← Chapters

ဘယ်သူလဲ

Vol. 72 Ch. 1002

ဘယ်သူလဲ

Vol. 72 Ch. 1002

ဖန်တုံးဟန်ထံမှ သွေးဆက်အရှိန်အဝါ ဖြာထွက်လာသဖြင့် မန်ဟိုအပါအဝင် ဖန်မျိုးနွယ်ဝင်တိုင်းသည် … သူက သေချာပေါက် ကျီမျိုးနွယ်စုမှ မဟုတ်ကြောင်း ခံစားလိုက်ရ၏။ သူကား မုချ ဖန်မျိုးနွယ်ဝင်ဖြစ်သည်။ ထိုမျှသာမက သွေးဆက်အာရုံက သူသည် မျိုးနွယ်ဝင်အကုန်လုံးနီးပါးထက် အသက်ကြီးကြောင်း ညွှန်ပြနေသည်။ သူသည် မယုံနိုင်လောက်အောင် ရှေးကျလေ၏။

မန်ဟိုမှာ စိတ်ထဲတွင် တုန်လှုပ်နေသည်။ သူ့အတွက် ဤခံစားချက်မှာ ရှေးဂူသင်္ချိုင်းထဲရှိ ပထမမျိုးဆက်ခေါင်းဆောင်ကြီး၏အလောင်းထံမှ ရရှိခဲ့သော ခံစားချက်နှင့် ထပ်တူကျသည်။

ဘိုးဘေးစံအိမ်တစ်ခုလုံး အပ်ကျသံမကြားရအောင် တိတ်ဆိတ်နေပြီး မျိုးနွယ်ဝင်အားလုံး ကြောင်၍ ကြည့်နေကြသည်။

နဝမတောင်ပင်လယ်၏ ဂိုဏ်းအမျိုးမျိုးနှင့် မျိုးနွယ်စုအသီးသီးမှ တာအိုနယ်ပယ်ခေါင်းဆောင်ကြီးများအားလုံး အံ့အားသင့်နေကြသည်။ သူတို့၏မျက်လုံးများမှာ ပြူးကျယ်နေပြီး တုန်လှုပ်နေသောအရိပ်အယောင်များအား သူတို့၏မျက်နှာအပေါ်တွင် မြင်ရနိုင်သည်။ ဖန်တုံးဟန်ကို ကြည့်နေစဉ် သူတို့ ရရှိသော ခံစားချက်မှာ …. ပြင်းပြင်းထန်ထန် ကြောက်လန့်မှု၊ ချောက်ချားမှုဖြစ်သည်။

“ဘယ်သူလဲ…” တာအိုနယ်ပယ်ခေါင်းဆောင်ကြီးတိုင်း မျက်နှာများ ရိပ်ခနဲ ဖြစ်သွားကြပြီး အသက်ရှူမြန်လာကြသည်။ တကယ်တော့ သူတို့အထဲမှ တစ်ယောက်မှ ဖန်တုံးဟန်ကို သတိမထားမိခဲ့ကြပေ။

“မင်းက ဘယ်သူလဲ” ဖန်ယန်ရှီမှာ မျက်နှာဖြူဖပ်ဖြူလျော်ဖြင့် သွေးတစ်ပွက် ထပ်အန်လိုက်ရသည်။ ကျိန်စာစွမ်းအားတစ်မျိုးက သူ့ကိုယ်ထဲတွင် ပျံ့နှံ့နေသည့်အလား သူ့တစ်ကိုယ်လုံး မည်းနက်လာသည်။

“ငါက ဘယ်သူလဲ” ဖန်တုံးဟန်က ပြန်မေးသည်။ တစ်နည်းနည်းကြောင့် သူ့အမူအရာသည် ကြောက်စရာကောင်းလောက်အောင် ရှေးကျမှုကို ထုတ်လွှတ်နေ၏။

“ငါက ဖန်တောက်ဇီ …. ပထမမျိုးဆက်ခေါင်းဆောင်ကြီးရဲ့ အကြီးဆုံးသား။ မင်းတို့အငယ်လေးတွေ ငါ့ကို တကယ် မေ့သွားကြပြီလား”

