စကားစမြည်
Vol. 195 Ch. 2776
ရီဖူရှင်းသည် ချီရွှမ်ကန်းက မည်သည်ကိုပြောရန် ကြိုးစားနေကြောင်း သိပေသည်။ သူသည် သူနှင့် ကောင်းကင်ဒေသနှင့်အရှင်ဒွန်ဟောင်တို့အကြားမှ ပဋိပက္ခကြောင့် ကွဲပြားသောလမ်းကို လျှောက်နေခဲ့သည် မဟုတ်ပါလား။
သူက လက်ရှိတွင် မှော်နက်လောကနှင့် နတ်ဆိုးလောကတို့၏ မဟာမိတ်ဖြစ်လာသည်ဟု ထင်ရသည်။
လောကထဲတွင် နတ်ဆိုးလောကနှင့် မှော်နက်လောကသည် ဖျက်ဆီးသူများအဖြစ် သူတို့ဘာသာ တံဆိပ်ကပ်ခဲ့သည်။ သူတို့သည် ဘုံခြောက်ခု၏ စစ်ပွဲကို အစပြုရန် ကောင်းကင်ဒေသကို ကျူးကျော်ခဲ့သည်။ သူတို့တွင်လည်း သူတို့၏အကြောင်းပြချက်များရှိသော်လည်း သူတို့သည် စစ်ပွဲကို အစပြုသူများဖြစ်သည်ဟူသောအချက်သည် ငြင်း၍မရနိုင်သောအချက်ဖြစ်သည်။
“ဆရာ... ဘုံခြောက်ခုနဲ့ ကောင်းကင်အင်ပါယာခြောက်ပါးအပေါ် ဆရာဘယ်လိုမြင်ပါသလဲ”
ရီဖူရှင်း မေးလိုက်သည်။ သူတို့သည် ထိုအကြောင်းကို ပြောနေကြခြင်းဖြစ်ရာ သူသည် ထိုအကြောင်းအပေါ် ချီရွှမ်ကန်း၏အမြင်ကို သူစိတ်ဝင်စားလာသည်။ သူ၏ ကျင့်ကြံခြင်းအဆင့်သည် သူ့ဆရာထက် များစွာမြင့်နေပြီဖြစ်သော်လည်း သူ၏အမျှော်အမြင်သည် သူ့ဆရာလောက် မကောင်းနိုင်ပေ။
“တစ်စုံတစ်ယောက်ရဲ့ ရပ်တည်ချက်မှာ မှန်တယ်၊ မှားတယ်ဆိုတာ မရှိဘူး။ ဒါပေမဲ့ အဲဒီရပ်တည်ချက်ရဲ့ ရလဒ်ကတော့ တစ်နည်းတစ်ဘာသာပဲ”
ချီရွှမ်ကန်းက ရှင်းပြလိုက်သည်။
“နတ်ဆိုးလောကနဲ့ မှော်နက်လောကတို့က ဒီကိစ္စမှာ သူတို့ရဲ့ ရပ်တည်ချက်နဲ့ သူတို့ရှိမှာပဲ။ နတ်ဆိုးအင်ပါယာနဲ့ မှော်နက်အရှင်တို့မှာ သူတို့ လိုချင်တဲ့၊ သူတို့လုပ်ဖို့လိုအပ်တဲ့ အရာတွေ ရှိမှာပဲ။ အားလုံးမှာ ထမ်းဆောင်ရမယ့် တာဝန်ကိုယ်စီရှိကြတယ်မလား။ သူတို့မှာလည်း သူတို့ချရမယ့် ဆုံးဖြတ်ချက်တွေ၊ ထည့်စဉ်းစားရမယ့် ကိစ္စတွေ ရှိလိမ့်မယ်။ ဒါပေမဲ့ နတ်ဆိုးလောကရဲ့ ကောင်းကင်ဒေသကို ကျူးကျော်မှုက စစ်ပွဲတစ်ပွဲကို အစပြုခဲ့တယ်။ တစ်ဘက်မှာလည်း မှော်နက်လောကရဲ့ လုပ်ဆောင်မှုက နတ်ဆိုးလောကထက် ပိုဆိုးခဲ့တယ်။ သူတို့ မဟာလမ်းစဉ်ရဲ့ ဒေသ(၃၀၀၀)ကို တိုက်ခိုက်ခဲ့တဲ့ကိစ္စကို မင်းမှတ်မိလိမ့်ဦးမယ်လို့ ငါယုံကြည်တယ်”
