ဖန်မျိုးနွယ်စု
Vol. 72 Ch. 1004
“ခြောက်သွေ့သစ်ပင် နွေဦးတွင် ဖူးပွင့်လေ” ၌ အဓိပ္ပါယ်နှစ်ခု ပါရှိသည်။ တစ်ခုက သေဆုံးခြင်းဟူသော အရာအားလုံးတွင် ရှင်သန်ခြင်းအငွေ့အသက်အနည်းငယ်က မကြာခဏ ပေါ်လာတတ်သည်ဟု ဆိုလိုသည်။ ၎င်းက ရှင်ခြင်းနှင့်သေခြင်းကို ဆက်သွယ်ထားသော ဘဝပြန်ဝင်စားခြင်းအတိုင်း၊ ဘယ်တော့မှ အဆုံးမသတ်သော သံသရာတစ်ခုဖြစ်သည်။
နောက်အဓိပ္ပါယ်က နွေဦး၏ဖူးပွင့်ခြင်းမဟုတ်ဘဲ သံသရာစက်ဝန်းတစ်ခုနှင့် ဆက်နွှယ်နေသည်။ မည်သို့ဆိုစေ ၎င်းလည်း ရှင်သန်ခြင်းအကြောင်းပင်။
မန်ဟို တအံ့တဩ ကြည့်နေစဉ် ပထမမျိုးဆက်ခေါင်းဆောင်ကြီးက လက်ကို ဝှေ့ယမ်းလိုက်သည်။ ထို့နောက် သူသည် သူ့မျက်စိဖြင့် တပ်အပ်မြင်တွေ့ခဲ့ရသမျှထဲ ရင်သပ်ရှုမောဖွယ်အကောင်းဆုံးအရာကို မျက်လုံးအဝိုင်းသားနှင့် ကြည့်နေရတော့၏။
သူ မြင်နေရသည်မှာ အချိန်သည် ဘိုးဘေးစံအိမ်၏ အတွင်းရောအပြင်တွင်ပါ ရုတ်တရက် ရပ်သွား၏။ ထို့နောက် အရာအားလုံး နောက်ပြန်သွားနေသည်။
အသက်တစ်ရှိက်ပြီးတစ်ရှိုက်၊ တဒင်္ဂပြီး တဒင်္ဂ အရာအားလုံး နောက်ပြန်သွားနေသည်။ ပြန့်ကြဲနေခဲ့သော သွေးများက ခန္ဓာကိုယ်ထဲ ပြန်ဝင်သွားသည်။ ပြတ်ထွက်သွားခဲ့သော ခေါင်းများက လည်ပင်းများထံ ပြန်ရောက်ကုန်သည်။ အတုံးအရုံး သေဆုံးနေခဲ့သည်လူတိုင်း ပြန်လည်၍ မတ်တပ်ရပ်နေကြ၏။ ရှေ့သို့ ပြေးနေသူများ နောက်ပြန်သွားနေကြသည်။ တိုက်ခိုက်နေသူများ လူစုကွဲသွားသည်။
မန်ဟိုသည် သူနှင့်လူငါးယောက်မှအပ ဖန်မျိုးနွယ်ဝင်တိုင်း ဤသို့ဖြစ်ပျက်နေသဖြင့် အသက်ရှူမှားနေတော့၏။ ထိုလူငါးယောက်မှာ ဖြစ်ပျက်နေသောအရာနှင့်ပတ်သက်၍ သိပ်အံ့အားသင့်ပုံမရပေ။
သူတို့သည် ပထမမျိုးဆက်ခေါင်းဆောင်ကြီး၊ ဖန်ရှုတောက်၊ ဖန်ယန်ရှီ၊ ဖန်တယွမ်နှင့် ဖန်တောက်ဇီတို့ ဖြစ်၏။
ကျီရှုံ့ဖန်နှင့် တစ်ဝက်တစ်ပျက်တာအိုပညာရှင်သုံးဦးအပါအဝင် ဖန်မျိုးနွယ်တိုင်း၊ လူတိုင်း မှော်အစွမ်း၏သက်ရောက်ခြင်းခံနေရသည်။