အသံသည် မိုးကောင်ကင်အကုန်လုံးကို ရိုက်ခတ်လိုက်သော မိုးခြိမ်းသံကြီးအလားပင်။

သူ၏စကားလေးတစ်ခွန်းက နဝမတောင်ပင်လယ်၏ ဂိုဏ်းနှင့်မျိုးနွယ်စုအားလုံးကို တုန်လှုပ်သွားစေသည်။ သူ့အသံအား ကြားလိုက်သူတိုင်း၊ ကြည့်ရှုနေသော ကျင့်ကြံသူတိုင်း အံ့ဩခြင်းလှိုင်းတံပိုးတို့ကြောင့် ချာချာလည်ကုန်ကြ၏။

“သူက ဖန်မျိုးနွယ်စုရဲ့ ပထမဆုံးမျိုးဆက်ခေါင်ဆောင်ကြီးရဲ့ …. အကြီးဆုံးသားတဲ့လား”

“မဖြစ်နိုင်ဘူး။ ဖန်မျိုးနွယ်စုရဲ့ ပထမဆုံးမျိုးဆက်ခေါင်ဆောင်ကြီးက သခင်ကျီနှင့် ခေတ်ပြိုင်ပဲ။ သူ သေသွားတာဖြင့် ကြာပြီကို သူ့သားလည်း ဒီလောက်ကြာကြာ အသက်ရှင်မနေနိုင်ပါဘူး”

“ဖန်တောက်ဇီ … ဖန်တောက်ဇီ … အခုသေချာတွေးကြည့်တော့မှ အဲဒီနာမည်ကို နဝမတောင်ပင်လယ်ရဲ့ ရှေးမှတ်တမ်းတွေထဲမှာ ဖတ်ခဲ့ဖူးတာ သေချာတယ်”

ကျင့်ကြံသူများ ပွက်လောရိုက်နေကြသည်။ တာအိုနယ်ပယ်ခေါင်းဆောင်ကြီးများမှာမူ မျက်လုံးများ ဝိုင်းစက်ပြူးကျယ်နေလျက် ကြည့်နေကြသည်။ သို့သော် သူတို့အတွက် နာမည်ကို မှတ်မိရန် သိပ်မကြာလိုက်ပေ။

“ဖန်တောက်ဇီ။ ငါ မှတ်မိပြီ …. အစောဆုံးမျိုးဆက်ထဲမှာ ပထမမျိုးဆက်ခေါင်းဆောင်ကြီးကို သတ်ခဲ့တဲ့ အဲဒီနာမည်နဲ့လူတစ်ယောက်ရှိတယ်။ သတ်ရတဲ့အကြောင်းရင်းကို ရှင်းရှင်းလင်းလင်း ဖော်ပြမထားခဲ့ဘူး”

“အဲဒီပုဂ္ဂိုလ်က ငါတို့ခေတ်နဲ့ အင်မတန်မှ ဝေးကွာတဲ့ ခေတ်မှာ တည်ရှိခဲ့တာလေ။ ဒါတောင် တကယ်ပဲ အသက်ရှင်နေသေးတယ်တဲ့လား”

“သူ့ကျင့်ကြံခြင်းအခြေခံက ဘယ်အဆင့်တောင် ရောက်နေပြီလဲ”

မျိုးနွယ်စု၏အပြင်ရှိ လူတိုင်းမှာ အံ့ဩမှင်သက်နေကြသည်။ သို့သော် ထူးဆန်းစွာနှင့် ဖန်မျိုးနွယ်ဝင်များမှာတော့ ပထမဆုံးမျိုးဆက်ခေါင်ဆောင်ကြီး၏ ဤအကြီးဆုံးသားအကြောင်း ကြားပင် မကြားခဲ့ဖူးသည့်အလား ကြောင်တောင်တောင် ကြည့်နေကြသည်။

မျိုးနွယ်စု၏ ရာဇဝင်သမိုင်းထဲတွင် ထိုလူနှင့်ပတ်သက်သော မှတ်တမ်းတစ်ခုမှ မရှိခဲ့သယောင်ပင်။ သို့ထိတိုင် သူတို့ သူ့ထံမှ ခံစားနေရသော သွေးဆက်အာရုံအရ တစ်ခုကတော့ သေချာသည်။ ဤဖန်တောက်ဇီသည် သေချာပေါက် ဖန်မျိုးနွယ်ဝင်တစ်ဦးဖြစ်၏။

