← Chapters

မင်းကို ထောင်ချောက်ဆင်တော့ ဘာဖြစ်သေးလဲ

Vol. 46 Ch. 651

မင်းကို ထောင်ချောက်ဆင်တော့ ဘာဖြစ်သေးလဲ

Vol. 46 Ch. 651

အခန်း (၆၅၁) မင်းကို ထောင်ချောက်ဆင်တော့ ဘာဖြစ်သေးလဲ

ခန်းကျင်းယွမ် ရင်ဘတ်ထက်မှ ‘နှလုံးကာချပ်ပြား’ ရတနာပစ္စည်းကိုကြည့်ရင်း ရန်ကျောက်ကဲ မျက်ခုံးတစ်ချက်ပင့်လိုက်သည်။

“အလယ်ဆင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းတစ်ခုပဲ ၊ ဒီကောင် ဒီလောက် ယုံကြည်မှုရှိနေတာ မအံ့သြတော့ပါဘူး”

ရန်ကျောက်ကဲကို အံ့အားသင့်စေသည်မှာ ခန်းကျင်းယွမ်၏ကျင့်ကြံခြင်းအဆင့်မဖြင့် အလယ်ဆင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းတစ်ခုအား စွမ်းအားအပြည့် ထုတ်ဖော်အသုံးပြုရန်မှာ မဖြစ်သင့်ပေ။

သို့ပေသိ ဤ ‘နှလုံးကာချပ်ပြား’ ၏ ရောင်ဝါအလင်းတန်း ကျယ်ပြန့်လာသည်နှင့်အမျှ ခန်းကျင်းယွမ်၏ ခန္ဓာကိုယ်တစ်ခုလုံးအား ကာကွယ်ပေးထားသော ချပ်ဝတ်အဖြစ် ပြောင်းလဲသွား၏။

အတွင်းမှထွက်ပေါ်လာသော အလွန်မြင့်မားသည့် ခုခံစွမ်းးအားသည် ဤ အလယ်ဆင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်း၏စွမ်းအား အပြည့်အဝအထိ အသုံးပြုထားခြင်း ဖြစ်သည်။

ဤရတနာပစ္စည်း၏အကူအညီကိုရယူထားသော ခန်းကျင်းယွမ်သည် ရန်ကျောက်ကဲ၏လှံရှည်ကို ရှောင်ဖယ်ခြင်းမပြုဘဲ ဓားကိုအသုံးပြုကာ ရန်သူကို အနီးကပ်သတ်ဖြတ်ပစ်ရန် တိုက်ကွက်ဖော်ဆောင်ခဲ့သည်။

ရန်ကျောက်ကဲနှင့် နုန်ယွိရွှမ်တို့ အရင်က တိုက်ခိုက်ခဲ့ဖူးသည်ကို တွေ့မြင်ခဲ့ရသဖြင့် ရန်ကျောက်ကဲ၏ တန်ခိုးစွမ်းအားက သာမန် သိုင်းဆရာသခင်များနှင့်ယှဉ်လျှင် အတော်လေး သာလွန်ကြောင်း သူ သိထားသည်။ သို့သော် မိခင်ဖြစ်သူက တိုက်ပွဲတွင်ကာကွယ်နိုင်ရန် ပေးအပ်လိုက်သော ထိပ်တန်းအဆင့် ရတနာပစ္စည်း ‘နက်ရှိုင်းကြေးမုံချပ်ဝတ်’ ကို ရရှိခဲ့ပြီးနောက် ခန်းကျင်းယွမ် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့် ရှိနေသည်။

ရန်ကျောက်ကဲရင်ဝတည့်တည့်ရှေ့သို့ရောက်လာသော အချိန်ရေစီးကြောင်း ဓားအလင်းတန်းက မထင်မှတ်လောက်အောင် လျှင်မြန်၏။

