← Chapters

ကျီမျိုးနွယ်စု၏ နောက်ဆုံး လျှို့ဝှက်လက်နက်

Vol. 72 Ch. 1001

ကျီမျိုးနွယ်စု၏ နောက်ဆုံး လျှို့ဝှက်လက်နက်

Vol. 72 Ch. 1001

နဝမတောင်ပင်လယ်၏ ဂိုဏ်းအမျိုးမျိုးနှင့် မျိုးနွယ်စုအသီးသီးတွင် အုတ်အော်သောင်းနင်း ဖြစ်နေကြသည်။ တာအိုနယ်ပယ်ခေါင်းဆောင်ကြီးများက မျက်လုံးများ တောက်ပလင်းလက်နေပြီး အရှေ့အောင်ပွဲဂြိုဟ်နှင့် ဆေးနတ်ဂိုဏ်းမှ ထွက်လာသော သက်လတ်ပိုင်းလူကို ကြည့်နေစဉ် သူတို့၏အမူအရာများသည် အတိုင်းထက်အလွန် ‌လေးနက်နေ၏။

“ဖန်ယန်ရှီ”

“အဲ့ဒါ ဖန်ယန်ရှီပဲ။ သူက ဖန်မျိုးနွယ်စုကို စွန့်ခွာပြီး ကိုယ်ပိုင်ဒဿနတွေကို စတင်ခဲ့တယ်။ သူက ဆေးနတ်ဂိုဏ်းကို တည်ထောင်ခဲ့တဲ့သူပဲ….”

“ဆိုတော့ သူက တာအိုနယ်ပယ်ကို ရောက်ရှိနေပြီပေါ့လေ။ ငါ မှတ်မိတုန်းက ရှေးဟောင်းနယ်ပယ်ကျင့်ကြံသူလေးပဲ ရှိသေးတာ…”

“ဖန်မျိုးနွယ်စုဆိုတာ ဒါပါလား။ သူတို့ရဲ့ အရင်းအမြစ်တွေက နက်နဲလွန်းတယ်။ ဆေးနတ်ဂိုဏ်းကို လူတိုင်း သိကြတာတောင်မှ သူတို့ဘယ်သူ့အပေါ် သစ္စာခံလဲဆိုတာ မီးရောင်အောက်က အရိပ်တစ်ခုလို အကုန်လုံး အမှတ်မထင် ဖြစ်သွားကြတယ်”

ကြယ်တာရာကောင်းကင်ထက်တွင် ဖန်ရှုတောက်၏မျက်နှာအပေါ်၌ ခပ်ရေးရေးအပြုံးတစ်စကို မြင်ရနိုင်ပြီး သူ၏မျက်ဝန်းများက လေးနက်သိမ်မွေ့နေသည်။ သူနှင့် တိုက်ခိုက်နေဆဲဖြစ်သော ကျီရှုံ့ဖန်မှာ ရုတ်တရက် မျက်လုံးများ ဝိုင်းစက်ပြူးကျယ်သွား၏။

“ဖန်ယန်ရှီ … ဒီတော့ သူက နင်တို့ရဲ့ ဝှက်ဖဲပေါ့လေ။ အဲဒီလိုတာအိုနယ်ပယ်ပညာရှင်တစ်ဦး ပေါ်လာတဲ့အထိ နင် ချုပ်တည်းထားနိုင်တာ မယုံနိုင်ဘူး…. နင်တို့မျိုးနွယ်တစ်ဝက်ကျော် သေသွားပြီးတဲ့အပြင် နင်က နင်မလှုပ်ရှားခင် ငါတို့ရဲ့လျှို့ဝှက်လက်နက် ထုတ်မှာကိုတောင် စောင့်နေခဲ့တယ်” သို့သော် ကျီရှုံ့ဖန်က ဖန်ရှုတောက်ကို ကြည့်ကာ ပြုံးသည်။

