← Chapters

အရှေ့အောင်ပွဲဂြိုလ်အပြင်အထိ လိုက်လာခြင်း

Vol. 73 Ch. 1017

အရှေ့အောင်ပွဲဂြိုလ်အပြင်အထိ လိုက်လာခြင်း

Vol. 73 Ch. 1017

"မင်း ဘာလုပ်ချင်တာတုန်း။ ဟေ့ကောင် မအေဘေး မင်း ဘာလိုချင်တာတုန်း" မှီခိုရာဂိုဏ်းချုပ်က အော်သည်။

"ငါ ဒီနေရာအထိ လာပုန်းတာတောင် မင်းက ငါ့ကို တွေ့တယ်ပေါ့လေ။ မင်း... မင်း " မှီခိုရာဂိုဏ်းချုပ်မှာ သူ့တစ်ဘ၀လုံးတွင် ၀မ်းနည်းခဲ့ဖူးသည်ထက် အကြီးအကျယ် ဝမ်းနည်းပက်လက် ဖြစ်နေတော့သည်။

သို့သော် သူက မြန်သည်။ သွက်သည်။ ချက်ချင်းပင် ကောင်းကင်သို့ ခုန်တက်လိုက်ရာ မျက်စိတစ်မှိတ်အတွင်း သူသည် ဂြိုလ်၏အပြင် ကြယ်တာရာကောင်းကင်သို့ အသည်းအသန် ပြေးနေလေပြီ။ သူ့တစ်ဘ၀လုံးတွင် မမြင်ချင်ဆုံးလူမှာ မန်ဟိုကလွဲ၍ တခြားမဟုတ်ပေ။

သူသည် တောင်ကောင်းကင်ဂြိုလ်မှာတုန်းက နဂါးငွေ့တန်းပင်လယ်တွင် မည်ကဲ့သို့ ပုန်းခဲ့ရသည်ကို တွေးလိုက်မိသည်။ နောက်ဆုံးတော့ သူ့မှာ အံတင်းတင်းကြိတ်၍ န၀မတောင်ကြယ်တာရာကောင်းကင်လမ်းကြောင်း၏ လမ်းတစ်၀က်အနားတွင်ရှိသော အရှေ့အောင်ပွဲဂြိုလ်၌ ပုန်းရန် တောင်ကောင်းကင်ဂြိုလ်ပေါ်မှ ထွက်ပြေးလာခဲ့လေသည်။ သို့သော် မန်ဟိုက သူ့ကို တွေ့ရှိသွားခဲ့၏။ မှီခိုရာဂိုဏ်းချုပ်၏နှလုံးသားမှာ ပူဆွေးသောကတို့ဖြင့် ပြည့်နှက်နေတော့သည်။

"လောကကြီးက အကြီးကြီးပါကွာ။ ဘယ်လိုလုပ်ပြီး ဒီခွေးသူတောင်းစားက ငါ့ကို ရှာတွေ့တာတုန်း" သူက အလင်းတန်းအသွင်ပြောင်းရင်း ဟိန်းဟောက်လိုက်သည်။

"မိစ္ဆာချုပ်နှောင်သူအဖွဲ့အကုန်လုံးက ခွေးသူတောင်းစားတွေ။ ခွေးသူတောင်းစားမိစ္ဆာချုပ်နှောင်သူတွေ။ ငါက အချုပ်အနှောင်ကင်းကင်းနဲ့ အေးအေးဆေးဆေး နေနိုင်ခဲ့သင့်တာ။ ဒါပေမယ့် ဆော်လေးတွေနဲ့ ကဲဖို့တောင် အချိန်မရဘူး။

"ဂိုဏ်းချုပ်က ရဲ့ရင့်ပြီး ရက်စက်တယ်။ န၀မတောင်ရဲ့ နံပါတ်တစ်အင်မော်တယ်လိပ်ကွ ခွေးသူတောင်းစားတွေ။ ငါက ဘယ်လိုလုပ်ပြီး အဲ့ဒီ့ ခွေးသူတောင်းစားလေးရဲ့ စီးတော်ယာဉ် အဖြစ်ခံနိုင်မှာတုန်း။ သောက်ကျိုးနည်းထဲမှ မဖြစ်နိုင်တာလေ

"မန်ဟို မင်း ခွေးသူတောင်းစားလေး ငါ တစ်နေ့ကျရင် မင်း ငါ့ကို ဘယ်တော့မှ ရှာမတွေ့နိုင်တဲ့နေရာမှာ သွားပုန်းမှာ" မှီခိုရာဂိုဏ်းချုပ်မှာ ဟိန်းဟောက်ရင်း အလွန်ုတုန်ရီနေသဖြင့် ကျိုးပြည်တစ်ပြည်လုံး ငလျင်လှုပ်နေတော့သည်။

