ရှေးဟောင်းနယ်ပယ်နှင့် ပက်သက်သော မျှော်လင့်ချက်
Vol. 72 Ch. 1005
ဂြိုလ်တစ်ဂြိုလ်လုံးနီးပါး၏ အသတ်အဖြတ်စိတ်ဆန္ဒက ကျီရှုံ့ဖန်ကို စတင်လွှမ်းခြုံသွားစဉ် န၀မတောင်မှ တည်ငြိမ်စွာ စကားပြောလိုက်သော ရှေးဆန်ဆန်အသံကြီးတစ်သံက န၀မတောင်တစ်ခုလုံးတွင် ပဲ့တင်ထပ်သွားသည်။
"အစ်ကိုဖန်" အသံက န၀မတောင်ပင်လယ်၏ ကြယ်တာရာကောင်းကင်တစ်ခုလုံးတွင် နေရာယူသွားရင်း ပြောသည်။ ဂြိုလ်များတုန်ခါသွားပြီး လှိုင်းဂယက်အမြောက်အများက မျက်လုံးတစ်လုံးအသွင် စုစည်းသွား၏။
ထိုမျက်လုံးထဲတွင် အဘိုးကြီးတစ်ဦးက တင်ပျဉ်ခွေထိုင်နေသည်။ သူ့တွင် ဆံပင်ဖြူဖြူများရှိပြီး အလွန်တရာ ရှေးဆန်နေပုံပေါ်၏။ သူက စကားပြောလိုက်စဉ် ညာလက်ကိုမြှောက်ကာ အရှေ့အောင်ပွဲဂြိုလ်ထံသို့ လက်ညှိုးထိုးလိုက်သည်။
သူ လက်ညှိုးထိုးလိုက်သောအခါ အကန့်အသတ်မဲ့သော လှိုင်းဂယက်များက ကြယ်တာရာကောင်းကင်တစ်လျှောက် ဖြာထွက်ကာ ပထမမျိုးဆက်ခေါင်းဆောင်ကြီး မတိုက်ခိုက်နိုင်အောင် ဟန့်တားရန်အလား အရှေ့အောင်ပွဲဂြိုလ်ကို ဖုံးလွှမ်းသွားသည်။
ယခုအချိန်အထိ ပထမမျိုးဆက်ခေါင်းဆောင်ကြီးသည် စကားတစ်ခွန်းတစ်လေမှ မပြောခဲ့ပေ။ သို့သော် သူ၏ အက်ကွဲကွဲ အသံကြီးက စကားတစ်ခွန်းတည်း ပြောလိုက်ကာ ကြယ်တာရာကောင်းကင်ထဲရှိ လှိုင်းဂယက်များအား ရုတ်တရက် ရပ်သွားစေသည်။
"ငါ ပြောင်းလဲလိုတယ်"
တစ်ချိန်တည်းမှာပင် ကျီရှုံ့ဖန်က မချိတင်ကဲ အော်လိုက်ရသည်။ အသံ ပဲ့တင်ထပ်သွားစဉ် သူမ၏ခေါင်းကား သူမခန္ဓာကိုယ်မှ ပြုတ်ထွက်သွားသည်။ သူမ၏ ခန္ဓာကိုယ်သည် ဧရာမလက်ကြီးဖြင့် ဖိချခံလိုက်ရသည့်အလား စိစိညက်ညက်ကြေသွား၏။
သူမကား ခန္ဓာကိုယ်ရော ဝိညာဉ်ပါ ဖျက်ဆီးခံလိုက်ရလေပြီ။
အင်အားကြီးမားသော တာအိုနယ်ပယ်ပညာရှင်တစ်ဦးပင်လျှင် ပထမမျိုးဆက်ခေါင်းဆောင်ကြီး၏ အသတ်အဖြတ်စိတ်ဆန္ဒမှ ရိုက်ချက်လေးတစ်ချက်ကိုပင် ခံနိုင်ရည်မရှိပေ။
ကျီရှုံ့ဖန် သေသွားသည့်အခိုက်အတန့်တွင် အသတ်အဖြတ်စိတ်ဆန္ဒက အရှေ့အောင်ပွဲဂြိုလ်ကို ၀န်းရံထားသော အကာအကွယ်အား ပြင်းပြင်းထန်ထန် ၀င်တိုက်လိုက်သဖြင့် ဝုန်းခနဲ အသံတစ်သံအား ကြားလိုက်ရသည်။ ကျီမျိုးနွယ်စု၏ တာအိုနယ်ပယ်ပညာရှင်သုံးဦးမှ ပူးပေါင်းအားဖြည့်ပေးထားသော အကာအကွယ်မှာ တခွမ်းခွမ်း အစိတ်စိတ်အမွှာမွှာ ကြေမွသွား၏။