“ကျွန်တော် နားလည်ပါပြီ”
ရီဖူရှင်း ခေါင်းညိတ်လိုက်သည်။
“ကျွန်တော်က သူတို့ဘက်ကလို့ တစ်ခါမှ မစဉ်းစားခဲ့မိဖူးပါဘူး။ အဲဒါကြောင့် မကြာသေးခင်ကမှ မှော်နက်လောကနဲ့ ပဋိပက္ခတစ်ခု ဖြစ်ခဲ့ပါသေးတယ်”
သူ၏ဆရာသည် သူ သူတို့ဘက်တွင် ရပ်တည်ကာ သူတို့၏မကောင်းမှုများတွင် ဝင်ရောက်လုပ်ဆောင်မည်ကို စိုးရိမ်နေပုံရသည်။
“ကောင်းကင်ဒေသရဲ့ အင်အားစုတွေကလည်း ကောင်းတယ်လို့တော့ မဆိုသာဘူး။ ရှေးဟောင်းနတ်ဘုရားကလန်ခြောက်ခုက ကောင်းကင်ဒေသကို ရှေ့တန်းတင်ပြီး စီဝေ့အင်ပါယာနန်းတော်ကို အကြိမ်အများကြီး ကျူးကျော်ခဲ့တယ်။ ပြီးတော့ ဗုဒ္ဓအင်အားစု တော်တော်များများကလည်း မင်းအပေါ် မကောင်းကြဘူး။ သူတို့ရဲ့ လုပ်ရပ်တွေကို ဘယ်တော့မှ လုံးလုံးဖျောက်ဖျက်ပစ်နိုင်မှာ မဟုတ်ဘူး။ အရှင်ဒွန်ဟောင်နဲ့ မင်းကြားက ပဋိပက္ခအကြောင်းကိုတော့ ငါမသိဘူး။ ဒီတော့ အဓမ္မကို ဓမ္မနဲ့ တုံ့ပြန်ပါလို့တော့ ငါမင်းကို ပြောမှာ မဟုတ်ဘူး။ မင်းအနေနဲ့ ကျေးဇူးတရားကို ကြင်နာမှုနဲ့ တုံ့ပြန်ုနိုင်သလို မင်းကို ထိခိုက်အောင် လုပ်ခဲ့သူတွေကိုလည်း ပြန်ပြီးလက်စားချေနိုင်တယ်။ လူတစ်ယောက်က ကျေးဇူးတရားနဲ့ ရန်ငြိုးကို အမြဲ ခွဲခြားထားရမယ်။ မင်းရဲ့ ကိုယ်ကျင့်တရားကို မဆုံးရှုံးဘူးဆိုရင် အဲဒါက မင်းအတွက် အထောက်အကူဖြစ်လိမ့်မယ်။ ဘယ်တော့မှ ကိုယ့်ကိုယ်ကို စောင့်ကြည့်နေရမယ်”
“မဟာအင်ပါယာခြောက်ပါးကတော့ ငါက သူတို့အကြောင်း တစ်ခု၊ နှစ်ခုလောက်ပဲ သိတယ်။ ငါက အရင်တုန်းက ကောင်းကင်ဒေသက အုပ်ချုပ်တဲ့ နယ်မြေမှာ ကျင့်ကြံခဲ့တာပဲ။ ဒီတော့ ငါ အရှင်ဒွန်ဟောင်ရဲ့ အကြောင်းတွေကို ကြားခဲ့ဖူးတယ်။ အတိတ်တုန်းက သူနဲ့ အင်ပါယာရီချင်ကြားမှာ ဘာဖြစ်ခဲ့လဲဆိုတာတော့ ငါသေချာမသိဘူး။ ဒီတော့ ငါ အဲဒီအကြောင်းကို ဆက်ပြီး ကောက်ချက်မချခြင်းဘူး။ သူ ကောင်းကင်ဒေသက ဆူပူမှုတွေကို အဆုံးသတ်ပြီးတော့ သူက သိုင်းပညာနဲ့ ကျင့်ကြံခြင်းကို တိုးတက်ပြန့်ပွားစေချင်ခဲ့ပြီး ကျင့်ကြံသူတွေ ပိုပြီးကောင်းမွန်တဲ့ ကျင့်စဉ်တွေရစေဖို့ မျှော်လင့်ခဲ့တယ်။ အဲဒီအပိုင်းကတော့ အမှန်ပဲလို့ ငါယုံကြည်တယ်”
