← Chapters

ကျောက်စစ်သည်တော်ကြီး ရောက်ရှိလာခြင်း

Vol. 72 Ch. 999

ကျောက်စစ်သည်တော်ကြီး ရောက်ရှိလာခြင်း

Vol. 72 Ch. 999

ဤအခိုက်အတန့်တွင် ကြယ်တာရာကောင်းကင်၏ အပြင်ရှိ ရွေးချယ်ခံများမှာ တအံ့တဩ စိုက်ကြည့်နေကြသည်။ နဝမတောင်ပင်လယ်၏ ကျင့်ကြံသူများလည်း ဖန်ဝေ သေဆုံးသွားသော မြင်ကွင်းကြောင့် ကြက်သေသေနေကြသည်။

ရွေးချယ်ခံတစ်ဦး ကြွေလွင့်သွားခြင်း…

ထိုမျှသာမက မသေဆုံးခင် လုပ်ဆောင်သွားခဲ့သော သူ၏အပြုအမူများက လူတိုင်းကို စိတ်နှလုံးလှုပ်ရှားသွားစေသည်။ လူတိုင်းမှာ ရုတ်တရက် ဖန်ဝေနှင့် မခွဲခွာလိုစိတ်များ ဖြစ်ပေါ်လာကြ၏။

ဖန်ဝေ … ဖန်မျိုးနွယ်စု၏ ရွေးချယ်ခံ

ဖန်ဆိုသည်က သူ၏ဖန်မျိုးရိုး၊ ဝေကား ‘ကာကွယ်စောင့်ရှောက်ခြင်း’ ဆိုသော စာလုံးမှ လာသည်။

ပူဆွေးသောကနှင့် ညှို့မှိုင်းမှုတို့က ဖန်မျိုးနွယ်စုကို လွှမ်းခြုံနေသည်။ ရွေးချယ်ခံတစ်ဦး၏ သေဆုံးမှုက လူတိုင်းကို စိတ်နှလုံး တုန်လှုပ်သွားစေသည်။ လူအတော်များများမှာ သူတို့သာ ဖန်ဝေ၏ နေရာတွင် ဆိုပါက မည်သို့လုပ်မိလိမ့်မည်လဲ တွေးမိလာကြသည်။

“ဖန်ဝေ … ငါ ဒီနာမည်ကို သေတဲ့အထိ မှတ်မိနေမယ်”

“ဝေ … မှာ အဲ့ဒီအဓိပ္ပာယ် ရှိနေတာပဲ”

ရုန့်ရင်းဆန်ခတ် ပုန်ကန်မှုက ဖန်မျိုးနွယ်စုထဲတွင် ဆက်လက် ဖြစ်ပွားနေသည်။ တစ်စက္ကန့်တိုင်း မျိုးနွယ်ဝင်များစွာ သေဆုံးနေရပြီး ဘိုးဘေးစံအိမ်သည် သွေးတို့ဖြင့် စိုရွှဲညစ်ထေးနေတော့သည်။ သွေးညှီနံက အရပ်လေးမျက်နှာတွင် တထောင်းထောင်း ထနေ၏။

ဖန်ဝေ၏ သေဆုံးမှုက မျိုးနွယ်ဝင်များစွာကို ရုတ်တရက် လွန်စွာတိတ်ဆိတ်၍ ခါးသီးသွားစေသည်။ သို့သော် ယခုအချိန်မှာ ယူကျုံးမရ ကြေကွဲနေရမည့်အချိန်မဟုတ်သဖြင့် သူတို့မှာ ဆက်လက်တိုက်ခိုက်ကြရလေသည်။

ကြယ်တာရာကောင်းကင်ထက်တွင် ဖန်းတုံးအာနှင့် အခြားရွေးချယ်ခံများသည် တိတ်ဆိတ်စွာ ကြည့်နေကြ၏။ တစ်ယောက်မှ စိတ်လိုက်မာန်ပါလုပ်၍မဖြစ်ရာ တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေစဉ် သူတို့မှာ ရပ်သာကြည့်နေကြသည်။

