ကပ်သီလေး ဖြတ်သွားခြင်း
Vol. 73 Ch. 1020
အင်မော်တယ်အပျက်အစီးများနယ်အနားက ကြယ်တာရာကောင်းကင်တစ်နေရာတွင် လွင့်မျောနေသော ဧရာမမြေထုကြီးတစ်ခုရှိသည်။ အနီးကပ်ကြည့်လျှင်မူ ၎င်းကား မြေထုကြီးမဟုတ်ဘဲ ဧရာမလိပ်ကြီးတစ်ကောင်ဖြစ်ကြောင်း တွေ့ရပေမည်။
လိပ်ကြီးသည် အင်မတန် သုန်မှုန်ဆူပုပ်နေပြီး မျက်ဝန်းများက ရက်စက်ကြမ်းကြုတ်နေသည်။ သူ့မှာ ဒေါသထွက်နေသည့်တိုင် ထိုအကြောင်း တစ်ခွန်းမဟရဲသည့်အလားပင်။ ထိုအစား ကြယ်တာရာများအကြား၌သာ ပျံသန်းနေသည်။
မန်ဟိုက လိပ်ကြီး၏အပေါ်ရှိ နေရာတစ်နေရာတွင် တင်ပျဉ်ခွေထိုင်ရင်း အရက်သောက်နေသည်။ ဂူယွီတင်းစန်းယွီက ပြုံးရင်း သူ့ဘေးတွင် ထိုင်ကာ အရက်အိုးကို အပူပေးနေသည်။
မွှေးပျံ့ချိုမြိန်သော အရက်နံ့က အရပ်လေးမျက်နှာသို့ ပျံ့လွင့်နေပြီး မန်ဟိုမှာ အလွန်သက်တောင့်သက်သာဖြစ်နေတော့သည်။ သူသည် မင်္ဂလာဆောင်မှ မည်ကဲ့သို့အောင်မြင်စွာ ထွက်ပြေးနိုင်လာခဲ့သည်လဲ ပြန်တွေးကြည့်သောအခါ တစ်လောကလုံး၌ ဖြစ်နိုင်ခြေများ ပြည့်နှက်နေကြောင်း ရုတ်တရက် ခံစားလိုက်ရ၏။ သူ့မှာ နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့ပြီးပြီဖြစ်သော်လည်း ဤသည်က သူ့စရိုက်ပင်။ မတည်မငြိမ်ကောင်း မတည်ငြိမ်သည့်ပုံပေါ်သည့်တိုင် မန်ဟိုသည် တစ်နေရာထဲ၌သာ အခြေချမနေချင်ပေ။ သူကား သူ့စိတ်တိုင်းကျ လုပ်ချင်သူဖြစ်၏။ သူ့အမြင်အရ ကျင့်ကြံခြင်းလမ်းကြောင်းပေါ်တွင် ဘာမှမလုပ်ဘဲ ထိုင်နေခြင်းက လုံးဝ ငြီးငွေ့စရာကောင်းပြီး အဓိပ္ပါယ်မရှိပေ။
သူ့တာအိုသည် သူ့စရိုက်နှင့် ထပ်တူကျသော အနှောင်အဖွဲ့ကင်းသော၊ လွတ်လပ်သောတာအို ဖြစ်၏။ သူ့ဘဝတွင် လုပ်သမျှအရာအားလုံးက သူ့စရိုက်ကို ထင်ဟပ်ပြသနေသည်။
အခြားတစ်ဖက်တွင် မှီခိုရာဂိုဏ်းချုပ်မှာ မိုးမီးလောင်မတတ် ဒေါသူပုန်ထနေသည်။ အထက်စီးဆန်သော ကြက်တူရွေးက သူ့ကို ညီလေးလုပ်ဖို့ သဘောတူရန် တိုက်တွန်းရင်း သူ့နားနားကပ်၍ အော်ဟစ်နေသည်။ ထိုအခြင်းအရာက မှီခိုရာဂိုဏ်းချုပ်ကို ပို၍ပင် ဒေါပွစေသည်။
