← Chapters

ကျုပ်က လက်ထပ်ပြီးသားဗျ

Vol. 73 Ch. 1009

ကျုပ်က လက်ထပ်ပြီးသားဗျ

Vol. 73 Ch. 1009

မန်ဟို၏မျက်လုံးများ လင်းခနဲ လက်သွားပြီး သူသည် တာအိုဆရာအစည်းအရုံးသုံးခု သူနှင့် အက်ရှလွန်အကြောင်း ဖန်ရွှေတောက်နှင့်အတူ ဆွေးနွေးနေသည်ကို တိတ်ဆိတ်ငြိမ်သက်စွာ နားထောင်နေတော့၏။ ထိုအဖြူရောင်ဝတ်ရုံနှင့် အမျိုးသမီး သူ့အား အက်ရှလွန်ဟူ၍ အမည်တပ်ခဲ့ကတည်းက နောက်ဆုံးတွင် အခြားသူများ ဤကိစ္စအား သိသွားလိမ့်မည်ကို သူ သဘောပေါက်ပြီးသားဖြစ်သည်။ သို့ဖြစ်၍ ဤကဲ့သို့ ဆွေးနွေးနေသည်ကို စိတ်မကွက်ပေ။

မန်ဟိုသည် သတိရှိသော ပုဂ္ဂိုလ်တစ်ဦးဖြစ်သော်လည်း ယခုတွင် တာအိုဆရာအစည်းအရုံးသုံးခုမှ အက်ရှလွန်ကိစ္စကို ရှာတွေ့သွားပြီးရာ ဖုံးကွယ်နေလည်း အချည်းနှီးသာ ဖြစ်မည်။ မျိုးနွယ်စုအနေနှင့်လည်း ထိုကိစ္စအား သိထားသင့်သည်။ အနည်းဆုံးတော့ အကာအကွယ်ရနိုင်မည်။

ဖန်‌ရွှေတောက်က ပထမဆုံး ဘာမှမတုံ့ပြန်ပေ။ အတန်ကြာတွေးပြီးနောက်ဆုံး သူက ပြောသည်။ “ဒါက ကျုပ် တစ်ယောက်တည်း ဆုံးဖြတ်လို့မရတဲ့ လေးနက်တဲ့ကိစ္စတစ်ရပ်ပဲ။ ဒီလိုဆို ဘယ်လိုလဲ။ တာအိုရောင်ရင်းတို့၊ အခုလောလောဆယ်တော့ ခန်းမထဲ ပြန်ကြပါ။ ကျုပ် ဟိုအာနဲ့ သီးသန့်ဆွေးနွေးပြီးရင် အဖြေပေးပါ့မယ်”

တာအိုဆရာအစည်းအရုံးသုံးခုမှ ကိုယ်စားလှယ်များက အကြည့်ချင်းဖလှယ်ပြီးနောက် ခေါင်းညိတ်လိုက်သည်။ မျက်စိတစ်မှိတ်အတွင်း သူတို့သည် သီးသန့်အခန်းမှ ထွက်ခွာပြီး ပင်မခန်းမတွင် ပြန်ပေါ်လာ၏။

သူတို့ ထွက်သွားပြီးနောက် မန်ဟိုက ဖန်ရွှေတောက်ကို စိုက်ကြည့်လိုက်သည်။ ဖန်ရွှေတောက်က သူ့ကို ပြန်ကြည့်၍ ချောင်းဟန့်ပြီးနောက် ပြုံးပြသည်။

မန်ဟို့ရှုထောင့်မှ ကြည့်လျှင် ထိုအပြုံးမှာ လွန်စွာစိတ်မချရသည့်ပုံပေါ်နေသည့်အတွက် သူ့အား ဟမ့်ခနဲ နှာမှုတ်လိုက်စေသည်။

ဖန်ရွှေတောက်က ချောင်းဟန့်ပြီးနောက် မန်ဟို့ကို ကြည့်ကာ ပြောသည်။ “ငါ မင်းကို တစ် ရာခိုင်နှုန်း ပေးမယ်” သူသည် အမြတ်များကို ခွဲဖို့ကိစ္စအား မပြောရသေးကြောင်း ကောင်းကောင်းသိ၏။

