ဖန်မျိုးနွယ်စု၏ ဒုတိယမြောက် တာအိုနယ်ပယ်ပညာရှင်
Vol. 72 Ch. 1000
ကျောက်စစ်သည်တော်ကြီး ပေါ်ပေါက်လာခြင်းကြောင့် လူတိုင်း အံ့ဩမဆုံးဖြစ်နေကြသည့်အချိန်မှာပင် ၎င်းက ခေါင်းမော့၍ မန်ဟို့ကို ကြည့်လိုက်သည်။ မန်ဟို၏နတ်ဘုရားစိတ်ဆန္ဒကို အာရုံံရလိုက်သည့်အလား ၎င်းသည် ၎င်း၏မဟာဓားကြီးကို ဝင့်၍ ဘိုးဘေးစံအိမ်ထဲ၌ စတင်သတ်ဖြတ်တော့၏။
ဤအခိုက်အတန့်တွင် သစ္စာဖောက်မျိုးနွယ်ဝင်များမှာ စိတ်ပိုင်းဆိုင်ရာ ပြိုလဲကုန်ကြပြီး အကြောက်တရားတို့ ပေါက်ဖွားလာသည်ကို ခံစားလိုက်ကြရသည်။ တစ်ဝက်တစ်ပျက်တာအိုပါရာဂွန်၏ ကြောက်မက်ဖွယ်ရာ အရှိန်အဝါသည် မည်သည့်ရှေးဟောင်းနယ်ပယ်ပညာရှင်ကိုမဆို အလွယ်တကူ သုတ်သင်နိုင်ပေသည်။
ကျောက်စစ်သည်တော်ကြီးကို တန်ပြန်တိုက်ခိုက်ရန် နည်းလမ်းမရှိလျှင် ပုန်ကန်မှုကား ချက်ချင်း ပျက်ပြားရလိမ့်မည်။
အင်အားကြီးမားသော ပညာရှင်တစ်ဦးသည် ခွန်းအားတစ်ခုတည်းဖြင့် မည်သည့်အကြံအစည်၊ မည်သည့်လှည့်ကွက်ကိုမဆို နင်းချေနိုင်၏။
ကျောက်စစ်သည်တော်ကြီး ဆက်လက်တိုက်ခိုက်နေသည်နှင့်အမျှ ထစ်ချုန်းသံကြီးများ လေတွင် ပြည့်နှက်နေသည်။ ဖန်မျိုးနွယ်စု၏ သစ္စာရှိမျိုးနွယ်ဝင်များမှာ အတိုင်းထက်အလွန်စိတ်လှုပ်ရှားနေကြပြီး သစ္စာဖောက်များမှာတော့ ခေါင်းနပန်းကြီးစွာဖြင့် နောက်ဆုတ်ရုံမှတစ်ပါး အခြားမရှိတော့ပေ။ ဤအခိုက်အတန့်တွင် တိုက်ပွဲသည် အလှည့်အပြောင်းအမှတ်တစ်ခုသို့ ရောက်ရှိသွားခဲ့လေပြီ။
နဝမတောင်ပင်လယ်၏ အမျိုးမျိုးသော ဂိုဏ်းများနှင့် မျိုးနွယ်စုများလည်း အံ့အားသင့်နေကြပြီး အတော်များများမှာ ကျောက်စစ်သည်တော်ကြီးက ဖန်မျိုးနွယ်စု၏ ဝှက်ဖဲဖြစ်လိမ့်မည်ဟု ကောက်ချက်ချထားကြသည်။
ကျောက်စစ်သည်တော်ကြီး ဘိုးဘေးမြေထဲတွင် ဝုန်းဒိုင်းကြဲ သတ်ဖြတ်ခြင်းစတင်သော အခိုက်အတန့်တွင် ကျီရှုံ့ဖန်က တခစ်ခစ် ရယ်ပြီး သက်ပြင်းခိုးချလိုက်သည်။ ဖန်မျိုးနွယ်စုတွင် သွေးချောင်းများ တသွင်သွင် စီးဆင်းနေသည့်တိုင် သူမမှာ စိတ်ထဲ တထင့်ထင့်ဖြစ်နေသေး၏။ ဖန်ရှုတောက် ဘာတွေးနေသလဲ မပြောနိုင်ခဲ့သဖြင့် သူမသည် သူတို့၏လျှို့ဝှက်ဝှက်ဖဲနှင့်ပတ်သက်၍ သတိရှိနေခဲ့ရသည်။