စိတ်ထဲတွင် သူ့မှာ ဒီ့ထက်ပို၍ စိတ်ဓာတ်မကျနိုင်တော့နေပေ။ သူသည် မန်ဟို အင်မော်တယ်ဖြစ်လာခဲ့ကြောင်း သိသည့်အပြင် သူ အင်မော်တယ်အကြောအကုန်လုံးကို ဖွင့်သည့်မြင်ကွင်းကိုပင် ကြည့်ခဲ့ရသဖြင့် ၎င်းတို့အားလုံးက သူ့အား ကြောက်ဖျားဖျားသွားစေခဲ့သည်။

သို့သော် သူသည် အတန်ငယ် ကံကောင်းသည်ဟုလည်း ခံစားရ၏။ အရှေ့အောင်ပွဲဂြိုလ်မှာ အလွန်ကြီးမားလှသည့်အတွက် မန်ဟို သူ့အား ဘယ်တော့ရှာတွေ့နိုင်မည်မဟုတ်၊ သို့မဟုတ် ထိုခွေးသူတောင်းစားမန်ဟိုသည် သူ့ကို ဤနေရာတွင် ရှာရန် စဉ်းစားပင် စဉ်းစားမိလိမ့်မည်မဟုတ်ဟု ထင်ခဲ့လေသည်။ ယခုကဲ့သို့ တောက်ပသော မီးအိမ်တစ်လုံး၏ အောက်က အရိပ်သဖွယ် ပုန်းနေသကဲ့သို့ ခံစားချက်မျိုးက သူ့အား ဟုတ်လှပြီဟု ထင်နေခဲ့လေသည်။

သူ့မှာ အင်မတန်မှ သူ့ကိုယ်သူ ဘ၀င်ခိုက်နေခဲ့သည်။ အဖြစ်အပျက်တစ်ခုလုံးနှင့်ပက်သက်ပြီး ဂူယွီတင်းစန်းယွီကိုပင် မကြာခဏ ကြွားလုံးထုတ်တတ်၏။

သူ၏ အဆိုးတကာ့အဆိုးဆုံး အိမ်မက်များထဲတွင်တောင်မှ မန်ဟိုက ထိုသောက်ခေါင်းလောင်းကို တီး၍ နတ်ဘုရားအာရုံအကွာအဝေးကို ကြောက်စရာကောင်းလောက်အောင် တိုးချဲ့၍ အရှေ့အောင်ပွဲဂြိုလ်တစ်ဂြိုလ်လုံးကို ဖုံးလွှမ်းရင်း သူ့ကို ရှာတွေ့သွားလိမ့်မည်ဟု အိမ်မက်မမက်ခဲ့ဖူးပေ။

မန်ဟို၏ နတ်ဘုရားအာရုံ သူ့အပေါ်ရောက်ရှိလာသည်နှင့်တစ်ပြိုင်နက် သူ့မှာ အော်ဟစ်ငြီးတွားတော့သည်။

မန်ဟိုသည် မှီခိုရာဂိုဏ်းချုပ်ကိုကြည့်နေစဉ် မျက်လုံးများ တောက်ပလာ၏။ တာအိုခေါင်းလောင်း၏ လွှမ်းမိုးမှုအောက်တွင် သက်ရှိတခြားသက်ရှိသတ္တဝါအားလုံးမှာ တုန်လှုပ်နေသည့်အတွက် ယာယီအသိစိတ်မဲ့နေကြလေသည်။ ထိုမှီခိုရာလိပ်အိုကြီး မည်သည့်အတွက်ကြောင့် ထွက်ပြေးနိုင်ပြီး သက်ရောက်မှုနည်းနည်းလေးမှ မခံရသည်နှင့် ပက်သက်၍မူ သူ မသိပေ။

သို့သော် ထိုလိပ်အိုကြီးကား ကျိုးပြည်ကို ကျောပေါ်တင်၍ ယခင်အတိုင်း ရှိနေသည်။ မန်ဟို၏ မျက်လုံးများက ထခုန်မတက် ပျော်ရွှင်မှုတို့ဖြင့် တောက်ပလာ၏။

"အဲ့မှာ ရပ်လိုက်စမ်း လိပ်အိုကြီး" သူက ချက်ချင်း ပြောလိုက်သည်။

မှီခိုရာဂိုဏ်းချုပ်မှာ ထိုစကားလုံးများကို ကြားလိုက်လျှင်ချင်း ဖင်တုန်သွားပြီး အရှိန်တင်လိုက်တော့သည်။

