← Chapters

အင်ပါယာများ၏ လမ်းစဉ်လော

Vol. 195 Ch. 2778

အင်ပါယာများ၏ လမ်းစဉ်လော

Vol. 195 Ch. 2778

ကောင်းကင်ဒေသမှ လူများသည် ချီးကျူးထောပနာများဖြင့် လက်ခုပ်လက်ဝါး တီးကြသည်။ လူသားဘိုးဘေးက တိဟောက်နှင့် ဒွန်ဟောင်တိယွမ်ကို လက်ထပ်ပေးလိုခဲ့သည်။ အရှင်ဒွန်ဟောင်က တိဟောက်သည် ယောက္ခမအိမ်ပါမည့် သားမက်ဟု မှတ်ယူခဲ့သည်။ သို့သော် ထိုသို့ပင်လျှင် သူသည် မထိုက်တန်သေးပေ။

မှော်နက်နန်းတော်အတွင်း၌ လူရိပ်တစ်ခုက အဝေးသို့ ငေးကြည့်နေသည်ကို မြင်ရ၏။

အပြင်လောကများ၌ မဟာအင်ပါယာများသည် ဒွန်ဟောင်အင်ပါယာနန်းတော်သို့ သွားခဲ့ကြသည်ဟူသော ကောလာဟလများ ပျံ့နှံ့နေသည်။ သို့သော် အမှန်တွင် သူတို့ မသွားခဲ့ကြပေ။ သို့ပေသည့် သူတို့သည်လည်း သတင်းများကို နားစွင့်နေခဲ့ကြသည်။ မှော်နက်အရှင်သည် အရှင်ဒွန်ဟောင်၏ အဖြေကို ကြားပြီးနောက် ပြုံး၍ မှတ်ချက်ချလိုက်သည်။

“ဒွန်ဟောင်က သတ္တိတော့ အကောင်းသား”

ဤကဲ့သို့သော ထိလွယ်ရှလွယ်အချိန်တွင် လူသားဘိုးဘေး၏ ကမ်းလှမ်းမှုသည် ကမ်းလှမ်းမှုထက် ပိုပေသည်။ သူသည် အရှင်ဒွန်ဟောင်၏ သဘောထားကို စမ်းသပ်လိုခဲ့ခြင်း ဖြစ်မည်။ သို့ရာတွင် အရှင်ဒွန်ဟောင်သည် မယဉ်ကျေးသည့် အဖြေကို ပေးခဲ့သည်။ ထို့ကြောင့် ထိုအင်အားစုနှစ်စုကြားမှ စိတ်ဝမ်းကွဲမှုသည် သိသိသာသာ တိုးပွားလာခဲ့လေသည်။

မှော်နက်အရှင်သည် အရာအားလုံး မည်သို့ ဖြစ်လာမည်ကို စိတ်ဝင်စားနေသည်။

ကျန်မဟာအင်ပါယာများသည်လည်း ထိုသတင်းကို လက်ခံရရှိပြီးနောက်တွင် အတွေးကိုယ်စီ ဖြစ်သွားကြသည်။

ရုတ်တရက် ဘုံခြောက်ခု၏အခြေအနေသည် ယိုင်နဲ့နဲ့ဖြစ်လာပြီး ခန့်မှန်း၍မရနိုင်ဖြစ်လာသည်။ အပေါ်ယံ မဟာမိတ်သည် မည်မျှ သန်မာမည်နည်း။

ထိုအချိန်တွင် ရီဖူရှင်းနှင့် အခြားသူများသည် ထိုအကြောင်းကို ရီအင်ပါယာနန်းတော်အပြင်၌ ဆွေးနွေးနေကြသည်။ ဓားဧကရာဇ်အရှင်က ပြောလိုက်၏။

“အရှင်ဒွန်ဟောင်က ကမ်းလှမ်းချက်ကို ငြင်းမယ်လို့ ကျုပ်တို့သိထားခဲ့ပေမယ့် သူက အဲဒီလိုစော်ကားမော်ကား အပြုအမူနဲ့ အဖြေပေးလိမ့်မယ်လို့တော့ မထင်ထားခဲ့ဘူး။ ကြည့်ရတာ သူက လူသားဘိုးဘေးကို အပြစ်ပြုမိခဲ့တဲ့ပုံပဲ”

