← Chapters

ကြီးမားသောစွမ်းအားကို သိမ်မွေ့စွာပြောင်းလဲခြင်း

Vol. 46 Ch. 652

ကြီးမားသောစွမ်းအားကို သိမ်မွေ့စွာပြောင်းလဲခြင်း

Vol. 46 Ch. 652

အခန်း (၆၅၂) ကြီးမားသောစွမ်းအားကို သိမ်မွေ့စွာပြောင်းလဲခြင်း

အသင်္ချေနဂါးနန်းတော်ကို ထိန်းချုပ်ရင်း နက်ရှိုင်းသောပင်လယ်ထဲတွင် သွားလာလျှက် ရန်ကျောက်ကဲ လျှင်မြန်စွာပင် မျှော်စင်ဒေသသို့ ရောက်လာသည်။

ဤနေရာရှိ မြေပြင်သွေးကြောများမှ ဝိညာဉ်စွမ်းအားစီးဆင်းမှုအတက်အကျများကို အာရုံခံရင်း ရန်ကျောက်ကဲက သူ၏ အစီအစဉ်လမ်းကြောင်းကို အချိန်အတန်ကြာ စဉ်းစားနေသည်။

အလယ်ဆင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းဖြစ်သော “နက်ရှိုင်းကြေးမုံချပ်ဝတ်” ၏ မူရင်းပိုင်ရှင်သည် သူတို့အုပ်စုကို အချိန်မရွေးရှာတွေ့သွားနိုင်သည်။ ထို့ကြောင့် ရန်ကျောက်ကဲအနေဖြင့် အချိန်မဆွဲရဲပေ။

ခန်းကျင်းယွမ်က ဒေါသတကြီးဖြင့်..

“မင်း ဘယ်သူ့ကို အရူးလုပ်နေတာလဲ ၊ ဒီသခင်လေးရဲ့ နက်ရှိုင်းကြေးမုံချပ်ဝတ်ကိုချိုးဖျက်ဖို့ ကောင်းကင်မီးတောက်မိုးကြိုးကပ်ဘေးအစီအရင်ကို အသုံးပြုချင်တာလား ၊ ကောင်းကင်မီးတောက်နဲ့ မိုးကြိုးသံကြောင့် မင်းတောင် လောင်မီးကျပြီး မြန်မြန် အသက်ပျောက်သွားဦးမယ်”

“နတ်ဘုရားသိမြင်ခြင်းအဆင့်” သိုင်းသူတော်စင်များကို နတ်ဘုရားသိုင်းသူတော်စင်များဟု လူသိများသည်။ ထိုသို့သော ကျင့်ကြံသူများသည်ပင် နက်ရှိုင်းကြေးမုံချပ်ဝတ်ရှိနေသည့်တိုင် ကောင်းကင်မီးတောက်မိုးကြိုးကပ်ဘေးအစီအရင်၏ ထိုးနှက်ခံရပါက လွတ်မြောက်နိုင်မည် မဟုတ်ပေ။

ရန်ကျောက်ကဲက ရယ်မောလိုက်ပြီး ခန်းကျင်းယွမ်ကို အရေးမစိုက်တော့ပေ။

အသင်္ချေနဂါးနန်းတော်က ပင်လယ်နက်ရှိုင်းရာသို့ ဆင်းသက်လာသည်။ ရန်ကျောက်ကဲက ခန်းကျင်းယွမ်ကို မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားနှင့်အတူ နှိမ်နင်းပြီးနောက် နန်းတော်အတွင်းမှထွက်လာသည်။ ခဏမျှ စဉ်းစားပြီးနောက် ပင်လယ်ကြမ်းပြင်ဆီသို့ ဓားတစ်လက်ဖြင့် ထိုးစိုက်ချလိုက်၏။

ဓားက ရေအောက်ကျောက်တန်းများကို ထိုးဖောက်ဝင်ရောက်သွားပြီး သွေးနီရောင်အလင်းတန်းများ မှိန်ပျပျ ထွက်ပေါ်လာသည်။

