ပထမမျိုးဆက်ခေါင်းဆောင်ကြီး
Vol. 72 Ch. 1003
ဖန်မျိုးနွယ်စု၏ လက်ရှိပုန်ကန်ထကြွမှုအတောအတွင်း အလှည့်အပြောင်းများစွာ ဖြစ်ပျက်ခဲ့သည်။ ဖန်တောက်ဇီ နိုးထလာခဲ့သော်လည်း နဝမတောင်နှင့်ပင်လယ်အတွက် ၎င်းကပင် ယခုမြင်ကွင်းကဲ့သို့ အံ့ဩမှင်သက်ဖွယ်မကောင်းခဲ့ပေ။
ဂိုဏ်းအမျိုးမျိုးနှင့် မျိုးနွယ်စုအသီးသီးမှ တာအိုနယ်ပယ်ခေါင်းဆောင်ကြီးများသည် မျက်နှာဖြူဖပ်ဖြူလျော်နှင့် စိတ်နှလုံးတုန်ရီလျက် ကြည့်နေကြသည်။ ဖန်မျိုးနွယ်စု၏ ဘိုးဘေးမြေထဲမှ လက်ကြီးက ဝဲ၏အပြင်သို့ ထွက်လာသောအခါ သူတို့၏စိတ်များမှာ ဗလာကျင်းကုန်ကြလေသည်။
ဖန်မျိုးနွယ်စု၏ ပထမဆုံးမျိုးဆက်ခေါင်းဆောင်ကြီးသည် နဝမတောင်ပင်လယ်၏ သမိုင်းကြောင်းတွင် ဘယ်တော့မှ မေ့မရနိုင်သော ပုဂ္ဂိုလ်တစ်ဦးဖြစ်၏။
ရှေးရှေးတုန်းက ရုန့်ရင်းဆန်ခတ်အခြေအနေများ ထကြွလာသောအခါ သူသည် လျှို့ဝှက်ဆန်းကြယ်သော သခင်လီနှင့် ရင်ဘောင်တန်းလက်တွဲရင်း နဝမတောင်ပင်လယ်၏ အင်အားစုအကုန်လုံးကို နှိမ်နင်းခဲ့သည်။ သူက အညတရအဖြစ်မှ စတင်ခဲ့သည့်တိုင် မိုးကောင်းကင်အားလုံးထက်ပင် မြင့်မားသော အဆင့်အထိ တက်လှမ်းနိုင်ခဲ့၏။ သူသည် သူ့ကို လူတိုင်း ကြောက်ရွံ့လေးစားရအောင် သတ်ပွဲကြီးတစ်ပွဲအား ဆင်နွဲခဲ့၏။ သူ၏ မိုက်ရူးရဲဆန်သော ရဲစွမ်းသတ္တိက ကြယ်တာရာကောင်းကင်၏ချောင်ကြိုချောင်ကြားမကျန် သွေးကဲ့သို့ နီစွေးစွန်းထင်းစေခဲ့သည်။
ထိုကာလအတွင်း သူတို့သည် သခင်ကျီကိုလည်း သိလာခဲ့ကြသည်။ သူတို့သုံးယောက်က ခေတ်ပြိုင်ပုဂ္ဂိုလ်များအတွက် အိပ်မက်ဆိုး၊ နဝမတောင်ပင်လယ်၏ပါရာဂွန်များ၊ ရာဇဝင်တွင်သော အကျော်အမော်သုံးဦးဖြစ်သည်။
သူတို့သည် နောက်ဆုံးတွင် နောက်လိုက်များအဖြစ် နတ်မိစ္ဆာကြီးသုံးဦးအပါအဝင် နဝမတောင်ပင်လယ်ကို တစ်ပေါင်းတစ်စည်းတည်း ဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် လာရောက်ပူးပေါင်းကြသော အစွမ်းထက်ပညာရှင်များစွာကို စည်းရုံးနိုင်ခဲ့၏။ ဤသို့ဖြင့် ဆရာအကြီးအကဲကိုးဦး ရှိလာကြသည်။
နဝမတောင်ပင်လယ်၏ ရုန်းရင်းဆန်ခတ်အခြေအနေများ နိဂုံးချုပ်သွားသောအခါ မိစ္ဆာအင်မော်တယ်ဂိုဏ်းကို တည်ထောင်သည်။ ၎င်းသည် အင်အားစုအားလုံး ခစားရန်မှတစ်ပါး အခြားရွေးချယ်စရာမရှိစေသော၊ နဝမတောင်ပင်လယ်၏ အင်အားအကြီးဆုံးဂိုဏ်းတစ်ဂိုဏ်း ဖြစ်လာခဲ့သည်။
