← Chapters

ရန်ကျောက်ကဲ ငါးမျှားလိုက်တာနဲ့ ငါးက အစာကိုလာဟပ်

Vol. 46 Ch. 650

ရန်ကျောက်ကဲ ငါးမျှားလိုက်တာနဲ့ ငါးက အစာကိုလာဟပ်

Vol. 46 Ch. 650

အခန်း (၆၅၀) ရန်ကျောက်ကဲ ငါးမျှားလိုက်တာနဲ့ ငါးက အစာကိုလာဟပ်

မျှော်စင်နယ်မြေအနီးတွင် ရန်ကျောက်ကဲက အသင်္ချေနဂါးနန်းတော်ထဲတွင် မတ်တတ်ရပ်နေပြီး ယွဲ့ပေါင်ချီကို ပြုံးကာ ကြည့်လိုက်သည်။

ယွဲ့ပေါင်ချီက တည်ကြည်သောမျက်နှာထားဖြင့်...

“ရှင့်မှာ ကောင်းကင်မီးတောက်မိုးကြိုးကပ်ဘေးအစီအရင်ကို ချိုးဖျက်နိုင်တဲ့နည်းလမ်း ရှိလို့လား”

ရန်ကျောက်ကဲက လက်နှစ်ဖက်ကို ဖြန့်ခွဲလိုက်ရင်း...

“ရာနှုန်းပြည့် ချိုးဖျက်နိုင်မယ်လို့ ဆိုပြန်ရင်လည်း လိမ်ရာကျမယ် ၊ ဒါပေမဲ့ အမှန်ကိုပြောရရင် ငါ့မှာ အကြံလေးဘာလေး ရှိပါတယ်”

ယွဲ့ပေါင်ချီက ခဏမျှစဉ်းစားပြီးနောက် ခေါင်းညိတ်လိုက်၏။ သူမ အသင်္ချေနဂါးနန်းတော်ထဲမှ ထွက်လိုက်ပြီး မျှော်စင်နယ်မြေဆီသို့ ပျံသန်းထွက်ခွာသွားသည်။

မြောက်ပင်လယ်ဓားဂိုဏ်းမှ ငယ်ရွယ်သောကျင့်ကြံသူများနှင့် စောစောကကယ်တင်ခဲ့သော လီစန်းဂိုဏ်းမှလူများကိုတော့ ဤနေရာတွင်ဝေးရာသို့ ထွက်ခွာသွားရန် သူမက ညွှန်ကြားခဲ့သည်

သိုင်းသူတော်စင်တစ်ယောက်ဖြစ်သော ယွဲ့ပေါင်ချီက အကြောက်အရွံ့ကင်းမဲ့သူဖြစ်လေရာ သူမက ချက်ချင်းပင် ရန်ကျောက်ကဲနှင့် ပူးပေါင်းရန် ဆုံးဖြတ်လိုက်သည်။

တကယ်တော့ သူမတစ်ယောက်တည်းဆိုလျှင် သူမ၏ဂိုဏ်းအတွက် ကောင်းကင်မီးတောက်မိုးကြိုးကပ်ဘေးအစီအရင်အား လျော့ပါးသက်သာစေရန် လုံလောက်သည့်ခွန်အားကို ပိုင်ဆိုင်ခြင်း မရှိပေ။

သို့သော် သူမက ရန်ကျောက်ကဲကို အပြည့်အဝ ယုံကြည်ခြင်းမရှိသေးဘဲ အနည်းငယ် သတိထားနေဆဲ ဖြစ်၏။ ရန်ကျောက်ကဲကတော့ သူမကို ထိခိုက်နစ်နာစေလိုသည့် ရည်ရွယ်ချက် မရှိပေ။

ယွဲ့ပေါင်ချီ မျှော်စင်နယ်မြေသို့ ရောက်လာသည့်အခါ တာ့ရွှမ်တိုင်းပြည်မှ သိုင်းကျင့်ကြံသူများ၏ အာရုံစိုက်မှုကိုခံရပြီး ချက်ချင်းပင် သူမကို ဖမ်းဆီးရန် ကြိုးစားကြမည် ဖြစ်သည်။

ထိုရန်သူများထံမှ လွတ်မြောက်ရန်အတွက် ရန်ကျောက်ကဲက သူမကို လျှို့ဝှက်စွာ ကူညီပေးခဲ့သည်။

သို့တိုင် မိုးကုတ်စက်ဝိုင်းတစ်နေရာမှ ဓားရောင်တစ်ချက်လင်းလက်သွားပြီး ယွဲ့ပေါင်ချီနောက်သို့ လိုက်ပါလာသည်။

ထိုဓားရောင်က ရေစီးဆင်းနေသည့်ပမာဖြစ်ကြောင်း တွေ့ရသည့်အခါ ရန်ကျောက်ကဲက ရယ်မောရင်း...