၎င်း၏ မရေမတွက်နိုင်သော အပိုင်းအစများက လေပြင်းတစ်ချက်၏ သယ်ဆောင်ခြင်းခံရကာ အရှေ့အောင်ပွဲဂြိုလ်ပေါ်မှ ဖယ်ရှားခံလိုက်ရလေပြီ။ အက်ကွဲကြောင်းအမြောက်အများသည် လေဟာနယ်ထဲတွင် ပေါ်လာကာ ပင့်ကူအိမ်သဖွယ် ဖြစ်လာ၏။
တာအိုနယ်ပယ်ပညာရှင်သုံးဦးမှာ လိပ်ပြာလွင့်မတတ် ကြောက်နေပြီး သူတို့၏စိတ်ထဲတွင် ထစ်ချုန်းသံကြီး ပြည့်နှက်နေသည်။ သူတို့သည် မျက်စိမျက်နှာပျက်လျက် အနှစ်သာရစွမ်းအားများကို ထုတ်လွှတ်လိုက်သော အတိုင်းအတာအထိပင် လွတ်မြောက်ရန် ကြိုးစားလိုက်ကြသည်။
သို့သော် အရှေ့အောင်ပွဲဂြိုလ်ထံမှ အသတ်အဖြတ်စိတ်ဆန္ဒက န၀မတောင်နှင့်ပင်လယ်တစ်ခုလုံးကို ကိုင်လှုပ်နိုင်အောင် ပြင်းထန်မြဲပြင်းထန်နေဆဲ ဖြစ်သည်။
"ခေါင်းဆောင်ကြီး ကယ်ပါဦး" တာအိုနယ်ပယ်ပညာရှင်သုံးဦးမှာ ခေါင်းများပေါက်ကွဲတော့မည့်အလား ခံစားနေသဖြင့် အင်မတန် ကြောက်လန့်နေတော့သည်။ မခံစားခဲ့ရသည်မှာ ကြာပြီးဖြစ်သော ကြောက်စိတ်က သူတို့ကို စိုးမိုးနေ၏။ အရှေ့အောင်ပွဲဂြိုလ်ပေါ်မှ အသတ်အဖြတ်စိတ်ဆန္ဒသည် သူတို့ကို န၀မတောင်ပင်လယ်မှ အပြတ်ရှင်းလင်းပစ်ချင်နေသည့်အလားပင်။
ဤလူများအနက် တစ်ယောက်စီသည် န၀မတောင်ပင်လယ်ထဲရှိ မည်သည့်ဂြိုလ်မဆိုပေါ်သို့ ခြေချ၍ ၎င်းအား တုန်ခါသွားစေနိုင်၏။ သူတို့ထံမှ အကြည့်လေးတစ်ချက်က ဂိုဏ်းတစ်ဂိုဏ်းအား ထွန်းတောက်ကျော်ကြားလာစေနိုင်သလို ဖျက်ဆီးပစ်နိုင်လေသည်။ သို့သော် သူတို့မှာ ရင်တဒိန်းဒိန်းခုန်လျက် ကြောက်ရွံ့နေကြတော့သည်။
ဖန်မျိုးနွယ်စု၏ ပထမမျိုးဆက် ခေါင်းဆောင်ကြီးထံမှ အသတ်အဖြတ်စိတ်ဆန္ဒက သူတို့ကို ဘ၀ပြန်မ၀င်စားအောင် ဟန့်တားနိုင်မှန်းသိကြသည်။ သူတို့သည် ဘယ်တော့မှ ပြန်လည်မဖွားနိုင်တော့ဘဲ ကမ္ဘာလောကထဲမှ အမှန်တကယ် ဖယ်ရှားလိုက်ရပေလိမ့်မည်။
အသတ်အဖြတ်စိတ်ဆန္ဒ သူတို့ကို လွှမ်းမိုးလာစဉ် ကျီမျိုးနွယ်စု၏ တာအိုနယ်ပယ်ခေါင်းဆောင်ကြီးများမှာ ရပ်သာကြည့်နေနိုင်၏။ ဤအခိုက်အတန့်တွင် စွမ်းအားတစ်ရပ်က အသတ်အဖြတ်စိတ်ဆန္ဒနှင့် အဘိုးကြီးသုံးယောက်၏ကြားတွင် ဟန့်တားရန် ကြိုးစားနေသည့်အလား ပို၍များပြားသော လှိုင်းဂယက်များ ကြယ်တာရာကောင်းကင်တွင် ဖြာထွက်သွားစေသည်။ လှိုင်းဂယက်များသည် မျက်လုံးကြီးတစ်လုံးအသွင် စုစည်းလာ၏။
