← Chapters

ဤမျိုးဆက်၏ ဓားနှင့် ဒိုင်း

Vol. 72 Ch. 1006

ဤမျိုးဆက်၏ ဓားနှင့် ဒိုင်း

Vol. 72 Ch. 1006

မန်ဟိုက အသက်ပြင်းပြင်းရှုသွင်းလိုက်ပြီး သူ၏မျက်လုံးများက စူးရှတောက်ပသွားသည်။ တခဏကြာသော် သူသည် ကျောက်စစ်သည်တော်ကြီးဆီသို့ နတ်ဘုရားစိတ်ဆန္ဒတစ်ချို့အား ပို့လွှတ်လိုက်၏။

ကျောက်စစ်သည်တော်ကြီးသည် ဘိုးဘေးမြေ၏အပြင်၌ အချိန်အကြာကြီး မနေနိုင်ပေ။ နတ်ဘုရားအာရုံမှတစ်ဆင့် မန်ဟို၏ ညွှန်ကြားမှုအား ရရှိပြီးနောက် ၎င်းသည် သူ့ကို မျက်နှာမူ၍ လက်နှစ်ဖက်ယှက်ပြီးနောက် အရိုအသေပေးလိုက်သည်။ မန်ဟိုမှာ မခွဲခွာချင်ပါသော်လည်း ၎င်းအကွဲကြောင်းထဲ ၀င်ပြီးနောက် ရုပ်တုကြီးအဖြစ် ပြန်လည်ပြောင်းလဲသွားသည်ကိုသာ ကြည့်နေနိုင်လေသည်။

"တစ်နေ့ကျရင် ငါ ပထမမျိုးဆက်ခေါင်းဆောင်ကြီးလို လုပ်နိုင်စေရမယ်။ ငါ မင်းကို ခေါ်သွားဖို့အတွက် အင်မော်တယ်အပျက်အစီးနယ်ရဲ့ အစိတ်အပိုင်းတစ်ခုကို သုံးမယ်။ အဲ့ဒီလိုဆိုရင် ငါ မိုးကောင်းကင်တွေကြားမှာ တိုက်ပွဲ၀င်နေတဲ့အချိန် မင်း ငါ့ကို အဖော်ပြုပေးနိုင်ပြီ" မန်ဟိုက သူ၏နှလုံးသားထဲတွင် ကျောက်စစ်သည်တော်ကြီးအား ကတိပေးလိုက်သည်။ ၎င်းသည် သူ တံတားပျက်လောကတွင် ဖန်ရှန်းအား ပေးခဲ့သော ကတိနည်းတူ ကတိတစ်ခု ၊ အာမခံချက်တစ်ခု ဖြစ်လေသည်။ သူကား ထိုကဲ့သို့ ကတိများအား ဘယ်တော့မှ မေ့လျော့မည်မဟုတ်ပေ။

ကျောက်စစ်သည်တော်ကြီး ဘိုးဘေးမြေထဲသို့ ၀င်ရောက်သွားပြီးနောက် အကွဲကြောင်းက ပိတ်သွားသည်။

ဖန်မျိုးနွယ်စု၏အပေါ်ရှိကောင်းကင်သည် ပုံမှန်အခြေအနေသို့ ပြန်ရောက်ရှိသွား၏။ သို့သော် မြေပြင်မှာတော့ ချွတ်ခြုံကျပျက်စီးသွားသယောင်ပင်။ ခြောက်ကပ်နေသော လက္ခဏာများအား မရေမတွက်နိုင်သော သစ်ပင်များအပေါ်တွင် မြင်ရနိုင်ပြီး ဂြိုလ်တစ်ဂြိုလ်လုံး၏ စိတ်ဝိညာဉ်စွမ်းအင်မှာ သိသိသာသာ လျော့ကျသွားခဲ့သည်။

မျိုးနွယ်စုထဲရှိ ပုန်ကန်ထကြွမှုများက ကြီးကြီးမားမား ထိခိုက်ဆုံးရှုံးစေခဲ့ပုံမပေါ်သော်လည်း တကယ်တော့ ဂြိုလ်တစ်ဂြိုလ်လုံး အားနည်းသွားခဲ့ရ၏။ သစ္စာဖောက်မျိုးနွယ်၀င်များကို ဆုံးရှုံးခဲ့ရသည်ကိုတော့ ထည့်ပြောစရာပင် မလိုတော့ပေ။

