← Chapters

မင်္ဂလာဆောင်မှ ထွက်ပြေးခြင်း

Vol. 73 Ch. 1013

မင်္ဂလာဆောင်မှ ထွက်ပြေးခြင်း

Vol. 73 Ch. 1013

“သူ အဲဒီလက်ကို ထိန်းချုပ်နိုင်တဲ့လူ ဖြစ်လာမယ့်နေ့ကို ငါ စောင့်မျှော်နေတယ်” အပင်ပေါက်လေးက ရှေ့နောက်ယိမ်းနေပြီး ခပ်တိုးတိုးရယ်သံလေးမှာ ဟင်းလင်းပြင်၏အမှောင်ထုတွင် ပဲ့တင်ထပ်နေတော့သည်။

အပင်ဖြစ်ချင်လား၊ လက်ဖြစ်ချင်လားဆိုသည်က ရွေးချယ်စရာဟု ထင်ရသော်လည်း တကယ်တော့ လှည့်စားထားသောမေးခွန်းတစ်ခု ဖြစ်သည်။ အဖြေနှစ်ခုသာ ရွေးစရာရှိဟန်တူသော်လည်း ထိုအဖြေနှစ်ခုက တကယ့်တကယ် တစ်ခုတည်းပင်။

အထူးသဖြင့် အံ့ဖွယ်ရာ အမြင်အာရုံများကို ကြုံတွေ့ပြီးနောက် လူတစ်ယောက်၏စိတ်အား ချာချာလည်သွားစေခဲ့ပြီးနောက်တွင်ပင်။ ထိုခံစားချက် ပျောက်ပင်မပျောက်ကွယ်သွားခင် လူတစ်ယောက် အတွေ့အကြုံအား အလျင်မှီအောင် မစဉ်းစားနိုင်သေးသည့်အချိန်၊ စိတ်နှလုံးပင် မတည်ငြိမ်သေးသည့်အချိန်၊ ချလိုက်သော ဆုံးဖြတ်ချက်က ထိုလူ့တာအို၏သဘောသဘာဝနှင့် နှလုံးသား၏ရှေးရှုရာကို ဖော်ပြမည်ဖြစ်သည်။

၎င်းသည် ပေါက်ကရလေးဆယ်၊ ပါးစပ်ထဲရှိရာ လျှောက်ပြောနိုင်သောအချိန် မဟုတ်ပေ။ လူတစ်ယောက်အနေဖြင့် သူတို့၏စွဲလမ်းရာနှင့် မအပ်စပ်သော ပုံစံမျိုးဖြင့် ကို့ရိုးကားရားဖြေလျှင် မိမိကိုယ်ကို သစ္စာဖောက်ခြင်းနှင့်တူပြီး တာအိုစိတ်ဆန္ဒ ပျက်ပြားခြင်းဖြင့် အဆုံးသတ်ပေလိမ့်မည်။

ထို့ကြောင့် ထိုထောက်ချောက်မှ လွတ်မြောက်၍ လက်အား ထိန်းချုပ်နေသောသူ ဖြစ်လိုသည်ဟု ဖြေကြားခြင်းက အမှန်တကယ် အသိအမှတ်ပြုဖွယ်ရာပင်။ ဆေးအိမ်တော်၏ နဝမအဆင့်ကို တက်ရောက်ပြီး သက်လတ်ပိုင်းလူ၏နတ်ဘုရားစွမ်းရည်ကို ရင်ဆိုင်ရသော မည်သူမဆို မုသားပြောနိုင်မည်မဟုတ်ပေ။ သူ လုပ်နိုင်မည့် တစ်ခုတည်းသောအရာက နှလုံးသားထဲမှ လာသော အမှန်တရားကို ပြောရုံသာ ဖြစ်သည်။ ထိုနည်းလမ်းနှင့်သာ နဝမအဆင့်ကို ကျော်ဖြတ်နိုင်သည်။

ထိုသို့ကျော်ဖြတ်ဖို့ မိမိကိုယ်ကို ယုံကြည်ဖို့ လိုအပ်သည်သာမက မိမိ၏ရှေးရှုရာနှင့်ပတ်သက်၍လည်း ရှင်းလင်းပြတ်သားရပေမည်။ ထိုမျှသာမက မေးခွန်းဖြေရမည့်သူများအနေဖြင့် မိမိ၏တာအိုတွင် မည်သည့်အရာကမှ မတုန်လှုပ်စေနိုင်သော ယုံကြည်မှုမျိုး ရှိထားရမည်။

“အနှစ်သာရက တာအိုတဲ့လား” မန်ဟိုက တွေးသည်။ သူ့မှာ စိတ်နှလုံးတုန်လှုပ်စွာဖြင့် တံခါးအပြင်သို့ ထွက်လိုက်ရာ မျက်စိတစ်မှိတ်အတွင်း ဆေးအိမ်တော်၏အပြင် ရောက်သွားသည်။ မျိုးနွယ်ဝင်ထောင်သောင်းချီက သူ့ကို ဝိုင်းအုံရင်း စိတ်လှုပ်တရှား ကြည့်နေကြလေသည်။

