လောင်းကြေးထပ်ခြင်း
Vol. 73 Ch. 1010
စားသောက်ဧည်ခံပွဲအား ရက်အနည်းငယ်ကြာ ကျင်းပပြီးနောက် တာအိုဆရာအစည်းအရုံးသုံးခုနှင့် ကျန်ဂိုဏ်များ၊ မျိုးနွယ်စုများအားလုံး ထွက်ခွာသွားကြသည်။ လီမျိုးနွယ်စုနှင့် လက်ထပ်စာချုပ်ကိစ္စအား မဖြေရှင်းရသေးပေ။ ဖန်ရှုတောက်သည် ထိုကိစ္စအား အကောင်အထည်ဖော်ဖို့ တွန့်ဆုတ်နေမည်မဟုတ်၍ အချိန်ဆွဲထားလေ၏။
နောင်ရက်များတွင် ဖန်ရှုတောက်က မန်ဟို့အား ကြိမ်ဖန်များစွာ ဆင့်ခေါ်ခဲ့သော်လည်း မန်ဟို့အဆင့်အတန်းမှာ ခါတိုင်းနှင့်မတူတော့ပေ။ သူသည် မျိုးနွယ်စု၏ သခင်လေးသာမဟုတ်၊ လျှမ်းလျှမ်းတောက်နေတစ်စင်း ဖြစ်နေလေပြီ။
ထို့ကြောင့် သူက ဖန်ရှုတောက်ကို လျစ်လျူရှု၍ ထိုကိစ္စကို ဘေးချိတ်ကာ နိဗ္ဗာနသစ်သီးများအား ကျင့်ကြံရာတွင်သာ အာရုံအပြည့်အဝစိုက်ထားသည်။
သုံးရက်ကြာသော် သူ သူ့နေအိမ်၌ တရားထိုင်နေစဉ် ဖန်ရှုတောက်ကိုယ်တိုင် ရောက်ချလာသည်။ သူက ခြံဝင်းထဲ ရောက်လျှင်ချင်း အရှိန်အဝါကို ချက်ချင်း ထုတ်လွှတ်လိုက်ရာ မန်ဟို့မျက်လုံး ပွင့်လာ၏။
၎င်းက သူ့အရှေ့တွင် ဖန်ရှုတောက် ပေါ်လာသောအခိုက်အတန့်ဖြစ်သည်။ သူက အရေးကြီးနေသောမျက်နှာထားဖြင့် မန်ဟို့ကို လှမ်းကြည့်သည်။ ထို့နောက် သက်ပြင်းရှည်ကြီးချကာ တင်ပျဉ်ခွေထိုင်လိုက်လေသည်။
မန်ဟိုက စကားတစ်ခွန်းမှမဆိုဘဲ တိတ်ဆိတ်စွာ ထိုင်နေသည်။
“သူက မင်းအတွက် တကယ်ပဲ အရေးကြီးလား” ဖန်ရှုတောက်က မန်ဟို့ကို ကြည့်ရင်း ဖြေးဖြေးချင်း မေးသည်။ မန်ဟိုသည် အမှန်ပင် ဖန်ရှုတောက်အတွက် အရေးပါ၏။ အလွန်အရေးပါလွန်းသဖြင့် မန်ဟိုကိုယ်တိုင်ပင် ထိုအတိုင်းအတာအား နားလည်မည်မဟုတ်ပေ။
ဖန်ရှုတောက်အတွက် လက်ရှိအရေးအကြီးဆုံးအရာမှာ ဖန်မျိုးနွယ်စု နောင်နှစ်ထောင်ပေါင်းများစွာ ရပ်တည်နိုင်စေရန် ဖြစ်သည်။
