← Chapters

လိပ်အိုကြီး မှီခိုရာဂိုဏ်းချုပ်

Vol. 73 Ch. 1016

လိပ်အိုကြီး မှီခိုရာဂိုဏ်းချုပ်

Vol. 73 Ch. 1016

တာအိုခေါင်းလောင်းမြည်သံ (၂၇) ချက်က အရှေ့အောင်ပွဲဂြိုဟ်ပေါ်ရှိ ဖန်မျိုးနွယ်ဝင်အားလုံး၏ စိတ်နှလုံးထဲတွင် ပဲ့တင်ထပ်နေသည်။ ခေါင်းလောင်း အကြိမ်များစွာ မြည်နေသည့်အချက်က လူတိုင်း၏ရင်ထဲတွင် အံ့ဩခြင်းလှိုင်းတံပိုးများ မြင့်တက်လာစေသည်။

မိုးနန်းတော်နေဝိညာဉ်ဆေးလုံး

ပင်လယ်ပိုင်းဖြတ်ခြင်းအံ့ဖွယ်ဆေးလုံး

နတ်အတွေးတစ်ချက်ဆေးလုံး

နှစ်ပေါင်းမရေမတွက်နိုင်အောင် ကြာသည့်တိုင် ဘယ်သူမှ ဖန်မျိုးနွယ်စု၏ ဒဏ္ဍာရီလာဆေးလုံးသုံးလုံးစလုံးကို မဖော်စပ်နိုင်ခဲ့ဖူးပေ။ သို့သော် ယနေ့တွင် မန်ဟိုက လူတိုင်း၏ရှေ့မှောက်တွင် ရာဇဝင်တစ်ပုဒ်ကို မွေးဖွားပေးလိုက်လေပြီ။

သူသည် … ဆေးဝါးတာအိုသခင်လည်း ဖြစ်လာ၏။

ခမ်းနားသောခေါင်းလောင်းသံတို့ နဝမတောင်ပင်လယ်တစ်ဝန်း ပျံ့လွင့်နေစဉ် ခေါင်းလောင်းမှ ရှေးဆန်သောအသံတစ်သံက စကားပြောလိုက်ပြီး ၎င်း၏စကားလုံးများအား ဖန်မျိုးနွယ်ဝင်တိုင်း၏နှလုံးသားထဲတွင် ကြားရနိုင်လေသည်။

“ဖန်မျိုးနွယ်ဝင်အပေါင်းတို့ ဆေးဝါးတာအိုသခင်ကို အရိုအသေပေးကြကုန်လော့”

အသံတွင် ဆေးဝါးတာအိုသခင် ပေါ်ထွက်လာမှုအား မျက်မြင်သက်သေတည်ပေးသော၊ အမြင့်မားဆုံးသက်သေခံချက်၊ တာအိုခေါင်းလောင်း၏ စိတ်ဆန္ဒဖြစ်သည်။

ဆေးဝါးတာအိုဌာန၏ ဆေးဝါးပညာရှင်အားလုံး ထွက်လာကြသည်။ ဆေးဝါးအတတ်သင်အားလုံး စုရုံးလာကြသည်။ ဖန်တယွမ်ပင်လျှင် အတိုင်းထက်အလွန် တည်ကြည်လေးနက်နေသောအမူအရာဖြင့် သူ၏တောင်ထိပ်မှာ ဆင်းလာသည်။

ဆေးဝါးပညာရှင် အဆင့်မည်မျှပင် ဖြစ်စေကာမူ လူတိုင်းသည် အရပ်မျက်နှာတစ်ခွင်မှ ချဉ်းကပ်လာကြပြီး ဆေးလုံးအိမ်တော်၏ပတ်ပတ်လည်တွင် စုရုံးလာကြ၏။ မျက်လုံးအားလုံးက ဆေးလုံးအိမ်တော်၏အပေါ်တွင် ရပ်နေသော မန်ဟို့ကို မမှိတ်မသုန် ကြည့်နေကြသည်။