မန်ဟိုက မှီခိုရာဂိုဏ်းချုပ်ကို ခြောက်လှန့်ရန် သူ၏ နောက်ထပ်စကားလုံးများကို သုံးလိုက်သည်။ "မှီခိုရာလိပ်အိုကြီး ခင်ဗျား ကျုပ်ကို ဒီတစ်ခေါက် ဖမ်းခွင့်ပေးရင် ထွက်ပြေးဖို့ မစဉ်းစားဘဲ နေလို့ရပြီ။ ကျုပ် ခင်ဗျားကို ရှာနိုင်တဲ့ မိစ္ဆာချုပ်နှောင်မန္တာန်သုံးနည်းကို ရှာတွေ့ပြီးသွားပြီ"

ခြိမ်းခြောက်မှုကို ယုတ္တိရှိစေရန်အလို့ငှာ မန်ဟိုက တည်ငြိမ်အေးဆေးနေပြီး မှီခိုရာဂိုဏ်းချုပ်ထွက်ပြေးသွားသည်ကို နည်းနည်းလေးမှ ဂရုမစိုက်ယောင်ဆောင်နေသည်။ တစ်ချိန်တည်းမှာပင် သူက ဘယ်လက်ကို မြှောက်လိုက်ရာ မိစ္ဆာချုပ်နှောင်မန္တန်လှိုင်းဂယက်များက သူ့လက်ဖဝါးထဲတွင် သေးငယ်သော အက်ကြောင်းလေးနှင့်အတူ ပေါ်လာသည်။

"ခင်ဗျား မလွတ်နိုင်ဘူး"သူက ယုံကြည်ချက်အပြည့်အ၀ရှိနေသော အမူအရာဖြင့် တည်ငြိမ်စွာ ပြောလိုက်သည်။ အပြင်မှ ကြည့်ရလျှင် သူ့လက်ချောင်းလေး ဝှေ့ယမ်းလိုက်ရုံနှင့် မှီခိုရာဂိုဏ်းချုပ်ထဲရှိ ချိပ်တံဆိပ်မှာ အသက်၀င်သွားမည့်အလားပင်။

သူ၏ ယုံကြည်ချက်နှင့် တည်ငြိမ်နေမှုက မှီခိုရာဂိုဏ်းချုပ်၏ မျက်လုံးများကို ပြူးကျယ်သွားစေပြီး စိတ်နှလုံး ချာချာလည်သွားစေသည်။ သူ့မှာ မန်ဟို ဟန်တောင်နေခြင်း ဟန်ဆောင်နေခြင်းဟုတ်မဟုတ် မပြောနိုင်သဖြင့် ပျာယာခတ်နေတော့သည်။ သို့သော် မိစ္ဆာချုပ်နှောင်ထံမှ ရှရှိနေသော ခံစားချက်မှာ သူ တစ်ခါမှ မခံစားခဲ့ရဖူးသောအရာနှင့် တူနေရာ သု့အား အတိုင်းထက်အလွန် ထိတ်လန့်တုန်လှုပ်နေစေတော့သည်။

"မဖြစ်နိုင်ဘူး။ အဲ့ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ" မှီခိုရာဂိုဏ်းချုပ်က တုန်ရီနေလျက် တွေးလိုက်သည်။ ထို့နောက် သူသည် မန်ဟို အင်မော်တယ်နယ်ပယ်သို့ ၀င်ရောက်ရန် အင်မော်တယ်အကြောများ ဖွင့်ခဲ့သည့် ကြောက်မက်ဖွယ်မြင်ကွင်းကို ပြန်မြင်ယောင်ပြီး ရုတ်တရက် မဖြစ်နိုင်သည့်အရာမဟုတ်ကြောင်း သဘောပေါက်လိုက်၏။ သို့သော်လည်း ….

