စစ်ခုန်ချင်း ’ နောက်တစ်ယောက်
Vol. 46 Ch. 646
အခန်း (၆၄၆) စစ်ခုန်ချင်း ’ နောက်တစ်ယောက်
ရန်ကျောက်ကဲ မြောက်ဘက်သို့ ဦးတည်သွားစဉ် မိုးကုတ်စက်ဝိုင်းဆီမှ မထင်မရှား ကျွန်းငယ်လေးတစ်ကျွန်းကို တွေ့မြင်လိုက်ရသည်။ ထိုကျွန်းငယ်လေးမှ မီးခိုးများ ကောင်းကင်ထက်သို့ တည့်တည့်မတ်မတ် ထွက်ပေါ်နေ၏။
သေသေချာချာ လှမ်းကြည့်လိုက်တော့ ကျွန်းတစ်ခုလုံးမီးလောင်နေပြီး ပတ်ဝန်းကျင်ကောင်းကင်ယံမှာ သွေးနီရောင်သမ်းလျှက် ရှိသည်။
တိမ်များကြား ပုန်းကွယ်ရင်း အနားသို့ရောက်လာသည့်အခါ ကျွန်းပေါ်တွင် များပြားလှစွာသောလူရိပ်များကို တွေ့ရသည်။ အများစုက ချပ်ဝန်များ ဝတ်ဆင်ထားသော သိုင်းကျင့်ကြံသူများ ဖြစ်ကြ၏။ သူတို့၏ ခေါင်းဆောင်းများနှင့် ချပ်ဝတ်များကို ကြည့်ပြီးနောက် တာ့ရွှမ်တိုင်းပြည်မှ စစ်သည်တော်များဖြစ်ကြောင်း သိလိုက်ရသည်။
အုပ်စုခေါင်းဆောင်က သိုင်းဆရာသခင်တစ်ယောက်ဖြစ်ပြီး သူ့လက်အောက်မှ စစ်သည်တော်အများစုက ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့် သိုင်းကျင့်ကြံသူများဖြစ်ကြပြီး အချို့ကတော့ သိုင်းပညာရှင်အဆင့် ကျင့်ကြံသူများ ဖြစ်၏။
သူတို့ရှေ့မှာတော့ မီးတောက်ပင်လယ်ကြီးပမာ လောင်ကျွမ်းနေသော ခြံဝင်းကြီးတစ်ခုကို တွေ့မြင်ရသည်။ ခြံဝင်းရှေ့ရှိ မီးလောင်ကျွမ်းနေသော ဆိုင်းဘုတ်တွင် ‘လီစန်းဂိုဏ်း’ ဟု ရေးထိုးထားကြောင်း တွေ့နိုင်သည်။
ခြံဝင်းအပြင်ဘက်မှာတော့ တာ့ရွှမ်တိုင်းပြည်မှတပ်များ ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော လူငယ် ၊ လူရွယ်အချို့ ရှိနေ၏။
သူတို့အားလုံး မီးတောက်များ ဝါးမျိုလောင်ကျွမ်းသွားသော ခြံဝင်းကြီးကို ကူရာကယ်ရာမဲ့စွာ ငေးကြည့်နေမိကြသည်။
တချို့က ကြောက်ရွံ့ထိတ်လန့်နေကြပြီး တချို့က တာ့ရွှမ်တိုင်းပြည်မှ စစ်သည်တော်များကို ရွံလျှာမုန်းတီးစွာ ကြည့်နြေသည်။ ကလေးအချို့ကတော့ အော်ဟစ်ငိုယိုလျှက် ရှိလေသည်။
ထိုသူများအားလုံးက လီစန်းဂိုဏ်းသားများ ဖြစ်ကြ၏။
သို့မဟုတ် လီစန်းဂိုဏ်း ပျက်ဆီးသွားပြီဖြစ်ရာ တစ်ချိန်က လီစန်းဂိုဏ်းသားများဟု ဆိုနိုင်ပေသည်။
တာ့ရွှမ်တိုင်းပြည်မှ သိုင်းဆရာသခင်က အေးစက်စွာဖြင့်...