သို့သော် ယခုတွင် ဖန်မျိုးနွယ်စုက ထိုဝှက်ဖဲကို ကစားခဲ့ပြီဖြစ်၍ ကျီရှုံ့ဖန်ကား ယုံကြည်ချက်အပြည့်ရှိသွားတော့သည်။ သူမက တခစ်ခစ် ရယ်ရင်း နတ်ဘုရားစိတ်ဆန္ဒတစ်မျိုးအား ထုတ်လွှတ်လိုက်သည်။ ၎င်းက …. အပြင်ဘက်ကြယ်တာရာကောင်းကင်ရှိ ရွေးချယ်ခံများအနက်မှ သုံးယောက်၏မျက်နှာများကို ရိပ်ခနဲ ဖြစ်သွားစေသည်။
သူတို့မျက်နှာထားများ ပြောင်းလဲသွားသည့်အခိုက်အတန့်မှာပင် အကွဲကြောင်းများက သူတို့၏နဖူးတွင် ပေါ်လာသည်။ မျက်စိတစ်မှိတ်အတွင်း အဆိုပါအကွဲကြောင်းများက သူတို့၏မေးစေ့အထိ ဆင်းသွားပြီး ရင်ဘတ်ကို ဖြတ်သွားသည်။
ရှင်းရှင်းဆိုရလျှင် ဓားထက်ထက်တစ်လက်ဖြင့် သူတို့အား နှစ်ခြမ်းခြမ်းလိုက်သည့်အလားပင်။ သွေးများ လွင့်စင်ထွက်သွားစဉ် မရင်းနှီးသောကျင့်ကြံသူသုံးယောက်က သူတို့၏ကိုယ်ထဲမှ ရုတ်တရက် ထွက်လာကြ၏။
ထွက်လာလာချင်း သူတို့သည် မွေးကင်းစအရွယ်ထက်မကြီးသည့်တိုင် လျင်မြန်စွာ ကြီးထွားလာကြသည်။ သူတို့ကား မူလအရွယ်အစားသို့ ရုတ်ခြည်း ရောက်ရှိသွားပြီး မကြာမီ အဘိုးကြီးသုံးယောက်ဖြစ်ကြောင်း သိသာလာသည်။
သူတို့ ထွက်လာသည်နှင့်တစ်ပြိုင်နက် သူတို့၏စွမ်းအင်များ တဖွေးဖွေး လှုပ်လာပြီး သူတို့ကိုယ်ထဲ၌ လောင်ကျွမ်းစရာ အသက်မီးတောက်များများစားစား မကျန်တော့သည့်အလား အားကောင်းသော သေခြင်းအရှိန်အဝါက သူတို့ထံမှ တထောင်းထောင်း ထလာသည်။ ကြည့်ရသရွေ့ သူတို့၏သက်တမ်းကား ကုန်ခမ်းခါနီးဆဲဆဲ ဖြစ်သယောင်ပင်။
သို့သော် သူတို့ထုတ်လွှတ်နေသော အရှိန်အဝါများက သူတို့သည် လက်ဖျားခါလောက်အောင် အစွမ်းထက်ကြောင်း ညွှန်ပြနေသည်။ ကြယ်တာရာကောင်းကင်မှာ တုန်ခါနေပြီး အရာအားလုံးမှေးမှိန်သွားသည်။ အဘယ်ကြောင့်ဆိုသော် …. ဤလူများကား တစ်ဝက်တစ်ပျက်တာအိုပါရာဂွန်များ၏ အရှိန်အဝါကို ထုတ်လွှတ်နေ၍ပင်။
ဂျိန်းးးးးးးးးးးးး
သူတို့ထွက်လာကြသည့်အခါ ဖန်းတုံးအာနှင့် အခြားသူများမှာ ကြက်သေသေလျက် ကြည့်နေကြသည်။ သူတို့သည် ဖြစ်ပျက်နေသောအရာအားလုံးကို မျက်မြင်တွေ့နေရသဖြင့် ရင်တဒိန်းဒိန်း ခုန်နေတော့သည်။
