တစ်ချက်လှုပ်ရှားလိုက်တာနဲ့ အကျိုးအမြတ်အများကြီးရ
Vol. 46 Ch. 649
အခန်း (၆၄၉) တစ်ချက်လှုပ်ရှားလိုက်တာနဲ့ အကျိုးအမြတ်အများကြီးရ
ရန်ကျောက်ကဲ ကျူတောပင်လယ်ဒေသသို့ရောက်နေသည်မှာ အချိန် အတော်လေး ကြာခဲ့ပေပြီ။
ပန်းပွင့်ငြိမ်းချမ်းဒေသရှိ ယိုးမင်ဂိုဏ်း ဌာနခွဲတွင် အချိန်အတန်ကြာအောင် နေထိုင်ခဲ့ပြီး ဒေသတွင်း အခြေအနေအမျိုးမျိုးကိုလည်း ကောင်းစွာ နားလည်သဘောပေါက်ခဲ့သည်။
မြောက်ပင်လယ်ဓားခန်းမတွင် ကြေးနီကျွန်းကဲ့သို့ ထူးခြားသော ကြေးနီလူသား (၃)ယောက် မရှိသော်လည်း နှစ်ပေါင်းများစွာရှင်သန်ခဲ့သော ထိပ်သီးသိုင်းဂိုဏ်းတစ်ခု ဖြစ်သည့်အတွက် အားသာချက်များစွာ ရှိသည်။ ထိုသိုင်းဂိုဏ်းက ကျူတောပင်လယ်ဒေသတွင် နှစ်အတန်ကြာ အာဏာလွှမ်းမိုးခဲ့ပြီး သိုင်းသမားများ၏ ဓားသိုင်းပညာကလည်း နက်ရှိုင်းသောပင်လယ်ပြင်ပမာ ကျယ်ပြန့်လွန်းသည်။
သူတို့ကျင့်ကြံသော သမုဒ္ဒရာဓားချီသည် ထိုနေရာမှ မြောက်ပင်လယ်နှင့် လုံးဝ ပေါင်းစပ်သွားဟန် တူပေ၏။
မြောက်ပင်လယ်ဓားခန်းမတည်ရှိရာ မော်လူကျွန်းသို့ နီးကပ်လာလေလေ အဆိုပါ ဓားချီက ပိုမိုသန်စွမ်းပြီး တင်းရင်းလာလေဖြစ်သည်။
ကျွန်းပတ်ပတ်လည် မော်လူဒေသတစ်ခုလုံးက ဓားချီကမ္ဘာတစ်ခုဖြစ်လာပြီး ပြင်ပလောကနှင့် လုံးဝကင်းကွာလျှက် ကိုယ်ပိုင်လွတ်လပ်သောဓားချီဒေသတစ်ခုအဖြစ် အတိုင်းအတာတစ်ခုအထိ ကွဲကွာသွားသည်။
ဤဓားချီကမ္ဘာက မြောက်ပင်လယ်ဓားခန်းမ၏ ပင်မအစီအရင်တစ်ခုလုံးနှင့် လွှမ်းခြုံ ချိတ်ဆက်ထားသည်။ ဤဓားချီကမ္ဘာကို ဖြတ်ကျော်ပြီး မော်လူကျွန်းကို တိုက်ခိုက်ရန်မှာ လွယ်ကူသောကိစ္စ မဟုတ်ပေ။
တာ့ရွှမ်တိုင်းပြည်တွင် အထွတ်ထိပ်သိုင်းကျင့်ကြံသူများက တိမ်တိုက်များပမာ များပြားသလို အဆင့်မြင့်အထွတ်ထိပ်မှော်ဝင်ပစ္စည်းများဖြစ်သော ရွှမ်ဧကရာဇ်လှံရှည်နှင့် ကောင်းကင်လည်ပတ်အလင်းဓားကိုလည်း ပိုင်ဆိုင်ထားသည်။
သို့သော် တာ့ရွှမ်တိုင်းပြည် တော်လှန်ရေးမဟာမိတ်အင်အားစုများကလည်း ယခုတိုက်ပွဲအတွက် အစစအရာရာပြင်ဆင်ထားခဲ့သည်။
မြောက်ပင်လယ်ဓားခန်းမမှ သိုင်းသမားများသာမက အခြားသောသိုင်းဂိုဏ်းများမှ သိုင်းသမားများသည်လည်း မော်လူဒေသတွင် စုရုံးခဲ့ကြသည်။