တာအိုခေါင်းလောင်းသံက ဖန်မျိုးနွယ်ဝင်အားလုံး၏ စိတ်ထဲတွင် မြည်ဟည်းနေတော့သည်။

မန်ဟို့အနောက်တွင် တောက်ပသောအလင်းရောက်သည် အရာအားလုံးကို လင်းရောင်ဆောင်ကြဉ်းရန် ဆေးအိမ်တော်မှ ထွက်လာ၏။ အရှေ့အောင်ပွဲဂြိုဟ်ပေါ်ရှိ ဆေးဝါးပညာရှင်အားလုံး လက်ယှက်၍ မန်ဟို့အား အရိုအသေပေးလိုက်ကြသည်။ မိုးကောင်းကင်ကား မှောင်မိုက်သွား၏။

ယင်းသည် ဆေးအိမ်တော်တစ်ခုလုံးကို လူတစ်ယောက် ပြီးပြည့်စုံစွာ အောင်မြင်ဖြတ်ကျော်နိုင်သွားသော ပထမဆုံးအကြိမ်ဖြစ်၏။ ၎င်းက သေချာပေါက် ဆေးဝါးတာအိုဌာနတွင် ဒဏ္ဍာရီတစ်ပုဒ်၊ ဖန်မျိုးနွယ်စု ဆေးဝါးတာအို၏ ရာဇဝင်တစ်စိတ်တစ်ပိုင်းဖြစ်လာလိမ့်မည်။

မန်ဟို့နာမည်ကား ယခုတွင် ဆေးအိမ်တော်၏အပြင်ရှိ ကျောက်တိုင်ကြီးအပေါ်တွင် ထိပ်ဆုံးသော ပထမနေရာ၌ တည်ရှိနေလေပြီ။

သို့သော် အားပေးကြွေးကြော်သံများက သူ့နားထဲ ဝင်တစ်ချက် ၊ မဝင်တစ်ချက်ပင်။ သူ ယခုလေးတင် ကြားခဲ့သော စကားလုံးများက သူ့နားထဲတွင် ပြည့်နှက်နေပြီး သူ့စိတ်ထဲ၌ မိုးကြိုးသဖွယ် တဂျိန်းဂျိန်း မြည်ဟည်းနေသည်။

“အနှစ်သာရက … တာအိုတဲ့လား” သူက ရေရွတ်လိုက်သည်။

“အနှစ်သာရကို နားလည်ရင် တာအိုနယ်ပယ်ကို ဝင်ရောက်နိုင်တယ်” မန်ဟို့စိတ်နယ်ပယ်မှာ ပို၍ပင်ပွင့်လင်းရင်း သူ့အသိအမြင်အား ရှင်းလင်းသွားသည့်အလားပင်။

“ရှေးဟောင်းနယ်ပယ်ကို ဝင်ရောက်ဖို့ နိဗ္ဗာနသစ်သီးကို သုံး။ တာအိုနယ်ပယ်ကို ဝင်ရောက်ဖို့ အဆီအနှစ်ကိုသုံး” ရှေးဆန်သောအသံကြီး တိုးညင်းပျောက်ကွယ်သွားစဉ် မန်ဟို့မျက်လုံးများသည် စူးရှတောက်ပနေ၏။ ဆေးအိမ်တော်၏အပြင်ရှိ မျိုးနွယ်ဝင်များ၏ ဟစ်ကြွေးတိုင်တည်သံများက မန်ဟို့နားထဲတွင် တစတစ ကျယ်လောင်လာသည်။

“ဆေးအိမ်တော်တစ်ခုလုံးကို ဖြတ်ကျော်နိုင်သွားတဲ့အတွက် ဂုဏ်ယူဝမ်းမြောက်မိကြောင်းပါ အိမ်ရှေ့မင်းသား”

“ဂုဏ်ယူဝမ်းမြောက်မိပါတယ် အိမ်ရှေ့မင်းသား”

ဟစ်ကြွေးသံများ သောင်းသောင်းဖြဖြ ပဲ့တင်ထပ်နေသည်နှင့်အမျှ မန်ဟိုမှာ တဖြေးဖြေး စိတ်နှင့်ကပ်ပြန်ကပ်သွားသည်။ မကြာမီ သူက ဘေးဘီဝဲယာကို တအံ့တဩကြည့်လိုက်သည်။ တစ်ခုခုတော့ … လွဲနေချေပြီ။ ပတ်ဝန်းကျင်တွင် လူလုံလုံလောက်လောက် မရှိပေ။ ထောင်ဂဏန်းမျှသာ ရှိပြီး ထို့ထက်မပို…