ဖန်မျိုးနွယ်စု၏ မြေခေါင်းဆောင်ကြီးက ကျီမျိုးနွယ်စု၏ တာအိုနယ်ပယ်ပညာရှင်ငါးဦးအနက်မှ တစ်ယောက်ဖြစ်သော ကျီရှုံ့ဖန်ဖြင့် တိုက်ခိုက်နေသည်။ သူတို့၏တိုက်ပွဲကား အဆုံးစွန်အထိ ရင်သပ်ရှုမောဖွယ်ကောင်း၏။ အနှစ်သာရစွမ်းအားများ ထုတ်လွှတ်ခံနေရသည်နှင့်အမျှ တဖောင်းဖောင်း ပေါက်ကွဲသံများ ဟိန်းထွက်နေသည်။ ဤနှစ်ယောက်လုံးသည် အနှစ်သာရ (၁) ခု တာအိုသခင်များ ဖြစ်၍ သူတို့တိုက်ကွက်များက ကြယ်တာရာကောင်းကင်ကို တုန်ခါနေစေပြီး အရိုင်းဆန်သောအရောင်အဝါများ ပြိုးပြိုးပြက်ပြက် လက်နေစေ၏။

“ဖန်မျိုးနွယ်စုက ပျက်စီးဖို့ ကံပါပြီးသား” ကျီရှုံ့ဖန်က ညင်သာစွာ ပြောသည်။ “ဖန်ရှုတောက်၊ နင် ဒါကို နင့်နှလုံးသားထဲနေ သိကို သိရမယ်။ ပြန်တိုက်ခိုက်နေစရာ အကြောင်းမရှိဘူး။ အဲဒီကလေးဖန်ဝေမှာ ချီးကျူးထိုက်တဲ့အားမာန်ရှိပေမယ့် ကံဆိုးစွာနဲ့ … မှားယွင်းတဲ့ မျိုးနွယ်စုမှာ မွေးဖွားလာခဲ့တယ်”

“ဪ ဟုတ်သလား” ဖန်ရှုတောက်က ပေါ့ပေါ့ပါးပါး လေသံဖြင့် ပြန်ဖြေသည်။ သူက လက်ကို ဝှေ့ယမ်းလိုက်ကာ ကြယ်မြစ်တစ်စင်းအား ပေါ်လာစေသည်။ မျက်စိတစ်မှိတ်အတွင်း နှစ်ယောက်အကြား၌ တိုက်ကွယ်ပေါင်းထောင်ချီ ဖလှယ်ပြီးသွားလေပြီ။ ကြယ်တာရာများ တုန်ခါနေပြီး အကာအကွယ်ပင်လျှင် ယိမ်းခါလာသည်။

“တာအိုဆရာအစည်းအရုံးသုံးခု လာမှာ မဟုတ်ဘူး” ကျီရှုံ့ဖန်က ရယ်ရင်း ပြောသည်။ “ဖန်မျိုးနွယ်စုဟာ အင်အားကြီးမားတဲ့ပုံဖမ်းတာ တော်ကောင်းတော်ခဲ့ပေမယ့်… နင်တို့မျိုးနွယ်စုမှာ လျှို့ဝှက်တာအိုနယ်ပယ်ပညာရှင်တွေ မရှိဘူးဆိုတာ ကျီမျိုးနွယ်စု သိထားတာ ကြာပြီ။ နင်ကပဲ … တစ်ယောက်တည်းသော တာအိုနယ်ပယ်ကျင့်ကြံသူလေ

“နင်မှာ ကံတရားကို ပြောင်းပြန်လှန်ပေးနိုင်မယ့် ဘယ်အရာများ ရှိနေလို့လဲ” ကျီရှုံ့ဖန်၏ အသတ်အဖြတ်စိတ်ဆန္ဒသည် သက်ဝင်လှုပ်ရှားနေ၏။ သူတို့နှစ်ယောက်အကြား၌ ပေါက်ကွဲသံများ ပဲ့တင်ထပ်နေသည်။

“မင်း အဲ့ဒီလောက်သေချာနေရင်လည်း ဘာလို့ငါ့ကို စကားအစ်နေသေးလဲ” ဖန်ရှုတောက် မထူးခြားသလို ပြန်ဖြေသည်။ ကျီရှုံ့ဖန်မှာ မျက်မှောင်ကြုတ်သွား၏။ တကယ်တော့ … သူမမှာ အတပ်မပြောနိုင်ပေ။ ဤသည်က ဖန်မျိုးနွယ်စု မဟုတ်ပါလော။

