အနှစ်သာရတံခါးကို ဖွင့်ခြင်း
Vol. 73 Ch. 1012
ထိုနေ့တွင် ဖန်မျိုးနွယ်၀င်အားလုံးနီးပါး ဆေးဝါးတာအိုဌာနရှိ ဆေးအိမ်တော်မှ မိုးပြာရောင်နဂါးတစ်ကောင် ပျံထွက်လာပြီးနောက် အရှေ့အောင်ပွဲဂြိုလ်တစ်လျှောက် ပျံဝဲကာ ပျောက်ကွယ်သွားသည်။
ထိုသို့ပျောက်ကွယ်သွားစဉ် အစိမ်းရောင်အလင်းမှုန်များက အရှေ့အောင်ပွဲဂြိုလ်၏ မြေပြင်ထက်သို့ တဖွားဖွားကျလာကာ တစ်ဂြိုလ်လုံးအား အသက်စွမ်းအားတို့ဖြင့် ပြည့်နှက်သွားစေသည်။
ဤမြင်ကွင်းက အရှေ့အောင်ပွဲဂြိုလ်ပေါ်ရှိ ကျင့်ကြံသူအားလုံး၏ စိတ်နှလုံးအား ထိတ်လန့်တုန်လှုပ်သွားစေ၏။
ဆေးနတ်ဂိုဏ်း၌ ဖန်ယန်ရှီသည် ဖြစ်ပျက်နေသည့်အရာကို မြင်ပြီး သူ၏ အမူအရာတွင် အံ့ဩတုန်လှုပ်မှုတို့ ဖြတ်ပြေးသွားသည်။ သူက ဆေးဝါးတာအိုဌာနရှိရာသို့ လှမ်းကြည့်ပြီး အတန်ကြာသော် ရေရွတ်လိုက်၏။ "ဆိုတော့ အဋ္ဌမအဆင့်နဲ့ ပက်သက်တဲ့ ဒဏ္ဍာရီတွေက မှန်နေတာပဲ။ အပင်နဲ့အသီးအရွက် မိုးပြာရောင်နဂါးရဲ့ ချိတ်တံဆိပ်ကို ဖွင့်ပေးနိုင်ခဲ့တဲ့ ပထမဦးဆုံး ဆေးဝါးပညာရှင်က နဂါးကို လွှတ်ပေးပြီး မြေပြင်ကို အာဟာရပြည့်ဖြိုးလာစေမယ်။
"မန်ဟို့ရဲ့ ဆေးဝါးတာအိုအသိက မယုံကြည်နိုင်ဖွယ်အဆင့်ကို ရောက်နေပြီပဲ"
ဖန်ရှုတောက်က အသက်ပြင်းပြင်း ရှုသွင်းလိုက်သည်။ သူသည် မိုးပြာရောင်နဂါးပျောက်ကွယ်သွားပြီး အလင်းမှုန်များ ဂြိုလ်ပေါ်သို့ ဖြာကျလာသည်ကို ကြည့်နေစဉ် မျက်လုံးများက ဝိုင်းစက်ပြူးကျယ်နေလေသည်။ သူက လက်ကို ဆန့်တန်း၍ တလက်လက် တောက်ပနေသော အလင်းမှုန်တစ်မှုန်အား သူ့လက်ထဲ ကျစေလိုက်သည်။
တစ်ဆက်တည်းမှာပင် တာအိုခေါင်းလောင်းသည် ဘိုးဘေးစံအိမ်၏အပေါ်တွင် ပေါ်လာ၏။ ခေါင်းလောင်းသံက ဖန်မျိုးနွယ်၀င်တိုင်း၏ နှလုံးသားထဲတွင် ပဲ့တင်ထပ်လာသည်။
ထို့နောက် ဖန်မျိုးနွယ်စု၏ နေရာတိုင်းတွင် စကားသံများ ဆူညံပွက်လောရိုက်သွားသည်။ ပုန်ကန်မှုကို ကြုံတွေ့ပြီးနောက် ဖန်မျိုးနွယ်စုအနေဖြင့် မျိုးနွယ်စုကို ပြန်လည်ထူထောင်ပြီး အားကောင်းလာစေဖို့အတွက် ယခုလို ပျော်ရွှင်ဖွယ်အခါသမယမျိုးကို လိုအပ်လေသည်။
