သဏ္ဌာန်မဲ့ ဖိအား
Vol. 195 Ch. 2779
လူသားဘုံသည် သူ့ကိုလာရှာပြီး အင်ပါယာများ၏လမ်းစဉ်တစ်ခုရှိသည်ဟု ဆိုကာ သူ့ကို လူသားဘိုးဘေးထံတွင် တပည့်ခံစေလိုနေသည်။ သူတို့သည် သူ့ကို အရှင်ဒွန်ဟောင်နှင့် ယှဉ်နိုင်ရန် ကူညီပေးလိုခြင်းဖြစ်ကြောင်း ထင်ရှား၏။
လက်ထပ်ရန် ကမ်းလှမ်းချက်သည် မဟာအင်ပါယာအဆင့် အင်အားစုနှစ်စုအကြားမှ အက်ကြောင်းများကို ကြီးမားလာစေခဲ့သည်။
လူသားဘိုးဘေးနှင့် အရှင်ဒွန်ဟောင်တို့သည် သူတို့၏ဆက်ဆံရေးအပေါ် ရှင်းလင်းသွားခြင်း ဖြစ်နိုင်သည်။
“လူသားဘိုးဘေးကို သူ့ရဲ့ အသိအမှတ်ပြုမှုအတွက် ကျုပ် ကျေးဇူးတင်တယ်။ ဒါပေမဲ့ ကျုပ်မှာ ကိုယ်ပိုင်လမ်းစဉ်ရှိလို့ လူသားဘုံအောက်မှာ ကျင့်ကြံမှာ မဟုတ်ပါဘူး”
ရီဖူရှင်းသည် တည်တည်ငြိမ်ငြိမ် ပြန်ပြောလိုက်၏။ သူသည် အဘယ်သို့ လူသားဘုံသို့ သွားနိုင်မည်နည်း။
လက်ရှိအခြေအနေသည် အလွန်ရှုပ်ထွေးနေသည်။ သူ့အတွက် အကောင်းဆုံး အဖြေသည် ငြိမ်ငြိမ်နေ,နေခြင်းသာဖြစ်သည်။ သူသည် အက်ကြောင်းများကြားတွင် ရှင်သန်နိုင်ရန် ကြိုးစားနေရပြီး အင်ပါယာများ၏လမ်းစဉ်တစ်ခုကို ရှာနေရပေသည်။ အကယ်၍ သူသာ ခြေတစ်လှမ်းမှားသွားလျှင် အရာအားလုံး ကျရှုံးသွားပေလိမ့်မည်။
“မင်းရဲ့ ကိုယ်ပိုင်လမ်းစဉ်ဟုတ်လား”
ထိုသူသည် ရီဖူရှင်း၏စကားများကို ကြားလိုက်သောအခါ အထင်သေးဟန်အချို့ ပြလိုက်၏။ သူသည် ထိုစကားများက ရယ်ရသည်ဟု ထင်နေပုံပင်။ သူ ရီဖူရှင်းကို ပြောလိုက်၏။
“ရှေးက နတ်ဘုရားခေတ်အဆုံးသတ်သွားတော့ ကောင်းကင်လမ်းစဉ်ပြိုကျပျက်စီးသွားခဲ့တယ်။ အခုဘာလို့ မဟာအင်ပါယာနည်းနည်းပဲ ရှိတော့တာလဲဆိုတာ မင်းသိလား”
“မင်းက မင်းဘာသာ အင်ပါယာတွေရဲ့ လမ်းစဉ်ကို ရှာတွေ့နိုင်မယ်လို့ ထင်လောက်တဲ့အထိ ဉာဏ်နည်းတာလား။ ကောင်းကင်လမ်းစဉ် ပြိုပျက်သွားတော့ အင်ပါယာတွေရဲ့ လမ်းစဉ်လည်း ပျက်စီးသွားတယ်။ အင်ပါယာဖြစ်လာတဲ့ ကျင့်ကြံသူတွေအားလုံးက ထူးခြားတဲ့ အခွင့်အရေးတွေကို တွေ့ခဲ့လို့ပဲ။ အဲဒါကြောင့်လည်း