နတ်အတွေးတစ်ချက်
Vol. 73 Ch. 1015
ဖန်မျိုးနွယ်ဝင်များမှာ စကားပြောလိုစိတ်များကို မြိုသိပ်ထားခဲ့ရသည်မှာ ကြာလွန်းနေပြီဖြစ်ရာ ယခုတွင် အကုန်လုံးပေါက်ကွဲကုန်တော့သည်။
“အိမ်ရှေ့မင်းသား သူ … နတ်အတွေးတစ်ချက်ဆေးလုံးကို ဖော်စပ်တော့မှာလား”
“အိမ်ရှေ့မင်းသားက မိုးနန်းတော်နေဝိညာဉ်ဆေးလုံးနဲ့ ပင်လယ်ပိုင်းဖြတ်ခြင်းဆေးလုံးကို ဖော်စပ်ပြီးသွားပြီ။ ဒါပေမယ့် … နတ်အတွေးတစ်ချက်ဆေးလုံးက ဖန်မျိုးနွယ်စုရဲ့ နံပါတ်တစ်ဆေးလုံးလေ။ ဘယ်သူမှ မဖော်စပ်နိုင်သေးဘူး”
ဆေးဝါးတာအိုဌာနတစ်ခုလုံး အုံးအုံးကြွက်ကြွက် ထနေတော့သည်။
ဖန်ယန်ရှီ မန်ဟို့ကို ကြည့်နေစဉ် သူ၏မျက်လုံးများ၌ မျှော်လင့်နေမှုတို့ တောက်ပနေသည်။ သူသည် မန်ဟို အမှန်တကယ် အောင်မြင်လိမ့်မည်ဟု မယုံကြည်သော်လည်း အံ့ဩဖွယ်ရာအရာတစ်ခုဖြစ်မည်ကို မြင်ချင်နေ၏။
ဖန်ရှုတောက် မန်ဟို့အပေါ် ခက်ခဲအောင် ဖိအားပေးနေသော နည်းလမ်းများကိုမူ ဖန်ယန်ရှီအနေဖြင့် အသိအမှတ်မပြုပေ။ အချစ်နှင့် အခွင့်အရေးကို ရွေးချယ်ရသည့်အခါ တချို့က အချစ်ကို ရွေးချယ်သည်။ တချို့က အခွင့်အရေးကို ရွေးချယ်သည်။ သူသည် ထိုကဲ့သို့ဆုံးဖြတ်ချက်တစ်ခုအား စွက်ဖက်ခွင့်ရှိသည်ဟု မခံစားရပေ။
မိမိ၏ရွေးချယ်မှုအတိုင်း သူတစ်ပါးအား လိုက်နာစေခြင်းမှာ မှားယွင်းသည်။ သို့သော် သူ့မှာ ထိုအကြောင်းနှင့်ပတ်သက်၍ ပြောရေးဆိုခွင့်ရှိသော နေရာတွင် မဟုတ်ပေ။ မန်ဟိုက ဖန်ရှုတောက်နှင့် သွေးဆက်တူပြီး သူနှင့်မတူသည် မဟုတ်ပါလော။
ဖန်ရှုတောက်မှာတော့ မျက်မှောင်ကြုတ်နေသည်။ မန်ဟို နတ်အတွေးတစ်ချက်ဆေးလုံးအား ဖော်စပ်နိုင်မည်မဟုတ်ကြောင်း သူ သေချာသည်။ ထိုမျှသာမက အံ့ချီးဖွယ်ရာအဖြစ်အပျက်မျိုး ပေါ်ပေါက်လာခဲ့လျှင်တောင်မှ သူသည် မန်ဟို လောင်းကြေးအား မနိုင်အောင် ဆုလာဘ်ပမာဏအား လျှော့ချထားပြီးဖြစ်၏။
သို့ပင်ငြား အကြောင်းတစ်စုံတစ်ရာကြောင့် သူ့မှာ တစ်စုံတစ်ခုကို မျက်စိသျှမ်းသွားသကဲ့သို့ ခံစားနေလေသည်။ ကံဆိုးစွာနှင့် သူ မည်မျှပင် အသေးစိတ် ပြန်သုံးသပ်ကြည့်နေစေကာမူ ဖြစ်နိုင်ခြေရှိသော သဲလွန်စများအား ရှာမတွေ့နိုင်ပေ။
