← Chapters

မြေခွေးအိုကြီး အပြိုင် မြေခွေးအုပ်

Vol. 72 Ch. 1007

မြေခွေးအိုကြီး အပြိုင် မြေခွေးအုပ်

Vol. 72 Ch. 1007

“ကျုပ် အဲဒီရွေးချယ်ခံတွေကို တိုက်ခိုက်ခဲ့တုန်းက မျိုးနွယ်စုရဲ့ ဂုဏ်ကျက်သရေအတွက် တိုက်ခိုက်နေခဲ့တာ။ ကျုပ်က ဖန်မျိုးနွယ်စုကို နဝမတောင်ပင်လယ်တစ်ခုလုံးရဲ့ အာရုံစိုက်ခံရအောင် လုပ်ပေးခဲ့တယ်” မန်ဟိုက ဖန်ရှုတောက်၏မျက်လုံးများကို မမှိတ်မသုန် စိုက်ကြည့်ရင်း ပြောသည်။ သူသည် နောက်ဆုံးတော့ ဤအဘိုးကြီး၏အရှိန်အဝါမှာ သူ့အရှိန်အဝါနှင့် အလွန်ဆင်တူကြောင်း သတိထားမိလိုက်၏။

“ဪ သိပ်ကောင်းတဲ့အချက်ပဲ။ သိပ်ကောင်းတယ်။ အခုကစပြီး မင်းဟာ ဖန်မျိုးနွယ်စုရဲ့ နံပါတ်တစ်ရွေးချယ်ခံဖြစ်သွားပြီ။ မျိုးနွယ်စုရဲ့ အတွင်းမှာပဲဖြစ်ဖြစ်၊ အပြင်မှာပဲ ဖြစ်ဖြစ်၊ မင်းက အခု မျိုးနွယ်စုကို ကိုယ်စားပြုသွားပြီ” ဖန်ရှုတောက်က လက်ကို ဝှေ့ယမ်းကာ ရွှေရောင်တံဆိပ်ပြားတစ်ပြားအား အလင်းတန်းအသွင်ဖြင့် ပျံထွက်သွားစေပြီး မန်ဟို့အရှေ့တွင် ပျံဝဲစေလိုက်သည်။ အဆိုပါတံဆိပ်များ၏တစ်ဖက်တွင် ဖန် 方 ဆိုသောစာလုံးကို ရေးသားထား၏။ အခြားတစ်ဖက်တွင်တော့ ရွေးချယ်ခံ 天骄 ဆိုသော စာလုံး ရှိသည်။

မန်ဟိုက တံဆိပ်ပြားအား တအံ့တဩ ကြည့်ပြီးနောက် ဖန်ရှုတောက်အား ပြန်စိုက်ကြည့်လိုက်သည်။ သူသည် ရုတ်တရက် ကစားခံနေရသကဲ့သို့ ခံစားလိုက်ရ၏။

“မျိုးနွယ်စုရဲ့ အခုလို ဆက်ဆံပုံကြောင့် ကျုပ်နှလုံးသားခမျာ စိတ်ပျက်မှုတွေနဲ့အတူ အေးခဲမိပါတယ်” မန်ဟိုက အံတင်းတင်းကြိတ်ရင်း ပြောသည်။

ဖန်ရှုတောက်က သူ့လက်ချောင်းအား မန်ဟို့ထံ ဝှေ့ယမ်းရင်း အနွေးလှိုင်းတစ်လှိုင်းအား သူ့ရင်ဘတ်ထံ ဝင်‌ရောက်၍ သူ့နှလုံးသားတစ်လျှောက် ဖြာထွက်သွားစေသည်။

“အခု နွေးသွားပြီလား” သူက အေးစက်စက် မေးလိုက်သည်။

မန်ဟိုမှာ ဒေါကန်လွန်း၍ ရူးပေတော့မည်။ သူသည် ဤလူအိုကြီးကဲ့သို့ အရှက်မရှိသောလူတစ်ယောက်အား တစ်ခါမှ မဆုံတွေ့ခဲ့ဖူးပေ။ သူ့မှာ နှံ့နှံ့စပ်စပ် ရှင်းပြခဲ့ပြီးသည့်တိုင် သုံးကြိမ်ဆက်တိုက် အရူးကွက်နင်းခံနေရ၏။