မျက်လုံးကြီးက ရှေးကျပုံရပြီး ပေါ်လာလျှင်ချင်း အသတ်အဖြတ်စိတ်ဆန္ဒကို စူးစူးစိုက်စိုက် ကြည့်လိုက်သည်။
"အစ်ကိုဖန် တော်သင့်ပြီ။ ခင်ဗျားက ကျုပ်အတွက် ပြိုင်ဘက်မဟုတ်ဘူး"
အသတ်အဖြတ်စိတ်ဆန္ဒသည် မျက်လုံး၏အရှေ့တွင် ရပ်လိုက်၏။ တ၀င်း၀င်းလက်နေသော အလင်းရောင်တို့က ဖြာထွက်လာကာ ၎င်းသည် လူတစ်ယောက်၏ ပုံစံအဖြစ်သို့ ပြောင်းသွား၏။ ၎င်းက ပထမမျိုးဆက်ခေါင်းဆောင်ကြီးဖြစ်၏။ သူသည် သူ၏ပုံစံကို အတော်လေး ဝေဝါးနေစေသော မရေမတွက်နိုင်သည့် အလင်းစက်များမှ ဖြစ်ပေါ်လာရင်း လေတွင် ပျံဝဲနေ၏။
တစ်ချိန်တည်းမှာပင် မျက်လုံးထဲ၌ တင်ပျဉ်ခွေထိုင်နေသော အဘိုးကြီးက ပထမမျိုးဆက်ခေါင်းဆောင်ကြီးကို တည်ငြိမ်စွာ လှမ်းကြည့်သည်။
"ငါက ကောင်းကင်ဘုံတွေကို မချုပ်နှောင်ကောင်း မချုပ်နှောင်နိုင်ပေမယ့် န၀မတောင်ပင်လယ်ရဲ့ ကောင်းကင်ကိုတော့ ချေမွပစ်နိုင်တယ်" ပထမမျိုးဆက်ခေါင်းဆောင်ကြီးက အေးစက်စက် ပြောလိုက်သည်။ သူ့အသံ ပဲ့တင်ထပ်လာစဉ် မန်ဟိုသည် အရှေ့အောင်ပွဲဂြိုလ်ပေါ်၌ ရပ်နေ၏။ သူ၏ ကျင့်ကြံခြင်းအခြေခံဖြင့်ပင်လျှင် ဖြစ်ပျက်နေသောအရာကို သူ လှမ်းမြင်နေရသည်။ သူက ကြယ်တာရာကောင်းကင်ကို မော့ကြည့်လိုက်ပြီး ပထမမျိုးဆက်ခေါင်းဆောင်ကြီးက အသတ်အဖြတ်စိတ်ဆန္ဒကို မြင်လိုက်ရသည်။ ထိုလူ တာအိုနယ်ပယ်ပညာရှင်တစ်ဦးကို သုတ်သင်ပြီးနောက် ကျန်တာအိုနယ်ပယ်ကျင့်ကြံသူသုံးယောက်အား အသက်လုပြေးသွားစေသည်ကို ကြည့်နေ၏။ ဤအခြင်းအရာအားလုံးက မန်ဟို၏ မျက်လုံးများကို ထူးဆန်းစွာ တောက်ပလာစေသည်။
"တစ်ရက်ကျရင် ငါ သူ့လိုမျိုး အစွမ်းထက်လာစေရမယ်" သူက အသက်ပြင်းပြင်းရှုရင်း တွေးလိုက်သည်။ သူသည် ပထမမျိုးဆက်ခေါင်းဆောင်ကြီး၏ စကားလုံးများကို ကြားသောအခါ ပို၍ပင် ထူးဆန်းသော အမူအရာက သူ၏မျက်နှာပေါ်တွင် ဖုံးလွှမ်းသွား၏။
"ဘယ်လိုလုပ်ပြီး ဒီလူနှစ်ယောက် စစ်တုရင်ကစားနေတဲ့ပုံ ပေါ်နေတာတုန်း။ တစ်ယောက်က တခြားလူကို မကျော်နိုင်တာသိပေမယ့် စိတ်တိုအောင်လုပ်ရင် စစ်တုရင်ခုံကို ပြောင်းပြန်လှန်ပစ်နိုင်တယ်လို့ တွေးနေသေးတယ်" မန်ဟိုက လည်ချောင်းရှင်းလိုက်သည်။ အကြောင်းတစ်စုံတစ်ရာကြောင့် သူသည် ပထမမျိုးဆက်ခေါင်းဆောင်ကြီး၏ပုံစံကို အတော်လေး သဘောကျသွား၏။