“အဲဒီမသာလေးက ဉာဏ်များလွန်းတယ်” ဖန်ရှုတောက်က မဆိုစလောက်ပြုံးရင်း တွေးသည်။ “ငါ သတိကပ်နေမှ ဖြစ်မယ် … ဒါပေမဲ့ သူ အောင်မြင်မြင်၊ မအောင်မြင်မြင် စွမ်းဆောင်ရည်ရမှတ်သိန်းတစ်သောင်းကို ပေးဖို့ လိုသေးတယ်”
ဆေးဝါးတာအိုဌာန၏တောင်တန်းများထဲရှိ ဆေးလုံးအိမ်တော်တွင် မန်ဟိုသည် တကယ်တမ်း ပင်လယ်ပိုင်းဖြတ်ခြင်းအံ့ဖွယ်ဆေးလုံးအတွက် ဆုလာဘ်များအကြောင်း တွေးပင် တွေးမနေပေ။ သူ သတ်မှတ်ထားသောအချိန်ကာလအတွင်း ဝိညာဉ်ကျောက်တုံးလုံလုံလောက်လောက် မစုဆောင်းနိုင်အောင် ဖန်ရှုတောက် အကြောင်းတစ်ခုခုပြ၍ ဆုလာဘ်ပမာဏကို လျှော့ထားမည်ဖြစ်ကြောင်း သူ သိထားပြီးသားပင်။
ထိုသို့ဆိုမှတော့ မန်ဟိုသည် အတန်ငယ်ဟန်ပြရန် ဆုံးဖြတ်လိုက်၏။ တတိယဗုံကို တီးခြင်းက ပထမမျိုးဆက်ခေါင်းဆောင်ကြီးပင် မဖော်စပ်နိုင်ခဲ့သော ဆေးလုံးကို သူ ဖော်စပ်တော့မည်ဟု သက်သေပြသည်။ သူသည် မည်သူမှ မဖော်နိုင်ခဲ့ဖူးသော … နတ်အတွေးတစ်ချက်ဆေးလုံးကို ဖော်စပ်ပေတော့မည်။
ဖန်တယွမ်သော်လည်းကောင်း၊ ဖန်ယန်ရှီသော်လည်းကောင်း၊ သမိုင်းတစ်လျှောက် မည်သူမှ မျိုးနွယ်စု၏ ဒဏ္ဍာရီလာဆေးလုံးကို အောင်မြင်စွာ မဖော်စပ်နိုင်ခဲ့ပေ။
မန်ဟို တတိယမြောက်ဗုံအရှေ့၌ ရပ်၍ ခေါင်းလှည့်ကြည့်လိုက်သောအခါ အရပ်လေးမျက်နှာတွင် ပြွတ်သိပ်ကြပ်နေသည့် ဖန်မျိုးနွယ်ဝင်များကို မြင်လိုက်ရသည်။ သူတို့က သူ့ကို စိုက်ကြည့်နေပြီး သူတို့၏မျက်လုံးများတွင် ထက်သန်ပြင်းပြသော ရိုသေလေးစားမှုတို့ဖြင့် ပြည့်နှက်တောက်ပနေ၏။
မန်ဟိုက အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်သည်။ သူက တည်ကြည်သောအမူအရာဖြင့် လက်နှစ်ဖက်ကို ယှက်ကာ ရောင်ရင်းမျိုးနွယ်ဝင်များအား အရိုအသေပေးလိုက်၏။
“ဂုဏ်သရေရှိ လူကြီးမင်းများနှင့် အမျိုးသမီးတို့၊ ကျုပ် နတ်အတွေးတစ်ချက်ဆေးလုံးကို ဖော်စပ်ချင်ပါတယ်
“ကံဆိုးစွာနဲ့ …. ဒီဆေးလုံးက စွမ်းဆောင်ရည်ရမှတ် သိန်းတစ်သောင်းကို တောင်းဆိုနေတယ်။ အခု ကျုပ်မှာ စွမ်းဆောင်ရည်ရမှတ်အလုံအလောက် မရှိဘူး။ ဒါကြောင့် ကျုပ် ဆေးလုံး ဖော်စပ်နိုင်အောင် ခင်ဗျားတို့ဆီကနေ စွမ်းဆောင်ရည်ရမှတ်တချို့ တောင်းခံချင်ပါတယ်ခင်ဗျာ ….