တစ်ချိန်တုန်းက သူတို့သည် ကျီမျိုးနွယ်စုနည်းတူ ဂုဏ်သရေကျော်ကြားခဲ့ပြီး သခင်လီ၏လက်အောက်၌ တည်ရှိသော မဟာတိုက်ပွဲဝင်မျိုးနွယ်စုကြီးနှစ်စုဖြစ်ခဲ့သည်။

အထူးသဖြင့် ဖန်ရှုတောက်သည် အရှေ့အောင်ပွဲဂြိုဟ်ပေါ်၌ ဖန်မျိုးနွယ်စု သွေးချောင်းစီးနေသည့်တိုင့် မမှု၍ပင်။ သူ တည်ငြိမ်နေသော အချက်က ကျီရှုံ့ဖန်ကို အတန်ငယ် ရတက်မအေး ဖြစ်လာစေသည်။

“သူ့မှာ သေချာပေါက် ဝှက်ဖဲတွေ ရှိလိမ့်မယ်။ ဒါပေမဲ့ ဘာတွေလဲ…”

ထိုစည် ဖန်ဟဲ့ရှန်းသည် အသက်မဲ့နေသော ဖန်ဝေကို ငူငူငိုင်ငိုင်ကြီး စိုက်ကြည့်ရင်း အရှေ့အောင်ပွဲဂြိုဟ်၏ ဝေဟင်ထက်တွင် ပျံဝဲနေ၏။ ဘိုးဘေးစံအိမ်အောက်တွင် သတ္တမခေါင်းဆောင်ကြီးနှင့် အသည်းအသန် တိုက်ခိုက်နေသော ဆဋ္ဌမခေါင်းဆောင်ကြီးက သွေးတစ်ပွက် အန်လိုက်သည်။

မန်ဟိုက ဖန်ဝေ၏အလောင်းကို ငုံ့ကြည့်ကာ တိတ်ဆိတ်နေသည်။ သူ့မှာ သူ၏နိဗ္ဗာနသစ်သီးများကို ပြန်လိုက်ရသည့်အပေါ် စိတ်လှုပ်မရှားမိပေ။ သူက သက်ပြင်းချလိုက်ရင်း ဖန်ဝေ၏အလောင်းထံသို့ လျှောက်သွားပြီး ၎င်းဘေးတွင် ဒူးထောက်လိုက်သည်။ ထို့နောက် ဖန်ဝေ၏ရင်ဘတ်အပေါ် လက်တင်၍ အသာအယာ ဖိချလိုက်သည်။ ဖန်ဝေ၏အလောင်းက မန်ဟို့သိုလှောင်အိတ်ထဲသို့ ဝင်ရောက်ပျောက်ကွယ်သွား၏။ မန်ဟိုသည် မျိုးနွယ်စုထဲရှိ ဖရိုဖရဲအခြေအနေများကြောင့် အလောင်းအား ပျက်စီးမသွားစေလိုပေ။ နောင်ကျမှ ကောင်းမွန်စွာ မြေမြှုပ်သဂြိုဟ်ပေးပြီး ၎င်းက ကြီးကျယ်ခမ်းနားသော ဈာပနပွဲဖြစ်စေရမည်။

မန်ဟိုသည် ရပ်ရင်း တွေးနေသည်။

“ပထမတုန်းက ငါ အရှေ့အောင်ပွဲဂြိုဟ်ကို မလာချင်ခဲ့ဘူး …. အင်မော်တယ်ရှေးဟောင်းတာအိုဆရာအဖွဲ့ကိုပဲ တန်းသွားချင်ခဲ့တာ။ ဒါပေမယ့် အဖေက နိဗ္ဗာနသစ်သီးတွေ ယူစေချင်လို့ ဒီနေရာကို လွှတ်လိုက်တယ်”

သူသည် သူ ပြန်ရောက်ကတည်းက ဖြစ်ပျက်ခဲ့သမျှအရာအားလုံးကို ပြန်တွေးလိုက်ပြီး ရုတ်တရက် အတွေးတစ်ခု သူ၏စိတ်ထဲတွင် ပေါ်လာသည်။

“အဲဒီလိုဆိုရင် မျိုးနွယ်စုထဲမှာ ပုန်ကန်မှုဖြစ်ပွားမှာကို …. အဖေ သိနေခဲ့တာများလား”