ကြယ်တာရာကောင်းကင်ထက်တွင် မျက်လုံးထဲရှိ အဘိုးကြီးက ဖန်မျိုးနွယ်စု၏ ပထမမျိုးဆက်ခေါင်းဆောင်ကြီးကို မတုံ့ပြန်ပေ။
"ကျီမျိုးနွယ်စုအနေနဲ့ အရှေ့အောင်ပွဲဂြိုလ်ကို ၀န်းရံထားတဲ့ ကြယ်တာရာကောင်းကင်ဧရိယာတစ်ဝက်အတွင်း ၀င်ခွင့်မရှိဘူး” ပထမမျိုးဆက်ခေါင်းဆောင်ကြီးက ဖြေးညင်းစွာ ပြောသည်။
မျက်လုံးကြီးထဲရှိ အဘိုးကြီးက ပထမမျိုးဆက်ခေါင်းဆောင်ကြီးကို ကြည့်ပြီးနောက် ခေါင်းညိတ်လိုက်သည်။ နောက်ဆုံးတွင် မျက်လုံးကြီးသည် တာအိုနယ်ပယ်ပညာရှင်သုံးဦးအား လွှမ်းခြုံ၍ နောက်ပြန်ဆုတ်ပြီးနောက် ပျောက်ကွယ်သွားတော့၏။
ကျီရှုံ့ဖန်နှင့် တစ်၀က်တစ်ပျက်တာအိုအဘိုးကြီးသုံးယောက်၏ ကိစ္စအား ဟပင်မဟခဲ့ပေ။ ကျီမျိုးနွယ်စုသည် သူတို့အသက်အား တိုက်ခိုက်ခဲ့မိသော အဖိုးအခအဖြစ် ဖန်မျိူးနွယ်စုကို ပေးခဲ့ပုံရသည်။
ဧရာမျက်လုံးကြီးပျောက်ကွယ်သွားသောအခါ ပထမမျိုးဆက်ခေါင်းဆောင်ကြီး၏ပုံရိပ်လည်း ပျောက်ကွယ်သွားသည်။ မည်သည့်ပုံရိပ်ကိုမှ မမြင်ရတော့သလို အသတ်အဖြတ်စိတ်ဆန္ဒလည်း ပျောက်ကွယ်သွား၏။ အရာအားလုံး ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။
သို့သော် န၀မတောင်ပင်လယ်မှာ ယခုမှ တုန်လှုပ်စပြုလာ၏။
န၀မတောင်ပင်လယ်၏ ဂိုဏ်းနှင့်မျိုးနွယ်စုအားလုံးသည် ဖန်မျိုးနွယ်စု ထိုနေ့တွင် တစ်ဟုန်ထိုး ထွန်းတောက်လာသည်ကို မျက်မြင်သက်သေတည်နေရ၏။ သူတို့သည် နှစ်ပေါင်းများစွာ တိတ်ဆိတ်နေခဲ့သော ဖန်မျိုးနွယ်စုသည် နောက်တစ်ဖန် ပြန်လည်၍ န၀မတောင်ပင်လယ်၏ အင်အားအကြီးဆုံး အင်အားစုများထဲမှတစ်စု ဖြစ်လာသည်ကို ကြည့်နေရလေသည်။
ကျီမျိုးနွယ်စုပင်လျှင် ကျင့်ကြံသူအားလုံးကို ပင့်သက်ရှိုက်သွားစေခဲ့သော အဖိုးအခကို ပေးဆပ်ခဲ့ရ၏။ ယခုတွင် သူတို့သည် ဖန်မျိုးနွယ်စုကို ကြောက်ရွံ့ထိတ်လန့်နေသော အမူအရာများဖြင့် ကြည့်နေကြတော့သည်။
ဖန်မျိုးနွယ်စုသည် နှစ်ပေါင်းများစွာ တိတ်ဆိတ်ငြိမ်သက်နေခဲ့ရာ န၀မတောင်ပင်လယ်၏ လူတော်တော်များများမှာ သူတို့၏ခွန်အားသည် အပေါ်ယံမျှသာရှိကြောင်း ယုံကြည်ခဲ့သည်။ ယခုတွင် ထိုကဲ့သို့ အတွေးများ ကြေမွသွားလေပြီ။ ဖန်မျိုးနွယ်စုက သူတို့သည် အင်အားကြီးမြဲ အင်အားကြီးနေဆဲဖြစ်ကြောင်း လူတိုင်းအား ထင်ရှားသွားစေခဲ့၏။