မန်ဟိုသည် တိုက်ခိုက်နေသော မျိုးနွယ်ဝင်များ လူစုကွဲ၍ အချိန်နောက်ပြန်သွားရင်း မူလနေရာသို့ ပြန်ရောက်သွားကြောင်း မြင်လိုက်ရသဖြင့် အသက်ပင် မရှူနိုင်တော့ပေ။ မန်ဟို့အတွက် ပို၍ပင် အံ့ဩစရာကောင်းသည်မှာ …. သူ့ကိုယ်သူ မြင်နေရခြင်းပင်။
သူသည် သူနှင့်ဖန်ဝေ၏ တိုက်ပွဲတစ်ပွဲလုံးကို မြင်နေရ၏။ ဖန်ဝေ၊ ဖန်ရှုံ့ရှန်းနှင့် ဖန်ဟဲ့ရှန်းတို့၏သေဆုံးမှုများ နောက်ပြန်သွားနေသည်ကို မြင်လိုက်ရသည်။ သေခဲ့သင့်သောလူတိုင်း ယခု ပြန်ရှင်လာကြသည်။
ဖြစ်ပျက်နေသောအရာများကို မြင်တွေ့နေရခြင်းက မဖော်ပြနိုင်သော ခံစားချက်အား ရရှိစေသည်။ မန်ဟိုမှာ လုံးလုံးလျားလျား မှင်သက်နေတော့သည်။
ဖန်မျိုးနွယ်စုတစ်လျှောက်လုံး အချိန်နောက်ပြန်သွားနေသည်။ မြေတွင် စွန်းထင်းနေသောသွေးများ ပျောက်ကွယ်သွားပြီး သေသွားခဲ့သူများ ပြန်ပေါ်လာကာ မန်ဟိုနှင့်ဖန်ဝေ လေလယ်တွင် တိုက်ခိုက်နေသည်ကို လူတိုင်း ကြည့်နေကြသော အခိုက်အတန့်သို့ ပြန်ရောက်သွား၏။
ထိုအခိုက်အတန့်တွင် အရာအားလုံး ရပ်တန့်သွားသည်။
မန်ဟိုမှာ ကြောင်တောင်တောင်ကလေး ငေးကြည့်နေမိလေသည်။
ဤအချိန်တွင် ပထမမျိုးဆက်ခေါင်းဆောင်ကြီးက လက်ကို ဝှေ့ယမ်းလိုက်ရာ သေသွားသော ဖန်မျိုးနွယ်ဝင်အားလုံးအား ပျောက်ကွယ်သွားစေသည်။ မျက်စိတစ်မှိတ်အတွင်း သစ္စာရှိမျိုးနွယ်ဝင်များ ပျောက်သွားကာ သစ္စာဖောက်များကိုသာ ချန်ခဲ့၏။
ဖန်ဝေပင်လျှင် ပျောက်ကွယ်သွားသည်။
ထို့နောက် ပထမမျိုးဆက်ခေါင်းဆောင်ကြီးက လက်သီးဆုပ်လိုက်သည်။ သူ့အရှေ့ရှိ ကမ္ဘာသည် ဝုန်းခနဲ ပြိုကျသွားပြီး မရေမတွက်နိုင်သော အလင်းစက်များ ဖြာကျလာ၏။
ဘိုးဘေးစံအိမ်ထဲတွင် ကြောင်တောင်တောင်နှင့် မယုံနိုင်ဖြစ်နေသော သေသွားခဲ့သည့် သစ္စာရှိမျိုးနွယ်ဝင်များအား မြင်ရနိုင်သည်။
“အခု ဘာဖြစ်သွားတာလဲ။ ငါ သေသွားပြီ မဟုတ်ဘူးလား”
“ဒါ ဘယ်နေရာလဲ… ဖန်မျိုးနွယ်စုပဲလား”
“ဘာတွေဖြစ်နေတာတုန်း” ဖန်မျိုးနွယ်စု၏ အသက်ပြန်သွင်းခံလိုက်ရသော မျိုးနွယ်ဝင်များက တအံ့တဩဖြင့် ဟိုကြည့်သည်ကြည့် ကြည့်လိုက်ကြသည်။ သစ္စာဖောက်များမှာတော့ ပြင်းပြင်းထန်ထန် တုန်ရီနေလေပြီ။ ထို့နောက် သူတို့၏ပါးစပ်မှ သွေးများပန်းထွက်သွားပြီး အတုံးအရုံး လဲကျသေဆုံးကုန်ကြသည်။