ထိုမျှသာမက သူ့တွင် အင်မတန် ချောက်ချားဖွယ်ကောင်းသော ရှေးသွေးဆက်တစ်ဆက် ရှိနေသည်။

တာအိုဆရာအစည်းအရုံးသုံးခုမှာ ဤအဖြစ်အပျက်ကြောင့် အံ့ဩနေကြသည်။ ယခုလို အစွမ်းထက်ပညာရှင်တစ်ဦးက ဖန်မျိုးနွယ်စုတွင် ပုန်းအောင်းနေခဲ့လိမ့်မည်ဟု သူတို့ မထင်ထားခဲ့ပေ။ ထိုမျှသာမက သူ၏သရုပ်မှန်က အတိုင်းထက်အလွန် အံ့အားသင့်ဖွယ်ကောင်းသည်။ ထို့အပြင် သူသည် ကျီမျိုးနွယ်စုနှင့် ပူးပေါင်းထား၏။

ဖန်တောက်ဇီ အရှေ့အောင်ပွဲဂြိုဟ်တွင် ပေါ်လာသောအခါ ဖန်မျိုးနွယ်စု၏ တာအိုခေါင်းလောင်းသည် ဘိုးဘေးစံအိမ်၏အပေါ်ရှိ လေထဲတွင် ရုပ်လုံးပေါ်လာ၏။ ထို့နောက် ၎င်းက အကန့်အသတ်မရှိသော အလင်းရောင်ကို ဖြန့်ကျက်ရင်း အသံမြည်လာသည်။

ယင်းက … အလွန်သန်မာသော သွေးဆက်ဖြင့် မျိုးနွယ်ဝင်တစ်ဦးပေါ်လာတိုင်း ကြားရနိုင်သော ခေါင်းလောင်းသံဖြစ်သည်။ သူတို့ မည်သူမည်ဝါဆိုသည်ကို ခေါင်းလောင်းထဲတွင် မှတ်သားပြီးနောက် ဖြစ်ပေါ်လာသော လှုံ့ဆော်မှုက ခေါင်းလောင်းသံကို မြည်စေ၏။

ခေါင်းလောင်းသံက ဖန်မျိုးနွယ်ဝင်တိုင်းကို အမြုတေအထိ တုန်လှုပ်သွားစေပြီး ဖန်တောက်ဇီသည် … ဖန်မျိုးနွယ်စစ်စစ်ဖြစ်ကြောင်း အတည်ပြုပေးလိုက်လေပြီ။

“ဘယ်လောက်စိတ်ရှုပ်စရာကောင်းတဲ့ အသံလဲ” ဖန်တောက်ဇီက သက်ပြင်းချရင်း ပြောသည်။ “ဟိုသောက်အဘိုးကြီးကို သတိရသွားပြီ။ ပိတ်ထားစမ်း” သူ့မျက်လုံးများက စူးရှသောအလင်းရောင်ဖြင့် လင်းခနဲ လက်သွားပြီး သူ မာန်မဲလိုက်သည်နှင့် တာအိုခေါင်းလောင်းသည် ရုတ်တရက် မြည်နေခြင်းရပ်သွား၏။ ၎င်းက အသံတစ်စက်မှ မထွက်တော့ပေ။

မန်ဟိုသည် လူအုပ်ထဲတွင် အသက်မနည်းရှူရင်း ရပ်နေ၏။ သူ့မှာ လေလယ်ရှိ ဖန်တောက်ဇီကို မော့ကြည့်ရင်း ရင်တဒိန်းဒိန်း ခုန်နေလေသည်။ သူ့အနေဖြင့် ဖန်မျိုးနွယ်စုအတွင်း၌ ထိုကဲ့သို့ စိတ်နှလုံးချောက်ချားဖွယ် ပုန်ကန်မှုများနှင့် ရင်သပ်ရှုမောဖွယ်ရာ အဖြစ်အပျက်များ ဖြစ်ပျက်လာလိမ့်မည်ဟု တစ်ခါမှ မတွေးခဲ့ဖူးပေ။