သေသေချာချာကြည့်လိုက်တော့ ထိုကြက်သွေးရောင်အလင်းတန်းများတွင် ပူလောင်သောစွမ်းအားများရှိနေသည့်တိုင် အစွန်းရောက်ရှစ်ပါးကမ္ဘာမှ မြေအောက်ချော်ရည်များနှင့် မတူညီကြောင်း ရန်ကျောက်ကဲ သိလိုက်သည်။

ထိုအရာများက ချော်ရည်နှင့်ဆင်တူသော်လည်း တကယ့်ချော်ရည်အစစ်အမှန်များ မဟုတ်ပေ။

အထက်ဘုံကမ္ဘာမှ မြေပြင်ဝန်းကျင်အနေအထားသည် အစွန်းရောက်ရှစ်ပါးကမ္ဘာ ၊ သမုဒ္ဒရာကမ္ဘာတို့နှင့်မတူညီပေ။ ကောင်းကင်နက္ခတ်များနှင့် ကောင်းကင်အရောင်ကွာခြားသည်သာမက မြေပြင်သွေးကြောများ၏ ဝိညာဉ်စွမ်းအားပုံစံများမှာလည်း ကွဲပြားသည်။

ရေခဲချပ်ဝတ် ဝတ်ဆင်ထားသော ရန်ကျောက်ကဲ၏ ကြယ်တာရာချီစွမ်းအားအနှစ်သာရက ပရမ်းပတာအခြေအနေမှ အေးခဲခြင်းသို့ ပြောင်းလဲသွားသည်။

သူက ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာလှည့်ပတ်လိုက်ပြီး အမှောင်လရိပ်ဆေးလုံးကျမ်း၏ အအေးဓာတ်စွမ်းအား ၊ ရေခဲချပ်ဝတ်မှ ရေခဲပမာအေးစိမ့်မှုနှင့် ထာဝရညမိုးကြိုး၏ အမှောင်ထုနှင့် အထီးကျန်မှုတို့ကို ပုံဖော်လိုက်ပြီး အမျိုးမျိုးသော အအေးဓာတ်နှင့် အဆိုးသဘောအယူအဆများ ထင်ရှားပေါ်လွင်လာစေသည်။

ထို့နောက် ရန်ကျောက်ကဲက ပြင်းထန်ပြီးတောက်လောင်နေသော နတ်မီးတောက်ကျမ်းစာနှင့် မီးတောက်မိုးကြိုးကဲ့သို့ တန်ခိုးစွမ်းအားများကိုလည်း ထုတ်ဖော်ခဲ့သည်။

ထို့နောက် သူက စက်ဝန်းသံသရာကောင်းကင်ကျမ်းစာ ၊ ယင်နှင့်ယန် ၊ အပူနှင့်အအေးပြောင်းပြန်လည်ပတ်စေပြီး နတ်မီးတောက်ကျမ်းစာ၏ ပူလောင်ပြင်းပြခြင်းအား ရေခဲပမာ အေးစက်သောရောင်ဝါအဖြစ် တစ်ခဏအတွင်း အေးခဲသွားစေသည်။

ဒြပ်စင်ငါးပါးဖန်ဆင်းခြင်းမိုးကြိုးပညာမှ မီးတောက်ပုံစံ မီးတောက်မိုးကြိုးနှင့် ရေပုံစံဖြစ်သော ရေပုံရိပ်မိုးကြိုးတို့ လည်ပတ်လျှက် ရှိ၏။

လက်ရှိတွင် ရန်ကျောက်ကဲက မီးတောက်မိုးကြိုးများကို ဆက်တိုက်လောင်ကျွမ်းနေစေသည့်တိုင် ရေပုံရိပ်မိုးကြိုး၏အသွင်အပြင်ကလည်း ကပ်လျှက် လိုက်ပါလာသည်

ထို့နောက် အအေးလွန်ကဲသော စွမ်းအားအမျိုးမျိုးကို ပကတိမီးသွေးကြောထက်တွင် အတူတကွ သက်ရောက်စေလိုက်သည်။

