← Chapters

ဆေးအိမ်တော်ကို ထပ်မံစိန်ခေါ်ခြင်း

Vol. 73 Ch. 1011

ဆေးအိမ်တော်ကို ထပ်မံစိန်ခေါ်ခြင်း

Vol. 73 Ch. 1011

ဆေးဝါးတာအိုဌာန၊ ဆေးအိမ်တော်

မန်ဟိုအထဲသို့ ခြေချလိုက်သည်နှင့်တစ်ပြိုင်နက် သတ္တမအဆင့်သို့ ပြန်လည်ရောက်ရှိသွားသည်။

သူသည် အရင်တစ်ခေါက်က အဆင့်တစ်ဆင့်စီတွင် အမြင့်ဆုံးအမှတ်များကို ရယူရင်း အဆင့်ခြောက်ဆင့်အား ဆက်တိုက်အောင်မြင်ခဲ့၏။ ပြီးပြည့်စုံစွာ အောင်မြင်ခဲ့ခြင်းဖြစ်သည်။ သတ္တမအဆင့်တုန်းက သူကား ခြေတစ်လှမ်းလှမ်းလိုက်တိုင်း ကြာပွင့်များပွင့်လာစေရင်း အပြင်လောကကို အံ့ဩမှင်သက်စေခဲ့ကာ တာအိုခေါင်းလောင်းကို မြည်ဟည်းစေခဲ့သည်။

ယခုတွင် သူသည် ပြန်ရောက်လာခဲ့လေပြီ။ သူ့တွင် ငွေရှာလိုစိတ်အပြင် ခိုင်မာပြတ်သားသော စိတ်ဆန္ဒနှင့်အတူ ဆေးဝါးတာအိုအပေါ် စွဲလမ်းမှုတို့လည်း ပြည့်နှက်နေ၏။

"ဒီတစ်ခေါက် ငါ သေချာပေါက် အဆင့်ကိုးဆင့်လုံးကို ဖြတ်ကျော်နိုင်စေရမယ်" န၀မတောင်ပင်လယ်ရှိလူတိုင်းသည် မန်ဟိုက အင်မော်တယ်နယ်ပယ်ပါရာဂွန်တစ်ဦးဖြစ်ကြောင်း သိသော်လည်း သူ၏ ဆေးဝါးတာအိုအသိမှာ ပြီးပြည့်စုံနေသော အဆင့်တစ်ခုသို့ ရောက်ရှိခဲ့ပြီကို သိသူ မရှိသလောက် ရှား၏။

အရင်တစ်ခေါက်က သူသည် သတ္တမအဆင့်တွင် ဆေးပင် ၇၅၀၀၀ ကို ကိုင်းဆက်နိုင်ခဲ့သည့်တိုင် သူ၏ စိတ်အာရုံစူးစိုက်မှုက မလုံလောက်ခဲ့ပေ။ သူသာ ဆက်လက်လုပ်ဆောင်နေခဲ့လျှင် စိတ်ပိုင်းဆိုင်ရာ ထိခိုက်သွားလိမ့်မည်ဖြစ်သည်။ ထိုအဆင့်ကို အောင်မြင်ဖို့အတွက် လိုအပ်သော အာရုံစူးစိုက်မှုက မယုံကြည်နိုင်ဖွယ်အဆင့် ဖြစ်လေသည်။

ထိုမျှသာမက ထိုစဉ်က မန်ဟို၏ အပင်နှင့်အသီးအရွက်အသိမှာ ပြီးပြည့်စုံသောအဆင့်သို့ မရောက်ရှိသေးပေ။ သို့သော် သူသည် ဖန်မျိုးနွယ်စုရှိ အပင်နှင့်အသီးအရွက်မျိုးကွဲမြောက်များစွာနှင့်ပက်သက်၍ များစွာ ကျွမ်းကျင်၏။ ထိုမျှသာမက သူ၏ လက်ရှိကျင့်ကြံခြင်းအခြေခံနှင့် ယခင် ကျင့်ကြံခြင်းအခြေခံမှာ မိုးနှင့်မြေပမာ ကွာခြားနေလေပြီ။ မန်ဟိုသည် ယခုတွင် န၀မအဆင့်အထိ တောက်လျှောက်တက်နိုင်သွားလိမ့်မည်ဟု ယုံကြည်ချက်အပြည့်အ၀ရှိနေ၏။