ဤရွေ့ဤမျှသာဆိုလျှင် မှီခိုရာဂိုဏ်းချုပ်အနေဖြင့် သည်းခံကောင်း သည်းခံနိုင်ဦးမည်။ သို့သော် အသားဂျယ်လီ၏ တရစပ်စကားပြောနေသံက သူ့ကို မူးမေ့လဲအောင် တွန်းပို့နေလေသည်။ အာမညောင်းတမ်း ပြောနေသံမှာ ကျိန်စာတစ်ခုလိုဖြစ်နေရာ မန်ဟို ဤအကောင်ကို တစ်ချိန်လုံး မည်ကဲ့သို့သည်းခံနိုင်ခဲ့သည်လဲဟူ၍ မှီခိုရာဂိုဏ်းချုပ်မှာ တွေးနေမိတော့သည်။ လွယ်ကူမည်တော့မဟုတ်ပေ။
“လခွမ်း၊ ငါ ဂိုဏ်းချုပ်ကတော့ အမြဲကံဆိုးချက်ပဲ” သူက တွေးသည်။ “ငါ ခွေးသူတောင်းစားလေးကို နဝမပင်လယ်ဆီ မြန်မြန်ပို့ရမယ်။ အဲဒါပြီးရင်တော့ နဝမတောင်ပင်လယ်ကနေ အပြီးထွက်ပြီး ဘယ်တော့မှ ပြန်မလာတော့ဘူး
“ဒီတောင်ပင်လယ်ရဲ့အပြင်မှာ သွားပုန်းရင် ဒီခွေးသူတောင်းစားလေး ငါ့ကို လာမရှာနိုင်တော့မှာ သေချာတယ်”
မှီခိုရာဂိုဏ်းချုပ်မှာ အတော်လေး ခံပြင်းနေပြီး ကြိတ်ဆဲနေတော့သည်။
သူ့မှ မတရားသဖြင့် ဆက်ဆံခံနေရသည်ဟု အမှန်တကယ် ခံစားနေရလေသည်။ သူ့အမြင်အရ မိစ္ဆာချုပ်နှောင်သူအဖွဲ့နှင့် ဆုံတွေ့ကတည်းက သူ့ဘဝမှာ ကံဆိုးမိုးမှောင်ကျခဲ့ရခြင်းဖြစ်သည်။
“တစ်ရက်ရက်ကျရင်” သူက စိတ်ထဲတွင် ကြိမ်းဝါးနေသည်။ “ငါ ဂိုဏ်းချုပ် မိစ္ဆာချုပ်နှောင်သူတစ်ဖွဲ့လုံးကို ဝါးစားပစ်မယ်။ လခွမ်း အဲဒီမိစ္ဆာချုပ်နှောင်သူတွေကို ကံကြမ္မာကောင်းဆိုတာ ဘာလဲ သိသွားအောင် လုပ်ရမယ်”
သူ့မှာ ကြိတ်၍ဆဲဆိုနေခြင်းကြောင့် ဖြစ်တန်ရာသည်၊ တစ်နေရာရောက်သော် မည်သည့်အရပ်သို့ သွားနေသည်လဲ မသိတော့၍ အင်မော်တယ်အပျက်အစီးများနယ်သို့ ပြန်လည်လွင့်မျောလာတော့သည်။
မန်ဟိုက ချောင်းဟန့်ပြီးနောက် မှီခိုရာဂိုဏ်းချုပ်၏တင်ပါးနားသို့ လက်ကို ဝှေ့ယမ်းလိုက်သည်။ တစ်ချိန်တည်းမှာပင် အော်လိုက်သေးသည်။ “ဝိုးဟိုးဟိုး”