“အဲဒီဆေးလုံးက ပထမမျိုးဆက်ခေါင်းဆောင်ကြီးတောင်မှ မဖော်စပ်နိုင်ခဲ့တဲ့… နတ်အတွေးတစ်ချက်ဆေးလုံးပါ”
မန်ဟို့အသံက အရပ်လေးမျက်နှာတွင် ပဲ့တင်ထပ်သွားသည်။ သူသာ ယခုလိုစကားမျိုးကို ပင်လယ်ပိုင်းဖြတ်ခြင်းအံ့ဖွယ်ဆေးလုံးအား မဖော်စပ်ခင်တုန်းက ပြောခဲ့လျှင် လိုက်လျောလိုသူ အနည်းအကျဉ်းသာ ရှိလိမ့်မည်။
သို့သော် ယခုတွင်မူ မကြာသေးမီကမှ ဆေးအိမ်တော်ကို ကျော်ဖြတ်၍ ပင်လယ်ပိုင်းဖြတ်ခြင်းအံ့ဖွယ်ဆေးလုံးကို ဖော်စပ်ပြီးနောက် သူသည် အရှိန်အဟုန်အား အထွတ်အထိပ်အထိ ဆွဲခေါ်နိုင်ခဲ့လေပြီ။ အထူးသဖြင့် ပင်လယ်ပိုင်းဖြတ်ခြင်းအံ့ဖွယ်ဆေးလုံးကို ဖော်စပ်ခြင်းဖြင့် သူ၏ဆေးဝါးတာအိုကို ပြသပြီးနောက်တွင်ပင်။ စောင့်ကြည့်နေသောမည်သူမဆိုအတွက် သူသည် ဒဏ္ဍာရီထဲမှ ထွက်လာသကဲ့သို့ဖြစ်၏။
ထို့ကြောင့် သူ စကားပြောပြီးသောအခါ သူ့ပတ်ဝန်းကျင်ရှိ မည်သူမှ မငြင်းကြပေ။ အမှန်တွင် သူတို့အားလုံးမှာ စွမ်းဆောင်ရည်ရမှတ်များအား မန်ဟို့ထံ လွဲပြောင်းပေးရန် အလွန်စိတ်လှုပ်ရှားနေကြ၏။
သူတို့သည် မျိုးနွယ်စု၏ သမိုင်းတစ်လျှောက် တစ်ခါမှ မဖြစ်ပွားခဲ့ဖူးသော အရာကို … မျက်မြင်တွေ့ချင်ကြသည်။ သူတို့သည် မန်ဟို နတ်အတွေးတစ်ချက်ဆေးလုံးအား အမှန်တကယ် ဖော်စပ်နိုင်မည်လား ကြည့်လိုက်ကြ၏။
“အိမ်ရှေ့မင်းသား၊ ဒီလောက်ယဉ်ကျေးနေစရာ မလိုပါဘူး၊ ကျုပ်ကတော့ ဘာမှမဟုတ်တဲ့ စွမ်းဆောင်ရည်ရမှတ်လေးတွေကို အိမ်ရှေ့မင်းသားဆီ ပေးရမှာ ပျော်တာထက်ကို ပိုပါတယ်”
“ကျွန်မမှာ များများစားစား မရှိဘူး အိမ်ရှေ့မင်းသား ။ တစ်ထောင်ပဲ ရှိတယ်၊ ဒါပေမဲ့ အဲဒီဆေးလုံးဖော်စပ်ဖို့ မင်းသား အကုန်လုံးယူလို့ရပါတယ်” အသံများက အရပ်လေးမျက်နှာတွင် ဆူညံနေသည်။ စွမ်းဆောင်ရည်ရမှတ်ပမာဏအမျိုးမျိုးက မန်ဟို့ကျောက်စိမ်းပြားထဲ ရောက်လာရင်း လျင်မြန်စွာ တိုးပွားလာတော့သည်။
သိန်းတစ်ထောင်ပြည့်ရန် သိပ်မကြာလိုက်ပေ။ အရေအတွက် သိန်းသုံးထောင်သို့ ရောက်သွားသည့်အချိန်ရောက်မှ နှေးလာသည်။ သို့သော် သူ လိုအပ်သောပမာဏနှင့် အကွာကြီး ကွာနေသေးသည်။
ဤအခိုက်အတန့်တွင် ဆေးဝါးတာအိုဌာနမှ ဆေးဝါးပညာရှင်အကုန်လုံးနီးပါး ထွက်လာပြီး မန်ဟို့ထံသို့ စွမ်းဆောင်ရည်ရမှတ်များအား လွှဲပြောင်းပေးကြသည်။