ဒုတိယခေါင်းဆောင်ကြီး သေသွားသည်။ စတုတ္ထနှင့် ဆဋ္ဌမခေါင်းဆောင်ကြီး … သေသွားသည်။ အကုန်လုံး သေသွားကြလေပြီ။
ခြွင်းချက်ဟူ၍ မရှိ။
မျိုးနွယ်စုကို သစ္စာဖောက်ခဲ့သော မည်သူမဆို သေကြရ၏။
သူတို့၏သေဆုံးမှုက သေသွားသောမျိုးနွယ်ဝင်များ အသက်ပြန်ရှင်လာဖို့အတွက် အဖိုးအခအဖြစ် ပေးလိုက်ရသည့်အလားပင်။
မန်ဟိုသည် လူအုပ်ကြီးအား လှမ်းကြည့်လိုက်ရာ လူငယ်တစ်ယောက်အား မြင်လိုက်ရသည် …. ဖန်ဝေ။
ဖန်ဝေက ဘေးဘီဝဲယာအား ဇဝေဇဝါဖြင့် ကြည့်နေသည်။ သို့သော် သူ၏မျက်လုံးများသည် လျင်မြန်စွာ ပြတ်သားလာပြီး နောက်ဆုံးတွင် မန်ဟို့ကို ပြန်ကြည့်နေကြောင်း တွေ့လိုက်ရ၏။ သူက တွေဝေရှုပ်ထွေးနေသောအမူအရာဖြင့် သက်ပြင်းချလိုက်သည်။
နဝမတောင်ပင်လယ်၏ ဂိုဏ်းအမျိုးမျိုးနှင့် မျိုးနွယ်စုအသီးသီးမှ ကျင့်ကြံသူများမှာတော့ ချာချာလည်နေကြလေပြီ။ တာအိုနယ်ပယ်ခေါင်းဆောင်ကြီးများပင် ကြောက်လန့်တုန်ရီနေကြသည်။
“ရှင်ခြင်းနဲ့သေခြင်းအကြား အသွင်ပြောင်းခြင်း။ ဖန်မျိုးနွယ်စုရဲ့ ပထမမျိုးဆက်ခေါင်းဆောင်ကြီးက အဲဒီနယ်ပယ်ကိုတောင် ရောက်နေပြီလား”
“ဒါပေမဲ့ ဒါက အသွင်ပြောင်းတာမျိုးမဟုတ်ဘဲ … အချိန်နောက်ပြန်သွားပြီး သေသွားတဲ့သူတွေကို ဒီကိုပြန်ဆွဲခေါ်လိုက်တာမျိုးထင်တယ်။ သူက ဘယ်လိုကျင့်ကြံသူမျိုးပါလိမ့်။ အဲဒီလိုမျိုး လုပ်နိုင်တာ အင်မတန် ကြောက်စရာကောင်းတယ်”
“ဘယ်လောက်တောင် နက်နဲသိမ်မွေ့လိုက်သလဲ။ ဖန်မျိုးနွယ်စုရဲ့ ပထမမျိုးဆက်ခေါင်းဆောင်ကြီး လုံးဝခန့်မှန်းလို့မရဘူးပဲ”
ဤအခိုက်အတန့်တွင်မှ မန်ဟိုသည် မည်သည့်အတွက်ကြောင့် သူ့အသက်အန္တရာယ်မရှိကြောင်း သူ့အဖေ သေချာနေခဲ့သည်လဲ သဘောပေါက်လိုက်၏ …. သူ့အဖေသည် ပထမမျိုးဆက်ခေါင်းဆောင်ကြီးနှင့်ပတ်သက်သော ဤအစီအစဉ်တွင် တစ်စိတ်တစ်ပိုင်းပါဝင်ခဲ့ကြောင်းလည်း သေချာသွားသည်။