“မရဘူး။ ငါးဆယ် ရာခိုင်နှုန်း ပေး” မန်ဟိုက ပက်ခနဲ ပြန်ပြောသည်။

ဖန်ရွှေတောက်က မျက်မှောင်ကြုတ်ပြီးနောက် ပြောသည်။ “ဒီလက်ဆောင်တွေအကုန်လုံးက မျိုးနွယ်စုအတွက် အရေးပါတယ်ကွ။ အများဆုံး နှစ် ရာခိုင်နှုန်းပဲ”

“ကျုပ် မျိုးနွယ်စုအတွက် ဘာလုပ်ပေးခဲ့လဲ ခင်ဗျား သိလား။ ကျုပ် ...” မန်ဟိုမှာ အရှည်ကြီးရှင်းပြရန် ပြင်တော့မည်အချိန် ဖန်ရွှေတောက်က သက်ပြင်းရှည်ကြီးချကာ ကြားဖြတ်ပြောသည်။

“ဟိုအာ၊ မင်းက မျိုးနွယ်စုရဲ့ အိမ်ရှေ့မင်းသားပဲ” သူ့မှာ အလွန်စိတ်ပျက်နေပုံပေါ်သည်။ သူက နာကျင်နေသောအသံဖြင့် ဆက်ပြောသည်။ “မင်း မသိဘူးလား၊ အိမ်ရှေ့မင်းသားအနေနဲ့ မင်းက မျိုးနွယ်စုဆီကနေ အထူးအရေးပေးကာကွယ်ခံထားရတာလေ။ အဲ့ဒါက မျိုးနွယ်စု မင်းကို ဘယ်လောက်အသိအမှတ်ပြုလဲ သက်သေပြနေတာပဲ။ ငါတို့ အခုညှိနေတဲ့ အကျိုးအမြတ်တွေက အဲ့ဒါနဲ့ ဘယ်နှယ့်ကြောင့် ယှဉ်နိုင်မှာတုံး

“ဒါက မင်းရဲ့ အိမ်ကွ

“ပြီးတော့ မင်းအိမ်က ကြပ်တည်းနေတယ်။ ပထမမျိုးဆက်ခေါင်းဆောင်ကြီးက အိပ်ပျော်နေတယ်၊ ဂြိုဟ်လည်း အားနည်းနေတယ်။ မျိုးနွယ်စုရဲ့ ကျင့်စဉ်တွေအတွက် သုံးစွဲရတဲ့ အရင်းအမြစ်တွေက လွဲလို့ အကုန်လုံးက ဒီဂြိုဟ်ထဲ မြှုပ်နှံထားရတာ

“ဒါ့အပြင် ငါတို့အနေနဲ့ ကျီမျိုးနွယ်စုကို သတိထားရဦးမယ်။ အဲဒါတွေအကုန်လုံးအပြင် ပထမမျိုးဆက်ခေါင်းဆောင်ကြီးကို ထပ်နှိုးဖို့ လိုလာခဲ့သည်ရှိသော် အရင်းအမြစ်တွေကို လိုရမယ်ရ ပြင်ထားရဦးမှာ။ မန်ဟို … ဘာပြောနေတာကို မင်း နားလည်လား

“အဲဒါတွေအကုန်လုံးကို ထည့်တွက်ရင် မျိုးနွယ်စုက ဟော့ဒီတန်ဖိုးကြီးလှတဲ့ အိမ်ရှေ့မင်းသားလေးကို တာအိုဆရာအစည်းအရုံးသုံးခုမှာ သွားကျင့်ကြံဖို့ ဘယ်လိုလုပ် လွှတ်ပေးနိုင်မှာလဲ

“ဖန်မျိုးနွယ်စုက မင်းရဲ့အိမ်၊ မင်းက ငါတို့ရဲ့ မိသားစုဝင်တစ်ဦး။ မင်းက မျိုးနွယ်စုရဲ့ သခင်လေးပဲ။ ကဲ အခု မျိုးနွယ်စု အသက်ရှူချောင်ဖို့ အမြတ်နည်းနည်းပါးပါးလောက် စွန့်လွှတ်ပေးဖို့ အချိန်ကျပြီလေ။ သဘောတူတယ်မလား

“မတရားဘူးထင်ရင် သွား လက်ဆောင်အကုန်လုံး ယူလိုက်တော့။ ငါ တစ်ခုမှ မလိုချင်ဘူး” ထိုသို့ပြောပြီး ဖန်ရွှေတောက်က မျက်လုံးပိတ်၍ သက်ပြင်းချလိုက်သည်။