“ဂါဝရပြုပါတယ် …. ဆေးဝါးတာအိုဌာနရဲ့ အရှင်သခင်” မည်သူအရင်ဆုံး ပြောလိုက်သည်လဲ ပြောရခက်သော်လည်း မကြာမီ တူညီသောစကားလုံးများသည် အရပ်မျက်နှာတစ်ခွင်မှ ပဲ့တင်ထပ်လာ၏။ ဆေးဝါးအတတ်သင်အဆင့်မှစ၍ ဆေးဝါးတာအိုဌာနရှိ လူတိုင်း လက်ယှက်၍ မန်ဟို့ကို အရိုအသေပေးနေကြလေပြီ။

“ဂါဝရပြုပါတယ် ဆေးဝါးတာအိုသခင်”

“ဆေးဝါးတာအိုသခင်အား ဂါဝရပြုပါတယ်”

ဖန်တယွမ်က လက်ယှက်၍ မန်ဟို့ကို လေးလေးနက်နက် အရိုအသေပေးသည်။ သူ့အနေဖြင့် မန်ဟို လှည့်စားခဲ့ခြင်းဖြစ်ကြောင်း သိသော်လည်း တာအိုခေါင်းလောင်းက အသိအမှတ်ပြုမှတော့ … ယင်းက အရေးမကြီးတော့ပေ။

တာအိုခေါင်းလောင်းသည် ဖန်မျိုးနွယ်စု၏ ပထမဆုံးမျိုးဆက်ခေါင်းဆောင်ကြီး ချန်ရစ်ခဲ့သော မှော်တူရိယာတစ်မျိုးဖြစ်သည့်အပြင် ဖန်မျိုးနွယ်စု၏ အမှတ်သညာရတနာလည်း ဖြစ်သည်။ ၎င်းက အတွင်းရေးပဋိပက္ခနောက်ကွယ်ရှိ သာမန်မဟုတ်သော အခြေအနေအရပ်ရပ်ကြောင့် ပုန်ကန်ထကြွမှုဖြစ်ပွားတုန်းက ဝင်ရောက်မစွက်ဖက်ခဲ့ခြင်းပင်။ ထို့အတွက်ကြောင့်သာမဟုတ်လျှင် တာအိုခေါင်းလောင်းသည် ပထမမျိုးဆက်ခေါင်းဆောင်ကြီး၏ ကိုယ်ပွားမတိုင်ခင် ကြားဝင်ဟန့်တားနိုင်ခဲ့မှာ ဖြစ်၏။

ဤအခိုက်အတန့်တွင် တာအိုခေါင်းလောင်းသည် ဆန်းဆန်းပြားပြား မှော်သင်္ကေတအမြောက်အမြားပြည့်နှက်နေသော ကြီးမြတ်သည့်အနန္တအလင်းရောင်ဖြင့် တောက်ပနေ၏။ သင်္ကေတများက ဖန်မျိုးနွယ်စုတစ်စုလုံး၏ပတ်ပတ်လည်ကို ဝန်းရံရစ်သိုင်းနေသော အလင်းပင်လယ်တစ်စင်းအသွင် တောက်ပနေသည်။

တောက်ပသောအလင်းရောင်ကြောင့် ဆေးဝါးတာအိုဌာနအတွင်းရှိ ဟစ်ကြွေးသံများသည် ပို၍ပင်ကျယ်လောင်လာ၏။ ၎င်းတို့က ဆေးဝါးတာအိုဌာန၏ချောင်ကြိုချောင်ကြားမကျန် ပဲ့တင်ထပ်နေရင်း ဘိုးဘေးစံအိမ်မှပင်လျှင် ကြားရသည်တိုင်အောင် ရောက်ရှိလာသည်။

မရေမတွက်နိုင်သောအသံများက အတူတကွ‌ ပေါင်းစု၍ ဆေးဝါးတာအိုဌာန၏ စည်းလုံးသွားသော စိတ်ဆန္ဒ၏ ဟစ်ကြွေးသံအသွင်ပြောင်းသွားသည်။

ဆေးဝါးတာအိုသခင် … နတ်အတွေးတစ်ချက်ဆေးလုံးအား ဖော်စပ်နိုင်ခဲ့သော မျိုးနွယ်ဝင်များသာလျှင် ဆေးဝါးတာအိုသခင်ဆိုသော ဘွဲ့ဖြင့် ချီးမြှောက်ခံရနိုင်သည်။