မန်ဟို ရပ်တွေးနေစဉ် ဖန်ဟဲ့ရှန်းထံမှ လာနေသော စူးစူးဝါးဝါးရယ်သံကြီးအား ကြားလိုက်ရသည်။

“ဖန်ဟို မင်း ဘာလုပ်နေတာလဲ။ ဝေအာကို အခုချက်ချင်း ပြန်ပေးစမ်း”

မန်ဟိုက ဖန်ဟဲ့ရှန်းကို လှည့်ကြည့်ပြီးနောက် ပြောသည်။

“ဖန်ဝေက ကျုပ်ရဲ့ညီ။ ကျုပ်ညီလေးက မျိုးနွယ်စုကို သစ္စာမဖောက်ခဲ့တဲ့အတွက် သူ့အလောင်းက ပစ်ထားရမယ့်အလောင်းမဟုတ်ဘူး။ ဖန်ဟဲ့ရှန်း ခင်ဗျား ဒီလမ်းကနေ ပြန်လှည့်လိုက်ပါ”

“ပြန်လှည့်လို့မရတော့ဘူး။ ရှုံ့ရှန်း ဝေအာ …. ငါ ပြန်လှည့်လို့မရတော့ဘူး” ဖန်ဟဲ့ရှန်းသည် မျက်လုံးများ နီရဲလျက် ဆံပင်များ ဖွာလန်ကြဲနေသည်။ သူ့မှာ ရူးသွားပုံရပြီး မန်ဟို့ကို စိုက်ကြည့်နေစဉ် သူ၏အသတ်အဖြတ်စိတ်ဆန္ဒတို့ ဆူပွက်လာသည်။

“မင်း ခွေးမသား။ မင်းက ရှုံ့ရှန်းကို သတ်ပြီး ဝေအာကိုလည်း သတ်လိုက်တယ်။ ဘာကြောင့် မင်း အသက်ရှင်သေးတာလဲ။ ဘာ့ကြောင့် မင်းလို့ခွေးကောင်က အသက်ရှင်နေသေးတာလဲ” ဖန်ဟဲ့ရှန်းက ခေါင်းနောက်လှန်၍ ခါးသီးစွာ ရယ်လိုက်သည်။ သူ၏ကျင့်ကြံခြင်းအခြေခံသည် ပေါက်ကွဲထွက်လာ၏။ မူလက သူ့တွင် ဝိညာဉ်မီးအိမ်သုံးလုံးငြှိမ်းထားသော စွမ်းအားရှိခဲ့သော်လည်း ယခုတွင် အတိုင်းထက်အလွန် အမျက်ထွက်နေသဖြင့် ရုတ်တရက် သေခြင်းလှိုင်းဂယက်များ သူ့ထံမှ ဖြာထွက်လာသည်။

သူသည် သူ၏ဝိညာဉ်မီးအိမ်သုံးလုံးအား ထပ်ငြှိမ်းရန် အသက်စွမ်းအားများကို လောင်ကျွမ်းပစ်ရင်း အားကုန်ထုတ်လိုက်၏။

ဤအခိုက်အတန့်တွင် သူသည် ခြောက်လုံးငြိမ်းဝိညာဉ်မီးအိမ်များ၏ အဖျက်အစီးစွမ်းအားမီးတို့ဖြင့် တောက်လောင်နေကာ မိုးနှင့်မြေအား တုန်ခါနေစေတော့သည်။ မဟာအကြီးအကဲက ဝင်တားတော့မည့်အချိန် ဖန်ဟဲ့ရှန်းက အင်္ကျီလက်စကို ခါ၍ သူ့အား တွန်းထုတ်လိုက်သည်။

“ဖန်ဟို သေပေတော့” ဖန်ဟဲ့ရှန်းက အသတ်အဖြတ်စိတ်ဆန္ဒအပြည့်ဖြင့် မန်ဟို့ထံ ပြေးဝင်သွားသော အလင်းတန်းတစ်တန်းအသွင်ပြောင်းရင်း ကြိမ်းဝါးလိုက်သည်။