သို့ဖြစ်ရာ တာ့ရွှမ်တိုင်းပြည်ကလည်း အရမ်းကာရောမဟုတ်ဘဲ သတိဖြင့်ဆက်လက်လုပ်ဆောင်နေခဲ့သည်။
ဧကရာဇ်ရွှမ်မုက ကျူတောပင်လယ်ဒေသတစ်လျှောက် အကြွင်းမဲ့အုပ်ချုပ်သူအဖြစ် ပြင်းပြင်းထန်ထန် စိုးမိုးအုပ်ချုပ်ချင်ခဲ့သည်။
သို့ပေသိ ထိုသို့လုပ်ဆောင်ရာတွင် အရှုံးကိုမလိုချင်သဖြင့် သူ့ဘက်မှ လူအသေအပျောက်များသည့်တိုင် အနိုင်ရရှိရန် ဦးစားပေးခဲ့၏။ ထို့ကြောင့် သူက ကောင်းကင်မီးတောက်မိုးကြိုးကပ်ဘေးအစီအရင် ကို အသုံးပြုရန် ရွေးချယ်ခဲ့ခြင်းပင်။
တာ့ရွှမ်တိုင်းပြည်က ကောင်းကင်မီးတောက်မိုးကြိုးကပ်ဘေးအစီအရင်ကို ဆုပ်ကိုင်ထားသည်ဆိုသောသတင်းအား ယိုးမင်ဂိုဏ်း ဌာနခွဲတွင် နေထိုင်စဉ်ကပင် ရန်ကျောက်ကဲ သတင်းကြားခဲ့၏။ ဤသည်က သူ့ကို အတော်လေး အံ့အားသင့်စေသည်။
ထိုအစီအရင်၏ တန်ခိုးစွမ်းအားက အတော်လေး ကြီးကျယ်မြင့်မားသည်။
ရန်ကျောက်ကဲသိသလောက် ကောင်းကင်မီးတောက်မိုးကြိုးကပ်ဘေးအစီအရင်ကို အပြည့်အဝ ထုတ်လွှတ်နိုင်လျှင် ကျူတော်ပင်လယ်ဒေသ ၊ မြောက်ပိုင်းနယ်မြေတစ်ခုလုံး မီးလောင်ကျွမ်းသွားနိုင်၏။
အစွန်းရောက်ရှစ်ပါးကမ္ဘာသို့ မီးတောက်မိစ္ဆာများ ကျူးကျော်ဝင်ရောက်လာစဉ်ကထက် အဆပေါင်းများစွာ ပိုမိုပြင်းထန်သော မီးတောက်မီးလျှံများကို ခံစားရမည်ဖြစ်သည်။
သို့သော် ထိုအစီအရင်ပြုလုပ်ရန်အတွက် ကုန်ကျမည့် ရတနာပစ္စည်းပမာဏက ခန့်မှန်းမရနိုင်သလို တုနှိုင်း၍လည်း မရနိုင်ပေ။
ထိုရတနာပစ္စည်းများကို အစွန်းရောက်ရှစ်ပါးကမ္ဘာနှင့် သမုဒ္ဒရာကမ္ဘာတို့တွင် အောင်အောင်မြင်မြင် စုစည်းရန် မဖြစ်နိုင်ပေ။ ဤ အထက်ဘုံကမ္ဘာတွင်သာ စုဆောင်းရရှိနိုင်သည်။
ဒါတောင်မှ ကျူတောပင်လယ်ဒေသတစ်ခုတည်းတွင် ထိုရတနာပစ္စည်းများအားလုံး စုဆောင်းနိုင်မည်မဟုတ်ဟု သံသယဝင်မိ၏။
ယခု တာ့ရွှမ်တိုင်းပြည်က ကောင်းကင်မီးတောက်မိုးကြိုးကပ်ဘေးအစီအရင်ကိုပြုလုပ်ရန် ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်ချပြီး အပြင်းအထန် တွန်းအားပေးခဲ့သည်။
ယိုးမင်ဂိုဏ်း အဓိကပလ္လင်ပျက်ဆီးသွားပြီးနောက် မြောက်ပင်လယ်ဓားခန်းမကို သိမ်းပိုက်နိုင်ပါက ၊ အထူးသဖြင့် ခန်းမသခင် ‘ကုန်ဟုန်’ ၏ လုပ်ငန်းစဉ်များ ပျက်ဆီးသွားပါက တာ့ရွှမ်တော်လှန်ပုန်ကန်သူများအနေဖြင့် ဧကရာဇ်ရွှမ်မုကို ခြိမ်းခြောက်နိုင်မည် မဟုတ်တော့ပေ။