အဘိုးကြီးသုံးဦးက အေးတိအေးစက် ပြုံးလိုက်ပြီး သူတို့၏မျက်လုံးထဲရှိ ရူးသွပ်နေမှုတို့က အထင်းသားပင်။ သူတို့သည် မိုးကောင်းကင်ကို ကိုင်လှုပ်နိုင်လောက်အောင် အင်အားကြီးမားသော အင်မော်တယ်နတ်မင်းကြီးသုံးပါးနှင့် တူ၏။ အဆုံးမဲ့သော လှိုင်းဂယက်များက ကြယ်စင်တာရာများအကြား ဖြာထွက်လာပြီး သူတို့ အရှေ့အောင်ပွဲဂြိုဟ်ထံ သွားနေကြစဉ် အရာအားလုံး တုန်ခါနေသည်။
သူတို့၏အမြန်နှုန်းမှာ ဖော်ပြမရနိုင်လောက်အောင် ဖြစ်ပြီး သူတို့သည် သူတို့တစ်ဘဝလုံး ချုပ်တည်းသိမ်းဆည်းထားခဲ့သမျှ အမှောင်ထုအားလုံးကို လွှတ်ပေးချင်နေသည်အလား အရာရာတိုင်းကို ဖျက်စီးရင်း ဒေါသအမျက်ထွက်နေကြပုံပေါ်သည်။
သူတို့သည် မည်သို့ပင် အသေဆိုးနှင့် သေရပါစေ၊ မာန်မာနအပြည့် ဂုဏ်ကျက်သရေအပြည့်ဖြင့် အစွမ်းကုန်ထုတ်လိုကြသည်။
နဝမတောင်ပင်လယ်၏ ဂိုဏ်းများနှင့် မျိုးနွယ်စုအားလုံးသည် လူသုံးယောက်ကို အထိတ်တလန့် ကြည့်ရင်း နှလုံးသားတို့ အေးစိမ့်လာသည်ကို ခံစားလိုက်ရ၏။
“ဆိုတော့ ကျီမျိုးနွယ်စုက ဒီလိုလုပ်နေတာကိုး …”
“တစ်ဝက်တစ်ပျက်တာအိုပါရာဂွန်သုံးဦး။ သူတို့မျိုးဆက်တွေက … ကျီမျိုးနွယ်စုလက်အောက်ကို ဝင်သွားခဲ့ကြတဲ့ ဂိုဏ်းတွေပဲ”
“ဝိုး … ကျီမျိုးနွယ်စုက ဖန်မျိုးနွယ်စုကို မြေလှန်ပစ်ဖို့ ဘယ်ကတည်းက ပြင်ဆင်ထားခဲ့တာတုန်း”
ကြယ်တာရာကောင်းကင်ထက်တွင် ဖန်ရှုတောက်လည်း ဖြစ်ပျက်နေသောအရာကို မြင်နေရ၏။ ဘယ်သူမှ အနှောင့်အယှက်မပေးနိုင်သော ထူးဆန်းသည့်အမူအရာတစ်ခုအား သူ့မျက်နှာအပေါ်၌ မြင်ရနိုင်သည်။ ကျီရှုံ့ဖန်မှာ ထိုအမူအရာကို မြင်လျှင် ရုတ်တရက် သူမ၏နှလုံးခုန်သံကိုသူမ ပြန်ကြားလိုက်သည်။
“မစိုးရိမ်ဘူးလား” သူမက မေးသည်။
“ဘာကြောင့် စိုးရိမ်ရမှာလဲ” သူက ပြန်ဖြေသည်။ ဖန်ရှုတောက်က အသာအယာပြုံးပြီးနောက် လက်ကို ဝှေ့ယမ်းရင်း နတ်ဘုရားစွမ်းရည်တစ်ခု ထုတ်လွှတ်လိုက်ကာ ကျီရှုံ့ဖန်နှင့် တိုက်ပွဲအား ပြန်စသည်။
“ရုပ်တုက သူ့ဝှက်ဖဲ မဟုတ်တာများလား” သူမသည် တအံ့တဩ တွေးလိုက်၏။ “ဖန်ရှုတောက်ရဲ့ ယုံကြည်ချက်တွေ ဘယ်ကလာတာလဲ။ သူက ဘာကြောင့် မတုန်လှုပ်တာလဲ” အသတ်အဖြတ်စိတ်ဆန္ဒက ကျီရှုံ့ဖန်၏ ဖီးနစ်မျက်ဝန်းများထဲတွင် တောက်ပနေသည်။ “ကဲပါလေ အဲ့ဒါက အရေးမကြီးဘူး။ ဖန်မျိုးနွယ်စုပျက်စီးသွားပြီးမှပဲ အဲ့အကြောင်း တွေးတော့မယ်”