ချီရွှမ်ကန်း ဆက်ပြောလိုက်၏။
“အားလုံးကတော့ ကွဲပြားတဲ့ အကျင့်စရိုက်တွေ ရှိကြတာပဲ။ ဘယ်သူမှ လုံးဝအကောင်း၊ လုံးဝအဆိုး ဆိုတာ မရှိပါဘူး။ တစ်စုံတစ်ယောက်ကို ကွဲပြားတဲ့အမြင်တစ်ခုနဲ့ လေ့လာမယ်ဆိုရင် ကွဲပြားတဲ့ ကောက်ချက်ချမှုဆီ ဦးတည်သွားမှာပဲ။ အဲဒါတွေက ငါမြင်ပြီး နားလည်တဲ့ အရာတွေပဲ။ ငါသိတဲ့ ကျန်တဲ့ မဟာအင်ပါယာတွေရဲ့အကြောင်းက ဒဏ္ဍာရီတွေပဲ။ စကားစပ်မိလို့ပြောရဦးမယ်... မင်း အရင်က မဟာအင်ပါယာဘယ်နှစ်ပါးကို မြင်ဖူးလဲ။ မင်း သူတို့ကို ဘယ်လိုထင်လဲ”
“နတ်ဆိုးအင်ပါယာက နတ်ဆိုးချောက်ကမ်းပါးမှာ အုပ်စိုးတယ်။ သူက စစ်မှန်တဲ့ဒီမွန်းကျင့်ကြံသူတစ်ယောက်ပဲ။ သူက ကောင်းကင်လမ်းစဉ် နတ်ဆိုးလောကမှာ လုပ်သွားတဲ့ ချုပ်နှောင်မှု အတားအဆီးတွေကို ဖျက်ဆီးပစ်ဖို့ စွဲလမ်းနေတာ။ သူဟာ သူတို့ရဲ့ အချုပ်အနှောင်တွေကနေ လွှတ်မြောက်ချင်တယ်... ပြီးတော့ နတ်ဆိုးလောကကို နတ်ဆိုးချောက်ကမ်းပါးအောက်ကနေ လွှတ်အောင် ဦးဆောင်ချင်တယ်”
ရီဖူရှင်း ပြောလိုက်၏။
“မှော်နက်အရှင်မှာ မကောင်းတဲ့အတိတ်တစ်ခု ရှိခဲ့ပုံပဲ။ အဲဒါကြောင့် သူက အခုလိုမျိုး အဆိုးမြင်ဝါဒီတစ်ယောက် ဖြစ်လာတာ။ သူ့မှာလည်း နက်ရှိုင်းတဲ့ အစွဲတစ်ခုရှိတယ်။ သူက လောကကြီးက ကြောင်သူတော်၊ ကြွက်သူခိုးတွေနဲ့ချည်း ပြည့်နှက်နေတာလို့ တွေးတယ်။ အဲဒါကြောင့် လောကကြီးက ပြောင်းလဲဖို့ လိုနေတယ်တဲ့။ အလင်းအစစ်အမှန်က အကြွင်းမဲ့အမှောင်ထုထဲမှာမှ တည်ရှိနိုင်တယ်လို့ သူယုံကြည်နေတယ်”
“တခြား အင်ပါယာသုံးပါးအကြောင်းကိုတော့ ကျွန်တော် အများကြီးမသိဘူး”
ရီဖူရှင်း ရှင်းပြလိုက်သည်။ သူသည် ယခင်က အကြွင်းမဲ့ဗုဒ္ဓ၊ လူသားဘိုးဘေး၊ မိစ္ဆာအင်ပါယာတို့နှင့် များစွာ မတွေ့ကြုံခဲ့ပေ။
“ကောင်းပြီ...”