“ကျုပ်တို့က ဆေးဝါးပညာရှင်တွေ။ ကိုယ်ပိုင်ပြိုင်ဘက်ကင်းဆေးလုံး ဖော်စပ်နိုင်ဖို့က လွဲပြီး ကျုပ်တို့ဘဝမှာ အကြီးမားဆုံး ရည်မှန်းချက်က မျိုးနွယ်စုရဲ့ ဒဏ္ဍာရီလာ နတ်အတွေးတစ်ချက်ဆေးလုံးကို မြင်တွေ့ရဖို့ပဲ”
“ကျွန်မတို့တစ်ဘဝလုံးမှာ ဒီဆေးလုံးကို ဘယ်တော့မှာ ကိုယ်တိုင်ဖော်စပ်နိုင်မှာမဟုတ်တာ ကျွန်မတို့ သိတယ်။ မင်းသားက အောင်မြင်နိုင်ခြေရှိမှတော့ ကျွန်မတို့ ဘာကြောင့်မပေးဘဲ နေရမှာလဲ”
“အိမ်ရှေ့မင်းသား၊ ကျွန်တော် တောင်းဆိုပါတယ်။ အောင်မြင်မှဖြစ်မယ်နော်” အသံများ တိုးလိုက်၊ ကျယ်လိုက် ပဲ့တင်ထပ်နေစဉ် မန်ဟို၏စွမ်းဆောင်ရည်ရမှတ်ပမာဏသည် တဟုန်ထိုးတက်သွား၏။ ၎င်းကား သုံးထောင်မှ ရှစ်ထောင်ကျော်နီးပါး ချက်ချင်း တက်သွားလေပြီ။
မန်ဟို့နှလုံးသားထဲတွင် နွေးထွေးမှုတို့ ပြည့်နှက်သွားပြီး သူက လက်ယှက်၍ လူတိုင်းကို ဦးညွှတ်အရိုအသေပေးလိုက်သည်။ သို့သော် စွမ်းဆောင်ရည်ရမှတ်ပမာဏကား မလုံလောက်သေးပေ။
ရုတ်တရက် ရယ်သံတစ်သံက ဆေးဝါးတာအိုဌာန၏အတွင်းထဲရှိ အလယ်အကျဆုံးတောင်ထဲမှ ဟိန်းထွက်လာသည်။ ထို့နောက် ဆေးလုံးအကြီးအကဲဖန်တယွမ်၏အသံအား ကြားလိုက်ရ၏။
“ဟိုအာ ငါ မင်းကို စွမ်းဆောင်ရည်ရမှတ် သိန်းနှစ်ထောင် ပေးခွင့်ပြုပါ” ဖန်တယွမ်က အင်္ကျီလက်စကို ခါလိုက်သည်တွင် မန်ဟို၏စွမ်းဆောင်ရည်ရမှတ်များသည် လျင်မြန်စွာ တက်သွားပြီး စုစုပေါင်းသိန်းတစ်သောင်းသို့ ရောက်ရှိသွားတော့၏။
ထိုအခိုက်အတန့်တွင် ဖန်ယန်ရှီက လက်ကို ပြန်ချလိုက်သည်။ သူလည်း မန်ဟို့ကို စွမ်းဆောင်ရည်ရမှတ်တချို့ပေးရန် ပြင်နေခဲ့လေသည်။ သူတို့အားလုံးသည် ဆေးဝါးပညာရှင်များမဟုတ်ပါလော။ သို့ဖြစ်၍ နတ်အတွေးတစ်ချက်ဆေးလုံးကို မြင်လိုကြသည်။ ယင်းက ဆေးဝါးပညာရှင်မဟုတ်သူများ နားမလည်နိုင်မည့်၊ စိတ်ကူးမကြည့်နိုင်သည့် တောင့်တမှုဖြစ်သည်။
ဖန်ရှုတောက်မှာ ခါးသက်သက်သာ ပြုံးနေနိုင်သည်။ မန်ဟိုက နတ်အတွေးတစ်ချက်ဆေးလုံးကို ဖော်စပ်ဖို့အတွက် ပထမဆုံးအတားအဆီးကို လွယ်လွယ်ကူကူ ဖြတ်ကျော်နိုင်သွားလိမ့်မည်ဟု သူ လုံးဝမထင်ထားခဲ့ပေ။ သူတို့၏ သဘောတူညီမှုတွင် ဝိညာဉ်ကျောက်တုံးများအား မချေးယူရဆိုသည်ကို ထည့်သွင်းခဲ့သော်လည်း စွမ်းဆောင်ရည်ရမှတ်များနှင့် ပတ်သက်၍ မပါရှိခဲ့သည်မဟုတ်ပါလော။
