မှီခိုရာလိပ်အိုကြီးကို ကိုင်တွယ်ခြင်း
Vol. 73 Ch. 1018
နဝမတောင်ပင်လယ်။ ကြယ်တာရာကောင်းကင်တစ်နေရာ
အရှေ့အောင်ပွဲဂြိုဟ်မှ အလွန့်အလွန်ဝေးကွာသောနေရာတွင် နဝမပင်လယ်နှင့်အလွန်နီးသော နေရာတစ်နေရာရှိသည်။ သင်သာ ကြယ်တာရာကောင်းကင်အတွင်းရှိ ဤနေရာမှနေ၍ အဝေးကို ကြည့်လျှင် နဝမပင်လယ်နှင့် ရှင်းလင်းနေသောကောင်းကင်အကြား၌ မှုန်မှုန်မည်းမည်းအပျက်အစီးတန်းတစ်တန်းကို မြင်ရလိမ့်မည်။
ထိုအပျက်အစီးများကို ဖြတ်သွားလျှင် နဝမပင်လယ်သို့ ရောက်နိုင်သည်။ သို့သော် ၎င်းကို ဖြတ်သွားပါက အလွန့်အလွန် ကြာပေလိမ့်မည်။
ထိုမှုန်မှုန်မည်းမည်းအပျက်အစီးများမှာ …. လျှို့ဝှက်ဆန်းကြယ်သော အင်မော်တယ်အပျက်အစီးများမှတစ်ပါး အခြားမဟုတ်ပေ။
ဤအခိုက်အတန့်တွင် သွေးရောင်အလင်းက အင်မော်တယ်အပျက်အစီးများနယ်၏အထက်တွင် တောက်ပလာသည်။ မျက်စိတစ်မှိတ်အတွင်း မှီခိုရာဂိုဏ်းချုပ်၏ ကြီးမားသောကိုယ်လုံးကြီးက ရုတ်တရက် ပျံထွက်လာ၏။
“ဟားဟားဟား မန်ဟို ခွေးသူတောင်းစားလေး။ လာစမ်းပါ။ မင်း ငါ့ကို ဒီနေရာမှာ ရှာနိုင်မယ်ထင်လား ဟမ်” မှီခိုရာဂိုဏ်းချုပ်မှာ ဝမ်းသာပီတိဂွမ်းဆီထိလျက် ပျံထွက်လာသည်။
“ငါ ဂိုဏ်းချုပ် မင်းနဲ့ အရှေ့အောင်ပွဲဂြိုဟ်ပေါ်မှာ ပက်ပင်းတိုးခဲ့တာ ကံဆိုးတာပဲ။ ဒါပေမယ့် ဒီတစ်ခါတော့ ငါ အင်မော်တယ်အပျက်အစီးတွေထဲမှာ ပုန်းရမယ်။ မင်း ဒီနေရာမှာတော့ ငါ့ကို ခြေရာမခံနိုင်ပါဘူးကွာ
“ဟားဟားဟား အဆုံးသတ်ကျတော့ ငါ ဂိုဏ်းချုပ်က အတော်ဆုံးဖြစ်နေတာကိုး။ နဝမတောင်ပင်လယ်တစ်ခုလုံးမှာ ငါ့လို ဖြတ်ထိုးဉာဏ်ကောင်းတဲ့လူ တစ်ယောက်မှ မရှိဘူး” မှီခိုရာဂိုဏ်းချုပ်သည် သူ့ကိုယ်သူ အင်မတန် သဘောကျနေရင်း ခေါင်းနောက်လှန်၍ ဟိန်းဟောက်ပြီးနောက် အင်မော်တယ်အပျက်အစီးများနယ်ကို ဖြတ်၍ပျံသန်းလိုက်သည်။ သို့သော် ဤအခိုက်အတန့်တွင် သူ့အနောက်မှ တစ်ယောက်ယောက် စကားပြောနေသည်ကို ကြားလိုက်ရ၏။
“နားထောင် လိပ်အိုကြီး” အသံက ပျင်းရိပျင်းတွဲပြောသည်။ “ဖြတ်ထိုးဉာဏ်ကောင်းတယ်ဆိုတဲ့အသုံးကလေ သူများတွေ ခင်ဗျားအကြောင်း ပြောတာကို စောင့်သင့်တာ။ ခင်ဗျားကို ခင်ဗျား ကိုယ်ရည်သွေးဖို့ သုံးလို့မရဘူး”