သူသည် တကယ်တော့ အဋ္ဌမမိစ္ဆာချုပ်နှောင်မန္တန်ကို ထုတ်လွှတ်လိုက်သော်လည်း သူ့ပါးစပ်မှ ထွက်လာသောစကားလုံးများမှာ မြင်းမောင်းနေသံနှင့် တူလေသည်။
အဋ္ဌမမိစ္ဆာချုပ်နှောင်မန္တန်အား သုံးလိုက်လျှင်ချင်း မှီခိုရာဂိုဏ်းချုပ်ခမျာ တုံ့ခနဲ ရပ်သွားရသည်။ အဆုံးသတ်ရလဒ်မှာ မန်ဟို မှီခိုရာဂိုဏ်းချုပ်အား မြင်းကဲ့သို့ စီးနေသည်နှင့် တူသွားစေသည်။
မှီခိုရာဂိုဏ်းချုပ်မှာ မျက်လုံးကြီးများ ပြူးလာပြီး တုန်ရီလာသည်။ အသက်ရှိုက်စာအနည်းငယ်ကြာသော် သူ့ခန္ဓာကိုယ်သည် ပုံမှန်ပြန်ဖြစ်သွားပြီး သူက ခေါင်းနောက်လှန်၍ ခါးသီးနာကြည်းနေသောအော်သံကြီးကို ထုတ်လွှတ်လိုက်သည်။
သူ့မှာ ဟိုးရှေးရှေးကတည်းက နေထိုင်လာခဲ့သူဖြစ်ရာ “ဝိုးဟိုး” ဆိုသည်ကို မည်ကဲ့သို့ နားမလည်ဘဲ ရှိမည်နည်း။
“မန်ဟို ခွေးသူတောင်းစားလေး။ ငါက မြင်းမဟုတ်ဘူး၊ အရိုင်းအစိုင်းသားရဲတစ်ကောင်မဟုတ်ဘူး။ မှီခိုရာဂိုဏ်းချုပ်ကွ”
မန်ဟိုက လည်ချောင်းရှင်းလိုက်သည်။ သူသည် စာပေသမားအဖြစ် ထိန်းကျောင်းခံထားရသူဖြစ်ရာ မြင်းစီးရာတွင် အမိန့်ပေးရသောစကားလုံးများကို သိသော်လည်း လက်တွေ့အသုံးမချခဲ့ရဖူးပေ။ ယခုတွင် သူက မှီခိုရာဂိုဏ်းချုပ်အပေါ်တွင် ထိုင်ရင်း ထိုစကားလုံးများကို ပြန်စဉ်းစားနေသည်။ “ကောင်းပြီ ဟဲ့ လိပ် ရှေ့သွား”
‘ရှေ့သွား’ ဟု သူ ပြောလိုက်သည်နှင့် မှီခိုရာဂိုဏ်းချုပ်က တွေးပင်မတွေးမိဘဲ ရှေ့သို့ ရွေ့လျားသွားသည်။ အချိန်အနည်းငယ်ကြာသော် သူသည် မန်ဟို မြင်းစီးနေသကဲ့သို့ အမိန့်ပေးနေသည်ကို အလိုလို လိုက်လုပ်နေမိကြောင်း သဘောပေါက်လိုက်သဖြင့် ပေါက်ကွဲတော့သည်။
“ငါ မင်းကို စားပစ်မယ်၊ စားပစ်မှာ ကြားလား”
သူက တဆတ်ဆတ် တုန်ရီလျက် ခေါင်းမော့တော့မည့်အချိန်မှာပင် မန်ဟိုက စိုးရိမ်တကြီးပြောသည်။ “လိမ္မာတယ်နော် လိမ္မာတယ်”