ထို့နောက်တွင် သူ့အနေဖြင့် မန်ဟို့အား အရွယ်ရောက်၍ ရင့်ကျက်လာစေချင်သည်။ ယင်းက သူ တာအိုဆရာအစည်းအရုံးသုံးခု၏ ကမ်းလှမ်းချက်အား မငြင်းပယ်လိုသော အကြောင်းရင်းတစ်ခုဖြစ်သည်။ သူသည် တာအိုဆရာအစည်းအရုံးသုံးခုတွင်ဆိုလျှင် မန်ဟို ဖန်မျိုးနွယ်စုထက် ပိုကောင်းသောကျင့်စဉ်များကို ရရှိနိုင်မည်ဖြစ်ကြောင်း ယုံကြည်၏။
မျိုးနွယ်စု၏ စီးပွားရေးအကျပ်အတည်းပြဿနာမှာမူ သူ မန်ဟို့ကို လိမ်ညာခဲ့သောအရာ မဟုတ်ပေ။
“သူက ကျုပ်မိန်းမပါဗျာ” မန်ဟိုက အသံတိုးတိုးဖြင့် ခေါင်းငုံ့ကာ ပြန်ဖြေသည်။
တခဏ တိတ်ဆိတ်နေပြီးနောက် ဖန်ရှုတောက်က စကားပြောသည်။ သူ့လေသံက မန်ဟိုနှင့် ငွေရေးကြေးရေးညှိနှိုင်းခဲ့တုန်းကဲ့သို့ မတင်းမာသော်လည်း များစွာပို၍ လေးနက်နေသည်။
“ဒီအတိုင်း လက်လွှတ်လိုက်လို့မရဘူးလား။ မင်းက ဖန်မျိုးနွယ်စုရဲ့ အိမ်ရှေ့မင်းသားကွ၊ သူ့ကို မေ့လိုက်တော့
“တစ်သက်လုံး မမေ့နိုင်ဘူးဆိုလည်း” သူက တိုးညင်းစွာ ဆက်ပြောသည်။ “နှစ်တစ်ထောင်လောက်ပဲဆို ဘယ်လိုလဲ။ မင်း လီမိန်းကလေးကို သဘောမကျရင် သူ့ကို နည်းနည်းလေးမှ ဂရုစိုက်နေစရာမလိုဘူး။ မျိုးနွယ်စုလိုချင်သမျှက မဟာမိတ်ပဲ။ လီမျိုးနွယ်စုလည်း အဲဒီအတိုင်းပဲကွာ။ သူတို့လည်း မဟာမိတ်ပဲ လိုချင်တာ
“လက်ထပ်ပွဲက ဒီတိုင်း ဗန်းပြရုံသက်သက်ပဲ”
မန်ဟိုက ဖန်ရှုတောက်ကို တခဏ မော့ကြည့်ပြီးနောက် အိမ်ရှေ့မင်းသားတံဆိပ်ပြားဖြစ်သော ရှေးဟောင်းနယ်ပယ်အဖိုးထိုက်ရတနာကို ထုတ်ရန် သိုလှောင်အိတ်ကို ပုတ်လိုက်သည်။ သူသည် ၎င်းအား ဖန်ရှုတောက်အရှေ့ ဂရုတစိုက် မချပေးခင် ခဏပွတ်သပ်လိုက်လေသည်။
ဖန်ရှုတောက်၏ မျက်လုံးများ ပြူးကျယ်သွားပြီး ဒေါသလှိုင်းများက ငယ်ထိပ်ထိ ဆောင့်တက်လာသည်။ သူက နာကျင်နေသောအမူအရာဖြင့် မန်ဟို့အား ကြည့်၏။
“မင်းနှလုံးသားထဲမှာ အဲဒီမိန်းကလေးက မျိုးနွယ်စုတစ်စုလုံးထက် အရေးပါတာလား” ဖန်ရှုတောက်၏မျက်နှာအပေါ်ရှိ စိတ်ပျက်နေမှုမှာ ထင်ရှားလေသည်။ ဤသည်မှာ ဟန်ဆောင်နေခြင်းမဟုတ်ဘဲ အမှန်တကယ် စိတ်ပျက်နေခြင်းဖြစ်၏။
“ခေါင်းဆောင်ကြီး….