“ဒါက ပုန်ကန်သူအားလုံးရဲ့ ကံကြမ္မာပဲ ၊ လက်ရှိမှာတော့ အရည်အချင်းရှိပြီး အသုံးဝင်တဲ့သူတွေကို အထူးအခွင့်အရေးပေးမယ် ၊ လိမ်လိမ်မာမာနဲ့ ဆေးဝါးခန်းဆောင်ကိုသွားပြီး ပြောတဲ့အတိုင်းလုပ်ပါ ၊ ခုခံတဲ့သူအားလုံး အမေးအမြန်းမရှိ အသတ်ခံရမယ်”
မီးလောင်ကျွမ်းနေသော ခြံဝင်းကြီးထဲတွင် လူသေအလောင်းများစွာ ရှိနေသည်။ ထိုသူများမှာ လီစန်းဂိုဏ်းမှ သိုင်းသမားများ ဖြစ်ကြပြီး ခုခံတိုက်ခိုက်ရင်း အသက်ပေးခဲ့ကြသည်။
လီစန်းဂိုဏ်းမှ လူငယ်တစ်ယောက်က ဒေါသတကြီးဖြင့်...
“ငါတို့ဂိုဏ်းက တာ့ရွှမ်တိုင်းပြည်ကို ပုန်ကန်တဲ့အထဲမှာ မပါဝင်ဘူး ၊ ငါတို့က မြောက်ပိုင်းဓားခန်းမရဲ့ အုပ်ချုပ်နယ်မြေထဲမှာရှိလို့ သူတို့စကားကို နာခံတာရှိပေမယ့် တာ့ရွှမ်တိုင်းပြည်က ဘယ်သူနဲ့မှ မတိုက်ခိုက်ဖူးဘူး ၊ ငါတို့ကို ဘာလို့ ဒီလို ဖိအားပေးရတာလဲ”
တာ့ရွှမ်တိုင်းပြည်မှသိုင်းဆရာသခင်က သူတို့အားလုံးကို တစ်ချက်လှမ်းကြည့်လိုက်ရာ ချက်ချင်းပင် လီစန်းဂိုဏ်းမှလူများ၏ ပခုံးထက်တွင် နှိုင်းယှဉ်မရသည့်အလေးချိန်တစ်ခု တိုးလာသည့်အလား ကြီးမားသည့် ဖိအားကို ခံစားလိုက်ရသည်။
သူက သိမ်မွေ့စွာဖြင့်...
“မင်းတို့ကို ရှင်းပြနေစရာမလိုဘူး ၊ မင်းတို့အားလုံး ငါပြောတဲ့အတိုင်းလုပ်ရမယ် ၊ ဒါပေမဲ့ ဒီနေ့ ငါ နည်းနည်း စိတ်ကောင်းဝင်နေလို့ ခြွင်းချက်အနေနဲ့ ရှင်းပြလိုက်မယ်”
“တကယ်တော့ မြောက်ပင်လယ်ဓားခန်းမက သူပုန်တွေစကားနားထောင်တာကိုက ခွင့်မလွှတ်နိုင်တဲ့ ရာဇဝတ်မှုတစ်ခု ဖြစ်နေပြီ ၊ မင်းတို့ ‘လီစန်း’ ဂိုဏ်းက ငါတို့ တာ့ရွှမ်စစ်သည်တော်တွေကို မတိုက်ခိုက်ရဲတာ ငါသိတာပေါ့ ၊ မဟုတ်ရင် လေကုန်ခံအချိန်ဖြုန်းမနေဘဲ ဒီနေ့ပဲ သတ်ပစ်လိုက်မှာ”
လီစန်းဂိုဏ်းမှ သိုင်းသမားများအားလုံး စိတ်ပျက်အားငယ်လျှက် ရှိကြသည်။
တာ့ရွှမ်စစ်တပ် ခေါင်းဆောင်ဖြစ်သော သိုင်းဆရာသခင်က လက်တစ်ဖက် ဝှေ့ယမ်းရင်း...