ဆေးအိမ်တော်ထဲတွင် မြူများက အရပ်လေးမျက်နှာကို ဖုံးလွှမ်းနေသည်။ အပင်နှင့်အသီးအရွက်ကျမ်းက အနန္တအလင်းရောင်တို့ဖြင့် တောက်ပလျက် ပေါ်လာ၏။ မန်ဟိုက လက်ချောင်းကို ဝှေ့ယမ်းလိုက်ရာ စာရွက်များ တဖျတ်ဖျတ် လန်သွားပြီး ဆေးပင်တစ်ပင် ပေါ်လာသည်။ သူ၏ မျက်လုံးများက နိမိတ်အလင်းဖြင့် တောက်ပသွားပြီး မျက်စိတစ်မှိတ်အတွင်း သူကား စတင် ကိုင်းဆက်ပွားတော့သည်။

နောက်ဆုံးတွင် သူက ကိုင်းဆက်များကို အတူတကွ ပူးပေါင်းကာ ဆေးပင်အသစ်များကို ဖန်တီးလိုက်၏။

အချိန်များ ကုန်ဆုံးသွားသည်။

ဤတစ်ခေါက်တွင် မန်ဟိုသည် ဆေးပင် ၇၅၀၀၀ အား ကိုင်းဆက်ကူးရန် နေ့တစ်၀က်မျှသာ ကြာလိုက်၏။ မြူများမှာ တထောင်းထောင်းထနေပြီး ထစ်ချုန်းသံများအား ကြားရနိုင်လေသည်။

ထစ်ချုန်းသံများအား အပြင်ဘက်ရှိ ဆေးအိမ်တော်မှပင် ကြားရနိုင်၏။ ယခုအချိန်တွင် အိမ်တော်တစ်ခုလုံးမှ တောက်ပသော အလင်းရောင်သည် ဆေးဝါးတာအိုဌာန၏ အပေါ်ထက်လေထုထဲသို့ ဖြာတက်လာ၏။ အလင်းက မန်ဟို အထွတ်အထိပ်သို့ ရောက်ရှိလျှင် အရပ်လေးမျက်နှာသို့ ဖြာထွက်သွားရန် စောင့်စားရင်း အားအင်စုစည်းနေသယောင်ပင်။ ဆေးဝါးတာအိုဌာနရှိ ဆေးဝါးပညာရှင်အားလုံးသည် မမှိတ်မသုန် အာရုံစူးစိုက်နေကြ၏။

ဖန်တယွမ်လည်း မျှော်လင့်နေသောအမူအရာဖြင့် သူ၏ တောင်ထိပ်မှ လှမ်းကြည့်နေသည်။

မန်ဟိုက မျက်လုံးများ တလက်လက် တောက်ပနေလျက် လက်ကို ဆန့်ထုတ်ကာ ကိုင်းဆက်ပွားနေသည်။

၈၀၀၀၀။ ၈၅၀၀၀။ ၈၆၀၀၀။ ရှစ်နာရီကြာသော် သူသည် ဆေးပင် ၉၀၀၀၀အား ကိုင်းဆက်ပွားပြီးလေပြီ။

တဂျိန်းဂျိန်း ထစ်ချုန်းသံများက ဆေးအိမ်တော်မှ ဟိန်းထွက်လာ၏။ ယနေ့အချိန်အထိ ဘယ်သူမှ မန်ဟို သတ္တမအဆင့်တွင် ပွားခဲ့သကဲ့သို့ ဆေးပင်များအား မပွားနိုင်ခဲ့ဖူးပေ။ သူသာလျှင် ထိုသို့လုပ်နိုင်သော ပထမဆုံးလူဖြစ်၏။ လောလောဆယ်တွင် သူ၏နာမည်သည် ဆေးအိမ်တော်၏ အပြင်ရှိ ကျောက်တိုင်ပေါ်တွင် ပေါ်လာပြီး သူ ကိုင်းဆက်ပွားခဲ့သော ဆေးပင်အရေအတွက်အား အခြားမျိုးနွယ်၀င်အားလုံး မြင်နိုင်သွားရာ ဆူညံပွက်လောရိုက်သွားတော့သည်။