အသံထွက်လာလျှင်ချင်း မှီခိုရာဂိုဏ်းချုပ်တစ်ကိုယ်လုံး တုန်ရီသွားသည်။ သူ၏ဧရာမခေါင်းကြီးက ဖြေးဖြေးချင်း လှည့်လာပြီး သူ့အနောက်ကို ကြည့်လိုက်သောအချိန်တွင် သူ့မျက်လုံးများမှာ အံ့ဩမယုံကြည်နိုင်မှုတို့ဖြင့် ပြူးကျယ်သွားသည်။ သူ့မှာ သူ့ကို တောက်ပစွာ ပြုံးပြရင်း မန်ဟို သူ့အမြီးတွင် ထိုင်နေသည်ကို ကြောင်၍မကြည့်မိဘဲ မနေပေ။
“မင်း….” မှီခိုရာဂိုဏ်းချုပ်မှာ ပါးစပ်ကြီးဟနေသည်။ သူ ထွက်ပြေးလိုက်သည့်အခိုက်အတန့်တုန်းက မန်ဟိုကား အရှေ့အောင်ပွဲဂြိုဟ်တွင် ကျန်ရစ်ခဲ့သင့်သည်မဟုတ်ပါလော။ သို့သော် ယခုမူ … ထိုခွေးသူတောင်းစားက တစ်နည်းနည်းနှင့် သူနှင့်အတူ နေရာရွှေ့ပြောင်းလာခဲ့လေပြီ။
မှီခိုရာဂိုဏ်းချုပ် ဖြစ်ပျက်သွားသောအရာကို သတိမထားမိလောက်အောင် ပျာယာခတ်နေခဲ့သည်ကို အပြစ်မတင်သင့်ပေ။ မန်ဟို၏ အတွေးတစ်ချက်ကြယ်တာရာအသွင်ပြောင်းခြင်းနှင့် ကြယ်တာရာနေရာရွှေ့ပြောင်းခြင်းမှာ အတိုင်းထက်အလွန် ဆန်းကြယ်သည်။ သူ နေရာရွှေ့ပြောင်းခြင်းမုခ်ဝသို့ ကြက်ကန်းဆန်အိုးတိုး၍ ရောက်လာနိုင်ခဲ့ခြင်းက မှီခိုရာဂိုဏ်းချုပ် ဖြစ်နိုင်ခြေကို မစဉ်းစားခဲ့မိသောအရာပင်။
ထွက်လာပြီးနောက် သူ့မှာ အရှေ့တည့်တည့်ကို အာရုံစိုက်ခဲ့ပြီး မန်ဟို့အား ထပ်မံရှောင်နိုင်ခဲ့သည့်အပေါ် အလွန်စိတ်လှုပ်ရှားလွန်းနေသဖြင့် တစ်ချိန်ချိန်တွင် သူ့အမြီး၌ ထိုကြောက်စရာကောင်းသောလူသား ပေါ်လာခဲ့သည်ကို သတိမထားမိခဲ့ပေ။
“ဟေး လိပ်အိုကြီး မတွေ့ရတာကြာပြီနော်” မန်ဟိုက ရှက်ကိုးရှက်ကန်းပြုံးရင်း မှီခိုရာဂိုဏ်းချုပ်ကို လက်ပြရင်း ပြောသည်။ သူ ပျော်ရွှင်ရယ်မောနေသောပုံစံအရ သူသည် မိတ်ဆွေဟောင်းတစ်ဦးနှင့် မထင်မှတ်ဘဲ တွေ့လိုက်ရသည့်အလားပင်။ သူ၏ပုံပန်းသွင်ပြင်သည် ဖော်ရွေနေ၏။
တခဏကြောင်ကြည့်နေပြီးနောက် မှီခိုရာဂိုဏ်းချုပ်မှာ ခေါင်းနောက်လှန်၍ ရူးတော့မည့်အလား ဟိန်းဟောက်လိုက်သည်။ သူ့ကျောပေါ်ရှိ ကျိုးပြည်တစ်ပြည်လုံး ငလျင်လှုပ်သွားသည်။
“မန်ဟို မင်း လွန်လွန်းသွားပြီ။ ငါ သည်းမခံနိုင်တော့ဘူး