သိသိသာသာပင်… ဤပုန်ကန်မှုများသည် ဖန်တောက်ဇီနှင့် ဆက်စပ်နေ၏။

ဘိုးဘေးစံအိမ်ထဲ၌ မျိုးနွယ်ဝင်အချင်းချင်း တိုက်ခိုက်နေမှုများ ရပ်တန့်သွားသည်။ အကုန်လုံးသည် မော့ကြည့်ရင်း ကြက်သေသေနေကြ၏။ သစ္စာဖောက်မျိုးနွယ်ဝင်များပင် ဘာတွေဖြစ်နေသလဲ မသိတော့ပေ။

ဆေးလုံးအကြီးအကဲဖန်တယွမ်မှာ မျက်နှာဖြူဆုပ်သွားပြီး နောက်သို့ယိမ်းယိုင်သွားသည်။ ဖန်ယန်ရှီက မျက်နှာမှ သွေးများကို သုတ်၍ ဖန်တောက်ဇီကို ငုံ့ကြည့်သည်။

တစ်ဝက်တစ်ပျက်တာအိုပညာရှင်များက သက်ပြင်းချလိုက်သည်။ သူတို့၏မျက်လုံးများသည် ဖန်တောက်ဇီအား ကြောက်ကြောက်ရွံ့ရွံ့ မော့ကြည့်ပြီးနောက် မည်းမည်းမြင်ရာမှန်သမျှ ဖျက်စီးပစ်လိုသော အာသီသတို့ဖြင့် တစ်ဖန်ပြည့်နှက်သွားပြီး ဖန်မျိုးနွယ်စုထဲရှိ သစ္စာရှိကျင့်ကြံသူအဖွဲ့ကို သွေးအေးအေး ကြည့်လိုက်ကြ၏။

“ငါ့ကို မှတ်မိတဲ့သူ တစ်ယောက်မှ မရှိဘူးလား” ဖန်တောက်ဇီက သက်ပြင်းတစ်ချက်ချကာ အလွန်တရာရှေးကျသောအသံကြီးဖြင့် ပြောသည်။ ထို့နောက် သူသည် လက်ကို ဝှေ့ယမ်းကာ လေထဲသို့ လက်ညှိုးထိုးလိုက်၏။

သူ့လက်ချောင်းက မိုးကောင်းကင်အား ကြေမွသွားစေသည်။ ဝုန်းခနဲ ဧရာမဝဲကြီးတစ်ဝဲပေါ်လာ၏။ ၎င်းက တဝေါဝေါ လည်နေစဉ် အထဲ၌ တစ်စုံတစ်ခုအား မြင်လာရသည်။

အံဩဖွယ်ကောင်းစွာနှင့် ကျီရှုံ့ဖန်နှင့် ဖန်ရှုတောက်တို့ တစ်ယောက်ကို တစ်ယောက် တိုက်ခိုက်နေကြောင်း လူတိုင်း မြင်လိုက်ရသည်။

ကျီရှုံ့ဖန်က ရယ်သည်။ သူမသည် ဝဲထဲ လျင်မြန်စွာ ဝင်ပြီးနောက် အရှေ့အောင်ပွဲဂြိုဟ်၏ဝေဟင်ထက်တွင် ပေါ်လာ၏။

“ရှုံ့ဖန် ဂါဝရပြုပါတယ် စီနီယာ” သူမက ချိုချိုသာသာပြုံးရင်း ဖန်တောက်ဇီကို ဦးညွှတ်လိုက်သည်။

ဖန်ရှုတောက်၏မျက်နှာမှာ မည်းမှောင်နေပြီး သူက သူမနောက်မှ ဝဲထဲသို့ ဝင်လိုက်သည်။ သူသည် ပြန်ပေါ်လာသောအခါ ဖန်တောက်ဇီကို အေးစက်စက် ကြည့်လိုက်၏။

“ဖန်ရှုတောက်” ကျီရှုံ့ဖန်က ပြုံးရင်း ဆိုသည်။ “ကျီမျိုးနွယ်စုက ဖန်မျိုးနွယ်စုကို တိုက်ခိုက်နေတာလို့ မြင်မယ့်အစား …. ကျီမျိုးနွယ်စုက ဖန်မျိုးနွယ်စုရဲ့ စီနီယာအဖွဲ့ဝင်တစ်ဦးကို ကျေးဇူးပြန်ဆပ်နေတာလို့ ပြောတာ ပိုကောင်းလိမ့်မယ်”