တစ်ဝက်တစ်ပျက်တာအိုပါရာဂွန်သုံးဦးက မည်းမည်းမြင်ရာမှန်သမျှ သုတ်သင်ပစ်လိုစိတ်အပြည့်ဖြင့် အရှေ့အောင်ပွဲဂြိုဟ်ထံ ထိုးဆင်းလာနေသဖြင့် တဝုန်းဝုန်းပေါက်ကွဲသံများ လေထဲတွင် ပြည့်နှက်သွားသည်။ မိုးမှောင်ကျလာပြီး မြေငလျင်တို့ လှုပ်ခတ်ကာ မြစ်များ ပြောင်းပြန်စီးကုန်လေပြီ။
မြေပြင်ထက်မှကြည့်လျှင် ထိုသုံးယောက်သည် ရူးသွပ်နေသောအရှိန်အဝါကို ထုတ်လွှတ်နေသည့် ကြယ်တံခွန်ကြီးများနှင့်တူသည်။ သူတို့က ဖိအားလှိုင်းများအား ကြိုလွှတ်ရင်း ဖန်မျိုးနွယ်စုဘိုးဘေးစံအိမ်ရှိရာသို့ ဦးတည်လာနေသည်။ မြေကြီးများ တုန်ခါလာပြီး အဆောက်အဦးအမြောက်အမြား ပြိုကျကုန်သည်။ ဖုန်များမှာ လေထဲသို့ပင် မြောက်တက်မလာဝံ့ဘဲ ပြားပြားဝပ်နေကြ၏။
ဖန်မျိုးနွယ်ဝင်အကုန်လုံးက မျက်နှာအမူအရာအမျိုးမျိုးဖြင့် ကြည့်နေကြသည်။ အတော်များများမှာ ဖိအားဒဏ်ကို မခံနိုင်၍ သွေးအန်လိုက်ကြရသည်။
အဘိုးကြီးသုံးဦးက ကျောက်စစ်သည်တော်ကြီးနှင့် သစ္စာရှိဖန်မျိုးနွယ်ဝင်များဆီသို့ ဥက္ကာခဲများသဖွယ် ပြေးဝင်သွားသည်။ သစ္စာဖောက်များမှာ ချက်ချင်း မြူးထူးပျော်ရွှင်သွားကြပြီး ရက်ရက်စက်စက် သတ်ပွဲကြီးကား ဘိုးဘေးစံအိမ်ထဲတွင် ပြန်လည်စတင်လေ၏။
ကျောက်စစ်သည်တော်ကြီးက ခေါင်းမော့လိုက်ပြီးနောက် တစ်ချက်လေးပင် တုံ့ဆိုင်းမနေဘဲ ပျံတက်ပြီး ထိုးဆင်းလာနေသော အဘိုးကြီးသုံးယောက်ကို ဟန့်တားရန် ရှိရှိသမျှ စွမ်းအားအလုံးစုံထုတ်လိုက်သည်။
အရာအားလုံး မှိန်ပျလာပြီး နက္ခတ်တာရာများ တုန်ခါလာကာ လေပြင်းတစ်ချက် တိုက်ခတ်သွား၏။
မန်ဟိုမှာ ကျောက်စစ်သည်တော်ကြီး ပျံတက်သွားသည်ကို ကြည့်ရင်း စိတ်နှလုံးတုန်လှုပ်နေသည်။ အဘိုးကြီး သုံးယောက်၏ ကြမ်းကြုတ်ပြီး ရူးသွပ်နေသောအသွင်အပြင်ကိုလည်း သူ မြင်ရသည်။ သူတို့သည် ကျင့်ကြံသူများနှင့်မတူဘဲ သက်ရှိသတ္တဝါခပ်သိမ်းကို သုတ်သင်ချင်နေသော သားရဲအရိုင်းကောင်ကြီးများနှင့် တူနေသည်။
သူတို့ကား မိုးမြေအားလုံးနှင့် အံတုဖက်ပြိုင်ချင်နေသယောင်ပင်။
“ကျန်တဲ့သူတွေ ဆက်လက်ရှင်သန်နေနိုင်တဲ့အချိန်မှာ ငါတို့က ဘာကြောင့် စောစောစီးစီး သေရမှာလဲ။ သေရမယ်ဆိုမှတော့ ငါတို့နှင့်အတူ သေရွာပါခေါ်သွားနိုင်လေလေ၊ ပိုခမ်းနားလေလေ ဖြစ်လိမ့်မယ်”