၉၀၀၀၀။ သို့သော် ယင်းက အဆုံးသတ်မဟုတ်ပေ။ မန်ဟို့၏ စိတ်ပင်ပန်းနွမ်းနယ်လာမှုကား လုံး၀မသိသာပေ။ သူ၏ စိတ်ခွန်အားသည် ယခင်ထက်ပင် နှိုင်းယှဉ်၍မရအောင် တိုးတက်လာခဲ့၏။ သူ၏ မျက်လုံးများက တလက်လက် တောက်ပနေပြီး သူက မတူညီသော ဆေးပင်များအား ပွားရန် လက်နှစ်ဖက်လုံးအား သုံးနေလေသည်။

မိုးခြိမ်းသံကဲ့သို့ ထစ်ချုန်းသံကြီးအား ဆေးအိမ်တော်၏အပြင်တွင် ကြားလိုက်ရပြီး မန်ဟို့နာမည်ဘေးရှိ ကိုင်းဆက်ပွားထားသော ဆေးပင်အရေအတွက်ကား တိုးလာသည်။

၉၃၀၀၀။ ၉၆၀၀၀။ ၉၉၀၀၀။ ဆယ်သိန်းအထိ။

နောက်ဆုံးကိုင်းဆက်ဆေးပင်ပေါ်လာသောအခါ မန်ဟိုကား လည်ပတ်နေသော ဆေးပင်ဆယ်သိန်းဖြင့် ၀န်းရံခံထားရလေပြီ။ ၎င်းတို့သည် ဆေးအိမ်တော်မှ ဖြာထွက်၍ အလင်းတန်းအသွင်ဖြင့် လေထဲသို့ ထိုးထွက်သွားသော အလင်းရောင်ကို ထုတ်လွှတ်လိုက်၏။

အလင်းရောင်က ဆေးဝါးတာအိုဌာနအပေါ်ထက်သို့ ချက်ချင်း ဖြာထွက်သွားကာ အရာအားလုံးကို တုန်ခါသွားစေသည်။ ဖန်မျိုးနွယ်စုတစ်စုလုံးပင် တုန်လှုပ်လာပြီး အရှေ့အောင်ပွဲဂြိုလ်ပေါ်ရှိ ကျင့်ကြံသူအားလုံး အလင်းရောင်ကို မြင်လိုက်ကြရသည်။ ဆေးနတ်ဂိုဏ်းရှိ ဆေးဝါးပညာရှင်များပင်လျှင် အံ့အားသင့်သွားကြလေသည်။

ဖန်ယွမ်ရှီမှာမူ တံခါးပိတ်ကျင့်ကြံနေသော်လည်း မျက်လုံးများဖွင့်၍ ဆေးဝါးတာအိုဌာနကို လှမ်းကြည့်ကာ သိသိသာသာ စိတ်နှလုံးလှုပ်ရှားသွားလေသည်။

"သူက သတ္တမအဆင့်ကို ပြီးပြည့်စုံစွာ အောင်မြင်သွားတယ်တဲ့လား" သူက ခပ်တိုးတိုး ရေရွတ်လိုက်သည်။ " ဒါပေမယ့် အဋ္ဌမအဆင့်က သတ္တမအဆင့်နဲ့ နှိုင်းယှဉ်လို့မရလောက်အောင် ခက်ခဲလွန်းတယ်။ လုံး၀တခြားစီပဲ"

ထိုစဉ် ဖန်မျိုးနွယ်စု၏ တာအိုခေါင်းလောင်းသည် ဘိုးဘေးစံအိမ်၏အပေါ်တွင် ပေါ်လာ၏။ ချက်ချင်းပင် ၎င်းက ဖန်မျိုးနွယ်သွေးပါသော လူတိုင်း၏စိတ်ထဲတွင် မြည်ဟည်းသွားလေသည်။

တာအိုခေါင်းလောင်းသံက မန်ဟိုသည် သတ္တမအဆင့်အား ဆဋ္ဌမအဆင့်နည်းတူ ပြီးပြည့်စုံစွာ အောင်မြင်သွားခဲ့ပြီဖြစ်ကြောင်း ညွှန်ပြနေ၏။