“မျိုးနွယ်စု ရဲ့ ပုန်ကန်မှုအတောအတွင်း ကျုပ် တစ်ယောက်တည်း ဝင်ပူးခံထားရတဲ့ ဖန်ဝေကို ဟန့်တားပေးခဲ့တယ်” သူက အော်ပြောသည်။ “မျိုးနွယ်ဝင်တွေအများကြီးကို ကယ်တင်ပေးခဲ့တဲ့အပြင် ဖန်ရှုံ့ရှန်းကိုတောင် သတ်ပေးခဲ့တယ်

“ကျုပ်က တစ်ဝက်တစ်ပျက်တာအိုပညာရှင်သုံးယောက်ကို တိုက်ခိုက်ဖို့ တာအိုစောင့်ရှောက်သူကြီးကို ဆင့်ခေါ်ပေးခဲ့တဲ့သူလေ။ ခင်ဗျားတို့အစီအစဉ်အောင်မြင်အောင် သေချာကူညီပေးခဲ့တယ်လေ

“ဖန်ဟဲ့ရှန်းကိုလည်း ကျုပ် သတ်ပေးခဲ့တယ်

“ပြောရရင် ကိစ္စတစ်ရပ်တစ်လုံးကို အလင်းရောင်ဆောင်ကြည်းပေးခဲ့တာ ကျုပ်ရဲ့ နိဗ္ဗာနသစ်သီးတွေပဲ

“ကျုပ်က မျိုးနွယ်စုအတွက် အများကြီး လုပ်ဆောင်ပေးခဲ့ရတာ။ အဲ့ဒီအတွက် ဆုလာဘ်တောင်းဆိုတယ်”

“သိပ်ကောင်းတယ် မင်း ကျင့်ကြံခြင်းအရင်းအမြစ်တွေ လိုချင်တာမဟုတ်လား” ဖန်ရှုတောက်က သက်ပြင်းချရင်း ပြောသည်။ “မင်းစရိုက်တစ်ဝက်လောက်က မင်းအဘိုးနဲ့ တစ်ထပ်တည်းပဲ” သူက အတန်ငယ် အပြစ်ရှိသလို ခံစားလိုက်ရသဖြင့် ချောင်းဟန့်လိုက်သည်။ ထို့နောက် ညာလက်ကို ဝှေ့ယမ်းလိုက်ရာ မန်ဟို့မျက်လုံးများအား မျှော်လင့်ချက်တို့ဖြင့် ဝင်းပလာစေသည်။ ချက်ချင်းပင် စာလိပ်တစ်လိပ်က ဖန်ရှုတောက်၏အရှေ့တွင် ပေါ်လာ၏။

ဖန်ရှုတောက်က ထိုစာလိပ်အပေါ်တွင် သူ့နာမည်ကို ရေးလိုက်သဖြင့် တရွှစ်ရွှစ်မြည်သံများ ကြားလိုက်ရသည်။

“မင်း အကြွေးစာချုပ်‌ရေးခိုင်းရတာ ကြိုက်တာ ငါ သိတယ်” ဖန်ရှုတောက်က အပြုံးတစ်ခုဖြင့် ပြောသည်။ “ဒီတော့ မင်းအတွက် တစ်ရွက်ပြင်ထားတယ်။ ဒါပေမယ့် မျိုးနွယ်စု မင်းအပေါ် အကြွေးဘယ်လောက်တင်နေလဲဆိုတာတော့ ကဲ ရော့ မင်းဘာသာမင်း ရေးလိုက်ချည်”

မန်ဟိုက စာရွက်ကြောင့် ပါးစပ်အဟောင်းသားဖြစ်သွားသည်။ သူ ခေါင်းမော့လာသောအခါ သူ့မျက်လုံးများသည် နီရဲတွတ်နေ၏။ သူ ဆက်လက်ပြန်ပြောတော့မည့်အချိန် ဖန်ရှုတောက်၏အမူအရာက ရုတ်တရက် လေးနက်သွားလေသည်။

သူက အသက်ပြင်းပြင်းရှူ၍ မန်ဟို့ကို စူးစူးစိုက်စိုက် ကြည့်သည်။ ဒေါသအိုးပေါက်ကွဲတော့ခါနီးဆဲဆဲ မန်ဟိုမှာ မမြိုသိပ်ဘဲ နေမရတော့ပေ။

“ဖန်ဟို” ဖန်ရှုတောက်က နက်နဲသိမ့်မွေ့ပြီး အလွန်တည်ကြည်လေးနက်နေသောအသံဖြင့် ပြောသည်။