မန်ဟိုက တခဏရပ်၍ တွေးနေပြီးနောက်တွင် အရှေ့အောင်ပွဲဂြိုလ်၏ အားနည်းမှုသည် ပထမမျိုးဆက်ခေါင်းဆောင်ကြီး နိုးထလာမှုနှင့် တစ်ခုခု ပက်သက်နေမည်ဟု ကောက်ချက်ချလိုက်နိုင်သည်။

ထိုကဲ့သို့ အစွမ်းထက်သောဖြစ်တည်မှု၊ ဆက်ကစားမည့်အစား ကစားခုံကို လှန်ပစ်လိုသော လူတစ်ယောက်၊ သခင်ကျီကိုပင် ကြောက်လန့်သွားစေနိုင်သည့် လူတစ်ဦးက အလွယ်တကူ နိုးထလာနိုင်မည်မဟုတ်ပေ။

ယခုတွင် ညနေစောင်းနေပြီဖြစ်ပြီး အဝေးတွင် နေမင်းကြီးသည် ပုစွန်ဆီရောင် နေရောင်ခြည်တန်းများကို ဖြန့်ကျက်နေ၏။ အသက်ပြန်ရှင်လာသော မျိုးနွယ်၀င်များမှာ သူတို့၏ ပတ်၀န်းကျင်တွင် တစ်ခါက တည်ရှိခဲ့ဖူးသော လူများအကြောင်း တွေးနေကြလေသည်။ မျိုးနွယ်စုထဲရှိ ပရမ်းပတာအခြေအနေများ ပြီးဆုံးသွားသဖြင့် ပျော်ရွှင်မြူးထူးနေသူများ မရှိပေ။

ဆန့်ကျင်ဘက်အနေဖြင့် မျိုးနွယ်၀င်အားလုံး၏ ရင်ထဲ၌ လေးလံမှုများ ရှိနေသည်။

သာမန်မျိုးနွယ်၀င်များမှာ ဤသို့ ခံစားနေရပြီး ဖန်ဝေက ပို၍ပင် ဆိုးလေသည်။ ဖန်ရှုတောက်၊ ဖန်ယန်ရှီနှင့် ဖန်တယွမ်တို့လည်း ထိုနည်းတူစွာပင် လေလယ်တွင် တိတ်ဆိတ်စွာ ပျံဝဲနေကြသည်။

"ပြီးဆုံးသွားပြီ" ဖန်ရှုတောက်က ဖန်မျိုးနွယ်စုတစ်ခုလုံးကို လှမ်းကြည့်ပြီး ပြောသည်။ သူ၏အသံသည် နက်ရှိုင်း၍ ရှေးဆန်လျက်ရှိကာ ၎င်းပဲ့တင်ထပ်လာစဉ် မျိုးနွယ်၀င်အားလုံးက ကောင်းကင်သို့ မော့ကြည့်လိုက်ကြသည်။

"လူသားခန္ဓာကိုယ်က ရွံရှာဖွယ်ကောင်းတဲ့ နာမကျန်းမှုတွေကို တစ်ခါတစ်ရံ ဆွဲဆောင်နိုင်တယ်။ နာမကျန်းမှုတွေကို မကုသရင် သေတတ်တယ်

"မျိုးနွယ်စုကလည်း အဲ့ဒီလိုပဲ။ နာမကျန်းမှုတွေနဲ့ ကူးစက်ခံခဲ့ရတာ

"မနေ့က ကူးစက်ရောဂါတစ်ခု ဖန်မျိုးနွယ်ထဲမှာ ကူးစက်နေခဲ့တယ်။ အဲဒီရောဂါဖြစ်ရင် မျိုးနွယ်စုတစ်စုလုံး သေချာပေါက် သက်ရောက်လိမ့်မှာပဲ။ ဒီနေ့ အဲ့ဒီရောဂါကို အမြစ်ဖြုတ်ရှင်းပစ်နိုင်ပြီ။ ငါတို့ ဖန်မျိုးနွယ်စုက ပူဆွေးသောကရောက်နေရပေမယ့်၊ နာကျင်နေရပေမယ့် အနည်းဆုံးတော့ ပြန်လည်ရှင်သန်နိုင်ပြီလေ

"မနက်ဖြန်ကျရင် ငါတို့အတွက် နေ့သစ်တစ်နေ့ ဖြစ်လာလိမ့်မယ်။ ငါတို့ ဖန်မျိုးနွယ်စုရဲ့ ဂုဏ်ကျက်သရေကို န၀မတောင်ပေါ်မှာရှိတဲ့ ကျင့်ကြံသူအကုန်လုံး ပြန်အမှတ်ရအောင် လုပ်ရမယ်