မန်ဟိုက ဆေးဝါးတာအိုဌာနရှိ ဆေးလုံးအိမ်တော်အပြင်တွင် ရပ်နေသည်။ သူသည် ဖန်တယွမ်၏ တောင်ထိပ်အား လေးလေးနက်နက် အရိုအသေပေးရင်း အသက်ပြင်းပြင်း ရှူသွင်းလိုက်၏။ ထို့နောက် လှည့်၍ လက်မြှောက်ပြီး တတိယဗုံကို တီးလိုက်လေသည်။
ဗုံ
အသံက မျိုးနွယ်စုတစ်စုလုံးတွင် မြည်ဟည်းသွားသည်။ မန်ဟို၏ စွမ်းဆောင်ရည်ရမှတ်သိန်းတစ်သောင်းပျောက်ကွယ်သွားပြီး သူ့အရှေ့တွင် နတ်အတွေးတစ်ချက်ဆေးလုံးအကြောင်းအရာများ ပေါ်လာသည်။
“နတ်အတွေးတစ်ချက်ဆေးလုံး၊ ဤဆေးလုံးကို ဖော်စပ်နိုင်တဲ့ ဘယ်သူမဆို ဆေးဝါးတားအိုသခင်ဖြစ်လာမယ်။ ဒီဆေးလုံးကို ဖော်စပ်ဖို့ မရှိမဖြစ်လိုအပ်တဲ့ အချက်က အရှေ့က ဆေးလုံးနှစ်လုံးကို ဖော်စပ်ထားပြီးဖို့ပဲ။ ဖြေဆိုကြေးက တစ်စုံလျှင် စွမ်းဆောင်ရည်ရမှတ်သိန်းတစ်သောင်း”
မန်ဟို၏မျက်လုံးများသည် ဆေးဝါးတာအိုသခင်ဆိုသော စကားလုံးများကို ကြားလျှင် ထူးဆန်းစွာ တောက်ပသွားသည်။
ယင်းက သူ ယခုလို လုပ်နေရသော အကြောင်းရင်းဖြစ်လေသည်။ တကယ်တော့ အဆိုပါရာထူးကို စိတ်မဝင်စားပေ။ သူ စိတ်ဝင်စားသည်က ဆေးဝါးတာအိုသခင် ဖြစ်လာပြီးနောက် ရရှိမည့် ကံကြမ္မာကောင်းကိုပင်။
ထိုကံကြမ္မာကောင်းသည် လူအများစု သိပင်မသိသော အရာဖြစ်၏။ ပထမမျိုးဆက်ခေါင်းဆောင်ကြီး တရားထိုင်လျက် ကွယ်လွန်သွားသည့်အချိန်မှစ၍ ယခုအချိန်အထိ ဆေးဝါးတာအိုဌာနတွင် ဆေးဝါးတာအိုသခင်တစ်ဦး တစ်ခါမှ မရှိခဲ့ဖူးပေ။ ထိုအခိုက်အတန့်တွင် သူ ရရှိမည့် ကံကြမ္မာကောင်းသည် မျိုးနွယ်စုထဲတွင် သင်ကြားပို့ချနေသော သမိုင်းထဲမှ ထိမ်ချန်ထားရလေ၏။
သို့သော် ရှေးဟောင်းမှတ်တမ်းများကို မွှေနှောက်ပြီးနောက်တွင် မန်ဟိုသည် သူ့ပြဿနာအတွက် အဖြေကို ရှာတွေ့ခဲ့၏။
ထို့အပြင် သူ နတ်အတွေးတစ်ချက်ဆေးလုံးကို ဖော်စပ်ရန် ဤမျှယုံကြည်ချက်ရှိနေရသည့်အကြောင်းရင်းမှာ ရှေးဟောင်းမှတ်တမ်းထဲတွင် သူ တွေ့ရှိခဲ့သော အချက်အလက်ကြောင့် ဖြစ်သည်။ ထိုနေရာတွင် ဆေးလုံးဖော်စပ်ဖို့ ကြိုးစားခဲ့ဖူးသော မျိုးနွယ်ဝင်တချို့၏ စာတမ်းများ ရှိလေသည်။ ထိုအချက်အလက်များမှ သူ သဲလွန်စတချို့ ရရှိခဲ့သည်။