“မင်း မျိုးနွယ်စုအတွက် လုပ်ပေးခဲ့သမျှ အရာအားလုံးကို ငါ သိတယ်။ မင်း မတရားခံရတယ်လို့ ခံစားနေရတာကိုလည်း နားလည်တယ်” သူ့အသံသည် ယခုတွင် နူးညံ့ပြီး ရှေးဆန်သွားလေသည်။ “ငါက မင်း ထမ်းဆောင်ပေးခဲ့တဲ့ တာဝန်အကုန်လုံးကို ပိုလို့တောင် သိသေးတယ်။ တခြားအရာတွေဆို ထည့်ပြောနေစရာတောင် မလိုဘူး။ မင်း အင်မော်တယ်အကြောဖွင့်လိုက်တဲ့ ရိုးရိုးတန်းတန်း အောင်မြင်မှုလေးကတောင်မှ နဝမတောင်ပင်လယ်တစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့တယ်။ ဘယ်ဂိုဏ်း၊ ဘယ်မျိုးနွယ်စုမှာမဆို အဲဒီလိုလုပ်နိုင်ခဲ့တဲ့သူကို အဖိုးထိုက်ရတနာတစ်ပါးနဲ့ သေချာပေါက် ချီးမြှင့်လိမ့်မယ်

“ဒီမှာလည်း အတူတူပဲ။ မင်းက ငါတို့မျိုးနွယ်စုအတွက် တာအိုနယ်ပယ်ပညာရှင်တစ်ဦးလောက် အရေးပါတယ်

“ဖန်ဝေက မျိုးနွယ်စုရဲ့ ဒိုင်း … မင်းက ဓားပဲ

“အခုစပြီး ဖန်ဝေက မင်းအရိပ်ဖြစ်ရတော့မှာ။ မင်းရဲ့ အရိပ်နော်။ မင်း အောင်သရဖူဆောင်းနေတဲ့အချိန် သူက လူမသိသူမသိ လျှို့ဝှက်နေရမှာ။ ဘာကြောင့်လဲဆိုတော့ မင်းကမှ မျိုးနွယ်စုရဲ့ အနာဂတ်မျှော်လင့်ချက်စစ်စစ်မလို့

“မျိုးနွယ်စုက ကပ်စေးနည်းနေတယ်လို့ မင်း တကယ်ပဲ ထင်သလား။ မင်းကို ဆုလာဘ်မချီးမြှင့်ချင်ဘူးထင်သလား

“မှားတယ်။ ငါ မင်းကို ပြောမယ် … မျိုးနွယ်စုက မင်းလို လျှမ်းလျှမ်းတောက်နေတစ်စင်းကို ဘယ်တော့မှ ကပ်စေးနည်းမှာ မဟုတ်ဘူး။ ဒါပေမဲ့ …. ပထမမျိုးဆက်ခေါင်းဆောင်ကြီးကို နိုးဖို့ ပေးဆပ်ခဲ့ရတဲ့ အဖိုးအခကို မင်း သိလား

“ပထမမျိုးဆက်ခေါင်းဆောင်ကြီးက တရားထိုင်ရင်း ကွယ်လွန်သွားခဲ့တာ ကြာပြီ။ စောစောက မင်း မြင်ခဲ့ရတာက သူ့ကိုယ်ပွားသက်သက်ပဲ၊ ဒါမှမဟုတ် အရှေ့အောင်ပွဲဂြိုဟ်ရဲ့ အစောင့်အရှောက်စိတ်ဝိညာဉ်လို့လည်း ပြောနိုင်တယ်။ သူက အိပ်စက်နေခဲ့တာ။ သူ့ကို နိုးလိုက်တဲ့အတွက် အရှေ့အောင်ပွဲဂြိုဟ်ဟာ နှစ်တစ်ထောင်ခြောက်ကပ်သွားရပြီ

“အရှေ့အောင်ပွဲဂြိုဟ် နောက်နှစ်တစ်ထောင်အတွင်း ပုံမှန်အတိုင်း ဆက်လက်လည်ပတ်စေနိုင်ဖို့အတွက် မျိုးနွယ်စုအနေနဲ့ ပြောပြလို့တောင်မရတဲ့ အရင်းအမြစ်တွေကို ပေးဆပ်ရလိမ့်မယ်။ အခုလောလောဆယ် မျိုးနွယ်စုမှာ … မင်းကို ချီးမြှင့်စရာ ဆုလာဘ်မရှိဘူး