“အရှေ့အောင်ပွဲဂြိုဟ်မှာ နေခဲ့တဲ့ ငယ်ငယ်တုန်းက ဘဝကို ကျုပ် သိပ်မမှတ်မိပါဘူး” သူက ခပ်တိုးတိုး ရေရွတ်သည်။ “ကျုပ်မှတ်မိတာက ကလေးဘဝကတည်းက ကျုပ်အဖေနဲ့ အမေ ထွက်သွားခဲ့တာကိုပဲ။ သူတို့ကို ရှာမတွေ့လို့ မြူတွေထဲမှာ လိုက်ရှာရင်း ငိုနေခဲ့ရတယ်
“ကြီးလာတော့ အရာရှိစာမေးပွဲကို ထပ်ကာထပ်ကာ ဖြေခဲ့တယ်။ အဲဒီတုန်းက ကျုပ်ရဲ့ အိမ်မက်က ကြီးလာရင် ချမ်းသာဖို့ပဲ
“နောက်ဆုံးတော့ ကျုပ် သူနဲ့ တွေ့ပြီး ဂိုဏ်းတစ်ဂိုဏ်းကို ဝင်ခဲ့ရတယ်။ အဲ့ဒီလိုနဲ့ ကျုပ် ကျင့်ကြံခြင်းလောကထဲ ရောက်လာခဲ့တာပါ
“သူက အဲဒီဂိုဏ်းမှာတုန်းက ကျုပ်ရဲ့ ဂိုဏ်းတူအစ်မလေ” ထို့နောက် မန်ဟိုသည် ဖန်ရှုတောက်အား ရှုချင်အကြောင်းအကုန် ပြောပြ၏။ သူက မှတ်မိသော ဇာတ်လမ်းများနှင့် အတွေ့အကြုံများအား အသေးစိတ်ပြောပြနေလေသည်။
“ခေါင်းဆောင်ကြီး ကျုပ် သေသွားတဲ့ တစ်ခါရှိခဲ့ဖူးတယ်။ သူက သူ့ရဲ့သက်တမ်းကို ဖျက်စီးခဲ့တယ်လေ ... ကျုပ်ကို ကယ်ဖို့လေးအတွက်နဲ့
“ကျုပ်တို့ လက်ထပ်တုန်းက သွေးသံရဲရဲ အနီရောင်မင်္ဂလာပွဲဖြစ်ခဲ့တယ်…
“ကျုပ် သူ့ကို ဘဝပြန်ဝင်စားခြင်းသံသရာထဲမှာ လာရှာမယ်လို့ ကတိပေးခဲ့တယ်” အမှတ်တရများနှင့် ပြည့်နှက်နေသော သူ့အသံ ပဲ့တင်လာစဉ် ဖန်ရှုတောက်၏မျက်နှာမှာ တစတစ ပျော့ပျောင်းလာသည်။ သူက မန်ဟို့ကို အတန်ကြာ ကြည့်ပြီးနောက် သက်ပြင်းချလိုက်၏။
“ဒါက ဗန်းပြရုံသက်သက်ပါကွာ” သူက မျက်လုံးများကို ပိတ်ရင်း ပြောသည်။ “မင်း ဘာကြောင့် အခုလိုလုပ်နေရတာတုံး”
“မျိုးနွယ်စုအတွက်တော့ ဗန်းပြရုံသက်သက်ဖြစ်ကောင်းဖြစ်လိမ့်မယ်” မန်ဟိုက တည်ငြိမ်စွာ ပြန်ဖြေသည်။ “ဒါပေမဲ့ ကျုပ်အတွက်တော့ သစ္စာဖောက်တာပဲ။ ခေါင်းဆောင်ကြီး၊ တခြားတစ်ယောက်ကို အိမ်ရှေ့မင်းသားအဖြစ် ခန့်အပ်လိုက်ပါ။ လီမျိုးနွယ်စုက လီလင်းအာအတွက် အိမ်ထောင်ဖက်လိုချင်တာမဟုတ်ဘူး။ မဟာမိတ်ပဲ လိုချင်တာ။ ဒါကြောင့် ဘယ်သူဘယ်ဝါဖြစ်ဖြစ် အရေးမကြီးဘူး။ ဘယ်သူမဆို သူ့အတွက် လက်တွဲဖော်ဖြစ်နိုင်တယ်။ ဘာကြောင့် ကျုပ် ဖြစ်ကိုဖြစ်ရမှာလဲဗျာ။ တခြားတစ်ယောက်ကိုသာ ခန့်လိုက်တာ။ အဲ့ဒါက မျိုးနွယ်စုအတွက် အကောင်းဆုံးအဖြေပဲ”