“တစ်ဝက်တစ်ပျက်တာအိုပါရာဂွန်…” မန်ဟိုသည် အခြေအနေကို ချက်ချင်း နားလည်လိုက်၏။ တစ်ဝက်တစ်ပျက်တာအိုပညာရှင်များကို ပါရာဂွန်ဟု ခေါ်ကြခြင်းမှာ ကြောက်၍…. ထိုနယ်ပယ်ရှိ လူများမှာ သွက်သွက်ခါအောင် ရူးနေ၍ ဖြစ်သည်။
သူတို့သည် သေရတော့မည်လူများဖြစ်သည့်အတွက် ကြောက်လန့်ခြင်းမရှိပေ။ သူတို့နှလုံးသားထဲတွင် စုဝေးလာခဲ့သော အမိုက်မှောင်တို့ကား အချိန်မရွေး ပေါက်ကွဲသွားနိုင်၏။ တစ်ဦးတစ်ယောက်ချင်းစီသည် သက်ရှိသတ္တဝါအားလုံးကို ငိုကြွေးစေနိုင်သည်။
အဘိုးကြီးသုံးယောက် အေးစက်စက် ရယ်လိုက်ပြီး သူတို့စကားပြောနေစဉ် သူတို့၏အက်ကွဲကွဲအသံကြီးများသည် ရက်စက်ကြမ်းကြုတ်မှု၊ ရူးသွပ်မိုက်ကန်းမှုတို့ဖြင့် ပြည့်နေ၏။
“မလောက်လေးစား ရုပ်တုကများ၊ ဖယ်စမ်း”
“ဒီနေ့ ငါ သွေးရေချိုးမယ်။ ဖန်မျိုးနွယ်တစ်ယောက်မှ အသက်ရှင်လျက် မကျန်ခဲ့စေရဘူး။ အကုန်လုံး သေရမယ်”
“ဒီနေ့ကစပြီး နဝမတောင်ပင်လယ်မှာ ဖန်မျိုးနွယ်စုဆိုတာ ရှိတော့မှာ မဟုတ်ဘူး မျိုးနွယ်စုအသစ် ပေါ်ထွက်လာလိမ့်မယ်”
ကျောက်စစ်သည်တော်ကြီးက အစွမ်းထက်နတ်ဘုရားစွမ်းရည်များ ထုတ်လွှတ်ရင်း ပူးပေါင်းတိုက်ခိုက်လိုက်ကြသော အဘိုးကြီးသုံးယောက်ကို ဝင်တိုက်လိုက်သဖြင့် ပေါက်ကွဲသံများ ကြားလိုက်ရသည်။ နေ၊ လနှင့် ကောင်းကင်များသည် ကျောက်စစ်သည်တော်ကြီးကို ဝင်ဆောင့်ပစ်လိုက်သော အလင်းတန်းသုံးတန်အသွင်ပြောင်းရင်း ဖြစ်တည်လာကြ၏။
ကျောက်စစ်သည်တော်ကြီးက ဓားကြီးကို ဝှေ့ယမ်းရင်း လူသုံးယောက်အား အားကုန်တိုက်ခိုက်လိုက်သဖြင့် အလွန်တရာကျယ်လောင်သော ထစ်ချုန်းသံများအား ကြားလိုက်ရသည်။ ကျောက်စစ်သည်တော်ကြီးမှာ နောက်သို့ ဆုတ်ပြီးရင်း ဆုတ်နေရသည်။ အက်ကွဲသံများက ၎င်းထံမှ ပျံ့လွင့်လာပြီး တစ်ကိုယ်လုံး အက်ကွဲကြောင်းများ ပြည့်နေချေသည်။ သို့သော် ၎င်းသည် လာနေသော အဘိုးကြီးသုံးယောက်နှင့် ယှဉ်လျှင် အရှိန်လျော့နည်းနေသေး၏။