“ငါ့မှာ မင်းဆီက ထွက်ပြေးရတာ အကြိမ်ပေါင်းမနည်းတော့ဘူးကွ။ မင်းနဲ့ သောက်ကျိုးနည်းမိစ္ဆာချုပ်နှောင်သူအဖွဲ့။ သေစမ်း မန်ဟို ခွေးသူတောင်းစားလေး။ မင်း … မင်း လွန်လွန်းသွားပြီကွ
“ငါ မင်းကို စားပစ်မယ်” မှီခိုရာဂိုဏ်းချုပ်မှာ ရူးပေတော့မည်။ သူ့ရင်ထဲတွင်လည်း ပူဆွေးသောကတို့ ဆူဝေနေသည်။ ဒေါသလည်း ထွက်နေသည်။ မန်ဟို့ထက်ပို၍ သူ မမြင်ချင်သောသူ မရှိသည့်အပြင် ယခု ဝမ်းသာအားရ ဖြစ်နေရုံရှိသေး၊ မန်ဟိုကား သူ့အပေါ်တွင် ပေါ်လာခဲ့လေပြီ။ ယခုမှ မရူးလျှင် မည်သည့်အချိန် ရူးတော့မည်နည်း။
သူ့မှာ ထိုအကြောင်းတွေးလေလေ၊ မတရားသလို ခံစားရလေလေပင်။ အမှန်တွင် သူသည် သက်ရှိသတ္တဝါအားလုံးတွင် သူ့ကိုယ်သူ သနားစရာအကောင်းဆုံးဟု ခံစားနေရတော့၏။
သူက ဟိန်းဟောက်ရင်း ပါးစပ်ကြီးကို ဟကာ မန်ဟို့ကို တစ်ကိုက်တည်း စားပစ်ရန် ရည်ရွယ်ရင်း လှမ်းဟပ်လိုက်သည်။
သို့သော် သူ့ပါးစပ် အနားရောက်လာသည့်အချိန်မှာပင် မန်ဟိုက ချောင်းဟန့်၍ ညာလက်ကို သူ့အရှေ့တွင် မြှောက်လိုက်သည်။
“လုပ်ပါဦး ဂိုဏ်းချုပ်ရာ သခင်လေး ဟော့ဒီနားက ယားနေလို့ ကုတ်ပေးပါဦး”
မှီခိုရာဂိုဏ်းချုပ်တစ်ကိုယ်လုံး တုန်ရီသွားပြီး သူ့ဧရာမခေါင်းကြီးသည် တုံ့ခနဲ ရပ်သွား၏။ သူက မျက်ထောင့်နီကြီးဖြင့် မန်ဟို့အား စိုက်ကြည့်နေသည့်တိုင် … မစားရဲတော့ပေ။
သူ့ကိုယ်ထဲရှိ ချုပ်နှောင်မန္တန်မှာ သက်ဝင်လှုပ်ရှားနေသည့်အတွက် သူ့မှာ မန်ဟို့အား နည်းနည်းလေးမှ အန္တရာယ်မပြုရဲပေ။ သူသာ ထိုသို့လုပ်လိုက်ပါက ချုပ်နှောင်တံဆိပ်သည် ပြင်းပြင်းထန်ထန် ပေါက်ကွဲသွားလိမ့်မည်။
မှီခိုရာဂိုဏ်းချုပ်၏ခေါင်းကြီး ရပ်သွားလျှင်ချင်း မန်ဟိုက ရှေ့လျှောက်လာပြီး ခေါင်းအား အသာအယာပုတ်ပေးလိုက်သည်။
“လိမ္မာလိုက်တဲ့ လိပ်လေး” သူက ရယ်ရင်း ပြောသည်။ “လာ လာ ကြည့်ရအောင် အဲဒီနှစ်တုန်းက မင်း ကျောပေါ်မှာ ငါ ရေးခဲ့တဲ့ စာလုံးတွေ ရှိနေသေးလားဆိုတာ”
မှီခိုရာဂိုဏ်းချုပ်မှာ တဆတ်ဆတ် တုန်သွားပြီး ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ သူ့မှာ မတရားသဖြင့် ခံနေရသည့်အပြင် ရန်စပင် ခံနေရရာ မအော်ဘဲ မနေနိုင်တော့ပေ။ “မင်းမေကလွှာ ခွေးသူတောင်းစား။ ဖယ်စမ်း”