ဆေးအိမ်တော်၏ အဋ္ဌမအဆင့်တွင် မန်ဟိုက ချိတ်ပွင့်သွားသော မိုးပြာရောင်နဂါး ပျံဝဲရင်း ပျောက်ကွယ်သွားသည်ကို ကြည့်နေ၏။ ထို့နောက် အပင်နှင့်အသီးအရွက်များက ယခုလေးတင် ပေါ်လာခဲ့သော တလက်လက် တောက်ပနေသည့် မှန်သားပြင်များထဲသို့ ၀င်ရောက်ပျောက်ကွယ်သွားခဲ့သည်။
မန်ဟိုက နောက်တစ်ဆင့်သို့ ချက်ချင်း ဆက်မသွားပေ။ သူက တင်ပျဉ်ခွေထိုင်ချပြီး မျက်လုံးများကို ပိတ်ကာ သူ ယခုလေးတင် မြင်ခဲ့ရသော ဆေးပင်ဆယ်သိန်းအား ပြန်မြင်ယောင်ပြီး မှတ်ဉာဏ်ထဲ၌ ပြန်မှတ်သားလိုက်သည်။
အတန်ကြာသော် သူက မျက်လုံးများက်ု ဖွင့်လိုက်ရာ ၎င်းတို့သည် စူးရှသောအလင်းရောင်တို့ဖြင့် တောက်ပနေ၏။ အဋ္ဌမအဆင့်ကို ပြီးပြည့်စုံစွာ ကျော်ဖြတ်ပြီးနောက် သူက ပေါ်လာခဲ့သော တံခါးရှိရာသို့ လှမ်းကြည့်လိုက်သည်။
လှေကားထစ်ဟူ၍မရှိဘဲ တံခါးတစ်ချပ်သာရှိ၏။ ထိုတံခါးက န၀မအဆင့်ကို ဦးတည်နေ၏။
နောက်ဆုံးအဆင့်။
"ဖန်မျိုးနွယ်စုရဲ့ ဆေးအိမ်တော်က တကယ်ပဲ မိုးနဲ့မြေရဲ့ ကံကြမ္မာကောင်းတွေကို သိမ်းယူလို့ရတဲ့ နေရာတစ်နေရာပဲ။ ဒီနေရာက အပင်နဲ့အသီးအရွက် အသွင်ပြောင်းလဲမှုတွေက အထွတ်အထိပ်သို့ ရောက်ရှိနေခဲ့ပြီ။ အထူးသဖြင့် အဋ္ဌမအဆင့်မှာ
"ကဲ န၀မအဆင့်မှာ ဘယ်လို စမ်းသပ်ချက်မျိုးက ငါ့ကို စောင့်ကြိုနေမလဲ သိချင်မိတယ်" သူက သိချင်စိတ်များဖြင့် တံခါးကို တခဏ ကြည့်ပြီး နောက်ဆုံး ထရပ်ကာ လျှောက်သွားလေသည်။
သူက ၎င်း၏ အရှေ့တည့်တည့်တွင် ရပ်လိုက်၏။ ထို့နောက် မျက်လုံးများ တလက်လက် တောက်ပနေလျက် ၎င်းကို တွန်းဖွင့်ပြီး တုံ့ဆိုင်းခြင်းမရှိ ၀င်ရောက်လိုက်သည်။ ဤသည်မှာ ဆေးအိမ်တော်၏ နောက်ဆုံးအဆင့်ဖြစ်သည်။
အထဲသို့ ၀င်ရောက်လိုက်သည်နှင့်တစ်ပြိုင်နက် သူက တုံ့ခနဲ ရပ်ပြီး ဘေးဘီဝဲယာက်ု တအံ့တဩ ကြည့်လိုက်သည်။
တစ်လောကလုံးက သူ၏ မျက်စိရှေ့တွင် ဆန့်တန်းနေလေသည်။
မိုးကောင်းကင်သည် ပြာညို့နေပြီး ရွှေရောင်နေတစ်စင်းက တောက်ပနေသော အလင်းရောင်တို့ကို ဖြန့်ကျက်လျက် ကောင်းကင်ထက်တွင် မင်းမူနေသည်။ ဧရာငှက်ကြီးများက ဝေဟင်ထက်၌ ဟိုဟိုသည်သည် ပျံသန်းသွားလာနေ၏။
အဝေးတွင် မြေကြီးသည် ပြေးလာနေသော ဘီလူးကြီးတစ်ကောင်၏ ခြေထောက်အောက်တွင် တုန်ခါနေ၏။