"ငါ တံခါးပိတ် မကျင့်ကြံတော့ဘူး။ အခုကစပြီး မျိုးနွယ်စုရဲ့ ခေါင်းဆောင်အနေနဲ့ တာ၀န်ယူမယ်။ ဖန်မျိုးနွယ်စုကို ဘယ်သူမှ မယှဉ်နိုင်တဲ့ အမြင့်အထိ ရောက်ရှိအောင် ခေါ်ဆောင်သွားပေမယ်” ဖန်ရှုတောက်၏ စကားလုံးများက အောက်ရှိ ဖန်မျိုးနွယ်၀င်အားလုံး၏ မျက်လုံးများထဲတွင် မီးတောက်များ တောက်ပလာစေသည်။ သူ၏အသံသည် လျှို့၀ှက်ဆန်းကြယ်သော စွမ်းအားတစ်ရပ်ကို သယ်ဆောင်၍ မျိုးနွယ်၀င်များ၏ နှလုံးသားထဲသို့ ၀င်ရောက်ကာ သူတို့အား ခိုင်မာပြတ်သားသော စိတ်ဆန္ဒတို့ဖြင့် လောင်ကျွမ်းလာစေသည့်အလားပင်။

ဖန်ဝေသည် တစ်ယောက်တည်း တိတ်ဆိတ်စွာ ရပ်နေ၏။ မည်သည့်မျိုးနွယ်၀င်မှ သူ့အနားမကပ်လိုကြပေ။ သူ့တွင် မိတ်ဆွေများ မကျန်တော့ပေ။ သူ့အဖေနှင့်အဘိုး၊ သူ၏သွေးဆက်အားလုံး သေဆုံးသွားခဲ့ပြီဖြစ်သည်။

သူတစ်ယောက်တည်းသာ အသက်ပြန်ရှင်လာခဲ့၏။

ဖန်ယန်ရှီက ဖန်ဝေ ခါးသီးနာကျည်းနေသည်ကို ကြည့်ရင်း သက်ပြင်းချလိုက်သည်။ သူက ဖန်ဝေ့ထံသို့ လက်ချောင်းအား ဝှေ့ယမ်းလိုက်ရာ သူ့အား တုန်ရီသွားစေပြီးနောက် လေပေါ်သို့ တက်လာစေသည်။ မျိုးနွယ်၀င်အားလုံး ကြည့်နေစဉ် သူက ဖန်ယန်ရှီထံသို့ ပျံသန်းသွား၏။

မန်ဟိုသည် ဖြစ်ပျက်နေသော အရာကို ကြည့်နေစဉ် ဖန်ဝေ၏အ‌လောင်းသည် အချိန်အတော်ကြာကတည်းက သူ၏သိုလှောင်အိတ်ထဲမှ ပျောက်ကွယ်သွားခဲ့ကြောင်း ရုတ်တရက် သဘောပေါက်လိုက်၏။

"မင်း မျိုးနွယ်စုကို ကာကွယ်ချင်သေးလား" ဖန်ယန်ရှီက တည်ငြိမ်စွာ မေးသည်။

ဖန်ဝေမှာ တုန်ရီလာ၏။ သူက ဖန်မျိုးနွယ်၀င်များနှင့် မန်ဟိုကို ငုံကြည့်လိုက်သည်။ နောက်ဆုံးတွင် သူသည် ဖန်ယန်ရှီကို ပြန်ကြည့်ပြီး လက်ယှက်၍ လေးလေးနက်နက် အရိုအသေပေးလိုက်၏။

"မျိုးနွယ်စုကို ကာကွယ်စောင့်ရှောက်ဖို့ဆိုတာ ကျွန်တော့်ဘ၀မှာ ပထမ‌ဦးစားပေးပါ"

ဤအခိုက်အတန့်တွင် ဖန်မျိုးနွယ်၀င်အားလုံးက ဖန်ဝေ့ကို တိတ်ဆိတ်စွာ စိုက်ကြည့်နေကြလေသည်။ သူတို့သည် သူ သေဆုံးသွားခဲ့ရသော ဝမ်းနည်းဖွယ်မြင်ကွင်းကို မှတ်မိလိုက်ကြ၏။ ထိုပုံရိပ်များက သူတို့နှလုံးသားထဲတွင် ထာ၀ရနက်ရှိုင်းစွာ ခတ်နှိပ်ခံလိုက်ရ၏။