“ကျုပ် အစောက အားလုံးရဲ့ အမြင်တွေကို မေးခဲ့တယ်။ အားလုံးကလည်း အရှင်ဒွန်ဟောင် ငြင်းလိမ့်မယ်လို့ တွေးခဲ့ကြတယ်။ လူသားဘိုးဘေးက အရူးတစ်ယောက် မဟုတ်ဘူး။ တကယ်လို့ ရလဒ်ကို ကျုပ်တို့တောင် ခန့်မှန်းနိုင်ရင် ဘာလို့ သူက သူ့လူတွေကို စေ့စပ်ကြောင်းလမ်းဖို့ ပို့နေမလဲ။ ဒီလုပ်ရပ်ရဲ့ နောက်ကွယ်က အကြောင်းအစစ်အမှန်က မြင်ရတာထက် ပိုလိမ့်မယ်လို့ ကျုပ် ယုံကြည်တယ်”

ရီဖူရှင်း မျက်မှောင်ကြုတ်၍ ဆက်ပြောလိုက်၏။

“ဘာလို့ လူသားဘိုးဘေးက အဲဒီလို လုပ်ခဲ့တာလဲ”

“လူသားဘိုးဘေးက လက်ထပ်ဖို့ ကမ်းလှမ်းတာကို အရှင်ဒွန်ဟောင် ဘယ်လိုတုံ့ပြန်မလဲ ဒါမှမဟုတ် သူရဲ့သဘောထားက ဘယ်လိုရှိလဲဆိုတာ စမ်းသပ်တာဖြစ်နိုင်တယ်ဆိုတဲ့ အချက်ကို ဖယ်ထားလို့တော့ မရဘူး”

ဓားဧကရာဇ်အရှင်က ဆက်ပြောလိုက်၏။

“ဒါပေမဲ့ ဘာလို့ လူသားဘိုးဘေးက အရှင်ဒွန်ဟောင်ကို စမ်းသပ်ရမှာလဲ”

“အင်း... သူတို့က အစကတည်းက ဆက်ဆံ‌ရေး သိပ်အဆင်မပြေဘူးလို့ ယူဆမှ အဲဒီအတွေးက အဓိပ္ပာယ်ရှိလိမ့်မယ်။ သူတို့က တစ်ယောက်ကိုတစ်ယောက် မုန်းနေကြတာကို သိပေမယ့် အဆင်ပြေချင်ယောင် ဆောင်ခဲ့ကြတာဖြစ်မယ်”

“အဲဒါက အင်ပါယာရီချင်ရဲ့ သေဆုံးမှုနဲ့ တစ်နည်းနည်းသက်ဆိုင်နေလောက်တယ်”

ဓားဧကရာဇ်အရှင်က ထပ်ပြောလိုက်၏။

“အရင်တုန်းက အင်ပါယာရီချင်သေသွားတာနဲ့ ပတ်သတ်ပြီးတော့ ဇာတ်လမ်းအမျိုးမျိုး ရှိခဲ့တယ်။ မဟာအင်ပါယာနှစ်ပါးရဲ့ တိုက်ပွဲက အရှင်ဒွန်ဟောင်က စခဲ့တာ။ သူက စွမ်းအား၊ အာဏာနဲ့ ပလ္လင်ကို တပ်မက်ခဲ့တယ်။ အဲဒါကြောင့် သူက အင်ပါယာရီချင်ကို သတ်ပြီး သူ့ရဲ့ လက်အောက်ငယ်သားတွေအများကြီးကို သုတ်သင်ပစ်တဲ့အထိ လုပ်ခဲ့တာ။ အဲဒါက တကယ့်ကို သတ်ပွဲကြီးပဲ။ အဲဒါကြောင့်လည်း သူက အမြဲ ရှုတ်ချစရာ အကြောင်းတစ်ခု ဖြစ်ခဲ့တာလေ။ ကောင်းကင်ဒေသက ဘယ်သူမှ အဲဒီသတ်ပွဲကြီးအကြောင်းကို မပြောဝံ့ကြဘူး။ နောက်တော့ တဖြည်းဖြည်းနဲ့ အဲဒီအကြောင်းက တားမြစ်ချက် ဖြစ်လာတယ်။ အဲဒါတွေဖြစ်ခဲ့တာ နှစ်လေးရာတောင် ကြာခဲ့ပြီ။ ပြန်တွေးကြည့်ရင် ဒွန်‌ဟောင်က အဲဒီအချိန်တုန်းက အပြင်လောကရဲ့ ဖိအားတွေကို ခံစားခဲ့ရတဲ့ပုံပဲ”