ဖန်ရှုတောက်က တိတ်ဆိတ်နေသည်။ အကြာကြီးကြာသော် သူက ထရပ်ပြီး အင်္ကျီလက်စခါလိုက်သည်။ သူသည် အိမ်ရှေ့မင်းသားတံဆိပ်ပြားကို ပြန်မသိမ်းဘဲ မန်ဟို့လက်ထဲ ပြန်ပို့လိုက်၏။
“သုံးလအတွင်း တာအိုဆရာအစည်းအရုံးသုံးခု မင်းအတွက် လာကြလိမ့်မယ်။ ငါ မင်း ကျင့်ကြံရာမှာ သုံးဖို့ ယူသွားရအောင် ဝိညာဉ်ကျောက်တုံး သိန်းတစ်သောင်းခွဲကို ပြင်ထားပြီးပြီ။ အစကတော့ မင်းကို မပြောဘဲနေမလို့၊ ဒါပေမဲ့ မင်းက လက်ထပ်ပွဲကို လက်မခံဘူးဆိုတော့… မင်း ငါနဲ့ လောင်းကြေးထပ်ရဲလား
“မင်း နိုင်ရင် ငါ လက်ထပ်စာချုပ်ကို ဖျက်သိမ်းပေးဖို့ တာဝန်ယူမယ်
“ဒါပေမဲ့ မင်း ရှုံးရင်တော့ မျိုးနွယ်စုက စီစဉ်ပေးထားတာကို ငြင်းလို့မရဘူး။ လက်ထပ်ကိုလက်ထပ်ရမယ်”
မန်ဟိုက တိတ်ဆိတ်စွာ ရပ်နေသည်။
“ဟိုအာ” ဖန်ရှုတောက်က သက်ပြင်းချရင်း ဆက်ပြောသည်။ “မင်းအဘိုးသာ မျိုးနွယ်စုမှာ ရှိနေသေးရင် ငါ့အစား မင်းကို သေချာပေါက် နားချလိမ့်မှာ….” ဖန်ရှုတောက်သည် အငယ်မျိုးဆက်များအကြား၌ သူ သဘောအကျဆုံးဖြစ်သော ပုဂ္ဂိုလ်၊ မန်ဟို့အဘိုးကို တွေးလိုက်မိ၏။ အမှန်တွင် မန်ဟို့အဘိုးက မျိုးနွယ်စု၏ တတိယမြောက် တာအိုနယ်ပယ်ပညာရှင်ဖြစ်လာရမှာ ဖြစ်သည်။
မန်ဟိုမှာ သူ ဘယ်တော့မှ မမေ့နိုင်သော သူ့အဘိုး၏ ဝိုးတိုးဝါးတားပုံရိပ်ကို ပြန်မြင်ယောင်လိုက်သဖြင့် တစ်ကိုယ်လုံး တုန်ရီသွားသည်။
မန်ဟို့မိဘနှစ်ပါးသည် တောင်ကောင်းကင်ဂြိုဟ်ကို နှစ်တစ်သိန်းစောင့်ရှောက်ဖို့ ထွက်လာခဲ့ရ၏။ သူ့အဘိုးမှာမူ အကူအညီတောင်းဖို့ ‘အပြင်လူ’ တစ်ဦးကို သွားရှာခဲ့သည်။ အပြင်လူက ရောက်လာခဲ့သော်လည်း သူ့အဘိုးမှာ ပျောက်သွားခဲ့ပြီး မျိုးနွယ်စုနှင့် အဆက်အသွယ် ဘယ်တော့မှ မရှိတော့ပေ။
မန်ဟိုသည် ခါးသီးစွာဖြင့် ဖန်ရှုတောက်အား မော့ကြည့်လိုက်သည်။
“လောင်းကြေးက ဘာလဲ”