ဖန်ယန်ရှီသည် ဖန်ဝေ့ကို အကြာကြီး ကြည့်ရင်း ထိုလူငယ်၏ နှလုံးသားထဲသို့ ကြည့်နေသည့်အလားပင်။ တခဏကြာသော် ခပ်ရေးရေး အပြုံးတစ်စက သူ့မျက်နှာပေါ်တွင် ပေါ်လာ၏။

"အခုကစပြီး မင်း ငါ့အနောက်လိုက်ရမယ်။ နောင်ကျ မင်းရဲ့နာမည်အတိုင်း မျိုးနွယ်စုကို ကာကွယ်ပေးရမယ်။ မင်းက မျိုးနွယ်စုရဲ့ ဓား မဟုတ်ဘူး ဒိုင်း ဖြစ်လာရလိမ့်မယ်"

ဖန်ဝေသည် တုန်ရီနေပြီး လက်ယှက်၍ ဖန်ယန်ရှီအား အရိုအသေပေးနေစဉ် မျက်ရည်များက သူ့ပါးပြင်တစ်လျှောက် စီးကျနေ၏။

ဖန်ယန်ရှီက သက်ပြင်းချပြီးနောက် ဖန်ရှုတောက်ဘက် လှည့်ကာ အရိုအသေပေးလိုက်သည်။ ထို့နောက် သူသည် လက်ကို ဝှေ့ယမ်းလိုက်ကာ ဖန်ဝေနှင့်အတူ ဆေးနတ်ဂိုဏ်းရှိရာသို့ ထွက်သွားသော အလင်းတန်းအသွင် ပြောင်းသွား၏။

ဖန်တယွမ်နှင့် ဖန်ရှုတောက်က သူတို့နှစ်ယောက် ထွက်ခွာသွားသည်ကို ကြည့်ပြီး သက်ပြင်းချလိုက်ကြသည်။

ဖန်ယန်ရှီသည် သူ့မျိုးဆက်၏ ဒိုင်းဖြစ်သလို အရိပ်တစ်ခုလည်း ဖြစ်သည်။

ဖန်ရှုတောက်က မျိုးနွယ်စု၏ ဓား၊ မျိုးနွယ်စု၏ အနှိုင်းမဲ့ဂုဏ်ကျက်သရေဖြစ်သည်။

မျိုးနွယ်စု၏ မျိုးဆက်တစ်ဆက်စီတိုင်းတွင် အနှိုင်းမဲ့အလင်းရောင်တို့ဖြင့် တောက်ပနေသော လျှမ်းလျှမ်းတောက် နေတစ်စင်း အမြဲရှိတတ်ပြီး ထိုပုဂ္ဂိုလ်၏နောက်တွင် အရိပ်တစ်ခု ရှိတတ်သည်။ ထိုအရိပ်က လျှမ်းလျှမ်းတောက် နေတစ်စင်းကို ကာကွယ်အားဖြည့်ရန်၊ ထိုလူတို့ မလုပ်နိုင်သောအရာများကို ကူညီလုပ်ဆောင်ပေးရန်၊ မည်သည့်အရာမဆိုအတွက် သည်းခံပေးရန်၊ အခြားသူများ မရင်ဆိုင်သည့်အရာများအား ရင်ဆိုင်ရန် ရှိနေရလေသည်။ ထိုပုဂ္ဂိုလ်မျိုးသည် အများ၏ အာရုံစိုက်ခံရသော လျှမ်းလျှမ်းတောက်ဓားများ မဟုတ်ကြ‌ပေ။ ထိုအစား သူတို့က လူပေါင်းများစွာ မကြာခဏ အမှုမဲ့အမှတ်မဲ့ ဖြစ်တတ်ကြသည့် ဒိုင်းများ ဖြစ်လာခဲ့သည်။

ထိုကဲ့သို့ လူတစ်ယောက်သည် တိတ်ဆိတ်ပြီး မတုန်မလှုပ်သာ နေတတ်ရ၏။ သူတို့မှာ အလင်းရောင်ထဲမှ ဆုတ်ခွာ၍ သူတို့၏ အဆင့်အတန်း၊ ရာထူးဂုဏ်သိမ်အကုန်လုံးကို လက်လျှော့ကာ ဂုဏ်ကျက်သရေအကုန်လုံးကို စွန့်လွှတ်ရလေသည်။ သူတို့က  အရိပ်တစ်ခု၊ မျိုးနွယ်စု၏ ဒိုင်းတစ်ခုဖြစ်သည်။