ဓားအလင်းတန်း၏ လွှမ်းမိုးမှုကြောင့် ရန်ကျောက်ကဲရှိနေသည့် နေရာပတ်ဝတ်းကျင်တွင် အချိန်များရပ်တန့်သွားပြီး ခန်းကျင်းယွမ်၏ဓားအလင်းတန်းတစ်ခုသာလျှင် ထိုနေရာတွင် လွတ်လပ်စွာ လှုပ်ရှားနိုင်စွမ်း ရှိသည်။

ခန်းကျင်းယွမ်က နက်ရှိုင်းကြေးမုံချပ်ဝတ်စွမ်းအားကို အပြည့်အဝ စွမ်းဆောင်နိုင်ခဲ့သဖြင့် ရန်ကျောက်ကဲ အတော်လေး အံ့အားသင့်သွားသော်လည်း စိတ်ရှုတ်ထွေးသွားခြင်းမျိုး မရှိခဲ့ပေ။

ဖြတ်သန်းဝင်ရောက်လာသော အချိန်ရေစီးကြောင်းဓားကို ရင်ဆိုင်ရင်း ရန်ကျောက်ကဲက ဘယ်လက်မှ ရွှေရောင်ငှက်မွှေးလှံရှည်ကို ထိုးစိုက်ချလိုက်သည်။

သို့သော် လှံရှည်ထိုးစိုက်မချခင် ရန်ကျောက်ကဲလက်ထဲတွင် အစိမ်းရင့်‌ရောင်ဝါးကိုင်း ပေါ်လာ၏။

ရိုက်ခတ်သံနှင့်အတူ အချိန်ရေစီးကြောင်းဓားအလင်းတန်းက လေထုထဲတွင် တုန်ခါသွားသည်။ ထို့နောက် ပတ်ဝန်းကျင် မိုးမြေတစ်ခုလုံး ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။

ခန်းကျင်းယွမ်မျက်နှာက ချက်ချင်း တည်ကြည်လေးနက်သွားသည်။

“အဲဒီတုန်းက အမြင်မှားတာ မဟုတ်ဘူး ၊ ဒီ ဝါးကိုင်းက တကယ့်ကို အံ့မခန်းပဲ”

ထို့နောက် သူက အေးစက်စွာရယ်မောရင်း...

“မင်းမှာ ရတနာပစ္စည်းတွေ အများကြီးရှိတာပဲ ၊ အားလုံး ငါ့အတွက် ထားခဲ့လိုက်တော့”

ပြောပြီးသည်နှင့် ခန်းကျင်းယွမ်က သူ၏ဓားကို ရုတ်သိမ်းလိုက်ပြီး လက်ချောင်းများကို ဓားအသွင်အသုံးပြုကာ ရန်ကျောက်ကဲအား တိုက်ခိုက်လိုက်သည်။

ဓားမပါသော သူ၏တိုက်ခိုက်မှုများက အရင်ကထက် သိသိသာသာ အားလျော့သွားသည်။

သို့သော် သူက နက်ရှိုင်းကြေးမုံချပ်ဝတ်ကို အပြည့်အဝအားကိုးလျှက် ခံစစ်ကိုလုံးဝ လျစ်လျူရှုကာ စွမ်းအားအကုန်ထုတ်ပြီး ရန်ကျောက်ကဲကို တိုက်ခိုက်လိုက်သည်။

ရန်ကျောက်ကဲက အစိမ်းရင့်ရောင်ဝါးကိုင်းကို သိမ်းဆည်းရင်း...