“တာအိုဆရာအစည်းအရုံးသုံးခု ရောက်မလာခင် ဝိညာဉ်ကျောက်တုံး သိန်းတစ်သောင်းခွဲရှာဖို့ မင်းလုပ်နိုင်သမျှ အကုန်လုပ်။ အင်မော်တယ်ကျောက်စိမ်းကိုတော့ ထားလိုက်တော့။ အကယ်လို့ မင်း အဲဒီလိုလုပ်နိုင်ရင် အဲဒီအချိန်ကစပြီး မျိုးနွယ်စုအနေနဲ့ မင်း မလုပ်ချင်တာကို လုပ်ခိုင်းဖို့ မလိုတော့ဘူး”
“မင်း မလှည့်စားရဘူး၊ မလုရဘူး မချီးရဘူး။ ငါလည်း ဝင်မစွက်ဖက်ဘူး”
မန်ဟိုမှာ တခဏ တအံ့တဩ ကြည့်လိုက်သည်။ ထို့နောက် သူက ခေါင်းငုံပြီး တွက်ချက်ကြည့်လိုက်၏။ ခေါင်းပြန်မော့လာသောအခါ သူ့မျက်နှာမှာ ပြန်လည်တည်ငြိမ်နေလေပြီ။ သူက ဖန်ရှုတောက်ကို အတန်ငယ်နာကျင်နေသောအမူအရာဖြင့် ကြည့်ရင်း ခေါင်းညိတ်လိုက်သည်။
ဖန်ရှုတောက်က ဘာမှထပ်မပြောတော့ပေ။ သူက ထရပ်ပြီး လှည့်၍ ပျောက်ကွယ်သွားသည်။
သူ ထွက်သွားပြီးနောက် မန်ဟိုမှာ အသက်ပြင်းပြင်း ရှူနေရသည်။ အတွေးပေါင်းသောင်းခြောက်ထောင်က သူ့ခေါင်းထဲတွင် ဖြတ်ပြေးနေသည်။ သူသည် မျိုးနွယ်ဝင်တစ်ဦးဖြစ်၍ သွေးဆက်ကို ဖြတ်တောက်မရကြောင်း သိ၏။ သူ့မိဘ၊ အဘိုးနှင့် သူ့ဆွေမျိုးများက သူ ဖန်မျိုးနွယ်စုနှင့် အဆက်အသွယ်ဖြတ်မည်ကို သဘောတူမည်မဟုတ်ပေ။
ထိုမျှသာမက … မျိုးနွယ်စုသည် မန်ဟို့ကို စည်းမျဉ်းများကို ဖောက်ဖျက်ခွင့်ပြုမည်မဟုတ်ပေ။
အကယ်၍ အလောင်းအစားသာဆိုလျှင် သူ ၎င်းကို အနိုင်ရရမည်။
“သုံးလ… ဝိညာဉ်ကျောက်တုံး သိန်းတစ်သောင်းခွဲ” သူသည် ၎င်းကို သတိမထားမိသော်လည်း ရှက်ကိုးရှက်ကန်းအမူအရာက သူ့မျက်နှာကို ဖုံးလွှမ်းသွားခဲ့၏။ သူ စဉ်းစားရသရွေ့ ထိုလောင်းပွဲကို အနိုင်ရဖို့က … နည်းနည်းလေးမှ ခက်မည်မဟုတ်ပေ။
သူသည် အိမ်ရှေ့မင်းသားတံဆိပ်ပြားကို သိမ်း၍ ထရပ်လိုက်သည်။ ထို့နောက် ဖန်ရွှီကို ရှာရန် ထွက်သွားသော အလင်းတန်းအသွင်ပြောင်းသွား၏။
နှစ်ရက်ကြာသော် သတင်းစကားများ ဖန်မျိုးနွယ်စုတစ်လျှောက် ပျံ့လာသည်။ မျိုးနွယ်ဝင်အားလုံး အကြောင်းအရာတစ်ခုတည်းအား ပြောနေကြရန် သိပ်မကြာလိုက်ပေ။
“နင် ကြားလား။ အိမ်ရှေ့မင်းသားက ဆေးအိမ်တော်ကို စိန်ခေါ်တော့မှာတဲ့။ နောက်ဆုံးတစ်ခေါက်တုန်းက သူ အဆင့်ခြောက်ဆင့်လုံးကို အမှတ်ပြည့်နဲ့ အောင်ခဲ့တာလေ။ တာအိုခေါင်းလောင်းတောင် မြည်ခဲ့သေးတယ်”
