သည်။ သူ၏ခန္ဓာကိုယ်သည် ရုတ်တရက် ကြီးထွားလာပြီး တစ်ချိန်တည်းမှာပင် သူ၏အင်မော်တယ်အကြောများက လျင်မြန်စွာ တိုးပွားလာသည်။
သူ့တွင် အကြောအရေအတွက်ကား ၁၂၃ ကြောတင် မကတော့ပေ။ ၎င်းသည် လျင်မြန်သောနှုန်းဖြင့် မြင့်တက်လာနေပြီး သူ၏ ပတ်ပတ်လည်ရှိ အင်မော်တယ်နဂါးများလည်း ထိုနည်းတူပင်။ နဂါးများ ဟိန်းဟောက်နေစဉ် ၁၃၉၊ ၁၅၂၊ ၁၆၉၊ ၁၉၆။
နဂါး ၁၉၆ ကောင် ပေါ်လာခဲ့လေပြီ။
အရိုင်းဆန်သောအရောင်များက ကောင်းကင်တွင် ပြိုးပြိုးပျက်ပျက် လက်နေပြီး လေများ တဝေါဝေါ တိုက်ခိုက်နေကာ နက္ခတ်တာရာများ တုန်ခါနေသည်။
မျက်စိတစ်မှိတ်အတွင်း သူ့တွင် အင်မော်တယ်အကြော ၂၀၀ ရှိသွားလေပြီ။
မန်ဟို၏ အရှိန်အဝါမှာလည်း အင်မော်တယ်နယ်ပယ်ထက် ကျော်လွန်တော့မည့်အလား ပြင်းပြင်းထန်ထန် တိုးတက်လာနေသည်။
ဂျိန်း
အကြော ၂၀၀ တင်မကပေ။ တိုးပွားမှုက ဆက်လက်သွားနေ၏။ ၂၂၃။ ၂၃၅။ ၂၄၆ အထိ။
၎င်းက သူ၏ မူလအရေအတွက်ကို နှစ်ဆတိတိ တိုးပေးလိုက်ခြင်းဖြစ်သည်။
ဤရွေ့ဤမျှသာဆိုလျှင် ရေးကြီးခွင်ကျယ် မဟုတ်သေး။ သို့သော် သူ၏အင်မော်တယ်အကြောများ နှစ်ဆဖြစ်သွားသည့် အခိုက်အတန့်တွင် ကောင်းကင်ဘုံ ၃၃ ခုသည် အင်မော်တယ်နယ်ပယ်ထက် ကျော်လွန်သွား၏။ ၎င်းတို့က မဟာစက်၀န်းကို ကျော်၍ ကောင်းကင်ဘုံ ၆၃ ခု အထိ ဖြစ်သွားရာ စောင့်ကြည့်သူများအား ကြက်သေသေသွားစေတော့သည်။
သို့သော် အနီးကပ်ကြည့်လျှင် ၎င်းတို့က ကောင်းကင်ဘုံ ၆၃ ခု မဟုတ်ဘဲ အစွန်းနှစ်ခုရှိကြောင်း တွေ့ရပေမည်။ တစ်ခုက အပေါ်ရှိ ကောင်းကင်ဘုံ ၃၃ ခု ဖြစ်ပြီး နောက်တစ်ခုက အောက်ရှိ ကမ္ဘာမြေ ၃၃ ခု ဖြစ်သည်။ ၎င်းတို့အလယ်တွင် မန်ဟို ရှိနေ၏။
သူ၏ တန်ခိုးစွမ်းအားတို့ တဟုန်ထိုး မြင့်တက်နေသည်နှင့်အမျှ ကြောက်မက်ဖွယ်ရာ အရှိန်အဝါတစ်ခု ဖြာထွက်လာသည်။ ဖန်ဝေနှင့် ဖန်ရှုံ့ရှန်းတို့နှစ်ယောက်လုံး မျက်စိမျက်နှာပျက်သွားကြ၏။ ဖန်ရှုံ့ရှန်းပင်လျှင် သေစေနိုင်သော အန္တရာယ်ကို ခံစားလိုက်ရသည်။