“ကျောက်စစ်သည်တော်ကြီး” မန်ဟိုက မျက်လုံးများ နီရဲနေလျက် အော်လိုက်သည်။ သူ့မွေးစားအဖေမှ နောက်ဆုံးချန်ထားခဲ့သော လက်ဆောင်အပေါ်တွင် အက်ကွဲကြောင်းတစ်ကြောင်းလေး မြင်တွေ့ရလျှင်ပင် သူ့နှလုံးသားမှာ နာကျင်ရသည်ဖြစ်ရာ အက်ကွဲကြောင်းပေါင်းများစွာက သူ့အတွင်းကလီစာများအား ဓားနှင့်ထိုးမွှေနေသကဲ့သို့ ခံစားရစေသည်။ ကံဆိုးစွာနှင့် ကျောက်စစ်သည်တော်ကြီးမှာ ၎င်း၏အင်အားတစ်ခုတည်းဖြင့် ရန်သူသုံးယောက်အား ပြန်မတိုက်ခိုက်နိုင်ပေ။ ထိုမျှသာမက မန်ဟို၏ကျင့်ကြံခြင်းအခြေခံက ဤအမျိုးဖြုတ်သတ်ပွဲကြီးတွင် မည်မည်ရရပြောင်းလဲသွားစေရန် မလုံလောက်ပေ။
ဖန်မျိုးနွယ်ဝင်များမှာ ဝမ်းနည်းပက်လက်ဖြစ်နေကြသည်။ တချို့က မချိတင်ကဲ အော်ဟစ်ရင်း မျိုးနွယ်စုကို ကာကွယ်ရန် မိမိကိုယ်ကို ဖောက်ခွဲပစ်ကြသည်။ တချို့မှာတော့ ဘာလုပ်၍ဘာကိုင်ရမှန်းမသိသဖြင့် တုန်ရီလျက်သာ ရပ်နေကြသည်။
ဤအတွေးအမျိုးမျိုး၊ စရိုက်အမျိုးမျိုးသည် ဤအခိုက်အတန့်၊ ဤဖန်မျိုးနွယ်စုတွင် ပေါ်ပေါက်နေလေ၏။
ရုတ်တရက် အေးစက်စက် နှာမှုတ်သံတစ်သံက ဘိုးဘေးစံအိမ်၏အပြင်ရှိ ဆေးဝါးတာအိုဌာနမှ ပဲ့တင်ထပ်လာသည်။ ထို့နောက် အံ့အားသင့်ဖွယ် အရှိန်အဝါတစ်ခုက ထိုနေရာမှပင် ပိုးမွှားတစ်အုပ်နှင့်အတူ ပေါက်ကွဲထွက်လာ၏။
၎င်းတို့က … ယူနီကွန်းအင်မော်တယ်များနှင့် ဖွဲ့စည်းထားသော အလင်းတန်းတစ်တန်းအသွင်ပြောင်းသွားသည်။
ယူနီကွန်းအင်မော်တယ်များ၏အလယ်တွင် မန်ဟို့ကို ပါးစပ်အဟောင်းဖြစ်သွားစေသော လူတစ်ယောက်ရှိသည်။
၎င်းကား … ဆေးလုံးအကြီးအကဲ ဖန်တယွမ်။
သူ၏ကျင့်ကြံခြင်းအခြေခံသည် ဖန်မျိုးနွယ်စု၏အောက်၍ တည်ရှိသော ခေါင်းဆောင်ကြီးခြောက်ဦးနှင့် ညီမျှသော စွမ်းအားဖြင့် ပေါက်ကွဲထွက်လာ၏။ ၎င်းက အနည်းဆုံး ဝိညာဉ်မီးအိမ်ဆယ်လုံး ငြှိမ်းထားသော စွမ်းအားပင်။ စစချင်း ၎င်းသည် တစ်ဝက်တစ်ပျက်တာအိုပါရာဂွန်များကို တုန်လှုပ်သွားနိုင်လောက်အောင်ပင် အင်အားကြီးမားပုံမပေါ်ပေ။ သို့သော် ယူနီကွန်းအင်မော်တယ်များ ပျံထွက်လာရင်း ပေါက်ကွဲကုန်ကြသည်။ ၎င်းတို့သည် ဖန်တယွမ်၏ကိုယ်ထဲ ကမူးရှူးထိုး ဝင်ရောက်သွားသော အလင်းတန်းများအသွင်ပြောင်းရင်း သူ၏ကျင့်ကြံခြင်းအခြေခံကို ကြောက်ခမန်းလိလိ တဟုန်ထိုး မြင့်တက်လာစေ၏။
မျက်စိတစ်မှိတ်အတွင်း ဖန်တယွမ်သည် တစ်ဝက်တစ်ပျက်တာအိုပါရာဂွန်တစ်ဦး၏ အရှိန်အဝါကို စတင် ထုတ်လွှတ်နေလေပြီ။
