← Chapters

ဖန်ဝေ ကြွေလွင့်လေပြီ

Vol. 72 Ch. 998

ဖန်ဝေ ကြွေလွင့်လေပြီ

Vol. 72 Ch. 998

အညှာအတာ ကင်းမဲ့သော တိုက်ကွက်

“ရှုံ့ရှန်း” ဖန်ဟဲ့ရှန်းသည် ဖြစ်ပျက်သွားသောအရာကို မြင်လျှင် ဆောက်တည်ရာမဲ့သွား၏။ သူက ခေါင်းနောက်လှန်ပြီး ဟိန်းဟောက်လိုက်သည်။ မဟာအကြီးအကဲက သူ့လမ်းကို ပိတ်ထားသည့်အတွက်ကြောင့်သာမဟုတ်လျှင် သူ့အနေဖြင့် မန်ဟို့ထံ ချက်ချင်း ပြေးဝင်သွားနိုင်ခဲ့မည်။

ဤအခိုက်အတန့်တွင် နဝမတောင်ပင်လယ်၏ အမျိုးမျိုးသော ဂိုဏ်းများနှင့် မျိုးနွယ်စုများမှ ကျင့်ကြံသူအားလုံးမှာ ဖြစ်ပျက်နေသောအရာကို မှင်သက်စွာ ကြည့်နေကြသည်။ မန်ဟိုက လက်ဖျားခါလောက်အောင် အင်အားကြီးမားကြောင်း သူတို့ သိထားပြီးသော်ငြား သူ ဖန်ရှုံ့ရှန်းအား သတ်ဖြတ်ခဲ့သည်ကို မြင်သောအခါ အနက်ရှိုင်းဆုံးသော အတိုင်းအတာအထိ တုန်လှုပ်မှင်သက်သွားကြတော့သည်။

သူတို့က အားကျမနာလိုမှုများဖြင့် မျက်လုံးများ ဝိုင်းစက်ပြူးကျယ်နေလျက် မန်ဟို့ကို ကြည့်နေကြသည်။

“သူက မျိုးဆက်တူတိုင်းထက် သာလွန်နေတဲ့အပြင် ရှေးဟောင်းနယ်ပယ်ပညာရှင်တွေကို တိုက်ခိုက်နိုင်တဲ့ အစွမ်းထက်ပညာရှင်တစ်ယောက်ပဲ”

“ဖန်မျိုးနွယ်စုရဲ့ ပုန်ကန်မှုကြောင့် သေဆုံးရတော့မှာ အင်မတန် ဆိုးလွန်းတယ်…”

“သူ ဒီတိုက်ပွဲမှာ မသေခဲ့ရင်တော့ သူ့အနာဂတ်က ... မှန်းဆလို့တောင် မရနိုင်ဘူး” ဖန်ရှုံ့ရှန်း သေဆုံးသွားသဖြင့် နဝမတောင်ပင်လယ်တစ်လျှောက် အာမေဍိတ်သံများအား ကြားရနိုင်သည်။

သူ့မှာ မသေခင် အံဩမယုံနိုင်ဖြစ်သွားကြောင်း သိသာထင်ရှားလေသည်။ သူသည် ဝိညာဉ်မီးအိမ်နှစ်လုံးငြှိမ်းထားသော ရှေးဟောင်းနယ်ပယ်အဆင့်ဖြစ်၏။ သို့စေကာမူ အင်မော်တယ်နယ်ပယ်ကျင့်ကြံသူတစ်ယောက်၏ လက်ချက်ကြောင့် သေဆုံးခဲ့ရလေပြီ။ သူကား သူ့သားဝေ့အာအတွက် လက်တုံ့ပြန်ရန် လာခဲ့သော်လည်း အဆုံးသတ်တွင် သူကိုယ်တိုင် သုတ်သင်ခံလိုက်ရခြင်းဖြင့် နိဂုံးချုပ်သွား၏။

မန်ဟို မျိုးနွယ်စုသို့ ပြန်လာနေကြောင်း သိခဲ့သည့်အခိုက်အတန့်ကတည်းက သူ့မှာ မန်ဟို့ကို သတ်ချင်ခဲ့လေသည်။ ကြယ်တာရာကောင်းကင်တွင် ချုံခိုလုပ်ကြံခဲ့သောအချိန်မှ ဘိုးဘေးမြေထဲအထိ အကုန်လုံးက သူနှင့်မန်ဟိုသည် ရေနှင့်မီးသဖွယ် အစေးမကပ်ကြောင်း သက်သေပြနေခဲ့သည်။