သူ့အနောက်တွင် ဖန်ဝေ၏သွေးဆက်မှ အကြီးအကဲသုံးဦးပေါ်လာကာ ဖန်ဟဲ့ရှန်းနှင့်အတူ ပေါင်းရင်း မန်ဟို့ထံသို့ သေစေနိုင်သော တိုက်ကွက်တစ်ကွက်အား ပစ်လွှတ်လိုက်သည်။

ဦးလေးဆယ့်ကိုးနှင့် တိုက်ရိုက်သွေးဆက်များမှာ သူတို့ကို တားချင်သော်လည်း တစ်ယောက်မှ မတားနိုင်ကြပေ။

“ဟိုအာ” ဦးလေးဆယ့်ကိုးက အလောသုံးဆယ် လှမ်းအော်သည်။

ဤအခိုက်အတန့်တွင် ပထမမျိုးဆက်ခေါင်းဆာင်ကြီး၏ နိဗ္ဗာနသစ်သီးက မန်ဟို၏နဖူးမှ ထွက်လာသည်။ သူ့အရှိန်အဝါနှင့် ကျင့်ကြံခြင်းအခြေခံသည် အင်မော်တယ်ဧကရာဇ်အဆင့်မှ မူလနယ်ပယ်သို့ ပြန်ရောက်သွား၏။

သို့သော် သူသည် သူ အဆက်မပြတ် ခေါ်နေခဲ့သော တစ်စုံတစ်ခုကို အာရုံရလိုက်သဖြင့် သူ့အမူအရာမှာ တည်ငြိမ်နေသည်။

ကျောက်စစ်သည်တော်ကြီး၏အရှိန်အဝါ …. လာနေလေပြီ။

တရစပ်ဆင့်ခေါ်နေပြီးနောက်တွင် ဘိုးဘေးမြေသည် လှိုင်းဂယက်များကို ထုတ်လွှတ်စပြုလာ၏။ သူက ဖန်ဟဲ့ရှန်းကို တည်ငြိမ်စွာ ကြည့်လိုက်ပြီး သူ၏မျက်လုံးများက သွေးအေးအေး တောက်ပသွားသည်။

သူက တစ်လက်မလေးပင် မလှုပ်ပေ။ သည်အတိုင်း လှမ်းကြည့်နေသည်။

ဖန်ဟဲ့ရှန်းသည် မီတာ (၃၀၀) ပင် မကွာတော့သည့်တိုင်အောင် နီးသထက် နီးကပ်လာ၏။ ငြှိမ်းထားသော မီးအိမ်ခြောက်လုံး၏ စွမ်းအားက ပေါက်ကွဲထွက်လာသည်။ ၎င်းက ကြောက်ခမန်းလိလိ အသတ်အဖြတ်အရှိန်အဝါအား ထုတ်လွှတ်နေသော ဧရာမရွှေ‌ရောင်ကြာပွင့်ကြီးအသွင်ပြောင်းသွားသည်။ ဤသည်မှာ မည်သည့်အင်မော်တယ်ကိုဆို အရှင်းသုတ်သပ်ပစ်နိုင်ပုံပေါ်သော ရွှေ‌ရောင်ကြာပွင့်တစ်ပွင့်ဖြစ်သည်။

မီးအိမ်လေးလုံးနှင့် လေးလုံးအောက် ငြှိမ်းထားသော ရှေးဟောင်းနယ်ပယ်ကျင့်ကြံသူများပင်လျှင် ၎င်းကြောင့် ဇီဝိန်ချုပ်သွားနိုင်၏။

ဧရာမရွှေ‌ရောင်ကြာပွင့်ကြီးက မန်ဟို့အား ဝုန်းခနဲ ဝင်တိုက်လိုက်သည်…

မန်ဟိုက တုပ်တုပ်မှမလှုပ်ပေ။ သူသည် အေးအေးဆေးဆေးသာ ဆက်ကြည့်နေ၏။ ဤအခိုက်အတန့်တွင် ရုတ်တရက် သူ့အရှေ့တည့်တည့်မှ အက်ကွဲသံများ ကြားလိုက်ရပြီး အရာအားလုံး တုန်ခါစပြုလာသည်။ ဧရာမအကွဲကြောင်းကြီးတစ်ကြောင်းသည် မန်ဟို့အရှေ့တည့်တည့်ရှိ လေထုထဲတွင် ပွင့်ထွက်လာ၏။