နတ်ဘုရားကုန်းမြေကို ရှာတွေ့တာက ခေတ်သစ်တစ်ခေတ်ရဲ့ အစကို ကိုယ်စားပြုတာ။ မရေမတွက်နိုင်တဲ့ အခွင့်အရေးတွေ ထွက်ပေါ်လာပြီ... ဒါပေမဲ့ ငါတို့ အခု မြင်ရတာတွေအရ အင်ပါယာတွေရဲ့ လမ်းစဉ်က ပျက်စီးနေတုန်းပဲ။ အခု လူသားဘိုးဘေးက မင်းကို အင်ပါယာတွေရဲ့ လမ်းစဉ်တစ်ခုကို ကူရှာပေးနိုင်တယ်။ မင်း သေသေချာချာ စဉ်းစားရမယ်”
ထိုသူသည် ဝင့်ဝါသော လေသံဖြင့် တည်ငြိမ်စွာ ပြောလိုက်ပြီး ရီဖူရှင်းကို အခွင့်အရေးကြီးတစ်ခု ပေးလိုက်လေသည်။
“တကယ်လို့ မင်းသာ ဒီအခွင့်အရေးနဲ့ လွဲသွားရင် မင်း နောက်ထပ် အခွင့်အရေး ရတော့မှာ မဟုတ်ဘူး”
သူပြောလိုက်၏။
အဘယ်ကြောင့် လူသားဘိုးဘေးသည် သူ့အား မဟာအင်ပါယာများ၏ လမ်းစဉ်တစ်ခုကို ကူရှာပေးလိုနေသနည်း။
ရီဖူရှင်းသည် ထိုစကားများကြောင့် ရင်တုန်သွားသည်။ သူရင်တုန်ရခြင်းမှာ ထိုအခွင့်အရေးကို တပ်မက်၍ မဟုတ်ပေ။ အဘယ်ကြောင့် လူသားဘိုးဘေးသည် သူ အင်ပါယာများ၏ လမ်းစဉ်တစ်ခုကို ကူရှာပေးနိုင်မည်နည်းဟု တွေးမိ၍ဖြစ်သည်။
လူသားဘိုးဘေးသည် အထူးအခွင့်အရေးအချို့ကို သူ့ဘာသာ ထိန်းချုပ်ထားသည်ဆိုသော အဓိပ္ပာယ်လော။
“ကျုပ် ကိုယ့်ဘာသာ ကြိုးစားကြည့်ချင်ပါသေးတယ်။ အင်ပါယာတွေရဲ့ လမ်းစဉ်က ဖြတ်တောက်ခံထားရတယ်ဆိုပေမယ့် လောကထဲမှာ မဟာအင်ပါယာခြောက်ပါး ရှိနေသေးတာပဲ မဟုတ်လား။ ကျုပ်က ဘာလို့ မဟာအင်ပါယာတစ်ပါး ဖြစ်မလာနိုင်ရမှာလဲ”
ရီဖူရှင်းက ပြန်ပြောလိုက်၏။ ထိုသူသည် ရီဖူရှင်းကို သရော်ဟန်ဖြင့် စူးစိုက်ကြည့်သည်။
သူသည် ရှေးခေတ်မှသူတစ်ဦးဖြစ်ပြီး နှစ်ပေါင်း မရေမတွက်နိုင်အောင် ကျင့်ကြံခဲ့သည်။ ထိုနှစ်များအတွင်း၌ သူသည် ထူးကဲသူများစွာကို တွေ့မြင်ခဲ့ရသည်။ ပြီးခဲ့သော ပရမ်းပတာခေတ်တွင် တောက်ပသော ပါရမီရှင်များ မည်မျှရှိခဲ့သည်ကို မည်သူမှ မသိပေ။ သို့သော် သူတို့၏ အဆုံးသတ်သည် မည်သို့နည်း။ ပါရမီအကောင်းဆုံးသူများသည် သူတို့ကဲ့သို့ပင် သီးခြားကျင့်ကြံနေခဲ့ပြီး သူတို့၏ ကိုယ်ပိုင်လမ်းစဉ်ကို ရှာနေခဲ့ကြသည်။