“နင်တို့အတွက် ကံဆိုးတာက” သူမက ပြောသည်။ “ကျီမျိုးနွယ်စု လှုပ်ရှားတဲ့အခါ ဘယ်တော့မှ မရှုံးဘူး။ အဲ့ဒါက နင်တို့ရဲ့ နောက်ဆုံးဝှက်ဖဲမဟုတ်လား” သူမက ပြုံးပြန်သည်။ ရေခဲတမျှ အေးစက်သသောအပြုံးဖြစ်သည်။ ထို့နောက် ရုတ်တရက် သူမမှာ ရင်လေးလာသည်ကို ခံစားလိုက်ရ၏။ အဘယ်ကြောင့်ဆိုသော် ဖန်ရှုတောက်က … အေးဆေးနေရုံတင်မကဘဲ သူမကို လေးနက်သောအကြည့်ဖြင့် ကြည့်နေ၍ပင်။

ထိုအကြည့်က ကျီရှုံ့ဖန်ကို နိုးနိုးကြားကြား ဖြစ်သွားစေသည်။

“နင် လှည့်စားနေတာပဲ” သူမက ကောက်ချက်ချလိုက်သည်။ အတွေးပေါင်းထောင်ချီက သူမခေါင်းထဲတွင် ဖြတ်ပြေးသွားသော်လည်း သူမမှာ သူတို့အစီအစဉ်တွင် မည်သည့်နေရာ၌ ဟာကွက်ရှိနေသလဲ မတွေးတတ်ပေ။ ဖန်မျိုးနွယ်စုတွင် ဝှက်ဖဲမရှိတော့ကြောင်း သေချာသဖြင့် သူမက အေးစက်စက် ရယ်ကာ ဖန်ရှုတောက်အား တစ်ဖန် တိုက်ခိုက်တော့သည်။

တဝုန်းဝုန်းပေါက်ကွဲသံများက ကြယ်တာရာကောင်းကင်ထဲတွင် ပဲ့တင်ထပ်နေပြီး အောက်ဘက်အရှေ့အောင်ပွဲဂြိုဟ်ပေါ်တွင် ဖန်မျိုးနွယ်ဝင်များမှာ အတိုင်းထက်အလွန် စိတ်လှုပ်ရှားနေကြသည်။ မန်ဟိုက အဝေးမှ ချဉ်းကပ်လာနေသော သက်လတ်ပိုင်းလူကို ကြည့်ပြီး တာအိုနယ်ပယ်အနှစ်သာရအခိုးအငွေ့များကို သိသိသာသာ အာရုံရလိုက်၏။

ကျီမျိုးနွယ်စုမှ အဘိုးကြီးသုံးယောက် မျက်စိမျက်နှာပျက်သွားကြသည်။ သူတို့သက်တမ်းမှာ လျင်မြန်စွာ ကုန်ခမ်းနေသော်လည်း နေထိုင်ရန် ဆယ်စုနှစ်များစွာ ကျန်သေးလေသည်။ ယခု သူတို့မှာ သူတို့ကို တဒင်္ဂအတွင်း အသက်နုတ်နိုင်သော တာအိုနယ်ပယ်ပညာရှင်တစ်ဦးနှင့် ရင်ဆိုင်ရပြီဖြစ်ရာ ခေါင်းနပန်းကြီးသွားပြီး ချက်ချင်း ဆုတ်ခွာကြတော့သည်။

သို့သော် ထိုအခိုက်အတန့်တွင် ဆေးနတ်ဂိုဏ်းမှ ဖန်ယန်ရှီက တဟားဟား ရယ်ရင်း ချဉ်းကပ်လာသည်။ သူသည် ညာလက်ကို ဝှေ့ယမ်းလိုက်ရာ ကြီးမားသောအားလှိုင်းတစ်လှိုင်းက ဆုတ်ခွာနေသောလူများအား လွှမ်းခြုံသွားသည်။

အနှစ်သာရစွမ်းအား ပေါက်ကွဲထွက်လာသဖြင့် အရာအားလုံး တုန်ခါသွားသည်။ လူသုံးယောက်က စူးစူးဝါးဝါး အော်လိုက်ရပြီး ပါးစပ်မှ သွေးများ ပန်းထွက်လျက် အမြန်ဆုံး နောက်ဆုတ်သွားကြ၏။ ဘိုးဘေးစံအိမ်ထဲရှိ သစ္စာဖောက်မျိုးနွယ်ဝင်များမှာမူ တုန်ရီလာကြပြီး ထိုနည်းတူ ဖရိုဖရဲ ထွက်ပြေးကုန်ကြသည်။