အရာအားလုံးက ရှေးခေတ်၏ အသွင်အပြင်ကို ဆောင်ကြဉ်းနေသည်။ တစ်နေရာတွင် ကျောက်တုံးတစ်တုံး၏အောက်မှ ထိုးထွက်ပေါက်ရောက်နေသော အပင်သေးသေးလေးတစ်ပင်ရှိသည်။ ၎င်းမှာ ထူးထူးခြားခြား ဖော်ပြရန်ပင် မထိုက်တန်သည့်ပုံပေါ်သော်လည်း အနီးကပ်ကြည့်ပါက … အတိတ်တစ်ချိန်ချိန်တုန်းက ထိုကျောက်တုံးက အပင်လေးကို ဖိထားခဲ့ပုံပေါ်သည်။ သို့သော် အပင်က ပြန်တိုက်ခိုက်ကာ နောက်ဆုံးတွင် ထိုကျောက်တုံးအား ဘေးသို့ တွန်းဖယ်ရင်း ၎င်း၏ဘေးမှ ထိုးထွက်ကြီးထွားလာခဲ့လေသည်။
မန်ဟိုမှာ အရာအားလုံးကြောင့် အတန်ငယ် တုန်လှုပ်သွားသည်။ သို့သော် အသက်ရှိုက်စာအနည်းငယ်ကြာသော် အရာအားလုံး ဝေဝါးသွား၏။ ပြန်လည်ထင်ရှားပြတ်သားလာသောအခါ သူ့မှာ စောစောကနေရာမှာပင် ရပ်နေသည်။ သို့သော် သူ့ပတ်ပတ်လည်ရှိ တောင်တန်းကုန်းမြေများမှာ ကြေမွနေ၏။ ထိုကျောက်တုံးပင်လျှင် ကြေမွနေသည်။ သူ မြင်ခဲ့ရသော အပင်သေးသေးလေးလည်း အစိတ်စိတ်အမွှာမွှာ ပျက်စီးသွားခဲ့၏။
သို့ထိတိုင် ထိုအပင်လေး၏အစိတ်အပိုင်းတစ်ခုက လေပေါ် ပျံတက်လာပြီး ကြေမွသွားသော ကျောက်အစအနအချို့နှင့် ပေါင်းစည်း၍ အဝေးသို့ လွင့်ထွက်သွားကာ ရေကန်တစ်ကန်၏အလယ်သို့ ကျရောက်ပြီး အောက်ခြေသို့ နစ်မြုပ်သွားသည်။
အချိန်များ ကုန်လွန်သွားသည်။ နှစ်များ ကုန်ဆုံးသွားပြီး မည်မျှကြာသည်လဲ မှန်းမရနိုင်တော့ချေ။ တစတစ နောက်ထပ်အပင် သေးသေးလေးတစ်ပင်သည် ထိုရေကန်အတွင်းမှ ကြီးထွားလာ၏။ ၎င်းက ယခင်အပင်နှင့်မတူဘဲ ပို၍သန်မာပြီး ကြံ့ကြံ့ခံနိုင်ပုံပေါ်သည်။
မန်ဟို မျက်မှောင်ကြုတ်သွားသည်။ သူ့မှာ မည်သည့်အရာကို မြင်နေရသည်လဲ မသိသလို ဤန၀မအဆင့်နှင့်ပက်သက်၍ ဘာလုပ်ရမည်လဲ မသိပေ။ သူစောင့်ကြည့်နေစဉ် အချိန်များက ကုန်ဆုံးနေသည်။ နေထွက်ပြီး နေ၀င်သည်။ အပင်သည် ခြောက်ကပ်ပြီး ကြီးထွားလာပြန်သည်။ ဤသို့ဖြင့် အဆုံးမရှိ သံသရာလည်နေ၏။ နောက်ဆုံးတော့ တစ်ရက်တွင် မြေပြင်မှာ ငလျင်တစ်ခုကြောင့် ပျက်စီးသွားခဲ့ပြီး အပင်ပေါက်နေသောနေရာမှာ ပင်လယ်ပြင်တစ်ခုအဖြစ် အသွင်ပြောင်းသွားခဲ့သည်။