ထိုမျှသာမက တစ်ရက်သာ ကြာခဲ့သည်။

သူ ဆေးပင်ဆယ်သိန်းအား ကိုင်းဆက်ပွား၍ သတ္တမအဆင့်ကို အောင်မြင်သွားသည်ဟူသော သတင်းစကားက တောမီးကဲ့သို့ လျင်မြန်စွာ ပျံ့နှံ့သွား၏။ ဖန်မျိုးနွယ်ဝင်များသည် သူတို့၏ အိမ်ရှေ့မင်းသားက ကျင့်ကြံခြင်းအရာတွင်သာမဟုတ်ဘဲ ဆေးဝါတာအိုပညာနှင့် ပက်သက်လျှင်လည်း လျှမ်းလျှမ်းတောက်နေတစ်စင်းဖြစ်ကြောင်း သဘောပေါက်သွားကြလေသည်။

မန်ဟိုမှာ အပြင်လောကရှိ ဆူညံပွက်လောရိုက်သံများကို ကြားလည်းမကြားရသလို မြင်လည်းမမြင်ရပေ။ အရှေ့တွင် အလင်းရောင်သည် သတ္တမအဆင့်တစ်ခုလုံးကို ဖုံးလွှမ်းကာ အဋ္ဌမအဆင့်သို့ ဦးတည်နေသော လှေကားထစ်အား ပေါ်လာစေ၏။

သူက မျက်လုံးများ ခိုင်မာပြတ်သားသောစိတ်ဆန္ဒတို့ဖြင့် တောက်ပနေလျက် လှေကားများကို နင်း၍ တက်သွားတော့သည်။

ချက်ချင်းပင် သူ့ပတ်ပတ်လည်ရှိ အလင်းရောင်သည် ပျောက်ကွယ်သွားပြီး မန်ဟိုသည် ဧရာမသဲကန္တာရတစ်ခုအား လှမ်းကြည့်နေသည်ကို တွေ့လိုက်ရ၏။ ကောင်းကင်က အဆုံးမရှိဆန့်တန်းနေပြီး ရှေ့တွင် မိုးပြာရောင်နဂါးတစ်ကောင်ကို မြင်လိုက်ရသည်။ ၎င်းက အသေကောင်ကြီးသဖွယ် မလှုပ်မယှက် လဲလျောင်းနေ၏။

၎င်းမှာ တစ်ချက်ကြည့်ရုံနှင့် တစ်ကောင်လုံးကို မမြင်ရလောက်အောင် အလွန်ကြီးမားလှလေသည်။ အနီးကပ်ကြည့်ပါလျှင် ၎င်းသည် … ၎င်း၏ အသွေးနှင့်အသားတို့အား အစာအဖြစ် အသုံးပြုရင်း ၎င်း၏ခန္ဓာကိုယ်ပေါ်၌ တောက်ပနေသော ဆေးပင်ပေါင်းများစွာဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း တွေ့ရနိုင်၏။

မန်ဟိုက နဂါး၏အမြှီးနားတွင် ရပ်နေသော်လည်း ထိုနေရာမှပင်လျှင် ၎င်းအတွင်း၌ တည်ရှိနေသော အသက်စွမ်းအားကို ခံစားနေရ၏။ သို့သော် ထိုအသက်စွမ်းအားမှာ ချိတ်ပိတ်ခံထားရပြီး မရေမတွက်နိုင်သော ဆေးပင်များ၏ နည်းနည်းချင်း စုပ်ယူခြင်းခံနေရပုံရသည်။

"ဒါက အဋ္ဌမအဆင့်လား" သူက တွေးလိုက်သည်။ တစ်ချိန်တည်းဆိုသလို အေးစက်စက် ရှေးဆန်သော အသံကြီးက အဋ္ဌမအဆင့်တစ်ဆင့်လုံးတွင် ပဲ့တင်ထပ်သွား၏။

"ဒီမိုးပြာရောင်နဂါးပေါ်မှာ ဆေးပင်ဆယ်သိန်းပေါက်ရောက်နေတယ်။ ဆေးပင်ဆယ်သိန်းကို ခွဲခြမ်းပြရင် မင်း ဒီအဆင့်ကို အောင်မြင်မယ်"