တာ့ရွှမ်တိုင်းပြည်အနေဖြင့် လုံလောက်သောခံစစ်စွမ်းအားပိုင်ဆိုင်ထားသည့် ကြေးနီကျွန်းကို လျစ်လျူရှုထားပြီး ကွမ်းမင်ဂိုဏ်းကိုလည်း ဖြည်းဖြည်းချင်း ကိုင်တွယ်သွားနိုင်သည်။
ယိုးမင်ဂိုဏ်းနှင့် မြောက်ပင်လယ်ဓားခန်းမ ပျက်ဆီးသွားပါက ကွမ်းမင်ဂိုဏ်းအနေဖြင့် တစ်ဂိုဏ်းတည်းဆက်လက်ပုန်ကန်ရန် ခက်ခဲပေမည်။ သို့ဖြစ်ရာ သူတို့အနေဖြင့် တာ့ရွှမ်တိုင်းပြည်ကို အပြင်းအထန် ခုခံပါဦးမည်လားဆိုသည်က မေးခွန်းထုတ်စရာကိစ္စ ဖြစ်၏။
ရန်ကျောက်ကဲက နှုတ်ခမ်းကိုအသာပွတ်သပ်ရင်း...
“ဒီတော့ တာ့ရွှမ်တိုင်းပြည်က ကောင်းကင်မီးတောက်မိုးကြိုးကပ်ဘေးအစီအရင်အတွက် ပြင်ဆင်မှုတွေအားလုံး ပြုလုပ်ပြီးစီးသွားပြီလို့ ဆိုလိုတာလား”
ကျန်းရွှမ်က...
“အဲဒီအစီအရင်က ပြီးပြည့်စုံခြင်းတော့ မရှိသေးပါဘူး ၊ ဒါပေမဲ့ အထက်ပိုင်းက သတင်းတွေမပျံ့နှံ့အောင် သတင်းမှောင်ချထားတယ် ၊ အနယ်နယ်အရပ်ရပ်မှာရောက်နေတဲ့ မြောက်ပင်လယ်ဓားခန်းမက သိုင်းသမားတွေ ဌာနချုပ်ကို အားဖြည့်ဖို့ပြန်လာတဲ့အခါ သူတို့အားလုံးကို တစ်ချက်တည်းနဲ့ တိုက်ခိုက်ဖို့ စီစဉ်ထားတာ”
ထိုစကားကြားတော့ ရန်ကျောက်ကဲ အနည်းငယ်အံ့အားသင့်သွားပြီး မျက်ခုံးတစ်ချက်ပင့်လိုက်၏။
“မြောက်ပင်လယ်ဓားခန်းမ ပြင်ပကိုရောက်နေတဲ့သူတွေထဲမှာ အဲဒီလောက်အားစိုက်ပြီး ဖမ်းဆီးရလောက်တဲ့ အရေးကြီးပုဂ္ဂိုလ်ရှိနေလို့လား”
ဧကရာဇ်ရွှမ်မုအား ရှန်လင်ကျီ၏ အဆက်အနွယ်များဖြစ်သော သိုင်းသူတော်စင် သတ္တမအဆင့် ၊ အမတကူးပြောင်းခြင်းအဆင့် သိုင်းသမားနှစ်ယောက်က အားဖြည့်ပေးထားသည်။
ထိုသိုင်းသမားနှစ်ယောက်၏ မျက်လုံးထဲတွင် အရေးကြီးသည်ဟု ယူဆသူများမှာ မြောက်ပင်လယ်ဓားခန်းမသခင် ‘ကုဟုန်’ ၊ ယိုးမင်ဂိုဏ်းချုပ် ကျိုးဟောက်ရှန်း ၊ ကွမ်းမင်ဂိုဏ်းချုပ် ‘လော့ကျီးထောင်’ နှင့် ကြေးနီကျွန်းသခင် ‘ကုန်းစွန်းမင်’ တို့သာ ဖြစ်သည်။
ထိုသို့ ထိပ်တန်းပုဂ္ဂိုလ်ကြီးများလက်အောက်တွင် ဝူကျိရှိုး ၊ နျဲ့စန်းတို့ကဲ့သို့ အဆင့်ရှိသော သိုင်းသူတော်စင်များသာလျှင် ရှိ၏။
ထိုသူများက ပမွှားများမဟုတ်သော်လည်း အရေးတကြီး ပစ်မှတ်ထားရလောက်သည်အထိ တန်ခိုးစွမ်းအား မမြင့်မားကြပေ။
ယွဲ့ပေါင်ချီက ခေါင်းခါယမ်းရင်း...