“သူတို့အားလုံးကို ခေါ်သွား... အရင်စည်းကမ်းတွေအတိုင်း အတူတူပဲ လုပ်လိုက် ၊ ဘယ်သူမှ ဒီနေရာမှာ မကျန်ခဲ့စေနဲ့ ၊ လူစုခွဲပြီး တခြားဒေသက ဆေးလုံးခန်းမတွေကို ငါးယောက်တစ်ဖွဲ့စေလွှတ်လိုက် ၊ သူတို့ထဲကတစ်ယောက်ယောက် ထွက်ပြေးလို့အသတ်ခံရရင်တော့ ကျန်တဲ့လေးယေက်က တာဝန်အကုန် ထမ်းရလိမ့်မယ်”
သူ့လက်အောက်မှ တာ့ရွှမ်စစ်သည်တော်များက ချက်ချင်းပင် လီစန်းဂိုဏ်းသားများကို ခေါ်ဆောင်ကာ ကျွန်းမထွက်ခွာရန် ပြင်ဆင်ကြသည်။
ဒါကိုမြင်တော့ ရန်ကျောက်ကဲက မျက်ခုံးတစ်ချက်ပင့်ရင်း...
“ရှန်လင်ကျီရဲ့ အဆက်အနွယ်တွေ ရောက်လာတာက တာ့ရွှမ်မင်းဆက်ကို တကယ်ယုံကြည်မှုအပြည့် ရှိစေတာပဲ ၊ အရင်က ပုန်ကန်သူတွေကို ခုခံဖို့ အတော်လေး ခက်ခက်ခဲခဲ ကြိုးစားကြရတာ ၊ ဒါပေမဲ့ အခုတော့ တစ်ချက်မှမညှာဘဲ ရက်စက်ကြမ်းတမ်းနေတော့တာပဲ”
ထိုစဉ်...
အဝေးတစ်နေရာမှ သက်တံ့ရှည်နှင့်ဆင်တူသော ထိတ်လန့်တုန်လှုပ်ဖွယ်ရာ ဓားဝိညာဉ်အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ကျွန်းငယ်လေးဆီသို့ ချက်ချင်းပင် ရောက်ရှိလာသည်။
တာ့ရွှမ်တိုင်းပြည်မှ စစ်သည်တော်များချက်ချင်းပင် အံ့အားသင့်သွားပြီး...
“မြောက်ပင်လယ်ဓားခန်းမက လူတွေရောက်လာတာလား”
ရောက်လာသူများမှာ အဖြူရောင်ဝတ်စုံဝတ်ဆင်ထားပြီး ကျောထက်တွင် ဓားရှည်များလွယ်ထားကြသည်။
ရန်ကျောက်ကဲက သူတို့ကို ကြည့်ရင်း သူတို့ရဲ့ ခန္ဓာကိုယ်ထဲက ဓားချီကို ခံစားလိုက်ရသည်။ သူတို့၏ဓားချီက သမုဒ္ဒရာ၏ ဒီရေအလားကျယ်ပြန့်သော်လည်း ထက်ရှခြင်း မရှိပေ။
ကျွန်းပေါ်သို့ရောက်သည်နှင့် မြောက်ပင်လယ်ဓားခန်းမမှ တပည့်များက အချိန်မဖြုန်းဘဲ တာ့ရွှမ်တိုင်းပြည် စစ်သည်တော်များကို တိုက်ခိုက်လိုက်ကြသည်။
သူတို့က ဓားရှည်များကို ဆွဲထုတ်လိုက်သည်နှင့် ဓားချီက ကောင်းကင်ထက်သို့ အရှိန်အဟုန်ဖြင့် မြင့်တက်သွားပြီး ရန်သူများထံ တဟုန်ထိုး ဝင်ရောက်လာသည်။ တာ့ရွှမ်စစ်တပ်မှ သိုင်းဆရာသခင် စကားမဆိုနိုင်ခင်မှာင် ဓားချီများက သူ့အရှေ့သို့ ရောက်လာသည်။