သူ မှတ်မိရသလောက် ဆေးအိမ်တော်ထဲ မဝင်ခင်တုန်းက လူပေါင်းသောင်းနှင့်ချီခဲ့သည်။ အရပ်လေးမျက်နှာ၌ မျက်စိတဆုံးပင် ဖြစ်ခဲ့သည်။ သူသည် စိတ်ထဲ မသင်္ကာဖြစ်နေရင်း လူအုပ်ကြီးအား ပြုံးပြပြီးနောက် လက်ယှက်နှုတ်ဆက်လိုက်၏။ ထို့နောက် ဖန်ရှီကို အဓိပ္ပါယ်ပါပါတစ်ချက်ကြည့်၍ အဝေးသို့ ထွက်သွားတော့သည်။

ဖန်ရှီက ပျာတီးပျာယာဖြင့် နောက်မှလိုက်လာသည်။ သူတို့နှစ်ယောက်သား ဆေးဝါးတာအိုဌာနမှ ပျံထွက်လာပြီး မန်ဟိုပင် မမေးခင် ဖန်ရှီက သက်ပြင်းချလိုက်သည်။

“အစ်ကိုကြီး၊ တစ်ခုခုဖြစ်သွားတယ်ဗျာ။ အစ်ကိုကြီး ဆေးအိမ်တော်ထဲ ဝင်သွားပြီးတော့ မျိုးနွယ်စုက ဗြုန်းစားကြီး အရေးကြီးတဲ့တာဝန်တွေ ထုတ်ပြန်လိုက်တယ်။ ကြည့်ဖို့ လာတဲ့ မျိုးနွယ်ဝင်အကုန်လုံးနီးပါး ချက်ချင်း မျိုးနွယ်စုကို ပြန်ရတော့တာပဲ…” ဖန်ရှီမှာ ခပ်ယဲ့ယဲ့ပြုံးရင်း သိုလှောင်အိတ်တစ်လုံးထုတ်ကာ မန်ဟို့အား ကမ်းပေးသည်။

မန်ဟိုက မျက်နှာကြီးသုန်မှုန်နေလျက် သိုလှောင်အိတ်ကို ထုတ်ပြီး စစ်ဆေးကြည့်သည်။ အတွင်းတွင် ဝိညာဉ်ကျောက်တုံးအတော်များသော်လည်း မှန်းထားသည်ထက် အများကြီးနည်းလေသည်။ ဤသည်မှာ မြေခွေးအိုကြီး ဖန်ရှုတောက်ထံမှ တန်ပြန်တိုက်ကွက်ဖြစ်ကြောင်း မန်ဟို့အတွက် သဘောပေါက်ရန် သိပ်မကြာလိုက်ပေ။ သူက ဘိုးဘေးစံအိမ်အား ဒေါသတကြီး လှည့်ကြည့်လိုက်၏။

“အဲ့ဒီမသာအဘိုးကြီးကတော့” မန်ဟိုက အံတင်းတင်းကြိတ်ရင်း ကြိမ်းဝါးလိုက်သည်။ “ဉာဏ်များတဲ့ မြေခွေးအိုကြီး”

သိသိသာသာပင် ထိုမြေခွေးအိုကြီးသည် မန်ဟို၏တစ်ပတ်ရိုက်ခြင်းခံလိုက်ရကြောင်း တွေ့ရှိသွားခဲ့၍ ဤသို့ တန်ပြန်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“ကဲပါလေ ကိစ္စမရှိပါဘူး” မန်ဟိုက အားတင်းပြုံးရင်း ဖန်ရှီပခုံးအား ဆုပ်ကိုင်လိုက်သည်။ “မင်း ပြန်တော့ ငါ နောက်အစီအစဉ်တစ်ခု စဉ်းစားလိုက်မယ်”

ဖန်ရှီက ခေါင်းညိတ်သည်။ သူက မန်ဟို့ကို အရိုအသေပေးပြီးနောက် အဝေးသို့ ထွက်သွားသောအလင်းတန်းတစ်တန်းအသွင်ပြောင်းသွားတော့၏။

မန်ဟိုက မျက်လုံးများ တလက်လက်တောက်ပနေလျက် အံတင်းတင်းကြိတ်ရင်း လေတွင် ပျံဝဲနေသည်။

“ခင်ဗျားက ကျုပ်ကို အတင်းဖိအားပေးနေမှတော့” သူက တွေးသည်။ “ဟော့ဒီသခင်လေး ကစားခုံကို မှောက်ပစ်မှ အပြစ်မတင်နဲ့” သူက ပထမမျိုးဆက်ခေါင်းဆောင်ကြီး ကျီတျန်းအား စိုက်ကြည့်ခဲ့သောပုံစံကို ပြန်မြင်ယောင်ရင်း ဘိုးဘေးစံအိမ်သို့ ဦးတည်သွားသော အလင်းတန်းတစ်တန်းအသွင်ပြောင်းသွားတော့သည်။