မြေကြီးများက နုန်းနှစ်များသဖွယ် ပျော့ပျောင်းသွားပြီး အပင်လေးအား ဖုံးအုပ်သွားသည်။
အချိန်များ ထပ်မံကုန်ဆုံးသွားသည်။ အပင်သေးသေးလေးသည် ထိုနုန်းနယ်များထဲမှ တဖန် ထိုးထွက်လာ၏။ ၎င်းက ယခင်နှင့်မတူတော့ဘဲ ရေညှိပင်သဖွယ်ဖြစ်နေသည်။ ၎င်းသည် ဆံပင်ကဲ့သို့ ရှည်သထက်ရှည်မြောလာ၏။
ထို့နောက် ပင်လယ်ရေများ ခြောက်ကပ်ပြီး အပင်သည် ခြောက်ကပ်ကာ ပျောက်ကွယ်သွားလေသည်။ ထို့နောက် သစ်ပင်တစ်ပင်က ၎င်း၏နေရာတွင် ကြီးထွားလာသည်။ ထိုအပင်သည် တောအုပ်တစ်အုပ် ဖြစ်လာပြီး ၎င်း၏ အတွင်းထဲတွင် လွန်ခဲ့သောနှစ်ပေါင်းများစွာက အပင်သေးသေးလေးရှိပုံ ပေါ်သည်။
အချိန်များ ကုန်ဆုံးသွားပြန်သည်။ မန်ဟို စောင့်ကြည့်နေစဉ် သစ်ပင်ကြီးသည် နောက်ဆုံး၌ သေးငယ်သထက် သေးငယ်လာ၏။ ၎င်းပတ်၀န်းကျင်ရှိ သစ်ပင်များ ခြောက်ကပ်သေဆုံးသွားသော်လည်း ၎င်းက သန်မာသထက် သန်မာလာပြီး နောက်ဆုံးတွင် မိုးကြိုး၏ စိတ်ဝင်စားခြင်းကို ခံလိုက်ရလေသည်။
မိုးကြိုးက သစ်ပင်ကို ပစ်ချလိုက်သဖြင့် ၎င်းမှာ ခြောက်ကပ်သွားသည်။ ၎င်းသေဆုံးသွားသည့် အခိုက်အတန့်တွင် အပင်ပေါက်လေးတစ်ခု ထွက်လာ၏။ ထိုအပင်ပေါက်လေးသည် သေဆုံးနေသော သစ်ပင်ထဲမှ ထွက်လာသော တစ်လောကလုံးတွင် စိမ်းစိုနေသည့် တစ်ခုတည်းသောအရာဖြစ်လေသည်။
မန်ဟိုက အပင်ပေါက်လေးကို တအံ့တဩစိုက်ကြည့်လိုက်သည်။ အားကောင်းသော အရှိန်အဝါက ထိုအပင်ပေါက်လေးထံမှ တစတစ ဖြာထွက်လာပြီး အချိန်များစွာ ကြာသောအခါ လက်တစ်ဖက်သည် လေဟာနယ်ထဲတွင် ပေါ်လာကာ ထိုသေးငယ်သော အပင်ပေါက်လေးအား လှမ်း၍ ခူးဆွတ်လိုက်၏။
"နောက်ဆုံးတော့ အထွတ်အမြတ်ဆေးပင်တစ်ပင် ဖြစ်လာခဲ့ပြီ" ရှေးဆန်သော အသံတစ်သံက ပြောသည်။ ထိုအသံသည် ဆေးအိမ်တော်၏ အရှေ့အဆင့်များတွင် စကားပြောခဲ့သော အသံဖြစ်၏။ မန်ဟိုမြင်နေရသော ပုံရိပ်များက ပျက်စီးကြေမွသွားခဲ့လေပြီ။
အရာအားလုံးပျောက်ကွယ်သွားစဉ် သူ့မှာ အသက်ပြင်းပြင်း ရှူနေရပြီး ဆေးပင်တစ်ပင်တည်း ပေါက်ရောက်နေသော ဆေးဥယျာဉ်ထဲ၌ ရပ်နေကြောင်း တွေ့လိုက်ရသည်။
ထိုဆေးပင်က မန်ဟို မြင်ကွင်းများမှတစ်ဆင့် ၎င်း၏ဘ၀ကို မြင်ခဲ့ရသော သေးငယ်သည့် အပင်ပေါက်လေးဖြစ်နေ၏။