သူ့မှာ ပေါက်ကွဲတော့မည့်အလား ခံစားနေရသည်။ သူက အမြီးကြီးကို အားကုန်ရင် လွှဲရင်း မန်ဟို့အား ကြယ်တာရာကောင်းကင်ထဲသို့ ခါထုတ်လိုက်သည်။
တစ်ချိန်တည်းမှာပင် သူသည် ချာခနဲ လှည့်၍ မြန်နိုင်သမျှမြန်မြန် ပြေးဖို့ ကြိုးစားတော့၏။
သို့သော် သူ မန်ဟို့ကို ခါလိုက်သည့်အခိုက်အတန့်တွင် မန်ဟိုက မိုးကြိုးဒယ်အိုးကို ထုတ်လိုက်သည်။ မိုးကြိုးများ ကခုန်သွားခြင်းနှင့်အတူ မန်ဟိုသည် ကျိုးပြည်ရှိ တိရစ္ဆာန်တစ်ကောင်နှင့် နေရာချင်းလဲသွား၏။
သူက မှီခိုရာဂိုဏ်းချုပ်၏ကျောပေါ်တွင် ပေါ်လာလာချင်း လည်ချောင်းရှင်းပြီးနောက် ရိပ်ခနဲ မှီခိုရာဂိုဏ်းချုပ်၏ ခေါင်းပေါ်တွင် ပေါ်လာသည်။ ထို့နောက် ခြေဖနောင့်ဖြင့် ဆောင့်နင်းလိုက်သည်။
“ခင်ဗျား ဘာလုပ်နေတယ်ထင်လဲ ဂိုဏ်းချုပ်။ ဒီလိုပြန်ဆုံတွေ့ရတာ လွယ်တယ်များမှတ်သလားဟမ်။ ဘာလို့ပြေးနေရတာတုန်း”
မှီခိုရာဂိုဏ်းချုပ်မှာ တဆတ်ဆတ် တုန်လျက် စိုက်ကြည့်နေသည်။ သူက မျက်လုံးများ သွေးချင်းနီနေလျက် ဟိန်းဟောက်လိုက်သည်။ သူ့ဒေါသမှာ ငယ်ထိပ်အထိ ရောက်နေပြီဖြစ်သည့်တိုင် သူ့မှာ ဘာမှမတတ်နိုင်သည့်အလားပင်။ သူ့အနေဖြင့် မန်ဟို သေးသေးလေး ထိခိုက်သွားအောင်ပင် သူ၏နတ်ဘုရားစွမ်းရည်တစ်ခုကိုမှ သုံးမရပေ။
သူ၏အရှိန်အဝါသည် စွမ်းအားတို့ဖြင့် ပေါက်ကွဲထွက်လာရင်း ချီလှိုင်းများကို အရပ်လေးမျက်နှာသို့ ဖြန့်ကျက်ကာ မန်ဟို့အား သူ့ခေါင်းထက်မှ လွင့်ထွက်သွားစေသည်။ မှီခိုရာဂိုဏ်းချုပ်မှာ ထပ်ပြေးရန် ကြိုးစားလိုက်သဖြင့် မြူများက သူ့တစ်ကိုယ်လုံးကို ဖုံးလွှမ်းသွားလေသည်။
မန်ဟိုက အေးစက်စက် နှာမှုတ်ပြီးနောက် လက်ကို ဆန့်တန်းကာ မှီခိုရာဂိုဏ်းချုပ်အား လက်ညှိုးထိုးလိုက်သည်။
“မိစ္ဆာချုပ်နှောင်ခြင်း အဋ္ဌမမန္တန်”