သို့သော် သူတို့ အသက်ကြီးလာလေလေ၊ သူတို့၏ ကျင့်ကြံခြင်းအဆင့် မြင့်လာလေလေဖြစ်ပြီး အင်ပါယာများ၏လမ်းစဉ်သည် ဖြတ်တောက်ခံထားရကြောင်း ပို၍ ရှင်းရှင်းလင်းလင်း သိလာလေလေဖြစ်သည်။
ရီဖူရှင်းသည် အလွန်ငယ်ရွယ်သေးပေသည်။ ဤခေတ်တွင် သူသည် ထူးကဲသူအုပ်စုထဲတွင် ပါပြီး အလွန် ယုံကြည်မှုရှိသူဖြစ်သည်။ သို့သော် သူ၏ကျင့်ကြံခြင်းအဆင့် အထွတ်အထိပ်သို့ ရောက်သွားပြီးနောက် နှစ်အနည်းငယ် ထပ်ကြာပြီးလျှင် သူနားလည်သွားပေလိမ့်မည်။
သူသည် ရီဖူရှင်းသည် လှောင်ပြောင်သရော်သည့် အကြည့်တစ်ခုဖြင့် ကြည့်၍ ပြောလိုက်၏။
“တစ်နေ့မှာ မင်း ဘာကိုဆုံးရှုံးခဲ့တာလဲဆိုတာ မင်းနားလည်လာလိမ့်မယ်”
သူသည် ထိုသို့ပြောပြီးနောက် နောက်လှည့်ကာ လျှောက်သွားပြီး ဤနေရာမှ ထွက်ခွာသွားလေတော့သည်။ သူသည် အားလုံး၏ မြင်ကွင်းမှ လျင်မြန်စွာ ပျောက်ကွယ်သွားသည်။
ရီဖူရှင်းသည် ထွက်ခွာသွားသော ထိုသူ၏ နောက်ကျောကို ကြည့်ရင်း အနည်းငယ် မျက်မှောင်ကြုတ်လိုက်၏။ ရီအင်ပါယာနန်းတော်မှ ကျင့်ကြံသူများစွာသည် ဤနေရာသို့ ရောက်လာကြသည်။ သူတို့အားလုံးသည် ထိုသူ အဝေးသို့ ပျံသန်းပျောက်ကွယ်သွားသည်ကို ကြည့်နေကြသည်။
“အဲဒီလူက တော်တော်လေး စိတ်ကြီးဝင်နေတာပဲ”
တစ်စုံတစ်ယောက်က ရေရွတ်လိုက်သည်။
“သူက သန်မာတဲ့ အကြီးအကဲတစ်ယောက် ဖြစ်ရမယ်။ သူက ငယ်ရွယ်တဲ့ပုံပေါ်ပေမယ့် သေချာပေါက် လူသားဘုံမှာ ကျင့်ကြံနေခဲ့တဲ့ ရှေးခေတ်က ထိပ်သီးတစ်ဦးပဲ။ အခုခေတ်ကြမှ အပြင်ကို ထွက်လာကြတာပဲ”
ဓားဧကရာဇ်အရှင်က ပြောလိုက်၏။
“လူသားဘိုးဘေးက အဲဒီလူတွေကို အပြင်လောကကို စေလွှတ်ပြီး အရှင်ဒွန်ဟောင်ရဲ့သဘောထားကို လက်ထပ်ပြီး မဟာမိတ်ဖွဲ့ဖို့ ကမ်းလှမ်းချက်နဲ့ စမ်းသပ်ဖို့ ကြိုးစားခဲ့တာပဲ။ သူက ဘာတွေ ကြံနေတာလဲ”
လူသားဘိုးဘေးထံတွင် မည်သည့်ရည်ရွယ်ချက် ရှိနေသနည်း။
လူသားဘိုးဘေး၏ လုပ်ရပ်များတွင် နက်ရှိုင်းသောအဓိပ္ပာယ်များ ရှိလိမ့်မည်ဟု သူခံစားနေရသည်။ သို့သော် သူတို့သည် ထိုရည်ရွယ်ချက်ကို အခုထိ မသိရသေးပေ။