“ချီးပဲ” သူက တွေးသည်။ “ဟုတ်တာပေါ့ ငါ အသက်အန္တရာယ်မရှိဘူး။ ငါ သေသွားရင်တောင်မှ ပထမမျိုးဆက်ခေါင်းဆောင်ကြီးက ငါ့ကို ပြန်ခေါ်ပေးနိုင်တယ် …. ဒါပေမဲ့ … အဲဒီလိုမှော်သိုင်းကွက်မျိုးက မိုးကောင်းကင်ကို အင်မတန်ဖီဆန်လွန်းရာကျတယ်။ အဲဒီလိုတာအိုမျိုးက ဘယ်လိုလုပ်ပြီး တည်ရှိနေနိုင်တာလဲ” သူ့နှလုံးသားထဲတွင် အံ့ဩခြင်းလှိုင်းတံပိုးကြီးများ ထကြွနေသေးလေသည်။ အကြောင်းတစ်စုံတစ်ရာကြောင့် သူသည် ပထမမျိုးဆက်ခေါင်းဆောင်ကြီး၏ ကြောက်စရာကောင်းသောမှော်သိုင်းကွက်အား ကန့်သတ်ထားသည့်အကြိမ်ရေတစ်ခုအထိသာ အသုံးပြုနိုင်သည်ဟု ခံစားနေရ၏။
၎င်းတွင် တန်ပြန်သက်ရောက်မှုတချို့နှင့် … အခြားကန့်သတ်ချက်များလည်း မလွဲဧကန်ရှိလိမ့်မည်။ မဟုတ်လျှင် ဖန်မျိုးနွယ်စုအနေဖြင့် ကျီမျိုးနွယ်စုအား စစ်ရှုံးခဲ့မည်မဟုတ်ပေ။
“မဟုတ်မှ အရှေ့အောင်ပွဲဂြိုဟ်ပေါ်မှာပဲ အလုပ်ဖြစ်တာများလား” သူက မျက်လုံးများ ကျဉ်းမြောင်းလျက် တွေးလိုက်သည်။ ထို့နောက် သူသည် ဖန်ရှုတောက် ပြောခဲ့သောအရာကို ပြန်တွေးမိလိုက်၏။
အရှေ့အောင်ပွဲဂြိုဟ်က အရင်တုန်းကဖြစ်ခဲ့ဖူးတဲ့ အရှေ့အောင်ပွဲဂြိုဟ်မဟုတ်တော့ဘူး ….. မန်ဟိုမှာ ရင်တဒိန်းဒိန်း ခုန်လာပြီး အတွေးတစ်ခု သူ့ခေါင်းထဲတွင် ရုတ်တရက် ပေါ်လာသည်။
သူသည် အတွေးတစ်ချက်ကြယ်တာရာအသွင်ပြောင်းခြင်း၏ အထွတ်အထိပ်သိုင်းကွက်က … ဂြိုဟ်တစ်လုံးအသွင်ပြောင်းခြင်းဖြစ်ကြောင်း သတိရလိုက်လေ၏။
သူက မျက်လုံးပြူး၍ ခြေထောက်အောက်ရှိ မြေကြီးအား ငုံ့ကြည့်လိုက်သည်။ သူ့မှာ ၎င်းက အမှန်ဖြစ်ကြောင်း မယုံနိုင်လောက်အောင် ဖြစ်နေသည်။
“ဆိုတော့ … ဒါက ဖန်မျိုးနွယ်စုလား” သူ့မှာ ချာချာလည် မူးဝေသွားတော့သည်။
ဖန်မျိုးနွယ်ဝင်များ အသက်ပြန်သွင်းခံလိုက်ရသည့်အခိုက်အတန့်တွင် ကျီရှုံ့ဖန်မှာ အံ့အားသင့်နေတော့သည်။ သေစေနိုင်သောအန္တရာယ်အာရုံက သူမရင်ထဲတွင် ပြည့်ကြပ်နေ၏။ သူမမှာ ထပ်မံတွန့်ဆုတ်မနေတော့ဘဲ ကြယ်တာရာကောင်းကင်ထံသို့ ပျံတက်ရင်း ထွက်ပြေးရန် ကြိုးစားလိုက်သည်။ ထွက်ပြေးခြင်း အောင်မြင်သည်ဖြစ်စေ၊ မအောင်မြင်သည်ဖြစ်စေ၊ ကြိုးစားကြည့်ရုံမှတစ်ပါး ရွေးချယ်စရာမရှိပေ။