“ကျွန်မ သိသလောက် ကျွန်မတို့ဂိုဏ်းမှာ အပြင်ရောက်နေတဲ့ ထိပ်တန်းအဆင့်အကြီးအကဲတစ်ယောက်မှ မရှိပါဘူး”
ကျန်းရွှမ်က သူမကို တစ်ချက်စိုက်ကြည့်လိုက်ပြီး စကားမဆိုပေ။
ရန်ကျောက်ကဲက ကျန်းရွှမ်ကိုကြည့်ကာ ပြုံးလိုက်ရင်း...
“အိုး... မင်း ငါတို့ကို လျှို့ဝှက်ထားတာတစ်ခုခု ရှိမယ်ထင်တယ်”
သူက ဆက်ပြောသည်။
“မင်းကို သတိပေးလိုက်မယ် ၊ ငါက မင်းပြောသမျှကို အတည်မပြုဘဲ မျက်စိမှိတ်ယုံမှာ မဟုတ်ဘူး ၊ ငါ စုံစမ်းကြည့်လို့မှာ မင်းပြောတာတွေက သောက်တလွဲတွေဆိုရင်တော့... အကျိုးဆက်က ဘာဖြစ်မလဲသာ တွေးထားပေတော့”
ထို့နောက် ရန်ကျောက်ကဲက ယွဲ့ပေါင်ချီကို လက်ညိုးညွှန်ပြရင်း...
“အဲဒီကိစ္စက သူနဲ့ ပတ်သက်နေတာလား”
ကျန်းရွှမ်က သက်ပြင်းချရင်း...
“မြောက်ပင်လယ်နတ်သမီး ‘ယွဲ့ပေါင်ချီ’ ကို စောင့်ကြည့်ဖို့ အထက်က ငါတို့ကို ညွှန်ကြားထားတယ် ၊ သူ့ကိုဖမ်းမိရင် ငါတို့ကို ဆုလာဘ်တွေအများကြီးပေးမယ်လို့ ပြောတယ်”
ထိုစကားကိုကြားတော့ ရန်ကျောက်ကဲက ယွဲ့ပေါင်ချီကို မေးခွန်းထုတ်သလို လှည့်ကြည့်လိုက်သည်။ ယွဲ့ပေါင်ချီကတော့ အံ့အားသင့်လျှက် ဘာလုပ်ရမှန်းမသိ ပျောက်ဆုံးနေလေသည်။
ရန်ကျောက်ကဲက ကျန်းရွှမ်ကိုကြည့်ရင်း...
“အကြောင်းရင်းက ဘာလဲ”
ကျန်းရွှမ်က ခေါင်းခါယမ်းရင်း...