ဤအခြင်းအရာအားလုံးကား စောစောက အခြေအနေနှင့် တခြားစီပင်။ ပုန်ကန်မှုကား အဆုံးသတ်တော့မည့်ပုံရ၏။

သို့သော် အကြောင်းတစ်စုံတစ်ရာကြောင့် မန်ဟိုမှာ ရင်ခုန်သံတို့ မြန်ဆန်လာသည်ကို ခံစားနေရသည်။ အဆိုပါခံစားချက်အရ …. မျိုးနွယ်စု၏ ပုန်ကန်ထကြွမှုအား မှတ်တမ်းတင်လောက်အောင် ပြောင်းလဲသွားစေမည့် တစ်စုံတစ်ခု ဖြစ်ပျက်တော့မည့်အလားပင်။

ဤခံစားချက်က မထင်မှတ်ထားဖွယ်ကောင်းပြီး ပို၍သာ ကြီးထွားလာနေသည်။

လေလယ်တွင် တစ်ဝက်တစ်ပျက်တာအိုပညာရှင်သုံးယောက်က ဒေါသတကြီး ဟိန်းဟောက်လိုက်ကြသည်။ ထွက်ပြေး၍မရတော့ကြောင်း သဘောပေါက်လိုက်သည်နှင့် ရူးသွပ်မှုတို့က သူတို့ကို လွှမ်းခြုံသွားပြီး သူတို့သည် ချာခနဲ လှည့်၍ ဖန်ယန်ရှီထံ ပြေးဝင်သွားကြတော့၏။ ဂျိန်းခနဲ ထစ်ချုန်းသွားပြီး လေထုမှာ ကြေမွသွားသည်။ လေကြမ်းများ တဝေါဝေါ တိုက်ခတ်လာပြီး မြေပြင်ထက်တွင် အက်ကွဲကြောင်းများ ပေါ်လာသည်။

ကျောက်စစ်သည်တော်ကြီးနှင့် ဆေးလုံးအကြီးအကဲတို့မှ ထုတ်လွှတ်လိုက်သော တိုက်ကွက်များက မီးပုံထဲအား လောင်စာဖြည့်ပေးလိုက်သည်။ အဘိုးကြီးသုံးယောက်၏ ပါးစပ်မှ သွေးများ ပန်းထွက်သွားပြီး သူတို့က မချိတင်ကဲ ဟိန်းဟောက်လိုက်ကြသည်။ သူတို့ထဲမှ တစ်ယောက်၏လက်မှာ ပေါက်ကွဲသွားပြီး သွေးအမှုန်အမွှားများအဖြစ် ပျောက်ကွယ်သွား၏။

သူတို့သည် ရှိသမျှစွမ်းအားအကုန် ထုတ်လွှတ်နေသော်လည်း ၎င်းတို့အားလုံး ကာဆီးပိတ်ဆို့ခံနေရသည်။ သေမင်းအရိပ်က စိုးမိုးလာသည်နှင့်အမျှ သူတို့၏မျက်နှာများတွင် မျှော်လင့်ချက်မဲ့နေသောအရိပ်အယောင်များ စိုးမိုးလာသည်။

မြေပြင်ထက်တွင် သစ္စာဖောက်များသည် လိုက်လံသတ်ဖြတ်ခံနေရ၏။ သွေးများ လွင့်စင်ပြန့်ကြဲနေပြီး လူအမြောက်အမြား သေဆုံးကုန်ကြသည်။ ထွက်ပြေးရန် ရွေးချယ်ခဲ့သူများပင်လျှင် ပြေးစရာနေရာမရှိကြောင်း တွေ့လိုက်ရသည်။

အကြီးအကဲများက အသည်းအသန် တိုက်ခိုက်နေကြသည်။ အင်မော်တယ်နယ်ပယ်မျိုးနွယ်ဝင်များ တိုက်ပွဲဝင်နေကြသည်။ စိတ်ဝိညာဉ်နယ်ပယ်ကျင့်ကြံသူများလည်း ထိုနည်းတူ ရူးသွပ်နေကြသည်။

အရာအားလုံးမှာ သစ္စာရှိမျိုးနွယ်ဝင်များ၏ဘက်သို့ ပါနေပုံပေါ်သော်ငြား မန်ဟို၏ တထင့်ထင့်ဖြစ်နေသော ခံစားချက်မှာ ပို၍သာ ပြင်းထန်လာသည်။ ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ပျက်တော့မည့်အလားပင်..