သူမသည် ယခုကဲ့သို့ တာအိုမှော်သိုင်းကွက်မျိုးကို မမြင်ခဲ့ဖူး၍ ဖန်မျိုးနွယ်ဝင်များ ပြန်လည်ရှင်သန်လာသည်ကို မြင်တွေ့ရခြင်းက သူမအား ကြောက်စိတ်တို့ မွှန်ထူသွားစေသည်။
တစ်ဝက်တစ်ပျက်တာအိုအဘိုးကြီးသုံးဦးလည်း ထိုနည်းတူပင်။ သူတို့သည် ရူးနေကြသော်လည်း ကြောက်တော့ကြောက်တတ်သေး၏။ သူတို့အားလုံး မျက်နှာဖြူဖပ်ဖြူလျော်နှင့် ခေါင်းနပန်းကြီးစွာဖြင့် လှည့်ပြေးကုန်ကြလေသည်။
ဖန်တောက်ဇီသည် မျိုးနွယ်ဝင်များ ပြန်လည်ရှင်သန်လာသည်ကို ငိုင်တွေတွေ ကြည့်နေပြီး ခါးသီးနေသောအရိပ်အယောင်က သူ၏မျက်ဝန်းများတွင် တဖြေးဖြေး ပေါ်လာသည်။
“အကုန်လေးက လုပ်ဇာတ်တစ်ခုပါပဲ” ဖန်ရှုတောက်က သနားနေသောအကြည့်ဖြင့် ဖန်တောက်ဇီကို ကြည့်ရင်း တိုးညှင်းစွာ ပြောသည်။
လုပ်ဇာတ်၊ ကျီမျိုးနွယ်စုပင်လျှင် တခမ်းတနား ဖျော်ဖြေရန် ရောက်လာခဲ့ရသည့် သရုပ်ဆောင်များသာ ဖြစ်နေသော လုပ်ဇာတ်။ ပထမမျိုးဆက်ခေါင်းဆောင်ကြီးက ဤမျှကြီးမားသော လုပ်ဇာတ်ကြီးကို အကွက်ချကနိုင်လောက်အောင် တန်ခိုးမြင့်မားသည့်အချက်က မန်ဟို့အား အံ့ဩမှင်သက်စွာဖြင့် အသက်ပြင်းပြင်းရှူလိုက်ရစေသသည်။
သို့သော် သူ့တွင် ထူးဆန်းသောခံစားချက်တစ်ခု ရှိနေသေး၏။ ဘာကြောင့် ပထမမျိုးဆက်ခေါင်းဆောင်ကြီးမှာ …. ခံစားချက်တစ်စက်မှ မရှိသည့်ပုံပေါ်နေသနည်း။
“အဖေက ဂြိုဟ်တစ်လုံးအဖြစ် ပြောင်းလဲနိုင်တဲ့ အဆင့်ကိုတောင် ရောက်ခဲ့မှတော့” ဖန်တောက်ဇီက တွေဝေရှုပ်ထွေးနေသောမျက်ဝန်းများဖြင့် ပြောသည်။ “ငါ့ကို ရှာချင်ရင် ရိုးရိုးလေးဖြစ်မှာလေ” သူက ဖန်ရှုတောက်အား မဝံ့မရဲကြည့်သည်။
“မင်းအဖေက အဲဒီလိုမလုပ်ချင်ခဲ့တာကြောင့်ပဲ” ဖန်ရှုတောက်က ရှင်းပြသည်။
ဖန်တောက်ဇီမှာ ထိုစကားကို ကြားလျှင် တသိမ့်သိမ့် တုန်လာသည်။ ထို့နောက် သူက ခေါင်းနောက်လှန်၍ ခါးသီးစွာ တဟားဟား အော်ရယ်သည်။ သူသည် ပူလည်း ပူဆွေး၊ ဒေါသလည်းထွက်၊ အစရှိသောခံစားချက်ပေါင်းများစွာဖြင့် အစိမ်းရောင်ဝတ်ရုံနှင့် ပထမမျိုးဆက်ခေါင်းဆောင်ကြီးကို လှည့်ကြည့်လိုက်၏။