ပထမမျိုးဆက်ခေါင်းဆောင်ကြီး၏ ပေါ်ပေါက်လာမှုက ကိုယ်ပွားသာဖြစ်သည့်တိုင် ၊ သို့မဟုတ် တိတိကျကျဆိုရလျှင် အရှေ့အောင်ပွဲဂြိုလ်၏ ဝိညာဉ်သာ ဖြစ်သည့်တိုင် စောင့်ကြည့်နေသူတိုင်းအား လုံးလုံးလျားလျား တုန်လှုပ်သွားစေသည်။ ထိုမျှသာမက ပထမမျိုးဆက်ခေါင်းဆောင်ကြီးအပြင် ဖန်မျိုးနွယ်စုတွင် တာအိုနယ်ပယ်ပညာရှင်နှစ်ဦးရှိကြောင်း သိလာရ၏။ အဆုံးသတ်တွင် အံ့ဩစရာအကောင်းဆုံးမှာတော့ ပထမမျိုးဆက်ခေါင်းဆောင်ကြီး ဖြစ်လေသည်။
ကျီမျိုးနွယ်စုပင် ဖန်မျိုးနွယ်စုကို မသုတ်သင်နိုင်ခဲ့သည်ဖြစ်ရာ အခြားဂိုဏ်းများ၊ မျိုးနွယ်စုများအနေနှင့် ဖန်မျိုးနွယ်စုကို မည်ကဲ့သို့ ရင်ဘောင်တန်းနိုင်တော့မည်နည်း။
နဝမတောင်ပင်လယ်မှာ သွက်သွက်ခါအောင် တုန်လှုပ်နေတော့သည်။
ဂိုဏ်းအမျိုးမျိုးနှင့် မျိုးနွယ်စုအသီးသီးမှ တာအိုနယ်ပယ်ခေါင်းဆောင်ကြီးများသည် ထိုကိစ္စကို တိတ်ဆိတ်စွာ စဉ်းစားနေကြ၏။ ယခုတွင် သူတို့သည် အလွန်သတိကြီးစွာဖြင့် အရှေ့အောင်ပွဲဂြိုလ်နှင့် ဖန်မျိုးနွယ်စုအား ကြောက်ကြောက်လန့်လန့် လှမ်းကြည့်နေကြလေသည်။
ပထမမျိုးဆက်ခေါင်းဆောင်ကြီးက တာအိုနယ်ပယ်ပညာရှင်များကို သုတ်သင်ခဲ့၍ ၎င်းက သူတို့အား ပင့်သက်ရှိုက်ရုံသာ တတ်နိုင်စေသည့် ကြောက်လန့်မှုကို ပေးစွမ်းခဲ့သည်။
"ဖန်မျိုးနွယ်စုက ဒီလိုမျိုးသာဆိုရင် သူတို့ကို နဝမတောင်ပင်လယ်ရဲ့ဘုရင်လို့တောင် ခေါ်ထိုက်တယ်"
"ဖန်မျိုးနွယ်စု အဲ့ဒီတိုက်ပွဲမှာ သူတို့ရဲ့ ဝှက်ဖဲတွေအကုန်ထုတ်ပြလိုက်တုန်းက သူတို့ရဲ့ လျှို့ဝှက်ဆန်းကြယ်မှုတွေ လျော့နည်းသွားမယ်လို့ ဖယ်ရှားနိုင်မယ်လို့ ထင်ခဲ့မိတယ်။ ဒါပေမယ့် သူတို့ရဲ့ နောက်ဆုံးဝှက်ဖဲက အံ့ဩစရာကောင်းလွန်းတယ်"
တာအိုနယ်ပယ်ပညာရှင်များသည် သက်ပြင်းချပြီးနောက် သူတို့၏ သက်ဆိုင်ရာအဖွဲ့အစည်းများသို့ ပြန်သွားကြ၏။
ဤသို့ဖြင့် ဖန်မျိုးနွယ်စုသည် သိသိသာသာပင် အနိုင်ရရှိသူဖြစ်၏။ ကျီမျိုးနွယ်စုမှ ထုတ်ပြထားသော အစွယ်များကိုလည်း အငုတ်မကျန် ရှင်းလင်းပြီးသွားပြီး သူတို့မှာ တာအိုနယ်ပယ်ပညာရှင်တစ်ဦးနှင့် တစ်၀က်တစ်ပျက်တာအိုကျင့်ကြံသူသုံးဦးဖြင့် ပြန်ပေးဆပ်ခဲ့ရလေသည်။