“ဒါ့အပြင် မင်းက မျိုးနွယ်စုအတွက် ဘယ်လောက်အရေးပါလဲဆိုတာ ကိုယ်စားဖို့ အဖိုးထိုက်သင့်သလောက် ထိုက်တန်တဲ့ ဆုလာဘ်မရှိဘူး။ ဒါကြောင့် ဒီကိစ္စနဲ့ပတ်သက်ပြီး အရေးကြီးတဲ့ဆုံးဖြတ်ချက်ကို ငါ ချထားပြီးပြီ” ဖန်ရှုတောက်သည် ထရပ်၍ မန်ဟို့ကို တည်ငြိမ်စွာ ကြည့်သည်။

“ငါ ဒီကိစ္စကို မင်းအဖေနဲ့ရော ၊ ဖန်ယန်ရှီရယ် ၊ ဖန်တယွမ်ရယ်နဲ့ပါ ဆွေးနွေးပြီး နောက်ဆုံးအတည်ပြုပြီးပြီ။ အခုက စပြီး မင်းဟာ …. မျိုးနွယ်စုရဲ့ အိမ်ရှေ့မင်းသားပဲ” စကားလုံးများ ဖန်ရှုတောက်၏ ပါးစပ်မှ ထွက်သွားလျှင်ချင်း မန်ဟို့စိတ်မှာ ချာချာလည်လာတော့သည်။

“အိမ်ရှေ့မင်းသာား” မန်ဟိုမှာ တခဏ မှင်သက်သွားသည်။ တခြားဖန်မျိုးနွယ်ဝင်များအတွက် ယင်းကဲ့သို့ဘွဲ့ဂုဏ်ထူးမှာ အကြီးမြတ်ဆုံးသောဂုဏ်ကျက်သရေကို ကိုယ်စားပြုသည်။ သို့‌သော် မန်ဟိုအတွက်တော့ ၎င်းက အဆုံးမဲ့သော ဝိညာဉ်ကျောက်တုံးများနှင့် အင်မော်တယ်ကျောက်စိမ်းများကို ကိုယ်စားပြု၏။

“ဟုတ်တယ်” ဖန်ရှုတောက်က အတော်လေး လွမ်းဆွေးတမ်းတနေသောအမူအရာဖြင့် ဆက်ပြောသည်။ “လောလောဆယ် မင်းရဲ့ကျင့်ကြံခြင်းအခြေခံက အားနည်းနေတယ်။ ဒါပေမဲ့ မင်း တာအိုနယ်ပယ်ရောက်တာနဲ့ ဖန်မျိုးနွယ်စုရဲ့ မျိုးနွယ်စုခေါင်းဆောင်ဖြစ်လာလိမ့်မယ်။ မင်းသိတဲ့အတိုင်း စစ်မှန်တဲ့ မျိုးနွယ်စုခေါင်းဆောင် ပေါ်ထွက်မလာခဲ့တာ … နှစ်ပေါင်းများစွာ ကြာပြီလေ” ဖန်ရှုတောက်သည် မျှော်လင့်ကိုးစားသော အမူအရာ၊ ချစ်မြတ်နိုးသောအသွင်အပြင်ဖြင့် မန်ဟို့ကို ကြည့်ရင်း လက်ကို ဆန့်ထုတ်လိုက်ရာ အမိန့်ပြားတစ်ပြား ပေါ်လာသည်။

၎င်းက ခရမ်းရောင်ဖြစ်ပြီး ထူးဆန်းစွာ တောက်ပနေသည်။ ၎င်းသည် အမိန့်ပြားလေးတစ်ပြားသာ ဖြစ်သော်လည်း ရှားပါးသော ရှေးဟောင်းနယ်ပယ်ရတနာတစ်ပါးဖြစ်ကြောင်း ထင်ရှား၏။

“ဒီပစ္စည်းက မင်းရဲ့ အိမ်ရှေ့မင်းသားရာထူးအတွက် တရားဝင်သက်သေပဲ။ မင်း ရှေးဟောင်းနယ်ပယ်ရောက်တာနဲ့ အဲ့ဒါကို စစ်မှန်တဲ့ အဖိုးထိုက်ရတနာတစ်ပါးအဖြစ် ပြုပြင်မွမ်းမံနိုင်တယ်” ဖန်ရှုတောက်သည် လက်ကို ခါကာ အမိန့်ပြားအား မန်ဟို့ထံ ပျံသန်းသွားစေ၏။ ၎င်းက သူ့လက်ဖဝါးအပေါ် ကျဆင်းလာသည်။ ထိုသေးသေးမွှားမွှား အမိန့်ပြားလေးမှာ တောင်တစ်တောင်လုံးတမျှ လေးလံလေသည်။