ပို၍ပင် ဝမ်းနည်းဖွယ်ကောင်းသည်က သူ့မှာ သေခါနီးဆဲဆဲမှ သူ၏ရန်သူအစစ်ကို သိရခြင်းပင်။ ၎င်းက မန်ဟိုမဟုတ်ခဲ့ဘဲ ဆဋ္ဌမခေါင်းဆောင်ကြီး ဖြစ်နေခဲ့၏။

ဖန်ရှုံ့ရှန်း သိကောင်း သိခဲ့လိမ့်မည်။ ထိုသို့ဖြစ်ပျက်လိမ့်မည်ဟု တစ်လျှောက်လုံး သိကောင်း သိခဲ့လိမ့်မည်။ သို့ထိတိုင် သူ့စိတ်ထဲတွင် …. ဆဋ္ဌမခေါင်းဆောင်ကြီးအား သူ့သားကို ဝင်ပူးကပ်ခွင့်ပြုလိုက်ခြင်းက သူ့သားဖန်ဝေအတွက် ဂုဏ်ယူစရာဖြစ်လိမ့်မည်ဟု အမှန်အကန်ခံစားနေခဲ့ခြင်း ဖြစ်တန်ရာသည်။

သူ့တွေးပုံတွေးနည်းက ရူးမိုက်ကောင်း ရူးမိုက်နေနိုင်သည်။ ထိုသို့မဟုတ်သည်လည်း ဖြစ်ကောင်းဖြစ်နိုင်သည်။ မည်သို့ဆိုစေ ယခုမှတော့ ဘယ်အရာမှ အရေးမပါတော့ပေ။

မန်ဟိုသည် လက်ရှိအခြေအနေတွင် ရုတ်တရက် တစ်ခုသော အရာကို သဘောပေါက်လိုက်၏။

လက်တစ်ချက်အဝှေ့ … နတ်ဘုရားစွမ်းရည်ထုတ်လွှတ်ခြင်း။

“ဒီအလှည့်အပြောင်းတွေနဲ့ ဇာတ်လမ်းဇာတ်ကွက်တွေကို အစွမ်းထက်ပညာရှင်တစ်ဦးရဲ့ လက်တစ်ချက်လေး ဝှေ့လိုက်ရုံနဲ့ ဖျက်စီးပစ်လို့ရလောက်တယ်။ အကုန်လုံး နောက်ပြန်သွားရင်တောင် သွားလို့ရလောက်မှာ။ အဲ့ဒါကို ဖန်မျိုးနွယ်စုထဲက ပုန်ကန်မှုကို အစွမ်းထက်ပညာရှင်တစ်ဦး လက်တစ်ချက်ဝှေ့လိုက်တာနဲ့ … ပြောင်းလဲပစ်နိုင်မှာလား” မန်ဟိုက ဖန်မျိုးနွယ်စုနှင့် အတောမသပ်နိုင်သော သတ်ဖြတ်သုတ်သင်မှုများကို လှည့်ပတ်ကြည့်လိုက်သည်။ မည်သည့်ပြောင်းလဲမှုကမှ လက်ရှိသတ်ပွဲကြီးကို ရပ်တန့်နိုင်မည့်ပုံမရပေ။ သွေးများက နေရာတိုင်းနေရာတိုင်းတွင် စီးဆင်းနေပြီး ကြောက်လန့်တကြားအော်သံများ၊ ဒေါသတကြီးဟိန်းဟောက်သံများက အဆက်မပြတ် ပျံ့လွင့်နေသည်။ မည်သူက အရေးသာနေသည်လဲ၊ မည်သူက အရေးနိမ့်နေသည်လဲ မပြောနိုင်သော်လည်း … အဆုံးသတ်၌ ဘာဖြစ်သွားမလဲဆိုသည်ကတော့ ရှင်း၏။