“ဒီ ‘ရန်’ က ငါးမျှားလိုက်တာနဲ့ ငါးက အစာကိုလာဟပ်တာပဲ...”

ရေစီးဆင်းနေသည့်ပမာ ဓားအလင်းတန်းကိုတွေ့ရသည်နှင့် ယွဲ့ပေါင်ချီ သဘောပေါက်သွားပြီး အလျှင်အမြန် ထွက်ပြေးသွားသည်။ သို့သော် တစ်ဖက်လူ၏ကျင့်ကြံခြင်းအဆင့်က သူမထက်မြင့်မားသလို အချိန်ရေစီးကြောင်းဓားအလင်းတန်းက အလွန်လျှင်မြန်သည်ဖြစ်ရာ ချက်ချင်းပင် ယွဲ့ပေါင်ချီနောက်သို့ ရောက်လာသည်။

ကြောက်မက်ဖွယ်ရာ ဓားအလင်းတန်းက မိုးမြေတစ်ခွင်ကို ဖြတ်ကျော်သွားပြီး ပတ်ဝန်းကျင်တစ်ခုလုံး၏ အချိန်နှင့်နေရာကို ပိတ်ဆို့ထားလိုက်သည်။ ဓားအလင်းတန်းတစ်ခုလုံးက ပင်လယ်ပြင်ကို လွှမ်းခြုံသွားပြီး အချိန်စီးဆင်းမှုသည်လည်း ရုတ်ချည်းပင် နှေးကွေးသွားသည်။

ယွဲ့ပေါင်ချီက တိုက်ခိုက်ရန် ရည်ရွယ်ချက်မရှိဘဲ ဆက်လက်ထွက်ပြေးနေသည်။

တစ်ချိန်တည်းမှာပင် ပင်လယ်ထဲမှ ရွှေရောင်အလင်းတန်းများနှင့်အတူ နဂါးဟိန်းသံများလည်း ကျယ်လောင်စွာ ထွက်ပေါ်လာသည်။

အချိန်ရေစီးကြောင်းဓားအလင်းတန်းက ရွှေရောင်အလင်းတန်းများထွက်ပေါ်လာရာဆီသို့ ချက်ချင်း ရောက်ရှိသွားသည်။ ထို့ကြောင့် ယွဲ့ပေါင်ချီက ပုံမှန်အတိုင်းပြန်လည်လှုပ်ရှားသွားနိုင်ခဲ့သည်။

ထို့နောက် ဓားရောင်တစ်ချက်လင်းလက်သွားပြီး လူငယ်တစ်ယောက်သဏ္ဌန် ထွက်ပေါ်လာသည်။ ထိုလူငယ်က ထာဝရအလင်းကောင်းကင်ကျမ်းစာ၏ဆက်ခံသူဖြစ်ပြီး ရန်ကျောက်ကဲနှင့်လည်း တစ်ကြိမ်တွေ့ဆုံခဲ့ဖူးသည့် ‘ခန်းကျင်းယွမ်’ ပင် ဖြစ်၏။

ခန်းကျင်းယွမ်က အေးစက်စွာပြုံးရင်း...

“မင်းရှိနေတာကို ငါက သတိမထားမိဘူးလို့ ထင်နေတာလား”

ထို့နောက် ဓားရောင်တစ်ချက်လင်းလက်သွားပြီး အသင်္ချေနဂါးနန်းတော်နှင့် ယွဲ့ပေါင်ချီတို့၏ လျှင်မြန်မှု ပြန်လည်နှေးကွေးသွား ခန်းကျင်းယွမ်၏ အရှိန်အဟုန်ကတော့ ရုတ်တရက် မြင့်တက်လာ၏။