မန်ဟိုမှာ တိတ်ဆိတ်စွာ ရပ်နေသည်။ ရုတ်တရက် သူ့မှာ အမှန်တကယ် ငွေနောက်လိုက်လွန်းနေသလို ခံစားလိုက်ရ၍ စိတ်မသက်မသာ ဖြစ်သွားတော့သည်။၊ နောက်ဆုံးတော့ သူက ခေါင်းညိတ်လိုက်၏။

“ရပါတယ် ကျုပ် မယူတော့ဘူး” သူက ပြောသည်။ “ထားလိုက်တော့ …”

ဖန်ရွှေတောက်၏ မျက်လုံးများပွင့်လာပြီး သူက နွေးထွေးကြင်နာမှုအပြည့်ဖြင့် မန်ဟို့ပခုံးအား ပုတ်လိုက်သည်။

“လိမ္မာလိုက်တဲ့ ကောင်လေး …” သူက ပြောသည်။ ထို့နောက် သူသည် အင်္ကျီလက်စကို ခါလိုက်ကာ သူတို့နှစ်ယောက်လုံးအား ပျောက်ကွယ်သွားစေပြီး ပင်မခန်းမထဲတွင် ပြန်ပေါ်လာ၏။

စားသောက်ဧည့်ခံပွဲသည် ဆက်လက်ကျင်းပပြီးနောက် တာအိုဆရာအစည်းအရုံးသုံးခုမှာ မန်ဟို သူတို့အစည်းအရုံးများထဲ ဝင်ရောက်ကြောင်း ကြေညာမည်ကို မျှော်လင့်ကြီးစွာဖြင့် စောင့်စားနေကြသည်။ သို့သော် ဖန်ရှုတောက်က မန်ဟို၏ကျင့်ကြံခြင်းအခြေခံကို အကြောင်းပြရင်း သူ့အား တရားဝင်လက်ခံပေးရန် သူတို့ကို နောင်သုံးလနေမှ ပြန်လာရမည်ဟု ပြောလေသည်။

မန်ဟိုမှာတော့ ဝမ်းနည်းပက်လက် မျောက်မှိုင်မှိုင်နေသည်။ မျိုးနွယ်စုက အလွန်ခက်ခဲကြပ်တည်းနေကြောင်း သူ နားလည်သော်လည်း တသဲသဲ ဝင်‌ရောက်လာနေသည့်တိုင် သူ့အိတ်ထဲ တစ်ပြားမှ ဝင်မလာသော ဝိညာဉ်ကျောက်တုံးများအကြောင်း တွေးမိလျှင် ရင်နာရလေသည်။

“ဟူး ကိစ္စမရှိပါဘူးလေ။ ခေါင်းဆောင်ကြီးပြောတာ မှန်တယ်။ ငါက မျိုးနွယ်ဝင်တစ်ယောက်ဆိုတော့ အဲဒီလို ပြုမူသင့်တာပဲ” မန်ဟိုမှာ သူ့ကိုယ်သူ ထိုအတိုင်း နှစ်သိမ့်ရင်း နှုတ်ဆက်စကားဆိုကာ ခန်းမထဲမှ ထွက်လာ၏။ သူ ပျံထွက်သွားတော့မည့်အချိန်မှာပင် အလင်းတန်းနှစ်တန်းက လေကိုခွင်း၍ ပင်မခန်းမထံသို့ ဦးတည်လာသည်။

ဖန်မျိုးနွယ်ဝင်များက အနားမှလိုက်ပါပျံသန်းရင်း စောင့်ကြပ်ပေးနေကြပြီး အလင်းတန်းနှစ်တန်း အနားရောက်လာသောအခါ လီမျိုးနွယ်စုမှ လူများဖြစ်နေသည်။ တစ်ယောက်က ဆူပုပ်နေသော လီလင်းအာပင်။ သူမဘေးတွင်တော့ တန်ခိုးရှင်အသွင်အပြင်ဖြင့် ခံ့ညားသော သက်လတ်ပိုင်းလူတစ်ဦး။ သူ၏အရှိန်အဝါသည် အနှစ်သာရစွမ်းအားဖြင့် အားကောင်းသန်မာနေ၏။