ဖန်ရှုတောက်က ခွန်းတုံ့မပြန်။ သူသည် လက်ယှက်၍ ဖန်တောက်ဇီအား အရိုအသေပေးလိုက်သည်။

“ရှုတောက် ခေါင်းဆောင်ကြီးတောက်ဇီကို ဂါဝရပြုပါတယ်”

ဖန်တောက်ဇီက ဖန်ရှုတောက်ကို လှမ်းကြည့်၍ ပြုံးလိုက်သည်။

“မင်းက ညီသုံးရဲ့ သွေးဆက်ကနေ ဆင်းသက်လာတဲ့သူမလား” သူက အေးစက်စက် ပြောသည်။ “မင်းသိလား ငါ ဖန်မျိုးနွယ်စုကြောင့် သိပ်စိတ်ပျက်ရတယ်။ ဒီလောက်နှစ်တွေအများကြီးကြာတာတောင်မှ မင်းတို့မှာ တာအိုနယ်ပယ်ပညာရှင်နှစ်ယောက်ပဲ ရှိတယ်တဲ့လေ… ကဲပါလေ အဲဒီလိုဆိုမှ‌တော့ လက်ရှိဖန်မျိုးနွယ်စုကို ငါ ဖျက်သိမ်းလိုက်တော့မယ်

“ဒီနေ့ကစပြီး ဖန်မျိုးနွယ်စုအသစ်ဟာ အရှေ့အောင်ပွဲဂြိုဟ်မှာ စတင်ပြီး ငါကိုယ်တိုင် မတူကွဲပြားတဲ့လမ်းကို ဦးဆောင်မယ်” ထို့နောက် သူက ညာလက်ကို ဝှေ့ယမ်းလိုက်ရာ ဖန်မျိုးနွယ်များထံမှ မချိတင်ကဲအော်သံများ ထွက်လာစေသည်။ သစ္စာဖောက်များမှအပ လူတိုင်း သွေးတို့ မီးမြှိုက်ခံနေရသည့်အလား ဆူပွက်လာသည်ကို ခံစားလိုက်ကြရ၏။

မန်ဟိုလည်း ထိုနည်းတူပင်။ သူ့သွေးမှာ သူ့ကိုယ်ထဲမှ ထွက်သွားချင်နေသည့်အလား တပွက်ပွက် ဆူနေသည်။ ဖန်တယွမ်၊ ဖန်ယန်ရှီနှင့် ဖန်ရှုတောက်ပင်လျှင် ထိုအတိုင်း ကြုံတွေ့နေရသည်။

ဖန်တောက်ဇီကြောင့် မျိုးနွယ်စုတစ်စုလုံး ချက်ချင်း ပြောင်းလဲသွားလေပြီ။

မန်ဟိုမှာ တုန်ရီနေသော်လည်း နာကျင်မှုကို သည်းခံရင်း မျက်လုံးများ ထူးဆန်းစွာ တောက်ပနေသည်။

“အဖေက ဒါတွေ ဖြစ်တော့မယ်ဆိုတာ သေချာပေါက် သိထားတယ်။ သူကိုယ်တိုင် ငါ့ကို ဒီအရှေ့အောင်ပွဲဂြိုဟ်ဆီ လွှတ်ခဲ့တာဆိုတော့ … အသက်အန္တရာယ်တကယ် မရှိတာ သေချာတယ်။ ဖန်မျိုးနွယ်စုမှာ … ဝှက်ဖဲနောက်တစ်ချက် ရှိကိုရှိရမယ်”

ဖန်ရှုတောက်မှာ တုန်ရီနေသည်။ သူ့မှာ ကျင့်ကြံခြင်းအခြေခံအဆင့် မြင့်မားသော်ငြား သွေးများလောင်ကျွမ်းနေသည်ကို မဟန့်တားနိုင်ပေ။ ဖန်တောက်ဇီထံမှ သူ ရရှိနေသောခံစားချက်အရ ဖန်တောက်ဇီလည်း သူ့နည်းတူ တာအိုနယ်ပယ်ဖြစ်သည်။ သို့သော် သူနှင့်ပတ်သက်၍ တစ်စုံတစ်ခုက နက်နဲနေ၏။