ဤမျိုးဆက်တွင် ဖန်ယန်ရှီသည် ဖန်ဝေကို သူ၏ဆက်ခံသူအဖြစ် ရွေးချယ်သွားခဲ့၏။

၎င်းသည် သာမန်မျိုးနွယ်၀င်များ နားမလည်နိုင်မည့် လမ်းတစ်လမ်းဖြစ်သည်။ သို့သော် မန်ဟိုက အကုန်လုံးကို နားလည်ပြီး ၎င်းက သူ့ကို တုန်လှုပ်သွားစေသည်။ သူသည် ရှုပ်ထွေးသော အမူအရာဖြင့် ဖန်ဝေ့ကို စိုက်ကြည့်နေပြီး ကလေးဘ၀တုန်းက နူးညံ့သောကလေးအသံလေးဖြင့် ပြောခဲ့သည့် ဖန်ဝေ၏ ခိုင်မာပြတ်သားသည့်စကားလုံးများကို ပြန်ကြားယောင်လိုက်မိ၏။

"ငါ့နာမည်က ‌ဖန်ဝေ။ ငါ မျိုးနွယ်စုကို ငါ့တစ်ဘ၀လုံးနဲ့ ကာကွယ်စောင့်ရှောက်ပေးဖို့ အစွမ်းထက်ပညာရှင် ဖြစ်လာချင်တယ်"

သတ္တမခေါင်းဆောင်ကြီး၊ ပဉ္စမခေါင်းဆောင်ကြီး၊ တတိယခေါင်းဆောင်ကြီးနှင့် ရှေးဟောင်းနယ်ပယ်ပညာရှင်များလည်း ဖန်ယွှမ်ရွှီနှင့် ဖန်ဝေတို့ ထွက်ခွာသွားသည်ကိုကြည့်ရင်း တဖြည်းဖြည်း နားလည်လာကြ၏။

ဤသည်မှာ ဂုဏ်ကျက်သရေ ဆက်လက်တည်တံ့နေစေရန် စည်းမျဉ်းများမှ ကျားကန်ပေး‌ထားသော ဖန်မျိုးနွယ်စုဖြစ်သည်။ မျိုးဆက်တစ်ဆက်တိုင်းတွင် အရေးပါသော လူနှစ်ယောက်ရှိ၏။ တစ်ယောက်က အလင်းထဲတွင် တည်ရှိပြီး တစ်ယောက်က အမှောင်ထဲတွင် နေရလေသည်။ တစ်ယောက်က ဓားဖြစ်ပြီး တစ်ယောက်က ဒိုင်းဖြစ်သည်။

တစ်ယောက်က ဂုဏ်ကျက်သရေကို သယ်ဆောင်ပြီး တစ်ယောက်က အရိပ်တစ်ခုသဖွယ် ပြုမူရသည်။

မန်ဟိုသည် ပထမမျိုးဆက်ခေါင်းဆောင်ကြီး တရားထိုင်လျက် ကွယ်လွန်သွားခဲ့သည်တိုင် သူ့ကိုယ်ပွားက ဂြိုဟ်ကို ကာကွယ်ဖို့ ဘာကြောင့် ဂြိုဟ်ယောင်ဖန်ဆင်းခဲ့သည်ကိုလည်း နားလည်သွားသည်။ အဘယ်ကြောင့်ဆိုသော် ပထမမျိုးဆက်ခေါင်းဆောင်ကြီး၏အစစ်အမှန်ကိုယ်သည် မျိုးနွယ်စု၏ ဓားဖြစ်ခဲ့ပြီး သူ့ကိုယ်ပွားက ဒိုင်းဖြစ်ခဲ့၍ပင်။

သူ၏အစစ်အမှန်ကိုယ်သည် သေဆုံးသွားခဲ့သည်တိုင် သူ့ကိုယ်ပွားက မျိုးနွယ်စုကို အမြဲကာကွယ်ပေးနိုင်၏…

“ဖန်မျိုးနွယ်စု …” သူက ခပ်တိုးတိုး ရေရွတ်လိုက်သည်။ တဖြေးဖြေး သူသည် မျိုးနွယ်စုကို ယခင်ထက်ပို၍ အသိအမှတ်ပြုလာမိ၏။

ဖန်တယွမ်က ဖန်ရှုတောက်ကို အရိုအသေပေးပြီးနောက် အပြုံးတစ်စဖြင့် မန်ဟို့ကို ငုံ့ကြည့်သည်။ ၎င်းက ချီးကျူးအားပေးနေပြီး ဖန်ဝေ လုပ်ခဲ့သည်ထက် များစွာ ကွဲပြားသောအရာတစ်ခုကို လုပ်ဆောင်နိုင်စေရန် မျှော်လင့်နေသော အပြုံးဖြစ်သည်။