၎င်းက သူ့ကို ဇီဝိန်ချုပ်သွားစေနိုင်သော အန္တရာယ်အာရုံဖြစ်သည်။
ဖန်ရှုံ့ရှန်းမှာ ချာချာလည် မူးဝေနေလျက် အက်ကွဲကွဲ အသံကြီးဖြင့် ပြောလိုက်သည်။ "မဖြစ်နိုင်ဘူး။ သူစွမ်းအား တိုးတက်သွားရင်တောင်မှ သူက အင်မော်တယ်ပဲ ဖြစ်နေသေးတာလေ။ ငါက ရှေးဟောင်းနယ်ပယ်။ ငါက ဘာကြောင့် ကြောက်နေရမှာတုန်း"
ဖန်ဝေ၏မျက်နှာမှာ ဖြူဖတ်ဖြူရော်ဖြစ်နေပြီး သူ့မျက်လုံးများက ဝိုင်းစက်ပြူးကျယ်နေသည်။
"ရှေးဟောင်းနယ်ပယ်အဆင့် လူတစ်ယောက်ကို သတ်နိုင်တဲ့ အင်မော်တယ်အမျိုးအစားရှိတယ်။ တကယ်တမ်း ဒဏ္ဍာရီတွေအရဆိုရင် အစစ်အမှန်အင်မော်တယ်က အင်မော်တယ်နယ်ပယ်ရဲ့ အကန့်အသတ်မဟုတ်ဘူး။ ရှေးခေတ်တုန်းက ကြယ်တာရာကောင်းကင်ထဲမှာ ကောင်းကင်နဲ့မြေကြီးတွေ ပျက်စီးမသွားခင်တုန်းက လက်ရှိ တောင်ကိုးလုံးခေတ်နဲ့မတူတဲ့ ခေတ်တစ်ခေတ် ရှိခဲ့ဖူးတယ်
"အစစ်အမှန်အင်မော်တယ်ရဲ့အထက်မှာ နောက်တစ်ဆင့်ရှိတယ်။ အဲဒီ့အဆင့်က အင်မော်တယ်ဧကရာဇ်ပဲ
"သူတို့ ခေါင်းမော့ပြီး လက်ဝှေ့ယမ်းလိုက်ရင် ကောင်းကင်ဘုံ ၃၃ ခု ဖျက်ဆီးခံလိုက်ရမယ်။ သူတို့ ငုံ့ကြည့်ပြီး လက်ညှိုးထိုးလိုက်ရင် ကမ္ဘာမြေ ၃၃ ခု ချေမှုန်းခံရလိမ့်မယ်။ အဲ့ဒါက အင်မော်တယ်ဧကရာဇ်ပဲ" ဖန်ဝေမှာ ခေါင်နပန်းကြီးနေပြီး သူ၏စိတ်ထဲတွင် ထစ်ချုန်းသံကြီး ပြည့်နှက်နေသည်။ သူသာ ဤနေရာတွင် အစစ်အမှန်ကိုယ်နှင့်သာဆိုပါက မန်ဟို အင်မော်တယ်များကြားက အင်မော်တယ်ဧကရာဇ်ဖြစ်လာလျှင်တောင်မှ ရှေးဟောင်းနယ်ပယ်အဆင့်မှာ ကောင်းကင်ဘုံ ၃၃ ခုနှင့် ကမ္ဘာမြေ ၃၃ ခုထက် မြင့်မားနေသေးသည်။ သူ့လက်ကလေး မြှောက်လိုက်ရုံဖြင့် မန်ဟို့အား အလွယ်တကူ သတ်ဖြတ်နိုင်သည်။ သို့သော် ဤသည်မှာ ကိုယ်ပွားသာဖြစ်ရာ အချုပ်အနှောင်များနှင့် ကန့်သတ်ခံထားရသော အပြင်အားကိုယ်တစ်ခုသာ ဖြစ်လေသည်။ သူ့မှာ မန်ဟို့အတွက် ဘယ်နည်းနှင့်မှ ပြိုင်ဘက်မဟုတ်နိုင်ပေ။
ဖန်ဝေသည် စိတ်နှလုံး ချာချာလည်နေလျက် တုံ့ဆိုင်းမနေဘဲ ထွက်ပြေးတော့သည်။