တစ်ချိန်တည်းမှာပင် သူက ပဉ္စမမိစ္ဆာချုပ်နှောင်မန္တန်အက်ကွဲကြောင်းကို မှီခိုရာဂိုဏ်းချုပ်၏ ခေါင်းညာဘက်ခြမ်းသို့ ပစ်လွှတ်လိုက်ရာ မှီခိုရာဂိုဏ်းချုပ်မှာ ချက်ချင်း ပြန်လှည့်လိုက်ရသည်။ ထပ်မံ၍ သူ့မှာ မန်ဟို ပြောသည့်အတိုင်း အလိုလို လိုက်လုပ်နေမိတော့သည်။
“မန်ဟို” မှီခိုရာဂိုဏ်းချုပ်က ခေါင်းနောက်လှန်၍ ဟိန်းဟောက်လိုက်သည်။ အသံသည် ကြယ်တာရာကောင်းကင်အတွင်းသို့ ပဲ့တင်ထပ်သွားပြီး သိပ်မလှမ်းမကမ်းတွင် အသက်လုပြေးနေရသော လီလင်းအာမှ ကြားလိုက်ရသည်။
လီလင်းအာ၏ပါးစပ်မှ သွေးများစီးကျနေပြီး သူမ၏လှပသောမျက်နှာလေးမှာ လူသေကောင်သဖွယ် ဖြူဆုပ်နေလေသည်။ သူ့အဝတ်အစားများက စုတ်ပြဲနေပြီး သူမအသားတို့လည်း နေရာအတော်များများတွင် စုတ်ပြတ်နေသည်။ သူမမှာ အတင်းအကြပ် အခွင့်အရေးယူခံထားရသည့်အလားပင်။
သူမနဖူးပေါ်တွင် သွေးများ စီးကျပြီး ကြယ်တာရာကောင်းကင်ထဲသို့ စက်လက်စက်လက် ကျနေသော ဟက်တက်ကွဲဒဏ်ရာရှိသည်။
သူမဆံပင်များမှာ ဖွာလန်ကြဲနေပြီး ရှေ့ဆက်သွားနေသည်နှင့်အမျှ သူမအရှိန်အဝါမှာ အားနည်းလာနေသည်။
သို့သော် သူမမျက်ဝန်းများသည် အမျက်ဒေါသတို့ဖြင့် မီးဝင်းဝင်းတောက်နေ၏။ မျိုးနွယ်စုမှ အောင်အောင်မြင်မြင် ထွက်ပြေးလာပြီးနောက် နဝမပင်လယ်သို့ သွားနေသောလမ်းခုလတ်တွင် ယခုလို ကြောက်စရာကောင်းသော ကျင့်ကြံသူတစ်ယောက်နှင့် ပက်ပင်းတိုးလိမ့်မည်ဟု သူမ မည်ကဲ့သို့ ထင်ထားမည်နည်း။
သူ့ကိုယ်သူ ရီဖဇီဟုခေါ်သော လူငယ်မှာ လုံးဝ သူစိမ်းဖြစ်၍ အခြားဂိုဏ်းများ၊ မျိုးနွယ်စုများမှ ရွေးချယ်ခံမဟုတ်ကြောင်း သူမ သေချာသိသည်။ သို့သော်… သူ့ထံမှ လာနေသော ကြောက်မက်ဖွယ်လှိုင်းများကို ခံစားနေရသေးလေသည်။
အထွတ်အထိပ်အင်မော်တယ်နယ်ပယ် ကျင့်ကြံခြင်းအခြေခံအား ပိုင်ဆိုင်ထားသည့်တိုင် လီလင်းအာမှာ ရီဖဇီ၏ နတ်ဘုရားစွမ်းရည်များအား အမွှေးတိုင်ဝက်ထွန်းစာမျှသာ တောင့်ခံနိုင်ခဲ့သည်။ ပိုင်ဆိုင်ထားသော အသက်ကယ်သိုင်းကွက်များကြောင့်သာမဟုတ်လျှင် သူမ သေချာပေါက် သေဆုံးသွားခဲ့ပြီးလေပြီ.