နေအိမ်ထဲ ပြန်ရောက်သော် သူက တင်ပျဉ်ခွေထိုင်ချလိုက်သည်။

ရက်အနည်းငယ်ကြာသော် သူသည် နေအိမ်ထဲမှ ရိပ်ခနဲ ပျောက်ကွယ်သွားပြီးနောက် ဘိုးဘေးစံအိမ်၏အပြင်တွင် ပြန်ပေါ်လာကာ ကောင်းကင်ထံသို့ တိတ်တိတ်လေး ပျံတက်သွား၏။

သူ ကြယ်တာရာကောင်းကင်သို့ ရောက်တော့မည့်အချိန်မှာပင် ကြီးမားသောအားတစ်ရပ်က သူ့ကို အပေါ်မှ ဖိချလိုက်သည်။ ၎င်းသည် ချုပ်နှောင်ခြင်းစွမ်းအားသဖွယ် အရပ်လေးမျက်နှာသို့ ဖြာထွက်သွားရင်း သူ့အား ရပ်လိုက်ရစေသည်။ သူ့မှာ မျက်နှာကြီးမဲ့လျက်သာ ကြယ်တာရာကောင်းကင်းအား မျှော်ကြည့်နိုင်တော့သည်။

“ဒီတော့ မြေခွေးအိုကြီးက ငါ မင်္ဂလာဆောင်နေ့မတိုင်ခင် ထွက်ပြေးနိုင်တဲ့ဖြစ်နိုင်ခြေအတွက် ပြင်ဆင်ထားပြီးသားကိုး။ ကြည့်ရတာ အဲ့မြေခွေးအိုကြီးက တာအိုဆရာအစည်းအရုံးသုံးခုကို သုံးလအတွင်း ငါ့လာမခေါ်နိုင်အောင် တမင် အချိန်ဆွဲထားတာပဲ။ ဒါတွေအကုန်လုံးက အကွက်ချခံထားရတာပါလား"သူ့မှာ အပိုင်းအစများကို ဆက်စပ်စဉ်းစားမိလိုက်သဖြင့် အံကြိတ်လိုက်သည်။ သူသည် ဖန်ရှုတောက်၏ ကလိမ်ကျခြင်းအား ကြိမ်ဖန်များစွာ ခံနေရသဖြင့် မပျော်တော့ပေ။ ၎င်းက မိမိကိုယ်ကို ဆရာအကျဆုံးဟု သတ်မှတ်ထားသော နယ်ပယ်တွင် တခြားတစ်ယောက်၏အနိုင်ယူခံလိုက်ရသည့် ခံစားချက်မျိုးဖြစ်သည်။

မန်ဟိုက အေးစက်စက် နှာမှုတ်လိုက်ပြီး မျက်လုံးများ တောက်ပနေသည်။ စိတ်ထဲတွင်တော့ သူက ဟားတိုက်ရယ်ရင်း မျိုးနွယ်စုသို့ ပြန်သွားလိုက်၏။ သူသည် ဘိုးဘေးစံအိမ်ထံသို့ ပြန်ဆင်းသွားပြီး မင်္ဂလာပွဲမှ ထွက်ပြေးဖို့ မကြိုးစားတော့ပေ။ ဆေးဖော်ရန်လည်း မသွားပေ။ ထိုအစား မျိုးနွယ်စု၏ရှေးဟောင်းမှတ်တမ်းများကို မွှေနှောက်၍ သမိုင်းကို ဖတ်နေလိုက်သည်။

ဖန်ရှုတောက်မှာ ဤအပြုအမူကြောင့် တွေဝေသွားလေသည်။ မကြာသေးမီက ရက်များအတွင်း သူသည် နတ်ဘုရားအာရုံဖြင့် မန်ဟို့အား မျက်စိတောက်ဒေါက်ကြည့်နေခဲ့၏။ သူ ခိုးကြောင်ခိုးဝှက် ထွက်ပြေးဖို့ ကြိုးစားသည်ကို မြင်ခဲ့ပြီး ရလဒ်က သူ့ကို အင်မတန် ဘဝင်ခွေ့စေခဲ့လေသည်။

သို့သော် ယခုတော့ သူ့မှာ သူ့ရည်ရွယ်ချက်အား မသိတော့ပေ။

“ငါ ဒီမြေခွေးလေးကို အထင်သေးလို့မဖြစ်ဘူး” သူက တွေးသည်။ “ငါ အသေးငယ်ဆုံးအရာလေးကိုတောင် မျက်စိသျှမ်းသွားခဲ့ရင် သူ ကလိမ်ကျတာ ခံလိုက်ရလိမ့်မယ်” ဖန်ရှုတောက်၏မျက်နှာထားသည် လွန်စွာလေးနက်နေ၏။ သူက မန်ဟို ကြည့်နေသော ရှေးဟောင်းမှတ်တမ်းများကို လေ့လာဖို့ ကြိုးစားလိုက်သည်။ သို့သော် ထူးထူးခြားခြား မတွေ့ရာ သူ့အား ပို၍သာ သတိကပ်သွားစေတော့၏။