သူ မည်သူဖြစ်သည်ဆိုသည်နှင့် သူ၏ကျင့်ကြံခြင်းအခြေခံအဆင့်ကို ထည့်တွက်လျှင် သူ့အနေဖြင့် အခြေအနေကို မည်သို့နားမလည်ဘဲ ရှိမည်နည်း။ သူ့အရှေ့ရှိ ပထမမျိုးဆက်ခေါင်းဆောင်ကြီးမှာ သူ့အဖေ၏ အစစ်အမှန်ကိုယ်မဟုတ်ပေ။ သူ့အဖေကား … အမှန်တကယ် သေသွားခဲ့လေပြီ။
တကယ်တော့ ကိုယ်ပွားလည်းမဟုတ်ပေ …. သူ့အဖေသည် ဂြိုဟ်တစ်လုံးအဖြစ် ဖန်ဆင်းပြီးနောက် ဖန်မျိုးနွယ်စုအတွက် ဝှက်ဖဲအနေဖြင့် ချန်ထားခဲ့ခြင်းဖြစ်သည်။
သူကား… ဂြိုဟ်၏ ဝိညာဉ်ပင်။
၎င်းက မတူကွဲပြားသော အခြေအနေတွင် ဖြစ်တည်နေသည့် သူ့အဖေ၏ဝိညာဉ်ဖြစ်သည်။
သေဆုံးနေသည့်တိုင်၊ ဂြိုဟ်တစ်လုံး၏ဝိညာဉ်ဖြစ်နေသည့်တိုင် သူသည် ပထမမျိုးဆက်ခေါင်းဆောင်ကြီး၏ ဆန္ဒများအတိုင်း လိုက်နာနေဆဲဖြစ်ပြီး မျိုးနွယ်စုအား မကောင်းကြံနေသည့် ဖန်တောက်ဇီကို မရှာခဲ့ပေ။
“ပထမမျိုးဆက်ခေါင်းဆောင်ကြီး တရားထိုင်ရင်း ကွယ်လွန်သွားတုန်းက ငါ မြေခေါင်းဆောင်ကြီးဖြစ်လာတဲ့နောက်မှာ ကြားခဲ့ရတဲ့ စကားလုံးတွေကို ချန်ထားခဲ့တယ်။ မကြာသေးမီကမှ အဲဒီစကားလုံးတွေက မင်းကို ရည်ရွယ်နေတယ်ဆိုတာ ငါ သိခဲ့ရတာ
“သူက နောက်ဆုံးကျ မျိုးဆက်တစ်ဆက်ဆက်မှာ မင်း ဖန်မျိုးနွယ်စုရဲ့ မြေခေါင်းဆောင်ကြီး ဖြစ်လာမယ်လို့ ယုံကြည်ထားတဲ့အတွက် ဒီစကားလုံးတွေကို ချန်ထားခဲ့တာပဲ” ဖန်ရှုတောက်က ဖန်တောက်ဇီကို တွေဝေနေသောအမူအရာဖြင့် ကြည့်လိုက်သည်။
“အဲဒီစကားလုံးတွေက … ငါ မင်းကို ချုပ်နှောင်ထားခဲ့တဲ့ နှစ်တုန်းက ပြောပြခဲ့သမျှအကုန်လုံး အမှန်တွေပဲ”
“အမှန်ပဲ… အမှန်ပဲ…” ဖန်တောက်ဇီက ပို၍ခါးသီးစွာဖြင့် ရယ်တော့သည်။ သူသည် အစိမ်းရောင်ဝတ်ရုံနှင့်သက်လတ်ပိုင်းလူ၊ သူ့အဖေ၏ပုံရိပ်ကို ထပ်ကြည့်လိုက်၏။ သူ့အဖေ သူ့ကို ချုပ်နှောင်၍ ပြောခဲ့သောအရာများကို သူ ဘယ်တော့မှ မေ့ရမည်မဟုတ်ပေ။ သူနှင့် ကျီမျိုးနွယ်စု သခင်လီနောက်လိုက်ခဲ့တုန်းက ကျီမျိုးနွယ်စုသည် အသစ်မွေးဖွားလာသော ဖန်တောက်ဇီအပေါ်တွင် ကံကြွေးမျိုးစေ့ချခဲ့၏