ဖန်ရှုံ့ရှန်းမှာ ဆဋ္ဌမခေါင်းဆောင်ကြီး ၀င်ပူးခံထားရသော ဖန်ဝေကဲ့သို့ နားမလည်ပေ။ သူက တုံ့ဆိုင်းနေသည့်အတွက် နောက်ဆုတ်ရန် အချိန်အနည်းငယ် ကြာသွားသည်။ ထိုအချိန်လေးအတွင်း မန်ဟိုက လှုပ်ရှားလိုက်၏။
မန်ဟိုက ခေါင်းမော့လိုက်ပြီး ထစ်ချုန်းသံများ လေထဲတွင် ပြည့်နှက်သွားသည်။ တစ်စစီ ဆုတ်ဖြဲခံနေရသော ခံစားချက်များက သူ၏မျက်လုံးများကို ရဲရဲတောက်သွားစေပြီး သွေးကြောများဖြင့် ပြည့်နှက်သွားစေ၏။ သူ၏ ခန္ဓာကိုယ်မှာ ကြီးထွားလာပြီး လောလောဆယ်တွင် သူသည် ပြင်းထန်ကြီးမားသော အားကြီးတစ်ရပ်၏ လွှမ်းမိုးခြင်း ခံထားရပုံပေါ်သည်။ သူ့မှာ ထင်ယောင်ထင်မှား ဖြစ်နေခြင်းလား မသေချာသော်လည်း စွမ်းအားက ရုတ်တရက် သူ့ကို ခံစားချက်တစ်ခုဖြင့် ပြည့်နှက်သွားစေ၏။
သူသည် အင်မော်တယ်စကားလုံး၏ ဖြစ်နိုင်သမျှအဓိပ္ပါယ်အလုံးစုံကို နားလည်သိမြင်၍ ထိပ်ဆုံးသော အထွတ်အထိပ်အခြေအနေသို့ ရောက်ရှိသွားသည့်အလားပင်။
ထိုအခိုက်အတန့်တွင် တောင်ကိုးလုံးနှင့်ပင်လယ်ကိုးစင်းမှာ မသိမသာတုန်ရီလာပြီး မည်သည့်ကျင့်ကြံသူမှ အာရုံမရနိုင်သော လှိုင်းဂယက်များ ပေါ်ပေါက်လာသည်။ ဤလှိုင်းဂယက်များက တောင်ကိုးလုံးနှင့်ပင်လယ်ကိုးစင်း၏ အပြင်တွင် စုဝေးလာပြီး ၎င်းတို့ကို လှည့်ပတ်ကာ နေနှင့်လအား ပတ်လမ်းကြောင်းတွင် ရပ်တန့်သွားစေသည်။
တောင်ကိုးလုံးနှင့်ပင်လယ်ကိုးစင်းတွင်သာ စိတ်ဆန္ဒရှိလျှင် … ဤအခိုက်အတန့်တွင် အဆိုပါစိတ်ဆန္ဒသည် တောင်ကိုးလုံးနှင့်ပင်လယ်ကိုးစင်း၏ ဖြစ်တည်မှုစကတည်းက ယနေ့တိုင်အထိ ပထမဦးဆုံးအကြိမ် ပေါ်ထွက်လာနေသော အင်မော်တယ်ဧကရာဇ်ကို ကြိုဆိုရန် ဤလှိုင်းဂယက်များကို ဖြာထွက်စေရင်း နေနှင့်ကို ရပ်တန့်သွားစေသည့်အလားပင်။
န၀မတောင်နှင့်ပင်လယ်ရှိ အင်မော်တယ်အပျက်အစီးများနယ်တွင် အဖြူရောင်၀တ်ရုံနှင့် အမျိုးသမီးသည် ထရပ်လိုက်သည်။ သူမက အရှေ့အောင်ပွဲဂြိုလ်ကို လှမ်းကြည့်လိုက်ပြီး သူမ၏ ထာ၀ရမပြောင်းလဲခဲ့သော အမူအရာမှာ ရုတ်တရက် ရိပ်ခနဲ ဖြစ်သွား၏။