ဖန်မျိုးနွယ်စုကား အမြစ်ပြုတ်သည်အထိ ပျက်စီးသွားလိမ့်မည်။

မန်ဟိုမှာ ဖန်မျိုးနွယ်စုထဲရှိ ပုန်ကုန်ထကြွမှုများက ထူးဆန်းလွန်းကြောင်း ခံစားနေရသည်ကို ဖျောက်ဖျက်မရပေ။ အမှန်တွင် သူ့မှာ ဖြစ်ပျက်နေသမျှ အရာအားလုံးနှင့်ပတ်သက်၍ လက်ခံရန် အဆင်သင့်မဖြစ်သေးခြင်းသာ။

မန်ဟိုက ထွက်ပြေးနေသော ဖန်ဝေကို လှမ်းကြည့်ပြီး မျက်လုံးများတွင် သတ်ဖြတ်လိုစိတ်တို့ မီးဝင်းဝင်းတောက်လာသည်။

“ငါ ဒီအခြေအနေမှာ အသက်ခုနစ်ရှိုက်ကျော်ပဲ နေနိုင်တယ်…” သူက ခပ်တိုးတိုး ရေရွတ်လိုက်သည်။ ဤသည်မှာ သူ၏ အင်အားအကြီးဆုံးအခြေအနေဖြစ်ပြီး စုစုပေါင်း အသက်ဆယ်ရှိုက်ကြာ ထိန်းထားနိုင်သည်။ သူက အသက်ပြင်းပြင်းရှူ၍ ခြေထောက်ကို မြှောက်ပြီး ရှေ့တက်လိုက်သည်။

ထိုခြေတစ်လှမ်းက အရာအားလုံးကို ကျုံ့သွားပုံပေါ်စေသည်။ ချက်ချင်းလက်ငင်းပဲ သူသည် ဖန်ဝေ၏နောက်တည့်တည့်သို့ ရောက်သွားလေပြီ။ ယင်းက အသေးစားနေရာရွှေ့ပြောင်းခြင်းထက် ကျော်လွန်သော အမြန်နှုန်းဖြစ်သည်။ ၎င်းသည် အကြီးစားနေရာရွှေ့ပြောင်းခြင်းဖြစ်၏။

ဖန်ဝေမှာ မန်ဟို ဗြုန်းခနဲ နောက်တည့်တည့်သို့ ရောက်လာကြောင်း တွေ့လိုက်ရသဖြင့် အံ့အားသင့်သွားသည်။ မန်ဟိုက မယုံကြည်နိုင်ဖွယ် အမြန်နှုန်းဖြင့် လက်ကို မြှောက်ကာ ဖန်ဝေကို ထိလိုက်သည်။

“ပေါက်ကွဲလိုက်စမ်း” သူက မျက်လုံးများ အေးစက်စက်လဲ့နေလျက် အသာအယာ ပြောသည်။

စကားတစ်ခွန်းတည်း ဖြစ်သော်လည်း အရပ်မျက်နှာတစ်ခွင် ပဲ့တင်ထပ်သွားရာ အရာအားလုံးကို တုန်ခါလာစေသည်။ နတ်မီးတောက်က တဝေါဝေါ အော်မြည်ရင်း ဖန်‌ဝေ၏ပတ်ပတ်လည်ကို ဝိုင်းလိုက်သည်။ တစ်ချိန်တည်းမှာပင် ဖန်ဝေသည် လက်နှစ်ဖက်မုဒြာလက်ကွက်တစ်ကွက် ဖော်၍ သွေးတစ်လုပ်အန်လိုက်ရ၏။ ချက်ချင်းပင် သွေးရောင်အကာအကွယ်တစ်ခုက သူ့ပတ်ပတ်လည်တွင် ဖြစ်တည်လာသည်။

အံ့ဩဖွယ်ကောင်းစွာနှင့် ဖန်ဝေ အကာအကွယ်ထဲ၌ ရပ်နေစဉ် သူ၏ညာမျက်လုံးအတွင်းတွင် အဘိုးအိုတစ်ယောက်၏ပုံရိပ် ပေါ်လာသည်။ သူသည် တင်ပျဉ်ခွေထိုင်နေရင်း မျက်လုံးများ ဖွင့်လိုက်၏။ ရှေးဟောင်းနယ်ပယ်၏ ကြောက်ခမန်းလိလိ လှိုင်းဂယက်များ ဖြာထွက်လာသည်။

ဖန်ဝေအား ချောင်ပို့ပြီးသည်နှင့် ဆဋ္ဌမခေါင်းဆောင်ကြီးက သူ့ကိုယ်ပွား၏ အဆီအနှစ်စွမ်းအားကို အသုံးပြုကာ တန်ပြန်တိုက်ခိုက်လိုက်သည်။