“ဒီကောင်က အလယ်ဆင့်မှော်ဝင်ပစ္စည်းရဲ့စွမ်းအားကို အပြည့်အဝ အသုံးပြုနိုင်တယ် ၊ ငါ့ရဲ့ ဝါးကိုင်းက အဆစ် (၆)ဆစ် ရှိမှ သူ့ရဲ့ချပ်ဝတ်ကို ဖျက်ဆီးပစ်နိုင်မှာ ၊ အခုတော့ မရသေးဘူး”

ထို့နောက် ရန်ကျောက်ကဲက ညာဘက်လက်မှ ရွှေရောင်ငှက်မွှေးလှံရှည်ဖြင့် ရန်သူ၏ဓားအလင်းတန်းကို တားဆီးပိတ်ဆို့ထားပြီး ဘယ်ဘက်လက်မှ လက်ဝါးရိုက်ချက်တစ်ချက်ထုတ်ဖော်ကာ ခန်းကျင်းယွမ်၏ဦးခေါင်းဆီသို့ ရိုက်ချလိုက်သည်။

နက်ရှိုင်းကြေးမုံချပ်ဝတ် ဝတ်ဆင်ထားသော ခန်းကျင်းယွမ်က ရန်ကျောက်ကဲ၏ လက်ဝါးရိုက်ချက်အား အရေးမစိုက်ခဲ့ပေ။ တကယ်လည်း ချပ်ဝတ်မှထွက်ပေါ်လာသော အလင်းတန်းများက ရန်ကျောက်ကဲ၏လက်ဝါးရိုက်ချက်ကို ပိတ်ဆို့ထားသဖြင့် ခန်းကျင်းယွမ် ဒဏ်ရာလုံးဝ မရရှိခဲ့ပေ။

သို့သော် လက်ဝါးရိုက်ချက်မှ ပြင်းထန်လှသောစွမ်းအားက ခံစစ်ပြင်ဆင်ထားခြင်းမရှိသော ခန်းကျင်းယွမ်အား ပင်လယ်ရေအောက်ထဲသို့ ရုတ်တရက် ကျရောက်သွားစေသည်။

ပြင်းထန်သောအရှိန်အဟုန်ကြောင့် ပင်လယ်ရေပြင်ကိုဖြတ်ကျော်ကာ ပင်လယ်ရေအောက်ကြမ်းပြင်ထိတိုင် ရောက်ရှိသွားသည်။

"ဒါက ဘာသိုင်းပညာလဲ"

ရန်ကျောက်ကဲ၏ စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ်က ခန်းကျင်းယွမ်ကို မထိခိုက်စေခဲ့သော်လည်း အနည်းငယ် အံ့အားသင့်သွားစေသည်။

ရန်ကျောက်ကဲက မပြောင်းလဲသော မျက်နှာအမူအရာဖြင့်...

“အိုး... အလယ်ဆင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းရဲ့ အစစ်အမှန် ခံစစ်စွမ်းအားပဲ...”

ခန်းကျင်းယွမ် သတိပြန်ဝင်လာပြီး ကြုံးဝါးအော်ဟစ်ရင်း ပင်လယ်ရေမျက်နှာပြင်ထက်သို့ ပြန်တက်လာပြီး ရန်ကျောက်ကဲကို နောက်တစ်ကြိမ် ထပ်မံတိုက်ခိုက်လိုက်သည်။

သူ၏ဓားအလင်းတန်းက အဆုံးမရှိသော အချိန်ရေစီးကြောင်းပမာ ပတ်ဝန်းကျင်တစ်ခုလုံးကို လွှမ်းခြုံထားသည်။

ရန်ကျောက်ကဲက ခန်းကျင်းယွမ်၏ တိုက်ခိုက်မှုအားလုံးကို အသာလေးပင် ရှောင်ထွက်သွားသည်။

ခန်းကျင်းယွမ်က အစွမ်းကုန်တိုက်ခိုက်နေသော်လည်း သူက ဒဏ်ရာရထားသည်ဖြစ်ရာ သူ၏ အထွတ်ထိပ်မှော်ဝင်လက်နက်ဖြစ်သော ‘အချိန်ဖြတ်သန်းဓား’ ကို အသုံးပြုနိုင်ခြင်း မရှိတော့ပေ။