အထိမ်းအမှတ်ပွဲများနှင့် ကျန်အခါသမယများတွင် လူများသည် …. ဖန်မျိုးနွယ်စု၏ ပထမမျိုးဆက်ခေါင်းဆောင်ကြီးမပါလျှင် သခင်လီ၏ စစ်ပွဲသည် အဆများစွာ ခက်ခဲပြင်းထန်လိမ့်မည်ဟု မကြာခဏ ပြောကြ၏။ အဘယ်ကြောင့်ဆိုသော ပထမမျိုးဆက်ခေါင်းဆောင်ကြီးက သခင်လီကို ကယ်တင်ရန် သူ့အသက်ကို ကြိမ်ဖန်မနည်း လောင်းကြေးထပ်ခဲ့၍ပင်။
ထိုအရာအားလုံးကြောင့် ဖန်မျိုးနွယ်စု၏ ပထမမျိုးဆက်ခေါင်းဆောင်ကြီးက နဝမတောင်ပင်လယ်တစ်ခုလုံးကို အုံးအုံးကြွက်ကြွက် ဖြစ်စေခဲ့လေသည်။ သူသည် လွန်ခဲ့လေပြီးသော နှစ်များစွာကတည်းက တရားထိုင်ရင်း ကွယ်လွန်သွားခဲ့သည့်တိုင် ယခုတွင် ပေါ်လာသော ခြောက်ကပ်ကပ်လက်ကြီးက နဝမတောင်ပင်လယ်တစ်ခုလုံးကို အံ့အားသင့်သွားစေသည်။
တာအိုဆရာအစည်းအရုံးသုံးခုမှာ မှင်သက်နေပြီး နဝမတောင်ပေါ်ရှိ ကျီမျိုးနွယ်စုတွင်တော့ ရုတ်ရုတ်သဲသဲ ဖြစ်နေသည်။
အမှန်တွင် မိုးကောင်းကင်များနှင့် တစ်သားတည်းဖြစ်လျက် ထာဝရမသေဆုံးဘဲ တည်ရှိနေခဲ့သော ၊ ကျီမျိုးနွယ်စု ပထမမျိုးဆက်ခေါင်းဆောင်ကြီး၏ စိတ်ဆန္ဒသည် ရုတ်တရက် နိုးထလာပြီး … သူ့မိတ်ဆွေဟောင်းကြီးရှိရာသို့ လှမ်းကြည့်လိုက်၏။
သူ နိုးထလာသောအခိုက်အတန့်တွင် နဝမတောင်ပင်လယ်တစ်ခုလုံးရှိ သဘာဝနိယာမအားလုံး ဆိတ်ငြိမ်သွားသည်။
ထိုအခိုက်အတန့်တွင် အဆိုပါအက်ကွဲကြောင်းမှ ထွက်လာခဲ့သော လက်ကြီးမှအပ နဝမတောင်ပင်လယ်တစ်ခွင်တွင် မည့်သည့်အရာမှ မကျန်ရှိတော့သည့်အလားပင်။ အနှစ်သာရစွမ်းအား လွင့်ပျယ်သွားသည့်အခါ ပုံရိပ်တစ်ခုက အစိမ်းရောင်ဝတ်ရုံရှည်ကို ဆင်မြန်းလျက် ထွက်လာသည်။ သူက ဝဲထဲမှ ဖြေးညင်းစွာ ထွက်လာကာ အားလုံး၏အာရုံစိုက်ရာ ဖြစ်လာ၏။
သူ့ကို မြင်လိုက်သော ဖန်မျိုးနွယ်ဝင်တိုင်းမှာ မိုးကြိုးတစ်ရာဖြင့် အပစ်ချခံလိုက်ရသည့်အလား ကြက်သေသေကုန်ကြသည်။ ဤပုဂ္ဂိုလ်သည် သူတို့နှင့် လွန်စွာ ရုပ်ချင်းဆင်တူရာ သူမည်သူဖြစ်ကြောင်း သူတို့ မသိဘဲ ရှိမည်လော။ အတိတ်တုန်းက သူ၏ပန်းချီကို မမြင်ဖူးသည့် မျိုးနွယ်ဝင်တစ်ယောက်မှ မရှိ၍ အကုန်လုံး ဦးညွှတ်အရိုသေပေးလိုက်ကြသည်။