နဝမတောင်ပင်လယ်၏ ဂိုဏ်းအမျိုးမျိုးနှင့် မျိုးနွယ်စုအသီးသီးမှ ခေါင်းဆောင်ကြီးများလည်း တိုက်ပွဲကို စောင့်ကြည့်နေစဉ် မန်ဟို့ခံစားချက်လောက် မပြင်းထန်သော်လည်း သူတို့၏ခံစားချက်များက သူတို့အား တွန့်ဆုတ်နေစေသည်။

“ဖန်မျိုးနွယ်စုရဲ့ အရင်းအမြစ်တွေက အတိုင်းထက်အလွန် နက်နဲလွန်းတယ်…. သူတို့က မဟာမျိုးနွယ်စုကြီးလေးစုထဲက တစ်စုလို့ ခေါ်ထိုက်ပါပေတယ်…. ဒါပေမဲ့ ကျီမျိုးနွယ်စု တိုက်ခိုက်ရင် တကယ်ပဲ ဒီလောက် ရိုးရှင်းနိုင်လို့လား”

“အကာအကွယ်ရဲ့ အပြင်က တာအိုနယ်ပယ်ပညာရှင်သုံးယောက်လည်း တိုက်ပွဲထဲ ဝင်ပါလိမ့်မှာများလား”

“မပါနိုင်ဘူး… တာအိုဆရာအစည်းအရုံးသုံးခုက သူတို့ရဲ့သက်ဆိုင်ရာအစည်းအရုံးတွေထဲမှ တော်လှန်တာတွေကို ဖိနှိပ်ပြီးပြီ။ အဲ့ဒီသုံးယောက် ဝင်ပါရဲရင် တာဆိုဆရာအစည်းအရုံးသုံးခုလည်း လှုပ်ရှားလိမ့်မယ်”

“ဒါဆို …. ဖန်မျိုးနွယ်စု ဘယ်အကွက်ကို လျှိုထားတာလဲ” တာအိုနယ်ပယ်ခေါင်းဆောင်ကြီးအားလုံး အနီးကပ်ကြည့်ရှုနေကြသည်။

ယင်းက မန်ဟို ထင်နေခဲ့သည့်အရာပင်။ ယခုတွင် သူသည် ဖန်တုံးဟန်ကို လှမ်းကြည့်ရင်း ရင်တဒိန်းဒိန်း ခုန်စပြုလာ၏။ အဘယ်ကြောင့်ဆိုသော် ဖန်တုံးဟန်၏နှုတ်ခမ်းသည် လှောင်ပြုံးပြုးနေ၍ပင်။ သူက သစ္စာဖောက်မဟုတ်သည့်တိုင် သူ့ပတ်ဝန်းကျင်၌ မည်သည့်တိုက်ခိုက်မှုမှ မဖြစ်ပွားနေပေ။ သူ့ကို မည်သူမျှ မမြင်ရသည့်အလား၊ လူတိုင်း၏မြင်ကွင်းမှ သူ့ကို ဖုံးကွယ်ခံထားရသည့်အလား သူသည် မလှုပ်မယှက် ရပ်နေ၏။

သူကား … မေ့ဖျောက်ခံထားရသည်ဟုပင် ပြောနိုင်သည်။

သူ၏တည်ရှိမှုကို မျိုးနွယ်ဝင်အားလုံး မေ့လျော့သွားအောင် မည်သည့်နည်းလမ်းကို သူ သုံးခဲ့သလဲ မပြောနိုင်ပေ။

သူသည် ကိုယ်ယောင်ပျောက်မနေသော်လည်း သူ့ကို ကြည့်လိုက်သည့် မည်သူမဆို သူ မည်သူမှန်း မသိကြပေ။ ၎င်းက အမှန်တကယ် ထူးဆန်းသော ခံစားချက်ကြီးဖြစ်၏။

မန်ဟို သူ့ကို ကြည့်လိုက်သောအခါ သူက ၎င်းကို သိသွားဟန်တူပြီး မန်ဟို့ကို ပြန်ကြည့်သည်။ သူတို့ အကြည့်ချင်းဆုံသွားပြီး မန်ဟို့စိတ်ထဲတွင် ထစ်ချုန်းသံကြီး ပြည့်နှက်သွားသည်။ တစ်ခါမှ မခံစားခဲ့ဖူးသော အန္တရာယ်အာရုံက သူ့ကို စိုးမိုးသွားသဖြင့် သူ့မျက်နှာ ရိပ်ခနဲ ဖြစ်သွားလေသည်။