မန်ဟို အော်ပြောလိုက်သောအခိုက်အတန့်တွင် မှီခိုရာဂိုဏ်းချုပ်၏ ကြီးမားသော ကိုယ်လုံးကြီးသည် ရုတ်တရက် တုံ့ခနဲ ရပ်သွား၏။ ပုံမှန်အားဖြင့် မိစ္ဆာချုပ်နှောင်သူအဖွဲ့၏ ပြုစားခြင်းမန္တန်များသည် မန်ဟို့ထက် ကျင့်ကြံအဆင့်မြင့်မားသူများအပေါ် သက်ရောက်မှု သိပ်မရှိသည့်အပြင် တန်ပြန်ရိုက်ခတ်မှုပင် ဖြစ်ပွားစေနိုင်သည်။
သို့သော် မှီခိုရာဂိုဏ်းချုပ်ကား ကိုယ်ထဲတွင် မိစ္ဆာချုပ်နှောင်ခြင်းမန္တန်များကို ပိုင်ဆိုင်ထားပြီး မန်ဟို၏ တာအိုစောင့်ရှောက်သူဖြစ်ရမှာ ဖြစ်သည်။ ထို့ကြောင့် သူ့မှာ ပြုစားခြင်းမန္တန်အား ပြန်မတိုက်ခိုက်နိုင်ပေ။
မန်ဟိုမှာ သူတို့ပထမဆုံး ဆုံတွေ့ခဲ့တုန်းက ထိုအကြောင်းကို မသိခဲ့၍ ထို့နောက်တွင် မှီခိုရာဂိုဏ်းချုပ်သည် သူ၏အချိန်အများစုကို ပုန်းအောင်းရင်း ကုန်ဆုံးခဲ့လေသည်။ သို့သော် ယခုတွင် မန်ဟိုက အင်မော်တယ်နယ်ပယ်ပါရာဂွန်ဖြစ်နေသည့်အတွက် သူ၏ကျင့်ကြံခြင်းအခြေခံသည် ယခင်နှင့် မိုးနှင့်မြေပမာ ကွာခြားနေလေပြီ။ သူကား မှီခိုရာဂိုဏ်းချုပ်ကို အပြည့်အဝ ထိန်းချုပ်နိုင်စေမည့် မှီခိုရာဂိုဏ်းချုပ်၏ကိုယ်ထဲ၌ တည်ရှိနေသော ချုပ်နှောင်ပြုစားခြင်းမန္တန်ကို ခံစားနိုင်သွားပြီဖြစ်သည်။
ဤအချက်ကြောင့် မှီခိုရာဂိုဏ်းချုပ်မှာ မန်ဟို မည်မျှအစွမ်းထက်လာခဲ့သလဲ မြင်သောအခါ ပျာယာခတ်နေခဲ့ဖြင်းဖြစ်သည်။
မန်ဟိုက မှီခိုရာဂိုဏ်းချုပ်ကို မှီသည်နှင့် ချောင်းဟန့်လိုက်သည်။ သူ အနားရောက်လာသောအခါ မှီခိုရာဂိုဏ်းချုပ်မှာ တုန်ရီသွားပြီး အဋ္ဌမမန္တန်မှ လွတ်မြောက်လာသည်။
ထိုအခိုက်အတန့်တွင် မှီခိုရာဂိုဏ်းချုပ် ဒေါသတကြီး မဆဲဆိုနိုင်ခင် မန်ဟိုက လက်ကို ဝှေ့ယမ်းလိုက်ပြန်သည်။
“မိစ္ဆာချုပ်နှောင်ခြင်း သတ္တမမန္တန်၊ ကံကြွေးပြုစားခြင်း” မန်ဟိုက လက်ချောင်းကို ဝှေ့ယမ်းရင်း ပြောသည်။ သို့သော် မည်သည့်တုံ့ပြန်မှုမှ မရှိပေ။
“အီးးး ကံကြွေးမရှိဘူးလား” သူက တအံ့တဩ ပြောသည်။ ဤသည်မှာ သူ့အတွက် ကံကြွေးမရှိသော အခြေအနေတစ်ခုကို ပထမဆုံးအကြိမ်ကြုံတွေ့ဖူးခြင်း ဖြစ်သည်။ သူသည် အကြိမ်အနည်းငယ် ထပ်စမ်းကြည့်သော်လည်း ထပ်တလဲလဲ မအောင်မြင်ကြောင်း တွေ့ရရာ သူ့မျက်လုံးများက ထူးဆန်းစွာ တောက်ပနေတော့သည်။