ချီရွှမ်ကန်း ဦးညွှတ်လိုက်၏။
“ကျင့်ကြံခြင်းရဲ့ အထွတ်အထိပ်ကို ရောက်သွားတဲ့သူတွေရဲ့ ရင်ထဲမှာ အတော်ခိုင်မာတဲ့အစွဲတွေ ရှိကြမှာပေါ့။ သူတို့က သူတို့ရဲ့ အတွေးအခေါ်ကသာ တစ်ခုတည်းသော အမှန်တရားလို့ ယုံကြည်ကြတယ်။ နတ်ဆိုးအင်ပါယာနဲ့ မှော်နက်အရှင်လည်း အဲဒီလိုပဲ”
“အဲဒီလိုဆိုရင် အရှင်ဒွန်ဟောင်၊ အကြွင်းမဲ့ဗုဒ္ဓ၊ လူသားဘိုးဘေးနဲ့ မိစ္ဆာအင်ပါယာတို့မှာလည်း ခိုင်မြဲတဲ့ ယုံကြည်မှုတွေ ရှိကြမှာပဲ”
“ဟုတ်တယ်”
ရီဖူရှင်းက လက်ခံကြောင်း ခေါင်းညိတ်ပြလိုက်သည်။ အရှင်ဒွန်ဟောင်၏ ယုံကြည်မှုနှင့် အစွဲသည် မည်သည်နည်း။
လူသားဘိုဘေးကရော မည်သို့နည်း။ ပဋိပက္ခကြားတွင် လူသားဘိုးဘေးသည် သူက ကံကြမ္မာကို မယုံကြည်ကြောင်း ပြောခဲ့သည်။ သူ့ကို လူသားဘိုးဘေးဟု အမည်ပေးထားသဖြင့် သူသည် သူ့ကိုယ်သူသာ ယုံကြည်ရပေမည်။
သို့ဆိုလျှင် အကြွင်းမဲ့ဗုဒ္ဓနှင့် မိစ္ဆာသူတော်စင်တို့ကရော ဘာကိုယုံကြည်ကြသနည်း။
“ဖူရှင်း... မင်းရော မင်းရဲ့ယုံကြည်မှုအကြောင်းကို တွေးခဲ့ဖူးလား။ မင်း မဟာအင်ပါယာတစ်ပါး ဖြစ်လာရင် ဘယ်လိုလူမျိုး ဖြစ်လာချင်လဲ”
ချီရွှမ်ကန်းမေးလိုက်သည်။
“ကျွန်တော်လား...”