ဂျိန်းခနဲ ထစ်ချုန်းသံကြီး လေတွင် ပြည့်နှက်သွားပြီး ဖန်ဝေမှာ နောက်ထပ် သွေးအလုပ်ကြီးတစ်လုပ် အန်လိုက်ရသည်။ သူ့ရင်ဘတ်သည် ချိုင့်ဝင်သွားကာ သွေးရောင်အကာအကွယ်က ပြန့်ကားလာ၏။ ထိုအကာအကွယ်ကြောင့် နတ်မီးတောက်အဆီအနှစ်က ခေတ္တရပ်သွားသည်။

ထိုတိုတောင်းလှသော အခိုက်အတန့်အတွင်း ဖန်ဝေက ပါးစပ်မှ‌ သွေးများ ပန်းထွက်၍ ဒဏ်ရာအပြင်းအထန် ရသွားရင်း ရိပ်ခနဲ နောက်ဆုတ်လိုက်သည်။ သူ့မှာ ခေါင်းနပန်းကြီးနေပြီး သူ့ညာမျက်လုံးထဲရှိ ပုံရိပ်သည် မှေးမှိန်လာ၏။ ဤသည်မှာ ဆဋ္ဌမခေါင်းဆောင်ကြီး၏ ကိုယ်ပွားမျှသာ ဖြစ်သည့်အတွက် သေရေးရှင်ရေးအခြေအနေမှ လွတ်မြောက်ရန် ယခုလေးတင် အသုံးပြုခဲ့ရသော အနှစ်သာရစွမ်းအားအနည်းအကျဉ်းသာ ရှိသည်။ သို့သော် ထိုအခိုက်အတန့်တွင် ဖန်ဝေ၏ ဝိညာဉ်ကို ဖိနှိပ်ထားခဲ့သော ဖိအားလည်း အားနည်းသွားခဲ့သည်။

ရုတ်တရက် ဖန်ဝေ၏ ဝိညာဉ်သည် သူ၏ဘယ်မျက်လုံးထဲတွင် ရုန်းကန်ရင်း ပေါ်လာ၏။ အစီအစဉ်တိုင်းဆိုလျှင် ဖန်ဝေက ဘယ်တော့မှ ပြန်တွန်းလှန်မည်မဟုတ်ပေ။ သို့သော် ဖန်မျိုးနွယ်စုထဲရှိ ပုန်ကန်အုံကြွမှုများက မထင်မှတ်ထားသော အပြောင်းအလဲတစ်ခုဆီသို့ ဦးတည်စေခဲ့သည်။

ဖန်ဝေ၏ ဝိညာဉ်သည် ရုန်းကန်ရင်း နိုးထလာပြီး ဆဋ္ဌမခေါင်းဆောင်ကြီး၏ ဝင်ပူးထားမှုကို ပြန်တွန်းလှန်ကာ သူ့ခန္ဓာကိုယ်သူ ထိန်းချုပ်စပြုလာ၏။

“ဖန်ဟို ငါ့ကို သတ်လိုက်” သူက တဆတ်ဆတ် တုန်နေလျက် အော်သည်။ “ငါ ရှုံးရင် မင်းအပိုင်ပစ္စည်းတွေ ပြန်ယူနိုင်တယ်လို့ ငါ ပြောခဲ့တယ်မဟုတ်လား”

မန်ဟိုက ရှုပ်ထွေးနေသော မျက်နှာထားဖြင့် တိတ်ဆိတ်စွာ ကြည့်နေသည်။ သူက ဖန်ဝေ၏ မျက်လုံးများကို ကြည့်ပြီးနောက် ညာလက်ကို မြှောက်ကာ အရှေ့သို့ ဝှေ့ယမ်းလိုက်သည်။ ကောင်းကင်ဘုံ (၃၃) ခုက ဖန်ဝေ၏ခေါင်းအထက်တွင် ထစ်ချုန်းဖြစ်တည်လာသည်။

သူ့ခြေထောက်အောက်တွင် ကမ္ဘာမြေ (၃၃) ခုသည် ဧရာမကျော့ကွင်းကြီးတစ်ခုအသွင်ပြောင်းရင်း ပေါ်လာသည်။