၎င်းက ဖန်မျိုးနွယ်စု၏ ပထမမျိုးဆက်ခေါင်းဆောင်ကြီးပင်။
မန်ဟိုမှာ ခေါင်းတစ်ခေါင်းလုံး ပေါက်ကွဲတော့မည့်အလား ခံစားနေရသည်။ တခြားသူများ၏ အံ့ဩတုန်လှုပ်မှုက သူ ခံစားနေရသည်နှင့် မယှဉ်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် မန်ဟိုသည် ဤလူကား … ရှေးသင်္ချိုင်းထဲတွင် တရားထိုင်နေခဲ့သောအလောင်းဖြစ်ကြောင်း ချက်ချင်း မှတ်မိလိုက်၍ပင်။
“သူ … သူက တကယ်ကြီး အသက်ရှိနေတာပဲ” မန်ဟိုက ဟောဟဲလှိုက်ရင်း တွေးလိုက်သည်။ ထို့နောက် သူသည် ရှေးသင်္ချိုင်းထဲတွင် ဤလူ၏မျက်စိရှေ့၌ မည်ကဲ့သို့ ကျင့်ကြံခဲ့သည်ကို ပြန်တွေးပြီးနောက် ရုတ်တရက် ကျောစိမ့်သွားတော့၏။
ပထမမျိုးဆက်ခေါင်းဆောင်ကြီး ဝဲထဲမှ ထွက်လာသည်နှင့် ဖန်ရှုတောက်၏မျက်လုံးများသည် စိတ်လှုပ်ရှားမှု၊ ရိုသေလေးစားမှုတို့ဖြင့် ဝင်းလဲ့သွားသည်။
“ဂါဝရပြုပါတယ် ပထမမျိုးဆက်ခေါင်းဆောင်ကြီး” သူက ချက်ချင်း ဒူးထောက်အရိုအသေပေးလိုက်သည်။
ဖန်ယန်ရှီ၏အမူအရာမှာ တည်ငြိမ်နေသည်။ စောစောက သူ၏ဒဏ်ရာများမှာ ရှိနေသေးသော်လည်း သူ့မျက်နှာအပေါ်ရှိ ထိတ်လန့်မှုမှာ ဟန်ဆောင်ရုံသက်သက်သာ ဖြစ်ခဲ့လေသည်။ ယခု သူ ဒူးထောက်အရိုအသေပေးလိုက်စဉ် ရိုသေကိုင်းရှိုင်းနေသောပုံစံအား မြင်ရနိုင်သည်။
ဖန်တယွမ်လည်း ထိုနည်းတူ ဒူးထောက်လိုက်သည်။
ဖန်မျိုးနွယ်ဝင်အားလုံး ရင်တုန်စိတ်လှုပ်ရှားလျက် ဒူးထောက်လိုက်ကြသည်။ သစ္စာဖောက်မျိုးနွယ်ဝင်များမှာမူ ကြောက်လန့်တုန်ရီစွာဖြင့် ရပ်နေကြသည်။ မည်သူ ဦးစွာ ဒူးထောက်လိုက်သလဲ မပြောနိုင်သော်လည်း အကုန်လုံး ဒူးထောက်လိုက်ကြသည်။
ရုတ်တရက် ကမ္ဘာမြေကြီးသည် ကျွံကျလာပြီး သတ္တမခေါင်းဆောင်ကြီးနှင့်အတူ တိုက်ခိုက်နေသော ခေါင်းဆောင်ကြီးများအား ဖော်ပြလိုက်သည်အထိ တောက်လျှောက် ထိုးဆင်းသွားသည့် အပေါက်ကြီးတစ်ပေါက် ပေါ်လာသည်။ အကုန်လုံး တိုက်ခိုက်နေသည်ကို ရပ်၍ ဒူးထောက်အရိုအသေပေးလိုက်ကြ၏။
မန်ဟိုမှာ အခြားသူများနှင့်အတူ ပထမမျိုးဆက်ခေါင်းဆောင်ကြီးအာ အရိုအသေပေးရင်း မျက်လုံးပြူးနေသည်။