“သူ ဆေးအိမ်တော်ကို အရင်တစ်ခေါက် စိန်ခေါ်ခဲ့တုန်းက သတ္တမအဆင့်ကို ရောက်ပြီး ဆေးပင်အမျိုးအစား (၇၅၀၀၀) ကိုင်းဆက်ဖန်တီးနိုင်ခဲ့တယ်”
“ဒီတစ်ခေါက် လူတိုင်း ပြောနေတာတော့ အိမ်ရှေ့မင်းသားက ဒသမအဆင့်အထိ တောက်လျှောက်သွားတော့မှာတဲ့”
သတင်းက မျိုးနွယ်စုထဲရှိ လူတိုင်း ကြားသွားသည့်တိုင်အောင် လျင်မြန်စွာ ပျံ့နှံ့သွားသည်။ သူတို့အားလုံး စိတ်ထဲတွင် တုန်လှုပ်သွားကြ၏။ နောက်ပိုင်းတွင် မန်ဟိုသည် မျိုးနွယ်စုအတွင်း၌ မွန်းတည့်နေတစ်စင်းသဖွယ်ဖြစ်လာပြီး အားလုံး၏အာရုံစိုက်ခံနေရတော့သည်။
သူပြောသမျှ၊ လုပ်သမျှအကုန်လုံးမှာ သတိထားမိခြင်းခံရသည်။ ထို့အပြင် ဆေးဝါးတာအိုအရာ၌ သူ ရရှိထားပြီးသော အောင်မြင်မှုသည်လည်း ကျော်ကြား၏။ ယခုတွင် သူကား ထိုနေရာသို့ ပြန်လည်ဦးတည်နေရာ မည်သူမျှ မမျှော်လင့်မစောင့်စားဘဲ မနေနိုင်ကြပေ။
တစ်ခုသော ဝေလီဝေလင်း မနက်ခင်းတွင် မန်ဟို အင်မော်တယ်နယ်ပယ်ပါရာဂွန်ကျင့်ကြံခြင်းအခြေခံစွမ်းအားများကို ထုတ်ဖော်လျက် နေအိမ်မှ ထွက်လာပြီး ဆေးဝါးတာအိုအဖွဲ့သို့ ဦးတည်သွားသည့်အခါ အဆိုပါမျှော်လင့်မှုသည် အထွတ်အထိပ်သို့ ရောက်ရှိသွား၏။
ဖန်မျိုးနွယ်ဝင်အားလုံးက မျက်မြင်သက်သေတည်ဖို့ သူ့အနောက်မှ လိုက်လာကြသည်။
တစတစ တကောက်ကောက်လိုက်လာသူများ များပြားလာ၏။ သူ ဆေးဝါးတာအိုဌာနသို့ ရောက်၍ ဆေးအိမ်တော်ထံ ပျံသန်းသွားသောအချိန်တွင် ထိုနေရာတွင် ဖန်မျိုးနွယ်ကျင့်ကြံသူများ ပြုံတိုးနေလေပြီ။
ဆေးဝါးတာအိုဌာန၏ ဆေးဝါးပညာရှင်များနှင့် ဆေးဝါးအတတ်သင်အကုန်လုံး လွန်စွာ စိတ်လှုပ်ရှားနေကြသည်။
ဆေးဝါးတာအိုဌာနတစ်ခုလုံးမှာလည်း ဆူညံပွက်လောရိုက်နေ၏။ မရေမတွက်နိုင်သော ရောင်စုံအလင်းတန်းများ လေကို ခွင်းလာစဉ် မန်ဟိုက ဆေးအိမ်တော်၏အပြင်တွင် ဆင်းသက်လိုက်သည်။ သူသည် ဝင်ပေါက်ဘေးရှိ ဧရာမကျောက်တိုင်ကြီးကို ကြည့်ကာ မျက်လုံးများ တောက်ပသွား၏။ ဝင်ပေါက်ကို စောင့်ကြပ်နေသော အဘိုးကြီးနှစ်ဦးက မျက်လုံးများကို ဖွင့်လိုက်သည်။ သူတို့သည် မန်ဟို့ကို မြင်သောအခါ ဖြေးဖြေးချင်း ထရပ်ပြီး လက်ယှက်အရိုအသေပေးလေသည်။