“အကြောင်းရင်းကို ငါတို့လည်း မရှင်းလင်းဘူး ၊ အမတ်မင်းဝေလင်က ဘာ့ကြောင့်လဲဆိုတာ ရှင်းမပြဘူး ၊ ဒါပေမဲ့ ကောလဟလတွေအရတော့ ရှန်လင်ကျီရဲ့အဆက်အနွယ်တွေဖြစ်ထဲ ရှန်လင်ဓားကိုးလက်နှစ်ယောက်ထဲက တစ်ယောက်ရဲ့ ဆုံးဖြတ်ချက်လို့ ဆိုကြတယ်”
ထို့နောက်သူက အတော်လေး ထူးဆန်းသောအကြည့်ဖြင့် ယွဲ့ပေါင်ချီကို ကြည့်လိုက်၏။
တာ့ရွှမ်တိုင်းပြည်တွင် ဤအမိန့်ကို လက်ခံရရှိသူများအားလုံးမှာ အနည်းဆုံး သိုင်းသူတော်စင် ပထမအဆင့် ရှိကြ၏။ ထို့ကြောင့် သူတို့အားလုံး ထူးဆန်းသလို ခံစားကြရသည်။
ယွဲ့ပေါင်ချီက ကျူတောပင်လယ်ဒေသတစ်ခုလုံးတွင် အလွန်တရာ ထင်ရှားကျော်ကြားသူဖြစ်သည်။ လူတိုင်း သူမကို လူကိုယ်တိုင်မမြင်ဖူးလျှင်တောင်မှ သူမ၏ပန်းချီကားများကိုကြည့်ရှုပြီး ရှားပါးသောအလှတရားလေးအဖြစ် အသိအမှတ် ပြုကြ၏။
သူမက လှပရုံသာမက ထူးထူးခြားခြားထက်မြက်ပြီး မြင့်မားသောတန်ခိုးစွမ်းအားကိုလည်း ပိုင်ဆိုင်ထားသည်။ အသက်ငယ်ငယ်နှင့် သိုင်းသူတော်စင်အဆင့်သို့ တက်ရောက်နိုင်ခဲ့သည်ဖြစ်ရာ သူမ၏အနာဂတ်တစ်ခုလုံးက အဆုံးမရှိသော ဖြစ်နိုင်ခြေများဖြင့် မကြုံစဖူး ပြည့်နက်နေသည်။
ဤအမိန့်ကိုရရှိပြီးသည့်နောက် တာ့ရွှမ်တိုင်းပြည်မှလူများတွေးထင်သည်မှာ ရှန်လင်ကျီ၏ အဆက်အနွယ်များထဲမှတစ်ယောက်က ယွဲ့ပေါင်ချီကို မျက်စိကျသဖြင့် ဤသို့စေခိုင်းသည်လားဟူ၍ ဖြစ်၏။
တကယ်တော့ ယွဲ့ပေါင်ချီငယ်ရွယ်စဉ်ကပင် သူမကို သဘောကျသူများက သမုဒ္ဒရာတစ်ခု ပြည့်လျှံလုနီးပါး ဖြစ်သည်။
ဧကရာဇ်ရွှမ်မုသည်ပင် ယွဲ့ပေါင်ချီအား သူ၏သားတော်နှင့် လက်ဆက်ပေးပါရန် တောင်းဆိုခဲ့ဖူးသည်။ သို့သော် မြောက်ပင်လယ်ဓားခန်းမက ငြင်းဆိုခဲ့သည်။
ကျန်းရွှမ်၏အကြည့်အဓိပ္ပါယ်ကို နားမလည်သည့်အခါ ယွဲ့ပေါင်ချီက မျက်မှောင်တစ်ချက် ကြုံ့လိုက်၏။ ရန်ကျောက်ကဲ၏ အတွေးများကတော့ ထိုမျှလောက် မရိုးရှင်းပေ။
အမှန်တော့ ကျန်းရွှမ်နှင့်အခြားသူများ ခန့်မှန်းထားသည်မှာ အလွန်ဖြစ်နိုင်ခြေရှိပေသည်.
သို့ပေသိ စစ်ခုန်ချင်းနှင့် ယွဲ့ပေါင်ချီကြားမှ ဆက်စပ်မှုကို သိရှိထားသော ရန်ကျောက်ကဲကတော့ ဤကိစ္စကို ပိုမိုစဉ်းစားရန် မလွဲမသွေလိုအပ်သည်။
ထိုသူများက နောက်ထပ် စစ်ခုန်ချင်းများ သို့မဟုတ် ယွဲ့ပေါင်ချီများကို ရှာနေသည်ဆိုလျှင်ရော...။
ဤကိစ္စကို သူတို့ ဘယ်လောက်နားလည်ခဲ့ကြပြီလဲ။
အခြား ‘စစ်ခုန်ချင်းနှင့်ဆင်တူသူများ’ ကို သဲလွန်စရရှိခဲ့သလား ၊ သို့မဟုတ် သူတို့ထံတွင် ‘စစ်ခုန်ချင်းနှင့် ဆင်တူသူများ’ ကိုပင် အကျဉ်းချ ဖမ်းဆီးထားပြီးပြီလား။
ရန်ကျောက်ကဲ ပိုပြီး စိတ်ဝင်စားလာသည်။
သူက ကျူတောပင်လယ်ဒေသ လက်ရှိမငြိမ်သက်မှုများကြား ဘာဆက်လုပ်သင့်သည်ကိုတွေးတော့ရင်း တဖြည်းဖြည်း ဆုံးဖြတ်ချက်ကျလာသည်။
ရန်ကျောက်ကဲက ကျန်းရွှမ်ကို ပြုံးကာကြည့်ရင်း...