ရီဖူရှင်း ရေရွတ်လိုက်၏။ သူသည် ထိုအကြောင်းကို မှော်နက်နန်းတော်တွင် တွေးခဲ့ဖူးသည်။ အဘယ်ကြောင့်ဆိုသော် သူသည် မှော်နက်အရှင် သူ့စိတ်ထဲသို့ ထည့်ပေးသည့် မကောင်းသည့်မှတ်ဉာဏ်များကို ကျော်လွှားနိုင်ရန်ဖြစ်သည်။ သူ ကျော်လွှားနိုင်ခဲ့ခြင်းမှာ သူ၏အတွေ့အကြုံများကြောင့်သာဖြစ်ကြောင်း သူသိပေသည်။ သူသည် အတိတ်တွင် မကောင်းသော အဖြစ်အပျက်များစွာနှင့် ကြုံတွေခဲ့ရသော်လည်း သူ၏ဘဝလမ်းကြောင်းကို ပြောင်းပေးခဲ့သည့် လူများစွာနှင့်လည်း တွေ့ဆုံခဲ့ရသည်။
ထိုအထဲတွင် ဟွာဖန်းလူ၊ ဆရာဒူ၊ ဆရာထောင်ကျန်းနှင့် ချီရွှမ်ကန်းတို့သည် သူ့အပေါ် သက်ရောက်မှုအရှိခဲ့ဆုံးသူများ ဖြစ်သည်။
“ကျွန်တော် ဘယ်လိုလူမျိုးဖြစ်လာတာကို ဆရာမြင်ချင်လဲ”
ရီဖူရှင်းသည် ခပ်သဲ့သဲ့ပြုံး၍ မေးလိုက်သည်။
“မင်းရဲ့ ပါရမီနဲ့ဆိုရင် မဟာအင်ပါယာလမ်းစဉ်မှာ လျှောက်လှမ်းနိုင်ဖို့ သေချာပေါက် ဉာဏ်အလင်းပွင့်လာမှာပဲ။ မင်းကို လူတွေက အားကျ၊ ကြောက်ရွံ့ကြရုံတင်မဟုတ်ဘဲ ရိုသေလေးစားတာမျိုးလည်း ဖြစ်စေချင်တယ်။ ပြီးတော့ မင်းကို မျိုးဆက်များစွာတိုင်အောင် သက်ရောက်မှုရှိမယ့် လူတွေရဲ့ယုံကြည်မှု ဖြစ်လာစေချင်တယ်”
ချီရွှမ်ကန်း ဖြေလိုက်သည်။
“ဆရာ... ဆရာက ကျွန်တော့ဆီက အများကြီး မျှော်လင့်ထားတာပဲ”
ရီဖူရှင်းသည် ပြုံး၍ မှတ်ချက်ပြုလိုက်သည်။
“မင်းကသာ သာမန်လူတစ်ယောက်ဆိုရင် ငါ့အနေနဲ့ မင်းက မင်းဖြစ်လာဖို့ပဲ မျှော်လင့်မှာပါ။ ဒါပေမဲ့ မင်းက ကွဲပြားတယ်။ မင်းက ထိပ်ဆုံးအထိ မြင့်တက်နိုင်ပြီး အားလုံးရဲ့အထက်မှာ ရပ်တည်နိုင်တယ်။ အဲဒီလိုဖြစ်လာရင် မင်းရဲ့ စိတ်နေစိတ်ထားက လူအများကြီးအပေါ် သက်ရောက်မှုရှိလိမ့်မယ်။ အဲဒါကြောင့် ငါက မင်းဆီက အများကြီး တောင်းဆိုနေရတာပါ”
ချီရွှမ်ကန်း ပြန်ပြောလိုက်၏။
နတ်ဆိုးအင်ပါယာ၊ မှော်နက်အရှင်နှင့် အရှင်ဒွန်ဟောင်တို့သည် သူတို့အုပ်စိုးမှုအောက်တွင်ရှိသည့် ဘုံများကို သူတို့၏စိတ်သဘောထားအတိုင်း လွှမ်းမိုးခဲ့သည်။