နှစ်ပေါင်းများစွာတစ်လျှောက်လုံး ထိုသို့ခေါ်ဆိုခံခဲ့ရသည့် တစ်ဦးတည်းသောလူမှာ ပထမမျိုးဆက်ခေါင်းဆောင်ကြီးသာ ရှိခဲ့ဖူးသည်။ ယင်းက ယနေ့ … နောက်တစ်ဦးပေါ်ထွက်မလာခင်အထိပင်။ ဒုတိယမြောက်ဆေးဝါးတာအိုသခင်။

ဤအခိုက်အတန့်တွင် ဖန်မျိုးနွယ်စုမှာ ဆူညံပွက်လောရိုက်နေပြီး တာအိုခေါင်းလောင်းသံက မျိုးနွယ်ဝင်များ၏ သွေးတို့ကို ဆူပွက်လာစေသည်။ ထိုမျှသာမက ၎င်းက သူတို့ကို ဆေးဝါးတာအိုဌာန၏ အဖွဲ့ဝင်ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ သွေးတို့၏လှုံ့ဆော်မှုအတိုင်း အဆုတ်ကွဲလုမတတ် ဟစ်ကြွေးမိကြစေသည်။

“ဆေးဝါးတာအိုဌာနမှာ ဆေးဝါးတာအိုသခင် ပေါ်ထွက်လာမှုအတွက် ဂုဏ်ယူဝမ်းမြောက်မိပါတယ်”

“ဆေးဝါးတာအိုသခင်အတွက် ဂုဏ်ယူဝမ်းမြောက်မိကြောင်းပါ”

သောင်းသောင်းသဲသဲ ဟစ်ကြွေးသံအပေါင်းက ဖန်မျိုးနွယ်စုတစ်စုလုံးတွင် ပြည့်နှက်နေပြီး အရှေ့အောင်ပွဲဂြိုဟ်၏တစ်ဝက်ခန့်အထိ ပျံ့လွင့်ကူးစက်လာသည်။ ဆေးနတ်ဂိုဏ်းသားများပင်လျှင် စိတ်နှလုံးချာချာလည်လျက် တုန်ရီစွာဖြင့် ရပ်နေကြသည်။ တစ်ယောက်ပြီးတစ်ယောက် လက်ယှက်၍ ဆေးဝါးတာအိုအဖွဲ့ရှိရာသို့ အရိုအသေပေးလိုက်ကြ၏။

ထိုအခိုက်အတန့်တွင် မန်ဟို၏ အောင်မြင်မှုကား အနှိုင်းမဲ့သော အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့လေပြီ။

ဖန်ယန်ရှီနှင့် ဖန်ရှုတောက်ပင်လျှင် အသက်ပြင်းပြင်းရှူ၍ ရှေ့တက်လိုက်ကြပြီး အံ့ဩဖွယ်ကောင်းစွာနှင့် ဆေးဝါးတာအိုဌာန၏အပေါ်ရှိ လေလယ်တွင် ပေါ်လာကြသည်။ ဖန်ယန်ရှီကမူ မန်ဟို့ကို လေးလေးနက်နက် ကြည့်ပြီးနောက် လက်ယှက်အရိုအသေပေးလိုက်လေသည်။

မှန်ပါသည်။ သူသည် မန်ဟို့ကို အရိုအသေပေးနေခြင်းမဟုတ်၊ ဆေးဝါးတာအိုဌာန၏ သက်ရှိထင်ရှား အရှင်သခင်ဆိုသော မန်ဟို့၏အဆင့်အတန်းအသစ်ကို အရိုအသေပေးနေခြင်းဖြစ်၏။

ဖန်ရှုတောက်က တခဏ တုံ့ဆိုင်းနေပြီးနောက် မျက်လွှာချကာ မန်ဟို့ကို အရိုအသေပေးလိုက်သည်။ သူ့အတွက် ထိုသို့လုပ်ရန်မှတစ်ပါး အခြားရွေးချယ်စရာမရှိပေ။