"ငါ အရှုံးမပေးဘူး" သူက စိတ်ထဲတွင် ဟိန်းဟောက်လိုက်သည်။ "လုံး၀ပဲ။ အကုန်လုံးကို စွန့်စားမယ်။ ငါ ဒီကနေ ထွက်သွားမယ်"

မျက်စိတစ်မှိတ်အတွင်း သူက ဂြိုလ်၏အပြင် ကြယ်တာရာကောင်းကင်ထဲသို့ ရောက်ရှိသွားလေပြီ။ သူ့မှာ မန်ဟို နောက်မှ လိုက်လာမည်ကို ကြောက်သဖြင့် အံတင်းတင်းကြိတ်ပြီး ကျိန်ဆဲနေတော့သည်။

ထို့နောက် ဂျိန်းခနဲ အသံကြားလိုက်ပြီး သူ့အရှေ့၌ တောက်ပနေသော အလင်းရောင်အား မြင်လိုက်ရသည်။ မရေမတွက်နိုင်သော အလင်းမှုန်များက တဝဲဝဲလည်နေပြီး ဧရာမနေရာရွေ့ပြောင်းခြင်းမုခ်၀တစ်ခုကို ဖန်တီးလိုက်သည်။

နေရာရွေ့ပြောင်းခြင်းမုခ်၀ကို ဖန်တီးရန်အတွက် မှီခိုရာဂိုဏ်းချုပ်မှာ ရေတံခွန်သဖွယ် ဝေါခနဲ ထွက်လာသော သွေးတို့ကိုပင် ထွေးထုတ်လိုက်ရသည်။ သွေးတို့က နေရာရွေ့ပြောင်းခြင်းမုခ်၀ထံသို့ ပြေး၀င်သွားပြီးနောက် ၎င်းအား နီစွေးသွားစေ၏။

"ခွေးသူတောင်းစားလေး ဘယ်တော့မှ မတွေ့ဘူးဟေး" သူက ဟိန်းဟောက်လိုက်သည်။ ထို့နောက် သူ၏ခန္ဓာကိုယ်က ရိပ်ခနဲ နေရာရွေ့ပြောင်းခြင်းမုခ်၀ထဲသို့ ၀င်ရောက်သွားသည်။

မန်ဟိုက သွေးရောင်မုခ်၀ကိုကြည့်၍ မျက်လုံးများ တောက်ပသွားပြီး စိတ်ထဲတွင် ကြိတ်ပျော်နေလေသည်။

ယခုတွင် တာအိုခေါင်းလောင်း၏စွမ်းအားမှာ အားနည်းလာနေပြီး ကြောင်တောင်တောင်ဖြစ်နေသော ကျင့်ကြံသူများလည်း အချိန်မရွေး အသိစိတ်ပြန်၀င်ပေတော့မည်။

"မှီခိုရာဂိုဏ်းချုပ်လည်းပဲ ငါ့ရဲ့ ကံကောင်းတဲ့ ကြယ်ကလေးပဲ" သူက အသက်ပြင်းပြင်းတစ်ချက် ရှုသွင်း၍ တွေးလိုက်သည်။ မှီခိုရာဂိုဏ်းချုပ်က နေရာရွေ့ပြောင်းခြင်းမုခ်ဝထဲသို့ ၀င်ရောက်တော့မည့်အချိန်မှာပင် မန်ဟို့မျက်လုံးထဲရှိ ကြယ်ကျောက်ခဲက လင်းခနဲ တောက်ပသွားသည်။

အတွေးတစ်ချက် ကြယ်တာရာအသွင်ပြောင်းခြင်းသည် ပထမမျိုးဆက်ခေါင်းဆောင်ကြီး၏ အစွမ်းထက်ဆုံး မှော်ကျင့်စဉ်ဖြစ်၏။ လူတစ်ယောက်အား ဂြိုလ်ယောင် ဖန်တီးစေနိုင်သည့်အပြင် ၎င်းတွင် နေရာရွေ့ပြောင်းခြင်း မှော်အစွမ်းတစ်မျိုးလည်း ပါရှိ၏။ ထိုမှော်အစွမ်းက ကြယ်တာရာနေရာရွေ့ပြောင်းခြင်းဟု လူသိများလေသည်။

အင်မော်တယ်အဆင့်သို့ မတက်လှမ်းခင်တုန်းက မန်ဟိုမှာ ၎င်းကို အသုံးမပြုနိုင်ခဲ့ပေ။ ယခုတွင် သူသည် အင်မော်တယ်နယ်ပယ်ပါရာဂွန် ဖြစ်နေပြီဖြစ်၍ ၎င်း၏ အသုံး၀င်မှုကို အတန်ငယ်ဖိအားပေးနိုင်၏။ သူ၏ အကြံအစည်က ဖန်ရှုတောက် တာအိုခေါင်းလောင်းကြောင့် ကြောင်တိကြောင်တောင်ဖြစ်နေသည့် အချိန်ကောင်းကို စောင့်ရန်ဖြစ်သည်။ ထို့နောက် ဖန်ရှုတောက်အနေဖြင့် မန်ဟို့ကို မချုပ်နိုင်တော့ဘဲ မန်ဟို့အား နေရာရွေ့ပြောင်းခြင်းအခွင့်အရေးပေးနိုင်မည်။ ယင်းက ဖန်ရှုတောက်အား သူ့ကို ခြေရာခံမရနိုင်အောင်လည်း ဖြစ်စေလိမ့်မည်။