တာအိုနယ်ပယ်တွင် အနှစ်သာရတစ်ခုထည့်ပေါင်းလိုက်တိုင်း ကျင့်ကြံခြင်းအခြေခံတွင် အံ့မခန်းဖွယ်ရာသောအပြောင်းအလဲများ ဖြစ်စေနိုင်ကြောင်း ဖန်ရှုတောက် သိသည်။ အဆင့်တစ်ဆင့်နှင့် တစ်ဆင့်ကြားက ကွာခြားမှုက ဧရာမကြီးမားသည့်တိုင် ဖန်ရှုတောက်၏အမူအရာက စိုးထိတ်ခြင်း၊ အံ့ဩခြင်းစိုးစဉ်းမျှ မရှိပေ။ သူက မျက်လုံးကိုသာ ပိတ်ထား၏။

ဤတုံ့ပြန်မှုက ကျီရှုံ့ဖန်အား အထိတ်တလန့် စိုက်ကြည့်မိလိုက်စေသည်။ သူမ ခံစားနေရသော စိတ်တထင့်ထင့်ဖြစ်နေမှုမှာ ပို၍ကြီးထွားလာတော့သည်။

“သူ ဒီလောက် တည်ငြိမ်နေနိုင်တာက ဖန်မျိုးနွယ်စု ဝှက်ဖဲအကုန်လုံးကို မကစားရသေးတာ ညွှန်ပြနေရတယ်။ မဟုတ်ရင် ပျက်စီးရတော့မည့်အခိုက်အတန့်မှာ သူ ဘာကြောင့် ဒီလောက်တည်ငြိမ်နေနိုင်မှာလဲ”

ကျီရှုံ့ဖန်၏ရင်ထဲတွင် စိုးထိတ်မှုတို့ ပြည့်နှက်နေသည့်အချိန် ဖန်တောက်ဇီလည်း ဖန်ရှုတောက် တည်ငြိမ်နေသည်ကို မြင်သွားပြီး ရင်ဒိန်းခနဲ ခုန်သွားသည်။ တဖြေးဖြေး သူ ဖြစ်နိုင်သည်ဟု တွေးပင် မတွေးရဲသော အတွေးတစ်ခုက သူ့စိတ်ထဲတွင် ဖြစ်ပေါ်လာသည်။

အတွေးပေါ်လာသည်နှင့် သူက ၎င်းကို ခါထုတ်လိုက်သည်။ သူ လက်ကို ဝှေ့ယမ်းရန် ပြင်လိုက်စဉ် သူ့တစ်ကိုယ်လုံး တုန်ရီသွားသည်။ သူ့မျက်နှာသည် ရိပ်ခနဲ ဖြစ်သွားပြီး သူ့မျက်လုံးများက မန်ဟို့ကို လိုက်ရှာတော့သည်။

ဖန်တောက်ဇီ လှမ်းကြည့်သောအခါ မန်ဟို့စိတ်နှလုံး တုန်ရီသွားသည်။ သို့သော် သူက အံကြိတ်၍ ဖန်တောက်ဇီကို ပြန်ကြည့်သည်။ သူ့ဘေးရှိ‌ ကျောက်စစ်သည်တော်ကြီး၏မျက်လုံးများ လင်းခနဲ လက်သွားပြီး ၎င်းက မန်ဟို့ကို ကာကွယ်ရန် စွမ်းအားများအား ထုတ်ဖော်ရင်း မန်ဟို့အရှေ့တွင် ရပ်လိုက်သည်။ ၎င်းသည် ဓားကြီးကို မြှောက်ရင်း စိစိညက်ညက် ကြေမွရစေကာမူ မန်ဟို့ကို ကာကွယ်ဖို့ မည်သည့်အဖိုးအခကိုမဆို ပေးဆပ်ရန် အသင့်ဖြစ်နေ၏။

ဤအခိုက်အတန့်တွင် ဖန်တောက်ဇီ မျက်နှာပျက်သွားသည်။ “မဟုတ်ဘူး သူ ဒီမှာမဟုတ်ဘူး။ သူက …”