ထိုသဲလွန်စများသည် မန်ဟို့စိတ်ထဲတွင် တဝဲဝဲ လည်နေခဲ့၏။ တစ်လကြာ လေ့လာပြီးနောက်မှ ၎င်းတို့သည် အလွန်အရေးကြီးသော အကြံအစည်တစ်ခုအား ရသွားစေတော့သည်။
“နတ်အတွေးတစ်ချက်ဆေးလုံး…” သူက ခပ်တိုးတိုး ရေရွတ်သည်။ “ဖန်မျိုးနွယ်စုတစ်စုလုံးမှာ ငါတစ်ယောက်ပဲ အဲ့ဒါကို အမှန်တကယ် ဖန်တီးနိုင်လောက်တယ်” ထိုအခိုက်အတန့်တွင် သူ၏ဘယ်မျက်လုံးထဲ၌ ဖျတ်ခနဲ လက်သွားသော ကြယ်ကျောက်ခဲအား မြင်လိုက်ရသည်။
“ကဲ အစီအစဉ်ကို အကောင်အထည်ဖော်ဖို့ အချိန်ကျပြီ” သူ့လက်သီး တတိယဗုံ၏မျက်နှာပြင်အား ထုရိုက်လိုက်သော အခိုက်အတန့်တွင် ဆေးပင်အစုအဝေးကြီးတစ်စု ပေါ်လာသည်။
မန်ဟိုက ဆေးဖော်နည်းကို လှမ်းယူ၍ လေ့လာလိုက်သည်။ ယခုတွင် သူကား ပို၍ပင် သေချာသွားလေပြီ။
“နတ်အတွေးတစ်ချက်ဆေးလုံးက ကြယ်တာရာကောင်းကင်ထဲအထိ ဖြန့်ကျက်နိုင်တဲ့ နတ်ဘုရားအာရုံကို လိုအပ်တယ်။ ဖော်စပ်တဲ့သူဟာ ကြယ်တံခွန် ဒါမှမဟုတ် ဂြိုဟ်သိမ်တစ်ခုကို ခူးဆွတ်ပြီး အဲဒီစွမ်းအားနဲ့ ဆေးပင်တွေကို ဓာတ်ကူရမယ်။ ပြီးတော့ အနည်းဆုံး နှစ်တစ်ထောင်လောက် သန့်စင်ရမယ်။ အဲဒီလိုမှပဲ ဆေးလုံးကို ဖော်စပ်လို့ရမှာ
“အဲဒီဆေးလုံး… စားဖို့လည်း မဟုတ်ဘူး … အတွေးတစ်ချက်ကြယ်တာရာအသွင်ပြောင်းကျင့်စဉ် ကျင့်ကြံရာမှာသုံးတဲ့ ပစ္စည်းတစ်ခုပဲ
“နတ်အတွေးတစ်ချက်ဆေးလုံး … တကယ်တော့ ငါ့ ဘယ်မျက်လုံးထဲက ကြယ်ကျောက်ခဲက နတ်အတွေးတစ်ချက်ဆေးလုံးပဲ
“တကယ်တော့ ငါ့အနေနဲ့ ပထမမျိုးဆက်ခေါင်းဆောင်ကြီးနဲ့ တူညီတဲ့ ကျင့်ကြံအဆင့်ကို မရောက်မချင်း ဒါမှမဟုတ် အဲဒီနယ်ပယ်ရောက်ပြီးသား လူတစ်ယောက်ရဲ့ အကူအညီကို မရမချင်း အဲဒီဆေးလုံးကို ဖော်စပ်လို့မရဘူး
“ဒါပေမဲ့ … ငါ့မှာ နတ်အတွေးတစ်ချက်ဆေးလုံး ရှိပြီးသားလေ။ ဒါကြောင့် ဖော်စပ်နေစရာမှ မလိုတာ။ နည်းနည်းပါးပါး ဟန်ပြလိုက်ရင် ရပြီ။ အဲ့ဒီလိုဆို အလုပ်ဖြစ်လိမ့်မယ်” သူက မပြောင်းလဲသောအမူအရာဖြင့် ညာလက်ကို ဝှေ့ယမ်းလိုက်သည်။ ချက်ချင်းပင် ဆေးလုံးအားလုံး တုန်ရီလာပြီး သူက ၎င်းတို့ကို ကိုင်းဆက်ပွားတော့၏။