“ဒီလူက ဘယ်သူလဲ” သူမက သေစေနိုင်သောအန္တရာယ်အာရုံတို့ ပြည့်နှက်လာသဖြင့် နှုတ်ခမ်းကို ကိုက်ရင်း တွေးလိုက်သည်။
“မင်း ပြေးမလွတ်ပါဘူး” ရီဖဇီက သူ့လက်မှ သွေးတချို့ကို လျက်ရင်း ပြောသည်။ သူ့မျက်လုံးများသည် ဆန်းကြယ်စွာ တောက်ပနေပြီး သူက မဆိုစလောက် ပြုံးနေသည်။ သူကား အလျင်မလိုပေ။ သူ့တာအိုစောင့်ရှောက်သူက ဤမိန်းကလေးကို သူသတ်လိုက်လျှင် သူ၏နတ်မီးလျှံစမ်းသပ်ပွဲပြီးဆုံးမည်ဟု ပြောခဲ့သည်မဟုတ်ပါလော။ ထို့ကြောင့် အချိန်ရလောက် အပျော်ရှာချင်သေးလေသည်။
အဆုံးသတ်တွင် ထိန်းမနိုင်သိမ်းမရအောင် ဖြစ်ပျက်ခဲ့လျှင်တောင်မှ သူ့အနေဖြင့် နောက်ဆက်တွဲအား ရင်ဆိုင်စရာမလိုပေ။ သူ့တာအိုစောင့်ရှောက်သူက ဖြစ်ပေါ်လာနိုင်သော အခက်အခဲဟူသမျှကို ဖြေရှင်းပေးလိမ့်မည်။ အမှန်တွင် သူ စဉ်းစားရသရွေ့ သူ့တာအိုစောင့်ရှောက်သူက အကုန်လုံးနှင့်ပတ်သက်ပြီး သတိရှိလွန်းနေခြင်းဖြစ်သည်။
“မင်း အင်မော်တယ်ဖြစ်လည်း အရေးမကြီးဘူး” ရီဖဇီက တဟားဟား ရယ်ရင်း ပြောသည်။ “ငါ့သားကောင်ဖြစ်ရတာ မင်း ဂုဏ်ယူသင့်တယ်။ ငါလာတဲ့နေရာမှာ ငါ့အဆင့်အတန်းက ဘာလဲဆိုတာ မင်းမှန်းတောင် မကြည့်နိုင်ပါဘူး” သူက စကားပြောနေစဉ် သူ့ညာလက်ဖြင့် ရှေ့သို ကုတ်ခြစ်လိုက်သည်။ ဖောင်းခနဲ လီလင်းအာ၏အဝတ်အစားများ ပိုမိုစုတ်ပြဲကုန်သည်။ ပေါက်ကွဲအားက အင်မတန် ပြင်းထန်သဖြင့် သူမသာ အချိန်မှီမရှောင်နိုင်ခဲ့လျှင် ဒဏ်ရာအပြင်းအထန် ရသွားလောက်ပေမည်။
အဓိကပေါက်ကွဲမှုကို ရှောင်လိုက်နိုင်သည့်တိုင် သူမမှာ သွေးတစ်လုပ်အန်လိုက်ရသေးပြီး မျက်နှာဖြူဆုပ်သွားလေသည်။ သူမအရှိန်အဝါသည် ပို၍ပင် အားနည်းလာပြီး သူမ၏အသက်မီးတောက်မှာ ငြိမ်းခါနီးဆဲဆဲ ဖြစ်လာ၏။
“သူက နဝမတောင်ပင်လယ်က ကျင့်ကြံသူမဟုတ်ဘူး” သူမက အံတင်းတင်းကြိတ်ရင်း တွေးလိုက်သည်။ သူမသည် ကျောက်စိမ်းပြားမှတစ်ဆင့် မျိုးနွယ်စုထံသို့ အရေးတကြီးသတင်းပို့ထားပြီး၍ နည်းနည်းထပ်တောင့်ခံထားနိုင်လျှင် တစ်ယောက်ယောက် သူမကို လာကယ်မည်ဖြစ်ကြောင်း ယုံကြည်ချက်ရှိ၏။