သူက တအံ့တဩ စိုက်ကြည့်နေပြီး အတွေးနက်နေသော အမူအရာက သူ့မျက်နှာကို ဖုံးလွှမ်းသွားသည်။
"မင်းနားလည်လား" အသံက ပြောသည်။
"ဘယ်အပင်နဲ့အသီးအရွက်နယ်ပယ်က အမြင့်ဆုံးလဲ။ ဘယ်သူမှ ဒီမေးခွန်းကို မဖြေနိုင်ဘူး။ လူတိုင်းမှာ ကိုယ့်အကိုယ့်အဖြေနဲ့ကိုယ် ရှိကြတယ်။
"ရှေးခေတ်က ကံကြမ္မာကောင်းအားလုံးကို ကြုံတွေ့ခဲ့တဲ့ အပင်သေးသေးလေးတစ်ပင်။ ဘယ်သူပြောနိုင်မလဲ။ အဲ့ဒီ့အပင်လေးက အံ့ဖွယ်ကောင်းတဲ့ အထွတ်အမြတ်ဆေးပင်တစ်ပင် ဖြစ်လာမလား မဖြစ်လာဘူးလားဆိုတာ
"သက်ရှိအရာအားလုံးက သူလိုငါလို သာမန်ပဲဆိုပေမယ့် အဲ့ဒီ့သက်ရှိအရာအားလုံးကလည်း သာမန်ထက် ထူးခြားနိုင်တယ်
"ကျင့်ကြံသူတွေဟာ သေမျိုးလောကရဲ့ အကန့်အသတ်တွေကနေ ရုန်းထွက်ချင်တဲ့အတွက်ကြောင့် ကျင့်ကြံအားထုတ်ကြတယ်။ သူတို့က နဂါးဂိတ်တံခါးကို ခုန်ကျော်လိုက်တဲ့ ငါးတစ်ကောင်လို ဖြစ်ချင်ကြတယ်။ အပင်နဲ့ အသီးအရွက်တွေကလည်း အဲ့ဒီလိုပဲ။ သူတို့ကို ဆေးလုံးအဖြစ် ဖော်စပ်ပြီး သုံးစွဲတဲ့အခါမှာ လူတစ်ယောက်အနေနနဲ့ ကိုယ့်ကိုကိုယ် သန်မာဖို့ပဲ အာရုံမစိုက်သင့်ဘူး။ အပင်ရဲ့ အခြေခံစိတ်ဆန္ဒကိုလည်းခံစားရဖို့ ကြိုးစားသင့်တယ်။
"အပင်တွေဟာ ဆေးလုံးတစ်လုံးဖြစ်လာဖို့ သေလိုက်ရတယ်လို့ ထင်ရပေမယ့် သူတို့အတွက် အဲ့ဒီဟာက ပြန်လည်မွေးဖွားပြီး နောက်ထပ်အဆင့်တစ်ဆင့်ကို ရောက်သွားတာမဟုတ်ဘူးလို့ ဘယ်သူပြောနိုင်မလဲ"
ရှေးဆန်သောအသံကြီး ပဲ့တင်ထပ်နေစဉ် မန်ဟိုသည် တင်ပျဉ်ခွေထိုင်ပြီး သေးငယ်သောအပင်ပေါက်လေးအား လှမ်းကြည့်လိုက်သည်။ ရုတ်တရက် သူသည် ပထမမျိုးဆက်ခေါင်းဆောင်ကြီး ဂြိုလ်အဖြစ် ဖန်ဆင်းခဲ့သော ပုံရိပ်ကို မြင်ယောင်လိုက်မိ၏။
သူက ဂြိုလ်ဖြစ်လာပြီး ထိုဂြိုလ်မှ အပင်နှင့်အသီးအရွက်မျိုးစုံ ပေါက်ရောက်လာခဲ့သည်။
"ဒါက…" မန်ဟိုက ရေရွတ်လိုက်သည်။ သူ့မှာ နက်နဲသိမ်မွေ့သော အရာတစ်ခုကို ဖမ်းဆုပ်နိုင်တော့မလို ခံစားလိုက်ရသော်လည်း စကားလုံးများနှင့် မဖော်ပြနိုင်ပေ။ မရေမတွက်နိုင်သော အမျှင်များက သူ့ခေါင်းထဲတွင် တဝဲဝဲ လည်နေပြီး စစ်မှန်သော အတွေးကို မဆွဲထုတ်နိုင်အောင် ဖြစ်နေစေသည်။