ကံဆိုးစွာနှင့် ဖန်ရှုတောက်သည် တာအိုနယ်ပယ်ပညာရှင်တစ်ဦးဖြစ်၏။ မန်ဟိုမှာ သူ့အကြံအစည်က သူ့အား အရှေ့အောင်ပွဲဂြိုလ်မှ ထွက်ပြေးနိုင်ခွင့်ပေးလိမ့်မည်ဟု ယုံကြည်ချက်ရှိသော်လည်း ဖန်ရှုတောက်အား ရေရှည်ရှောင်တိမ်းနေရန်နှင့်ပက်သက်၍မူ ယုံကြည်ချက်သိပ်မရှိပေ။

နောက်ဆုံးအကြံအစည်က သူ ပြေးနိုင်သမျှ အမြန်ဆုံးပြေးပြီးနောက် န၀မပင်လယ်နတ်လောကထံသို့ သွားပြီး ဂိုဏ်းသားအဖြစ် ခံယူရန်ဖြစ်သည်။

သူ၏အကြံအစည်တွင် ဟာကွက်တစ်ချို့ရှိသော်လည်း သူ့မှာ ၎င်းအား ကြိုးစားရုံကြည့်မှတစ်ပါး အခြားမရှိပေ။

သို့သော် မှီခိုရာဂိုဏ်းချုပ်ကို မြင်ပြီးနောက် သူ့မှာ ထခုန်မတက် ပျော်ရွှင်သွားတော့သည်။ မှီခိုရာဂိုဏ်းချုပ် မည်မျှ မယုံကြည်နိုင်ဖွယ်ကောင်းကြောင်း သူခံစားရ၏။ လိပ်အိုကြီးက တာအိုခေါင်းလောင်း၏ လွှမ်းမိုးမှုအောက်တွင်ပင် ရွေ့လျားနိုင်သေးသည်ကို ထည့်တွက်လျှင် သူက သေချာပေါက် အားမနည်းသည့်အပြင် ထွက်ပြေးနိုင်သည့် နည်းလမ်းပေါင်းများစွာ ရှိပေလိမ့်မည်။

ထို့ကြောင့် မန်ဟိုသည် သူ့ကို ခြောက်လှန့်ရန်နှင့် ခြိမ်းခြောက်ရန် စကားလုံးများကို အသုံးပြုခဲ့ခြင်းဖြစ်သည်။ အပြစ်ကင်းစင်သော မှီခိုရာဂိုဏ်းချုပ်ခမျာ အလွန်တရာ ကြောက်ရွံ့သွားသဖြင့် သူ၏ မြန်နှုန်းမြင့် နေရာရွေ့ပြောင်းခြင်းမုခ်၀တစ်ခုကို ဖွင့်ရန်ပင် သွေးအများကြီး ထွေးထုတ်ခဲ့လေသည်။

မန်ဟိုသည် တစ်ချက်လေးကြည့်ရုံနှင့် ထိုနေရာရွေ့ပြောင်းမုခ်၀က အားကောင်းပြီး သူ၏ ကြယ်တာရာနေရာရွေ့ပြောင်းခြင်းမုခ်၀ ပို့ဆောင်ပေးနိုင်သည်ပ အကွာအဝေးထက် ဝေးကွာသော အကွာအဝေးတစ်ခုကို ပို့ဆောင်ပေးနိုင်ကြောင်း မန်ဟို ပြောနိုင်သွား၏။

မှီခိုရာဂိုဏ်းချုပ် သွေးရောင်နေရာရွေ့ပြောင်းမုခ်ဝအတွင်းသို့ ၀င်ရောက်တော့မည့်အခိုက်အတန့်မှာပင် တလက်လက် တောက်ပနေသော အလင်းရောင်က သူကို ဖုံးလွှမ်းသွားပြီး သူ့အား နေရာရွေ့ပြောင်းပေးတော့သည်။ ထိုအခိုက်အတန့်တွင် ကြယ်တာရာကောင်းကင်အလင်းရောင်က မန်ဟို့ကို လွှမ်းခြုံသွား၏။ ထို့နောက် ဘုန်းခနဲ သူက တိုက်ရိုက်ပေါက်ကွဲသွားလေသည်။