ရန်ကျောက်ကဲက အတွင်းပိုင်းအပြောင်းအလဲများကို ခွဲခြမ်းစိတ်ဖြာပြီးသည့်နောက် အနည်းအကျဉ်းကိုင်တွယ်ကာ သိပ်အကြာကြီးမနေဘဲ နေရာမှ ထွက်ခွာသွားသည်။

တည်နေရာမပြောင်းလဲခင် အနေအထားကိုခန့်မှန်းပြီး အခြားနေရာများတွင်လည်း အလားတူလုပ်ဆောင်ချက်များ ပြုလုပ်ခဲ့သည်။ ပကတိမီးသွေးကြော တည်ရှိသောနေရာများစွာတွင် တူညီသောနည်းလမ်းများအတိုင်း လျှို့ဝှက်စွာ လုပ်ဆောင်ခဲ့သည်။

အသင်္ချေနဂါးနန်းတော်ထဲတွင် အားဟူက စူးစမ်းစိတ်ဖြင့် မေးလိုက်သည်။

“သခင်လေး... ဒါက ကောင်းကင်မီးတောက်မိုးကြိုးကပ်ဘေးအစီအရင်ကို ချိုးဖျက်ဖို့ လုံလောက်ပါ့မလား”

ရန်ကျောက်ကဲက ပြုံးရင်း...

“ကောင်းကင်မီးတောက်မိုးကြိုးကပ်ဘေးအစီအရင်က တုနှိုင်းမရအောင် အစွမ်းထက်တဲ့ အစီအရင်တစ်ခုပါ ၊ အဲဒီအစီအရင် စွမ်းအားအပြည့်ထွက်ပေါ်လာရင် သိုင်းသူတော်စင် ဆဋ္ဌမအဆင့်တွေတောင်မှ တခြားအစွမ်းထက် အစီအရင်တွေမပါရှိဘဲ အသက်ရှင်ဖို့ မဖြစ်နိုင်ဘူး”

“ငါက ဒီအစီအရင်ရဲ့ အခြေခံအုတ်မြစ်ကိုနားလည်ပေမယ့် ကျင့်ကြံခြင်းအဆင့်နည်းပါးနေတော့ အဲဒါကို ဖြတ်ကျော်ဖို့ မလုံလောက်ဘူး ၊ ဒီတော့ တန်ခိုးစွမ်းအားအသုံးမပြုနိုင်တော့ ပရိယာယ်အသုံးပြုရတာပေါ့”

ရန်ကျောက်ကဲက လက်ဖျောက်တစ်ချက်တီးရင်း...

“သာမန်အခြေအနေဆိုရင်တော့ ဒီလောက်မလွယ်ဘူး ၊ အနည်းဆုံးတော့ သက်ရောက်မှုတွေ ချက်ချင်းကြီး မြန်မြန်ဆန်ဆန် တွေ့ရမှာ မဟုတ်ဘူး ၊ ဒါပေမဲ့ သူတို့ အစီအရင်တည်ဆောက်တာက ဒီနေရာက မြေပြင်သွေးကြောတွေရဲ့ ဝိညာဉ်စွမ်းအားတွေကို အတိုင်းအတာတစ်ခုအထိ ထိခိုက်စေလို့ လွယ်ကူသွားတာ”

“ဒါပေမဲ့ သူတို့က ယွဲ့ပေါင်ချီကြောင့် အစီအရင်ကို အသက်မသွင်းသေးဘဲ နှောင့်နှေးနေတော့ ငါတို့အတွက် အခွင့်အရေး ရလာတာပေါ့”

“လေးအောင်စလောက်က ကျင်းတစ်ထောင်ကို ပြောင်းလဲစေတယ်ဆိုတဲ့ ရှေးဆိုရိုးရှိတယ်လေ ၊ တကယ်တော့ လေးအောင်စလောက်က ကျင်းတစ်ထောင်ကို မပြောင်းလဲနိုင်ပေမယ့် ဘယ်နေရာက စပြီး ပြောင်းလဲရမလဲဆိုတာသိရင်တော့ အဆင်ပြေပါတယ်”

အားဟူက ခေါင်းကုတ်ရင်း...