"ဘ၀ပြန်၀င်စားခြင်းလား" သူက မော့ကြည့်ရင်း ပြောလိုက်သည်။
စကားလုံးများ သူ့ပါးစပ်မှ ထွက်လာသည်နှင့်တစ်ပြိုင်နက် တစ်လောကလုံး ပျက်စီးကြေမွသွားသည်။ အပိုင်းအစများက စုစည်းသွားပြီး နောက်ထပ်အံ့ဩဖွယ်မြင်ကွင်းကို ပေါ်လာစေသည်။
ထိုမြင်ကွင်းသည် သူ န၀မအဆင့်သို့ ခြေချချချင်း မြင်ခဲ့ရသော မြင်ကွင်းသာဖြစ်သည်။ သူသည် ရှေးခေတ်ကမ္ဘာကြီးကို မြင်ရပြီး ကျောက်တုံးအောက်မှ ပေါက်ရောက်လာသော သေးငယ်သောအပင်လေးကို မြင်လိုက်ရသည်။
မြင်ကွင်းက တစ်ထပ်တည်း ကျသော်လည်း ဤတစ်ခေါက်တွင် လက်က တည်ရှိနေသည်။ သူသည် ဇာတ်လမ်း၏ စစ်မှန်သော အစကို မြင်နေရသည့်အလားပင်။
အသံတစ်သံက မြင်ကွင်းထဲမှ ပဲ့တင်ထပ်လာသည်။ "ကျောက်တုံးရဲ့အောက်မှာ ပိတ်မိနေပေမယ့် မင်းက အသက်ရှင်ပြီး ကြီးထွားလာချင်သေးတယ်။ ကဲ ဒီလိုဆိုမှတော့ ငါ မင်းကို အသက်ရှင်လာဖို့ အခွင့်အရေးပေးမယ်"
လက်က အပင်ကို အသာအယာ ပုတ်လိုက်သည်။
အပင်သေးသေးလေးက ယိမ်းခါသွားပြီး ပုံမှန်ပြန်ဖြစ်သွား၏။ လက်ကြီးက ဤနေရာတွင် ဘယ်တုန်းကမှ မတည်ရှိဖူးခဲ့သည့်အလား ပျောက်ကွယ်သွားသည်။
မြင်ကွင်းသည် ပျောက်ကွယ်သွားပြီး န၀မအဆင့်လေဟာနယ်က ပြန်ပေါ်လာသည်။ ရှေးဆန်သောအသံကြီးက ထပ်မံ၍ ပဲ့တင်ထပ်လာ၏။
"အဲ့ဒါက ဘ၀ပြန်ဝင်စားခြင်းသက်သက်တင် မဟုတ်ဘူး။ ဖန်ဆင်းခြင်းပဲ။ ငါ့အမြင်အရ အပင်နှင့်အသီးအရွက်တွေရဲ့ အထွတ်အထိပ်က တကယ်တော့ ဖန်ဆင်းခြင်းဖြစ်တယ်" အသံကြီးစကားပြောပြီးသွားသောအခါ မန်ဟိုဘေးတွင် တံခါးတစ်ချပ်ပေါ်လာသည်။ ထိုတံခါးက အပြင်ကို ဦးတည်နေ၏။
မန်ဟိုက တိတ်ဆိတ်နေသည်။ အပင်သေးသေးလေးမှာ သာမန်ထင်ရသော်လည်း ထိုလက်၏ ပုတ်ခြင်းခံခဲ့ရသည့်အတွက် ၎င်းတစ်ဘ၀လုံး၏ ကံကြမ္မာက ပြောင်းလဲသွားခဲ့၏။ မိုးကြိုးက ၎င်းကို ပစ်ချသွားခဲ့ပြီး နောက်ဆုံးတွင် ၎င်းက အထွတ်အမြတ်ဆေးပင်တစ်ပင် ဖြစ်လာခဲ့လေသည်။
ယင်းက သေချာပေါက် ဖန်ဆင်းခြင်းတစ်မျိုးပင်ဖြစ်သည်။
အတန်ကြာသော် မန်ဟိုက ထရပ်ပြီး လက်ယှက်၍ အရိုအသေပေးလိုက်သည်။
ရုတ်တရက် ရှေးဆန်သောအသံက ထပ်မံ၍ စကားပြောပြန်၏။
"မင်းမှာသာ အခွင့်အရေးရှိခဲ့ရင် အဲ့ဒီ့အပင်သေးသေးလေးဖြစ်လာချင်လား။ လက်ဖြစ်လာချင်လား"