ထိုသို့ဖြစ်ပျက်သွားသည့်အချိန်မှာပင် မန်ဟို့အမြင်အာရုံဝေဝါးသွားပြီး သူ့မှာ ရုတ်တရက် တခြားကမ္ဘာတစ်ခုကို ဝင်‌ရောက်သွားသလို ခံစားလိုက်ရသည်။ ၎င်းသည် အရာအားလုံး သွေးကဲ့သို့ နီစွေးနေသော ကမ္ဘာတစ်ကမ္ဘာဖြစ်၏။ ရုတ်တရက် မရေမတွက်နိုင်သောသံကြိုးများက မြွေများသဖွယ် မြေကြီးထဲမှ ထိုးထွက်လာသည်။ ၎င်းတို့ကား သွေးအိုင်ပေါင်းများစွာထဲတွင် အနှစ်ခံထားရသည့်အလား ရဲရဲတောက်နေပြီး မန်ဟိုရှိရာသို့ ပျံသန်းလာကာ သူ့အာ လှုပ်မရအောင် ချက်ချင်း ရစ်ပတ်လိုက်သည်။

မန်ဟိုမှာ သေမျိုးလူသားဖြစ်သွားသည့်အလား တွန်းလှန်နိုင်စွမ်းကင်းမဲ့နေသည်။ မန်ဟို့အတွက် ပို၍ပင် ကြောက်စရာကောင်းသည်မှာ သူ့မှာ မျက်ခွံများကိုပင် မဖွင့်နိုင်တော့ဘဲ အလွန်ငိုက်မျဉ်းလာခြင်းဖြစ်သည်။

သူ့မှာ မည်မျှပင် သတိရှိစေကာမူ သူ့ခန္ဓာကိုယ်ကို မထိန်းချုပ်နိုင်တော့ဘဲ အိပ်ပျော်ခါနီးလေပြီ။

သံကြိုးများ သူ့ကို ချုပ်နှောင်နေစဉ် ရုတ်တရက်ဆိုသလို ပထမခေါင်းဆောင်ကြီး၏ နိဗ္ဗာနသစ်သီးက သူ့သိုလှောင်အိတ်ထဲတွင် တုန်ခါလာသည်။

သူ့တစ်ကိုယ်လုံး တုန်ရီလာ၍ သူ့မှာ ချက်ချင်း နိုးလာပြီ မျက်လုံးများ ပြူးကျယ်သွား၏။ သူ ယခုလေးတင် ကြုံတွေ့ခဲ့ရသော မြင်ကွင်းမှာ အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲသွားပြီးနောက် အရပ်လေးမျက်နှာသို့ ရိုက်ခတ်သွားသော လေမုန်တိုင်းကြီးတစ်လုံး ဖြစ်သွားသည်။ ဧရာမအားကြီးတစ်ရပ်က သူ့ကို ဖမ်းဆုပ်၍ ထိုကမ္ဘာထဲမှ ဆွဲထုတ်ပေးလိုက်သည့်အလားပင်။

သူ့အမြင်အာရုံ ပုံမှန်အတိုင်းပြန်ဖြစ်သွားစဉ် သူ၏ပါးစပ်မှ သွေးများ ပန်းထွက်သွားသည်။ သူသည် အရှေ့အောင်ပွဲဂြိုဟ်ပေါ်က ဖန်မျိုးနွယ်စုတွင် ရှိနေသေး၏။ မကောင်းဆိုးဝါးသဖွယ် အေးစက်စက် ပြုံးနေသော ဖန်တုံးဟန်ကို သူ မြင်နေရသည်။ မန်ဟို ရရှိလိုက်သည့် ခံစားချက်မှာ စကားလုံးများဖြင့် ဖော်ပြ၍မရသော ထိတ်လန့်ကြောက်ရွံ့မှုဖြစ်သည်။ ဖန်တုံးဟန်၏ကိုယ်ထဲတွင် …. တာအိုနယ်ပယ်ကိုပင် နင်းခြေပစ်နိုင်သော အစွမ်းထက် အင်မော်တယ်နတ်မင်းတစ်ဦး ပုန်းကွယ်နေသည့်အလားပင်။