မန်ဟို့တွင်သာ အစစ်အမှန်အင်မော်တယ်အပြင်အားကိုယ် မရှိခဲ့လျှင် ၎င်းကို ကိုင်ထားနိုင်မည်ပင် မဟုတ်ပေ။

“ဒါက မင်းရဲ့အိမ်၊ မင်းက ဒီမှာ သခင်လေးပဲ။ နောင်ကျ မင်းဟာ ဒီနေရာကို ဦးဆောင်ရမှာ။ ဒါကြောင့် ဒီက ကြွယ်ဝချမ်းသာမှုအကုန်လုံးက မင်းအပိုင် ဖြစ်လာလိမ့်မယ်။ အခုတော့ မျိုးနွယ်စုက ခက်ခဲနေတယ်။ ဆင်းရဲမွဲတေနေတဲ့အချိန်မှာ မျိုးနွယ်စုရဲ့အရင်းအမြစ်တွေကို ယူသွားတာက မှန်ကန်တယ်လို့ မင်း ထင်သလား။ မျိုးနွယ်စုရဲ့ သခင်လေးအနေနဲ့ ကြွယ်ဝချမ်းသာမှုတွေကို ဘယ်လိုပွားရမလဲ မင်း တွေးနေသင့်တာ” ဖန်ရှုတောက်က သက်ပြင်းရှည်ကြီးချလိုက်ပြီး နာကျင်နေသောအမူအရာက သူ့မျက်နှာကို ဖုံးလွှမ်းနေသည်။

“မင်း မယုံရင်လည်း မင်းကိုယ်တိုင်ကြည့်ရအောင် ငါ ခေါ်သွားပေးနိုင်တယ်” ဖန်ရှုတောက်က လက်ကို ဝှေ့ယမ်းလိုက်ကာ သူနှင့်မန်ဟိုအား ပျောက်ကွယ်သွားစေသည်။ သူတို့ပြန်ပေါ်လာသောအခါ ဧရာမမျှော်စင်ကြီးတစ်ခု၏အထဲတွင် ဖြစ်သည်။

“ဟိုနားမှာဆို အင်မော်တယ်ကျောက်စိမ်းတွေ တောင်လိုပုံနေခဲ့တာကွာ။ အခုတော့ ကြည့်ဦး….

“ဒီနေရာက ဝိညာဉ်ကျောက်တုံးတွေနဲ့ ပြည့်နေခဲ့တာ။ အခုတော့ ကြည့်ဦး …

ဖန်ရှုတောက်သည် မန်ဟို့အား မျိုးနွယ်စု၏ ဘဏ္ဍာတိုက်များကို ဦးဆောင်ခေါ်သွား၏။ ၎င်းတို့မှာ ပြောင်တလင်းခါမနေသော်လည်း စိတ်ပျက်စရာကောင်းလောက်အောင် ရှင်းလင်းနေလေသည်။ လှည့်ပတ်ကြည့်ပြီးနောက် မန်ဟိုမှာ အတော်လေး စိတ်ဓာတ်ကျသွားတော့သည်။

သူ့မှာ ဖန်မျိုးနွယ်စုသည် တကယ်ကြီး ဆင်းရဲမွဲတေနေကြောင်း မယုံနိုင်လောက်အောင် ဖြစ်နေတော့သည်။

“အခု မင်း နားလည်ပြီလား။ ဒါတွေအားလုံးအပြင် မျိုးနွယ်စုက မင်းကို သွေးဆက်နဂါးလည်း ချီးမြှင့်ခဲ့သေးတယ်လေ။ အဲ့ဒါက ခေါင်းဆောင်ကြီးရဲ့ သွေးကနေ ဖန်ဆင်းထားခဲ့တာ” ဖန်ရှုတောက်က သက်ပြင်းချလိုက်သည်။