မန်ဟိုက ရပ်ပြီး လေဟာနယ်ကို လှမ်းကြည့်လိုက်သည်။ သူက တည်ငြိမ်အေးဆေးသောအသံဖြင့် ပြောသည်။ "အပင်လည်း မဖြစ်ချင်သလို လက်လည်း မဖြစ်ချင်ပါဘူး။ နှစ်ခုလုံးက တစ်စုံတစ်ခုရဲ့ ထိန်းချုပ်ခြင်း ခံထားရတယ်။ ကျုပ်က အဲ့ဒီ့အပင်လေး ပြောင်းလဲဖို့ လက်ကို အမိန့်ပေးတဲ့လူဖြစ်ချင်တာ" ထို့နောက် သူက လှည့်၍ တံခါးမှ ထွက်ရန်ပြင်လိုက်သည်။
ရုတ်တရက် လေဟာနယ်ထဲရှိ ရှေးဆန်သောအသံကြီးက တဟားဟား ရယ်လိုက်သည်။ ၎င်းသည် ပျော်ရွှင်မှုနှင့် ချီးကျူးမှုတို့ ပြည့်နှက်နေသော ရယ်သံတစ်သံဖြစ်၏။
"ဖန်မျိုးနွယ်စုက မင်းလိုလူမျိုးကို မွေးထုတ်ပေးခဲ့တာ သိပ်၀မ်းသာဖို့ကောင်းတာပဲ။ သိပ်ကို ၀မ်းသာဖို့ ကောင်းတယ်" အသံကြီးပဲ့တင်ထပ်လာစဉ် သတ်လတ်ပိုင်းလူတစ်ယောက်၏ ပုံရိပ်က ရုတ်တရက် လေဟာနယ်ထဲတွင် ပေါ်လာသည်။ သူက မန်ဟို့ကို လှမ်းကြည့်သည်။
"နှစ်ပေါင်းများစွာ ကြာတဲ့အထိ ဒီနေရာကို ရောက်ခဲ့တဲ့ ဘယ်သူမှ မင်းလို ရွေးချယ်မှုမျိုး မလုပ်ခဲ့ဖူးဘူး။
"န၀မအဆင့်ကို ရောက်တဲ့အတွက် မင်းရဲ့ ဆုလာဘ်အနေနဲ့ ငါ မင်းရဲ့ မေးခွန်းတစ်ခုကို ဖြေပေးမယ်"
မန်ဟို၏ မျက်လုံးများ လင်းလက်သွားသည်။
"အဲ့ဒီ့ ဖန်ဆင်းခြင်းဆိုတာထက် သာလွန်တဲ့ အပင်နဲ့အသီးအရွက်အထွတ်အထိပ်အသိဆိုတာ ရှိသလား" သူက မေးလိုက်သည်။
"အဲ့ဒါက ဖြေဖို့လွယ်ကူတဲ့ မေးခွန်းမဟုတ်ဘူး" သက်လတ်ပိုင်းလူက ဖြည်းညင်းစွာ ပြန်ပြောသည်။ "ပထမဆုံး မင်းအနေနဲ့ တာအိုက ဘာလဲဆိုတာ နာ်းလည်ဖို့ လိုတယ်"
"တာအိုလား" မန်ဟိုက အံ့ဩသွားသည်။
"ဘာကြောင့် သေခြင်းဆိုတာရှိနေတာလဲ။ ဘာကြောင့် ရှင်ခြင်းဆိုတာ ရှိနေတာလဲ" ရှေးဆန်သောအသံကြီးက အဆြံးမရှိ ပဲ့တင်ထပ်နေ၏။
"ဘာကြောင့် ဘ၀ပြန်၀င်စားခြင်းဆိုတာရှိနေတာလဲ။ အဲ့ဒါက ခေါင်းနဲ့အမြှီး ဆက်စပ်နေတဲ့ စက်၀န်းတစ်ခုလိုဆိုပေမယ့် ဘာအဓိပ္ပာယ်လဲ။ ဘ၀ပြန်၀င်စားခြင်းက တစ်ခုတည်းသော အဖြေလား
"ဘာကြောင့် ကျင့်ကြံသူတွေ ရှိနေရတာလဲ။ ဘာကြောင့် ကျင့်ကြံခြင်းအဆင့်တွေ ရှိနေရတာလဲ
"ဘာကြောင့် တာအိုမှော်ကျင့်စဉ်တွေ ရှိနေရတာလဲ။ ဘာကြောင့် နတ်ဘုရားစွမ်းအင်တွေ ရှိနေရတာလဲ