ဤအတိုင်း တစ်လလုံး ကုန်ဆုံးသွားသည်။ ဖန်ရှုတောက်မှာ ခံစားချက်မကောင်းတော့ပေ။ သို့သော် သူ မည်မျှတွေးတွေး ပြဿနာကို အဖြေမထုတ်နိုင်ဖြစ်နေသည်။

လောလောဆယ်တွင် မန်ဟိုသည် နေအိမ်ထဲ၌ တင်ပျဉ်ခွေထိုင်နေ၏။ ရုတ်တရက် သူ့မျက်လုံးများက ဖျတ်ခနဲ ပွင့်လာပြီး သွေးချင်းနီနေလေသည်။ သူ့အသားအရေမှာလည်း အတန်ငယ် ဖျော့တော့နေသည်။ သို့သော် စိတ်ထဲတွင်တော့ သူက တဟင်းဟင်း ရယ်နေသည်။

“ဒါပဲ ငါတွေ့သွားပြီ” သူက တစ်ယောက်တည်း တိုးတိုးလေး ရေရွတ်လိုက်သည်။

“နတ်ဝိညာဉ်အားဖြည့်မှုအတောအတွင်း အရှေ့အောင်ပွဲဂြိုဟ်တစ်ဂြိုဟ်လုံး တာအိုနယ်ပယ်နတ်ဘုရားအာရုံကို အသက်တစ်ရှိုက်ဟန့်တားပေးနိုင်တဲ့ လှိုင်းဂယက်တွေနဲ့ ဖုံးလွှမ်းခံလိုက်ရလိမ့်မယ်။ နတ်ဝိညာဉ်အားဖြည့်မှုအတောအတွင်းမှာ အတွေးတစ်ချက်ကြယ်တာရာအသွင်ပြောင်းခြင်းကို .... ကြယ်တာရာနေရာရွှေ့ပြောင်းခြင်းလုပ်ဆောင်ဖို့လည်း အသုံးပြုလို့ရတယ်

“ဒါကြောင့် အခု ... ဆေးလုံးတချို့ ဖော်စပ်ဖို့ အချိန်ကျပြီ” သူ့မျက်လုံးများက သူ ၎င်းတို့ကို ပြန်မပိတ်ခင် တခဏ လင်းလက်သွားသည်။ နောက်တစ်နေ့မနက် ဝေလီဝေလင်းတွင် သူသည် ထရပ်ပြီးနောက် အလင်းတန်းအသွင်ဖြင့် ဆေးဝါးတာအိုဌာနကို ဦးတည်သွားတော့၏။

တစ်လလုံးလုံး ဖန်ရှုတောက်ခမျာ ချောက်ကမ်းပါး၌ လျှောက်နေရသကဲ့သို့ ခံစားနေခဲ့ရသည်။ သူသည် မန်ဟို တစ်ခုခုကြံနေကြောင်း သိသဖြင့် သူ သူ့နေအိမ်မှ ပျံထွက်လာသည်ကို မြင်လျှင်ချင်း သူ၏နတ်ဘုရားအာရုံအားလုံးကို သူ့အ‌ပေါ် အာရုံစိုက်လိုက်သည်။ မန်ဟို ဆေးဝါးတာအိုဌာနအား ဦးတည်နေကြောင်း မြင်လျှင် သူ့ရင်ထဲက အလုံးကြီးကျသွားတော့၏။

“ဟမ့် ငါကြောက်တာက မင်းရွှေ့နေတဲ့အကွက်မဟုတ်ဘူး မြေခွေးလေး။ မင်းဘာမှမလုပ်လို့ ဘာကြံလို့ကြံနေမှန်းမသိတာကိုပဲ လန့်တာ။ မင်းက တကယ်မရင့်ကျက်ဘူးပဲ” ဖန်ရှုတောက်၏မျက်နှာပေါ်၌ တောက်ပနေသောအပြုံးတစ်ခု ပေါ်လာသည်။ သူကား သူ့ကိုယ်သူ အင်မတန်မှာ ဘဝင်ခွေ့နေလေသည်။

“ဆိုတော့ သူ သွားနေတာက ဆေးလုံးအိမ်တော်ကိုး” သူက တစ်ယောက်တည်း ပြောလိုက်သည်။ သူ့မျက်လုံးများ လင်းလက်သွားပြီး သူ့မှာ မန်ဟို့ဆေးဝါးတာအိုနှင့်ပတ်သက်၍ အမှန်တကယ် လန့်သော်လည်း ပထမမျိုးဆက်ခေါင်းဆောင်ကြီးမှအပ မည်သူမှ တတိယဆေးလုံးကို မဖော်နိုင်ခဲ့ကြောင့် ဖန်ယန်ရှီမှ သူ့ကို ပြောထားသဖြင့် သိပ်စိတ်မပူပေ။