မန်ဟိုလည်း အကြာကြီး တိတ်ဆိတ်စွာ ရပ်နေပြီးနောက် သက်ပြင်းချလိုက်သည်။ နောက်ဆုံးတော့ သူသည် မျိုးနွယ်စုထံမှ ဆုလာယ်တောင်းခံရန် အကြံဟူသမျှကို လက်လျှော့လိုက်တော့၏။ ဖန်ရှုတောက် တဟင်းဟင်း သက်ပြင်းချနေစဉ် မန်ဟိုက လှည့်ထွက်လာခဲ့သည်။ စောစောတုန်းက သူသည် ဘဏ္ဍာတိုက်၏မှတ်တမ်းများကိုပင် အချိန်လှန်လှောပြီး သူ မြင်တွေ့ခဲ့ရသမျှ အရာအားလုံးက အခြေအနေ၏ အရှိတရားဖြစ်ကြောင်း သိခဲ့ရ၏။

သူက နတ်ဘုရားအာရုံဖြင့်ပင် စစ်ဆေး၍ အရှေ့အောင်ပွဲဂြိုဟ် မည်မျှခြောက်ကပ်သွားခဲ့ကြောင်း မြင်ခဲ့ရသည်။ တစ်ခါက စိတ်ဝိညာဉ်စွမ်းအင်များ ပေါကြွယ်ဝခဲ့သောနေရာများမှာ ခမ်းခြောက်ကုန်ကြလေပြီ။ သူသည် မျက်လုံးများကို ပိတ်ပြီး သူ၏သွေးဆက်အရ အပြင်လူများ ခံစားနိုင်မည်မဟုတ်သည့်အရာကို ခံစားလိုက်ရ၏။ အရှေ့အောင်ပွဲဂြိုဟ်ကား အလွန်အားနည်းနေသည်။

**

သို့သော် နောက်ရက်များတွင် နဝမတောင်ပင်လယ်၏ ဂိုဏ်းများနှင့်မျိုးနွယ်စုများ အရှေ့အောင်ပွဲဂြိုဟ်ကို လာရောက်လည်ပတ်ကာ ဂုဏ်ပြုစကားများဆိုကြသဖြင့် သူ မြင်ခဲ့ရသမျှအကုန်လုံး ပြောင်းလဲစပြုလာသည်။

အရှေ့အောင်ပွဲဂြိုဟ်သို့ လာရောက်လည်ပတ်သော အဖွဲ့အစည်းအကုန်လုံး လက်ဆောင်ပဏ္ဍာအမြောက်အမြား ယူဆောင်လာသည်ကို သူ ကိုယ်တိုင် မြင်တွေ့နေရသည်။ ဂိုဏ်းတစ်ဂိုဏ်းတည်း ၊ မျိုးနွယ်စုတစ်စုတည်းသာ လာလျှင် အရေးမကြီး။ သို့သော် ဂိုဏ်းခြောက်ဂိုဏ်းဘုရားကျောင်းသုံးကျောင်း၊ အထွတ်အမြတ်မြေငါးမြေနှင့် မျိုးနွယ်စုကြီးသုံးစုအပြင် ကျန်အသေးအမွှားအဖွဲ့အစည်းအားလုံး ရောက်လာကြသည်။ မန်ဟိုမှာ တအံ့တဩ စိုက်မကြည့်မိဘဲ မနေပေ။

အတန်ငယ် တွက်ချက်ကြည့်ပြီးနောက် ဂိုဏ်းနှင့်မျိုးနွယ်စုအမျိုးမျိုးမှ ယူဆောင်လာသော လက်ဆောင်အားလုံး၏တန်ဖိုးကို ပေါင်းလိုက်လျှင် … မျိုးနွယ်စု၏ ဘဏ္ဍာတိုက်များကို ပြန်ဖြည့်ရန် မလုံလောက်သော်လည်း သုံးဆယ်မှ လေးဆယ်ရာခိုင်နှုန်းအထိ ဖြည့်တင်းနိုင်ကြောင်း သူ သဘောပေါက်လိုက်သည်။

မန်ဟိုသည် ဖန်ရှုတောက် ပြုံးတုံးပြုံးတုံးဖြင့် ဧည့်သည်များကို ကြိုဆိုနေသည်ကို ကြည့်နေစဉ် ထိုလူမှာ ကောက်ကျစ်စဉ်းလဲသော မြေခွေးကြီးဖြစ်သည်ဟု ခံစားလိုက်ရတော့၏။ ထိုအဘိုးကြီးက သူ့ကို နှပ်ချခဲ့၍ သူ့မှာ ဘာမှမတတ်နိုင်တော့ပေ။ ထိုလူ့ပြောစကားများကလည်း ကျိုးကြောင်းညီညွှတ်ခဲ့သည်မဟုတ်ပါလော။