“ဂါဝရပြုပါတယ် အိမ်ရှေ့မင်းသား” သူတို့က တစ်ပြိုင်တည်း ပြောကြသည်။
မန်ဟိုက ခေါင်းညိတ်လိုက်ပြီး မည်သည့်စကားမှမဆိုဘဲ ဆေးအိမ်တော်ထဲသို့ ဝင်သွား၏။
သူ ထိုသို့ ဝင်သွားစဉ် တစ်နေရာလုံးသည် စောင့်ကြည့်ရန် စောင့်စားနေသော မျိုးနွယ်ဝင်အကုန်လုံးဖြင့် ပြည့်ကြပ်နေ၏။ ဖန်ရွှီက လူကြားထဲတွင် ဖြစ်လေသည်။ သူသည် ကျောက်စိမ်းပြားမှတစ်ဆင့် စကားတချို့ အလျင်အမြန်ပေးပို့လိုက်ပြီး တခဏကြာသော် မျိုးနွယ်ဝင်တစ်သောင်းခန့်က နေရာအမျိုးမျိုးမှ ထရပ်ပြီး အော်ကြတော့သည်။
“အိမ်ရှေ့မင်းသားက ဆေးအိမ်တော်ကို စိန်ခေါ်နေပြီ။ ဒါက ဖန်မျိုးနွယ်စုအတွက် ကြီးကျယ်ခမ်းနားတဲ့အဖြစ်အပျက်တစ်ခုပဲ။ မျက်မြင်သက်သေတည်ရတာနဲ့တင် အင်မတန်မှ ဂုဏ်ယူစရာ ကောင်းတယ်။ ငါ ဂုဏ်ပြုလက်ဆောင်အနေနဲ့ ဝိညာဉ်ကျောက်တုံးအတုံးတစ်ရာ ပေးအပ်ချင်ပါတယ်။ ငါလိုပဲ ပေးချင်တဲ့သူ ရှိရင် ကျေးဇူးပြုပြီုး ဒီသိုလှောင်အိတ်ထဲ ထည့်ပေးပါ”
“အမှန်ပဲ။ ငါ့မှာ ဝိညာဉ်ကျောက်တုံးများများစားစား မရှိပေမယ့် အိမ်ရှေ့မင်းသားကို ဂုဏ်ပြုတဲ့အနေနဲ့ ငါးဆယ်ပေးမယ်”
“ဟုတ်တာပေါ့။ အဲဒီလိုဖြစ်သင့်တာ၊ အိမ်ရှေ့မင်းသားက ဆေးအိမ်တော်ကို စိန်ခေါ်နေတာလေ။ တစ်မျိုးနွယ်တည်းသားတွေအနေနဲ့ ဂုဏ်ပြုလက်ဆောင်ပေးသင့်တယ်။ ရော့ ဒီမှာ ဝိညာဉ်ကျောက်တုံးတစ်ရာ”
အသံများ ထွက်လာသည်နှင့်အမျှ သိုလှောင်အိတ်ထဲသို့ ဝိညာဉ်ကျောက်တုံးများထည့်ရန် ထုတ်ပေးကြသူများ တစတစ များပြားလာသည်။ တချို့မှာ တွန့်ဆုတ်နေသော်လည်း အရေအတွက်များလာသည်နှင့်အမျှ ထိုသို့လုပ်ကြရတော့သည်။
များမကြာခင် ကြောက်မခန်းလိလိ ဝိညာဉ်ကျောက်တုံးပမာဏက သိုလှောင်အိတ်များအတွင်း၌ စုဝေးလာတော့သည်။
ဖန်ရှုတောက်မှာ ဖြစ်ပျက်နေသောအရာကို မြင်လျှင် ပါးစပ်ကြီးအဟောင်းသားဖြစ်သွားပြီး သူ့နဖူးသူ ရိုက်လိုက်မိသည်။ သူ့အမူအရာမှာ ချက်ချင်း ပြောင်းလဲသွားတော့၏။