ဖန်တုံးဟန်သည် မန်ဟို ထိုထူးဆန်းသောကမ္ဘာမှ ထွက်လာနိုင်ခဲ့သည်ကို အံ့ဩနေသည့်အလား မန်ဟို့အား လေးလေးနက်နက် ကြည့်နေ၏။

“သူက ဖန်တုံးဟန်မဟုတ်ဘူး” ထစ်ချုန်းသံကြီး မန်ဟို့စိတ်ထဲတွင် ပြည့်နှက်သွားသည်။ အကြည့်လေးတစ်ချက်က မန်ဟို့ကို ကြောက်မက်ဖွယ်သွေးရောင်ကမ္ဘာထဲသို့ ပို့ပေးခဲ့ပြီး နိဗ္ဗာနသစ်သီးသာ မရှိလျှင် သူ သေချာပေါက် သေသွားခဲ့လေပြီ….

ဆွဲထုတ်ခံခဲ့ရပြီးနောက်တွင်ပင် သူ့မှာ သွေးအန်လိုက်သေးသည်။ ထို့ပြင် မမြင်ရသောလက်ကြီးက သူ့နှလုံးသားအား ဖြစ်ညစ်ခဲ့သကဲ့သို့ ရင်ဘတ်တစ်ခုလုံး အောင့်နေသည်။ သူသည် မျက်နှာဖြူဖပ်ဖြူလျော်ဖြင့် နောက်ဆုတ်ရင်း ကျောက်စစ်သည်တော်ကြီးအား မဆိုင်းမတွ ဆင့်ခေါ်လိုက်၏။

ဒီကို ပြန်လာခဲ့

ကျောက်စစ်သည်တော်ကြီးသည် လောလောဆယ်တွင် ဖန်ယန်ရှီနှင့်အတူ တစ်ဝက်တစ်ပျက်တာအိုပညာရှင်သုံးဦးအား တိုက်ခိုက်နေ၏။ သို့သော် ၎င်းက ခေတ္တလေးပင် တွန့်ဆုတ်မနေဘဲ ဆင့်ခေါ်မှုကို ခံစားလိုက်ရလျှင်ချင်း တိုက်ခိုက်နေသည်ကို ရပ်ကာ မန်ဟို့ထံ ပြန်ဆင်းလာသည်။

ကျောက်စစ်သည်တော်ကြီး လှုပ်ရှားလိုက်သည့်အချိန်မှာပင် ဖန်တုံးဟန်က အေးစက်စက်အပြုံးကြီးဖြင့် ခေါင်းကို စောင်းလိုက်သည်။ ထို့နောက် သူက ညာလက်ကို ဆန့်ထုတ်ကာ အသာအယာ ဝှေ့ယမ်းလိုက်၏။

ထိုလှုပ်ရှားမှုက ဖန်တယွမ်ကို မျက်နှာပျက်သွားစေသည်။ ထစ်ချုန်းသံများ သူ့စိတ်ထဲတွင် ပြည့်နှက်သွားပြီး သူ့ပါးစပ်မှ သွေးများပန်းထွက်သွားသည်။ သူသည် နောက်ဆုတ်ရန် ကြိုးစားလိုက်သော်လည် မဆုတ်နိုင်ခင် သွေးများက သူ့ခန္ဓာကိုယ်အနှံ့အပြားမှ စိမ့်ထွက်လာ၏။ အသားများ ဟက်တက်ကွဲလာသဖြင့် အက်ကွဲသံများ ကြားလိုက်သည်။ ၎င်းကဲ့သို့ ဆယ်ကြိမ်ဆက်တိုက် ဖြစ်ပွားသွားပြီး မျက်စိတစ်မှိတ်အတွင်း သူ့မှာ အံ့မခန်းလိလိ အားနည်းသွားပြီး သေခြင်းအခိုးအငွေ့များကိုပင် ထုတ်လွှတ်စပြုလာသည်။

ကြည့်ရသရွေ့ တစ်ဝက်တစ်ပျက်တာအိုပါရာဂွန်တစ်ဦးပင်လျှင် … ဖန်တုံးဟန်၏လက်ဝှေ့တစ်ချက်ကြောင့် ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားနိုင်၏။