သူ့မှာ အမှန်တကယ် အံ့အားသင့်နေခြင်းဖြစ်သည်။ အခြားတစ်ဖက်တွင် မှီခိုရာဂိုဏ်းချုပ်မှာ သွေးတို့ပင် အေးစက်လာသည့်တိုင်အောင် ကြောက်နေသည်။ သူသည် အတိတ်တုန်းက တချို့သော အမှတ်တရဆိုးများကို ပြန်တွေးရင်း ဒေါသတကြီး ဟိန်းဟောက်ပြီးနောက် ပါးစပ်ထဲမှ အလင်းတန်းတစ်တန်းအား ထွေးထုတ်လိုက်သည်။ အလင်းတန်းက မန်ဟို့ကို ရက်ရက်စက်စက် ပိုင်းချလိုက်သော ဓားပျံတစ်လက်အသွင်ပြောင်းသွားလေသည်။ ၎င်းကား ကြယ်တာရာကောင်းကင်ကို ဟက်တက်ခွဲရင်း မှီခိုရာဂိုဏ်းချုပ်နှင့် မန်ဟို့အား လူချင်းခွဲပေးရန် ကြံစည်နေသည့်အလားပင်။
ဓားပျံသည် မိုးမခသစ်ရွက်နှင့်တူပြီး သာမန်အတိုင်းပင်။ သို့သော် ၎င်းက ရှေးဆန်သောအငွေ့အသက်များကို ထုတ်လွှတ်နေသည်။
“အဋ္ဌမမိစ္ဆာချုပ်နှောင်မန္တန်” မန်ဟိုသည် ဓားမြှောင်ကို မြင်သည်နှင့် မျက်လုံးများ ဝိုင်းစက်သွားပြီး လက်ချောင်းတစ်ချောင်းအား ဝှေ့ယမ်းလိုက်သည်။ ချက်ချင်းပင် မှီခိုရာဂိုဏ်းချုပ်မှာ ရပ်သွားရပြန်ပြီး ကျင့်ကြံခြင်းအခြေခံအား ချိတ်ပိတ်ခံလိုက်ရပြန်သည်။
မန်ဟို၏ ကိုယ်ပိုင်ပြုစားခြင်းမန္တန်မှာ ကြောက်စရာကောင်းခြင်းမဟုတ်ပေ။ ၎င်းက မှီခိုရာဂိုဏ်းချုပ်၏ ကိုယ်ထဲ၌ရှိပြီးသား ချုပ်နှောင်မန္တန်ကို လှုံ့ဆော်ပေးလိုက်၍ဖြစ်သည်။ ထိုချုပ်နှောင်မန္တန်သည် မန်ဟို့စိတ်ဆန္ဒကို တုံ့ပြန်ပြီးနောက် စွမ်းအားတို့ဖြင့် ပေါက်ကွဲသွားတော့သ့ည်။
ဓားမြှောင်ကား ယခုတွင် မှီခိုရာဂိုဏ်းချုပ်၏ ထိန်းချုပ်မှုအောက်တွင် မရှိတော့၍ လှုပ်ရှားနေခြင်း ရပ်သွားသည်။ ထိုသို့ဖြစ်ပျက်သောအခါ မန်ဟို့မျက်လုံးများ စတင်တောက်ပလာသည်။ သူက ဓားမြှောင်အနားချဉ်းကပ်၍ လက်ကို ဝှေ့ယမ်းလိုက်ကာ ၎င်းအား သူ့လက်ထဲ ပျံသန်းလာစေသည်။
ထို့နောက် မှီခိုရာဂိုဏ်းချုပ်၏အရှေ့တည့်တည့်တွင် သူက ကံကြွေးအမိန့်စာကို ထုတ်လွှတ်ရင်း ဓားမြှောင်အား သူနှင့် ကံချင်းဆက်စပ်သွားစေလိုက်သည်။
အဋ္ဌမမိစ္ဆာချုပ်နှောင်မန္တန်ပျောက်ကွယ်သွားသောအခါ မှီခိုရာဂိုဏ်းချုပ်က ဝမ်းနည်းပက်လက်အော်တော့သည်။
“ငါ့ဓားမြှောင်။ အဲ့ဒါ ငါ့ရဲ့ အကြိုက်ဆုံးဓားမြှောင်ကွ