သူသည် အရှေ့အောင်ပွဲဂြိုဟ်သို့ ထွက်မလာခင် သူ့အဖေပြောခဲ့သောအရာများကို ရုတ်တရက် တွေးမိလိုက်သဖြင့် စိတ်နှလုံးချာချာလည်သွားလေ၏။ သူ့အဖေမှာ အရှေ့အောင်ပွဲဂြိုဟ်ပေါ်တွင် မန်ဟို အန္တရာယ်လုံးဝမရှိကြောင်း အင်မတန် သေချာနေပုံပေါ်ခဲ့သည်။
“နိဗ္ဗာနသစ်သီးတွေက ငါ ဒီကို လာအောင် လုပ်ထားတဲ့ ငါးစာသက်သက်ပဲ….” သူ့မှာ ရုတ်တရက် သဘောပေါက်သွားလေပြီ။
ကျီရှုံ့ဖန်သည် ကြောင်တောင်တောင်ကြည့်နေပြီး အစိမ်းရောင်ဝတ်ရုံနှင့်လူ ဝဲထဲမှ ထွက်လာသောအခါ တစ်ကိုယ်လုံး ပြင်းပြင်းထန်ထန် တုန်ရီနေတော့၏။ သူမမှာ အသက်ရှူမြန်လာကာ ချာချာလည်နေတော့သည်။ သူမလည်း ဖန်မျိုးနွယ်စု ပထမမျိုးဆက်ခေါင်းဆောင်ကြီးပုံတူပန်းချီများအား မြင်ခဲ့ဖူးသည့်အပြင် သူ့အကြောင်း ဒဏ္ဍာရီများစွာကိုလည်း ကြားခဲ့ဖူး၏။
သူက … မိုးကောင်းကင်ကို ထိန်းချုပ်ဖို့အတွက် တိုက်ခိုက်ခဲ့စဉ်တုန်းက သခင်ကျီကိုပင် ကြောက်လန့်စေခဲ့သော ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။
ကျီရှုံ့ဖန်အတွက် အရာအားလုံးကို နားလည်ရန် စက္ကန့်ဝက်မျှသာ ကြာလိုက်သည်။
“ဆိုတော့ ဒါက ဖန်ရှုတောက်ရဲ့ဝှက်ဖဲကိုး” သူမက တွေးသည်။ “သူက ပထမမျိုးဆက်ခေါင်းဆောင်ကြီး အသက်ရှင်နေသေးတာကို သိနေခဲ့တာပဲ။ တစ်ချိန်လုံးပန်းတိုင်က … ကျီမျိုးနွယ်စုနဲ့ မပတ်သက်ဘဲ …. ဖန်တောက်ဇီအတွက် ဖြစ်နေခဲ့တာ”
သူမသည် ပထမမျိုးဆက်ခေါင်းဆောင်ကြီး လမ်းလျှောက်ထွက်လာသည်ကို မြင်လျှင် မျက်နှာတွင် သွေးမရှိတော့ပေ။ ရုတ်တရက် သူမမှာ ဟိုးအစကတည်းက လူရွှင်တော်ကြီးသဖွယ် ဖြစ်နေခဲ့ကြောင်း သဘောပေါက်လိုက်တော့သည်။ အောင်နိုင်မှုက သူမလက်ထဲတွင် ရှိနေပြီဖြစ်၍ မည်သည့်အရာကိုမှလည်း အမှတ်တမဲ့မဖြစ်ခဲ့ကြောင်း ယုံကြည်ချက်ရှိခဲ့သည်။ သို့သော် အရေးအကြီးဆုံးအရာကိုမှ သူမ အတွက်မှားခဲ့လေပြီ။
ပထမမျိုးဆက်ခေါင်းဆောင်ကြီးကား အမှန်တကယ် အသက်ရှင်နေသေး၏။
“ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ… ဖန်မျိုးနွယ်စုရဲ့ ပထမမျိုးဆက်ခေါင်းဆောင်ကြီးက သေသွားပြီလေ။ နဝမတောင်ပင်လယ်ရဲ့ အနှစ်သာရကတောင်မှ အဲ့ဒါကို အတည်ပြုပေးခဲ့တာ။ သူ ဘယ်နည်းနဲ့မှ အသက်မရှင်နိုင်သေးဘူး။ နဝမတောင်ပင်လယ်ရဲ့ အနှစ်သာရက ခေါင်းဆောင်ကြီးကျီရဲ့အပိုင်လေ။ သူက ဘယ်လိုလုပ်ပြီး မှားနိုင်မှာလဲ” ကျီရှုံ့ဖန်တစ်ယောက် အံ့ဩပြီးရင်း အံ့ဩနေစဉ် ဖန်တောက်ဇီက အကွဲကြောင်းထဲမှ ထွက်လာသော ပုံရိပ်ကို ကြည့်၍ ရူးတော့မတတ် ဖြစ်သွားတော့သည်။