တစ်ယောက်ယောက်က မမြင်ရသောဓားကြီးတစ်လက်အား လွှဲခုတ်ရင်း လေထုအား ပိုင်းခြမ်းကာ ဧရာမအကွဲကြောင်းကြီးတစ်ကြောင်းအား ဖန်တီးလိုက်သည့်အလားပင်။ အကွဲကြောင်း ပေါ်လာသောအခိုက်အတန့်တွင် ဖန်မျိုးနွယ်စုဘိုးဘေးမြေအား လှစ်ခနဲ မြင်လိုက်ရသည်။

ထို့နောက် ရှေးဆန်းသော မဟာဓားကြီးတစ်ဖက်က အသံမထွက်ပဲ အကွဲကြောင်းထဲမှ ပေါ်လာသည်။ ၎င်းက ကောင်းကင်နှင့်မြေကြီးကို ဖြိုခွင်းပစ်နိုင်သည့်အလား ပိုင်းချလိုက်သည်။ အကန့်အသတ်မရှိသောအလင်းရောင်တို့က ဓားမှ ဖြာထွက်လာသည်။

အလင်းသည် လာနေသော ရွှေ‌ရောင်ကြာပွင့်ကြီးကို နှစ်ပိုင်းပိုင်းရင်း လက်ခနဲ ဖြတ်ကျော်သွားသည်။ ကြာပွင့်ကြီးမှာ ချက်ချင်း ပြိုကွဲသွားပြီးနောက် အလင်းက ဖန်ဟဲ့ရှန်းထံသို့ ဆက်လက်ရွေ့လျားသွားသည်။

ဖန်ဟဲ့ရှန်း၏ မီးငြိမ်းဝိညာဉ်မီးအိမ်ခြောက်လုံးမှာ ပြင်းပြင်းထန်ထန် တုန်ခါသွားပြီး သူ၏နတ်ဘုရားစွမ်းရည်များနှင့် တာအိုမှော်သိုင်းကွက်များနှင့်အတူ ပျက်စီးကြေမွစပြုလာသည်။ အလင်းသည် ဖန်ဟဲ့ရှန်းကို ဖြတ်ကျော်ပြီးနောက် ရှေးဟောင်းနယ်ပယ်အကြီးအကဲသုံးဦးပေါ် ကျဆင်းသွားသည်။

သူတို့၏မီးအိမ်များ ကြေမွသွားပြီး သူတို့မှာ လေလယ်တွင် ချုပ်နှောင်ခံလိုက်ရလေပြီ။ သူတို့၏မျက်လုံးများမှာ အံ့ဩမယုံနိုင်မှုတို့ဖြင့် တောက်ပနေသည်။ သူတို့ ငုံ့ကြည့်လိုက်သည့်အချိန်မှာပင်….

အရာအားလုံး ပြီးဆုံးသွား၏။

အလင်းက ကောင်းကင်ထက်သို့ ထိုးတက်သွားပြီး ပျောက်ကွယ်သွားသောအခါ ခေါင်းပြတ်သုံးခေါင်း လေပေါ် ပျံထွက်သွားပြီး ခေါင်းမပါသော အလောင်းကြီးသုံးလောင်းက မြေကြီးအပေါ် ဘုတ်ခနဲ ကျလာသည်။

စစ်မြေပြင်တစ်ခုလုံး သုဿန်တစပြင်ပမာ တိတ်ဆိတ်သွားသည်။

ဖန်ဟဲ့ရှန်း၏အနောက်ရှိ အကြီးအကဲသုံးဦးလုံး သေဆုံးသွားလေပြီ။

ဝိညာဉ်များ ဇီဝိန်ချုပ်သွားခြင်း။ သုတ်သင်ခံလိုက်ရခြင်း။

ဓားတစ်ချက်က …. ရှေးဟောင်းနယ်ပယ်ပညာရှင်သုံးဦးကို သတ်လိုက်သည်။

ဖန်ဟဲ့ရှန်းမှာမူ သူ့လည်ပင်းတွင် သွေးစို့နေသောအကြောင်းတစ်ကြောင်း ရှိသည်။ သို့ဆိုလျှင် ရှေးဟောင်းနယ်ပယ်ပညာရှင်သုံးယောက်မဟုတ်ဘဲ လေးယောက် အသတ်ခံလိုက်ရခြင်းဖြစ်သည်။

ဖန်ဟဲ့ရှန်းက ခေါင်းပြတ်ထွက်မသွားအောင် ထိန်းထားရင်း အသက်ကို ဆွဲဆန့်ထားလေသည်။ သူက အကွဲကြောင်းအား မျှော်လင့်ချက်မဲ့နေသောအမူအရာ၊ မယုံနိုင်သောမျက်ဝန်းများဖြင့် ကြည့်နေသည်…..