ရုတ်တရက်ဆိုသလို သူသည် ကျောက်စစ်သည်တော်ကြီး ထွက်လာခဲ့သော အကွဲကြောင်းကို လှည့်ကြည့်လိုက်၏။

သူကား အကွဲကြောင်းကို ဖြတ်၍ … ဘိုးဘေးမြေအား ကြည့်နေလေသည်။

“မဖြစ်နိုင်ဘူး” ဖန်တောက်ဇီ၏မျက်လုံးများသည် လုံးလုံးလျားလျား မယုံနိုင်စရာကောင်းသော အရာကို ကြည့်နေသည့်အလား ပြူးကျယ်သွား၏။ သူ့မှာ အသက်ပြင်းပြင်းရှူရင်း က္ကန္ဒြေမဆည်နိုင်တော့သည်သာမက သူ၏ရှေးဆန်မှုမှာလည်း ရုတ်တရက် ပျောက်ကွယ်သွားသယောင်ပင်။ သူက တွေးပင်မတွေးမိလိုက်ဘဲ နောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်ကာ မျက်လုံးများ ရဲတွတ်သွားတော့သည်။

“မဖြစ်နိုင်ဘူး။ လုံးဝမဖြစ်နိုင်ဘူး” သူ့မှာ ရူးတော့မည်ပုံပင်။ သူသည် ဟိန်းဟောက်၍ ညာလက်ကို ဆန့်ထုတ်ကာ အကွဲကြောင်းအား လက်ညှိုးထိုးလိုက်၏။ ဤအခိုက်အတန့်တွင် ရုတ်တရက် ဖန်တောက်ဇီထံမှ အရာရာတိုင်းကို တုန်ခါသွားစေသော အနှစ်သာရချီစီးကြောင်းသုံးကြောင်း ထွက်လာသည်။ အရှေ့အောင်ပွဲဂြိုဟ်မှာ ပြိုကျပျက်စီးတော့မည့်အလား ပြင်းပြင်းထန်ထန် တုန်ခါလာတော့သည်။

ထိုစီးကြောင်းများအနက် တစ်ကြောင်းသည် ဖန်ယန်ရှီ၏ အပင်နှင့်အသီးအရွက်အနှစ်သာရနှင့် တူသည်။ ၎င်းက အကန့်အသတ်မဲ့အသက်စွမ်းအားအနှစ်သာရတစ်ခု ဖြစ်ပြီး ၎င်းပေါ်လာလျှင်ချင်း ကောင်းကင်မှာ မှိန်ကျလာပြီး လေပြင်းတစ်ချက် တိုက်ခတ်လာသည်။

အရာအားလုံး၏ မူလဇစ်မြစ်ကား အနှစ်သာရပင်။

အနှစ်သာရကို ထုံးလိုမွှေ၊ ရေလိုနှောက် နားလည်၍ အနှစ်သာရကို တစ်ဖက်ကမ်းခတ် ထိန်းချုပ်ခြယ်လှယ်နိုင်ခြင်း …. ယင်းက တာအိုနယ်ပယ်ဖြစ်သည်။

အပင်နှင့်အသီးအရွက်အနှစ်သာရအပြင် တဂျိန်းဂျိန်း မြည်ရင်း တဝင်းဝင်းလက်နေသော မိုးကြိုးတန်းတစ်တန်း ရှိသည်။ ယင်းက ကောင်းကင်နှင့်မြေကြီးရှိ အရာခပ်သိမ်းကို ထာဝရ ဖျက်စီးပစ်နိုင်သော မိုးကြိုးအနှစ်သာရဖြစ်သည်။ ၎င်းပေါ်လာသောအခါ ကမ္ဘာလောကထဲရှိ အလင်းရောင်အားလုံးမှာ အဆိုပါမိုးကြိုးတန်းဖြင့် အစားထိုးခံလိုက်ရပုံပေါ်သည်။

ဖန်တောက်ဇီ၏ အနှစ်သာရစီးကြောင်းများအနက် တတိယမြောက်က အံ့ဩဖွယ်ကောင်းစွာနှင့် …. အင်မတန် အားကောင်းသော သေခြင်းအရှိန်အဝါတစ်ခု ဖြစ်သည်။ ၎င်းသည် မြေအောက်ကမ္ဘာနှင့် မြစ်ဝါမြစ်၏စိတ်ဆန္ဒ ၊ ဘဝပြန်ဝင်စားခြင်းမှော်အစွမ်း ဖြစ်၏။