ထိုအချိန် ကြီးမားသော နဂါးနန်းတော်တံခါးကြီး ပွင့်လာကာ အတွင်းမှ နဂါးအစစ်ချီစွမ်းအားစီးကြောင်းများ ထွက်ပေါ်လာသည်။ ထို့နောက် နန်းတော်ထိပ်တွင်ရပ်နေသော ရန်ကျောက်ကဲပုံရိပ် ပေါ်လာသည်။

သူက လက်ဝါးရိုက်ချက်တစ်ချက် ထုတ်ဖော်လိုက်သည်နှင့် နဂါးနန်းတော်ကြီး ပြင်းထန်စွာတုန်ခါသွားသလို ရွှေရောင်အလင်းတန်းများက လေထဲသို့ ပျံတက်သွားသည်။

ထို့နောက် အလင်းတန်းများက နဂါးအစစ်အမှန်များအဖြစ် ပေါင်းစပ်သွားပြီး အချိန်ရေစီးကြောင်းဓားအလင်းတန်းသည်လည်း မှေးမှိန်သွားခဲ့သည်။

ထိုအခွင့်အရေးကိုအသုံးချကာ ယွဲ့ပေါင်ချီက အဝေးသို့ထွက်ပြေးပျောက်ကွယ်သွားလေသည်။

ခန်းကျင်းယွမ်ကတော့ မျက်နှာမကောင်းစွာဖြင့် ရန်ကျောက်ကဲကို စိုက်ကြည့်ရင်း ကျန်ရစ်ခဲ့ရ၏။

ရန်ကျောက်ကဲက ခန်းကျင်းယွမ်ကို စိတ်ဝင်တစားအကဲခတ်ကာ ပြုံးလိုက်ရင်း...

“မင်းက သိုင်းသူတော်စင် တတိယအဆင့် သိုင်းကျင့်ကြံသူတစ်ယောက်ပဲ ၊ ဒီလောက်မညံ့ပါဘူး ၊ ဘာလဲ... မင်း ဒဏ်ရာရထားလို့ အစွမ်းတွေ မထုတ်နိုင်တာလား”

ရန်ကျောက်ကဲက ဆက်ပြောသည်။

“မင်း ဒဏ်ရာက အခုမှရထားတဲ့ ဒဏ်ရာမဟုတ်ဘူး ၊ အတော်ကြာနေပြီပဲ ၊ ကြည့်ရတာ ကွမ်းမင်ဂိုဏ်းက နုန်ယွိရွှမ်နောက်လိုက်ရင်း ဒဏ်ရာရသွားတာထင်တယ်”

ဟုတ်ပေ၏။ ထိုစဉ်က ခန်းကျင်းယွမ်ရရှိခဲ့သောဒဏ်ရာများကပေါ့သေးသေး မဟုတ်ပေ။ ထာဝရအလင်းကောင်းကင်ကျမ်းစာက ဒဏ်ရာကုသရာတွင် အံ့ဖွယ်အကျိုးသက်ရောက်မှုရှိသလိုခန်းကျင်းယွမ်ထက် ကျင့်ကြံခြင်းအဆင့်မြင့်မားသော အကြီးအကဲများကလည်း သူ့ဒဏ်ရာကို ကူညီကုသပေးခဲ့သည်။

သို့တိုင် အစပိုင်းဒဏ်ရာများက အလွန်ပြင်းထန်သဖြင့် ယခုအချိန်ထိ ပျောက်ကင်းခြင်းမရှိသေးပေ။

ရန်ကျောက်ကဲစကားကြားသည်နှင့် ခန်းကျင်းယွမ် မျက်နှာအမူအရာက ဆိုးရွားသွားပြီး ရန်ကျောက်ကဲကို စိုက်ကြည့်ရင်း...

“လက်စသတ်တော့ အဲဒီလူက မင်းကိုး...”

ယွဲ့ပေါင်ချီလွတ်မြောက်သွားသလို အနာဟောင်းထုတ်ဖော်ခံလိုက်ရသဖြင့် ခန်းကျင်းယွမ်၏ ခံစားချက်က အတော်လေး ဆိုးရွားသွားသည်။

သို့တိုင် သူက ချက်ချင်း ရယ်မောလိုက်ရင်း...