“ဘာအတွက် ပြေးနေတာလဲ” ရီဖဇီက ပြောသည်။ “ငါ မင်းကို မှတ်မိတယ်၊ မင်းက လီလင်းအာမလား။ ရိုးရိုးအင်မော်တယ်တောင် မဟုတ်ဘူး ၊ အစစ်အမှန်အင်မော်တယ်။ ငါ ကျင့်ကြံအားထုတ်နေခဲ့တာ နှစ်နဲ့ချီပြီ။ အင်မော်တယ်သွေးကို တစ်ခါမှ မသောက်ခဲ့ဖူးဘူး။ ကြည့်ရတာ အတော်လေး ချိုမယ့်ပုံပဲ” သူက တဟားဟားရယ်ရင်း လီလင်းအာ၏သွေးနံ့တို့ကို ရှူရှိုက်ပြီး မျက်လုံးများ တောက်ပလာသည်။
“ဪ ငါ သိပြီ။ မင်းက အချိန်ဆွဲဖို့ ကြိုးစားနေတာကိုး။ မင်းမျိုးနွယ်စုက တစ်ယောက်ယောက် မင်းကို လာကယ်မှာ စောင့်နေတာ။ ကဲ ဆက်စောင့်ကြတာပေါ့။ တစ်ယောက်ယောက် လာမလားမြင်ရအောင်။ မင်းကျောက်စိမ်းပြားက စာကို ဘယ်သူရမလဲတွေ့မှာပါ” ရီဖဇီက လက်ချောင်းတစ်ချောင်းကို ဝှေ့ယမ်းလိုက်ကာ လေပြင်းတစ်ချက်အား တိုက်ခတ်သွားစေသည်။ ၎င်း လီလင်းအားကို ချေမှုန်းတော့မည့်အချိန်မှာပင် မရေမတွက်နိုင်သော နွယ်ပင်များ ပြည့်နှက်နေသည့် အစိမ်းရောင်အလင်းက သူမကို ဝန်းရံသွားသည်။
တဝေါဝေါလေသံများနှင့်အတူ နွယ်များမှာ တစစီ ပြတ်ထွက်သွားသည်။ လီလင်းအာမှာ သွေးအန်လိုက်ရပြန်သည်။ သူမအမြင်တို့ ဝေဝါးလာပြီး နာကျင်မှုကြောင့် သူမမျက်လုံးများသည် အားငယ်ဝမ်းနည်းမှုတို့ ပြည့်နေတော့၏။
အချိန်ကြာနေပြီဖြစ်ရာ မျိုးနွယ်စုသာ သူမစာကို ရလျှင် တစ်ယောက်ယောက် သေချာလာခဲ့ပြီးလေပြီ။ ဘယ်သူမှ မရှိသည်ကို ထည့်တွက်လျှင် သူမပြိုင်ဘက်က ဤဖြစ်နိုင်ခြေအတွက် သေချာပေါက် ပြင်ဆင်ထားပြီး ဖြစ်လိမ့်မည်။
“မပူပါနဲ့” ရီဖဇီက ရယ်သည်။ “ငါ ညင်သာပေးပါ့မယ်။ မသေခင် ငါ့ကို ကောင်းကောင်း ပြုစုပေး ပြီးမှ … မင်းခန္ဓာကိုယ်ကို တစစီ စုတ်ဖြဲပစ်မယ်။ မင်းသွေးကို သုံးပြီး … ငါ့တာအိုမှော်သိုင်းကို ပူဇော်ရမယ်
“အင်မော်တယ်ကို သတ်ပြီး တာအိုကို ရယူခြင်း ၊ ငါ့အခြေခံဖြစ်လာပေးဖို့ မင်းကိုယ်ကို သိမ်းပိုက်မယ်” သူက တဟားဟား ရယ်ရင်း လီလင်းအာအနား ချဉ်းကပ်လာသည်။
ဤအခိုက်အတန့်တွင် အားကောင်းသော ဟိန်းဟောက်သံကြီးက လှိုင်းဂယက်များကို အရပ်လေးမျက်နှာသို့ ဖြာထွက်သွားစေရင် ကြယ်တာရာကောင်းကင်တစ်ခွင် ပဲ့တင်ထပ်သွားသည်။