“အဲဒီလိုဆိုရင် လူသားဘိုးဘေးကလည်း အင်ပါယာရီချင်ကို သေစေချင်ခဲ့မှာပဲ”

ရီဖူရှင်း ရေရွတ်လိုက်ပြီး ယခင်က မှော်နက်အရှင် သူ့ကို ပြောခဲ့သော တစ်စုံတစ်ရာကို ပြန်အမှတ်ရသွားသည်။ ဓားဧကရာဇ်၏စကားသာ မှန်လျှင် မှော်နက်အရှင်ပြောခဲ့သောအရာသည် အကြောင်းအကျိုး လျော်ညီသွားပေလိမ့်မည်။ ထိုစဉ်က လူသားဘိုးဘေးသည် မှော်နက်အရှင်နှင့် တစ်ဘက်တည်း ရပ်တည်ခဲ့သည်။ ကောင်းကင်ဒေသ၏ မဟာအင်ပါယာနှစ်ပါးထဲက တစ်ပါးသာ ကျန်ခဲ့နိုင်ပေမည်။

ထို့ကြောင့် အသနား၊ အညှာတာ ကင်းမဲ့သော အစုလိုက်အပြုံလိုက် သတ်ဖြတ်ပွဲကြီး ဖြစ်လာခဲ့သည်။

မည်သို့ပင်ဖြစ်စေ အရှင်ဒွန်ဟောင်သည် တစ်ချိန်လည်း သူနှင့်အတူ အပြစ်ရှိစိတ်ကို သယ်ဆောင်ထားခဲ့ပေသည်။ သို့ကြောင့်သာ သူသည် ရီဖူရှင်းကို မသတ်ဘဲ ချမ်းသာပေးထားခြင်းဖြစ်သည်။

ထိုသို့သာဆိုလျှင် ကိစ္စများသည် ပို၍ အဓိပ္ပာယ်ရှိပေလိမ့်မည်။

သို့သော် အရှင်ဒွန်ဟောင်အကြောင်းတွင် ရီဖူရှင်း နားမလည်နိုင်သည့် အကြောင်းတစ်ခု ရှိနေပေသေးသည်။ သူ သူ၏ဆရာ ချီရွှမ်ကန်းနှင့် စကားပြောခဲ့စဉ်က ချီရွှမ်ကန်းသည် အရှင်ဒွန်ဟောင်ကဲ့သို့ ထူးချွန်သူများသည် မယိမ်းမယိုင် ခိုင်မာသော ယုံကြည်ချက်ရှိကြသည်ဟု ပြောခဲ့သည်။ နတ်ဆိုးအင်ပါယာနှင့် မှော်နက်အရှင်တို့သည် သူတို့၏အတွေးများနှင့် ယုံကြည်ချက်များကို မဖုံးကွယ်ထားကြပေ။ ၎င်းတို့သည် အတော်လေး ရှင်းလင်းပေါ်လွင်ပေသည်။

အရှင်ဒွန်ဟောင်မှာကား အသို့နည်း။

အရှင်ဒွန်ဟောင်ကို နားလည်နိုင်ရန် သူ အရှင်ဒွန်ဟောင်၏ ယုံကြည်ချက်နှင့် ပန်းတိုင်ကို သိရန် လိုပေသည်။

သို့သော် အရှင်ဒွန်ဟောင်၏ တပည့်များသည်ပင် အရှင်ဒွန်ဟောင်၏ ယုံကြည်ချက်နှင့် ပန်းတိုင်ကို သိကြလောက်မည် မဟုတ်ပေ။