တာအိုနယ်ပယ်ခေါင်းဆောင်ကြီးတစ်ဦးဖြစ်သည့်တိုင်၊ မျိုးနွယ်စု၏ ခေါင်းဆောင်တစ်ဦးဖြစ်သည့်တိုင်၊ တာအိုခေါင်းလောင်း၏ စိတ်ဆန္ဒက စကားပြောခဲ့သဖြင့် ဖန်မျိုးနွယ်တစ်ယောက်မှ မနာခံ၍မရပေ။

တာအိုခေါင်းလောင်းကို မနာခံခြင်းသည် ပထမမျိုးဆက်ခေါင်းဆောင်ကြီးအပေါ် မရိုသေခြင်းသာ ဖြစ်သည်။

ဖန်ရှုတောက်နှင့် ဖန်ယန်ရှီအပြင် သတ္တမခေါင်းဆောင်ကြီးအပါအဝင် ဝိညာဉ်မီးအိမ်ဆယ်လုံးကျော် ငြှိမ်းခဲ့ပြီးသည့် အသက်ရှင်လျက်ကျန်ရစ်ခဲ့သော ရှေးဟောင်းနယ်ပယ်ကျင့်ကြံသူသုံးယောက်တို့အားလုံး ပေါ်လာပြီး အရိုအသေပေးလိုက်ကြသည်။

ဤအခိုက်အတန့်တွင် ဖန်မျိုးနွယ်စုတစ်စုလုံးကား မန်ဟို့ကို အရိုအသေပေးနေကြလေပြီ။

ခေါင်းလောင်းသံက တဒေါင်ဒေါင် ဆက်မြည်နေသည်။ (၁၈) ကြိမ်၊ (၁၉) ကြိမ် … (၂၇) ကြိမ်ထိတိုင်တိုင် မြည်ဟည်းရင်း အရှေ့အောင်ပွဲဂြိုဟ်တစ်ဂြိုဟ်လုံးကို တုန်လှုပ်သွားစေသည်။

ထို့‌နောက် တာအိုခေါင်းလောင်းမှ တောက်ပထည်ဝါသော အလင်းရောင်သည် မန်ဟို့အပေါ် ဖြာကျလာပြီး သူ့ကို ဝန်းရံ၍ ခေါင်းလောင်းထံသို့ ပျံတက်လာစေ၏။

ဤအဖြစ်အပျက်က လူတိုင်းကို ရင်သပ်ရှုမောစွာဖြင့် ငေးကြည့်နေမိစေသည်။

ထို့နောက် တာအိုခေါင်းလောင်းက ရှေးဆန်သောအသံတစ်သံဖြင့် စကားပြောလိုက်ရာ ဖန်မျိုးနွယ်တိုင်း၏စိတ်ထဲ၌ ပဲ့တင်ထပ်လာသည်။

“ဆေးဝါးတာအိုသခင်ဟာ တာအိုခေါင်းလောင်းကို တစ်ကြိမ်တီးပြီး ဝိညာဉ်ကို စုစည်းနိုင်တယ်။ နတ်ဘုရားအာရုံအကွာအဝေးကို တိုးချဲ့နိုင်ပြီး မျိုးနွယ်စုရဲ့ စိတ်ဆန္ဒကို ခန္ဓာကိုယ်အပေါ် ပြန်သက်ဆင်းစေနိုင်တယ်”

အသံက ဖန်မျိုးနွယ်ဝင်အားလုံး၏ စိတ်ထဲတွင် ပဲ့တင်နေရင်း သူတို့မှာ မျက်လုံးများပြူးလျက် မန်ဟို့အား စိုက်ကြည့်နေမိစေသည်။

မန်ဟို့အမူအရာမှာ ပုံမှန်အတိုင်းသာ ဖြစ်သော်လည်း သူ့နှလုံးသားမှာ ပျော်ရွှင်မြူးထူးတို့ဖြင့် တဒိန်းဒိန်း ခုန်နေတော့သည်။