မှော်နက်အရှင်သည် အကြွင်းမဲ့အမှောင်ထုကို ယုံကြည်သည်။ ထို့ကြောင့် မှော်နက်လောက ဖြစ်တည်လာခဲ့သည်။ တစ်စုံတစ်ယောက်သည် အထွတ်အထိပ်သို့ရောက်သွားလျှင် သူတို့၏ စိတ်နေစိတ်ထားနှင့် ယုံကြည်မှုများက သူတို့ကိုယ်တိုင်ကိုသာ မဟုတ်တော့ဘဲ အခြာလူပေါင်းများစွာအပေါ် သက်ရောက်မှု ရှိပေလိမ့်မည်။
“အင်း... အဲဒါက ငါ့ရဲ့ တစ်ကိုယ်ကောင်းဆန်တဲ့ ဆန္ဒပါ”
“မဟုတ်ပါဘူး”
ရီဖူရှင်း ခေါင်းခါလိုက်သည်။
“ဆရာက အမြဲတမ်း ကျွန်တော့ရဲ့ ဆရာ၊ ကျွန်တော့ရဲ့ဂုဏ် ဖြစ်နေမှာပါ”
ရီဖူရှင်းသည် တလီ၏ ထူးကဲသောနန်းတွင်းအကြံပေးကို မည်သည့်အခါမှ မေ့မည်မဟုတ်ပေ။ ထို့အပြင် သူသည် “ကောင်းကင်ရဲ့ လှုပ်ရှားမှုတွေက အမြဲ ခန့်မှန်းရခက်သလို ပညာရှိတစ်ယောက်ဟာလည်း မနားမနေ ကြိုးစားရမယ်” ဆိုသော ဆိုရိုးစကားကိုလည်း မေ့မည်မဟုတ်ပေ။
“ငါကသာ မင်းအတွက် ဂုဏ်ယူရမှာပါ”
ချီရွှမ်ကန်းသည် ရီဖူရှင်းကို ကျေနပ်ဟန်ဖြင့်ကြည့်၍ ပြောလိုက်၏။
ဆရာနှင့်တပည့်အတွဲသည် တစ်ဦးအတွက်တစ်ဦး ဂုဏ်ယူကြပေသည်။
“အခု ကျွန်တော် သွားတော့မယ်”
ရီဖူရှင်း နှုတ်ဆက်လိုက်၏။ ချီရွှမ်ကန်းက ခေါင်းညိတ်ပြလိုက်သည်။
“အစ်ကိုတို့၊ ဖေးရွှီ... အားလုံး ဆရာ့ကို အဖော်ပြုပေးလိုက်ပါဦး”
ရီဖူရှင်းက ထိုသို့ပြောပြီးနောက် ထွက်ခွာသွားသည်။ ယန်ယွမ်၊ ဖေးရွှီနှင့် ချီရွှမ်ကန်းတို့အားလုံးသည် ထွက်ခွာသွားသော သူ့ပုံရိပ်ကိုကြည့်ရင်း ပြုံးနေကြသည်။ သူသည် အခုအထိ အဖြေမပေးသွားသေးသော်လည်း ထိုအရာသည် အရေးမကြီးပေ။ သူတို့သုံးယောက်သည် သူ့ကို ယုံကြည်ပေသည်။
ထို့နောက်တွင် ချီရွှမ်ကန်းနှင့် ယန်ယွမ်တို့သည် ကျားဆက်ထိုးလိုက်ကြသည်။ ချီရွှမ်ကန်းသည် သူ၏ကျားစေ့တစ်စေ့ကို စိတ်အားထက်သန်စွာ ရွှေ့လိုက်သည်။
“ရီဖူရှင်းက နှစ်လေးဆယ်အတွင်းမှာ အဲဒီအဆင့်ကို ရောက်ပါ့မလား”
ယန်ယွမ်ပြောလိုက်၏။
“သူက အရှင်ဒွန်ဟောင်ကို နန်းချနိုင်ခဲ့တယ်ဆိုရင်တောင် ကောင်းကင်ဒေသအတွက် အရှင်ဒွန်ဟောင်လုပ်ပေးခဲ့တာတွေအကုန်လုံးကို ရှင်းပစ်မှာမဟုတ်ဘူးလို့ ကျွန်တော် ယုံကြည်တယ်”
“အင်း...”
ချီရွှမ်ကန်း ခေါင်းညိတ်လိုက်သည်။
“သူက အကြင်နာတရားနဲ့ ရန်ငြိုးဟောင်းတွေကို ခွဲခြားနိုင်ပါတယ်... အကူအညီနဲ့ အနှောင့်အယှက်ကိုလည်း ခွဲခြားနိုင်တယ်”