လီလင်းအာက မန်ဟို့ကို မြင်လျှင် အံတင်းတင်းကြိတ်လိုက်ပြီး မျက်လုံးများ မီးဝင်းဝင်းတောက်သွားသည်။ ဆန့်ကျင်ဘက်တွင် သက်လတ်ပိုင်းလူ၏မျက်လုံးများမှာ စူးရှတောက်ပသွားပြီး သူက အားရဝမ်းသာစွာ ရယ်တော့သည်။

“ဟားဟား ထင်ထားတဲ့အတိုင်း ခန့်ချောလေးပဲကိုး” သူက ပြောသည်။ “အရင်က နတ်ဘုရားအာရုံနဲ့ပဲ အကဲခတ်နိုင်ခဲ့ပေမယ့် အခု ကိုယ်တိုင်တွေ့မှ ကောင်လေး မင်းတော်တယ်လို့ ငါ ပြောရမယ်။ တကယ်တော်တယ်” ထိုလူက တဟားဟား ရယ်ရင်း ပင်မခန်းမထဲ ဝင်သွားသည်။

လီလင်းအာက မန်ဟို့ကို အမဲဖြတ်တော့မတတ် စိန်းစိန်းဝါးဝါး ကြည့်ရင်း ဘေးမှ ဖြတ်လျှောက်သွားသည်။ သူမမှာ သူမဘဝက အလွန်မတရားလွန်းသဖြင့် အတိုင်းထက်အလွန် မကျေမချမ်း ဖြစ်နေသည့်အလားပင်။ မန်ဟို့မှာ တအံ့တဩ ပြန်ကြည့်လိုက်မိသည်။ တစ်ခုခုတော့ မှားနေချေပြီ။ သူသည် ထွက်သွားမည့်အစား ရပ်၍ ပြန်လှည့်ကြည့်လိုက်၏။ သူ ပထမဆုံး သတိထားမိလိုက်သည့်အရာမှာ … ဖန်ရှုတောက် ထလာသည်ကို ဖြစ်သည်။ ထို့နောက် …. လီမျိုးနွယ်စုမှ သက်လတ်ပိုင်းလူ ရယ်ပြီး စကားစပြောသည်ကို ကြားလိုက်ရသည်။

“အစ်ကိုရှုတောက်၊ ခင်ဗျားရဲ့ ကျောက်စိမ်းပြားကို ရရချင်း ကျုပ် အဲဒီကိစ္စကို ဆွေးနွေးဖို့ မျိုးနွယ်အစည်းအဝေးခေါ်ခဲ့တယ်။ ဟိုအာက တကယ် တော်တဲ့ ကလေးပဲ။ ကျုပ် သူ့ကို တကယ် သဘောကျတယ်။ မျိုးနွယ်စုတစ်စုလုံးလည်း သဘောတူတယ်။ ကျုပ်တို့အားလုံး ဟိုအာကို ထောက်ခံပြီး သူ နောင်တစ်ချိန် ဖန်မျိုးနွယ်စုရဲ့ မျိုးနွယ်စုခေါင်းဆောင်ဖြစ်လာတာနဲ့ ကျုပ်တို့မျိုးနွယ်စုနှစ်စု အင်အားကြီးမားတဲ့ မဟာမိတ်အဖွဲ့ကို တည်ထောင်နိုင်ပြီ

“ကျုပ် ဒီနေ့ ဒီကို လာတာက တာအိုနယ်ပယ်ရတနာတစ်ပါး၊ အဖိုးထိုက် ရှေးဟောင်းနယ်ပယ်ရတနာတစ်ရာ၊ အင်မော်တယ်ရတနာတစ်ထောင်၊ အင်မော်တယ်ကျောက်စိမ်းသိန်းတစ်ထောင်၊ ဝိညာဉ်ကျောက်တုံးသန်းတစ်ထောင်နဲ့ တခြားမရေမတွက်နိုင်တဲ့ ပစ္စည်းတွေကို ဟိုအာနဲ့ လင်းအာအတွက် မင်္ဂလာဆောင်လက်ဖွဲ့အဖြစ် ပေးဖို့ပါ” လီမျိုးနွယ်စုမှ လူက လက်နှစ်ဖက်ဆုပ်၍ ဖန်ရှုတောက်အား အရိုအသေပေးလိုက်သည်။