“ဆိုတော့ အမှန်ပဲ။ ပထမဆုံးမျိုးဆက်ခေါင်းဆောင်ကြီးရဲ့ နောက်ဆုံးစကားတွေက ပါးစပ်ရာဇဝင်သပ်သပ် မဟုတ်ဘူးပဲ”

“ငါ မျိုးနွယ်စုရဲ့ ရှေးဟောင်းမှတ်တမ်းထဲမှာ သဲလွန်စတွေ ရှာနိုင်ခဲ့တယ်။ ကြည့်ရတာ အမှန်တွေ ဖြစ်နေပုံပဲ”

“တာအိုခေါင်းလောင်းက အလိုအလျောက် မြည်ရုံတင်မကဘူး … တီးပါ တီးလို့ရတာပဲ”

“အဲဒီလိုလုပ်ဖို့ တစ်ခုတည်းသောနည်းလမ်းက မျိုးနွယ်စုခေါင်းဆောင်ဖြစ်လာဖို့ သို့မဟုတ် … ဆေးဝါးတာအိုသခင်ဖြစ်မှ” မန်ဟိုက အလင်းကို ဖြတ်၍ တာအိုခေါင်းလောင်းထံသို့ လွင့်မျောနေသည်။

မရေမတွက်နိုင်သော မျိုးနွယ်ဝင်များသည် ကြည့်နေကြပြီး ဖန်ရှုတောက်၏နှလုံးမှာတော့ တဒိန်းဒိန်း ခုန်နေသည်။ သူကား တာအိုခေါင်းလောင်းကိစ္စနှင့် မျိုးနွယ်စုခေါင်းဆောင် သို့မဟုတ် ဆေးဝါးတာအိုသခင်သာ ၎င်းအား တီးနိုင်သည်ဆိုသောအချက်ကို မျက်စိသျှမ်းသွားခဲ့ချေပြီ။

နှစ်ပေါင်းမြောက်မြားစွာကြာသည့်တိုင် ဖန်မျိုးနွယ်စုတွင် ပထမမျိုးဆက်ခေါင်းဆောင်ကြီးမှလွဲ၍ စစ်မှန်သောမျိုးနွယ်စုခေါင်းဆောင် မပေါ်ပေါက်လာခဲ့ဖူးသည်မဟုတ်ပါလော။

ဤမြင်ကွင်းသာ ယခုအချိန်တွင် မဖြစ်ပျက်ခဲ့လျှင် သူ့အနေဖြင့် ထိုကိစ္စကို သတိပင်ရမည်မဟုတ်ပေ။

စိတ်လေးနေသောခံစားချက်က ဖန်ရှုတောက်၏ရင်ထဲတွင် အားကောင်းသထက် အားကောင်းလာသည်။ ရုတ်တရက် သူ့မှာ သူ၏ထိန်းချုပ်နိုင်စွမ်းထက်လွန်နေပြီဖြစ်ကြောင်း သဘောပေါက်လိုက်တော့သည်။ လွန်စွာဆိုးဝါးသောအရာတစ်ခု ဖြစ်ပျက်တော့မည့်အလားပင်။ ရုတ်တရက် သူသည် မန်ဟို မျိုးနွယ်စု၏ရှေးဟောင်းမှတ်တမ်းများအား တစ်လတိုင် လေ့လာဖတ်ရှုနေခဲ့သည်ကို သတိရလိုက်၏။

“အဲ့ဒီမသာလေး ဘာကြံနေတာပါလိမ့်” သူက မျက်မှောင်ကြုတ်ရင်း တွေးနေသည်။

မျိုးနွယ်ဝင်အားလုံး စောင့်ကြည့်နေစဉ် မန်ဟိုက တာအိုခေါင်းလောင်း၏ အရှေ့တည့်တည့်ရောက်သည့်တိုင်အောင် လွင့်မျောသွားနေသည်။

တာအိုခေါင်းလောင်းသည် ဧရာမကြီးမား၏။ ၎င်းက များသောအားဖြင့် ဝေဟင်ထက်တွင် ပေါ်လာတတ်ပြီး ၎င်းနှင့်နှိုင်းယှဉ်ရန် အနားတွင် မည်သည့်အရာမှ မရှိခဲ့ဖူး၍ ၎င်း၏ရင်သပ်ရှုမောဖွယ်အရွယ်အစားအား သိပ်မခံစားရစေခဲ့ပေ။