“ပြီးတော့ လူသားဘိုးဘေးက ကျုပ်ကို လာတွေ့ဖို့ လူစေလွှတ်လိုက်တယ်ဆိုတော့ ကောင်းကင်ဒေသက တခြားထိပ်သီးတွေဆီကိုလည်း လူစေလွှတ်လိုက်လောက်မှာပဲ”
ရီဖူရှင်း ပြောလိုက်၏။
“လူသားဘုံက ကောင်းကင်ဒေသကို ဖြုတ်ချဖို့ ကြိုးစားနေတာ ဖြစ်လောက်တယ်”
“အဲဒါ ဖြစ်နိုင်တယ်”
ဓားဧကရာဇ်အရှင်က ခေါင်းညိတ်လိုက်သည်။
“သူက အင်ပါယာတွေရဲ့ လမ်းစဉ်ကို ငါးစားအနေနဲ့ အသုံးချနေတာဆိုတော့ ထိပ်သီးဘယ်လောက်များများက ဆွဲဆောင်မှုကို ချိုးနှိမ်နိုင်လောက်မလဲ။ ဒွန်ဟောင်အင်ပါယာနန်းတော်က ကောင်းကင်ဒေသက အင်အားစုတွေကို တိုက်ရိုက် ထိန်းချုပ်တာ မဟုတ်ဘူး။ သူတို့ တိုက်ရိုက်အုပ်ချုပ်တဲ့ အင်အားစုတွေကလွဲပြီး ကုန်းမြေသခင်အိမ်တော် ဆယ့်ရှစ်ခုနဲ့ တခြား အင်အားစုတွေ၊ ကျင့်ကြံသူတွေအားလုံးက လွတ်လပ်တယ်... အခု ငါဒီနေရာကို ရောက်နေသလိုပေါ့”
“ပြီးတော့ လူသားဘိုးဘေးက ရှေးဟောင်းအင်ပါယာတစ်ပါးဆိုတော့ အင်ပါယာတွေရဲ့ လမ်းစဉ်အကြောင်းကို ပိုပြီးသိလောက်တယ်။ သူ့မှာ အမွေအနှစ်တွေလည်း အများကြီးရှိတယ်။ အဲဒါနဲ့တင် ထိပ်သီးတော်တော်များများကို ဆွဲဆောင်ဖို့ လုံလောက်နေပြီ။ သန်မာတဲ့ ကျင့်ကြံသူတော်တော်များများက ကောင်းကင်ဒေသကနေ ထွက်သွားဖို့ ဆွဲဆောင်ဖြားယောင်းခံရလိမ့်မယ်”
“တကယ်လို့ လူသားဘုံနဲ့ ကောင်းကင်ဒေသကြားမှာသာ ပဋိပက္ခတစ်ခု ဖြစ်လာရင် မှော်နက်လောက၊ နတ်ဆိုးလောကနဲ့ တခြားအင်အားစုတွေကလည်း အမြတ်ထုတ်ဖို့ ရောက်မလာနိုင်ဘူးလား”
ရီဖူရှင်းသည် လေသံတိုးတိုးဖြင့် မေးလိုက်သည်။ လူသားဘိုးဘေးသည် အဘယ်ကြောင့် ထိုသို့ လုပ်နေရသနည်း။ ထို့အပြင် အဘယ်ကြောင့် အရှင်ဒွန်ဟောင်သည် လက်ထပ်၍ မဟာမိတ်ဖွဲ့မည်ဟု လာရောက်ကမ်းလှမ်းစဉ်တွင် စော်စော်ကားကား ပြုမူခဲ့ရသနည်း။
သူသည် လူသားဘုံ၏ ကမ်းလှမ်းချက်ကို အကြောင်းများစွာပြ၍ ငြင်းနိုင်သော်လည်း တိုက်ရိုက်အကျဆုံးနည်းကိုသာ ရွေးခဲ့သည်။ သူသည် သူ၏မကျေနပ်မှုကို တစ်စိုးတစ်စိပင် ဖုံးကွယ်မထားဘဲ လာရောက်ကမ်းလှမ်းသူများကို အရှက်ခွဲခဲ့လေသည်။