“အခုချက်ချင်း ပြန်ပေးစမ်း မန်ဟို။ အဲ့ဒါ ငါ့ အဖိုးတန်ဓားမြှောင်လေးကွ…
“မင်း မင်း မင်း ငါ့ကို သတ်သာ သတ်လိုက်တော့ ဟုတ်ပြီလား။ ငါ့ ရတနာတွေကို ခိုးတာက ငါ့ကို အရှင်လတ်လတ် အရေခွံဆုတ်နေသလိုပဲဟ
“မန်ဟို မ..မင်..မင်း …” မှီခိုရာဂိုဏ်းချုပ်မှာ မျက်ရည်စမ်းတမ်းတမ်း ဖြစ်နေသည်။ သူ့မှာ ထွက်ပြေးမရသလို၊ မန်ဟို့ကို ထိခိုက်အောင်လည်း လုပ်မရပေ။ ထိုမျှသာမက မန်ဟို ပြုစားခြင်းမန္တန်တစ်ခု ထုတ်လွှတ်လိုက်ရင်း သူ့ကိုယ်ထဲရှိ ချုပ်နှောင်မန္တန်မှာ အသက်သွင်းခံလိုက်ရကာ သူ့အား အော်ကြီးဟစ်ကျယ် ငိုပစ်ချင်စိတ်တို့ ပေါက်လာစေသည်။
ထို့အပြင် သနားစရာကောင်းသော မှီခိုရာဂိုဏ်းချုပ်အဖို့ ရတနာတစ်ခု အခိုးခံရခြင်းထက် ဆိုးသည့်အရာမရှိတော့ပေ။
မန်ဟိုက သူ၏ဖြစ်တည်မှုအတွက် အဆိပ်အတောက် ၊ သူ့တစ်ဘဝလုံးတွင် ဒုက္ခအပေးဆုံးအရာဖြစ်သည်။ အမှန်တွင် မှီခိုရာဂိုဏ်းချုပ်မှာ သူ့ဘဝမည်သို့ပြောင်းလဲသွားခဲ့သည်လဲ တွေးကြည့်သောအခါများတွင် မျက်ရည်ပင် ကျတတ်၏။
မှီခိုရာဂိုဏ်းချုပ်နှင့် မန်ဟိုတို့ တစ်ယောက်အတွက် ကံဆိုးမိုးမှောင်ကျသော်လည်း တစ်ယောက်အတွက် ပျော်ရွှင်ဖွယ်ရာဖြစ်သည့် ချစ်စရာကောင်းသော ပြန်လည်တွေ့ဆုံပွဲလေးအား ကျင်းပနေစဉ် သူတို့၏လက်ရှိနေရာနှင့် သိပ်မလှမ်းမကမ်းတွင် တစ်စုံတစ်ခု ဖြစ်ပျက်နေသည်။ ထိုနေရာမှာ … နဝမတောင်ပင်လယ်၏ မြောက်ကျူပင်ဂြိုဟ်ဖြစ်သည်။
ထိုဂြိုဟ်အား လီမျိုးနွယ်စု၊ စုန့်မျိုးနွယ်စုနှင့် ဝမ်မျိုးနွယ်စုတို့မှာ သိမ်းပိုက်ကာ မဟာမျိုးနွယ်စုကြီးသုံးစု၏ အခြေစိုက်ဌာနဖြစ်နေစေသည်။
လောလောဆယ်တွင် လီမျိုးနွယ်စုတစ်စုလုံးမှာ မီးအိမ်များ၊ အောင်လံနဖူးစည်းများဖြင့် တခမ်းတနား တန်ဆာဆင်ထားလေသည်။ တစ်နေရာလုံးသည် ရွှင်လန်းတက်ကြွဖွယ်ကောင်းပြီး တစ်လအတွင်း လီလင်းအာမှာ အရှေ့အောင်ပွဲဂြိုဟ်မှ ဖန်မျိုးနွယ်စု၏အိမ်ရှေ့မင်းသားနှင့် လက်ထပ်ရတော့မည်ဖြစ်ကြောင်း လူတိုင်း သိကြလေသည်။