ယခုတွင် ဖန်မျိုးနွယ်ဝင်အားလုံးမှာ စိတ်နှလုံးတုန်လှုပ်သွားကြရတော့သည်။

ဖန်ရှုတောက်၏ရင်ထဲရှိ လေးလံနေသောခံစားချက်မှာ များစွာပို၍ ပြင်းထန်လာသည်။

မန်ဟိုက တာအိုခေါင်းလောင်း၏အရှေ့တွင် ရပ်၍ အသက်ပြင်းပြင်းရှူသွင်းပြီးနောက် အောက်ရှိမြေပြင်များကို ငုံ့ကြည့်လိုက်သည်။ သူသည် ဘိုးဘေးစံအိမ်နှင့် ဆေးဝါးတာအိုဌာနကို ကြည့်ပြီးနောက် ဖန်ရှုတောက်ကို ကြည့်၏။

ထို့နောက် ညစ်ကျယ်ကျယ်ပြုံးရင်း ညာလက်ကို မြှောက်ကာ နှုတ်ဆက်နေသည့်အလား ဖန်ရှုတောက်အား လက်ဝှေ့ယမ်းပြလိုက်သည်။

ထိုအခြင်းအရာက ချက်ချင်းပင် ဖန်ရှုတောက်၏မျက်လုံးများကို ပြူးကျယ်သွားစေပြီး စိတ်နှလုံးချာချာလည်သွားစေသည်။

“မကောင်းတော့ဘူး” ဖန်ရှုတောက် ရှေ့တက်ရန် ပြင်လိုက်သည့်အချိန်မှာပင် မန်ဟိုက လက်သီးဆုပ်၍ တာအိုခေါင်းလောင်းအား ထုကာ ... အသံမြည်သွားစေသည်။

ဤတစ်ကြိမ်တွင် ခေါင်းလောင်းသည် အလိုအလျောက်မြည်ခြင်းမဟုတ်ဘဲ ထုနှက်ခံလိုက်ရခြင်းဖြစ်သည်။ မန်ဟို့လက် ၎င်းကို ထိလျှင်ချင်း စောစောက မြည်နေသံနှင့် လုံးဝမတူညီသော အသံတစ်သံက ပဲ့တင်ထပ်သွားသည်။ ၎င်းကား အဆုံးမဲ့သောအချိန်နှင့်ပြည့်နှက်လျက် ထည်ဝါခံညားကာ ရှေးဆန်နေသည်။ ၎င်းသည် အရပ်လေးမျက်နှာသို့ ချက်ချင်း ပျံ့နှံ့သွားသော သက်ပြင်းချသံနှင့်တူ၏။

ကျင့်ကြံအဆင့် မည်မျှပင်ဖြစ်စေကာမူ ဖန်မျိုးနွယ်သွေး သွေးကြောများထဲတွင် စီးဆင်းနေသရွေ့ ဖန်မျိုးနွယ်ဝင်တိုင်းမှာ သူတို့၏စိတ်အာရုံကို ဗလာကျင်းသွားစေသော ဩဇာသံကို ကြားလိုက်ရ၏။

ဖန်ရှုတောက်တွင် တာအိုနယ်ပယ်ကျင့်ကြံခြင်းအခြေခံရှိစေကာမူ အ‌ရေးမကြီးပေ။ ထိုအခိုက်အတန့်၌ တာအိုခေင်းလောင်းသံက သူ့စိတ်ထဲတွင် အဆုံးမရှိ ပဲ့တင်ထပ်နေသဖြင့် သူ၏အမူအရာသည် ငူငိုင်သွားတော့သည်။ တစ်ဆက်တည်းမှာပင် တောက်ပသောအလင်းရောင်က ဖန်မျိုးနွယ်ဝင်အားလုံး၏ ခန္ဓာကိုယ်များကို ရုတ်တရက် ဝန်းရံသွားလေ၏။