ထိုအချိန် ရန်ကျောက်ကဲက အထွတ်ထိပ်မှော်ဝင်ပစ္စည်း (၂)ခု ဖြစ်သော ရေခဲချပ်ဝတ်နှင့် ရွှေရောင်ငှက်မွှေးလှံရှည်ကို စွမ်းအားမြှင့်တင်လိုက်ရာ ရန်သူ၏တိုက်ခိုက်မှုက သူ့အတွက် ဖိအားလုံးဝ မရှိပေ။

တစ်ခုတည်းသောပြဿနာမှာ ခန်းကျင်းယွမ်၏ နက်ရှိုင်းကြေးမုံချပ်ဝတ်ကိုကိုင်တွယ်ရန် မလွယ်ကူခြင်း ဖြစ်သည်။ ထိုရတနာပစ္စည်းက ခန်းကျင်းယွမ် ဘေးကင်းရေးကို အခိုင်အမာ အာမခံထားသည်။

ခန်းကျင်းယွမ်က ရန်ကျောက်ကဲကို ပြုံးပြရင်း...

“မင်းရဲ့ထိုးနှက်ချက်တိုင်းကို ဒီသခင်လေး ခံယူရတာ ကောင်းလိုက်တာ ၊ ဒီသခင်လေးရဲ့ ထိုးနှက်ချက်ကရော ဘယ်လိုနေမလဲ စမ်းကြည့်လေ...”

သူက ဆက်ပြောသည်။

“ဓားဝိညာဉ်ရဲ့ သန့်စင်တဲ့အဖျက်စွမ်းအားကို မင်း မကြောက်ဘူးလား ၊ ဓားနဲ့အထိုးခံရရင် မင်း မသေဘူးလားဆိုတာ ငါ ကြည့်ချင်တယ်”

ထိုစကားကြားတော့ ရန်ကျောက်ကဲ ရယ်မောလိုက်သည်။

ခန်းကျင်းယွမ်၏ဓားချက် သူ့ထံဝင်ရောက်မလာမီ သူ့ခန္ဓာကိုယ်တစ်ချက်တုန်ခါသွားပြီး စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ်ကို နောက်တစ်ကြိမ် ထုတ်ဖော်လိုက်၏။

နက်ရှိုင်းကြေးမုံချပ်ဝတ်၏ ကာကွယ်မှုကြောင့် ဒဏ်ရာမရသည့်တိုင် စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ်ကြောင့် နောက်တစ်ကြိမ် ပင်လယ်ထဲနစ်မြုပ်ခံရမည်ဆိုပါက သောက်ရှက်ကွဲမည်အမှန်ပင်။

ထို့ကြောင့် ခန်းကျင်းယွမ်က ထိပ်တိုက်ရင်ဆိုင်ခြင်းမပြုတော့ဘဲ ဓားနှင့်လူ တစ်သားတည်းပေါင်းစပ်ကာ အလင်းတန်းတစ်ခုအဖြစ်ပြောင်းလဲပြီး ဘေးဘက်သို့ ရှောက်ထွက်လိုက်သည်။

သူ ရှောင်တိမ်းသွားသောလမ်းကြောင်းတွင် အသင်္ချေနဂါးနန်းတော်ကြီးပေါ်လာပြီး နဂါးဟိန်းသံများ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။

နဂါးနန်းတော်တံခါးပွင့်သွားသည်နှင့် ကြီးမားပြင်းထန်သောစုပ်ယူစွမ်းအားကြီးတစ်ခု ထွက်ပေါ်လာပြီး ခန်းကျင်းယွမ်ကို နန်းတော်အတွင်းသို့ စုပ်ယူသွားသည်။

သို့ပေသိ ခန်းကျင်းယွမ်က နှာတစ်ချက်မှုတ်လိုက်ပြီး သူ့လက်ထဲတွင် ‘အချိန်ဖြတ်သန်းဓား’ ပေါ်လာသည်။ ထိုဓားကို ထိုးစိက်ချလိုက်သည်နှင့် ဓားအလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး အသင်္ချေနဂါးနန်းတော်ကို ပိတ်ဆို့တားဆီးကာ အခြားနေရာတစ်ခုသို့ ရှောင်ထွက်သွားရန် ဟန်ပြင်လိုက်သည်။