“ဒီကိစ္စက ဘုံခြောက်ခုကို ဘယ်လို သက်ရောက်စေမယ်ဆိုတာ ကျုပ်တို့ မသိဘူး။ ဒါပေမဲ့ အခုလောလောဆယ်တော့ ဒီကိစ္စက ကျုပ်တို့နဲ့ ဘာမှ မဆိုင်သေးဘူး။ ကျုပ်တို့ ပြန်သွားသင့်တယ်”

ရီဖူရှင်း ပြောလိုက်၏။ သူသည် ထိုသတင်းကို အလွန်အလေးအနက်ထားပေသည်။ မဟုတ်လျှင် သူသည် အပြင်သို့ ထွက်လာမည် မဟုတ်ပေ။

ထိုကိစ္စသည် လက်ရှိတွင် သူတို့နှင့် မည်သို့မှ မသက်ဆိုင်သေးသော်လည်း ထိုကိစ္စသည် ဘုံခြောက်ခု၏ အနာဂတ်အပေါ် အကျိုးသက်ရောက်စေလိမ့်မည်ဟု သူတွေးမိသည်။

အကယ်၍ လူသားဘိုးဘေး၏ ရည်ရွယ်ချက်သည် အရှင်ဒွန်ဟောင်၏ သဘောထားကို စမ်းသပ်ရန်ဖြစ်လျှင် သူ ရလဒ်ကို သိပြီးနောက်တွင် မည်သို့ဆက်လုပ်မည်နည်း။

ယခုတွင် ထိုမေးခွန်း၏ အဖြေကို မည်သူမှ ဖြေရန် မလိုအပ်သေးပေ။

သို့ဖြင့် သူတို့အားလုံးသည် ရီအင်ပါယာနန်းတော်သို့ ပြန်သွားလိုက်ကြပြီး ထိုကိစ္စကို သူတို့၏အတွေးများနောက်သို့ ပို့ထားလိုက်လေသည်။ သူတို့အတွက် အရေးအကြီးဆုံးအရာမှာ သူတို့၏ကျင့်ကြံခြင်းတွင် အာရုံစိုက်ရန်ဖြစ်သည်။

တစ်လကြာပြီးနောက် အဘိုးမာသည် ရီအင်ပါယာနန်းတော်အတွင်း၌ ကျင့်ကြံနေသော ရီဖူရှင်းထံ ခပ်သုတ်သုတ်ရောက်လာပြီး တစ်ယောက်ယောက်က ရီဖူရှင်းကို တွေ့လိုနေကြောင်း တင်ပြလိုက်သည်။

ရီဖူရှင်းသည် အင်ပါယာနန်းတော်၏ မဟာခန်းမအပြင်မှ လှေကားပေါ်တွင် ရပ်ရင်း အရှေ့သို့ ကြည့်လိုက်ရာ လူရိပ်တစ်ခုကို လှေကားကို အသုံးမပြဘဲ လေထဲမှ ပျံလာသည်ကို တွေ့လိုက်ရ၏။ ရီအင်ပါယာနန်းတော်မှ ကျင့်ကြံသူအများစုသည် ထိုလူနှင့်ပတ်သတ်၍ မကျေနပ်ကြပေ။ သို့သော် ထိုလူသည် စွမ်းအားကြီးအရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေပြီး နတ်အလင်းက သူ့ခန္ဓာကိုယ်ကို လှည့်ပတ်နေသဖြင့် သူသည် ထိပ်သီးကျင့်ကြံသူတစ်ဦး ဖြစ်ရပေမည်။

ခေတ္တမျှကြာပြီးနောက် အစိမ်းရောင်ဝတ်စုံဝင်ဆင်ထားသည့် သေးသွယ်သော လူတစ်ယောက်သည် ရီဖူရှင်း၏အရှေ့တွင် ရပ်လိုက်ပြီး သူ့ကို စူးရှကာ မတူမတန်ဟန်ရှိသည့် အကြည့်ဖြင့် ကြည့်သည်။ ထိုသူထံမှ ဝင့်ဝါသည့် အငွေ့အသက်တစ်ခု ရနေပြီး သူသည် ရီဖူရှင်းကို မလေးစားပေ။