မန်ဟို့စိတ်မှာလည်း တုန်ရီနေပြီး သူ၏နတ်ဘုရားအာရုံအားလုံး တာအိုခေါင်းလောင်းထဲသို့ စုပ်ယူခံနေရသည့်အလား ခံစားလိုက်ရသည်။ ထို့နောက် ခေါင်းလောင်းသံက အရပ်လေးမျက်နှာသို့ ပျံ့လွင့်သွားသည်။

ဖန်မျိုးနွယ်ဝင်များသာ သက်‌ရောက်ခံနေရခြင်းမဟုတ်။ အရှေ့အောင်ပွဲတစ်ဂြိုဟ်လုံး သက်ရောက်ခံနေရသည်။ သေမျိုးများ၊ အပင်များ၊ တိရစ္ဆာန်မျာ၊ သက်ရှိသတ္တဝါအားလုံး‌ ခေါင်းလောင်းသံကို ကြားလိုက်ရပြီး ရုတ်တရက် စိတ်အာရုံတို့ ဗလာကျင်းကုန်ကြသည်။

မန်ဟို၏နတ်ဘုရားအာရုံသည် ခေါင်းဆောင်သံနှင့်အတူ စီးမျောသွား၏။ မျက်စိတစ်မှိတ်အတွင်း ၎င်းက အရှေ့အောင်ပွဲဂြိုဟ်တစ်ဂြိုဟ်လုံအပြည့် နေရာယူသွားလေပြီ။ တစ်ကမ္ဘာလုံးရှိ မြေပြင်အားလုံး မန်ဟို့စိတ်ထဲတွင် သလင်းကျောက်ပမာ ကြည်လင်ပြတ်သားစွာ ပေါ်လာသည်။

သူသည် အရှေ့အောင်ပွဲဂြိုဟ်၏ ဧရိယာအလုံးစုံ၊ သက်ရှိသတ္တဝါအလုံးစုံကို မြင်လိုက်ရ၏။ သူ၏ကျင့်ကြံအဆင့်ကို ထည့်တွက်လျှင် ယင်းက ပုံမှန်အားဖြင့် သူ လုပ်နိုင်မည့်အရာမဟုတ်ပေ။

သို့သော် တာအိုခေါင်းလောင်းနှင့် ခေါင်းလောင်းသံစွမ်းအား၏ နတ်ဝိညာဉ်အားဖြည့်ပေးမှုကြောင့် သူ့နတ်ဘုရားအာရုံမှာ အကန့်အသတ်မရှိ ဖြန့်ကျက်သွားနိုင်တော့သည်။

ဤအခိုက်အတန့်တွင် အရှေ့အောင်ပွဲဂြိုဟ်တစ်ဂြိုဟ်လုံး၌ သူတစ်ယောက်တည်းသာ စိတ်ကြည်လင်နေသူဖြစ်သည်။ သက်ရှိသတ္တဝါအားလုံး ငေးကြောင်းနေပြီး ဖန်ရှုတောက်ပင်လျှင် မန်ဟို့အား ချုပ်မထားနိုင်တော့ပေ။ ထိုမျှသာမက မန်ဟိုသာ ဝေးသင့်သလောက် ဝေးဝေးပို့ပေးနိုင်သော နေရာရွှေ့ပြောင်းနည်းတစ်နည်းနည်းကိုသာ ကြံဆနိုင်လျှင် ဖန်ရှုတောက်အနေဖြင့် သူ့အား ခြေရာကောက်နိုင်တော့မည်မဟုတ်ပေ။

ခေါင်းလောင်းသံက နောက်ဆက်တွဲဖြစ်ပျက်မည့် သဲလွန်စအလုံးစုံကို ဖယ်ရှားပေးရင်း အရပ်လေးမျက်နှာတွင် ပဲ့တင်ထပ်နေသည်။

မန်ဟို့အတွက် ခေါင်းလောင်းသံမှာ အတိုင်းထက်အလွန် အကျိုးအမြတ်များ၏။ ဤကံကြမ္မာကောင်းက သူ့နတ်ဘုရားအာရုံအား အတော်လေးကျယ်ပြန့်သွားစေပြီး ကြားပင်မကြားဖူးသော အတိုင်းအတာသို့ ရောက်ရှိသွားစေသည်...