“မန်ဟို”
ဟိန်းဟောက်သံထဲတွင် ပါရှိနေသော စကားလုံးနှစ်လုံးက လီလင်းအာ၏မျက်လုံးများကို ရွှန်းလဲ့တောက်ပလာစေသည်။ ချက်ချင်းပင် သူမသည် အံကြိတ်ရင်း အသံလာရာသို့ အမြန်ဆုံး ဦးတည်သွားတော့၏။
သူမမှာ ကျင့်ကြံခြင်းအခြေခံမှ မည်သည့်အရာကိုမှ မထိမ်ချန်ထားတော့ပေ။ သူမသည် ကြောက်မက်ဖွယ် ယာယီအမြန်နှုန်းကို ရရှိအောင် သူမ၏အင်မော်တယ်အကြောများကို လောင်ကျွမ်းသွားစေသော လျှို့ဝှက်သိုင်းကွက်များကို ထုတ်လွှတ်လိုက်၏။
ရီဖဇီ၏မျက်နှာ မည်းမှောင်သွားသည်။ စိတ်ထဲတွင် သူသည် အမှန်တကယ် လန့်သွားခြင်းဖြစ်သည်။ ဟိန်းဟောက်ခံနေရသော စကားလုံးများကို သူ ဂရုမစိုက်သော်လည်း ဟိန်းဟောက်သံထဲတွင် သူ့ခေါင်းအား ပေါက်ကွဲတော့မတတ် ထုံကျင်သွားစေသည်အထိ ကြောက်စရာကောင်းသော အရှိန်အဝါပါရှိနေသည်ကိုတော့ သူ လျစ်လျူမရှုနိုင်ပေ။
ဤအခိုက်အတန့်တွင် သူ့တာအိုစောင့်ရှောက်သူ၏အသံအား နားထဲတွင်ကြားလိုက်ရသည်။
“ငါ ခြုံထည်မှော်အစွမ်းကို ဖြန့်ကျက်ထားပြီးပြီ။ ကစားမနေနဲ့တော့။ တိုက်ပွဲကို အဆုံးသတ်ပြီး အင်မော်တယ်ကို သတ်လိုက်တော့။ မင်းရဲ့ နတ်မီးလျှံစမ်းသပ်ပွဲပြီးတာနဲ့ ငါတို့ ဒီလောကကနေ ထွက်သွားမယ်”
ရီဖဇီ၏မျက်လုံးများး လင်းလက်သွားသည်။ သူက ပြန်မပြောသော်လည်း သူ့အမြန်နှုန်းကို ကြောက်စရာကောင်းလောက်အောင် မြှင့်တင်လိုက်သည်။ မျက်စိတစ်မှိတ်အတွင်း သူကား လီလင်းအာနောက်မှ ထပ်ကြပ်မကွာလိုက်သွားသော အလင်းတန်းတစ်တန်းအသွင် ပြောင်းသွားသည်။ အံ့မခန်းလိလိ အသတ်အဖြတ်စိတ်ဆန္ဒက သူ့ထံမှာ လိမ့်ထွက်လာ၏။
တဖြေးဖြေး သူ့အနောက်တွင် ခေါင်းသုံးလုံးမြွေနက်တစ်ကောင် ပေါ်လာသည်။ ၎င်းသည် တွန်လိုက်ပြီး တောင်ကိုးလုံးနှင့်ပင်လယ်ကိုးစင်းရှိ မည်သည့်အရာနှင့်မှ မတူသော မကောင်းဆိုးဝါးစိတ်ဆန္ဒတစ်ခုကို ထုတ်လွှတ်လိုက်သည်။
ထိုစိတ်ဆန္ဒသည် မိုးနှင့်မြေ၏ အဆိုးယုတ်ဆုံး မကောင်းဆိုးဝါးဆန်မှုနှင့် တူသည်။