“မဖြစ်နိုင်ဘူး … ဒါ လုံးဝ မဖြစ်နိုင်ဘူး ….” ဖန်တောက်ဇီမှာ တဆတ်ဆတ် တုန်နေတော့သည်။ သူ့တစ်ဘဝလုံးတွင် အကြောက်ဆုံးလူမှာ သူ့အဖေ ၊ ပထမမျိုးဆက်ခေါင်းဆောင်ကြီးမှတစ်ပါး အခြားမဟုတ်ပေ။
ထိုအကြောက်တရားမှာ ကြီးမားလွန်းသည့်အတွက် သခင်ကျီ မိုးကောင်းကင်ကို စိုးမိုးရန် တိုက်ခိုက်ခဲ့သောနှစ်အတောအတွင်း သူသည် သူ၏အကြောက်တရားကို ဖျက်စီးခွဲထုတ်ရန် ဆုံးဖြတ်ခဲ့၏။ ထိုအကြောက်တရားက သူ၏အတွင်းနတ်ဆိုးဖြစ်၍ ၎င်းကို မခွဲထုတ်လျှင် ကျင့်ကြံခြင်းအခြေခံအဆင့် ထပ်မံတက်ရန် လွန်စွာခက်ခဲပေလိမ့်မည်။
ထိုအတွင်းနတ်ဆိုးကို သူ့ကို ချုပ်နှောင်ထားသော သံကြိုးပမာ ဖြစ်လာခဲ့ပြီး ထိုစစ်ပွဲအတောအတွင်း သူသည် ကျီမျိုးနွယ်စုနှင့် ပူးပေါင်းခဲ့၏။ ကျီမျိုးနွယ်စုနှင့် ဖန်မျိုးနွယ်စု တစ်ဖက်နှင့်တစ်ဖက် တိုက်ခိုက်သောအခါ သူက ဖန်မျိုးနွယ်စု၏ သမိုင်းတွင် … မျိုးနွယ်စုအား ပထမဆုံး သစ္စာဖောက်သူဖြစ်လာခဲ့သည်။
သူ့မှာ သူ့အဖေ၏ စိတ်ပျက်နေသော မျက်ဝန်းများ၊ ပူဆွေးနေသော မျက်နှာထားကို ဘယ်တော့မှ မေ့မရခဲ့ပေ။ ဖန်တောက်ဇီသည် ထိုအမူအရာများကို မြင်လျှင် အလွန်တရာပျော်ရွှင်ခဲ့ပြီး ဟားတိုက်ပင် ရယ်မောခဲ့၏။
ခင်ဗျားက ဖန်မျိုးနွယ်စုကို တည်ထောင်ခဲ့တယ်ပေါ့လေ။ အေး ကျုပ်က အဲ့ဒါကို ဖျက်စီးပစ်မှာ။ ဘာကြောင့်လဲသိလား ဖန်မျိုးနွယ်စုအသစ်၊ ကျုပ်ရဲ့ဖန်မျိုးနွယ်စုကို ဖန်တီးမလို့။
ထိုစကားလုံးများသည် သူ့အဖေ သူ့ကို ချုပ်နှောင်ခဲ့စဉ်တုန်းက ပြောခဲ့သောစကားလုံးများ ဖြစ်သည်။ သူက ရယ်ပင်ရယ်ခဲ့သည်။
ဖန်မျိုးနွယ်စု ထိုစစ်ပွဲအား ရှုံးခဲ့သည်။ ကျီမျိုးနွယ်စု အနိုင်ရသွား၍ မိုးကောင်းကင်များအား အုပ်စိုးထိန်းချုပ်ကာ နဝမတောင်ပင်လယ်၏သခင်နေရာကို သိမ်းပိုက်ခဲ့သည်။ သူတိုအနိုင်ရသွားသော အကြောင်းရင်းက သစ္စာဖောက်ဖန်တောက်ဇီတစ်ယောက်တည်းကြောင့် မဟုတ်သော်လည်း သူ၏သစ္စာဖောက်မှုက အရေးပါသောကဏ္ဍတစ်ခု ဖြစ်ခဲ့သည်။