“ဒါပေမဲ့ သခင်လေးရဲ့ လုပ်ရပ်ကတော့ လေးအောင်စနဲ့ ကျင်းတစ်ထောင်ကို ပြောင်းလဲသွားစေတာပဲ မဟုတ်လား”

ရန်ကျောက်ကဲက လက်သုံးချောင်းထောင်လိုက်ပြီး...

“သုံး.. နှစ်.. တစ်...”

သူ့ရေတွက်ခြင်းအဆုံးသတ်သွားသည်နှင့် မျှော်စင်နယ်မြေ မြောက်ပိုင်းပင်လယ်ရေအောက်တစ်ခွင် ပြင်းထန်စွာလှုပ်ခါလာသည်။

ပကတိမီးသွေးကြောများတုန်ခါသွားကာ မြေအောက်မီးတောက်များအ ဆက်မပြတ် ထွက်ပေါ်လာသည်။

တောက်လောင်နေသော သွေးနီရောင်ချော်ရည်များ ကမ္ဘာမြေကြီးအပြင်ဘက်သို့ ဖောက်ထွက်လာပြီး ပင်လယ်ရေပြင်ကိုပင် တောက်လောင်နေသော မီးတောက်အဖြစ် ပြောင်းလဲသွားစေသည်။

ကြီးမားသော မီးတောက်မီးလျှံ တိုင်လုံးကြီးတစ်ခုက ပင်လယ်ရေမျက်နှာပြင်ထက်မှ ဘဝဂ်ထိတိုင် မြင့်မားစွာ လွင့်ပျံသွားသည်။

အားဟူ အံ့အားသင့်သွားပြီး...

“အဲဒီလိုမျိုးလား...”

ရန်ကျောက်ကဲက ရယ်မောရင်း...

“ဒါ အစပဲ ရှိသေးတယ်”

ထို့နောက် မီးတောက်မီးလျှံတိုင်လုံးကြီး (၉)ခု ထွက်ပေါ်လာပြီး မျှော်စင်ဒေသ မြောက်ပိုင်းတစ်ခုလုံးသို့  လွင့်ပျံသွားကာ ထူးဆန်းသော အစီအရင်တစ်ခု ဖြစ်တည်လာသည်။

တုန်ခါနေသော မြေပြင်သွေးကြေများ၏ ဝိညာဉ်စွမ်းအားအပြောင်းအလဲများကြောင့် မျှော်စင်နယ်မြေ တောင်ပိုင်းတွင်ရှိသော ကြီးမားသော ကျွန်းတစ်ကျွန်းဖြစ်သည့် ‘ယန်ဟွာ’ ကျွန်းသည်လည်း ရုတ်တရက် တုန်ခါလာသည်။

ထိုကျွန်းထက်တွင် အစိမ်းရောင်အလင်းတန်းများ ရုတ်တရက် လင်းထိန်တောက်ပသွားပြီး ပတ်ဝန်းကျင်တစ်ခုလုံးသို့ ဖုံးဖိမရဘဲ လင်းထိန်သွားစေသည်။

တာ့ရွှမ်တိုင်းပြည်မှ များပြားလှစွာသော သိုင်းကျင့်ကြံသူများ ကောင်းကင်ထက်သို့ ပျံသန်းသွားကြပြီး မြင်ကွင်းကို တုန်လှုပ်စွာ ကြည့်လိုက်ကြသည်။

“အမြန်ရပ်ကြစမ်း... မင်းကြီးက အစီအရင်ကို အသက်သွင်းဖို့ အမိန့်မပေးသေးဘူး”

အစိမ်းရောင်လွှမ်းခြုံထားသော ငွေရောင်တောက်ပနေသည့် အစီအရင်တစ်ခုမှ အေးစက်သောအလင်းတန်းများနှင့် အေးစိမ့်ချီစွမ်းအားများထွက်ပေါ်လာပြီး ကောင်းကင်ထက်သို့ မြင့်တက်သွားသည်။

ကျွန်းပေါ်တွင်ရှိနေသော အဖြူရောင်ဝတ် ကျင့်ကြံသူတေစ်ယောက်က မြောက်ပိုင်းသို့ ရုတ်တရက် လှည့်ကြည့်ရင်း...