သူ လက်ဖွဲ့အကုန်လုံးကို ရွတ်သွားခဲ့သော ပုံစံက တာအိုနယ်ပယ်ပညာရှင်များကိုပင် တအံ့တဩ လှမ်းကြည့်မိသွားစေရန် လုံလောက်သည်။ ထိုမျှအဖိုးအနဂ္ဃထိုက်တန်သော လက်ဖွဲ့ခြင်းမှာ မြင်တွေ့ရခဲသော အရာပင်။ သို့သော် “မင်္ဂလာဆောင်” ဆိုသော စကားလုံးကို ကြားသည်နှင့် လူတိုင်းမှာ ရည်ရွယ်ချက်ကို နားလည်သွားတော့သည်။

မန်ဟိုသည် သာမန်မျိုးနွယ်ဝင်တစ်ဦးမဟုတ်တော့ပေ။ သူက ဖန်မျိုးနွယ်စု၏ နံပါတ်တစ်ရွေးချယ်ခံ၊ နဝမတောင်ပင်လယ်တွင် လျှမ်းလျှမ်းတောက် နေတစ်စင်းဖြစ်သည့်အပြင် အိမ်ရှေ့မင်းသားဘွဲ့ကိုပင် ပိုင်ဆိုင်ထားသည်။ ထိုကဲ့သို့သော အဆင့်အတန်းမျိုးဖြင့်ဆိုလျှင် မည်သည့်အဖွဲ့အစည်းမဆို မဟာမိတ်ဖွဲ့ရန် အဖိုးတန်သော လက်ဆောင်ပဏ္ဍာများဖြင့် ကမ်းလှမ်းလိမ့်မည်သာ။

ဖန်ရှုတောက်က နားရွက်တက်ချိတ်မတတ် ပြုံးပြီး တဟားဟားရယ်ရင်း လျှောက်လာသည်။

“အစ်ကိုလီ၊ သိပ်ကို ယဉ်ကျေးလွန်းနေပါပြီ” သူက ပြောသည်။ “ဟိုအာနဲ့ ဒီကလေးမလေး လင်းအာက ငယ်ငယ်ကတည်းက စေ့စပ်ထားတာလေ။ ကျုပ်က အဲဒီကိစ္စကို နည်းနည်းစောဖို့ ဆုံးဖြတ်လိုက်တာလေးပါပဲ” ဖန်ရှုတောက်က လီလင်းအာကို ဖော်ဖော်ရွေရွေ ကြည့်သည်။

မန်ဟိုမှာတော့ ပင်မခန်းမ၏တံခါးအပြင်တွင် ပါးစပ်အဟောင်းသားနှင့် ရပ်နေသည်။ သူ့မျက်လုံးများလည်း ပြူးကျယ်နေ၏။ သူ့မှာ ဖြစ်ပျက်နေသောအရာကို မယုံနိုင်လုနီးပါးဖြစ်နေပြီး ချာချာလည်နေချေပြီ။

“သူ ငါ့ကို ရောင်းစားလိုက်တာလား” သူက ရေရွတ်လိုက်မိသည်။ သူ့မှာ ရုတ်တရက် တုန်ရီစပြုလာပြီး ဒေါသအတောင့်လိုက် ထွက်လာသည်။ ပုံမှန်ဆိုလျှင် မိန်းကလေးဘက်မှ မင်္ဂလာလက်ဖွဲ့များအား လက်ခံရမှာဖြစ်သည်။ သို့သော် ဤသည်က ဖန်မျိုးနွယ်စုဖြစ်ရာ သူတို့က လက်ဖွဲ့ကို လက်ခံရလေသည်။ မန်ဟို ပို၍ပင် လက်မခံနိုင်သည့်အရာမှာတော့ … စောစောက ဖန်ရှုတောက် ပြောခဲ့သမျှ အရာအားလုံးမှာ သူ တည့်တည့်ကြီး ကျသွားသော ထောင်ချောက်ကြီးဖြစ်ခဲ့သည်ကိုပင်။

အဆုံးသတ်တွင် သူ့အနေဖြင့် မျိုးနွယ်စုအတွက် ထိုအရာအားလုံးအား လက်ခံနိုင်သည်။ ရင်နာရသည့်တိုင် တန်ဖိုးကြီးသောလက်ဆောင်များနှင့်လည်း ခွဲခွာနိုင်သည်။