"ဘာကြောင့် အလင်းက တောက်ပရတာလဲ။ ဘာကြောင့် အမှောင်ဟာ မှောင်မိုက်ရတာလဲ။
"သတ္တု၊ သစ်သား၊ ရေ၊ မီး၊ မြေ။ အဲ့ဒီဓာတ်တွေကြားမှာ ကွာခြားမှုက ဘာတွေလဲ
"မီးကမီးပဲ။ ဒါပေမယ့် ဘာကြောင့် မီးအမျိုးအစားတွေက ကွဲပြားနေရတာလဲ
"ဘာက အပူလဲ။ ဘာက အအေးလဲ။ ရေခဲထဲမှာပဲ ရှင်နိုင်တဲ့ တစ်စုံတစ်ခုကို ရေစက်လေးတစ်စက်နဲ့ လောင်ကျွမ်းသေဆုံးစေနိုင်တာလဲ"
ရှေးဆန်သော အသံကြီးက လျင်မြန်စွာ စကားပြောနေသည့်အတွက် မန်ဟို့စိတ်နှလုံးအား တုန်ရီနေစေတော့သည်။ မေးခွန်းများက သူ့စိတ်ထဲတွင် စုပြုံလာ၏။ တစ်ခုစီအား တစ်ခါတည်း ဖြေကြားနိုင်မည့်ပုံပေါ်သော်လည်း အမှန်တကယ် ဖြေကြားရမည်ဆိုပါက သု့မှာ ဆွံ့အသွားလေသည်။
"ဘာက တာအိုလဲ" ယင်းက ရှေးဆန်သောအသံကြီးက ရေရွတ်လိုက်သော နောက်ဆုံးမေးခွန်းဖြစ်ပြီး ၎င်းက မန်ဟို၏စိတ်ကို ထစ်ချုန်းသွားစေသည်။
"အနှစ်သာရက တာအို။ မိုးကောင်းကင်ကို ဖီဆန်နေတဲ့ အရာအားလုံးရဲ့ အခြေခံပဲ" သက်လက်ပိုင်းလူ၏ မျက်လုံးများတွင် စူးရှတောက်ပသော အလင်းရောင်များပေါ်လာပြီး သူက ရုတ်တရက် အလွန်လေးနက်သွားပုံပေါ်သည်။
"အဲ့ဒီ မသိရတဲ့ အရာတွေအားလုံးက အနှစ်သာရပဲ။ မင်း အနှစ်သာရကို ရှာဖွေမှ မိုးနဲ့မြေကို သဘောပေါက်ပြီး သက်ရှိသတ္တ၀ါတွေအားလုံးကို နားလည်နိုင်မယ်။ အရာအားလုံးကို ထိန်းချုပ်နိုင်မယ်။ မင်း မိုးနဲ့မြေရဲ့ ပြောင်းလဲမှုအကုန်လုံးကို နားလည်သွားတဲ့အချိန်။ မင်း မိုးကောင်းကင်ကို အာခံဖီဆန်တဲ့အချိန်။ မင်း ကမ္ဘာမြေကို ချိတ်ပိတ်ပြီးတဲ့အချိန်။ ဘယ်အရာက မင်းအတွက် ခက်ခဲနိုင်တော့မှာလဲ" သက်လက်ပိုင်းလူက လက်ကိုဝှေ့ယမ်းလိုက်ပြီး မန်ဟို့စိတ်မှာ တုန်ရီသွားလေသည်။ သူ့မှာ သူ့ကိုယ်သူ မထိန်းချုပ်နိုင်ဘဲ တံခါးထဲ ၀င်ရောက်ပြီးနောက် လေဟာနယ်ထဲတွင် ပျောက်ကွယ်သွားတော့သည်။
သူပြန်ပေါ်လာသောအခါ သက်လက်ပိုင်းလူမှာ ခေါင်းခါ၍ ပြုံးပြီးနောက် ဆေးဥယျာဉ်ထဲသို့ ဝင်ရောက်သွား၏။ သူက တင်ပျဉ်ခွေထိုင်ပြီး သေးငယ်သော အပင်လေးအသွင် ပြောင်းသွားလေသည်။
သူကား ထိုအပင်လေး၏ နောက်ဆုံးအသွင်ပြောင်းမှုဖြစ်သည်။ သေးငယ်သော အပင်ပေါက်ကလေး။
***