မျိုးနွယ်ဝင်အတော်များများက ထိုကိစ္စနှင့်ပတ်သက်ပြီး ဝေဖန်နေကြသော်လည်း လီမျိုးနွယ်စု၏ တာအိုနယ်ပယ်ခေါင်းဆောင်ကြီးများက မင်္ဂလာပွဲအား ကောက်ကာငင်ကာ စီစဉ်ခဲ့သူများဖြစ်သည့်အပြင် လီလင်းအာနှင့် မန်ဟို၏လက်ထပ်ပွဲမှာ ဟိုးအရင်ကတည်းက သဘောတူထားသည့်အရာဖြစ်လေသည်။ သို့ဖြစ်ရာ မည်သူမှ မျိုးနွယ်စုကြီးနှစ်စု မဟာမိတ်ဖွဲ့မည်ကို မပြောင်းလဲနိုင်ကြပေ။
မှန်ပါသည်၊ လီမျိုးနွယ်တစ်ယောက်မှ မန်ဟို မင်္ဂလာမဆောင်ချင်၍ ထွက်ပြေးသွားခဲ့သည်ကို မသိကြသလို၊ တစ်ယောက်သောမိန်းကလေးသည် မြောက်ကျူပင်ဂြိုဟ်မှ ရင်တမမဖြင့် ထွက်လာပြီး အဝေးသို့ မြန်မြန်သွားနေသည်ကိုလည်း မသိကြပေ။
ထိုမိန်းကလေးကတော့ … လီလင်းအာပင်။
သူမမည်ကဲ့သို့ လုပ်ခဲ့သည်လဲ မပြောတတ်သော်လည်း မည်သူမှ သူမ ထွက်သွားသည်ကို မရိပ်မိကြပေ။ ကြယ်တာရာကောင်းကင်ထဲသို့ ပျံထွက်လာပြီးနောက် သူမမှာ သူမရင်ဘတ်ကို ဖိပြီး တဟုန်ထိုး ထွက်သွားတော့သည်။
“အဲဒီသောက်ကောင်မန်ဟို့ကို လက်မထပ်ခင် ဝက်ကိုပဲ လက်ထပ်လိုက်တော့မယ်” သူမက အံကြိတ်ထားသည့်ကြားမှ ပြောသည်။ တိုက်တိုက်ဆိုင်ဆိုင် သူမလည်း မန်ဟို့နည်းတူ မင်္ဂလာဆောင်မှ ထွက်ပြေးရန် ဆုံးဖြတ်ခဲ့လေသည်။
လီလင်းအာ မသိသည်ကား လီမျိုးနွယ်စု၏ တာအိုနယ်ပယ်ခေါင်းဆောင်ကြီးဖြစ်သူ သက်လတ်ပိုင်းလူက တကယ့်တကယ် သူမကို တစ်ချိန်လုံး စောင့်ကြည့်နေခဲ့သည်ကိုပင်။ သူက အေးစက်စက် မေးသည်။ “မင်းတွက်ချက်မှုတွေ မမှားတာ သေချာလား”
စကားလုံးများ သူ့ပါးစပ်မှ ထွက်သွားသည်နှင့်တစ်ပြိုင်တည်းဆိုသလို အနက်ဝတ်လူတစ်ဦးက သူ့အနောက်တွင် ပေါ်လာသည်။ ထိုလူမှာ အတော်လေး ဝါးတားနေသည့်အတွက် သူ့မျက်နှာသွင်ပြင်ကို သဲသဲကွဲကွဲ မမြင်ရပေ။
“ကျုပ်မျိုးနွယ်စုရဲ့ နိမိတ်ဖတ်အစွမ်းက မမှားနိုင်ပါဘူး
“တောင်ကိုးလုံးနဲ့ ပင်လယ်ကိုးစင်းကနေ ထွက်သွားနိုင်မယ့် အခွင့်အရေး၊ မျိုးနွယ်စုရဲ့ ပင်မအခွဲ လီမျိုးနွယ်စုကို ပြန်လည်ပေါင်းစည်းနိုင်မယ့် အခွင့်အရေးက မန်ဟိုနဲ့ ပတ်သက်နေပါတယ်”
ခေါင်းဆောင်ကြီးက တခဏ တိတ်ဆိတ်သွားပြီးနောက် ချာခနဲ လှည့်၍ လီလင်းအာအား ဂရုမစိုက်တော့ပေ။ သူက အေးစက်စက် ပြောလိုက်သည်။ “သူ့ကို ဖိအားပေးနေလည်း အလကားပဲ။ ထွက်သွားချင်နေမှတော့ သူ့ကံတရားအတိုင်းပေါ့”
***