သို့သော် ယခု ဖြစ်နေသောအရာကား ငွေနှင့် မပတ်သက်ပေ။

မန်ဟို့စိတ်ထဲတွင် အဆုံးမရှိသောသတ်ဖြတ်မှုများဖြင့် ပြည့်နှက်နေသော အနီ‌ရောင်မင်္ဂလာပွဲတစ်ပွဲအား မြင်ယောင်လာသည်။ ထိုမင်္ဂလာပွဲသည် သူ့ဘဝတွင် အနာကျင်ရဆုံးအခိုက်အတန့်များထဲမှ တစ်ခုဖြစ်ခဲ့၏။

ရှုချင် တဖြေးဖြေး မျက်လုံးများမှိတ်၍ ပျောက်ကွယ်သွားသည်အထိ ရှုချင်အား တင်းတင်းကြပ်ကြပ် ပွေ့ထားသော သူ့ကိုယ်သူ မြင်လိုက်ရသည်။ မေ့မရနိုင်သောနာကျင်မှုက သူ့နှလုံးသားကို တစ်ဖန် မွှန်းပြန်လေပြီ။

ရုတ်တရက် သူသည် ဘဝပြန်ဝင်စားခြင်းသံသရာစက်ဝန်းအား မြင်နေရသကဲ့သို့ ခံစားလိုက်ရပြီး သူ့နားထဲ၌ ပဲ့တင်ထပ်သွားသောအသံတစ်သံအား ကြားလိုက်ရသည်။

“အစ်မ ဘဝပြန်ဝင်စားခြင်းစက်ဝန်းထဲမှာ … စောင့်နေတယ်နော်”

မန်ဟိုသည် တခြားအမျိုးသမီးအား ထိကပါးရိကပါး ဆက်ဆံတတ်ပုံပေါ်သော်လည်း အမှန်တွင် သူ့နှလုံးသား၏အနက်ရှိုင်းဆုံးထဲရှိ နေရာအား တစ်ယောက်သောအမျိုးသမီးသာ ဝင်ရောက်နိုင်၏။

ချူယွီယန်ပင်လျှင် ထိုနေရာအား မဝင်ရောက်နိုင်ခဲ့ရာ … လီလင်းအာက မည်ကဲ့သို့ ဝင်ရောက်နိုင်မည်နည်း။

ထိုနေရာက … တစ်ယောက်တည်းအတွက် ဖြစ်သည်။ ထိုနေရာအား … ရှချင်သာ ပိုင်သည်။

မန်ဟိုက အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ သူ၏မျက်လုံးများသည် အေးစက်စွာ တောက်ပသွားပြီး လူတိုင်း ရယ်ရယ်မောမော စကားပြောနေကြစဉ် သူက အေးစက်တင်းမာနေသောအသံဖြင့် ပြောလိုက်သည်။ “ခေါင်းဆောင်ကြီး၊ ကျုပ်က လက်ထပ်ပြီးသား”

သူ့အသံထွက်လာသည်နှင့်တစ်ပြိုင်နက် ခန်းမတစ်ခုလုံး တိခနဲ တိတ်ဆိတ်သွားသည်။ လီမျိုးနွယ်စုမှ သက်လတ်ပိုင်းလူက မန်ဟို့ကို လှည့်ကြည့်ပြီးနောက် ဖန်ရှုတောက်အား ပြန်ကြည့်သည်။

လီလင်းအာ၏မျက်ဝန်းလေးများမှာတော့ မျှော်လင့်ချက်တို့ဖြင့် ရွှန်းလဲ့လာသည်။

ဖန်ရှုတောက်က ချောင်းဟန့်ပြီးနောက် မန်ဟို့ထံသို့ သူ့အသံအား ပေးပို့လိုက်သည်။ “လီမျိုးနွယ်စုရဲ့ မင်္ဂလာလက်ဖွဲ့ထဲက နှစ်ဆယ်ရာခိုင်နှန်းပေးမယ်”

မန်ဟို့မျက်နှာမှာ အတိုင်းထက်အလွန် တည်ငြိမ်နေပြီး သူက ဘာမှပြန်မပြောဘဲ ဖန်ရှုတောက်ကို အေးစက်စက်ကြည့်နေသည်။

“မင်း မသာလေး။ ကောင်းပြီ၊ ငါးဆယ်ရာခိုင်နှုန်း ဒီထက်ပိုမရဘူး။ အခု မျိုးနွယ်စုက ခက်ခဲနေတာ မင်းသိတယ်မလား ပြီးတော့...”