မန်ဟိုမှာ သက်ပြင်းချပြီး မျက်ကွယ်ပြုထားရန်သာ ဆုံးဖြတ်လိုက်တော့သည်။ ထိုမှသာ သူ့ဒေါသအိုးမပေါက်ကွဲမိအောင် ထိန်းထားနိုင်လိမ့်မည်။ သို့သော် သူသည် ဧည့်သည်များကို မကြိုဆိုဘဲ သူ့အိမ်တွင်သူ နေပြီး သူ၏နိဗ္ဗာနသစ်သီးများအား သင့်တင့်လျောက်ပတ်စွာ စုပ်ယူဖို့ ကြိုးစားရင်း ကျင့်ကြံအားထုတ်နေ၏။

ယင်းက ဤတစ်ကြိမ်သာ နှပ်ချခံလိုက်ရခြင်းဖြစ်၍ မန်ဟို သည်းခံနိုင်လေသည်။ သူကား ယခုတွင် သူအလွန်ဘဝင်ခွေ့နေသော အဆင့်အတန်းဖြစ်သည့် အိမ်ရှေ့မင်းသားဖြစ်နေပြီမဟုတ်ပါလော။ သို့သော် ရက်အနည်းငယ်ကြာသော် တာအိုဆရာအစည်းအရုံးသုံးခုက ပို၍ပင် ကြောက်စရာကောင်းသော လက်ဆောင်ပဏ္ဍာများဖြင့် ရောက်လာခဲ့ကြောင်း သူ ကြားလိုက်ရသည်။ လက်ဆောင်တစ်ခုစီက မျိုးနွယ်စုပေါင်းများစွာမှ လက်ဆောင်များနှင့် ညီမျှလေရာ မန်ဟိုမှာ တစ်ခုခုမူမမှန်သည်ကို ခံစားလာရတော့သည်။

“အစ်ကိုရှုတောက်။ ဟိုအာက ဖန်မျိုးနွယ်စုရဲ့ အိမ်ရှေ့မင်းသားလည်းဟုတ်သလို ၊ နဝမပင်လယ်နတ်လောကရဲ့ သီးသန့်ဂိုဏ်းသားလည်း ဟုတ်တယ်။ ကျေးဇူးပြုပြီး ဒီအသေးအဖွဲလက်ဆောင်လေးတွေကို သူ ဂိုဏ်းကို ဝင်ဝင်ချင်း ကျုပ်တို့ ပေးရမယ့် အကြိုလက်ဆောင်တွေအဖြစ် လက်ခံပေးပါ”

နဝမတောင်ပင်လယ်နတ်လောကမှ ကျင့်ကြံသူများ ရောက်လာသောအခါ ဖန်ရွှီက မန်ဟို့အိမ်သို့ အပြေးအလွှား သွားသတင်းပို့သည်။ မန်ဟိုမှာ ချက်ချင်း မိုးမီးလောင်သွားပြီး မျက်လုံးများ နီရဲသွားတော့သည်။ ယခုတော့ ဖန်ရှုတောက် မည်မျှဉာဏ်များသလဲ သူ နားလည်လိုက်လေပြီ။ သူက ဤတစ်ကြိမ်တွင် မန်ဟို့ကို အကြီးအကျယ် နှပ်ချခဲ့ခြင်းဖြစ်သည်။

မန်ဟိုသာ အိမ်ရှေ့မင်းသားမဟုတ်လျှင် တာအိုဆရာအစည်းအရုံးသုံးခုအနေဖြင့် ထိုကဲ့သို့လက်ဆောင်များအား ဘယ်တော့မှ ပြင်ဆင်လာခဲ့မှာမဟုတ်ပေ။ သူ၏အဆင့်အတန်းအသစ်ကြောင့်သာ မျိုးနွယ်စုရရှိနေသော လက်ဆောင်များက အလွန်တန်ဖိုးကြီးနေခြင်းပင်။

မန်ဟိုက အံတင်းတင်းကြိတ်၍ ထရပ်ပြီးနောက် ကြိုဆိုစားသောက်ပွဲအခမ်းအနားကျင်းပနေသော ဘိုးဘေးစံအိမ်၏ပင်မခန်းမထံသို့ ပျံသန်းသွားတော့သည်။