“ငါ အခု မှတ်မိသွားပြီ ၊ မင်းနဲ့ နုန်ယွိရွှမ် ထိပ်တိုက်တွေ့တော့ အဲဒီတိုက်ပွဲမှာ နုန်ယွိရွှမ်ကိုကြည့်ရတာ တစ်ခုခုမှားသွားသလိုပဲ ၊ ဒါ တိုက်ဆိုင်မှု မဖြစ်နိုင်ဘူး ၊ မင်း သူ့ကို အနိုင်ယူလိုက်တဲ့ လျှို့ဝှက်နည်းပညာ ဒါမှမဟုတ် ရတနာပစ္စည်းတစ်ခုခု ရှိရမယ်”

ခန်းကျင်းယွမ်က ပြုံးရင်း...

“မင်း အဲဒီပစ္စည်းကို လိမ်လိမ်မာမာနဲ့ ဒီသခင်လေးကို လွှဲပေးမယ်ဆိုရင် မင်းကိုသတ်ပြီးရင် အလောင်းကို အကောင်းပကတိအတိုင်း ထားခဲ့ပေးမယ်”

ရန်ကျောက်ကဲက သူ့စကားကြောင့် ဒေါသထွက်သွားခြင်းမရှိဘဲ ပေါ့ပေါ့ပါးပါးပင် ရယ်မောလိုက်သည်။

“အိုး... နုန်ယွိရွှမ်ကို ငါနှိမ်နင်းလိုက်တဲ့ပစ္စည်းကိုမင်းက လိုချင်နေတာလား ၊ ကြည့်ရတာ မင်း သူ့နောက်လိုက်သွားတာတောင် သူ့ကို မသတ်နိုင်ခဲ့ဘူးထင်တယ်”

ထိုစကားကြောင့် ခန်းကျင်းယွမ် မျက်နှာပျက်သွားချိန် ရန်ကျောက်ကဲက ဆက်ပြောသည်။

“မသိပါဘူး ၊ မင်း နုန်ယွိရွှမ်ကို သတ်လိုက်နိုင်လို့များ ဒဏ်ရာအပြင်းအထန်ရလာသလား ထင်နေမိတာ”

“ဒါပေမဲ့ အခုတော့ အဲဒီလို မဟုတ်ဘူးပဲ ၊ နုန်ယွိရွှမ်က ဒဏ်ရာရထားတာတောင် မင်းကို အနိုင်ယူခဲ့တာလား ၊ ဒါမှမဟုတ် ကွမ်းမင်ဂိုဏ်းက အကြီးအကဲတစ်ယောက် ရောက်လာပြီး ကူညီပေးလို့ မင်း ဒီလို ဖြစ်သွားတာလား”

ခန်းကျင်းယွမ် အမူအရာက ပိုမိုအရုပ်ဆိုးလာပြီး ရန်ကျောက်ကဲ စကားမဆုံးခင်မှာပင် ဓားအလင်းတန်းတစ်ခု ထိုးဖောက်ဝင်ရောက်လာသည်။

ရေစီးကြောင်းပမာ ဓားအလင်းတန်းက မိုးမြေတစ်ခွင် လွှမ်းခြုံသွားပြီး အလွန်တရာ ကြီးကျယ်ခမ်းနားသော တန်ခိုးစွမ်းအားကို ဖော်ကျူးသည်။

ဓားအလင်းတန်းဖြစ်သန်းသွားလေတိုင်း အချိန်စီးဆင်းမှုက ရပ်တန့်သွားသည့်အလား ပတ်ဝန်းကျင်အရာဝတ္ထုများအားလုံး ငြိမ်သက်နေပြီး လှုပ်ရှားနေသူဆို၍ ခန်းကျင်းယွမ်တစ်ယောက်သာ ရှိသည်။

ရန်ကျောက်ကဲလက်ထဲတွင် ‌ရွှေရောင်ငှက်မွှေးလှံရှည်ပေါ်လာပြီး သူ၏ ခန္ဓာကိုယ်ထက် ရွှေရောင်အလင်းတန်းများထွက်ပေါ်လာကာ ရေခဲချပ်ဝတ်အား ဝတ်ဆင်ပြီးသား ဖြစ်သွား၏။

လှံရှည်ကို ဝှေ့ယမ်းလိုက်သည့်အခါ ပင်လယ်ပြင်မှ ဧရာမဝေလငါးကြီးတစ်ကောင်ထွက်ပေါ်လာကာ ကောင်းကင်ထက်သို့ ပျံတက်သွားပြီး ကြီးမားသော ဂဠုန်ငှက်ကြီးအဖြစ်ပြောင်းလဲသွားကာ ကောင်းကင်ကိုးထပ်သို့တိုင် ပျံသန်းထွက်ခွာသွားသည်။