ဖန်တောက်ဇီမှာမူ ပထမမျိုးဆက်ခေါင်းဆောင်ကြီး၏ဖမ်းချုပ်ခြင်း ခံခဲ့ရသည်။ ခေါင်းဆောင်ကြီးမှာ ခွင့်လွှတ်မရနိုင်သောအပြစ်များကို သူ့သား ကျူးလွန်ခဲ့သည့်တိုင် မသတ်ရက်ခဲ့ပေ။ သူက သူ့သား၏ခန္ဓာကိုယ်ကို ဖျက်စီးရင်း ဖန်မျိုးနွယ်ဝင်အဖြစ် ပြန်မွေးဖွားနိုင်စေရန် ဝိညာဉ်အား ချန်ထားခဲ့သည်။
ပထမမျိုးဆက်ခေါင်းဆောင်ကြီး တရားထိုင်ရင်း ကွယ်လွန်သွားသောအချိန်တွင် ဖန်တောက်ဇီသည် ဖန်မျိုးနွယ်စု၌ အကြိမ်ပေါင်းများစွာ ပြန်လည်မွေးဖွားလာခဲ့၏။ ပထမမျိုးဆက်ခေါင်းဆောင်ကြီး ကွယ်လွန်သွားပြီးနောက် ကျီတျန်း သုံးခဲ့သော ကံကြွေးမှော်အစွမ်းကြောင့်သာမဟုတ်လျှင် ဖန်တောက်ဇီသည် တစ်ချိန်လုံး ဘဝပြန်ဝင်စားခြင်းသံသရာသာ လည်နေခဲ့မှာ ဖြစ်၏။ သူ မည်သူမှန်း မသိဘဲ တစ်ဘဝပြီးတစ်ဘဝ ကုန်ဆုံးသွားလိမ့်မည်။
သို့ရာတွင် ကံကြွေးမှော်အစွမ်းကြောင့် သူ နိုးထလာခဲ့သည်။
ထို့နောက် သူသည် ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို မှတ်မိသွားပြီး မျိုးနွယ်စုအား ဖျက်စီးလိုသည့် ပြင်းပြသော အာသီသက တစ်ဖန် လောင်မြိုက်လာခဲ့သည်။
သူသည် သူ၏သရုပ်မှန်ကို မဖော်ပြဘဲ ကျင့်ကြံခြင်းအခြေခံကို ပြုပြင်ရင်း သိုသိုသပ်သပ်နေခဲ့၏။ နောက်ဆုံးသော သူ သေသွားပြီး ပြန်မွေးဖွားလာခဲ့သည်။ သို့သော် ထိုအချိန်မှစ၍ မွေးဖွားလာတိုင်း သူသည် နိုးထလာခဲ့၏၊ အကြိမ်တိုင်း ဆက်လက်ကျင့်ကြံအားထုတ်ခဲ့ကာ တစတစ အစွမ်းထက်လာခဲ့သည်။
သို့သော် သူ့မှာ မလှုပ်ရှားရဲခဲ့ပေ။ သူ့အဖေ ကွယ်လွန်သွားပြီဖြစ်ကြောင်း ကြားခဲ့ရသော်လည်း အမှန်တကယ် သေသွားပြီဟု မယုံရဲခဲ့ပေ။ သူ့အဖေ မသေခင် မည်ကဲ့သို့သောပြင်ဆင်မှုများကို ချန်ရစ်ထားခဲ့သည်ကိုလည်း သူ မသိ။ သို့သော် သူသည် စိတ်ရှည်၏။ အောင်မြင်နိုင်ကြောင်း မသေချာမချင်း တစ်ချက်မှမလှုပ်ဘဲ စောင့်ပြီးရင်း စောင့်နေခဲ့သည်။
သို့သော် ဖန်ဟဲ့ရှန်း ကျောက်စိမ်းပြားအား ချိုးလိုက်သောအခါ အစီအစဉ်သည် ဆောလျင်စွာ ဖြစ်ပေါ်သွား၏။ ဖန်တောက်ဇီမှာ ပုန်းလျှိုးနေ၍မရတော့ပေ။ မှန်ပါသည်၊ အစီအစဉ်အား နောက်မှအကောင်အထည်ဖော်လျှင်တောင်မှ ဖန်မျိုးနွယ်စုမှာ ကျီမျိုးနွယ်စု၏ပြင်ဆင်မှုများကြောင့် လုံးလုံးလျားလျား ဖရိုဖရဲဖြစ်ရဦးမှာ ဖြစ်သည်။