“အဲဒီ အစီအရင်လမ်းကြောင်းမှာ မူမမှန်တာတွေ ဖြစ်နေတယ် ၊ ယန်ချီတွေ အရှိန်အဟုန်ပြင်းထန်လာပြီး မြေပြင်သွေးကြောတွေက မီးတောက်တွေ ထွက်လာတယ် ၊ အဲဒီဖြစ်ရပ်က အစစ်အမှန် ယင်ချီသစ်သားအစီအရင်ကို အသက်သွင်းလိုက်တာ ဖြစ်ရမယ်”

သူ့ဘေးမှ တစ်စုံတစ်ယောက်က တုန်တုန်ယင်ယင်ဖြင့်...

“ကောင်းကင်မီးတောက်မိုးကြိုးကပ်ဘေးအစီအရင်က ဒီလောက် ရှုတ်ထွေးတာ ၊ အစစ်အမှန် ယင်ချီသစ်သားအစီအရင်က တည်ငြိမ်ပြီး အဆင်သင့်ဖြစ်နေပြီ ၊ ဒီလို ရိုးရှင်းတဲ့ မြေအောက်မီးလောင်ကျွမ်းမှုက အစီအရင်ကို သက်ရောက်တယ်ဆိုတာ ဖြစ်နိုင်ပါ့မလား ၊ တကယ်ထိခိုက်တယ်ဆိုဦးတော့ အဲဒီမြေအောက်မီးကြောင့် မျှော်စင်နယ်မြေက ပင်လယ်ရေတွေ အငွေ့ပျံတာလောက်ပဲ ရှိမှာပေါ့”

“ပြီးတော့ သူပုန်တွေမှာ အစီအရင်ကို ပြုပြင်နိုင်တဲ့အရည်အချင်းရှိသူ တစ်ယောက်မှ မရှိဘူး ၊ ရှိရင်လည်း မင်းကြီးနဲ့ ကာကွယ်သူအရှင်သခင်တွေက သူတို့ကို ဒီလိုမျိုး ပြုလုပ်ခွင့် ပေးမှာမဟုတ်ဘူး”

အဖြူရောင်ဝတ်သိုင်းသမားက လေးလံသောလေသံဖြင့်...

“မဟုတ်ဘူး... တစ်ဖက်လူပြုလုပ်တဲ့ နည်းလမ်းတွေက ရှုတ်ထွေးတယ် ၊ တန်ခိုးစွမ်းအားအပေါ်မှာ အခြေခံထားတာ မဟုတ်ဘူး”

ထို့နောက် သူက ကောင်းကင်ထက်သို့ ပျံတက်သွားပြီး အချိန်ရေစီးကြောင်း ဓားအလင်းတန်းအဖြစ်သို့ ပြောင်းလဲသွားသည်။

ယန်ဟွာကျွန်းပေါ်ရှိ အစစ်အမှန် ယင်ချီသစ်သားအစီအရင် စတင်အသက်ဝင်လာခြင်းအား တာ့ရွှမ်တိုင်းပြည်မှ သိုင်းသမားများ အလွယ်တကူ ဖိနှိပ်နိုင်ခြင်း မရှိခဲ့ကြပေ။

အစိမ်းရောင်နှင့် ငွေရောင်အလင်းတန်းများ ပတ်ဝန်းကျင်သို့ ပျံ့နှံ့သွားကာ ကြီးမားခမ်းနားသော အစီအရင်ကြီး ဖြစ်တည်လာပြီး မျှော်စင်နယ်မြေတစ်ခုလုံးကို လွှမ်းခြုံသွားသော အစီအရင်များ ဖြစ်တည်လာသည်။ သို့သော် မျှော်စင်နယ်မြေ‌ မြောက်ပိုင်းမှာတော့ ရှေ့ဆက်သွားနိုင်ခြင်းမရှိဘဲ ကန့်သတ်ထားသည်။