“သေစမ်း ငါ ဘယ်လိုလုပ် မေ့သွားရတာတုန်း … သောက်ကျိုးတော့နည်းပြီ။ မန်ဟိုက အပင်နဲ့အသီးအရွက်သင်ခန်းစာ ပို့ချခတောင် တောင်းခဲ့တာကောင်ဟ” ထို့နောက် ဖန်ရှုတောက်သည် အထွတ်အမြတ်ဆေးလုံးသုံးလုံးအတွက် ကမ်းလှမ်းထားသော ဆုလာဘ်များကို တွေးမိလျှင် ခေါင်းနပန်းကြီးလာတော့သည်။
ထိုဆေးလုံးသုံးလုံးအနက် ပထမဆုံးအနေဖြင့် မန်ဟို ဖော်စပ်ထားပြီးသော မိုးနန်းတော်နေဝိညာဉ်ဆေးလုံးပါဝင်သည်။ ဒုတိယကတော့ ပင်လယ်ပိုင်းဖြတ်ခြင်းအံ့ဖွယ်ဆေးလုံး၊ ဆုလာဘ်က ဝိညာဉ်ကျောက်တုံးသိန်းတစ်သောင်း…
တတိယအလုံးမှာတော့ နတ်အတွေးတစ်ချက်ဆေးလုံးပင်။ ထိုဆေးလုံးဖော်စပ်ပေးခြင်းအတွက် မယုံကြည်နိုင်ဖွယ် ဆုလာဘ်က ဆေးဝါးတာအိုသခင်ဘွဲ့ပင်။ ရုတ်တရက် ဖန်ရှုတောက်မှာ ပင့်သက်ရှိုက်မိသွားသည်။ အတန်ကြာသော် သူသည် စိတ်နှင့်ကိုယ်ပြန်ကပ်သွားပြီး မန်ဟို၏လှည့်စားခြင်းခံခဲ့ရကြောင်း သဘောပေါက်လိုက်၏။
“မင်း ကောင်စုတ်ကလေး” သူက ခါးသီးစွာ ရယ်ရင်း တွေးလိုက်သည်။ သို့သော် သူ၏မျက်လုံးများသည် လျင်မြန်စွာ တောက်ပသွား၏။
“ဒါပေမဲ့ သူက ဆေးလုံးဖော်စပ်ဖို့ မသွားခဲ့ဘူး” သူက ရေရွတ်လိုက်သည်။ “အဲဒီအစား ဆေးအိမ်တော်ကို သွားစိန်ခေါ်တယ်ဆိုတော့ ဆေးဖော်စပ်စွမ်းရည်အပေါ်မှာ ယုံကြည်ချက်အပြည့်အဝမရှိသေးတာ သက်သေပြနေတယ်... အဲဒီလိုဆိုမှာတော့ ငါ မရှုံးလောက်ပါဘူး ..” သို့သော် သူ့မှာ စိတ်မအေးသေးသဖြင့် ရုတ်တရက် ပျောက်ကွယ်သွားသည်။ သူ ပြန်ပေါ်လာသောအခါ ဆေးနတ်ဂိုဏ်းတွင် ဖန်ယန်ရှီနှင့် စကားပြောနေလေပြီ။
အတန်ကြာသော် သူက ဆေးနတ်ဂိုဏ်းမှ ထွက်လာပြီး အလွန်တည်ငြိမ်နေတော့သည်။ ဖန်ယန်ရှီ၏ ပြောစကားအရ သူကား ယုံကြည်ချက်ရှိနေပြီဖြစ်သည်။
“ဖန်ယန်ရှီတောင်မှ နတ်အတွေးဆေးလုံးကို မဖော်နိုင်ခဲ့ဘူး။ ပင်လယ်ပိုင်းဖြတ်ခြင်းအံ့ဖွယ်ဆေးလုံးကလည်း ခက်တယ်။ အဲဒီမသာလေးအနေနဲ့ သူ့အစွမ်းအစသူ အားကိုးရုံနဲ့ မဖော်စပ်နိုင်မှာမဟုတ်ဘူး။ ငါ သူ့ကို ဝင်မစွက်ဖက်ဘူးလို့ ပြောထားပေမယ့် တခြားနည်းသုံးလို့မရဘူးလို့ မဆိုလိုဘူးလေ ဟဲဟဲ”
ဖန်ရှုတောက်မှာ အင်မတန် စိတ်ကျေနပ်နေပုံရပြီး ကောက်ကျစ်သော မြေခွေးအိုကြီးနှင့် တူမြဲတူနေတော့သည်။
***