သူသည် ပြုံးရင်း ဆေးဝါးတာအိုဋ္ဌာနရှိ သူ့အိမ်သို့ လှည့်ပြန်သွားလေ၏။ သူ့သက်တမ်းမှာ အဆုံးသတ်သို့ ရောက်ရှိနေပြီး ယူနီကွန်းအင်မော်တယ်များထဲသို့ စွမ်းအားခွဲဝေထားနိုင်သည့်တိုင် ဆက်ကြာကြာ ထိန်းထားနိုင်ဖို့ ခက်ခဲပေလိမ့်မည်။ သို့ရာတွင် သူကား နောင်တမရပေ။

သူသည် မျိုးနွယ်စု၏ ဆေးဝါးတာအိုဌာနအား အောင်သရဖူဆောင်းနိုင်သည်အထိ တစ်ဖန်ပြန်ဦးဆောင်ရင်း သူ၏လက်ကျန်ဘဝကို အသုံးချရန် မျှော်လင့်ထား၏။

မျိုးနွယ်စု၏ ဒိုင်း၊ ဆေးနတ်ဂိုဏ်းနှင့်ပတ်သက်၍ ကောလဟာလများမှာမူ ဖန်မျိုးနွယ်စုမှ ရည်ရွယ်ချက်ရှိရှိ ဖန်တီးထားသောအရာများဖြစ်သည်။ သို့သော် တစ်ခုကတော့ မှန်သည်။ မျိုးနွယ်စု၏ အထွတ်အမြတ်ဆေးလုံးသုံးလုံးအနက် နှစ်လုံးကို ဆေးနတ်ဂိုဏ်းက ဖော်စပ်၍ ဆေးဝါးတာအိုဋ္ဌာနမတတ်နိုင်ခဲ့သောအရာကို လုပ်ဆောင်နိုင်ခဲ့လေသည်။

မြေပြင်ထက်ရှိ မျိုးနွယ်ဝင်များမှာ မျိုးနွယ်စု ဦးမော့လာမည်ကို မြင်တွေ့လိုသော စိတ်ဆန္ဒတို့ဖြင့် တက်ကြွလာကြသည်။ သူတို့သည် ပျက်စီးပြိုကျနေသော ဘိုးဘေးစံအိမ်ထဲရှိ နေရာများကို ပြန်လည်တည်ဆောက်၍ မြေတွင် စွန်းထင်းနေသောသွေးများကို ဆေးကြောကြ၏။ ၎င်းတို့ အကောင်းပကတိပြန်ဖြစ်ရန် သိပ်ကြာမည်မဟုတ်ပေ။ နောက်တစ်နေ့မနက်တွင် … ဖန်မျိုးနွယ်စုသည် အနည်းဆုံးတော့ အပြင်လူများ၏အမြင်တွင် ယခင်နှင့်သိပ်မခြားနားဘဲ နေလိမ့်မည်။

ဖန်ရှုတောက်သည် ဖန်ယန်ရှီနှင့် ဖန်တယွမ်တို့ ထွက်ခွာသွားသည်ကို ကြည့်ပြီးနောက် ပြန်ရန်ပြင်လိုက်သည်။ သတ္တမခေါင်းဆောင်ကြီးနှင့် ကျန်ရှိသူများလည်း သူ့နောက်လိုက်သွားးကြသည်။

မန်ဟိုက မျက်တောင်ပုတ်ခတ်ပုတ်ခတ် လုပ်ပြီးနောက် ချောင်းဟန့်လိုက်သည်။ ချောင်းဟန့်သံက သိပ်မကျယ်သော်လည်း ဖန်ရှုတောက်နှင့်အခြားသူများ ကြားရလောက်အောင် ကျယ်သေးသည်။ သို့သော် ဖန်ရှုတောက်က မကြားချင်ယောင်ဆောင်၍ ရှေ့ဆက်သွားနေသည်။

မန်ဟိုမှာ တစ်ခုခု မူမမှန်ကြောင်း ခံစားလာရတော့သည်။ ကျီမျိုးနွယ်စုသည် သခင်လီကြောင့် လာခဲ့သည်သာမက မန်ဟိုနှင့်မပတ်သက်လျှင်ပင် ဂယက်ထစေဦးမှာဖြစ်သည်။