ခွေးကိုမရိုက်ခင်တွင် ခွေးရှင်မျက်နှာကို ကြည့်ရပေသည်။ အရှင်ဒွန်ဟောင် အရှက်ခွဲလိုက်သူများ၏နောက်တွင် လူသားဘိုးဘေးရှိနေသည်။ သူ၏တိုက်ရိုက်တပည့် တိဟောက်သည် လက်ထပ်ရန် လာရောက်ကမ်းလှမ်းခြင်းဖြစ်သည်။ သို့သော် သူသည်ပင် ဒွန်ဟောင်အင်ပါယာနန်းတော်အတွင်းသို့ သားမက်တစ်ယောက်အနေဖြင့် ဝင်ရန် အဆင့်မမီလေသလော။
“အရှင်ဒွန်ဟောင်က ဒီကိစ္စကို ဘယ်လို ကိုင်တွယ်မလဲ မသိဘူး”
ဓားဧကရာဇ်အရှင်က ပြောလိုက်၏။
“တကယ်လို့ အရှင်ဒွန်ဟောင်နဲ့ လူသားဘိုးဘေးသာ ရန်ဘက်ဖြစ်သွားရင် မှော်နက်နန်းတော်၊ နတ်ဆိုးလောကနဲ့ တခြားအင်အားစုတွေက အဲဒီကိစ္စအပေါ်မှာ အမြတ်ထုတ်လိမ့်မယ်။ အဲဒီလိုဖြစ်မယ်ဆိုတာ ပြောနေစရာတောင် မလိုဘူး။ အဲဒီအချိန်ကျရင် ကောင်းကင်ဒေက ရန်သူပတ်လည်ဝိုင်းနေမှာပဲ။ မှော်နက်လောကနဲ့ နတ်ဆိုးလောက,က ကောင်းကင်ဒေသကို အရင်ရှင်းထုတ်ပစ်ဖို့ ဝန်လေးမှာ မဟုတ်ဘူး။ အဲဒါကြောင့် အရှင်ဒွန်ဟောင်ရဲ့ ရည်ရွယ်ချက်ကို ကျုပ် နားမလည်နိုင်ဖြစ်နေတာ။ သူမှာလည်း သူ့အကြံနဲ့သူတော့ ရှိလောက်တယ်”
ရီဖူရှင်း ခေါင်းညိတ်လိုက်သည်။ လက်ရှိ အခြေအနေသည် နားလည်နိုင်ရန် ပို၍ ခက်ခဲလာပေပြီ။ ဘုံခြောက်ခု၏ အနာဂတ်သည် မည်သို့ဖြစ်မည်နည်း။ အရှင်ဒွန်ဟောင်၏ နှစ်ငါးရာခံမည့် အင်ပါယာကံကြမ္မာကို နှစ်လေးဆယ်အတွင်း၌ အဆုံးသတ်မည့်သူမှာ သူဖြစ်မည်လော။ သို့မဟုတ် လူသားဘိုဘေး၏အုပ်စု ဖြစ်မည်လော။
အကယ်၍ ထိုအခြေအနေသာ ဆက်၍ဆိုးဝါးလာပါက ထိုသို့ဖြစ်နိုင်ချေများပေသည်။
ရီဖူရှင်းသည် ခေတ္တမျှ စကားဖြတ်ကာ အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီး ပြောလိုက်၏။
“ကျုပ်မှာ ပိုပြီး အချိန်နည်းလာပြီ။ လောကထဲမှာ နောက်ထပ် ကြီးမားတဲ့ ပြောင်းလဲမှုကြီး ဖြစ်လာတော့မယ်လို့ ကျုပ် ရေးတေးတေးခံစားနေရတယ်။ ကျုပ်တို့ မြန်မြန် ကျင့်ကြံမှရမယ်”
အင်ပါယာများ၏လမ်းစဉ်...