သူသည် ဆေးနတ်ဂိုဏ်းအပြင် သေမျိုးမြို့တော်များစွာကို မြင်လိုက်ရသည်။ မြစ်ချောင်းအင်းအိုင်တောင်တန်းများကို မြင်လိုက်ရသည်။ ဂြိုဟ်တစ်ဂြိုဟ်လုံးအပေါ်ရှိ ကျင့်ကြံသူအားလုံးကိုသာမက အပင်နှင့်အသီးအရွက်အလုံးစုံကိုလည်း မြင်လိုက်ရ၏။

သို့သော် သူ့နတ်ဘုရားအာရုံ အရှေ့အောင်ပွဲဂြိုဟ်တစ်လျှောက် ပျံ့နှံ့သွားသော အခိုက်အတန့်တွင် လူတိုင်း ငေးကြောင်နေစဉ် မန်ဟိုမှာ ရုတ်တရက် ပါးစပ်အဟောင်းသားဖြစ်သွားသည်။ သူ ယခုလေးတင် မြင်လိုက်ရသည်မှာ ... အရှေ့အောင်ပွဲဂြိုဟ်ပေါ်ရှိ ဖန်မျိုးနွယ်စုမှ သိပ်မဝေးသော ပင်လယ်တစ်စင်းဖြစ်သည်။ အဆိုပါပင်လယ်ထဲတွင် ကျွန်းတစ်ကျွန်းမျောနေ၏။ ထိုကျွန်းက လိပ်တစ်ကောင်နှင့် တိုက်တိုက်ဆိုင်ဆိုင် တူနေသည်။

သူ၏နတ်ဘုရားအာရုံ ၎င်းအား ကြည့်လိုက်သောအခိုက်အတန့်တွင် ကျွန်းသည် ရုတ်တရက် တုန်ရီသွားပြီး ဧရာမခေါင်းကြီးတစ်ခေါင်း ပေါ်လာသည်။

“သေစမ်း သောက်ကျိုးနည်း။ မန်ဟို ခွေးသူတောင်းစား။ မင်း မင်း မင်း ငါ ဒီကို လာတာ ငါ့ဆော်လေးကို ရှာဖို့ကွ။ မင်းကို စောင့်ဖို့မဟုတ်ဘူး ခွေးသူတောင်းစားလေးရဲ့။ ဒါတောင် မင်းက တကယ်ကြီး အဲဒီသောက်ခေါင်းလောင်းကို တီးပြီး ငါ့ကို ဖမ်းဖို့ ကြိုးစားတယ်လား” လိပ်ကြီးမှာ ဆဲရေးနေပြီး အခြားသူများ ငေးကြောင်၍ မလှုပ်နိုင်ဖြစ်နေစဉ် ၎င်းက ကုန်းမြေကြီးကို သယ်ရင်း ပင်လယ်ထဲမှ ကောင်းကင်သို့ ပျံတက်လိုက်သည်။

၎င်းကျောပေါ်ရှိ ကုန်းမြေကြီးမှာ ကျိုးပြည်မှတစ်ပါးအခြားမဟုတ်ပေ။ ၎င်းက အမှတ်တရများ ဖွားမြင်ခဲ့ရာ တာ့ချင်းတောင်ကို သယ်ဆောင်ထား၏။ ဂူယွီတင်းစန်းယွီလည်း ကျိုးပြည်တွင် မန်ဟို့ကို ကြည့်ရင်း ပါးစပ်ကလေးအုပ်ကာ ရယ်နေသည်။

“မှီခိုရာလိပ်အိုကြီး” မန်ဟိုမှာ တအံတဩ ငေးကြည့်နေသည်။ သူ့မှာ အရှေ့အောင်ပွဲဂြိုဟ်ပေါ်တွင် မှီခိုရာဂိုဏ်းချုပ်ကို ပြန်ဆုံတွေ့ရလိမ့်မည်ဟု တစ်ခါမှ မထင်ထားခဲ့ပေ။

***

All Chapters