"ဒီလို ကံကြမ္မာကောင်းမျိုး၊ ကံတရားမျိုးနဲ့ဆိုရင် သူက တောင်ကိုးလုံးနဲ့ပင်လယ်ကိုးစင်းရဲ့ မိစ္ဆာချုပ်နှောင်သူအဖွဲ့၀င် ဖြစ်ဖို့ ထိုက်တန်ပါပေတယ်…" သူမက ရေရွတ်လိုက်သည်။ မိစ္ဆာချုပ်နှောင်သူဆိုသော စကားလုံးများကို ပြောလိုက်သောအခါ သူမမျက်လုံးများတွင် နာကျင်မှုနှင့် လွမ်းဆွေးမှုတို့ဖြင့် ပြည့်နှက်သွား၏။
"အင်မော်တယ်ရှေးဟောင်းချုပ်နှောင်တံဆိပ်ကိုးခု။ ရှင်တို့နှစ်ယောက် ရှိနေသေးလား။ ကျွန်မက တစ်ယောက်တည်းပဲ ရှိတော့တာလား" သူမအသံမှာ နာကျင်နေသံပေါက်ပြီး မျက်ရည်ပေါက်တစ်ပေါက်က သူမပါးပြင်ထက်တွင် စီးကျသွားသည်။ နောက်ဆုံးတွင် သူမက လက်ကို ဝှေ့ယမ်းလိုက်သည်။ နေနှင့်လသည် ပြန်လည်လာပြီး တောင်ကိုးလုံးနှင့်ပင်လယ်ကိုးစင်းမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။
တစ်ချိန်တည်းမှာပင် မျက်ရည်စက်က အမည်မသိမြေပြင်ထက်သို့ ကျဆင်းသွားသည်။ ၎င်းက ခရမ်းရောင်ပင်လယ်၏ တစ်စိတ်တစ်ပိုင်း ဖြစ်ကောင်းဖြစ်လာနိုင်သည်။ သို့မဟုတ် မိုးသက်မုန်တိုင်းများကြားက မျက်ရည်တစ်ပေါက်လည်း ဖြစ်ကောင်းဖြစ်လာနိုင်သည်။
၎င်းတွင်သာ စိတ်ဝိညာဉ်ရှိလျှင် ထိုမျက်ရည်သည် နိုးထလာပြီး ပင်လယ်တစ်စင်းဖြစ်လိုသော အာသီသနှင့် စိတ်ဆန္ဒတို့ ပိုင်ဆိုင်ကောင်း ပိုင်ဆိုင်ပေလိမ့်မည်။
ထိုစဉ် အရှေ့အောင်ပွဲဂြိုလ်ပေါ်က မှီခိုရာဂိုဏ်းချုပ်၏ ကျောပေါ်တွင် မိန်းကလေးတစ်ဦး ရှိသည်။ သူမက ရုတ်တရက် မော့ကြည့်လိုက်ပြီး တစ်စုံတစ်စုံကို တွေးလိုက်မိသည့်အလား ငိုင်တွေနေသောအမူအရာကို သူမ၏မျက်ဝန်းများတွင် မြင်ရနိုင်သည်။
မန်ဟိုသည် တောင်ကိုးလုံးနှင့် ပင်လယ်ကိုးစင်းတွင် ဖြစ်ပွားနေသောအရာများနှင့်ပတ်သက်၍ မသိပေ။ လောလောဆယ်တွင် သူ့မှာ သူ့ကိုယ်ထဲရှိ ကြောက်မက်ဖွယ်ရာစွမ်းအားမှ စုပ်ယူနေသော နာကျင်မှုကို တောင့်ခံနိုင်သည်ဆိုရုံသာ တောင့်ခံနိုင်လေ၏။ သူ့အနေဖြင့် ဤအခြေအနေအား အချိန်အနည်းငယ်သာ ထိန်းထားနိုင်မည်ဖြစ်ကြောင်း သိသည့်အတွက် လက်ကို လျင်မြန်စွာ မြှောက်၍ ဖန်ရှုံ့ရှန်းအား လက်ညှိုးထိုးလိုက်သည်။