ရေခဲနဂါးပေါင်းများစွာက ရွှေရောင်အလင်းတန်းများနှင့်အတူ ထိုဂဠုန်ငှက်ကြီးနောက်သို့ ပျံသန်းလိုက်ပါသွားကြသည်။

အလွန်တရာ ထက်မြက်ပြင်းထန်သော တန်ခိုးစွမ်းအားက ရှည်လျားသောမြစ်တစ်စင်းနှင့်ဆင်တူသည့် ဓားအလင်းတန်းကို ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီး ရန်ကျောက်ကဲ၏ ခန္ဓာကိုယ်ပတ်ဝန်းကျင်တစ်ဝိုင် မိုးမြေတစ်ခွင်က ရပ်တန့်နေခြင်းမရှိတော့ဘဲ ပုံမှန်အခြေအနေပြန်ရောက်သွားသည်။

ခန်းကျင်းယွမ်က အေးစက်စွာ ပြုံးလိုက်ပြီး...

“မင်းက အ‌တော်လေး လွှမ်းမိုးနိုင်စွမ်း မြင့်မားတယ် ၊ ဒီသခင်လေးက အဲဒီလိုလူမျိုးတွေကို သောက်ရမ်းအမြင်ကတ်တာ”

သူက အေးစက်စွာနှာခေါင်းရှုံ့လိုက်ပြီး လက်ထဲမှဓားကို အကြိမ်ကြိမ် ခုတ်ပိုင်းချလိုက်သည်။ ဓားအလင်းတန်း တစ်ဖန်ပြောင်းလဲသွားပြီး ရန်ကျောက်ကဲပတ်ဝန်းကျင်သို့ မရေမတွက်နိုင်သော အမှုန်အမွှားလေးများအဖြစ် ဝင်ရောက်လာသည်.

ရန်ကျောက်ကဲ ပြုံးရင်း သူ့လက်ထဲမှ ရွှေရောင်ငှက်မွှေးလှံရှည်ကို တစ်ချက်ဝှေ့ယမ်းလိုက်ရာ များပြားလှစွာသာ လှံရှည်များထွက်ပေါ်လာပြီး မရေမတွက်နိုင်သော ဓားဝိညာဉ်အမှုံအမွှားလေးများကို အတိအကျပင် ထိုးခွင်းပစ်လိုက်သည်။

ရွှေရောင်ငှက်မွှေးလှံရှည်နှင့် တစ်ဖက်လူ၏ အဆင့်နိမ့်မှော်ဝင်ပစ္စည်းဖြစ်သော ‘အချိန်ဖြတ်သန်းဓား’ တို့ အကြိမ်ပေါင်း ထောင်သောင်းမက ရိုက်ခတ်မိသွားသည်။

တစ်ချိန်တည်းပင် တုန်ခါနေသော ရွှေရောင်ငှက်မွှေးလှံရှည်ထိပ်ဖျားမှတစ်ဆင့် ရက်စက်ကြမ်းတမ်းသောစွမ်းအားတစ်ခု ရနကျောက်ကဲ ခန္ဓာကိုယ်ထဲ ဝင်ရောက်လာသည်။

လှံရှည်ကိုင်ထားသည့် ရန်ကျောက်ကဲ၏လက်တစ်ဖက်မှ အရေပြားထက်တွင် ‌ရေဓာတ်ဆုံးရှုံးသွားပြီး အက်ကွဲနေသော အရေးအကြောင်းများ ပေါ်လာ၏။

ရေခဲချပ်ဝတ်မှ အလင်းရောင်တစ်ချက်လင်းလက်သွားပြီး ရေခဲပြာရောင်အလင်းတန်းများ ထွက်ပေါ်လာကာ ရန်ကျောက်ကဲ၏လက်ကို လွှမ်းခြုံသွားသည်။ ထို့နောက် ရန်သူ၏တိုက်ခိုက်မှုကို နှောင့်နှေးသွားစေသည့် အေးခဲနေသော စွမ်းအားတစ်ခု ဖြစ်တည်လာသည်။

ခန်းကျင်းယွမ်က ဒဏ်ရာရထားသော်လည်း ထာဝရအလင်းကောင်းကင်ကျမ်းစာကဲ့သို့ အထွတ်ထိပ်သိုင်းပညာကို ကျင့်ကြံထားသဖြင့် တိုက်ခိုက်ရာတွင် သွက်လက်ကျွမ်းကျင်နေဆဲ ဖြစ်၏။

သူ၏ဓားချက်က...