မန်ဟို့အမြင်အရ သူသည် အစီအစဉ်၏တစ်စိတ်တစ်ပိုင်းဖြစ်ခဲ့၍ မျိုးနွယ်စု၏အသုံးချခံခဲ့ရသည်ကို စိတ်မကွက်သော်လည်း … အသုံးလည်းချခံရသေး၊ ဘာမှလည်းမရသည်ကိုတော့ လက်မခံနိုင်ပေ။

“သူတို့ ငါ့ကို ငွေနည်းနည်းတော့ ပေးသင့်ပါတယ်” သူက တွေးလိုက်သည်။ “ငါ့မှာ ကူညီပေးဖို့ အများကြီးစတေးခဲ့ရတာကို။ အသက်အန္တရာယ်တွေ အများကြီးကြုံတွေ့ခဲ့ရလို့ စိတ်ဒဏ်ရာတောင် ခံစားနေရပြီ။ အနည်းဆုံးတော့ ဖြေရှင်းချက်လေး ပေးသင့်တယ်မဟုတ်လား”

မန်ဟိုမှာ အလွန်မတရားကြောင်း ခံစားနေရသဖြင့် ဖန်ရှုတောက်နှင့် အခြားသူများ အဝေးသို့ သုတ်သုတ်သွားနေသည်ကို ကြည့်ပြီး အကျယ်ကြီး လှမ်းခေါ်လိုက်သည်။ “ခေါင်းဆောင်ကြီးတို့ ခဏနေပါဦး”

စကားလုံးများ သူ့ပါးစပ်မှ ထွက်သွားလျှင်ချင်း ဖန်ရှုတောက်နှင့်အခြားသူများ၏ မျက်နှာထား ရိပ်ခနဲ ဖြစ်သွားသည်။ သို့သော် သူတို့သည် အင်္ကျီလက်စများကို ခါ၍ နေရာရွှေ့ပြောင်းလိုက်ရာ သူတို့၏ခန္ဓာကိုယ်များ ဝေဝါးစပြုလာတော့၏။

မန်ဟိုမှာ အလွန်စိုးရိမ်လာတော့သည်။

“ခေါင်းဆောင်ကြီးတို့ နေပါဦး။ မပြေးနဲ့။ ဟေ့ လူအိုကြီးတွေ အဲ ဒီ မှာ ရပ် လိုက် စမ်း”

ဖန်ရှုတောက်နှင့် အခြားသူများ ပျောက်ကွယ်သွားတော့မည့်အချိန်မှာပင် မန်ဟိုမှာ ရုတ်တရက် ပေါက်ကွဲတော့သည်။ ဘိုးဘေးစံအိမ်ထဲရှိ ကျန်မျိုးနွယ်ဝင်များမှာ သူ့စကားကိုကြားလျှင် ရင်တဒိန်းဒိန်း ခုန်လာကြတော့၏။

ဖန်ရှုတောက်က တုံ့ခနဲ ရပ်ပြီး သူ၏မှေးမှိန်နေသော ပုံရိပ်က လျင်မြန်စွာ ထင်ရှားလာသည်။ သူ့မှာ အခြေအနေထဲမှ ဘယ်နည်းနှင့်မှ မထွက်ပြေးနိုင်တော့ကြောင်း သိလိုက်၍ မန်ဟို့အား စိန်းစိန်းဝါးဝါး လှည့်ကြည့်လေသည်။

“မင်း သူတောင်းစားလေး။ ငါက မင်းအဘိုးရဲ့ အဘိုးကွ။ မင်းက ရာရာစစ ငါ့ကို လူအိုကြီးလို့ ခေါ်ရဲတယ်လား”

မန်ဟိုမှာ အလွန်ဒေါကန်နေ၍ အားတင်းပြီး ကျယ်ကျယ်လောင်လောင် ပြန်တုံ့ပြန်လိုက်သည်။ “ဘာလို့မခေါ်ရဲရမှာလဲ။ ကျုပ် ဘာမှားလို့တုန်း။ ကျုပ်က အခုလေးတင် မျိုးနွယ်စုအတွက် သူရဲကောင်းလို တာဝန်ထမ်းဆောင်ပေးခဲ့တာနော်”

ဖန်ရှုတောက်က သူ့ကို မျက်လုံးပြူး၍ ကြည့်ပြီးနောက် အင်္ကျီလက်စကို ခါလိုက်သည်။ လျှပ်တပြက် မန်ဟိုမှာ လေလယ်မှ ပျောက်ကွယ်သွားကာ အဆောက်အဦးတစ်ခုအထဲတွင် ပြန်ပေါ်လာလေသည်။