မန်ဟိုက မိုးပြာရောင်နဂါးကို ကြည့်လိုက်စဉ် မျက်လုံးများ တောက်ပသွားသည်။ တဖြည်းဖြည်း သူ၏စိတ်ထားထက်သန်မှုတို့ ပေါ်ပေါက်လာ၏။

"သတ္တအဆင့်မှာ ဆေးပင်မျိုးကွဲတွေကို ကိုင်းဆက်ပွားရတယ်။ အဋ္ဌမအဆင့်မှာ ပြန်ခွဲခြမ်းစိတ်ဖြာပေးရမယ့် ကိုင်းဆက်ဆေးပင်အများကြီးကို ရင်ဆိုင်ရတယ်

"အဲ့ဒီအပင်တွေကို မူလအခြေအနေ မူလဆေးပင်အဖြစ် ပြန်ပြောင်းပေးရမှာ။ ဒီနေရာက ခက်ခဲမှုအဆင့်က သတ္တမအဆင့်ထက် အများမှအများကြီးခက်တယ်

"ဒါပေမယ့် ငါ ဒီအဆင့်ကို ပြီးပြည့်စုံစွာ အောင်မြင်သွားမယ်ဆိုရင် ငါ့အပင်နဲ့အသီးအရွက်အသိက တစ်ခါမှမရောက်ဖူးတဲ့ အဆင့်တစ်ဆင့်ကို ရောက်သွားလိမ့်မယ်

“ဒီအဋ္ဌမအဆင့်ထက် ကျော်လွန်တဲ့ အပင်နဲ့အသီးအရွက်အသိအဆင့်ကို စိတ်ကူးတောင် မကြည့်နိုင်ဘူး” မန်ဟို့နှလုံးသားသည် အရှေ့ရှိ စိန်ခေါ်မှုကို ရင်ဆိုင်လိုသော စိတ်ဆန္ဒတို့ဖြင့် တဒိန်းဒိန်းခုန်နေသည်။ သူက အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး ရှေ့လှမ်းလိုက်၏။ သူ့ခြေထောက် မြေကြီးကို ထိသည်နှင့်တစ်ပြိုင်နက် တောက်ပသောအလင်း‌ရောင်က လင်းခနဲ လက်သွားပြီး သူ့လမ်းကို ပိတ်နေသည့် ဆေးပင်တစ်ပင် ပေါ်လာသည်။

သူက ၎င်းကို တခဏ ကြည့်ပြီးနောက် လက်ချောင်းကို ဝှေ့ယမ်းရင်း ဆေးပင်အား ဆေးပင်သုံးပင်အဖြစ် ကွဲထွက်သွားစေပြီးနောက် ပျောက်ကွယ်သွားစေသည်။

သူသည် မရပ်ဘဲ ရှေ့ဆက်သွားနေသည်။ သူ ခြေလှမ်းလှမ်းတိုင်း ဆေးပင်များ ပေါ်လာ၏။ ထိုသို့ပေါ်လာတိုင်း သူ ၎င်းတို့ကို ခွဲခြမ်းပစ်ရန် အကြည့်တစ်ချက်သာ လိုလိုက်သည်။

ဆယ်လှမ်း၊ အလှမ်းတစ်ရာ၊ အလှမ်းတစ်ထောင်၊ အလှမ်းတစ်သောင်း …

အချိန်များ ကုန်လွန်သွားသည်။ မန်ဟိုသည် နောက်ဆုံးတွင် ခြေလှမ်းသုံးထောင်အား လှမ်းခဲ့ပြီးရာ ဆေးပင် (၃၀၀၀၀) ခွဲခြမ်းနိုင်ခဲ့ပြီးဖြစ်ကြောင်း သက်သေပြနေသည်။ သူ ‌ရှေ့ဆက်သွားနေသည်နှင့်အမျှ သူ့ခြေထောက်အောက်ရှိ မိုးပြာရောင်နဂါးသည် နိုးထလာနေသော လက္ခဏာများ ပြလာနေတော့၏။