တစ်ချိန်တည်းမှာပင် ဖန်မျိုးနွယ်စုအတွင်းရှိ သစ္စာဖောက်များ၏ ပြဿနာအား ဟာကွက်မရှိ ကိုင်တွယ်ပြီးသွား၏။ သွေးတို့ဖြင့် ဆေးကြောသန့်စင်ပြီးနောက် ဖန်မျိုးနွယ်စုကား ယခင်ထက်ပို၍ တည်ငြိမ်သွားလေပြီ။
ပထမမျိုးဆက်ခေါင်းဆောင်ကြီး၏တည်ရှိမှုအပြင် ဖန်မျိုးနွယ်စုတွင် ထိုက်တန်သော ဆက်ခံသူတစ်ဦး ရှိလာခဲ့လေပြီ။ ပထမက န၀မတောင်ပင်လယ်တွင် ဘယ်တော့မှ မေ့ရနိုင်မည်မဟုတ်သော ပုဂ္ဂိုလ်၊ နှိုင်းယှဉ်ဖို့ရန်ပင် ထူးချွန်ပြောင်မြောက်လွန်းသော မန်ဟိုဖြစ်သည်။ မန်ဟိုပြီးလျှင် ဖန်ဝေရှိသည်။
ဖန်ဝေသည် သေသည်အထိ မျိုးနွယ်စုကို ကာကွယ်ပေးခဲ့သော အချက်က လူတော်တော်များများ သတိထားမိသောအရာဖြစ်လေသည်။
မန်ဟိုနှင့်ဖန်ဝေကား အခြားဂိုဏ်းများ၊ မျိုးနွယ်စုများ၏ လေးစားစရာ၊ အားကျမနာလိုစရာလူများ ဖြစ်လာခဲ့သည်။
"ပထမဆုံး သူတို့မှာ မျိုးဆက်တူတွေအကုန်လုံးကို လွှမ်းမိုးခဲ့တဲ့ မန်ဟိုရှိတယ်။ သူ့လမ်းက ဆန့်တန်းဖြောင့်ဖြူးနေပြီး အဝေးကို ဦးတည်နေတာ။ ပြီးတော့ ဖန်ဝေ သူက မန်ဟိုထက် အားနည်းကောင်း အားနည်းပေမယ့် မျိုးနွယ်စုကို ကာကွယ်ဖို့အထိ သန်မာတယ်"
"တစ်ယောက်က မျိုးနွယ်စုရဲ့အပြင်မှာ တိုက်ပွဲတွေ ဆင်နွှဲလိမ့်မယ်။ အခြားတစ်ယောက်က အဲ့မျိုးနွယ်စုကို ကာကွယ်ဖို့အတွက် အထဲမှာ နေလိမ့်မယ်။ သူတို့နှစ်ယောက်နဲ့ဆိုရင် ဖန်မျိုးနွယ်စုက ဒီထက်ပိုပြီး ထင်ရှားကျော်ကြားလာတော့မှာပဲ"
"ကျီမျိုးနွယ်စု ဖန်မျိုးနွယ်စုကို တိုက်ခိုက်ခဲ့တာ အံ့ဩစရာမရှိဘူး။ သိပ်မကြာခင် ဖန်မျိုးနွယ်စုက မိုးကောင်းကင်ကို ထိန်းချုပ်ဖို့အတွက် သခင်ကျီနဲ့ အန်တုဖက်ပြိုင်နိုင်တဲ့အထိ အင်အားကြီးအားလာလိမ့်မယ်။ သူတို့က ဖန်မျိုးနွယ်စုမဟုတ်ဘူးလား။ မင်းတို့ သိလား။ ဖန်မျိုးနွယ်စုက တစ်ခါတုန်းက ကျီမျိုးနွယ်စုလို စစ်သည်တော်မျိုးနွယ်စုပဲ"
"ကျီမျိုးနွယ်စုမှာ ကံကြွေးရှိတယ်။ ဖန်မျိုးနွယ်စုမှာ ဘ၀ပြန်၀င်စားခြင်း ရှိတယ်။ အဲ့ဒီနေ့ရက်တွေက န၀မတောင်ပင်လယ်မှာ သွေးမိုးတွေ ရွာစေခဲ့တဲ့ စစ်သည်တော်မျိုးနွယ်စုနှစ်စုပေါ့လေ"
ဖန်မျိုးနွယ်စု၏ စစ်ပွဲက ပြီးဆုံးသွားသည်။ သို့သော် န၀မတောင်ပင်လယ်၏ ဂိုဏ်းများနှင့် မျိုးနွယ်စုများ လှုပ်ရှားရန် သိပ်မကြာလိုက်ပေ။ ခေါင်းဆောင်ကြီးများသည် ပထမမျိုးဆက်ခေါင်းဆောင်ကြီး ပေါ်ပေါက်လာမှုနှင့်ပက်သက်၍ ဂုဏ်ပြုလက်ဆောင်များအား ပေးအပ်ရန်နှင့် သူတို့၏ ရွေးချယ်ခံများအား ပြန်လည်ခေါ်ဆောင်ရန် အရှေ့အောင်ပွဲဂြိုလ်သို့ ရောက်လာကြ၏။