ကောင်းကင်ဘုံ (၃၃) ခုသည် ဝုန်းခနဲ ဖိချလိုက်ပြီး ကမ္ဘာမြေ (၃၃) ခုသည် စွမ်းအားတို့ဖြင့် ပေါက်ကွဲထွက်လာ၏။ အင်အားကြီးမားသော အရှိန်အဝါတစ်ခုက ဖန်ဝေ၏ကိုယ်ထဲတွင် မြင့်တက်လာပြီး သူက သွေးတစ်ပွက် အန်လိုက်သည်။ သူ့မျက်လုံးထဲရှိ အဘိုးကြီးမှာ ဒေါသူပုန်ထကာ ကြောက်လန့်နေပုံပေါ်သည်။ သူ တန်ပြန်တိုက်ခိုက်တော့မည့်အချိန် ရုတ်တရက် ဖန်ဝေ၏ဘယ်မျက်လုံးထဲမှာ စူးရှသောအလင်းရောင်တစ်ရောင် ဖြာထွက်လာသည်။

“ကျုပ်က ဖန်ဝေ၊ ဖန်မျိုးနွယ်စုရဲ့ ရွေးချယ်ခံ။ ခင်ဗျား ကျုပ်ကို ဝင်ပူးရတဲ့ ရည်ရွယ်ချက်က ဖန်မျိုးနွယ်စုကို ဖရိုဖရဲ ပျက်ပြားစေဖို့ဆိုရင် …. အဲဒီအစား အဆိုးတွေကို အကောင်းနဲ့အတူ ပျက်စီးခွင့်ပြုပြီး ကျုပ် ခင်ဗျားနဲ့အတူ သေလိုက်မယ်” သူ့ဘယ်မျက်လုံးထဲတွင် တည်ရှိသော ဝိညာဉ်အစစ်က ရုတ်တရက် ထလာပြီး ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်ဖို့ ဆဋ္ဌမခေါင်းဆောင်ကြီးအား တိုက်ရိုက်တိုက်ခိုက်တော့သည်။

ဖန်ဝေသည် အမြဲတမ်း မာနကြီးခဲ့ပြီး သူ့ကိုယ်သူ ဖန်မျိုးနွယ်စု၏ တစ်ဦးတည်းသော ရွေးချယ်ခံစစ်စစ်ဟု သတ်မှတ်ခဲ့၏။

“သေစမ်း” ဆဋ္ဌမခေါင်းဆောင်ကြီးက ဒေါကန်သွားသည်။ မူလက သူသည် ဖန်ဝေ၏ဝိညာဉ်ကို မဖျက်စီးပစ်ချင်ခြင်း မဟုတ်ခဲ့ပေ။ ချို့ယွင်းချက်မရှိဘဲ ဝင်ပူးဖို့အတွက် ဝိညာဉ်ကို ဖြည်းဖြည်းချင်း စုပ်ယူရန် လိုအပ်သည်။ သူကား ထိုကိစ္စနှင့်ပတ်သက်၍ တစ်ခါမှ မစိုးရိမ်ခဲ့သော်လည်း ဖန်ဝေ၏ မျိုးနွယ်စုအပေါ် ထားရှိသော သံယောဇဉ်က အရာအားလုံးကို ရုတ်တရက် ကျော်လွှားနိုင်သွားလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ အမှန်တွင် သူသည် ဖန်ဝေ၏ အံမခန်းဖွယ်ရာ မာနတရားကို မေ့လျော့သွားခဲ့၏။

ဖန်ဝေသည် မျိုးနွယ်စု၏ ရွေးချယ်ခံတစ်ဦးဖြစ်သည်။ သူက တိုက်ခိုက်ရင်း အသက်ပေးနိုင်သည်၊ ဝင်ပူးခြင်းကိုလည်း သည်းခံပေးနိုင်သည်၊ လူသတ်ဆိုလည်း သတ်နိုင်သည်။ ရရာနည်းဖြင့် အမြင့်တက်နိုင်သည်။ သို့သော် … မျိုးနွယ်စုကိုတော့ သစ္စာဖောက်လိုစိတ် မရှိပေ။ သူ၏ အရေးအကြီးဆုံး ရည်မှန်းချက်က မျိုးနွယ်စုကို စောင့်ရှောက်ရန်၊ မျိုးနွယ်ဝင်များ သူ့ကို သူရဲကောင်းဟု မြင်စေရန် ဖြစ်သည်။