မကြာခင်အချိန်အတွင်း မဟာအင်ပါယာအဆင့်သို့ သူ အဘယ်သို့ ရောက်နိုင်မည်နည်း။
သူသည် ဘုံခြောက်ခုနှင့် သူတင်ကိုယ်တင် ယှဉ်နိုင်ရန် အင်ပါယာအဆင့်သို့ တက်လှမ်းရုံသာရှိသည်။ ယခုတွင် သူသည် နယ်ရုပ်လေးတစ်ရုပ်သာဖြစ်သည်။ အင်ပါယာခြောက်ပါးသည် သူ့ကို အမှန်တကယ် မလေးစားပေ။
အားလုံး ခေါင်းညိတ်လိုက်ပြီး ရီဖူရှင်း၏စကားကို လက်ခံကြောင်း ပြသလိုက်ကြသည်။ ယခုတွင် ဘုံခြောက်ခု၌ မကောင်းသောအငွေ့အသက်များ ရစ်သိုင်းနေပြီး အချိန်မရွေး ပြင်းထန်သော မုန်တိုင်းတစ်ခု ဖြစ်ပေါ်လာနိုင်ပေသည်။
“အားလုံးပဲ သွားပြီး ကျင့်ကြံကြပါတော့။ မဟာလမ်းစဉ်ဒုတိယကောင်းကင်ကပ်ဘေးကို ကျော်ဖြတ်ပြီးတဲ့ သူတွေက နတ်ဘုရားတစ်ဝက်အဆင့်ကို မြန်နိုင်သမျှ မြန်မြန် ရောက်ဖို့ ကြိုးစားရမယ်။ ပထမကောင်းကင်ကပ်ဘေးကို ကျော်ဖြတ်ပြီးတဲ့ သူတွေကတော့ ဒုတိယကပ်ဘေးကို မြန်မြန် ကျော်ဖြတ်နိုင်အောင် လုပ်ရမယ်”
ရီဖူရှင်း ပြောလိုက်၏။ ယခုတွင် သူသည် အခြားအတွေးများကို ဘေးဖယ်ထားလိုက်သည်။ လက်ရှိ၌ သူတို့အတွက် ပြောင်းလဲမှုများကို မပြောင်းမလဲ တုံ့ပြန်ရန်သာရှိသည်။ ကျင့်ကြံခြင်းသည်သာ ရီအင်ပါယာနန်းတော်၏အဆင့်ကို တိုးတက်စေမည်ဖြစ်သည်။
“ဟုတ်ကဲ့ပါ နန်းတော်သခင်”
သန်မာသော ကျင့်ကြံသူအားလုံး ဦးညွှတ်လိုက်ကြပြီး ကျင့်ကြံရန်အတွက် ထိုနေရာမှ ထွက်သွားကြလေသည်။
ရီဖူရှင်းသည် အဝေးသို့ကြည့်၍ အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်သည်။ သူသည် သဏ္ဌာန်မဲ့ ဖိအားကို ခံစားလိုက်သည်။ ထိုဖိအားသည် အပြင်လောကမှ ဖိအားပင်။ လက်ရှိအခြေအနေတွင် သတိတစ်ချက်လွတ်သွားပါက သေသည်အထိ ဖြစ်သွားနိုင်သည်။ သူသည်”နယ်ရုပ်”တစ်ရုပ်ဖြစ်သဖြင့် အချိန်မရွေး စွန့်ပစ်ခံရနိုင်ပေသည်။
သူနှင့် နတ်ဆိုးအင်ပါယာနှင့် မှော်နက်အရှင်တို့၏ဆက်ဆံရေးသည် အလွန်ခိုင်မာသည်ဟု တွေးရလောက်သည်အထိ ရီဖူရှင်း စိတ်ကြီးဝင်မနေပေ။