ထိုကံကြွေးမှာ အလွန်နက်ရှိုင်းလွန်း၍ သခင်ကျီ၏ ကျင့်ကြံခြင်းအခြေခံစွမ်းအားအကုန်နီးပါးပင် သုံးစွဲခဲ့ရသည်။ ဤသို့ဖြင့် ပထမမျိုးဆက်ခေါင်းဆောင်ကြီးမှာ ၎င်းအား သတိမထားမိခဲ့ပေ။
သူ သတိထားမိသောအချိန်တွင်တော့ နောက်ကျလွန်းသွားလေပြီ။ သူသည် ကျီမျိုးနွယ်စုထံသို့ စစ်ချီသွားခဲ့၏။ နဝမတောင်ပင်လယ်ကို အုပ်စိုးပိုင်ခွင့်အာဏာအတွက် မဟုတ်၊ လက်စားချေရန်အတွက် ဖြစ်သည်။
ဖန်တောက်ဇီက ခါးသက်သက် ရယ်ပြီးနောက် ပရမ်းပတာဖြစ်နေသောအတွေးများဖြင့် လေပေါ်ပျံတက်လိုက်သည်။ သူ့မှာ အရှေ့အောင်ပွဲဂြိုဟ်ပေါ်တွင် ဆက်မနေချင်တော့သလို၊ ဖန်မျိုးနွယ်ဝင်များကိုလည်း မမြင်ချင်တော့ပေ။ သူ့ခေါင်းမှာ နာကျင်နေပြီး သူ ကြယ်တာရာကောင်းကင်သို့ ပျံတက်သွားစဉ် ရူးသွပ်နာကြည်းမှုက သူ့ကို စိုးမိုးနေတော့သည်။
မန်ဟိုသည် ဖန်တောက်ဇီကို ကြည့်ရင်း စိတ်ထဲ မတင်မကျဖြစ်နေသည်။ ထို့နောက် သူသည် ပထမမျိုးဆက်ခေါင်းဆောင်ကြီးကို လှည့်ကြည့်၍ ခဲယွင်ဟိုင်နှင့် ခဲကျုံစစ်အား မတွေးမိဘဲ မနေလိုက်ပေ။ သူ့အဖေကိုလည်း သူ တွေးမိလိုက်သည်။
“ဖန်ရှုံ့ဖုန်း ဖန်ရှုံ့ဖုန်း” သူက သက်ပြင်းချလိုက်သည်။ သူ့မှာ ထိုအကြောင်းတွေးလေလေ၊ စိတ်တိုလေလေပင်။ “ခင်ဗျားက တကယ်ပဲ ကျုပ်အဖေ ဟုတ်ရဲ့လား … ကိုယ့်သားကိုယ် ဒီလို အသက်အန္တရာယ်များတဲ့အခြေအနေထဲ ပစ်ထည့်ရဲတယ်နော်။ ခင်ဗျားက ကျုပ်အဖေဆိုတော့ ကျုပ် ဘာမှမတတ်နိုင်ပေမယ့် အမေက ခင်ဗျားကို အလွှတ်ပေးမယ်ထင်နေလား”
ဖန်ရှုတောက်က ဖန်တောက်ဇီကို မတားပေ။ သူသည် သူ ထွက်သွားနေသည်ကို ကြည့်၍ လက်ယှက်ပြီးနောက် ပထမမျိုးဆက်ခေါင်းဆောင်ကြီးအား လေးလေးနက်နက် အရိုအသေပေးလိုက်သည်။
“ခေါင်းဆောင်ကြီး၊ မျိုးနွယ်စုကို အတိုက်အခံလုပ်ခဲ့တဲ့သူတွေကို ကျေးဇူးပြုပြီး ကွပ်မျက်ပေးပါ”