ကျီမျိုးနွယ်စု ထွက်ခွာသွားပြီးနောက် အရှေ့အောင်ပွဲဂြိုလ်မှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။ သစ္စာဖောက်မျိုးနွယ်၀င်များမှ ကျန်ရှိခဲ့သည့်အရာမှာ မြေတွင်စွန်းထင်းနေသော သွေးများနှင့် လေထတဲတွင် ပြည့်နှက်နေသော သွေးညှီနံ့များသာ ဖြစ်၏။ အသက်ပြန်သွင်းခံလိုက်ရသော မျိုးနွယ်၀င်များမှာ ရှုပ်ထွေးသော ခံစားခက်များဖြင့် ပြည့်နှက်နေ၏။ မဟာအကြီးအကဲ၏ ဦးဆောင်မှုအောက်တွင် ပြန်လည်ပြုပြင်ရေးလုပ်ငန်းများ စတင်တော့သည်။
ဖန်ဝေက တိတ်ဆိတ်စွာ ရပ်နေသည်။ သူက ဘေးဘီဝဲယာကို ကြည့်ရှုပြီးနောက် ခါးသီးမှုတို့ သူ့နှလုံးသားထဲတွင် ပေါ်ပေါက်လာ၍ ခေါင်းငုံ့လိုက်သည်။
ပထမမျိုးဆက်ခေါင်းဆောင်ကြီးက ဘာမှမပြောပေ။ သူ အက်ကွဲကြောင်းမှတစ်ဆင့် ဘိုးဘေးမြေထဲသို့ ပြန်၀င်သွားစဉ် မျိုးနွယ်စုတစ်စုံလုံးက တလေးတစား အရိုအသေပေးလိုက်ကြ၏။ ပျောက်ကွယ်သွားသည့် အခိုက်အတန့်တွင် သူက မန်ဟို့ကို လှည့်၍ တခဏကြည့်လေသည်။
ထိုအခိုက်အတန့်တွင် မန်ဟို့တစ်ကိုယ်လုံး တုန်တက်သွားပြီး ပထမမျိုးဆက်ခေါင်းဆောင်ကြီး၏အသံကို သူ့စိတ်ထဲတွင် ကြားလိုက်ရသည်။
"မင်းကိုယ်ပေါ်မှာ သခင်လီရဲ့ အမွေအနှစ်အရိပ်အယောင်တွေရှိတယ်။ သခင်လီရဲ့ အမွေအနှစ်က အရှေ့အောင်ပွဲဂြိုလ်နဲ့ပတ်သက်နေသလို၊ တစ်ချိန်တည်းမှာပဲ အရှေ့အောင်ပွဲဂြိုလ်ပေါ်မှာ မရှိတော့ဘူး။ အဲ့ဒါကို ဒီဂြိုလ်ပေါ်က ကျင့်ကြံသူတစ်ယောက် ရယူပြီးသွားပြီ
"ကျီမျိုးနွယ်စု ဖန်မျိုးနွယ်စုထဲမှာ ဖရိုဖရဲ ဖြစ်စေခဲ့တဲ့ အကြောင်းရင်းက အဲဒီ့အမွေအနှစ်နဲ့လည်း ပက်သက်တယ်။ တကယ်တော့ အမွေအနှစ်က ကျီမျိုးနွယ်စုကို မျှားခေါ်ဖို့ သုံးခဲ့တဲ့ ပရိယာယ်သက်သက်ပဲ။ ဒါပေမယ့် အမွေအနှစ်ကို အသက်သွင်းရမယ့် အချိန်ကျလာရင် … မင်းနဲ့ကံတရားချင်း ဆက်စပ်နေလို့ကတော့ မင်း အသက်သွင်းနိုင်သင့်တယ်
"အတွေးတစ်ချက် ကြယ်တာရာအသွင်ပြောင်းခြင်း။ သွေးဆက်ကိုယ်ပွားမပါဘဲ နောက်ဆုံးအဆင့်အထိ ကျင့်ကြံဖို့ မဖြစ်နိုင်ဘူး
"နိဗ္ဗာနသစ်သီးတွေကို ကောင်းကောင်းသုံးပါ။ ဖန်မျိုးနွယ်၀င်တွေမှာ အသက်လေးသက်ရှိတယ်။ မင်း သစ်သီးတွေကို သင့်တော်မှန်ကန်တဲ့အချိန်မှာ အတူတကွ ပေါင်းစည်းလိုက်ရင် ရှေးဟောင်းနယ်ပယ်တံခါးကို ဖွင့်နိုင်လိမ့်မယ်