သူက ဒေါသတကြီးဖြင့် တန်ပြန်တိုက်စစ်ဆင်ရန်နှင့် ဓားချီများကို ပိတ်ဆို့ရန် အမိန့်ပေးလိုက်သည်။
သူ၏ကွပ်ကဲမှုအောက်တွင် တာ့ရွှမ်တိုင်းပြည်မှ စစ်သည်တော်များက ရန်သူကို ထောင်ချောက်ဆင်ရာတွင် အသုံးပြုသော တိုက်ပွဲပုံစံတစ်ခုကို ထုတ်ဖော်လိုက်ကြ၏။
သို့သော် မြောက်ပင်လယ်ဓားခန်းမမှ သိုင်းသမားများကလည်း ချက်ချင်းပင် တန်ပြန်တိုက်စစ်ဆင်ရန် သူတို့ကိုယ်ပိုင် ဓားအစီအရင်ကို ဖွဲ့စည်းလိုက်ကြသည်။
မြောက်ပင်လယ်ဓားခန်းမမှ အဖွဲ့ကို ဦးဆောင်လာသူမှာ တာ့ရွှမ်တိုင်းပြည်မှ စစ်တပ်ကို ခေါင်းဆောင်သည့် သိုင်းဆရာသခင်ထက်ပင် ပိုမိုစွမ်းအားမြင့်မားပြီး ဝိညာဉ်ခန္ဓာအဆင့် သိုင်းဆရာသခင်တစ်ယောက်ဖြစ်သည်။ ထိုသူက တာ့ရွှမ်စစ်တပ်ကို ခေါင်းမထောင်နိုင်သည်အထိ ဖိအားပေးနိုင်စွမ်း ရှိ၏။
တာ့ရွှမ်စစ်သည်များ အပြင်းအထန် ခုခံကြသော်လည်း ရန်သူအုပ်စုက သိုင်းပညာမြင့်မားလွန်းသဖြင့် အလွန်လျှင်မြန်စွာ ရှုံးနိမ့်ခဲ့ကြသည်။
ရန်ကျောက်ကဲက ပခုံးတွန့်ရင်း...
“ကြည့်ရတာ သူတို့က အပြင်ဘက်ဒေသကိုရောက်နေတဲ့ မြောက်ပင်လယ်ဓားခန်းမက တပည့်အုပ်စု ဖြစ်နိုင်တယ် ၊ တာ့ရွှမ်တိုင်းပြည်က သူတို့ဂိုဏ်းကို တိုက်ခိုက်တယ်ဆိုတဲ့သတင်းကြားတော့ ရောက်တဲ့နေရာကနေ အမြန်ပြန်လာကြတာ ဖြစ်ရမယ်”
မြောက်ပင်လယ်ဓားခန်းမကို တာ့ရွှမ်တိုင်းပြည့် စစ်တပ်က ဝိုင်းထားပြီး ဖြစ်သည်။ ဤအုပ်စုက သတင်းအစအနကြားသိပြီးနောက် ဂိုဏ်းသို့ အမြန်ပြန်လာကြသည်မှာ ထင်ရှားသည်။
မည်သို့ပင်ဖြစ်စေ ဝိုင်းထားသော တာ့ရွှမ်စစ်တပ်အလွှာများကို ဖြတ်ကျော်ရန်အလွန်ခက်ခဲသဖြင့် ဂိုဏ်းသို့ ပြန်မသွားနိုင်ဘဲ သူတို့ဂိုဏ်းအတွက် လုပ်ပေးနိုင်သည့်အရာ ရှိ မရှိ စောင့်မျှော်လျှက် အပြင်ဘက်ဒေသတွင်သာ စောင့်စားနေခဲ့ရသည်။
သို့ပေသိ သူတို့အုပ်စုက တာ့ရွှမ်တိုင်းပြည်က မြောက်ပင်လယ်ဓားခန်းမကို အဘယ့်ကြောင့် ဝိုင်းထားရပါသနည်းဆိုသော အခြေအနေကို ရှင်းလင်းစွာ မသိရှိသေးပေ။
“ကြည့်ရတာ သူတို့က တာ့ရွှမ်တိုင်းပြည်က တစ်ယောက်ယောက်ကို ဖမ်းဆီးပြီး စစ်ဆေးမေးမြန်းမလို့ထင်တယ်”
ရန်ကျောက်ကဲက နှုတ်ခမ်းများတွန့်ကွေးရင်း...