အသင်္ချေနဂါးနန်းတော်ကို တွန်းလှန်ပြီးနောက် ရန်ကျောက်ကဲနှင့် ပြန်လည်ရင်ဆိုင်လိုက်ရသည်။ ရန်ကျောက်ကဲ၏ အစိမ်းရောင်ဝါးကိုင်းဖြင့် သူ၏ အထွတ်ထိပ်မှော်ဝင်လက်နက် ‘အချိန်ဖြတ်သန်းဓား’ ဖျက်ဆီးခံရမည်ကို စိတ်ပူသဖြင့် သူက ချက်ချင်းပင် ဓားကို ပြန်လည်သိမ်းဆည်းလိုက်၏။

ဒါကိုမြင်တော့ ရန်ကျောက်ကဲက မျက်ခုံးတစ်ချက်ပင့်ကာ ပြုံးရင်း...

“နည်းနည်းပါးပါးတော့ ဉာဏ်ကောင်းသားပဲ”

ခန်းကျင်းယွမ်က အေးစက်စွာပြုံးရင်း...

“မင်း ဘာတွေကြံစည်နေတယ်ဆိုတာ ဒီသခင်လေး မသိဘူးများ ထင်နေတာလား ၊ တာ့ရွှမ်တိုင်းပြည်လူတွေရောက်လာပြီး ဝိုင်းထားခံရမှာကို မင်း ကြောက်နေတာ မဟုတ်လား”

သူက ဆက်ပြောသည်။

“ဒီသခင်လေးဝတ်ထားတဲ့ နက်ရှိုင်းကြေးမုံချပ်ဝတ်ကြောင့် ငါကတော့ ဘယ်တော့မှ ရှုံးမှာမဟုတ်ဘူး ၊ မင်း ဘယ်လောက် အစွမ်းကုန်တိုက်နိုင်မလဲ ၊ တိုက်စမ်း...”

“မင်းမှာ ထူးခြားတဲ့ တန်ခိုးစွမ်းအားတွေ ပိုင်ဆိုင်ထားပေမယ့် ... မင်းက သိုင်းဆရာသခင်အဆင့်ပဲ ရှိသေးတာလေ ၊ မင်းရဲ့ စွမ်းအားနဲ့ ဘယ်လောက်အချိန်ကြာအောင် ထိန်းထားနိုင်မှာတဲ့လဲ ၊ ခံနိုင်ရည်စွမ်းမှာ ဒီသခင်လေးနဲ့ ယှဉ်နိုင်မှာတဲ့လား”

“အဲဒီအချိန်ကျမှ မင်းထွက်ပြေးချင်တယ်ဆိုရင်တောင် ဒီသခင်လေးက ထွက်ပြေးခွင့်မပေးဘူး ၊ မင်းက သောက်ရမ်းမာနကြီးပြီး ဒီသခင်လေးကိုတောင် ထောက်ချောက်ဆင်ရဲတဲ့ကောင်ဆိုတော့ ခွင့်လွှတ်နိုင်မယ် မထင်နဲ့”

ခန်းကျင်းယွမ်က နှာခေါင်းတစ်ချက်ရှုံ့ရင်း...

“မိုးမြေ အကန့်အသတ်ကို နားမလည်တဲ့ ကောင်စုတ်လေး ၊ မင်းသာ ဒီနေ့ ငါ့လက်ကလွတ်အောင်ပြေးနိုင်ရင် ဒီသခင်လေးက နာမည်ကို ပြောင်းပြန်ရေးပစ်လိုက်မယ်”

ရန်ကျောက်ကဲက ပြုံးကာ ခေါင်းခါယမ်းရင်း...