တစ်ချိန်တည်းမှာပင် ဖန်ယန်ရှီက မာန်သွင်းဟိန်းဟောက်ကာ လက်နှစ်ဖက်မုဒြာလက်ကွက် ဖော်လိုက်သည်။ အပင်နှင့်အသီးအရွက်အနှစ်သာရစွမ်းအား ပေါက်ကွဲထွက်လာသည်။ သူ့ပတ်ဝန်းကျင်တွင် မရေမတွက်နိုင်သောအပင်များ ပေါ်လာသော်လည်း ရုတ်ခြည်း ညှိုးနွမ်းခြောက်ကပ်သွား၏။ ဖန်ယန်ရှီမှာ သွေးတစ်လုပ်အန်ရင်း လွင့်ထွက်သွားသည်။ တိုက်ကွက်ကြောင့် သူ၏ကျင့်ကြံခြင်းအခြေခံပင် ကျဆင်းသွားပုံရသည်။

လက်တစ်ချက်အဝှေ့က ဆေးလုံးအကြီးအကဲကို ဒဏ်ရာအပြင်းအထန် ရသွားစေပြီး ဖန်ယန်ရှီကို လွင့်ထွက်သွားစေသည်။ ဤအပြောင်းအလဲက ရုတ်တရက် ဆန်လွန်း၍ ကျောက်စစ်သည်တော်ကြီးသာ မန်ဟို့ထံ ပြန်မသွားခဲ့လျှင် တစစီ ပြိုကွဲသွားလောက်ပြီဖြစ်သည်။

“မင်း …” ဖန်ယန်ရှီက အံ့ဩမယုံနိုင်မှုတို့ဖြင့် မျက်လုံးများပြူးကျယ်နေလျက် ပြောသည်။ သူသည် လေလယ်မှ လူတိုင်း မေ့လျော့နေခဲ့သော ဖန်တုံးဟန်ကို ငုံ့ကြည့်လိုက်၏။

“ကျီမျိုးနွယ်စုက ငါထင်ထားတာထက်ပိုပြီး အသုံးမကျဘူးပဲ….” ဖန်တုံးဟန်က လေးပင်နှေးကွေးစွာ ပြောလိုက်သည်။ သူက ဆံပင်များ ပျံ့လွင့်နေလျက် လေပေါ်တက်လိုက်၏။ သူ၏ပုံပန်းသွင်ပြင်မှာ တဖြေးဖြေး ပြောင်းလဲလာပြီး လူတိုင်း၏ရှေ့တွင် သူသည် ဖန်တုံးဟန်မဟုတ်တော့ဘဲ သက်လတ်ပိုင်းလူတစ်ယောက် ဖြစ်သွားလေပြီ။

“ငါ အချိန်မှီ နိုးသာနိုးမလာခဲ့ရင် ကျီမျိုးနွယ်စုရဲ့ ပြင်ဆင်မှုတွေအားလုံး သဲထဲရေသွန်ဖြစ်သွားမှာ စိုးမိတယ်” ဖန်တုံးဟန်သည် အဆုံးမဲ့သော ကျင့်ကြံခြင်းအခြေခံလှိုင်းများကို ထုတ်လွှတ်ရင်း လေလယ်တွင် ပျံဝဲနေစဉ် ခေါင်းခါလိုက်သည်။ သူကား … မိုးနှင့်မြေ၏ ပါရာဂွန်ကြီးအလားပင်။ သူ့ထံမှ ထုတ်လွှတ်နေသော သွေးဆက်လှိုင်းများက ဖန်မျိုးနွယ်ဝင်တစ်ယောက်ဖြစ်ကြောင်း သက်သေထူနေရာ လူတိုင်း၏ရင်ထဲတွင် ထစ်ချုန်းသံများ ပြည့်နှက်သွားစေတော့သည်။

“ဖန်မျိုးနွယ်စုမှာ ငါ့ကို မှတ်မိတဲ့သူများ ရှိသေးလား” ဖန်တုံးဟန်က နူးညံ့သော်လည်း အကန့်အသတ်မရှိအောင် ရှေးကျနေသောအသံကြီးဖြင့် ပြောလိုက်သည်။

***

All Chapters