“ဒါပေမဲ့ ဒီနေရာကကောင်တွေက အဆင့်မရှိတော့ ဘာမှသတင်းသိရမှာ မဟုတ်ဘူး”
မြောက်ပင်လယ်ဓားခန်းမမှလူများ ရောက်လာသည့်အခါ လီစန်းဂိုဏ်းသားများလည်း စိတ်လှုပ်ရှားသွားကြသည်။
သို့သော် ထိုခဏမှာပင် ပတ်ဝန်းကျင်တစ်ခုလုံး ပြင်းထန်သောရောင်ဝါများ ထွက်ပေါ်လာသည်။ မြောက်ပင်လယ်ဓားခန်းမမှ တပည့်အုပ်စု အနည်းငယ် မျက်နှာပျက်သွားကြ၏။
“ဒါက လုပ်ကြံထားတဲ့ ထောင်ချောက်ပဲ”
မိုးကုတ်စက်ဝိုင်းဆီမှ ပျံသန်းလာသောအလင်းတန်းကို လီစန်းဂိုဏ်းသားများ လှမ်းကြည့်လိုက်ကြသည်။
လေထဲတွင် ကျွန်းငယ်လေးတစ်ခု ပျံသန်းနေပြီး ကြောက်မက်ဖွယ်ရာစွမ်းအားများက ဧရိယာတစ်ခုလုံးမှလူတိုင်းကို ဖိနှိပ်ထားပြီး တုန်တုန်ယင်ယင် ဖြစ်သွားစေသည်။
ရောက်လာသူက တာ့ရွှမ်တိုင်းပြည်မှဖြစ်ပြီး အမတဝိညာဉ်သိုင်းဆရာသခင်အဆင့်ဖြစ်ကာ ထိတ်လန့်တုန်လှုပ်ဖွယ်ရာ ကောင်းလှ၏။
သူက မြောက်ပင်လယ်ဓားခန်းမမှ တပည့်များကိုကြည့်ရင်း အေးစက်စွာ ပြုံးလိုက်၏။
“မြောက်ပင်လယ်ဓားခန်းမက သူပုန်တွေ ၊ မင်းတို့ သေကြတော့မှာတောင် အတင့်ရဲဝံ့သေးလား”
သူက ဆက်ပြောသည်။
“မင်းတို့အားလုံး ငါဆင်ထားတဲ့ ပိုက်ကွန်ထဲတိုးလာတာ အဆင်ပြေလိုက်တာ ၊ မဟုတ်ရင် မင်းတို့ကို ခက်ခက်ခဲခဲ ရှာဖွေပြီး လိုက်သတ်ရမှာ”
ပြောပြီးသည်နှင့် ထိုသူက လက်ခုပ်တစ်ချက်တီးလိုက်ရာ ဟာရီကိန်းမုန်တိုင်းများစွာ ဖြစ်ပေါ်လာသည်။
မြောက်ပင်လယ်ဓားခန်းမမှသိုင်းကျင့်ကြံသူများက ထိုသူရောက်လာသည့်အတွက် အံ့အားသင့်သွားခြင်း မရှိကြဘဲ အကြောက်အလန့်မရှိ အေးစက်စွာ ပြုံးနေကြသည်။
အမတဝိညာဉ်သိုင်းဆရာသခင်၏ အကြည့်သည် တစ်စုံတစ်ခု မှားနေပြီဟု အလိုလို သဘောပေါက်လာသဖြင့် ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည်။
ဓားရောင်တစ်ချက်လင်းလက်သွားပြီး ဓားဝိညာဉ်က ဟာရီကိန်းမုန်တိုင်းများကို ကျော်ဖြတ်လျှက် အမတဝိညာဉ်သိုင်းဆရာသခင်၏ တိုက်ခိုက်မှုကို လုံးဝ ပျောက်ကွယ်သွားစေသည်။