ခေတ်ကာလအဆက်ဆက်စီးဆင်းနေသော ‌ရေစီးကြောင်းတစ်ခုနှင့်ဆင်တူပြီး အချိန်သည် အရာအားလုံးအပေါ်တွင် နှလုံးသားကင်းမဲ့သူ ဖြစ်သည်။

အေးစက်သော‌ရေခဲများကြေမွသွားသည်။

ရေခဲများက အရည်မပျော်ဘဲ လေထဲတွင် အခိုးအငွေ့အဖြစ် တိုက်ရိုက် ကွယ်ပျောက်သွားသည်။

ရန်ကျောက်ကဲခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသော အချိန်စီးဆင်းမှုက သူ့ခန္ဓာကိုယ်တွင်း မငြိမ်သက်မှုများ အဆက်မပြတ်လည်ပတ်နေသကဲ့သို့ ဖြစ်သည်။ သို့သော် ရန်ကျောက်ကဲအမူအရာက ပြောင်းလဲသွားခြင်း မရှိပေ။

သူ၏အသားအရေများ အိုမင်းသွားအောင် အချိန်ရေစီးကြောင်းဓားသိုင်းက ပြုလုပ်ခဲ့သော်လည်း သူ၏ အစစ်အမှန်ကြယ်တာရာချီစွမ်းအားက စက်ဝန်းသံသရာကောင်းကင်ကျမ်းစာနှင့်အတူ လှည့်ပတ်သွားပြီး ချက်ချင်းပင် နဂိုအတိုင်း ပြန်လည်နုပျိုလာသည်။

ခန်းကျင်းယွမ်အံ့ဩသွားပြီး..

"ဘာမှ သက်ရောက်မှုမရှိဘူးလား...”

ရန်ကျောက်ကဲက မြောက်ပိုင်းသမုဒ္ဒရာနတ်ဘုရားလှံရှည်ကို နောက်တစ်ကြိမ် ထုတ်ဖော်လိုက်ပြီး လျှပ်စီးကဲ့သို့ လျှင်မြန်သောအရှိန်ဖြင့် ခန်းကျင်းယွမ်ထံသို့ ထိုးစိုက်ချလိုက်သည်။

ရန်ကျောက်ကဲ၏လှံကိုရှောင်ရန်ပြင်ဆင်နေစဉ် ခန်းကျင်းယွမ်၏ရုပ်သွင်သည် နှေးကွေးနေပုံပေါ်သည်။

ထိုအချိန် အသင်္ချေနဂါးနန်းတော်က အလင်းတန်းများထုတ်လွှတ်လိုက်ပြီး ခန်းကျင်းယွမ်အား မလှုပ်ရှားနိုင်ရန် ထိန်းချုပ်ထားလိုက်၏။

ထို့နောက် ကြောက်မက်ဖွယ်ရာ ရွှေရောင်ငှက်မွှေးလှံရှည်က ခန်းကျင်းယွမ်ရင်ဘတ်တွင်းသို့ ထိုးဖောက်ဝင်ရောက်သွားသည်။

သို့ပေသိ ခန်းကျင်းယွမ် နှလုံးသားတည်ရှိရာနေရာတွင် မှန်အဝိုင်းတစ်ခုနှင့်ဆင်တူပြီး အလွန်တောက်ပသော အဖိုးတန် ရတနာပစ္စည်းတစ်ခု ရုတ်တရက် ပေါ်လာသည်။

ရတနာအလင်းတန်းများက သူ့တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားပြီး ရွှေရောင်ငှက်မွှေးလှံရှည်ကို ထိုးဖောက်မရအောင် တားဆီးထားလိုက်၏။

ခန်းကျင်းယွမ် ယုတ်မာစွာပြုံးလိုက်ပြီး အခွင့်အရေးကို အသုံးချကာ ရွှေရောင်ငှက်မွှေးလှံရှည်ကိုဖိနှိပ်ထားစဉ် ရန်ကျောက်ကဲ၏ ရင်ဝဆီသို့ ဓားဖြင့်ထိုးစိုက်ချလိုက်လေတော့၏။

All Chapters