ဤသည်မှာ သူ၏ကျင့်ကြံခြင်းအခြေခံကို မြှင့်တင်ရန် စွမ်းအားကို ငှားယူနေခြင်းမဟုတ်။ ထိုအစား … ချုပ်တည်းထားမှုကို ဖြေလျော့နေခြင်းဖြစ်သည်။ မရေမတွက်နိုင်သော ယူနီကွန်းအင်မော်တယ်များမှာ တကယ်တမ်း သူ့ကျင့်ကြံခြင်းအခြေခံ၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ယခု သူ့ထံ ပြန်လာနေကြသည်။
ဖန်တယွမ်သည် လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက ရှေးဟောင်းနယ်ပယ်၏အထွတ်အထိပ်သို့ ရောက်ရှိခဲ့၏။ ကံဆိုးစွာနှင့် တာအိုနယ်ပယ်သို့ ဝင်ရောက်ရန် ကျရှုံးခဲ့ရာ တစ်ဝက်တစ်ပျက်တာအိုပါရာဂွန်တစ်ဦးသာ ဖြစ်ခဲ့ရသည်။ သို့သော် သူသည် ရူးမသွားဘဲ နောက်ဆုံးတွင် သူ့ကိုယ်ထဲ၌ စုဝေးလာခဲ့သော အမျက်ဒေါသတို့ကို ဖျောက်ဖျက်နိုင်ခဲ့၏။ သူက ယူနီကွန်းအင်မော်တယ်များ၏ ကိုယ်ထဲသို့ စွမ်းအားများအား ထည့်သွင်းရင်း သူ့ကျင့်ကြံခြင်းအခြေခံကို ကျဆင်းစေခဲ့သည်။ ထို့ကြောင့် သူသည် သူ၏အသက်စွမ်းအားကို ထိန်းသိမ်းပြီး ကုန်ခမ်းမသွားအောင် လုပ်နိုင်ခဲ့၏။
ထို့နောက် သူက တစ်ဝက်တစ်ပျက်တာအိုပါရာဂွန်တစ်ဦးဖြစ်သည့်တိုင် ဆေးလုံးတစ်မျိုးကို သန့်စင်ခြင်းမှတစ်ဆင့် တာအိုအသစ်တစ်ခုကို ရှာဖွေရန် မျှော်လင့်ရင်း ဆေးဝါးတာအိုတွင် စိတ်ရောကိုယ်ပါ မြှုပ်နှံထားခဲ့လေသည်။
ယခုတွင် တစ်ဝက်တစ်ပျက်တာအိုအဘိုးကြီးသုံးယောက်က တိုက်ခိုက်နေပြီဖြစ်ရာ ဖန်တယွမ်သည် မျိုးနွယ်စုအား ကာကွယ်ဖို့ စွမ်းအားတို့ကို ဖော်ထုတ်ရန် ရွေးချယ်လိုက်၏။ ဤအရာက သူ့ကို မြန်မြန်သေစေလျှင်တောင်မှ ယင်းက သူ၏ဆုံးဖြတ်ချက်ဖြစ်နေသေးသည်။
အလင်းတန်းတစ်တန်းသည် တစ်ဝက်တစ်ပျက်တာအိုပညာရှင်သုံးဦးအား အသည်းအသန် တိုက်ခိုက်နေသော ကျောက်စစ်သည်တော်ကြီးနှင့် ပူးပေါင်းရန် လေကို ခွင်းသွား၏။
ဖန်တယွမ်၏ ပေါ်ပေါက်လာမှုက အဘိုးကြီးသုံးယောက်ကို တအံ့တဩ စိုက်ကြည့်မိလိုက်စေသည်။ သို့သော် သူတို့သည် အလွန်အကျူး အံ့အားသင့်သွားပုံတော့မရပေ။ သူတို့က လက်ကို ဝှေ့ယမ်းလိုက်ကာ ပေါက်ကွဲသံများ ဆူညံသွားစေသည်။ ဤသို့ဖြင့် လူလေးယောက် ၊ ရုပ်တုတစ်ရုပ်သည် ကောင်းကင်ထက်တွင် အကြိတ်အနယ် တိုက်ခိုက်နေကြတော့၏။
ထိုစဉ် …
ဤအခိုက်အတန့်တွင် ရုတ်တရက် အလွန်အံ့အားသင့်ဖွယ် အရှိန်အဝါတစ်ခုက …. ဆေးနတ်ဂိုဏ်းမှာ လိမ့်ထွက်လာသည်။