မထင်မှတ်ဖွယ်ကောင်းစွာနှင့် သူ့ခန္ဓာကိုၑယ်က အလင်းမှုန်များစွာအသွင်ပြောင်းပြီးနောက် တာအိုခေါင်းလောင်းထံမှ မယုံကြည်နိုင်ဖွယ်ရာ အမြန်နှုန်းဖြင့် ထွက်ပြေးသွား၏။ အလင်းမှုန်တို့ ပြန်ပေါ်လာသောအခါ ၎င်းတို့က မှီခိုရာဂိုဏ်းချုပ်၏ သွေးရောင်နေရာရွေ့ပြောင်းခြင်းမုခ်၀၏ ဘေးတည့်တည့်ရှိ ကြယ်တာရာကောင်းကင်ထဲတွင် ရောက်နေလေပြီ။

အလင်းမှုန်များက မျက်နှာဖြူဖတ်ဖြူရော်နှင့် ကျင့်ကြံခြင်းအခြေခံတုန်ရီနေသော မန်ဟိုအဖြစ် လျင်မြန်စွာ ပြောင်းလဲသွားကြသည်။ သူပြန်ပေါ်လာသည့်အခိုက်အတန့်တွင် နေရာရွေ့ပြောင်းခြင်းမုခ်၀က သွေးရောင်ပန်းပွင့်ကြီးတစ်ခုအဖြစ် ဖူးပွင့်ကာ ပျောက်ကွယ်သွား၏။

ထိုစဉ် တာအိုခေါင်းလောင်း၏ သက်ရောက်မှုများက လူတိုင်းအပေါ်မှ ဖယ်ခွာနေလေပြီ။ ဖန်ရှုတောက်က ပထမဆုံး စိတ်နှင့်ကိုယ်ကပ်သွားပြီး ထိုသို့ စိတ်နှင့်ကိုယ်ကပ်သွားသည့် အခိုက်အတန့်တွင် သူသည် မန်ဟို တာအိုခေါင်းလောင်း၏ဘေးတွင် မရှိတော့ကြောင်း သတိထားမိသဖြင့် မျက်စိမျက်နှာပျက်သွားတော့သည်။

"မကောင်းတော့ဘူး" သူက ပြောရင်း ရိပ်ခနဲ ကြယ်တာရာကောင်းကင်ထဲတွင် ပေါ်လာသည်။ သူက နတ်ဘုရားအာရုံကို အရပ်လေးမျက်နှာသို့ ဖြန့်ကျက်၍ အရှေ့အောင်ပွဲဂြိုလ်တစ်ဂြိုလ်လုံးကို ဖုံးလွှမ်းစေရင်း မန်ဟို့ကို လျင်မြန်စွာ ရှာတေ့ာသည်။ ထို့နောက် သူ၏ နတ်ဘုရားအာရုံကို ကြယ်တာရာကောင်းကင်ကို ဖြန့်ကျက်လိုက်သည့်အခါ စောစောလေးက ပျောက်ကွယ်သွားခဲ့သော သွေးရောင်နေရာရွေ့ပြောင်းခြင်းမုခ်၀၏တည်နေရာကို လှမ်းမြင်လိုက်သဖြင့် သူ၏ မျက်နှာမှာ လွန်စွာ တင်းမာသွားတော့သည်။

"မသာကောင်လေး" သူက အံတင်းတင်းကြိတ်၍ ပြောလိုက်သည်။ သူ့မှာ ရယ်ရခက် ငိုရခက် ဖြစ်နေတော့သည်။ သူက ခါးသီးစွာ ရယ်လိုက်ပြီးနောက် မန်ဟို မည်သည့်အတွက်ကြောင့် ရှေးဟောင်းမှတ်တမ်းများကို မွေနှောက်နေသည်လဲ သဘောပေါက်လိုက်၏။

ဖန်ရှုတောက်၏ဘေးတွင် အလင်းရောင် ဖြတ်ခနဲလက်သွားပြီး ဖန်ယန်ရှီ ပေါ်လာသည်။ သူလည်း သွေးရောင်နေရာရွေ့ပြောင်းခြင်းမုခ်၀ တည်ရှိနေခဲ့သော နေရာကို ကြည့်လိုက်၏။ သူက တခဏကြာ တိတ်ဆိတ်နေပြီးနောက် တဟားဟား မရယ်ဘဲ မနေနိုင်တော့ပေ။ ထို့နောက် သူက ခေါင်းခါလိုက်သည်။

"ဒီကောင်လေးက လက်ထပ်ပွဲကနေ ထွက်ပြေးဖို့အတွက်လေးနဲ့ ဒီအစီအစဉ်တစ်ခုလုံးကို အကွက်ချနေခဲ့တာပဲ" သူက ပြုံးလိုက်သည်။ "တော်တယ် မန်ဟို"