“ခေါင်းဆောင်ကြီး” မန်ဟိုက အေးအေးဆေးဆေး ကြားဖြတ်ပြောလိုက်သည်။ “ကျုပ် မန်ဟိုက ငွေကို ချစ်ပါတယ်။ ဒါပေမဲ့ ကမ္ဘာပေါ်က အရာရာတိုင်းကို ငွေတွေ ၊ အကျိုးအမြတ်တွေနဲ့ လဲလှယ်လို့မရပါဘူး။ ကျုပ်ပြောတဲ့အတိုင်း ကျုပ်က လက်ထပ်ပြီးသားပါ

“ကျုပ်မှာ မိန်းမရှိတယ်။ သူ့နာမည်က ရှုချင်တဲ့” သူက ထိုစကားလုံးများအား လေးလေးနက်နက် ၊ ပြတ်ပြတ်သားသား ပြောလိုက်သည်။

ခန်းမထဲက မျက်လုံးအားလုံးက မန်ဟို့အပေါ် ကျ‌ရောက်လာသည်။ တာအိုနယ်ပယ်ခေါင်းဆောင်ကြီးများမှအပ စီနီယာမျိုးဆက်များနှင့်အတူ မန်ဟိုနှင့်တိုက်ခိုက်ခဲ့သော ရွေးချယ်ခံအားလုံးတွင် ထူးဆန်းသောအမူအရာများ ရှိကြလေသည်။ သူတို့က မျက်လုံးများ တလက်လက် တောက်ပနေလျက် မန်ဟို့အား စိုက်ကြည့်နေကြ၏။

လီလင်းအာသည် အလွန်လှပပြီး မည်သည့်မျိုးနွယ်စုမဆို စိတ်တိုင်းကျမည့် လက်တွဲဖော်မျိုးဖြစ်သည်။ ထိုမျှသာမက လီမျိုးနွယ်စု၏ နောက်ခံက မန်ဟို့အား မြင့်မားသောအောင်မြင်မှုများအား လွယ်လွယ်ကူကူ ရရှိစေနိုင်မည့်အမြင့် ပို၍ပင် ကျော်ကြားနိုင်လာမည်။

မန်ဟိုက ထိုကဲ့သို့အခွင့်အရေးတစ်ခုအား အပြတ်ငြင်းနေသည်ကို မည်သူမှ နားမလည်နိုင်ကြပေ။

လီလင်းအာသည် မူလက မန်ဟို့အား ကမ်းလှမ်းချက်ကို ငြင်းစေလိုခဲ့၏။ သို့သော် အကြောင်းတစ်စုံတစ်ရာကြောင့် သူ၏ဖြေရှင်းချက်ကို ကြားပြီး သူ မည်မျှလေးနက်နေသလဲ မြင်လျှင် သူကား သူမမှတ်မိသော အရှုပ်ကောင်နှင့် တခြားစီဖြစ်ကြောင်း သဘောပေါက်လိုက်၏။ ထို့အပြင် သူ့မှာ သူ့နှလုံးသားထဲ၌ အင်မတန် နက်ရှိုင်းသောဒဏ်ရာတစ်ခုကို ဖုံးကွယ်ထားပုံပေါ်ရာ သူမအား အတန်ငယ် တုန်လှုပ်သွားစေမိလေသည်။

“သူက ဘယ်မှာလဲ” ဖန်ရှုတောက်က အလေးအနက် မေးသည်။ “တောင်ကောင်းကင်ဂြိုဟ်ပေါ်မှာလား” သူသည် ပုံမှန်ထက်ပို၍ လေးနက်သောအမူအရာဖြင့် မန်ဟို့ကို ကြည့်လိုက်ပြီး သူ့လေသံမှာ အလွန်အရေးကြီးသံပေါက်နေ၏။

“သူက တောင်ကောင်းကင်ဂြိုဟ်ပေါ်မှာ မဟုတ်ပါဘူး” မန်ဟိုက တိုးညှင်းပျော့ပျောင်းစွာ ပြန်ဖြေသည်။ “သူက ဘဝပြန်ဝင်စားခြင်းသံသရာထဲမှာ ၊ ကျုပ် သူ့ကို လာရှာမှာကို စောင့်နေတယ်” သူသည် ပူဆွေးသောကတို့အား မျက်နှာပေါ်တွင် မပေါ်အောင် ဖုံးကွယ်မထားတော့ပေ။ ရုတ်တရက် သူ့အရှေ့တွင် ရိုးရိုးသာမန်ဝတ်ရုံနှင့် ရပ်နေသော မိန်းကလေးတစ်ဦး၏ ဝိုးတားဝါးတားပုံရိပ်လေးအား သူ မြင်လာရသည်။ သူမသည် သူ့အား ကျင့်ကြံခြင်းလောကထဲသို့ ခေါ်လာခဲ့သူဖြစ်၏။