၎င်းကား ဘဝပြန်ဝင်စားခြင်းအနှစ်သာရပင်။

ဤကြောက်ခမန်းလိလိ တာအိုနယ်ပယ်အနှစ်သာရများက အကွဲကြောင်းအား အပြီးတိုင် ဖျက်စီးပစ်တော့မည့်အလား ပြေးဝင်သွားသည်။

သို့သော် အနှစ်သာရစီးကြောင်းသုံးကြောင်း အကွဲကြောင်းအနား ရောက်သွားသည့်အချိန်မှာပင် လက်တစ်ဖက်က အတွင်းထဲမှ ဖြေးညင်းစွာ ထွက်လာသည်။ အဆိုပါလက်က လက်ချောင်းတစ်ချောင်းကို ဝှေ့ယမ်းလိုက်ရာ ရုတ်တရက် အနှစ်သာရများ ပျောက်ကွယ်သွားသည်။

လက်ကြီးသည် သွေးတစ်စက်မှမရှိသည့်အလား ခြောက်ကပ်ရှုံ့တွနေ၏။ ၎င်းမှာ သေဆုံးနေသော သစ်ပင်အိုကြီးနှင့်တူသည့်တိုင် စွမ်းအားက ထိုလက်ချောင်းထဲတွင် ပေါ်ပေါက်လာသေးသည်။ ၎င်းက မိုးနှင့်မြေကို ကိုင်လှုပ်နိုင်သော၊ နဝမတောင်ပင်လယ်၏ တာအိုနယ်ပယ်ပညာရှင်များအား စိတ်နှလုံးတုန်လှုပ်သွားစေသော စွမ်းအားတစ်ရပ်ဖြစ်၏။

ထိုမျှသာမက ထိုအခိုက်အတန့်တွင် နဝမတောင်မှ တစ်ခါမှ မမြင်ဖူးသော လှိုင်းများ ဖြာထွက်လာသည်။ ကျီမျိုးနွယ်စုတွင် ထာဝရကျိန်းစက်နေခဲ့သော တစ်စုံတစ်ယောက်သည် အဆိုပါလက်၏ ရုတ်တရက် ပေါ်ပေါက်လာမှုကြောင့် နိုးသွားခဲ့သယောင်ပင်။

ဖန်တောက်ဇီ၏ခန္ဓာကိုယ်မှာ တုန်ရီနေပြီး သူ့မျက်နှာက ဖြူဆုပ်သွားသည်။ အလွန်မယုံနိုင်ဖြစ်နေသောအရိပ်အယောင်တစ်ခုက သူ့မျက်လုံးများတွင် ပေါ်ပေါက်လာသည်။

“ခြောက်သွေ့သစ်ပင် နွေဦးတွင် ဖူးပွင့်လေ …. မဖြစ်နိုင်ဘူး။ သူက သေသွားပြီလေ။ ငါ့မျက်စိနဲ့ တပ်အပ်မြင်ခဲ့ရတာ။ သူ သေသွားတာကို ငါ ခံစားခဲ့ရတယ်။ သူ့အနှစ်သာရ ပျောက်ကွယ်သွားပြီး သူ့ဝိညာဉ်က မိုးနဲ့မြေရဲ့ ဘယ်နေရာမှာမှ မတည်ရှိတော့ဘူး။ သူက နဝမတောင်ပင်လယ်မှာ ဘယ်တော့မှ ပြန်လည်မွေးဖွားလို့မရတော့ဘူးလေ

“သူ အဲဒီနှစ်က တကယ် သေသွားတာ … ငါ လုံးဝ သေချာတယ်။ သူ ဘယ်နည်းနဲ့မှ အသက်မရှင်နိုင်ဘူး။ ခင်ဗျားက ဘယ်သူလဲ။ ခင်ဗျားက ဘယ်သူလဲလို့” ဖန်တောက်ဇီမှာ ရင်တဒိန်းဒိန်းခုန်နေပြီး သွေးရူးသွေးတန်း ကြောက်လန့်တကြား အော်ဟစ်လိုက်တော့သည်။

***

All Chapters