"အဲ့ဒီမသာကောင်လေးက တစ်လလုံး ရှေးဟောင်းမှတ်တမ်းတွေကို မွေနှောက်နေခဲ့တာလေ။ အခု ငါ တွေးကြည့်မှပဲ သူက တာအိုခေါင်းလောင်းနဲ့ ပက်သက်တဲ့ အချက်အလက်တွေကို စုဆောင်းနိုင်ခဲ့တာဖြစ်မယ်"

ဖန်ယန်ရှီက မလေးစားဘဲ မနေနိုင်တော့ပေ။ "ရှေးဟောင်းမှတ်တမ်းထဲက သဲလွန်စတွေကို ရှာတွေ့နိုင်ရုံတင်မကဘူး။ အတူတကွ ဆက်စပ်စဉ်းစားပြီး အခုလိုမျိုး အကွက်ချနိုင်တာက မန်ဟိုက တကယ်ကို လက်ဖျားခါလောက်တယ်ဆိုတာ သက်သေပြနေတာပဲ"

"မင်းက သူ့ကို ချီးတောင်ချီးကျူးနေတာလား" ဖန်ရှုတောက်က ပြောသည်။ "အဲ့ဒီမသာလေးက ဘာဆေးမှ မဖော်စပ်ခဲ့ဖူးလေ။ အဲ့ဒါအကုန်လုံးက ဟန်ပြထားတာကွ။ သူ့ရဲ့ တစ်ခုတည်းသော ပန်းတိုင်က တာအိုခေါင်းလောင်းကို တီးနိုင်အောင် ဆေးဝါးတာအိုသခင်ဖြစ်လာဖို့လေးပဲ။ ငါတို့ စိတ်နဲ့ကိုယ်မကပ်တော့တာနဲ့၊ သူ့ရဲ့ လှုပ်ရှားမှုတွေကို မချုပ်နှောင်တော့တာနဲ့ သူ့မှာ လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်တဲ့ အခိုက်အတန့်ရှိသွားပြီလေ

"သူ ဘယ်လိုနည်းနဲ့ နေရာရွေ့ပြောင်းသွားနိုင်လဲ မသိပေမယ့် ဒီကြယ်အလင်း အကြွင်းအကျန်တွေအက အတွေးတစ်ချက် ကြယ်တာရာအသွင်ပြောင်းခြင်းမှာ ငါတို့မသိထားတဲ့ နေရာရွေ့ပြောင်းခြင်းမှော်အစွမ်းတစ်ချို့ ရှိနေတယ်ဆိုတာ သိသာတယ်

"သူ လွတ်သွားတာက ငါတို့အတွက် ခေါင်းကိုက်စရာဖြစ်ကောင်းဖြစ်လိမ့်ပေမယ့် အရေးကြီးဆုံးအရာက လီမျိုးနွယ်စုရဲ့ သဘောတူညီမှုပဲ။ တစ်လကျန်သေးတယ်ဆိုတော့ အဲ့ဒီလီမိန်းကလေးနဲ့ လက်ထပ်ဖို့ တစ်လလိုသေးတယ်" ဖန်ရှုတောက်က ခါးသီးစွာ ပြုံးလိုက်သည်။

"တော်ပါတော့။ အစ်ကိုရှုတောက်ရယ်။ န၀မတောင်ပင်လယ်ရဲ့ ဂျူနီယာမျိုးဆက်တွေထဲမှာ ဘယ်သူကများ ငါတို့မျက်စိရှေ့မှာတင် သူ့လိုမျိုး ထွက်ပြေးသွားနိုင်မှာတုန်း

"အခုထွက်သွားပြီဆိုတော့ ဒီတိုင်းထားလိုက်ပါလား" ဖန်ယန်ရှီက တဟားဟားရယ်ရင်း ခေါင်းရှုပ်နေသော ဖန်ရှုတောက်ကို အရှေ့အောင်ပွဲဂြိုလ်ပေါ်သို့ ပြန်ပို့လိုက်သည်။

အရှေ့အောင်ပွဲဂြိုလ်မှာ ပုံမှန်အတိုင်းပြန်ဖြစ်သွား၏။ မန်ဟိုနှင့်ပက်သက်၍ ဖြစ်သွားခဲ့သောအရာကို သိသူမရှိသလောက်ရှားပြီး သိသည့်သူများကလည်း သတင်းမဖြန့်ကြပေ။