သူသည် အများ၏ စိတ်ဝင်စားရာ၊ မျိုးနွယ်စု၏ အာရုံစိုက်ရာ ဖြစ်ချင်၏။ သူကား အောင်မြင်မှုကို မက်မောပြီး အစွမ်းထက်ပညာရှင်တစ်ဦး ဖြစ်လာချင်သည်။ မျိုးနွယ်စုကို ဂုဏ်ကျက်သရေတင့်တယ်စေချင်သည်။

အမှန်အားဖြင့် သူ့မှာ သူ့အဘိုး ကြံစည်ခဲ့သော အစီအစဉ်အစစ်များကို မသိခဲ့ပေ။

မန်ဟိုက ညာလက်ကို လေတွင် မြှောက်ထားစဉ် တွေဝေနေသော အမူအရာကို ဆင်မြန်းထား၏။

“ဖန်ဟို ငါ့ကို သတ်လိုက်။ ငါ သေရင် ဆဋ္ဌမခေါင်းဆောင်ကြီး ဒဏ်ရာအပြင်းအထန် ရသွားလိမ့်မယ်။ အဲ့ဒါဆို မျိုးနွယ်စုအတွက် မျှော်လင့်ချက် ရှိသွားကောင်း ရှိသွားလောက်တယ်။ ငါ့ကို သတ်ပစ်လိုက်တော့”

ဆဋ္ဌမခေါင်းဆောင်ကြီးမှာ အသည်းအသန် ဖြစ်သွားသည်။ ဖန်ဝေ၏ ဝိညာဉ်က ဆဋ္ဌမခေါင်းဆောင်ကြီးကို အပြင်းအထန် တိုက်ခိုက်နေသဖြင့် သူ၏ဘယ်မျက်လုံးမှ မှေးမှိန်စပြုလာနေသည်။

ဖန်ဟဲ့ရှန်းက မဟာအကြီးအကဲနှင့် တိုက်ခိုက်နေဆဲဖြစ်ပြီး ဖန်ဝေ၏အခြေအနေကို မြင်လျှင် ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ တဖောင်းဖောင်း ပေါက်ကွဲသံများ သူ့ခန္ဓာကိုယ်မှ မြည်ဟည်းလာပြီး ရုတ်တရက် ကျောက်စိမ်းအစအနတစ်စက သူ့လက်ထဲတွင် ပေါ်လာသည်။ သူက ၎င်းကို အားပါပါ ဖိချေလိုက်ရာ ကြီးမားသော လှိုင်းများ ဖြာထွက်သွားသည်။ မဟာအကြီးအကဲမှာ ထိုလှိုင်းများအတွင်းရှိ ကြောက်ခမန်းလိလိ အားအင်ကို အာရုံရလိုက်သဖြင့် မျက်နှာပျက်သွားပြီး နောက်ဆုတ်လိုက်ရသည်။

သူ နောက်ဆုတ်သွားစဉ် ဖန်ဟဲ့ရှန်းက ဖန်ဝေထံ ဦးတည်သွားသည်။

“ဝေ့အာ” သူက အလောတကြီး လှမ်းခေါ်လိုက်သည်။

သူ အနားကပ်လာသည့်အချိန်မှာပင် ဖန်ဝေ၏ ဘယ်မျက်လုံးက တောက်ပလာပြန်လာသည်။ သူ့ဘယ်လက်က တုန်ရီလျက် မြောက်တက်သွားပြီး ဖန်ဟဲ့ရှန်းကို လက်ညှိုးထိုးသည်။ ထိုအခိုက်အတန့်တွင် မြစ်ဝါမြစ်သည် သူ၏အင်မော်တယ်ဝိညာဉ်များနှင့်အတူ ပေါ်လာပြီး အကုန်လုံးက ဖန်ဟဲ့ရှန်း၏လမ်းကို ပိတ်လိုက်၏။