ကြည့်ရသရွေ့ လူတစ်ယောက်သည် ဆေးပင်ဆယ်သိန်းလုံးအား ခွဲခြမ်းစိတ်ဖြာနိုင်လျှင် နဂါးမှာ ချိတ်ပိတ်မခံရတော့ဘဲ အထက်မိုးကောင်းကင်သို့ နောက်တစ်ဖန် ပျံတက်သွားနိုင်မည့်အလားပင်။

ဆေးအိမ်တော်၏အပြင်တွင် မန်ဟို့နာမည်သည် အဋ္ဌမအဆင့်သို့ ရောက်ရှိခဲ့သော နာမည်လက်တစ်ဆုပ်၏ အကြားတွင် ပေါ်လာ၏။ လူတိုင်းမျက်လုံးပြူးလျက် ကြည့်နေစဉ် သူ၏နာမည်သည် အမြင့်ဆုံးသို့ တဖြည်းဖြည်း တက်သွား၏။

ဆေးအိမ်တော်မှ ပဲ့တင်ထပ်လာသော ပေါက်ကွဲသံများက စောင့်ကြည့်နေသူအားလုံး၏နားထဲတွင် မြည်ဟည်းနေသည်။ အသံများက သူတို့၏ နှလုံးခုန်သံကို ထိန်းချုပ်ရင်း ဆေးဝါးတာအိုဌာနတစ်ခုလုံးအား တိတ်ဆိတ်သွားစေသည်။

မျက်လုံးအားလုံးက ဆေးအိမ်တော်ကို မမှိတ်မသုန် ကြည့်ရှုနေကြ၏။

အဋ္ဌမအဆင့်တွင် မန်ဟိုက မိုးပြာရောင်နဂါးကြီးထဲသို့ ဆက်လက်ဝင်သွားနေသည်။ ခြေလှမ်း ၁၅၀၀၀။ ခြေလှမ်း၁၈၀၀၀။ ခြေလှမ်း ၂၀၀၀၀။

၃၀၀၀၀။ ၄၀၀၀၀။ ၅၀၀၀၀။

သူက တစ်ချက်လေးမှမရပ်ပေ။ သူက တစ်လှမ်းပြီးတစ်လှမ်း ဆေးပင်များကို ခွဲခြမ်းသွား၏။ သူ၏ အပင်နှင့်အသီးအရွက်အသိကြောင့် ဤဆေးပင်များက သူ့ကို ရပ်တန့်ကြည့်စေဖို့အတွက် အရည်အချင်းပင် မပြည့်မှီပေ။

ဂျိန်း

အသံက ဆေးဝါးတာအိုဌာနတစ်ခုလုံးတွင် ပြည့်နှက်သွားပြီး တစ်စတစ်စ နဂါးတစ်ကောင်၏ ဟိန်းဟောက်သံကြီးနှင့် တူလာ၏။ ဤအခိုက်အတန့်တွင် မန်ဟိုက ၇၀၀၀၀ မြောက် ခြေလှမ်းအား လှမ်းခဲ့ပြီးလေပြီ။

တစ်လှမ်းပြီးတစ်လှမ်း၊ တစ်ပင်ပြီးတစ်ပင်။ သူသည် မရပ်မနား ဆက်သွားနေ၏။ ၈၀၀၀၀။ ၉၀၀၀၀။ တစ်သိန်း။

ဤတစ်သိန်းမြောက်ခြေလှမ်းအား လှမ်းပြီးသောအခါ သူသည် မိုးပြာရောင်နဂါးမှ ဆေးပင်တစ်သိန်းကို ခွဲခြားပြီးသွားပြီဖြစ်ကြောင်း ညွှန်ပြနေလေသည်။ မိုးပြာနဂါးသည် ယခုတွင် စူးရှတောက်ပလာပြီး မသိမသာ တုန်ရီလာ၏။

မန်ဟိုက အသက်ပြင်းပြင်းရှုသွင်းလိုက်ပြီး သူ၏မျက်လုံးများက တလက်လက် တောက်ပလာ၏။ တစ်သိန်းသည် သူ၏ အကန့်အသတ်မဟုတ်ပေ။ သူသည် ဤနေရာသို့ ဘယ်တော့မှမလာခဲ့လျှင် ‌အရေးကြီးမည်မဟုတ်သော်လည်း ဤနေရာသို့ ရောက်နေမှတော့ အထွတ်အထိပ်သို့ ရောက်ရှိချင်၏။