လူအများသိထားသည်အရ ဆေးဝါးတာအိုသခင်ဖြစ်လာပြီးနောက် မန်ဟိုသည် ဆေးလုံးများ ဖော်စပ်ရန် တံခါးပိတ်ကျင့်ကြံခြင်းသို့ ၀င်ရောက်သွားခဲ့သည်ဟူ၍။

သို့သော် မန်ဟို ထွက်ပြေးသွားခဲ့ကြောင်းကို ခန့်မှန်းထားသည့်သူများ ရှိလေသည်။ ထိုလူများအနက်မှတစ်ယောက်မှာ လောလောဆယ်တွင် ဘိုးဘေးစံအိမ်အပေါ်ထပ်ရှိ ကောင်းကင်ကြီးအား လေးနက်စွာကြည့်ရင်း ‌တင်ပျဉ်ခွေထိုင်နေသော ဖန်ဝေဖြစ်သည်။

"မင်း အခုဆို ထွက်သွားလောက်ပြီပေါ့" ဖန်ဝေ့တွင် မန်ဟိုနှင့်ပက်သက်၍ ရှုပ်ထွေးသော ခံစားချက်များရှိ၏။ သို့သော် သူသည် သူ၏တာ၀န်ကို ဘယ်တော့မှ မေ့မည်မဟုတ်ပေ။ သူက ဖန်မျိုးနွယ်စု၏ဒိုင်းဖြစ်ပြီး သူ၏တာ၀န်က အလုပ်ကို အရိပ်ထဲ၌ ကာကွယ်နေရန်ဖြစ်သည်။

အတန်ကြာသော် ဖန်ဝေက မျက်လုံးများပိတ်လိုက်သည်။ သူက သူ၏အတိတ်ကို မေ့ဖျောက်ထားခဲ့လေပြီ။ သေဆုံးပြီး အသက်ပြန်သွင်းခံရပြီးနောက် သူ့ကိုယ်သူ ပြောခဲ့သည်။ သူက ဖန်မျိုးနွယ်စု၏ ရွေးချယ်ခံမဟုတ်တော့ပေ။

ဘိုးဘေးစံအိမ်ထဲတွင် မဟာအကြီးအကဲသည် ပုန်ကန်မှုအတွက်နှင့် အခြား‌ရေးရာကိစ္စများအပေါ် ကိုင်တွယ်မှုညံ့ဖျင်းမှုနှင့်ပက်သက်၍ တာ၀န်ရှိ၏။ သူ၏ပြစ်ဒဏ်က နှစ်တစ်ရာ တံခါးပိတ်ကျင့်ကြံရန်ဖြစ်သည်။ သူ့မှာ ထွက်လာခွင့်မရှိဘဲ ကျောက်လိုဏ်ဂူထဲတွင်သာ တင်ပျဉ်ခွေထိုင်နေရ၏။ သူသည် မန်ဟို ထွက်ပြေးသွားပြီဖြစ်ကြောင်း မသ်ိသည့်တိုင် မန်ဟို့ပုံရိပ်က သူ့နှလုံးသားထဲတွင် ဆက်လက်တည်ရှိနေလေသည်။ ရံဖန်ရံခါ သူ့အကြောင်းတွေးပြီး သက်ပြင်းချတတ်သည်။

ကျောက်စစ်သည်တော်ကြီးက ဘိုးဘေးမြေထဲတွင် တိတ်ဆိတ်စွာ ရပ်မြဲရပ်နေသည်။ မန်ဟို ထွက်သွား‌သောအခိုက်အတန့်တွင် ၎င်းက ရုတ်တရက် ခေါင်းမော့ပြီး တစ်စုံတစ်ခုကို စောင့်စားနေသည့်အလား ကောင်းကင်ကြီးကို မော့ကြည့်လိုက်သည်။

၎င်းက မန်ဟို ကတိပေးထားသည့်အတိုင်း ၎င်းကို တစ်နေ့ ဤနေရာမှ ခေါ်သွားမည်ကို စောင့်ဆိုင်းနေလေသည်။

မန်ဟိုက ဤနေရာမှ ထွက်သွားပြီဖြစ်သော်လည်း သူ အရှေ့အောင်ပွဲဂြိုလ်ကို ရောက်ရှိကတည်းက သူသည် ဒဏ္ဍာရီများစွာနှင့် ရာဇ၀င်များစွာကို ရေးထိုးခဲ့၏။

သူရောက်လာတုန်းက ဘယ်သူမှ သတိမထားမိကြပေ။ သို့သော် သူထွက်လာသောအခါ …. သူက မျိုးနွယ်စု၏ အိမ်‌ရှေ့မင်းသားဖြစ်နေလေပြီ။

***

All Chapters