မြားတစ်စင်း လေကို ခွင်းသွားသကဲ့သို့ လေတိုးသံအား ကြားလိုက်ရသည်။ ရီဖဇီသည် လီလင်းအာနှင့် နီးသထက် နီးလာသည်။ အသက်ဆယ်ရှိုက်ကြာသော် သူနှင့် လီလင်းအာအကြားက အကွာအဝေးသည် မီတာသုံးရာသာ ရှိတော့လေပြီ။
ဤအခိုက်အတန့်တွင် လီလင်းအာမှာ ကြယ်စင်တာရာများအကြား မျောနေသော မြေထုကြီးကို လှမ်းမြင်လိုက်သည်။ ၎င်းက မန်ဟို အရက်သောက်ရင်း ခေါင်းဖော်တွင် ထိုင်နေသော မှီခိုရာဂိုဏ်းချုပ်ဖြစ်သည်။
“မန်ဟို” သူမက သူ့ကို မြင်မြင်ချင်း လှမ်းအော်လိုက်သည်။ သို့သော် ကျယ်လောင်စွာ အော်လိုက်သည့်တိုင် မန်ဟိုက သူမကို လျစ်လျူရှုထားပုံပေါ်နေသည်။
“သူ မင်းကို မမြင်နိုင်ဘူး” ရီဖဇီက အေးစက်စက်ပြောသည်။ “သူ မြင်နိုင်ရင်လည်း ငါ ဒီနေ့ အင်မော်တယ်နှစ်ဦးသတ်ရဖို့ ဝမ်းနည်းမနေဘူး” သူက လီလင်းအာထံသို့ ညာလက်ကို ဝှေ့ယမ်းလိုက်ကာ သူမပါးစပ်မှ သွေးများထပ်မံ ပန်းထွက်လာစေသည်။ သူမသည် သူမနှင့် မန်ဟိုမှာ အလွန်နီးကပ်နေသည့်တိုင် အလွှာတစ်လွှာခြားနေသည့်အလား သူ့အတွက် သူမကို မမြင်နိုင်ဖြစ်နေသည်ကိုလည်း ခံစားလိုက်ရသည်။
“ရီဖဇီက တစ်ယောက်တည်း လှုပ်ရှားဖို့ ဟာကွက်မရှိ ပြင်ဆင်ထားတယ်။ သူ တစ်ယောက်ယောက်နဲ့ အတူတူ လုပ်နေတာပဲ ဖြစ်မယ်။ မန်ဟို ငါ့ကို မမြင်နိုင်မှတော့ ထားလိုက်တာပဲ ကောင်းတယ်။ သူ ငါ့ကို မြင်ရင်တောင်မှ ဒီအခြေအနေထဲ ဆွဲသွင်းနေသလို ဖြစ်မှာ။ ငါ ဘယ်လိုလုပ် သူ့ကိုလည်း ဒုက္ခပေးရဦးမှာလဲ”
ခါးသီးမှုနှင့် ပူဆွေးမှုတို့ ပြည့်နှက်နေသည့်တိုင် လီလင်းအာ၏မျက်လုံးများသည် ခိုင်မာပြတ်သားသောစိတ်ဆန္ဒဖြင့် ဝင်းလက်သွား၏။ ရီဖဇီ၏လက်ဝါးရိုက်ချက် သူမအနားရောက်လာသည့်အချိန်မှာပင် သူမသည် သူမ၏အင်မော်တယ်အကြောများကို ဖောက်ခွဲပစ်ရန် ရွေးချယ်လိုက်သည်။ သူမပါးစပ်မှ သွေးများ ပန်းထွက်သွားစဉ် ပေါက်ကွဲမှုအားက သူမအား … အင်မော်တယ်အပျက်အစီးများထံသို့ တန်းတန်းမတ်မတ် လွင့်ထွက်သွားစေသည်။
“ရီဖဇီရဲ့ လက်ထဲမှာထက်စာရင် အင်မော်တယ်အပျက်အစီးနယ်ထဲမှာဖြင့် အသက်ရှင်နိုင်ခြေပိုများဦးမယ်” သူမက အပျက်အစီးများထံသို့ အမြန်ဆုံးပျံသန်းသွားရင်း တွေးလိုက်သည်။
***