သူတို့ ဤအစီအစဉ်ကို အကောင်အထည် ဖော်လိုရခြင်းမှာ သခင်ကျီပင်လျှင် မရယူနိုင်ခဲ့သော သခင်လီ၏အမွေကိစ္စကြောင့် ဖြစ်သည်။ ကျီမျိုးနွယ်စုသည် ထိုအမွေနှင့်ဆက်စပ်နေသော ကံတရားက အရှေ့အောင်ပွဲဂြိုဟ်ပေါ်တွင် ဖြစ်ကြောင်း တွက်ချက်နိုင်ခဲ့၏။
ဖန်တောက်ဇီက ဖန်မျိုးနွယ်စု ဝှက်ဖဲအကုန်လုံးကို ထုတ်သုံးပြီး နောက်ဆုံးအခြေအနေရောက်သွားသည့်တိုင်အောင် စောင့်ခဲ့သည်။ မန်ဟို ပထမမျိုးဆက်ခေါင်းဆောင်ကြီး၏ နိဗ္ဗာနသစ်သီးကို စုပ်ယူလိုက်သောအခါတွင် … သူ့မှာ ပို၍ပင် ယုံကြည်ချက်ရှိသွားခဲ့သည်။ ဖန်တောက်ဇီသည် သွေးဆက်အာရုံအရ သူ့အဖေ အမှန်တကယ် သေဆုံးသွားပြီဟု ရာနှုန်းပြည့်ယုံကြည်သွားခဲ့၏။
ထို့ကြောင့် သူ့ကိုယ်သူ ဖော်ပြ၍ အလင်းထဲ ထွက်လာရန် ရွေးချယ်ခဲ့ခြင်းပင်။
သူ့မှာ ဤကဲ့သို့ အဖက်ဖက်မှ နှိုင်းချိန်သုံးသပ်ပြီးနောက် အောင်မြင်တော့မည့်ဆဲဆဲတွင် ရုတ်တရက် သူ့အဖေ မသေသေးကြောင်း တွေ့လိုက်ရလိမ့်မည်ဟု တစ်ခါမှ မထင်ထားခဲ့ပေ။
“မဖြစ်နိုင်ဘူး။ ခင်ဗျား တကယ် မသေသေးရင် ဘာကြောင့် ကျုပ်ကို စောစော မသတ်ခဲ့တာလဲ…” ဖန်တောက်ဇီက တဆတ်ဆတ် တုန်နေလျက် အော်သည်။
ဖြေကြားသူမှာ ပထမမျိုးဆက်ခေါင်းဆောင်ကြီးမဟုတ်ဘဲ ဖန်ရှုတောက်ဖြစ်သည်။
“ဖန်မျိုးနွယ်စုရဲ့ သစ္စာဖောက်တွေ ဘယ်သူဘယ်ဝါဆိုတာ ငါတို့အကုန်သိတယ်” သူက ပြောသည်။ “မင်းကလွဲလို့ပေါ့။ ငါတို့ အချိန်မရွေး သူတို့ကို သတ်ပစ်နိုင်ခဲ့တယ်။ ဒါပေမဲ့ အဲ့ဒီလိုလုပ်လည်း ထူးမှမထူးတာ။ မင်းအသက်ရှင်နေသေးသရွေ့ သူတို့ကို ဖယ်ရှားပစ်တာက ကပ်ဘေးကို အချိန်ဆွဲထားရုံပဲ ရှိမှာ
“မင်းက ဘယ်သူဆိုတာက ငါတို့ မသိခဲ့ဘူး … ကျီတျန်းပဲ ပထမမျိုးဆက်ခေါင်းဆောင်ကြီးရဲ့ မှော်သိုင်းကွက်နဲ့ပတ်သက်ပြီး သဲလွန်စရှာနိုင်လောက်တယ်။ ငါတောင်မှ မင်း ဘယ်သူအဖြစ်နဲ့ ပြန်မွေးဖွားလာသလဲ မသိဘူး
“မင်းသေမှပဲ ဖန်မျိုးနွယ်စုရဲ့ ဂြိုဟ်ဆိုးတွေကို အမြစ်ဖြုတ်နိုင်မှာ
“ဒါကြောင့် ငါတို့က မင်းကို မျှားခေါ်ဖို့ … ဒီလိုအစီအစဉ်ချခဲ့တာပဲ” သူ စကားပြောနေစဉ် သူ၏မျက်လုံးများသည် မန်ဟို့ထံသို့ ရောက်ရှိလာ၏။