သူက ဘေးဘီဝဲယာကို ကျီးကန်းတောင်းမှောက်ကြည့်ပြီးနောက် နောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်လိုက်သည်။

ဖန်ရှုတောက်က မန်ဟို့ကို မျှော်လင့်တကြီး ရပ်ကြည့်ရင်း ရယ်လိုက်သည်။

“မင်းက မတရားသဖြင့် ခံရတယ်လို့ ခံစားရတယ်ပေါ့လေ ဟမ်” သူက ပြောသည်။ “လုပ်စမ်းပါဦး ရှင်းပြစမ်းပါဦး”

“မျိုးနွယ်စုရဲ့ ပုန်ကန်မှုအတောအတွင်းမှာ ကျုပ် မျိုးနွယ်စုအတွက် သွေးမြေကျခံခဲ့တယ်” မန်ဟိုက ချက်ချင်း ပြန်ဖြေသည်။ စကားလုံးများ သူ့ပါးစပ်မှ ထွက်သွားလျှင်ချင်း ဖန်ရှုတောက်က လက်ကို ဝှေ့ယမ်းကာ နူးညံ့စွာတောက်ပနေသောအလင်းရောင်အား မန်ဟို့ကို လွှမ်းခြုံသွားစေသည်။ ချက်ချင်းပင် သူ၏ဒဏ်ရာအားလုံး ပျောက်ကင်းသွား၏။ တကယ်တော့ သူ့ဒဏ်ရာများမှာ တစ်ဝက်ကျော် သက်သာနေပြီးသားဖြစ်သော်လည်း ယခုအချိန်တွင် အကောင်းအတိုင်းပြန်ဖြစ်သွားပြီး မွေးညင်းပေါက်များပင် ပွင့်သွားခဲ့သည်။ သူ၏ကျင့်ကြံခြင်းအခြေခံသည် ယခုတွင် ယခင်ထက်ပို၍ တည်ငြိမ်နေလေပြီ။

“ကဲ ဒဏ်ရာအကုန်ပျောက်သွားပြီ” ဖန်ရှုတောက်က ခပ်‌ရေးရေး ပြုံးရင်း ဆိုသည်။ သူသည် ထိုအပြုံးဖြင့် မန်ဟို့ကို ကြည့်နေစဉ် ကောက်ကျစ်စဉ်းလဲသော မြေခွေးအိုကြီးနှင့် အမှန်တကယ် တူနေ၏။

“တိုက်ပွဲအတွင်းမှာ ကျုပ် ဆေးလုံးပေါင်းသန်းချီ စားခဲ့တယ်” မန်ဟိုက ဂရုတစိုက် ဆက်ပြောသည်။ “အင်မော်တယ်ကျောက်စိမ်းအတော်များများကိုတောင် စုပ်ယူခဲ့ရတယ်။ ပြီးတော့ ဝိညာဉ်ကျောက်တုံးတွေကိုရောပဲ” သူ စကားပြောပြီးနောက် ဖန်ရှုတောက်က လက်ကို ဝှေ့ယမ်းလိုက်ပြန်သည်။ ဤအခိုက်အတန့်တွင် နူးညံ့စွာ တောက်ပနေသောအလင်းရောင်ပေါ်မလာဘဲ မှန်သားပြင်တစ်ခုပေါ်လာသည်။ အဆိုပါမှန်သားပြင်ထက်တွင် မန်ဟို ပြစ်ဒဏ်ကျော်လွှားခဲ့သော အခိုက်အတန့်မှစ၍ တိုက်ပွဲပြီးဆုံးသည်အထိ ဖြစ်ပွားခဲ့သည့်အရာအားလုံးကို အသေးစိတ်ဖော်ပြနေ၏။ ထိုအတောအတွင်း … သူသည် မည်သည့်ဆေးလုံးမှ မစားခဲ့သလို၊ ဝိညာဉ်ကျောက်တုံးအသာထား၊ အင်မော်တယ်ကျောက်စိမ်းတစ်ခုကိုမှလည်း မစုပ်ယူခဲ့ပေ။

မန်ဟိုမှာ ရင်တုန်နေသော်လည်း မြေခွေးကဲ့သို့သော ဖန်ရှုတောက်ကို ကြည့်နေစဉ် သူ၏အမူအရာသည် တည်ကြည်လေးနက်နေ၏။ ရုတ်တရက် သူသည် ရှိန်လောက်ဖွယ်ပြိုင်ဘက်တစ်ဦး တွေ့သွားကြောင်း သဘောပေါက်သွားလေတော့သည်။

***

All Chapters