“ဖန်ယန်ရှီရဲ့ ပြောပုံအရ အဲဒီမသာလေးက ဒုတိယဆေးလုံးကို ဖော်စပ်နိုင်တဲ့အရည်အချင်းမရှိသေးဘူးတဲ့။ အင်း အဲ့ဒါက အင်မော်တယ်နယ်ပယ်အဆင့်နဲ့ မရရှိနိုင်လောက်တဲ့ ဉာဏ်အလင်း၊ တချို့သောအခြေခံသဘောတရားတွေနဲ့ပတ်သက်ပြီး သူ့ရဲ့အသိအမြင်ပေါ် မူတည်တယ်။ တာအိုနယ်ပယ်နားက လူတွေပဲ အဲ့ဒါကို ရရှိနိုင်လောက်မှာ

“အဲဒါကို ထည့်တွက်ရင် သူ့အနေနဲ့ ဒုတိယဆေးလုံးကို ဘယ်နည်းနဲ့မှ မဖော်စပ်နိုင်ဘူး” ဖန်ရှုတောက်က ခြောက်ကပ်ကပ် ရယ်လိုက်သည်။ အမှန်တွင် မန်ဟိုနှင့် လီလင်းအာ၏ မင်္ဂလာပွဲက သူ့ကို စိတ်ပူနေစေခဲ့၏။

“မကောင်းတာမှ မဟုတ်တာ။ ငါက သူ့အဘိုးရဲ့ အဘိုးလေ။ မျိုးနွယ်စုထဲက ဘယ်သူမဆိုထက် ငါ သူ့ကို ချစ်တယ်။ သူ့အနာဂတ်ကို ငါမှ စိတ်မပူပေးရင် ဘယ်သူက စိတ်ပူပေးမှာလဲ ဟုတ်တယ်မလား” ဖန်ရှုတောက်က သက်ပြင်းချပြီးနောက် မျက်တောင်တစ်ဖက်ခတ်ကာ မန်ဟို့ထံသို့ နတ်ဘုရားစွမ်းရည်များအား ထပ်မံပို့လွှတ်လိုက်သည်။

မန်ဟိုက ဆေးဝါးတာအိုဌာနကို ဖြတ်၍ ပျံသန်းလာသည်။ တစ်လကြာပြီးနောက် ဤသည်က သူ ပထမဆုံးပြန်လာခြင်းဖြစ်သည်။ မျိုးနွယ်ဝင်များမှာ သူ့ကို မြင်သည်နှင့် မည်သို့ဖြစ်ပျက်နေသလဲ တွေးလာကြ၏။ ထို့နောက် သူ ဆေးလုံးအိမ်တော်ထံသို့ ဦးတည်နေသည်ကို မြင်လျှင် စိတ်လှုပ်ရှားလာကြတော့သည်။

“အိမ်ရှေ့မင်းသားက ဆေးအိမ်တော်ကို အောင်ပြီးတော့ ဆေးလုံးအိမ်တော်ကို စိန်ခေါ်တော့မှာများလား”

“အိမ်ရှေ့မင်းသား မဟာဆေးလုံးသုံးလုံးထဲက တစ်လုံးဖြစ်တဲ့ မိုးနန်းတော်နေဝိညာဉ်ဆေးလုံးကို ဖော်စပ်နိုင်ပြီးသားလေ။ ဒါဆို မဟုတ်မှ… နောက်ဆေးလုံးနှစ်လုံးကို ဖော်ဖို့ ကြိုးစားတော့မှာများလား”

သူတို့သည် ထင်ကြေးလည်းပေး၊ မန်ဟို့နောက်မှလည်း လိုက်လာသည်။ ဆေးဝါးတာအိုဌာနတစ်ခုလုံး ဆူညံပွက်လောရိုက်သွားရန် သိပ်မကြာလိုက်ပေ။ မန်ဟိုကမူ သူ၏လုပ်ဆောင်မှုများကို မဖုံးကွယ်ဘဲ လေကိုခွင်း၍ ဆေးလုံးအိမ်တော်ထံ ဦးတည်သွားသည်။

မကြာမီ သူကား သိချင်နေသော မျိုးနွယ်ဝင်များဖြင့် ဝန်းရံလျက် ၎င်း၏အပြင်တွင် ရပ်နေလေပြီ။

သူတို့မြင်လိုက်ရသည်မှာ မန်ဟို ဒုတိယဗုံထံ တုံ့ဆိုင်းခြင်းမရှိ လျှောက်သွားပြီး ဗုံအား တီးလိုက်သည်ကို ဖြစ်သည်။