ဆေးပင်အရေအတွက်သည် တစ်သောင်းကျော်၍ ၎င်းတို့ကို ကိုင်းဆက်ပွားနေသည်နှင့်အမျှ အပင်နှင့်အသီးအရွက်အရှိန်အဝါမှာ ကောင်းကင်ထက်သို့ ဖြာတက်လာသည်။ အချိန်များ ကုန်လွန်လာသလို မန်ဟို့ပတ်ပတ်လည်တွင် ပေါ်လာနေသော အပင်နှင့်အသီးအရွက်များလည်း များများလာသည်။ ၎င်းတို့က မန်ဟို့ကို ဗဟိုပြုလျက် ဝန်းရံထားရင်း ပြွတ်သိပ်ကြပ်နေကြလေပြီ။
ဤအပင်များသည် အဖိုးတန်ဆေးပင်များဖြစ်၍ မန်ဟို့အနေဖြင့် အလဟဿဖြုန်းတီးပစ်မည်မဟုတ်ပေ။ သူသည် နတ်အတွေးတစ်ချက်ဆေးလုံးအား အသစ်ဖော်စပ်ရန် မရည်ရွယ်ထားသော်လည်း သူ့ဘယ်မျက်လုံးထဲရှိ တစ်ခုကို သူ့အပိုင် အမှန်အကန်ဖြစ်အောင် ထပ်မံမွမ်းမံသန့်စင်ရန် ကြံထား၏။
နေ့ရက်များ ကုန်ဆုံးသွားသည်။ မန်ဟို့ပတ်ပတ်လည်တွင် ပျံဝဲနေသော ဆေးပင်များမှာ အဆုံးမရှိသည့်အလားပင်။ ထို့နောက် အပင်များက ဝုန်းခနဲ ပေါက်ကွဲ၍ ကြေမွကာ အပင်နှင့်အသီးအရွက်ပင်လယ်တစ်စင်းကို ဖန်တီးလိုက်သည်။ အဆိုပါပင်လယ်က မန်ဟို့ထံ ပြေး၍ သူ့ကို ရစ်သိုင်းလှည့်ပတ်လိုက်ရာ အပြင်လောကရှိ မည်သူမှ မည်သည်တို့ ဖြစ်ပျက်နေသလဲ မမြင်ရအောင် ဖုံးကွယ်လိုက်သည်။ ထိုအခိုက်အတန့်တွင် ကြယ်ကျောက်ခဲက ကြယ်အလင်းရောင်များကို ဖြန့်ကျက်လျက် မန်ဟို၏ဘယ်မျက်လုံးထဲမှ ထွက်လာပြီး ဆေးပင်များမှ ပင်ရည်များကို စုပ်ယူရင်း သူ့အရှေ့တွင် ပျံဝဲနေသည်။
ထို့နောက် သူက လက်နှစ်ဖက်မုဒြာလက်ကွက်ဖော်လိုက်ကာ သူ့ကိုယ်ထဲရှိ နတ်မီးတောက်ကို ဟုန်းခနဲ တောက်သွားစေပြီး ဆေးလုံးအား သန့်စင်တော့သည်။
နတ်မီးတောက်က ပင်ရည်များကို ပွက်ပွက်ဆူလာစေသည်။ သူက နောက်ထပ်မုဒြာလက်ကွက် ဖော်၍ ပင်ရည်အား မှော်သင်္ကေတများအသွင်မပြောင်းမချင်း သန့်စင်သည်။ ထို့နောက် သူသည် စုစည်းခြင်းနှင့်ဖိနှိပ်ခြင်းနည်းလမ်းများကို သုံးရင်း အဆိုပါမှော်သင်္ကေတများအား ကြယ်ကျောက်ခဲနှင့် တစ်သားတည်းဖြစ်သွားစေ၏။ ကြယ်ကျောက်ခဲမှာ တစတစ မည်းနက်လာပြီးနောက် အားကောင်းသထက် အားကောင်းလာနေသော လှိုင်းများကို စတင်ထုတ်လွှတ်သည်။
လှိုင်းများက ဆေးဝါးတာအိုဌာနသို့ လျင်မြန်စွာ ပျံ့နှံ့လာကာ ဆေးဝါးပညာရှင်အကုန်လုံးကို အံ့ဩတုန်လှုပ်သွားစေသည်။