ရီဖူရှင်းသည် ထိုသူကို စေ့စေ့စပ်စပ် ကြည့်ရှုပြီးသောအခါ မဖိတ်ခေါ်ဘဲ ရောက်လာသည့် ထိုဧည့်သည်ကို သူယခင်က မြင်ဖူးကြောင်း သေချာသွားသည်။

ထိုစစ်ပွဲအတွင်း၌ တိဟောက် ဒဏ်ရာရသွားပြီးနောက် လူသားဘုံမှ စွမ်းအားကြီးကျင့်ကြံသူများစွာသည် ကောင်းကင်အလွန် ကောင်းကင်မှနေ၍ နတ်ဘုရားကုန်းမြေသို့ လာခဲ့ကြ၏။ ထိုကျင့်ကြံသူများသည် ရှေးခေတ်မှလူများဖြစ်ပြီး ထိုထဲမှ အချို့သည် အမြင့်ဆုံးကျင့်ကြံခြင်းအဆင့်များ ရှိကြသည်။ ယခုဧည့်သည်,သည် ထိုသူများထဲမှ တစ်ယောက်ဖြစ်သည်။

လူသားဘုံမှ ကျင့်ကြံသူတစ်ယောက်သည် ရီအင်ပါယာနန်းတော်သို့ လာခဲ့ပေပြီ။ ထိုအရာသည် လက်ထပ်ရန် ကမ်းလှမ်းချက်ကြောင့် ဖြစ်လာသော အကျိုးဆက်ပေလော။

ရီဖူရှင်းသည် ဆိတ်ဆိတ်သာ ဆက်နေလိုက်ပြီး ဧည့်သည်ကို တည်ငြိမ်စွာ စိုက်ကြည့်နေလေသည်။ ထို့နောက်တွင် သူသည် မမြင်နိုင်သော အရှိန်အဝါတစ်ခုကို ထုတ်လွှတ်လိုက်ပြီး နတ်အလင်းသည် သူ့ခန္ဓာကိုယ်ကို လွှမ်းခြုံသွားသည်။ ရီအင်ပါယာနန်းတော်၏ မြေပေါ်တွင် ထိုကဲ့သို့ ပြုမူခြင်းသည် ရိုင်းစိုင်းရာကြသည် မဟုတ်ပါလား။

သူတို့၏ စွမ်းအားကြီး အရှိန်အဝါများ ထိခတ်သွားသောအခါ ရီဖူရှင်းသည် ထိုသူမှာ ကောင်းကင်နှင့်မြေကြီးနှင့် တစ်သားတည်းဖြစ်နေပြီဟု သတိပြုမိသည်။ သူထုတ်လွှတ်နေသော ဖိအားသည် အလွန်အားကောင်းပြီး တိဟောက်၏ဖိအားနှင့်ပင် ယှဉ်နိုင်ပေသည်။

ရီဖူရှင်း၏ခန္ဓာကိုယ်ပတ်ပတ်လည်တွင် စိမ်းပြာရောင် နတ်အလင်းတစ်ခု လှည့်ပတ်လာပြီး သူသည် ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်လေသည်။ ရုတ်ခြည်းပင် လေထုတစ်ခွင်လုံး တုန်ခါသွားပြီး ကောင်းကင်မှနေ၍ ကောင်းကင်ဩဇာတစ်ခု ဖိနှိပ်ကျဆင်းလာသည်။ သူ ပြောလိုက်၏။

“တကယ်လို့ ခင်ဗျားက ဒီကို ပြဿနာလာရှာတာဆိုရင် ခင်ဗျားကို ရှင်းပစ်ဖို့ ကျုပ် တုံ့ဆိုင်းနေမှာ မဟုတ်ဘူး”

သူသည် ထိုသို့ပြောလိုက်ပြီးနောက် စူးရှသည် အရှိန်အဝါတစ်ခုကို ထုတ်လွှတ်လိုက်သည်။ ဧည့်သည်,သည် ရုတ်ခြည်းပင် ခေါင်းမော့၍ ကြည့်ကာ ပြောလိုက်၏။