ဗုံသံက အရာအားလုံးကို တုန်ခါနေစေရင်း ရိုက်ညောင်းသွားသည်။ ဆေးဝါးတာအိုဌာနတစ်ခုလုံး တုန်လှုပ်သွားပြီး ဘိုးဘေးစံအိမ်ပင်လျှင် အသံ၏ရိုက်ခတ်ခြင်းခံလိုက်ရသည်။

“အိမ်ရှေ့မင်းသားက ဒဏ္ဍာရီလာဆေးလုံးနောက်တစ်လုံးကို တကယ်ပဲ ဖော်စပ်တော့မယ်”

“သူက မိုးနန်းတော်နေဝိညာဉ်ဆေးလုံးကို ဖော်စပ်ခဲ့ပြီးသား။ အခု ပင်လယ်ပိုင်းဖြတ်ခြင်းအံ့ဖွယ်ဆေးလုံးကို ဖော်တော့မှာ”

ဗုံသံက အရပ်လေးမျက်နှာသို့ ပဲ့တင်ထပ်သွားရာ ပို၍ပင်များပြားသောမျိုးနွယ်ဝင်များအား ချဉ်းကပ်လာစေသည်။ ဤသည်မှာ လူများအတွင်းကို မမြင်ရသော ဆေးအိမ်တော်ကဲ့သို့မဟုတ်ပေ။ မည်သူမဆို ဒဏ္ဍာရီလာဆေးလုံးများကို ဖော်စပ်နိုင်သည်ကို မျက်မြင်သက်သေတည်နိုင်၏။

မန်ဟိုက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလျက် ဆေးလုံးအိမ်တော်၏အပြင်တွင် ရပ်နေသည်။ ဤအခိုက်အတန့်တွင့် ဆေးလုံးများဖော်စပ်ပေးခြင်းအတွက် ဆုလာဘ်စာရင်းက သူ့အရှေ့တွင် ပေါ်လာ၏။

“ပင်လယ်ပိုင်းဖြတ်ခြင်းအံ့ဖွယ်ဆေးလုံး။ ဤဆေးလုံးကို ဖော်စပ်နိုင်တဲ့ ဘယ်သူမဆို ဆုလာဘ်အဖြစ် ဝိညာဉ်ကျောက်တုံးသိန်းတစ်သောင်း၊ အင်မော်တယ်ကျောက်စိမ်း ဆယ်သိန်း၊ စွမ်းဆောင်ရည်ရမှတ် သိန်းနှစ်ရာ၊ ဆေးဝါးတာအိုဌာနမှ စိတ်တိုင်းကျရွေးချယ်နိုင်မယ့် ဆေးပင်ဆယ်သိန်း၊ မျိုးနွယ်စုတာအိုမှော်ကျင့်စဉ် ခြောက်ခုနဲ့ ရှေးဟောင်းရတနာတစ်မျိုးကို ရရှိမယ်။ တာအိုခေါင်းဟောင်း (၁၈) ကြိမ်တိုင် မြည်ဟည်းမယ်။ ဖြေဆိုကြေးကတော့ တစ်စုံကို စွမ်းဆောင်ရည်ရမှတ် သိန်းတစ်ရာ”

မျက်စိတစ်မှိတ်အတွင်း မန်ဟို့စွမ်းဆောင်ရည်ရမှတ်များမှာ သိန်းတစ်ရာအနုတ်ခံလိုက်ရလေပြီ။

ထို့နောက် သူ့အရှေ့တွင် ကျောက်စိမ်းပြားတစ်ပြားပေါ်လာသည်။ တစ်ချိန်တည်းမှာပင် မြောက်မြားစွာသောဆေးပင်များက သူ့ပတ်ပတ်လည်ရှိ လေထဲတွင် ပေါ်လာသည်။ မတူညီသော အပင် စုစုပေါင်း (၉၉) ပင် ဖြစ်သ်ည။

မန်ဟိုက ကျောက်စိမ်းပြားကို လှမ်းယူသည်။ ၎င်းကို နတ်ဘုရားစွမ်းရည်ဖြင့် စစ်ဆေးပြီးနောက် ဖန်မျိုးနွယ်စု၏ အထွတ်အမြတ်ဆေးလုံးသုံးလုံးထဲမှ ဒုတိယတစ်လုံး… ပင်လယ်ပိုင်းဖြတ်ခြင်းအံ့ဖွယ်ဆေးလုံးအတွက် ဖော်စပ်နည်းကို မြင်လိုက်ရသည်။

ဖော်စပ်နည်းအား ကြည့်ပြီးနောက် မန်ဟို့မျက်လုံးများ ကျဉ်းမြောင်းသွားပြီး မည်သည့်အတွက်ကြောင့် ဤဆေးလုံးကို ဖော်စပ်ရန် အင်မတန် ခက်ခဲရသည်လဲ၊ မည်သည့်အတွက်ကြောင့် ဆေးဝါးတာအိုဌာနရှိ ဘယ်သူမှ မအောင်မြင်ခဲ့သည်လဲ နားလည်သွား၏။