နဂိုက ကျွန်းပေါ်တွင်ရှိနေသော တာ့ရွှမ်စစ်သည်တော်များကို ဦးဆောင်လာသော ဝိညာဉ်ခန္ဓာအဆင့် သိုင်းဆရာသခင်မှာ တစ်ကိုယ်လုံး တုန်ယင်သွားသည်။
ဓားအလင်းတန်းက သူတို့အားလုံး၏ လည်ပင်းများကို အနီးကပ် ဖြတ်ကျော်သွားပြီး အမတဝိညာဉ်သိုင်းဆရာသခင်မှလွဲပြီး အခြားသော တာ့ရွှမ်သိုင်းသမားများအားလုံး မည်သည့်ကျင့်ကြံခြင်းအဆင့် ရှိပါစေ အသက်ပျောက်ကုန်ကြ၏။
တာ့ရွှမ်မှ အမတဝိညာဉ်သိုင်းဆရာသခင်၏ခန္ဓာကိုယ်တစ်ခုလုံး အေးစက်သွားသည်။ တစ်ဖက်သား၏ မြင့်မားသောတန်ခိုးစွမ်းအားကို တွေ့မြင်လိုက်တော့ သူ အသက်ရှင်ကျန်ရစ်သည်မှာ စွမ်းအားမြင့်မားသောကြောင့်မဟုတ်ဘဲ ရန်သူက ချမ်းသာပေးသောကြောင့်ဆိုသည်ကို နားလည်သွားသည်။
မကြာမီ လေထုအလယ်တွင် အဖြူရောင်ဝတ်ဆင်ထားပြီး ကျောတွင်ဓားရှည်တစ်လက်လွယ်ထားသော မိန်းမပျိုတစ်ယော် ပေါ်လာသည်။
“ငါးမျှားချင်ပေမယ့် မင်းက ပိုကြီးတဲ့ငါးကို လိုချင်တာပဲ...”
ရန်ကျောက်ကဲက တွေးရင်း ရယ်ရွှင်မြူးတူးစွာဖြင့် ရောက်လာသူမိန်းကလေးကို လှမ်းကြည့်လိုက်သည်။
သို့သော်...
မြောက်ပင်လယ်ဓားခန်းမမှကျင့်ကြံသူမိန်းမပျို၏ မျက်နှာအသွင်အပြင်ကို တွေ့လိုက်သည်နှင့် ပါးစပ်အဟောင်းသား ရန်ကျောက်ကဲ ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။
သူက မျက်တောင်တစ်ချက်ခတ်ရင်း...
“တိုက်ဆိုင်လိုက်တာ...”
သူ့အရှေ့မှ မိန်းမပျိုလေးက အသက်နှစ်ဆယ်ခန့်ဟုထင်ရသော်လည်း သူမ၏တကယ့်အသက်အရွယ်က အပြင်ပန်းအသွင်သဏ္ဌထက်အနည်းငယ်ပိုကြီးဟန်တူသည်။ သို့သော် ဤအသက်အရွယ်ဖြင့် ကျင့်ကြံခြင်းအဆင့် ဤမျှမြင့်မားနေခြင်းက ငယ်ရွယ်သည်ဟုပင် ဆိုနိုင်၏။
သို့သော် ရန်ကျောက်ကဲက ထိုအချက်ကို စိတ်မဝင်စားပေ။
သူ စိတ်ဝင်စားသည်က ထိုမိန်းမပျိုသည် ‘စစ်ခုန်ချင်း’ နှင့် ခွဲမရအောင် ချွပ်စွပ် ဆင်တူနေခြင်းပင် ဖြစ်တော့၏။