မန်ဟိုသည် တာအိုဆရာအစည်းအရုံးသုံးခုထံမှ လက်ဆောင်ပဏ္ဍာအမြောက်အမြားရဖို့ ဖန်ရှုတောက် သူ့အား အိမ်ရှေ့မင်းသားအရာတင်မြှောက်ခဲ့သည်ကို စိတ်မဆိုးပေ။ သူ စိတ်ဆိုးသည်က ထိုကလိမ်ကကျစ်မြေခွေးအိုကြီး ဖန်ရှုတောက်က … သူ့အား ဝေစုတစ်စုမှ မျှမပေးခြင်းကိုပင်။ အသေးအဖွဲဆယ်ရာခိုင်နှုန်းမျှပင် မပေးပေ။ ယင်းက လက်ခံနိုင်စရာလော။

မြင့်မြတ်သောရေစီးဓားဂူနှင့် အင်မော်တယ်ရှေးဟောင်းတာအိုဆရာအဖွဲ့ကလည်း ကိုယ်စားလှယ်များအား အလွန်တန်ဖိုးကြီးသောလက်ဆောင်များဖြင့် စေလွှတ်ခဲ့သည်။ သို့သော် မြင့်မြတ်သောရေစီးဓားဂူနှင့် နဝမပင်လယ်နတ်လောကမှ လက်ဆောင်များနှင့်ယှဉ်လျှင် အင်မော်တယ်ရှေးဟောင်းတာအိုဆရာအဖွဲ့၏ လက်ဆောင်များက များစွာရိုးရှင်းသ‌ယောင် ထင်ရသည်။

ဖန်မျိုးနွယ်စု ဘိုးဘေးစံအိမ်၏ ပင်မခန်းမထဲတွင် အမျိုးမျိုးသော ဂိုဏ်းများနှင့် မျိုးနွယ်စုများမှ ခေါင်းဆောင်ကြီးအကုန်လုံး စားကောင်းသောက်ဖွယ်များ တည်ခင်းထားသော စားပွဲအရှည်ကြီး၏ပတ်ပတ်လည်တွင် ထိုင်နေကြသည်။

“အစ်ကိုရှုတောက်၊ ဘယ်မျိုးနွယ်ဝင်မဆို၊ ဘယ်ဂိုဏ်းသားမဆို တာအိုဆရာအစည်းအရုံးသုံးခုကို ဝင်ရောက်နိုင်ပါတယ်။ ဘာကြောင့်လဲဆိုသော တာအိုဆရာအစည်းအရုံးသုံးခုက အပြင်လူတွေကို လွတ်လပ်စွာ ဆက်ဆံပေးလို့ပါ။ ကျုပ်တို့ဟာ အဲဒီလိုနည်းနဲ့ နဝမတောင်ပင်လယ်ရဲ့ ရွေးချယ်ခံမျိုးဆက်တွေကို ထိန်းကျောင်းပေးပါတယ်”

“အစ်ကိုရှုတောက်၊ မြင့်မြတ်သောရေစီးဓားဂူက ဓားကို တာအိုအဖြစ် ရှေးရှုပါတယ်။ ဟိုအာရဲ့အဖေ ဖန်ရှုံ့ဖုန်းကလည်း သူ့ဓားတာအိုကြောင့် ကျော်ကြားတယ်မဟုတ်လား။ မြင့်မြတ်သောရေစီးဓားဂူကိုသာ ဝင်လိုက်ရင် ဟိုအာ အအောင်မြင်ဆုံးဖြစ်လာလိမ့်မယ်လို့ ကျုပ် ထင်တယ်”

တာအိုဆရာအစည်းအရုံးတစ်ခု မန်ဟို့ကို လုနေကြစဉ် ခေါင်းဆောင်ကြီးများသည် ရယ်ကာမောကာဖြင့် စကားစမြည် ပြောနေကြ၏။

ဖန်ယန်ရှီနှင့် ဖန်ရှုတောက်တို့က အားလုံး၏အလယ်တွင် ထိုင်နေသည်။ ဖန်ရှုတောက်သည် ပြုံးလိုက်၊ ခေါင်းညိတ်လိုက်နှင့် ရှိနေရာ သူ့အကြောင်းမသိပါက အလွန်ကြင်နာတတ်သည်ဟု ထင်မိပေလိမ့်မည်။ သို့သော် မန်ဟို့မျက်လုံးထဲတွင်တော့ သူသည် အဆုံးစွန်အထိ ကောက်ကျစ်စဉ်းလဲသော မြေခွေးကြီးထက် မပိုပေ။

***

All Chapters