“ဘိုးဘိုး” ဖန်ဝေက တုန်ခါနေသော အသံဖြင့် ပြောသည်။ “မှတ်မိသေးလား။ ကျွန်တော်မွေးတုန်းက ဘိုးဘိုး ကျွန်တော့်ကို ဘာကြောင့် ‌ဝေ 卫 လို့ နာမည်ပေးခဲ့လဲ ဆိုတာ …. ဘိုးဘိုး ပြောခဲ့တုန်းက ဖန်မျိုးနွယ်စုကို ကျွန်တော် ကာကွယ်ပေးဖို့ လိုအပ်တဲ့အတွက်ကြောင့်တဲ့လေ …. ဘိုးဘိုး မလာပါနဲ့ ….” ဖန်ဟဲ့ရှန်း သူ့စကားများကို ကြားသောအခါ တုန်ရီသွားပြီး ပူဆွေးသောကတို့က သူ၏မျက်လုံးများတွင် နေရာယူသွားသည်။

“ဖန်ဟို မင်း ငါ့အစား …. ဖန်မျိုးနွယ်စုကို ကာကွယ်ပေးရမယ်။ လာ မင်းရဲ့ နိဗ္ဗာနသစ်သီးတွေကို ပြန်ယူလိုက်တော့” ဖန်ဝေသည် သူ၏ဘယ်မျက်လုံးကို ပိတ်လိုက်ပြီး ဝုန်းခနဲ မြည်သံအား သူ့နဖူးမှ ကြားလိုက်ရ၏။ ဖောက်ခနဲ သူ့နဖူးမှာ ရုတ်တရက် ကွဲအက်သွားပြီး အဆိုပါအက်ကွဲကြောင်းထဲမှ နိဗ္ဗာနသစ်သီးနှစ်လုံး ထွက်လာသည်။

မန်ဟိုသည် ချက်ချင်းဆိုသလို ပြင်းပြသောရင်းနှီးမှုကို ခံစားလိုက်ရ၏။ သူက ညာလက်ကို နိဗ္ဗာနသစ်သီးနှစ်လုံးထံ မြှောက်လိုက်ရာ ၎င်းတို့က သူ့ဆီ တန်းတန်းမတ်မတ် ပျံလာပြီး လက်ဝါးအပေါ် သက်ဆင်းကြသည်။

တစ်ချိန်တည်းမှာပင် ဖန်ဝေက သွေးတစ်ပွက်အန်လိုက်ရကာ သူ့စွမ်းအားမှာ ရုတ်ခြည်း အားနည်းသွား၏။ ဆဋ္ဌမခေါင်းဆောင်ကြီးက ဆောက်တည်ရာမဲ့စွာ ဟိန်းဟောက်လိုက်သည်။ ဖန်ဝေမှာ သူ့သဘောနှင့်သူ မန်ဟို၏ နတ်ဘုရားစွမ်းရည်ထံ ပြေးဝင်သွားလေပြီ။ ဘယ်သူ့မှ သူ့ကို မတားနိုင်လိုက်။ မန်ဟိုပင်လျှင် ကောင်းကင်ဘုံ (၃၃) ခုနှင့် ကမ္ဘာမြေ (၃၃) ခု ပြင်းပြင်းထန်ထန် ပေါက်ကွဲမသွားအောင် မတားနိုင်လိုက်ပေ။

ထိုအခိုက်အတန့်တွင် ဖန်ဝေ၏ ညာမျက်လုံးထဲရှိ ဆဋ္ဌမခေါင်းဆောင်ကြီးသည် မီးခိုးငွေ့တန်းအသွင်ဖြင့် ပြေးထွက်လာ၏။ သို့သော ၎င်းမလွတ်ခင် ဖန်ဝေ၏ ဝိညာဉ်က ၎င်းကို ဖမ်း၍ ပြန်ဆွဲခေါ်လိုက်သည်။

“မလုပ်နဲ့” ဆဋ္ဌမခေါင်းဆောင်ကြီး၏ ကိုယ်ပွားဝိညာဉ်မှာ မခံမရပ်နိုင်စွာ ဟိန်းဟောက်လိုက်သည့်အချိန်မှာပင် ကောင်းကင်ဘုံ (၃၃) ခု နှင့် ကမ္ဘာမြေ (၃၃) ခု၏ ဝါးမြိုခြင်းခံလိုက်ရသည်။

တဘုန်းဘုန်း ပေါက်ကွဲသံများ လေတွင် ပြည့်နှက်သွားပြီးနောက် ကောင်းကင်ဘုံ (၃၃) ခု နှင့် ကမ္ဘာမြေ (၃၃) ခုလည်း မှေးမှိန်ပျောက်ကွယ်သွားသည်။ ဖန်ဝေ၏ ခန္ဓာကိုယ်သည် မြေကြီးပေါ် ပြုတ်ကျလာ၏။ သူ့ညာမျက်လုံးမှာ မည်းမှောင်နေသည်။ ဆဋ္ဌမခေါင်းဆောင်ကြီးကား ခန္ဓာရော၊ ဝိညာဉ်ပါ ဇီဝိန်ချုပ်သွားခဲ့လေပြီ။