“ဟက်... ငါ့ရည်ရွယ်ချက်ကို သိတယ်ဆိုရင်တောင် မင်းအတွက် ဘာအကျိုးရှိမှာတဲ့လဲ”

ထိုစဉ် အလွန်ပြင်းထန်သော ရောင်ဝါတစ်ခုက အရှိန်အဟုန်ဖြင့် ဤနေရာသို့ လျှင်မြန်စွာချဉ်းကပ်လာသည်ကို အာရုံခံမိပြီး ခန်းကျင်းယွမ် အနည်းငယ် ထိတ်လန့်သွားသည်။

ရန်ကျောက်ကဲ၏ ‌မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက မိုးကုတ်စက်ဝိုင်းဆီမှ ထွက်ပေါ်လာပြီး အလင်းတန်းတစ်ခုအဖြစ်ပြောင်းလဲကာ သူတို့ရှေ့သို့ ချက်ချင်းရောက်လာသည်။

ခန်းကျင်းယွမ်စိတ်ထဲ အေးစက်သွားပြီး...

“သူက တာ့ရွှမ်တိုင်းပြည်က လူတွေထက်တောင် ပိုပြီးမြန်မြန် ရောက်လာခဲ့တာလား ၊ အစောကြီးကတည်းက အကြံအစည်နဲ့ အနားမှာ ပုန်းအောင်းနေခဲ့တာ ဖြစ်ရမယ်”

သူ သဘောပေါက်သွားသော်လည်း နောက်ကျသွားပေပြီ။

ရန်ကျောက်ကဲနှင့် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက ခန်းကျင်းယွမ်ကို နှစ်ဖက်ညှပ်ကာ တိုက်ခိုက်လိုက်၏။

ဂဠုန်နဂါးလှံရှည် ၊ ‌ရေခဲချပ်ဝတ်နှင့် ရွှေရောင်ငှက်မွှေးလှံရှည် __ အထွတ်ထိပ်မှော်ဝင်ပစ္စည်း (၃)မျိုးက တစ်ပြိုင်တည်း လှုပ်ရှားလိုက်သည်။

ခန်းကျင်းယွမ်မှာ တန်ပြန်တိုက်ခိုက်နိုင်ခြင်းမ ရှိတော့ဘဲ သူ့ကိုယ်သူခုခံကာကွယ်ရန် နက်ရှိုင်းကြေးမုံချပ်ဝတ်ကိုသာ အားကိုးနိုင်တော့သည်။

သို့သော် တန်ခိုးစွမ်းအားမြင့်မားလှသော အသေင်္ချနဂါးနန်းတော်ထဲသို့ စုပ်ယူခံလိုက်ရသည့်အခါ ခန်းကျင်းယွမ်အနေဖြင့် ခုခံကာကွယ်နိုင်စွမ်း မရှိတော့ပေ။

ခန်းကျင်းယွမ်ကိုဖမ်းမိသည်နှင့် နန်းတော်တံခါးကြီး ဂျိမ်းခနဲ ပိတ်သွားပြီး ပင်လယ်ထဲသို့ နစ်မြုပ်သွားသည်။ နဂါးများ သဲလွန်စမရှိ ပင်လယ်ထဲသို့ ဝင်ရောက်သွားသည့်အလားပင် ဖြစ်သည်။

နန်းတော်အတွင်းတွင်တော့ နဂါးချီစီးကြောင်းများစွာက အလင်းနဂါးများအဖြစ် ပြောင်းလဲသွားပြီး ခန်းကျင်းယွမ်နှင့် နက်ရှိုင်းကြေးမုံချပ်ဝတ်ကို အတူတကွ ချုပ်နှောင်ထား၏။

ခန်းကျင်းယွမ် အသည်းအသန် ရုန်းကန်‌နေသော်လည်း မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား ၊ ရန်ကျောက်ကဲနှင့်အတူ သူတို့၏ အထွတ်ထိပ်မှော်ဝင်ပစ္စည်း (၃) ခုက တစ်ပြိုင်နက်တည်းပင် သူ့ကို မလှုပ်ရှားနိုင်အောင် တွန်းအားပေးလိုက်သည်။

ရန်ကျောက်ကဲက ပြုံးရင်း...