သူမမှာ လက်ဖျားခါလောက်အောင်တော့ မလှသော်လည်း တစ်နည်းနည်းဖြင့် သူ့နှလုံးသားထဲသို့ ဝင်ရောက်လာခဲ့လေသည်။ သူက သူမကို ရုပ်ပျိုဆေးလုံးတစ်လုံး ပေးခဲ့ပြီး နောက်ဆုံးတွင် အနီရောင်မင်္ဂလာပွဲအား အတူကျင်းပခဲ့ရ၏။

သူမက ရှုချင်…

သူ့ရဲ့ ချင်းအာ …

သူမသည် သူ့အတွက် သူမ၏သက်တမ်းကိုပင် စတေးခဲ့သည်။ သူ့အတွက် ပြန်ဝင်စားခြင်းစက်ဝန်းထဲ ဝင်ရောက်သွားခဲ့သည်။ သူ့အတွက် …. မသေခင် အားတင်းပြုံးပြသွားခဲ့သည်။

မန်ဟို့လက်ထဲတွင် သူမမှာ လှပနုနုယ်သောအဖြစ်မှ ဆံဖြူအဘွားအိုဖြစ်သွားခဲ့လေသည်။ သူမသည် ခြောက်ကပ်အိုမင်းလာခဲ့ပြီး မျက်လုံးပိတ်သွားခဲ့၏။ သူမလက်ကလေးက သူ့မျက်ရည်များကို သုတ်ပေးရန် မြှောက်လိုက်သော်လည်း အရုပ်ကြိုးပြတ် ပြန်ကျသွားခဲ့သည်။ ယင်းက … သူ မြင်နေရသော မြင်ကွင်းပင်။

“သူ့နာမည်က ရှုချင်” သူက ဆက်ပြောသည်။ “ကျုပ်ကို ဘဝပြန်ဝင်စားခြင်းစက်ဝန်းထဲမှာ စောင့်နေတယ်။ ကျုပ် သူ့ကို သွားရှာမယ်လို့ ကတိပေးထားတယ်။ သူက … ကျုပ်ရဲ့ မိန်းမ၊ တစ်ယောက်တည်းသော မိန်းမပဲ” ထို့နောက် သူက ဖန်ရှုတောက်ကို အရိုအသေပေးပြီးနောက် နာကျင်ပူဆွေး၍ အထီးကျန်သောအမူအရာဖြင့် ပျံထွက်သွားတော့သည်။

ပင်မခန်းမထဲတွင် လူတိုင်း တုန်လှုပ်နေကြသည်။ သူတို့သည် မန်ဟို၏ပူဆွေးသောကကို ခံစားရပြီး သူ့မှာ များသောအားဖြင့် အပြင်ပန်းတွင် ပျော်ရွှင်ရွှင်ရွှင်၊ ရွှတ်ရွှတ်နောက်နောက် နေတတ်ပုံပေါ်သော်လည်း တကယ်တမ်း လွမ်းဆွေးနေသော သောကပင်လယ်ကြီးသဖွယ်ဖြစ်ကြောင်း ပြောနိုင်သွားကြ၏။

လီလင်းအာမှာ မန်ဟို ထွက်သွားသည်ကို ကြည့်ရင်း တုန်ရီနေသည်။ ဤအခိုက်အတန့်တွင် သူ့အပေါ် သူမ၏ရွံ့ရှာစက်ဆုပ်မှုတို့မှာ ထိုမျှမနက်ရှိုင်းတော့သည့်အပြင် သနားကရုဏာသက်မှုက သူမနှလုံးသား၏ အနက်ရှိုင်းဆုံးထဲ၌ အမြစ်တွယ်သွားခဲ့လေပြီ။

Note from Er Gen; ကျွန်တော်တော့ ရှုချင်ကို လွမ်းနေပြီ…

***

All Chapters