သူ့တစ်ကိုယ်လုံး တုန်ရီသွားပြီး သူက နောက်တစ်လှမ်းထပ်လှမ်းလိုက်သည်။ ဖြည်းဖြည်းနှင့်မှန်မှန် သူသည် ဆက်လက်လှမ်းသွား၏။ ၁၀၀၀၀၀ ။ ၁၅၀၀၀၀။ ၂၀၀၀၀၀။ ၃၀၀၀၀၀။ ၄၀၀၀၀၀။ ၅၀၀၀၀၀။

မိုးပြာရောင်နဂါး၏ တုန်ရီနေမှုမှာ ပို၍ ပြင်းထန်လားပြီး ဟိန်းဟောက်သံများက မိုးနှင့်မြေတစ်ခွင် ပဲ့တင်ထပ်နေတော့သည်။

ဆေးအိမ်တော်အပြင်ရှိ ဖန်မျိုးနွယ်၀င်များမှာ မန်ဟို၏နာမည် ကျောက်တိုင်၏အပေါ်သို့ ‌တက်သွားကို ကြည့်ရင်း တုန်လှုပ်နေကြသည်။ ၎င်းက ပထမနေရာအား သိမ်းပိုက်ထားသည်မှာကြာပြီဖြစ်သော်လည်း စောင့်ကြည့်နေသူများကို အံ့ဩမှင်သက်နေစေသည့်အရာမှာတော့ သူ့နာမည်ဘေးရှိ အရေအတွက်ဂဏန်းများပင် ဖြစ်လေသည်။

မန်ဟိုသည် ဆက်သွားနေစဉ် မျက်လုံးများက ထူးဆန်းစွာ တောက်ပနေ၏။ ၅၅၀၀၀၀။ ၆၀၀၀၀၀။ ၇၀၀၀၀၀။ ၈၀၀၀၀၀။

၈၀၀၀၀၀ သို့ ရောက်သောအခါ သူ၏‌ခြေလှမ်းတို့က စတင်နှေးကွေးလာ၏။ သို့သော် ဤအခိုက်အတန့်တွင် သူ၏စွမ်းအင်သည် ယခင်ထက်ပင်ပို၍ တဟုန်းဟုန်းတောက်လာ၏။ သို့သော် သူကား သူ၏ စိတ်စွမ်းအားအကုန်လုံးကို စုစည်းနေလေသည်။သူ၏ မျက်လုံးများက နိမိတ်အလင်းရောင်တို့ဖြင့် ထွန်းလင်းတောက်ပနေ၏။ သူ၏အပင်နှင့်အသီးအရွက်အသိက သူ အရာအားလုံးကို စုစည်း၍ ‌အရှေ့သို့ တက်သွားသည်နှင့်အမျှ ပို၍ပြင်းထန်လာလေသည်။

၈၃၀၀၀၀။ ၈၆၀၀၀၀။

၉၀၀၀၀၀။

မိုးပြာရောင်နဂါးက ဟိန်းဟောက်လိုက်သည်။ ၎င်းသည် ယခုတွင် ၉၀ ရာခိုင်နှုန်း နိုးထလာပြီဖြစ်ပြီး ကြောက်ခမန်းလိလိ အရှိန်အဝါက အဋ္ဌမအဆင့်မှ ဖြာထွက်လာသည်။ ၎င်းက ကောင်းကင်များကြား၌ တစ်ဖန်ပျံသန်းနိုင်ဖို့အတွက် နောက်ဆုံးဆေးပင်တစ်သိန်းအား ခွဲခြားပေးရမါ မန်ဟို့အား တောင်းပန်နေသည့်အလားပင်။

မျက်လုံးအားလုံးက ကျောက်တိုင်ပေါ်တွင် အာရုံစူးစိုက်နေသဖြင့် တိတ်ဆိတ်မှုသည် ဆေးအိမ်တော်၏အပြင်တွင် စိုးမိုးနေ၏။ လူတိုင်းကား ထိုဂဏန်းများ ဆယ်သိန်းသို့ ရောက်ရှိသွားမည်ကို စောင့်ကြည့်နေကြသည့်အလားပင်။