တောက်ပသောအလင်းရောင်က ကောင်းကင်တစ်ခွင်လွှမ်းခြုံနေပြီး မျှော်စင်နယ်မြေအထက်တွင် မူလက ကြည်လင်သော ကောင်းကင်ပြင်သည် ရုတ်တရက် အနက်ရောင်တိမ်တိုက်များဖြင့် ပြည့်နက်သွားသည်။

အနက်‌ရောင်တိမ်တိုက်များထဲတွင် ပြင်းထန်သော မိုးကြိုးစွမ်းအားများ ကိန်းအောင်းနေပြီး မိုင်ပေါင်းသောင်းနှင့်ချီသော လမ်းကြောင်းအားလုံးကို လွှမ်းခြုံထားသည်။

မြင်ကွင်းက မျှော်စင်နယ်မြေတစ်ခုလုံး ကမ္ဘာအဆုံးသတ်နေ့ရက် ကျရောက်နေသည့်အလား ခံစားရစေ၏။

ထို့နောက်မှာတော့ အစိမ်းရောင်နှင့် ငွေရောင် ယင်ချီ၏ လမ်းညွှန်မှုဖြင့် အင်းသင်္ကေတတစ်ခုကျလာပြီး အနက်ရောင်တိမ်တိုက်များကြား ပြင်းထန်စွာတောက်လောင်နေသော မိုးကြိုးစွမ်းအားနှင့် ကောင်းကင်မီးတောက်များ ရုတ်ချည်း သက်ဆင်းလာသည်။

ကြောက်မက်ဖွယ်ရာ မိုးခြိမ်းသံနှင့် မီးတောက်များက ဗလာနယ်တစ်ခုလုံးသို့ ထိုးဖောက်ဝင်ရောက်ကာ မျှော်စင်နယ်မြေ မိုင်ထောင်ပေါင်းများစွာဝန်းကျင်ရှိ မိုးမြေတစ်ခွင်ကို မီးတောက်များ ၊ မိုးကြိုးသွားများအဖြစ် ပြောင်းလဲသွားစေသည်။

ခေါင်းမော့ကြည့်မည်ဆိုလျှင် မိုးကြိုးများ ၊ ကောင်းကင်မီးတောက်များနှင့် ဥက္ကာပျ့များအပြင် ဘာမှတွေ့မြင်ရမည် မဟုတ်ပေ။

အလုံးစုံလွှမ်းခြုံထားသော မိုးခြိမ်းသံနှင့် မီးတောက်များပေါင်းစည်းသွားပြီး အနီရောင်တစ်ဝက်၊ ခရမ်းရောင်တစ်ဝက် ထူထဲသော အလင်းတန်းတစ်ခုအဖြစ်သို့ ပေါင်းစပ်သွားသည်။

မီးတောက်အလင်းတန်းဟု ခေါ်ဆိုသော်လည်း မိုင် (၅၀) ခန့် ထူထပ်ကာ တုန်လှုပ်ချောက်ချားဖွယ်ရာ ကြီးစိုးမှုအား အလိုလိုနေရင်း ခံစားရစေသည်။

ထို မီးတောက်အလင်းတန်းက မီးတောက်မီးလျှံကမ္ဘာဖြစ်နေသော မြောက်ပိုင်း မျှော်စင်ဒေသဆီသို့ ဆင်းသက်လာသည်။

အားဟူက ပါးစပ်အ‌ဟောင်းသားဖြင့်...

“သခင်လေး... ဒါက...”

ရန်ကျောက်ကဲက ပျင်းကြောတစ်ချက်ဆန့်ရင်း...

"လေးလံတဲ့ အရာတစ်ခုကို ထမ်းဖို့ တိုင်တစ်တိုင်နဲ့မလုံလောက်ရင် နှစ်တိုင်သုံးရမှပေါ့ ၊ ဒါပေမဲ့ အဓိကသော့ချက်က အဲဒီတိုင်တွေကို ဘယ်နေရာမှာ အသုံးပြုမလဲဆိုတာပဲ”

All Chapters