အရှေ့အောင်ပွဲဂြိုဟ်ပေါ်တွင် ဖန်မျိုးနွယ်စုနှင့် တစ်ခါမှ အတိုက်အခံ မဖြစ်ဖူးသော အင်အားစုနောက်တစ်စုရှိသည်။ ယင်းကား …. ဆေးနတ်ဂိုဏ်းပင်။
ဇာတ်လမ်းရာဇဝင်များအရ ဆေးနတ်ဂိုဏ်း၏ ဂိုဏ်းချုပ်သည် ဖန်မျိုးနွယ်စုကို စွန့်ခွာ၍ ကိုယ်ပိုင်ကျောင်းတော်ကို တည်ထောင်ခဲ့ကာ နောက်ဆုံးတွင် ဆေးနတ်ဂိုဏ်းဟူ၍ ဖြစ်လာခဲ့၏။ အမှန်တွင် သူတို့က ဖန်မျိုးနွယ်စု၏ဆေးဖော်နည်းများကို အသုံးပြုကာ ဖန်မျိုးနွယ်စုပင် မဖော်စပ်နိုင်သော ဆေးလုံးများကို ဖော်စပ်နိုင်လေသည်။
တကယ်တမ်း ဖန်မျိုးနွယ်စုနှင့် ဆေးနတ်ဂိုဏ်းအကြားက ပတ်သတ်ခဲ့သော ဆက်ဆံရေးနှင့်ပတ်သက်၍ အရှေ့အောင်ပွဲဂြိုဟ်ပေါ်တွင် ပျံ့လွင့်နေသော ကောလဟလများစွာ ရှိသည်။
အရှိန်အဝါက ဖြာထွက်လာသည်နှင့်တစ်ပြိုင်နက် ကျင့်ကြံသူအားလုံးကို ဖိနှိပ်ရင်း အရှေ့အောင်ပွဲဂြိုဟ်တစ်ဂြိုဟ်လုံးကို ဖုံးလွှမ်းသွားသည်။ ဤအရှိန်အဝါသည် … ရှေးဟောင်းနယ်ပယ်လည်း မဟုတ်၊ တစ်ဝက်တစ်ပျက်တာအိုနယ်ပယ်လည်း မဟုတ်ဘဲ …. တာအိုနယ်ပယ်ဖြစ်သည်။
အရှိန်အဝါ၏ပေါ်ထွက်လာမှုကြောင့် တစ်ဝက်တစ်ပျက်တာအိုပညာရှင်သုံးဦး မျက်စိမျက်နှာပျက်သွားသည်။ ဆန့်ကျင်ဘက်တွင် ဖန်တယွမ်မှာ နည်းနည်းလေးမှ အံ့ဩမသွားဘဲ ဆက်လက်တိုက်ခိုက်နေသည်။
ဖန်မျိုးနွယ်စု၏ သစ္စာရှိမျိုးနွယ်ဝင်များအားလုံး စိတ်လှုပ်ရှားမှုများကြောင့် သွေးများဆူပွက်လာသည်ကို ခံစားလိုက်ရသည်။
တစ်ဖက်တွင်မူ သစ္စာဖောက်များမှာ ရင်တဒိန်းဒိန်း ခုန်လာကြသည်။ ဤကဲ့သို့ အခြေအနေပြောင်းလဲသွားခြင်းက သူတို့အား လုံးလုံးလျားလျား တုန်လှုပ်သွားစေလေသည်။
ကြည့်ရသရွေ့ လျှို့ဝှက်လက်နက်အားလုံးအား ထုတ်သုံးခဲ့ပြီးသွားပုံပေါ်သည်။
“ကျီမျိုးနွယ်စု ဒီတိုက်ပွဲပြီးပြီ” ရှေးဆန်သောအသံကြီးတစ်သံက ပြောသည်။ ၎င်းက မိုးခြိမ်းသံကြီးသဖွယ် အရာအားလုံးကို တုန်လှုပ်သွားစေရင်း ဆေးနတ်ဂိုဏ်းအတွင်းမှ ပဲ့တင်ထပ်လာသည်။
ဤသည်မှာ လွန်ခဲ့သောနှစ်ပေါင်းများစွာက ဂိုဏ်းကို စွန့်ခွာသွားခဲ့သော ခေါင်းဆောင်ကြီးဖြစ်သည်။ ရုတ်တရက် တည်ငြိမ်သောမျက်နှာထားဖြင့် သတ်လတ်ပိုင်းအရွယ်လူတစ်ယောက် ပေါ်လာသည်။ သူ လမ်းလျှောက်ထွက်လာသောအခါ သစ္စာဖောက်မျိုးနွယ်ဝင်အားလုံး သွေးအန်လျက် လွင့်ထွက်ကုန်ကြ၏။
***