ယခုလေးတင် ဖြစ်ပျက်သွားခဲ့သောအရာက မိုးနှင့်မြေကို တုန်ခါသွားစေပြီး နဝမတောင်ပင်လယ်၏ကျင့်ကြံသူအားလုံးကို လုံးလုံးလျားလျား တုန်လှုပ်သွားစေခဲ့သည်။

သစ္စာဖောက်သူများနှင့် သစ္စာရှိသူများအားလုံး သူတို့ကို ခိုက်ခိုက်တုန်လာစေသည့် အေးစိမ့်စိမ့် အရှိန်အဝါကို ခံစားလိုက်ရသည်။ သူတို့သည် မန်ဟိုနှင့် ယခုလေးတင် ပေါ်လာခဲ့သော အကွဲကြောင်းကြီးအပြင် ရှေးဟောင်းဓားကို လှမ်းကြည့်လိုက်၏။

တဖြေးဖြေး ထိုအကွဲကြောင်းထဲမှ မီတာ (၃၀၀၀) အမြင့်အရိပ်ကြီးတစ်ခု ထွက်လာသည်။

ဒုန်း ဒုန်း ဒုန်း

၎င်း၏ ခြေလှမ်းများက လူတိုင်းကို ရင်ဒိန်းဒိန်းခုန်လာစေသည်။ အရိပ်ကြီးအား မြင်လိုက်ရသောအခါ ဖန်မျိုးနွယ်စုထဲရှိ လူတိုင်း အလန့်တကြား မအော်မိဘဲ မနေနိုင်တော့ပေ။

“အဲ့ဒါ … အဲ့ဒါ….”

“ဘိုးဘေးမြေရဲ့ တာအိုစောင့်ရှောက်သူကြီးပဲ။ ရုပ်…ရုပ်တုကြီးမဟုတ်ဘူးလား။ ဘယ်လိုလုပ် လှုပ်ရှားနိုင်တာလဲ”

“တာအိုစောင့်ရှောက်သူ … မလှုပ်မယှက်နေနေခဲ့တာ နှစ်ပေါင်းများစွာကြာခဲ့ပြီ။ ဒဏ္ဍာရီတွေအရ အာကာသထဲကနေ ဒီကို ပျံသန်းလာခဲ့တာတဲ့။ တစ်ယောက်ယောက်ကို စောင့်နေတာလို့လည်း ပြောတယ်။ အခု တကယ်ကြီး လှုပ်ရှားနေတာပဲ”

“ပုန်ကန်မှုကြောင့်များလား” မျိုးနွယ်ဝင်အားလုံး အံ့အားသင့်နေကြသည်။ ကျင့်ကြံသူအားလုံး ချာချာလည်နေကြသည်။ သူတို့မှာ ဖြစ်ပျက်နေသောအရာအားလုံးနှင့်ပတ်သက်၍ ယုံကိုမယုံနိုင်တော့ပေ။

တစ်ဆက်တည်းမှာပင် တစ်ဝက်တစ်ပျက်တာအိုပါရာဂွန်တစ်ဦး၏ အရှိန်အဝါက ကျောက်စစ်သည်တော်ကြီးထံမှ ရုတ်တရက် ဖြာထွက်လာသည်။

အရှိန်အဝါဖြာထွက်လာသည်နှင့်အမျှ အရာအားလုံး တုန်ခါလာပြီး အဆုံးမဲ့သော ထစ်ချုန်းသံများ ကြားလိုက်ရသည်။ ဖန်မျိုးနွယ်ဝင်အားလုံး ရင်ခုန်သံများဗြောင်းဆန်လာသည်ကို ခံစားလိုက်ကြရ၏။