ပထမမျိုးဆက်ခေါင်းဆောင်ကြီးက တစ်ချက်ကလေးမှ ပြောင်းလဲခြင်းမရှိသောအမူအရာဖြင့် ညာလက်ကို ဆန့်တန်းကာ ကောင်းကင်ကို လက်ညှိုးထိုးလိုက်သည်။ ဂျိန်းခနဲ ထစ်ချုန်းသံတစ်သံကြားလိုက်ရပြီး ကြီးမားသောအသတ်အဖြတ်အရှိန်အဝါအား ခံစားလိုက်ရ၏။ အံ့ဩဖွယ်ကောင်းစွာနှင့် .. ထိုအရှိန်အဝါသည် ပထမမျိုးဆက်ခေါင်းဆောင်ကြီးထံမှ လာခြင်းမဟုတ်၊ ဂြိုဟ်ထံမှ လာခြင်းဖြစ်၏။
ထိုအခိုက်အတန့်တွင် အရှေ့အောင်ပွဲဂြိုဟ်ပေါ်ရှိ သစ်ပင်အကုန်လုံး၊ အဆောက်အဦးများအကုန်လုံး၊ သက်ရှိသတ္တဝါအကုန်လုံး သတ်ဖြတ်လိုစိတ်တို့ဖြင့် ပေါက်ကွဲထွက်လာသည်။ ဤသည်မှာ ဂြိုဟ်တစ်ဂြိုဟ်လုံး၏ အမျက်ဒေါသဖြစ်သည်။
ပြင်းထန်သောအသတ်အဖြတ်စိတ်ဆန္ဒက မိုးထိတိုင် မြင့်သွန်းလာရင်း ဖန်တောက်ဇီအား နည်းနည်းလေးမှ ထိခိုက်စေခြင်းမရှိဘဲ ဖြတ်ကျော်သွားသည်။ သို့သော် ၎င်း တစ်ဝက်တစ်ပျက်တာအိုပညာရှင်များအား ဝင်တိုက်လိုက်သောအခါ ထိုအဘိုးကြီးသုံးဦးမှာ ချက်ချင်း အသတ်ခံလိုက်ရတော့၏။
သူတို့ကို သုတ်သင်ဖယ်ရှားခြင်းက မြက်ခြောက်များကို နင်းရသကဲ့သို့ လွယ်ကူလေသည်။ သူတို့မှာ ပြန်တိုက်ခိုက်ရန်ပင် အရည်အချင်းမရှိပေ။ သူတို့သည် ဖောင်းခနဲ လောင်ကျွမ်းပြာကျသွားတော့၏။ ထို့နောက် အသတ်အဖြတ်စိတ်ဆန္ဒက ကြယ်တာရာကောင်းကင်အထဲထိ ဖြာထွက်၍ ကျီရှုံ့ဖန်အား လိုက်မှီသွားသည်။ သူမ၏ကြောက်စိတ်တို့မှာ အသတ်အဖြတ်စိတ်ဆန္ဒမှ သူမကို ပိုင်းချလိုက်စဉ် ထို့ထက်ပို၍ မမြင့်မားနိုင်တော့ပေ။
“ခေါင်းဆောင်ကြီး ကယ်ပါဦး” သူမက လိပ်ပြာလွင့်မတတ် ကြောက်လန့်စွာဖြင့် အော်သည်။ တာအိုနယ်ပယ်ပညာရှင်တစ်ဦးဖြစ်သည့်တိုင် တစ်ဂြိုဟ်လုံး၏အသတ်အဖြတ်စိတ်ဆန္ဒနှင့် ယှဉ်လျှင် သူမမှာ အင်မတန် အားနည်းလွန်းလေသည်။
ဤအခိုက်အတန့်တွင် နဝမတောင်ပင်လယ်၏ အင်အားစုအားလုံးသည် ဖန်မျိုးနွယ်စု အချိန်ကြာမြင့်စွာ ဖုံးကွယ်ထားခဲ့သော အင်အားကြီး၏ … ခြိမ်းခြောက်ခံလိုက်ရလေပြီ။
သူတို့သည် အပြုအမူများဖြင့် …. ဖန်မျိုးနွယ်စုက အမြဲ အင်အားကြီးမားမြဲ ကြီးမားနေကြောင်း သက်သေပြနေ၏။ ဖန်မျိုးနွယ်စုကို အတိုက်အခံလုပ်သော မည်သူမဆို မည်မျှဝေးဝေး ပြေးပြေး … သုတ်သင်ကွပ်မျက်ခံရလိမ့်မည်။
***