“ဒီဆေးလုံးကို ဖော်စပ်ဖို့ ဘာကြောင့်ခက်ခဲလဲဆိုရင် ပါရှိနေတဲ့ ကိုင်းဆက်ပင်တွေကြောင့်ပဲ။ ကိုင်းဆက်နည်းမရှိဘဲ၊ အကြမ်းဖျင်းဖော်စပ်နည်းပဲ ရှိနေတယ်။ ဒါ့အပြင် ဆေးဖော်နည်းမှာ ပါဝင်တဲ့ အပင်နဲ့အသီးအရွက်နာမည်တွေတောင် ဖော်ပြမထားဘူး။ လိုအပ်တဲ့သဘောတရားတွေကိုပဲ စာရင်းပြုစုထားတယ်

“တစ်ပင်နဲ့တစ်ပင် သဟဇာတဖြစ်နေတဲ့ အပင်မျိုးကွဲတစ်သိန်းကို ကိုးဆက်ပွားဖို့ ဒီဆေးပင် ၉၉ ပင်ကို သုံးရမယ်။ အဲ့ဒါက ပထမအဆင့်၊ ပင်လယ်ပိုင်းဖြတ်ခြင်းပဲ

“ဆေးလုံးရဲ့ အံ့ဖွယ်ဆိုတဲ့အပိုင်းက နက်နဲလွန်းတဲ့ပုံပေါ်တယ်။ အဲဒီအပိုင်းကို ဘယ်လိုဖော်စပ်ရမှာလဲ” တခဏတိတ်ဆိတ်နေပြီးနောက် မန်ဟို့မျက်လုံးများက တောက်ပလာပြီး သူသည် ဆေးအိမ်တော်၏ နဝမအဆင့်တွင် သက်လတ်ပိုင်းလူပြောခဲ့သောအရာကို ပြန်တွေးမိလိုက်သည်။

“အနှစ်သာရက တာအို၊ မိုးကောင်းကင်ကို ဖီဆန်နေတဲ့ အရာအားလုံးရဲ့ အခြေခံပဲ

“ငါ အခုနားလည်ပြီ။ ဒီဆေးလုံးက အနှစ်သာရကို လိုအပ်နေတာကြောင့် ဖော်စပ်ဖို့ ခက်နေတာ။ အဲ့ဒါကြောင့် ဆေးလုံးအကြီးအကဲ မဖော်စပ်နိုင်ခဲ့ပေမယ့် … ‌ဆေးနတ်ဂိုဏ်းက ဖန်ယန်ရှီ ဖော်စပ်နိုင်ခဲ့တာပဲ” မန်ဟိုသည် သူ့စိတ်အား မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ ခံစားလိုက်ရပြီးနောက် အရာအားလုံး ရှင်းလင်းပြတ်သားလာသည်။

“အနှစ်သာရ တစ်ဖြစ်လဲ …အဆီအနှစ်… ငါ့မှာ ရှိတယ်” ဤအခိုက်အတန့်တွင် သူ၏ကြောက်မက်ဖွယ် နတ်မီးတောက်အကြောသည် သူ့ကိုယ်ထဲ၌ သက်ဝင်လှုပ်ရှားလာ၏။ သူ၏ကျင့်ကြံခြင်းအခြေခံလည်း ဆူပွက်လာပြီး ကြီးမားသော ဖိအားကြီး လိမ့်ထွက်လာသည်။ ပတ်ဝန်းကျင်ရှိ မျိုးနွယ်ဝင်များမှာ မန်ဟို့ထံမှ အနှစ်သာရလှိုင်းများ ဖြာထွက်လာသည်ကို တွေ့လိုက်ရသဖြင့် အံ့ဩမှင်သက်ကုန်ကြလေသည်။

၎င်းတို့သည် အားနည်းကောင်းအားနည်းပြီး တာအိုနယ်ပယ်စွမ်းအားနှင့် မိုးနှင့်မြေပမာ ကွာခြားနိုင်သည်။ သို့သော် သေချာပေါက် အနှစ်သာရစွမ်းအားဖြစ်၏။

၎င်းက မန်ဟို့အတွက် တာအိုနယ်ပယ်သို့ တက်လှမ်းရန် လုံလောက်သော စွမ်းအားမဟုတ်သော်လည်း ဆေးလုံးဖော်စပ်ရုံသာဆိုလျှင်တော့ …

“လုံလောက်တယ်” မန်ဟိုက ပြုံးရင်း ညာလက်ကို ဝှေ့ယမ်းကာ ဆေးပင် ၉၉ ပင်လုံးအား သူ့ထံ ပျံသန်းလာစေသည်။ ထို့နောက် သူသည် ၎င်းတို့ကို အလွန်လျင်မြန်သွက်လက်စွာ ကိုင်းဆက်နေသဖြင့် ၎င်းတို့မှာ ဝေဝါးနေတော့၏။

***

All Chapters