ထိုအခိုက်အတန့်တွင် သူ၏ နတ်မီးတောက်အင်မော်တယ်အကြောက ပေါက်ကွဲထွက်လာကာ မီးပင်လယ်များအား ပေါ်ပေါက်လာစေသည်။ ၎င်းတို့သည် အဆုံးမဲ့သော ဖျက်ဆီးခြင်းမီးတောက်များဖြင့် ကောင်းကင်ဘုံ ၃၃ ခုနှင့် ကမ္ဘာမြေ ၃၃ ခုအား အားဖြည့်ရင်း အရာအားလုံးကို လွှမ်းခြုံသွား၏။
မီးတောက်ကမ္ဘာကြီးက ဖန်ရှုံ့ရှန်းဆီသို့ ပြေး၀င်သွားသည်။
ဖန်ရှုံ့ရှန်းမှာ မျက်နှာပျက်သွားပြီး သေစေနိုင်သော အန္တရာယ်က သူ၏စိတ်အား ထစ်ချုန်းသံကြီးဖြင့် ပြည့်နှက်သွားစေ၏။ သူက လက်နှစ်ဖက်ဖြင့် မုဒြာလက်ကွက်ဖော်ပြီး အလျင်အမြန် နောက်ဆုတ်လိုက်သည်။ မရေမတွက်နိုင်သော နတ်ဘုရားစွမ်းအင်များ ဖြာထွက်လာပြီး သူ့ပါးစပ်မှ သွေးများပန်းထွက်သွား၏။ သူ၏ ဝိညာဉ်မီးအိမ်များက သူ၏ပတ်ပတ်လည်တွင်ပေါ်လာကာ မရေမတွက်နိုင်သော မှော်ပစ္စည်းများနှင့်အတူ မန်ဟို့၏ တိုက်ကွက်ကို ခုခံလိုက်လေသည်။
သူ၏ နတ်ဘုရားစွမ်းအင်များနှင့် မှော်ပစ္စည်းများ ပြေးထွက်သွားသည့်အခိုက်အတန့်တွင် မီးပင်လယ်ကြီးသည် ဧရာမလက်ကြီးအသွင်ပြောင်းသွားပြီး မျက်စိတစ်မှိတ်အတွင်း ဖန်ရှုံ့ရှန်းအား လွှမ်းခြုံသွား၏။
ဖန်ရှုံ့ရှန်း၏ နတ်ဘုရားစွမ်းအင်အားလုံး ပြိုကွဲသွားပြီး သူ၏ မှော်ဝိညာဉ်အားလုံး အရည်ပျော်သွားသည်။ သူ၏ ဝိညာဉ်မီးအိမ်များပင်လျှင် မီးလောင်သွား၏။
ငြှိမ်းထားသော ဝိညာဉ်မီးအိမ်များ ရုတ်တရက် မီးလင်းလာသောအခါ ဖန်ရှုံ့ရှန်းမှာ မချိတင်ကဲအော်လိုက်ရသည်။ သူ၏ မျက်လုံးများတွင် မယုံနိုင်မှုနှင့် အံ့အားသင့်မှုတို့ ပြည့်နှက်သွားသည်။ သူ၏ ဝိညာဥ်မီးအိမ်များ အရည်ပျော်သွားပြီး ဖန်ရှုံ့ရှန်းမှာ မီးများ၏ ဝါးမြိုခံလိုက်လေသည်။
အချိန်အနည်းငယ်ကြာသော် ဖန်ရှုံ့ရှန်း၏ အကြွင်းအကျန်ဟူ၍ ပြာများသာ ကျန်ရှိတော့သည်။
သူကား ခန္ဓာကိုယ်ရော ဝိညာဉ်ပါ သတ်ခံလိုက်ရလေပြီ။
***