ရှေးဟောင်းနယ်ပယ်ရှိ လူတိုင်းကို သိမ်းကျုံးရှင်းလင်းပစ်နိုင်ပုံပေါ်သော လှိုင်းများ ရိုက်ခတ်လာသည်။ ယင်းကား …. တစ်ဝက်တစ်ပျက်တာအိုပါရာဂွန်တစ်ဦး၏ အမျက်ဒေါသပင်။

ကြယ်တာရာကောင်းကင်ထက်တွင် ဖန်မျိုးနွယ်မြေခေါင်းဆောင်ကြီးနှင့် အကြိတ်အနယ် ချနေဆဲဖြစ်သော ကျီရှုံ့ဖန်သည် ဖြစ်ပျက်နေသောအရာကို ခံစားလိုက်ရပြီး မျက်လုံးများ ပြူးကျယ်သွား၏။

“ဆိုတော့ အဲ့ဒါ နင်တို့ရဲ့ ဝှက်ဖဲပေါ့” သူမက ပြောသည်။ “တစ်ဝက်တစ်ပျက်တာအိုနယ်ပယ် ပါရာဂွန်တစ်ဦးက ဖန်မျိုးနွယ်စုရဲ့ သေရေးရှင်ရေးကို ဖြေရှင်းပေးနိုင်မယ်ထင်လား”

ကျီရှုံ့ဖန် စကားပြောနေသည့်အချိန်တွင် မြေခေါင်းဆောင်ကြီးမှာ တိတ်တဆိတ် အံ့ဩနေသည်။ ဤအဖြစ်အပျက်က သူ လုံးဝ မထင်မှတ်ထားသောအရာပင်။

“ဖန်မျိုးနွယ်စုရဲ့ အရင်းအမြစ်တွေက မင်းလို လူတစ်ယောက် တွေးကြည့်ဖို့အတွက် နက်နဲလွန်းတယ်” သူက ပြောသည်။ “တာအိုစောင့်ရှောက်သူဆိုတာ ငါ…”

သူက စကားပြောရင်းတန်းလန်း ရှိနေသေးစဉ် ရုတ်တရက် ရပ်သွားသည်။ အရှေ့အောင်ပွဲဂြိုဟ်ကို လှမ်းကြည့်နေသော သူ၏မျက်လုံးများ ပြူးကျယ်သွား၏။ ကျီရှုံ့ဖန်လည်း ထိုနည်းတူ အံ့ဩမှင်သက်နေလေသည်။

သူတို့မြင်လိုက်သောအရာမှာ … တာအိုစောင့်ရှောက်သူကြီး အရှေ့အောင်ပွဲဂြိုဟ်ပေါ် ခြေချလိုက်သည်ကိုပင်။ တစ်ဝက်တစ်ပျက်တာအိုပါရာဂွန် အရှိန်အဝါ လိမ့်ထွက်လာစဉ် တာအိုစောင့်ရှောက်သူက ရုတ်တရက် … ဒူးတစ်ဖက်ထောက်၍ ခေါင်းငုံ့ကာ မန်ဟို့အာ နှုတ်ဆက်လိုက်လေသည်။

လူတိုင်း ပျာယာခတ်သွားသည်။

“ဒါ … ဒါ ….”

“တာအိုစောင့်ရှောက်သူက မန်ဟို့ကို ဒူးထောက်နေတာလား”

“ကံကြွေးက ဘယ်လိုလုပ် ဒီလိုဖြစ်ပေါ်နိုင်မှာတုန်း။ ဘာတွေ ဖြစ်နေတာလဲဟ”

“တာအိုစောင့်ရှောက်သူကတောင် သူ့ကို ကာကွယ်ပေးတော့မှာလား…” ဖန်ဟဲ့ရှန်း၏ပါးစပ်မှ သွေးများ စီးကျလာပြီး သူက ခါးသီးစွာ တဟားဟား ရယ်တော့သည်။ ထို့နောက် သူ့လည်ပင်းမှ သွေးများ ပန်းထွက်လာပြီး သူ့ခေါင်းက ခန္ဓာကိုယ်မှ ပြုတ်ထွက်သွား၏။ သူ့ခေါင်းပြတ်အလောင်းကြီးက မြေကြီးပေါ် ဘုတ်ခနဲ ပြုတ်ကျကာ သေဆုံးသွားတော့သည်။

***

All Chapters