သူတို့ စောင့်ကြည့်နေစဉ် ပင်ရည်သည် လျင်မြန်စွာ ပျောက်ကွယ်သွား၏။ တောက်ပသောအလင်းရောင်တို့က မန်ဟို လက်ထဲတွင် ဆုပ်ကိုင်ထားသော ကြယ်ကျောက်ခဲမှ ဖြာထွက်လာသည်။ ကောင်းကင်ဘုံများသည် ၎င်းတို့ဘာသာ ပြောင်းလဲနေသည့်အလား မိုးကောင်းကင်တွင် အရောင်များ ပြိုးပြိုးပြက်ပြက် လက်နေတော့၏။ ကြယ်ကျောက်ခဲမှ ရောက်ပြန်ဟပ်မှုများ ဖြစ်ဟန်တူသည့် မရေမတွက်နိုင်သော ကြယ်အလင်းမှုန်များက အပေါ်ထက်တွင် ပေါ်လာလေသည်။
“ဒါက နတ်အတွေးတစ်ချက်ဆေးလုံးပဲ” မန်ဟိုက အော်လိုက်သည်။ သူ့အသံက လူတိုင်းလူတိုင်း အံ့ဩတုန်လှုပ်သွားစေရင်း အရပ်လေးမျက်နှာသို့ ဟိန်းထွက်သွားသည်။ လူတိုင်း ကြယ်ကျောက်ခဲအား စိုက်ကြည့်နေကြလေပြီ။
“အဲ့ဒါက … နတ်အတွေးတစ်ချက်ဆေးလုံးလား”
သာမန်ကျင့်ကြံသူများမှာ မန်ဟို ဟန်ပြလုပ်နေခြင်းဟုတ်မဟုတ် ပြောနိုင်မည်မဟုတ်သော်လည်း ဖန်ယန်ရှီနှင့် ဖန်ရှုတောက်အပြင် ဖန်တယွမ်တို့အားလုံး ကြည့်ရုံလေးနှင့်တင် ပြောနိုင်သည်။
“ဆိုတော့ နတ်အတွေးတစ်ချက်ဆေးလုံးကို အတွေးတစ်ချက်ကြယ်တာရာအသွင်ပြောင်းကျင့်စဉ် မကျင့်ထားတဲ့လူတစ်ယောက်က မဖော်စပ်နိုင်ဘူးကိုး” ဖန်ရှုတောက်သည် ဖြစ်ကြောင်းကုန်စင် နားလည်လိုက်သဖြင့် တစ်ကိုယ်လုံး တုန်ရီသွားတော့၏။
“ဆိုတော့ အဲဒီလိုကိုး …” ဖန်တယွမ်က ကြောင်အစွာဖြင့် ရေရွတ်လိုက်သည်။
ဖန်ရှုတောက်မှာတော့ မျက်လုံးပြူးကြီးများဖြင့် စိုက်ကြည့်နေသည်။ “အဲဒီငနဲလေးကတော့ လိမ်နေတာပဲ ကြည့်စမ်း”
သို့သော် စကားလုံးများ သူ့ပါးစပ်မှ ထွက်သွားလျှင်ချင်း တာအိုခေါင်းလောင်းက ရုတ်တရက် ဘိုးဘေးစံအိမ်၏အပေါ်ရှိ လေလယ်တွင် ပေါ်လာသည်။ ၎င်းက ကိုးကြိမ် သုံးခါ မြည်လေသည်။ စုစုပေါင်း … ၂၇ ချက်။
ဖန်ရှုတောက်က အသိအမှတ်မပြုသော်လည်း … ဖန်မျိုးနွယ်စု၏ တာအိုခေါင်းလောင်းက အသိအမှတ်ပြုသည်။ ယင်းအချက်အရ မန်ဟိုကား ဆေးလုံးကို ဖော်စပ်ခဲ့ပြီးလေပြီ။
တာအိုခေါင်းလောင်းစမြည်သော အခိုက်အတန့်တွင် ထူးဆန်းသောအလင်းရောင်က မန်ဟို့မျက်လုံးများတွင် ပေါ်လာသည်။ သူသည်…. သူ့အစီအစဉ်၏ နောက်ဆုံးအဆင့်ကို အကောင်အထည်ဖော်ရန် အချိန်ကျပြီဖြစ်ကြောင်း သိလိုက်လေ၏။
သူ အရှေ့အောင်ပွဲဂြိုဟ်မှ ထွက်ခွာနိုင်ရန် သိပ်ကြာတော့မည်မဟုတ်ပေ။
***