"မင်းနဲ့ငါက ရေစက်ပါတယ်။ သွေးချင်းလည်း နီးတယ်။ ရှေးဟောင်းနယ်ပယ်က တာအိုသစ်သီးနဲ့ စတင်ပေမယ့် နိဗ္ဗာနသစ်သီးတွေနဲ့ စတင်ရင် မင်းအနေနဲ့ တစ်ခါမှ မကြားဖူးတဲ့ အရာတစ်ခုကို လုပ်ဆောင်နိုင်သွားပြီး တောင်ကိုးလုံးနဲ့ ပင်လယ်ကိုးစင်းကို ကိုင်လှုပ်နိုင်လိမ့်မယ်"
ရှေးဆန်သောအသံကြီးက မန်ဟို့နားထဲတွင် ပဲ့တင်ထပ်၍ ပျောက်ကွယ်သွားသည်။ မန်ဟိုမှာ ပထမျိုးဆက်ခေါင်းဆောင်ကြီး အက်ကွဲကြောင်းထဲ ၀င်ရောက်သွားသည်ကို ကြည့်ရင်း တုန်ရီနေတော့သည်။
ခေါင်းဆောင်ကြီး၏ စကားလုံးများကို ကြားပြီးနောက် မန်ဟို၏မျက်လုံးများသည် တောက်ပလာ၏။ တဖြည်းဖြည်း သူသည် နားလည်မှုအသစ်တိုးလာသည်။ ယခင်က သူ့မှာ နိဗ္ဗာနသစ်သီးများ၏ အခန်းကဏ္ဍကို မရှင်းမလင်းဖြစ်ခဲ့လေသည်။ ဖန်ဟဲ့ရှန်းသာ မလှုပ်ရှားဘဲ သည်းခံနိုင်ခဲ့လျှင် ၎င်းက မည်သို့အကျိုးသက်ရောက်မည်နည်း။ ထိုသို့သာ ဖြစ်ပျက်ခဲ့လျှင် ဤကိစ္စတစ်ရပ်လုံး မဖြစ်လာနိုင်ဟု ဆိုလိုသည်မဟုတ်ပါလော။
မန်ဟိုသည် အစီအစဉ်၏ အဓိကအချက်မှာ သူ၏နိဗ္ဗာနသစ်သီးမဟုတ်ဘဲ သခင်လီ၏အမွေဖြစ်ကြောင်း နားလည်သွား၏။ ထို့ကြောင့် ကျီမျိုးနွယ်စုက လှုပ်ရှားခဲ့ခြင်းဖြစ်သည်။
"အတွေးတစ်ချက် ကြယ်တာရာအသွင်ပြောင်းခြင်း။ နောက်ဆုံးအဆင့်အထိ ကျင့်ပြီးသွားရင် ဂြိုလ်တစ်ဂြိုလ်ကို ဖန်ဆင်းနိုင်ပြီ” မန်ဟို့ဘယ်မျက်လုံးထဲရှိ ကြယ်ကျောက်ခဲသည် တောက်ပသွားပြီး သူ၏ နှလုံးသားမှာ တဒိန်းဒိန်း တုန်ခါလာသည်။ ပထမမျိုးဆက်ခေါင်းဆောင်ကြီး၏ ပြောစကားအရ ရှေးဟောင်းနယ်ပယ်မှာ သူနှင့် သိပ်မဝေးတော့ပေ။
"ငါ့မှာ ပထမမျိုးဆက်ခေါင်းဆောင်ကြီးရဲ့ နိဗ္ဗာနသစ်သီးတစ်လုံးရှိပြီးတော့ ငါ့ရဲ့ကိုယ်ပိုင် နှစ်လုံးရှိတယ်။ နိဗ္ဗာနသစ်သီးတွေက ဖန်သွေးဆက်တွေကို အသက်လေးသက်ရှင်နိုင်တယ်
"နိဗ္ဗာနသစ်သီးလေးလုံး …. ငါ အဲ့လေးလုံးကို အချိန်အကန့်အသတ်မရှိ စုပ်ယူနိုင်မယ့်အချိန်က ရှေးဟောင်းနယ်ပယ်ကို ရောက်တဲ့အချိန်ပဲ" မန်ဟို့မျက်လုံးများသည် စူးရှတောက်ပသွားသည်။ ပထမမျိုးဆက်ခေါင်းဆောင်ကြီး တာအိုနယ်ပယ်ပညာရှင်ကို သုတ်သင်သောမြင်ကွင်းက သူ၏ မျက်လုံးများထဲတွင် တစ်ဖန် ဖြတ်ပြေးသွား၏။
***