ဖန်ဝေ၏ ဘယ်မျက်လုံးမှာ မှေးမှိန်နေ၏။ သူ၏အသက်မီးတောက်လည်း ဖျတ်ခနဲ ငြိမ်းသွားသည်။ သူက မသေခင် မန်ဟို့ကို ကြည့်လိုက်ပြီး နှုတ်ခမ်းများ လှုပ်လိုက်သည်။ သူ့မှာ အသံကျယ်ကျယ်မပြောနိုင်သော်လည်း မန်ဟိုကတော့ သူ ပြောနေသည့်အရာကို နားလည်လိုက်၏။

သူက ဤသို့ ပြောသွားခဲ့သည်… “ဖန်မျိုးနွယ်စုကို ကာကွယ်ပါ” ရုတ်တရက် မန်ဟိုသည် လွန်ခဲ့သော နှစ်ရာပေါင်းများစွာက အရှေ့အောင်ပွဲပေါ်က အဖြစ်အပျက်ကို ပြန်တွေးလိုက်မိ၏။ ထိုစဉ်က သူနှင့် ဖန်ဝေမှာ ကလေးအရွယ်သာ ရှိသေးသည်။ ဖန်ဝေသည် အမြဲတစေ ခေါင်းမာပြီး တခြားကလေးများနှင့် မတူပေ။ သူက မန်ဟို့နောက် မလိုက်တတ်ဘဲ အခြားသူများ၏ အသိအမှတ်ပြုခံရဖို့ အပြင်းအထန် ကြိုးစားရင်း အရိပ်များထဲ၌ တစ်ယောက်တည်း နေတတ်သည်။

သူ့ပုံစံက သုန်မှုန်နေပုံပေါ်သော်လည်း အမှန်တွင် နှစ်ပေါင်းများစွာ အပတ်တကုတ် ကြိုးစားအားထုတ်နေခဲ့သူဖြစ်သည်။ ထိုအရာအားလုံးက ယနေ့ ဖန်ဝေ ဖြစ်လာစေခဲ့၏။

သူတို့နှစ်ယောက် ခြောက်နှစ်အရွယ်တုန်းက စတင်ကျင့်ကြံခဲ့ရသည့်အချိန်ကို မန်ဟို မှတ်မိသေးသည်။ သူတို့သည် အကြီးအကဲအကုန်လုံး၏ ရှေ့တွင် ရပ်၍ ဘာကြောင့် ကျင့်ကြံသူဖြစ်လာချင်သလဲဟု မေးခံခဲ့ရသည်။ မန်ဟို့အဖြေက သူ ကြီးလာလျှင် အဖေနှင့်အဖေကို ကာကွယ်စောင့်ရှောက်ပေးလို၍ဟု ဖြစ်ခဲ့သည်။

ဖန်ဝေကမူ သူ၏ ညင်သာနူးညံ့သော ကလေးအသံဖြင့် ပြောခဲ့သော စကားလုံးများတွင် ယခု မန်ဟို့နားထဲတွင် ပဲ့တင်ထပ်လာသယောင်ပင်။

“ကျုပ်အဘိုးက ကျုပ်ကို ဝေလို့ နာမည်ပေးခဲ့တယ်။ ကျုပ်က ဖန်ဝေ ၊ ကျုပ် ကြီးလာရင် မျိုးနွယ်စုကို ကာကွယ်မယ်”

ကလေးတစ်ယောက်အဖြစ် ဖန်ဝေ ပြောခဲ့သော စကားလုံးများသည် … သေသွားသောအခိုက်အတန့်တွင်ပင် သူ အမြဲမှတ်ထားသည့် စကားလုံးများဖြစ်သည်။

ဘုန်း

ဖန်ဝေသည် မြေကြီးအား ဝင်ဆောင့်လိုက်ပြီး သူ့အရှိန်အဝါ ပျောက်ကွယ်သွားသည်။ သူကား ကြွေလွင့်သွားချေပြီ။

***

All Chapters