“မင်းကို ထောင်ချောက်ဆင်တော့ ဘာဖြစ်သေးလဲ”

ခန်းကျင်းယွမ် သွေးအန်လုမတတ် ဒေါသထွက်သွားသည်။

“ဒီသခင်လေးကို မင်း ဘယ်လောက်ကြာကြာဖမ်းထားနိုင်မလဲ ကြည့်ချင်သေးတယ် ၊ ငါ့မှာ နက်ရှိုင်းကြေးမုံချပ်ဝတ်ရှိလို့ မင်း ငါ့ကို ဖိနှိပ်ထားနိုင်ရုံပဲတတ်နိုင်မယ် ၊ ငါ့ရဲ့ ဆံချည်တစ်မျှင်ကိုတောင် အန္တရယ်ပေးလို့ရမှာ မဟုတ်ဘူး”

ရန်ကျောက်ကဲက ခေါင်းညိတ်ရင်း...

“အလယ်ဆင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းတစ်ခုရဲ့ စွမ်းအားကို မင်း ဘယ်လိုကြောင့် အပြည့်အဝ ထုတ်ဖော်နိုင်သလဲ ငါ မသိပေမယ့်... ဒီပစ္စည်းရဲ့ ခံစစ်စွမ်းအားကတော့ တကယ့်ကို ထူးထူးခြားခြားပါပဲ”

“ပြီးတော့ ငါထင်တာမမှားဘူးဆိုရင်... ဒီ အထွတ်ထိပ်မှော်ဝင်ပစ္စည်းက မင်းရဲ့ပစ္စည်းမဟုတ်ဘူး ၊ သူ့ရဲ့ မူလပိုင်ရှင်က ဒီပစ္စည်းကိုရှာဖွေဖို့ နည်းလမ်းရှိနိုင်တယ်ဆိုတော့... ငါတို့ဆီကို ရောက်လာနိုင်တယ်”

ခန်းကျင်းယွမ်က အေးစက်စွာပြုံးရင်း....

“မင်းသေချာပေါက် သေရမယ်လို့ ဒီသခင်လေး ပြောခဲ့ပြီးသားပဲလေ”

“ဟားဟား…”

ရန်ကျောက်ကဲ ရယ်မောရင်း သူ့ကို အေးဆေးစွာပင် ကြည့်လိုက်သည်။

“မလောပါနဲ့... အခု မင်းကို နေရာကောင်းလေးတစ်ခုဆီ ခေါ်သွားမယ်”ခန်းကျင်းယွမ်က...

“ဘာလဲ ... မော်လူကျွန်းက မြောက်ပင်လယ်ဓားခန်းမကိုသွားမလို့လား ၊ ဆုတောင်းလေ... အဲဒီနေရာကို တာ့ရွှမ်တိုင်းပြည်ကလူတွေ ဝိုင်းထားတာကြာလှပြီ”

ရန်ကျောက်ကဲက ရယ်မောရင်း...

“သိပ်မဝေးပါဘူးလေ ၊ မင်းတို့ တာ့ရွှမ်တိုင်းပြည်က ဒီ မြောက်ပင်လယ်ထဲမှာ ကောင်းတဲ့ကိစ္စလေးနည်းနည်းပါးပါး လုပ်ထားတယ်မလား ၊ အဲဒါက အခု ငါတို့ရောက်နေတဲ့ မျှော်စင်နယ်မြေအောက်ပိုင်းမှာ ပြုလုပ်ထားတာပဲ”

ထိုစကားကိုကြားတော့ ခန်းကျင်းယွမ် ချက်ချင်းပင် မျက်နှာပျက်သွားလေ၏။

All Chapters