မန်ဟိုက ရုတ်တရက် မော့ကြည့်လိုက်သည်။ ဤနေရာ၏ ခက်ခဲမှုအဆင့်မှာ မယုံနိုင်လောက်အောင်ကောင်းပြီး သူ၏မျက်လုံးများမှာ သွေးချင်းနီနေသည်။ ဤနောက်ဆုံးဆေးပင်တစ်သိန်းနှင့်ပက်သက်လျှင် တစ်ပင်စီသည် မရေမတွက်နိုင်သော အခြားဆေးပင်ရာပေါင်းများစွာဖြင့် ဖွဲ့စည်းထားခြင်းဖြစ်၏။

သူက အသက်ပြင်းပြင်း ရှုသွင်းလိုက်ပြီး သူ့ကိုယ်ထဲတွင် အင်မော်တယ်အကြောများက သူ၏ စိတ်စွမ်းအားများကို စုစည်းပေးရင်း ပေါက်ကွဲထွက်လာသည်။ အားကောင်းသော အင်မော်တယ်စိတ်ဆန္ဒက သူ၏ အင်မော်တယ်ချီကို လည်ပတ်လာစေပြီး သူက မျက်လုံးများ ကြယ်အလင်းရောင်တို့ဖြင့် တလက်လက် တောက်ပနေလျက် ရှေ့ဆက်သွားလိုက်သည်။

ဂျိန်း။

၉၂၀၀၀၀။ ၉၃၀၀၀၀။ ၉၇၀၀၀၀။၉၈၀၀၀၀။ ၉၉၀၀၀၀။

မရေမတွက်နိုင်သော ဆေးပင်များက သူ့အရှေ့တွင်‌ ပေါ်လာပြီး သူက ၎င်းတို့အားလုံးကို နဂါးထံမှ ခွဲထုတ်နေသည်။ သူ့မှာ အချိန်ကိုပင် မေ့လျော့သွားပြီး ဆေးပင်များက ဘယ်တော့မှ အဆုံးမရှိတော့မည့်အလားပင်။ သို့သော် ရုတ်တရက်ဆိုသလို တစ်ပင်မှမရှိတော့ပေ။ မန်ဟိုက တုံ့ခနဲ ရပ်လိုက်သည်။

ဆယ်သိန်း။

သူ ဆယ်သိန်းမြောက်‌ဆေးပင်အား ပြီးဆုံးသွားသောအခါ အလွန်ကျယ်လောင်သော ထစ်ချုန်းသံကြီးက အဋ္ဌမအဆင့်တွင် ပြည့်နှက်သွားသည်။ ဆေးအိမ်တော်တစ်ခုလုံးက မိုးပြာရောင်အလင်းကို ထုတ်လွှတ်လိုက်စဉ် မိုးပြာရောင်နဂါးတစ်ကောင်၏ ပုံရိပ်ယောင်က မာန်အပြည့်ဖြင့် ဟိန်းဟောက်လိုက်လေသည်။

ဆေးအိမ်တော်၏အပြင်မှ စောင့်ကြည့်နေသော ဖန်မျိုးနွယ်၀င်တိုင်းမှာ ဆူညံပွက်လောရိုက်သွားတော့သည်။

"ဆယ်သိန်း။ အိမ်ရှေ့မင်းသားက အဋ္ဌမအဆင့်မှာ ဆယ်သိန်းအထိ ရောက်ရှိသွားခဲ့တယ်"

"တစ်ခါမှ ကြားတောင်မကြားခဲ့ဖူးဘူး။ ဆေးဝါးတာအိုဌာနရဲ့သမိုင်းတစ်လျှောက်လုံး ဘယ်သူမှ အဲ့လို မလုပ်နိုင်ခဲ့ဖူးဘူး"

"အိမ်ရှေ့မင်းသားက ကျင့်ကြံခြင်းအရာမှာ ရွေးချယ်ခံဖြစ်သလို ဆေးဝါးတာအိုအရာမှာလည်း လျှမ်းလျှမ်းတောက် နေတစ်စင်းပဲ”

***

All Chapters