မန်ဟို့မျက်နှာ ရိပ်ခနဲ ဖြစ်သွားသည်။ သူသည် ဘိုးဘေးစံအိမ်၏မြေပြင်ထက်တွင် စွန်းထင်းနေသော သွေးစီးကြောင်းများကို ကြည့်ရင်း ရင်ထဲ၌ ရှုပ်ထွေးသောခံစားချက်များ ပြည့်နှက်လာ၏။
ဒုတိယခေါင်းဆောင်ကြီး၊ စတုတ္ထခေါင်းဆောင်ကြီးနှင့် ဆဋ္ဌမခေါင်းဆောင်ကြီးတို့မှာ ဖန်ရှုတောက်၏စကားလုံးများကို ကြားသောအခါ မျက်နှာဖြူဆုပ်သွားတော့သည်။
“မင်းတို့ အသက်ရှင်နေသေးလဲ ဘယ်ကောင်က သောက်ဂရုစိုက်မှာတုန်း” ဖန်တောက်ဇီက ဟိန်းဟောက်လိုက်သည်။ “ငါ ဒီတစ်ခေါက် မအောင်မြင်ကောင်းမအောင်မြင်လိမ့်မယ် …ဒါမဲ့ အနည်းဆုံးတော့ ဖန်မျိုးနွယ်ဝင်တော်တော်များများကို ငါနဲ့ သေရွာခေါ်သွားနိုင်ခဲ့သေးတယ်။ အဲ့ဒါနဲ့ လုံလောက်ပြီ” ဖန်တောက်ဇီသည် ခေါင်းနောက်လှန်၍ ယုတ်မာကောက်ကျစ်စွာ ရယ်လိုက်၏။ သူ့အဖေ ထွက်လာသည်ကို မြင်ကတည်းက … သူ ရှုံးသွားပြီဖြစ်ကြောင်း သိခဲ့လေသည်။
သို့သော် သူ့စကားက မှန်သည်။ မျိုးနွယ်စုတစ်စုလုံး၏ တစ်ဝက်ကျော်မှ အသတ်ခံခဲ့ရသည်။ သွေးစီးကြောင်းများ၊ အလောင်းပုံများအား နေရာတိုင်းတွင် မြင်ရနိုင်သည်။
ဖန်ရှုတောက်က ပြန်မဖြေ။ သူသည် ဖန်တောက်ဇီကို နားလည်ရခက်သော အမူအရာဖြင့် ကြည့်နေ၏။ ဖန်မျိုးနွယ်စု၏ မြေခေါင်းဆောင်ကြီးအနေဖြင့် သူကား ဖန်တောက်ဇီအကြောင်းကို ကောင်းကောင်းသိလေသည်။ ဖန်တောက်ဇီမှာ ကိစ္စတစ်ရပ်လုံး၏ အမှန်တရားကို သဘောမပေါက်သေးသည့်အတွက် ၎င်းက သူ့အား သက်ပြင်းချမိစေသည်။
“စီနီယာတောက်ဇီ” သူက တိုးညင်းစွာ ပြောသည်။ “ဒီဂြိုဟ်က အရင်ကဖြစ်ခဲ့ဖူးတဲ့ အရှေ့အောင်ပွဲဂြိုဟ်မဟုတ်ဘူး”
တုံ့ပြန်သည့်အနေဖြင့် ဖန်တောက်ဇီမှာ ပင့်သက်ရှိုက်သွားပြီး မျက်နှာပျက်သွားသည်။ သူသည် သူ့အား ပါးစပ်အဟောင်းသား ဖြစ်သွားစေသော တစ်စုံတစ်ခုအား သတိရလိုက်သယောင်ပင်။
ထိုအခိုက်အတန့်တွင် ဖန်ရှုတောက်က ပထမမျိုးဆက်ခေါင်းဆောင်ကြီးဘက်လှည့်၍ လေးလေးနက်နက် အရိုအသေပေးလိုက်သည်။
တစ်ချိန်လုံး စကားတစ်ခွန်းမှ မပြောခဲ့သော အစိမ်းရောင်ဝတ်ရုံနှင့် ပထမမျိုးဆက်ခေါင်းဆောင်ကြီးက သူ့ပတ်ပတ်လည်ရှိ မြေပြင်များထံသို့ လက်ကို ဆန့်တန်းလိုက်သည်။
ခြောက်သွေ့သစ်ပင် …. နွေဦးတွင် ဖူးပွင့်လေ။
***