“နတ်ဝင်္ကပါတစ်ခု”

ထို့နောက်တွင် သူသည် ရီဖူရှင်းကို စိုက်ကြည့်၍ ပြောလိုက်၏။

“မဆိုးပါဘူး... ဒါပေမဲ့ တကယ်လို့ မင်း အရှင်ဒွန်ဟောင်ကို အနိုင်ယူပြီး လက်စားချေချင်တယ်ဆိုရင် မင်းကိုယ်တိုင် မဟာအင်ပါယာတစ်ပါး ဖြစ်မလာရင် အဲဒါတွေက အနှစ်မရှိတဲ့ စကားတွေပဲ ဖြစ်နေလိမ့်မယ်”

ရီဖူရှင်းသည် ပြန်မပြောလိုက်ဘဲ သူ့ကို တိတ်တဆိတ် ကြည့်နေလိုက်သည်။

“အခု အင်ပါယာတွေရဲ့ လမ်းစဉ်တစ်ခု ပွင့်သွားပြီ။ တကယ်လို့ မင်းသာ ဆန္ဒရှိရင် အဲဒီအင်ပါယာတွေရဲ့လမ်းစဉ်ကို မင်းလျှောက်လှမ်းလို့ရတယ်”

ဧည့်သည်က ပြောလိုက်၏။

“ဘာ အင်ပါယာတွေရဲ့လမ်းစဉ်လဲ”

ရီဖူရှင်း မေးလိုက်သည်။

လူသားဘုံသည် မည်သို့ကြံနေခြင်းနည်း။

“မင်းက ပါရမီရှိတယ်။ မင်းမှာ မဟာအင်ပါယာတစ်ပါးဖြစ်လာဖို့ ပါရမီပါနိုင်လောက်တယ်။ ဒါပေမဲ့ အင်ပါယာတွေ့ရဲ့ လမ်းစဉ်ပေါ်မှာ လျှောက်လှမ်းနိုင်မယ့် အခွင့်အရေးတစ်ခု မရှိဘဲ မင်းအဲဒီအဆင့်ကိုရောက်ဖို့ ဘယ်တော့မှ မျှော်လင့်နိုင်မှာ မဟုတ်ဘူး။ အခု မင်းရဲ့ မျက်စိရှေ့မှာ အခွင့်အရေးတစ်ခု ရှိနေပြီ။ အဲဒီအခွင့်အရေးကို ဆုပ်ကိုင်မယ်၊ မဆုပ်ကိုင်ဘူးကတော့ မင်းရဲ့ ရွေးချယ်မှုပဲ”

ဧည့်သည့်က ဆက်ပြောသည်။

“ရီဖူရှင်း... မင်း ငါနဲ့အတူ လူသားဘုံကို ပြန်လိုက်ခဲ့ပြီး လူသားဘိုးဘေးရဲ့ တပည့်တစ်ယောက် လုပ်မလား”

“ဟင်...”

ရီဖူရှင်းသည် ထိုစကားကို ကြားလိုက်သောအခါ မျက်ဝန်းများ ကျုံ့သွားသည်။ ရီအင်ပါယာနန်းတော်မှ ကျင့်ကြံသူများ၏ မျက်နှာထားများသည်လည်း တင်းမာသွားကြသည်။ သူတို့သည် လှေကားအရှေ့တွင် ရပ်နေသည့် လူကို စူးစူးဝါးဝါးကြည့်လိုက်ကြသည်။

ထိုလူသည် ရီဖူရှင်းကို လူသားဘုံသို့သွား၍ လူသားဘိုးဘေး၏ တပည့်တစ်ယောက် ဖြစ်လာစေလိုနေခြင်းလော။

ကိစ္စများသည် သူတို့မျှော်လင့်ခဲ့သည့်အတိုင်း ဖြစ်လာပေသည်။ လက်ထပ်ရန် ကမ်းလှမ်းချက်၏ နောက်ဆက်တွဲဂယက်သည် စတင်လာပေပြီ။ လူသားဘုံသည် ကောင်းကင်ဒေသအပေါ် စတင် အကွက်ချကြံစည်နေပြီဖြစ်သည်။

All Chapters