“ရှန်လင်ကျီရဲ့ အဆက်အနွယ်တွေကို ရှန်လင်ဓားကိုးလက်လို့ ခေါ်တာလား ၊ သူတို့ ဘယ်မှာရှိလဲ မင်းသိလား”
ကျန်းရွှမ် စကားပြောရန် ဟန်ပြင်လိုက်စဉ် ရန်ကျောက်ကဲ ဆက်ပြောသည်။
“ပြီးတော့ သူတို့အုပ်စုမှာ ကျင့်ကြံခြင်းအဆင့် အနိမ့်ဆုံးက ဘယ်သူလဲဆိုတာ ပြောပြနိုင်မလား”
ကျန်းရွှမ်က...
“ကျင့်ကြံခြင်းအဆင့် အနိမ့်ဆုံးက ခန်းကျင်းယွမ်ပါ ၊ အရင်တုန်းက သူက မျှော်စင်နယ်မြေမှာ လှုပ်ရှားခဲ့ဖူးပေမယ့် အခု အဲဒီမှာရှိဦးမလား မဆိုနိုင်ဘူး”
မျှော်စင်နယ်မြေဆိုသည်က ကျူတောပင်လယ်ဒေသ၏ မြောက်ပိုင်းမှာပင် တည်ရှိသည်။ ထို့ကြောင့် တောင်ပိုင်းနှင့်ယှဉ်လျှင် ပိုမိုနီးကပ်သဟု ဆိုနိုင်၏။
“ခန်းကျင်းယွမ်...ဟက် တိုက်ဆိုင်လိုက်တာ ၊ ငါတို့ သိခဲ့ဖူးတယ်လို့ ပြောလို့ရတယ်”
ရန်ကျောက်ကဲ အသာခေါင်းညိတ်လိုက်သည်။ ခန်းကျင်းယွမ်ဆိုသူမှာ ‘နေမရှိလရိပ်’ တန်ခိုးစွမ်းအားကို ရယူရန် နုန်ယွိရွှမ်နှင့် အပြိုင်ကြိုးစားခဲ့သော လူငယ်ဖြစ်ကြောင်း မှတ်မိလိုက်၏။
ထိုလူငယ်က မာနကြီးပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်ရှိသည်။ အမှန်တကယ်လည်း တန်ခိုးစွမ်းအားများစွာ ပိုင်ဆိုင်ထားသည်။ နုန်ယွိရွှမ်က တန်ခိုးစွမ်းအားမြင့်မားလွန်းသောကြောင့်သာ ခန်းကျင်းယွမ်က သူ့အပေါ် အသာစီးမရခဲ့ခြင်း ဖြစ်၏။
ရန်ကျောက်ကဲကြောင့် ကျင့်ကြံခြင်းသွေဖယ်ဖောက်ပြန်ကာ ဒဏ်ရာရလျှက် ထွက်ပြေးသွားသော နုန်ယွိရွှမ်ကို ထိုလူငယ်လေး သတ်ပစ်နိုင်သလားတော့ မပြောတတ်ပေ။
ရန်ကျောက်ကဲ စဉ်းစားရင်း...
“သူတို့ မော်လူဒေသရဲ့ ဓားချီကမ္ဘာကို ဖျက်ဆီးပစ်ဖို့ ကောင်းကင်မီးတောက်မိုးကြိုးကပ်ဘေးအစီအရင်ကို တည်ဆောက်မယ်ဆိုရင် မျှော်စင်နယ်မြေက အစီအရင်သော့ချက်ဖြစ်နိုင်တယ်”
ထိုစကားကိုကြားတော့ ကျန်းရွှမ်က ရန်ကျောက်ကဲကိုကြည့်ရင်း အံ့အားသင့်စွာတွေးလိုက်သည်။
“သူက အစီအရင်ကို ကောင်းကောင်းနားလည်နေတာလား”
ရန်ကျောက်ကဲက ပြုံးရင်း လက်ဖျောက်တစ်ချက်တီးလိုက်သည်။
“အရမ်းကောင်းတယ် ၊ တစ်ချက်လှုပ်ရှားလိုက်တာနဲ့ အကျိုးအမြတ်တွေအများကြီးရမှာပဲ ၊ အင်း... မျှော်စင်နယ်မြေ...”