သတ်ဖြတ်မှုများ ရောက်ရှိလာပြီ
Vol. 195 Ch. 2780
ဤနှစ်သည် ကောင်းကင်ပြက္ခဒိန်၏ (၁၀,၁၅၀)ခုနှစ် ဖြစ်သည်။ နတ်ဘုရားကုန်းမြေသည် အချိန်များကို ဖြတ်ကျော်ခဲ့၏။ ပရမ်းပတာနှင့် ငြိမ်းချမ်းမှုကို အကြိမ်ကြိမ် တစ်လှည့်စီ ဖြတ်ကျော်ပြီးနောက်တွင် ထူးကဲသောသူများ အများအပြား ထွက်ပေါ်လာခဲ့သည်။ ကုန်းမြေပေါ်ရှိ လူဦးရေသည်လည်း များပြားလာခဲ့သည်။
လောကအားလုံးမှ ကျင့်ကြံသူများသည် ဤနေရာသို့ ရောက်လာကြပြီး အခြေချကာ ပို၍ သန်မာလာကြသည်။ တစ်စထက်တစ်စ ဤနေရာတွင် အင်အားစုများ များပြားလာသည်။
ယေဘုယျအဆင့်အရ ဆိုရလျှင် ဤနတ်ဘုရားကုန်းမြေသည် ဘုံခုနစ်ခုထဲမှ မည်သည့်ဘုံထက်မဆို ပို၍အင်အားကြီးနေသည်။ ဤကုန်းမြေကိုယ်နှိုက်သည် ဘုံခုနှစ်ခုမှ ခွဲထွက်ခဲ့သော မူလဘုံ၏ အင်အားစုများမှနေ၍ ၎င်း၏စွမ်းအားကို ရခဲ့ခြင်းပင်။
ပြီးခဲ့သောနှစ်ပိုင်းအတွင်း၌ စိတ်ဝင်စားဖွယ်အဖြစ်အပျက်တစ်ခုလည်း ရှိခဲ့သည်။ မူလဘုံမှ ကျင့်ကြံသူများသည် ရီအင်ပါယာနန်းတော်၏ နယ်မြေထဲတွင် အများဆုံး စုဝေးခဲ့ကြသည်။ သူတို့သည် ထိုနေရာတွင် ရီအင်ပါယာနန်းတော်ကို ဗဟိုပြု၍ အခြေချခဲ့၏။ ထို့ကြောင့် ရီအင်ပါယာနန်းတော်သည် အလိုလို မူလဘုံကို ကိုယ်စားပြုသကဲ့သို့ ဖြစ်သွားသည်။
သူတို့အများစုသည် ကျင့်ကြံရန် ဤနတ်ဘုရားကုန်းမြေသို့ ရီအင်ပါယာနန်းတော်က ဖန်တီးထားသော အာကာသလမ်းကြောင်းကို ဖြတ်၍ လာခဲ့ကြခြင်းဖြစ်သည်။ ထို့ကြောင့် သူတို့သည် ရီအင်ပါယာနန်းတော်ကို ပို၍ရင်းနှီးသည်ဟု ခံစားခဲ့ရပြီး ရီအင်ပါယာနန်းတော်ကို လေးစားဖွယ်နေရာတစ်ခုအဖြစ် မြင်ခဲ့ကြသည်။
ထို့အပြင် မူလက ကောင်းကင်အာဏာစက်ကျောင်းတော်တွင် သင်ယူခဲ့သော တပည့်များသည် တဖြည်းဖြည်း ရင့်ကျက်လာပြီး သန်မာလာပေသည်။ သူတို့သည် အပြင်လောကရှိ မူလဘုံမှ ကျင့်ကြံသူများအကြားတွင် အတော်လေး ဩဇာသက်ရောက်လေသည်။ စီဝေ့အင်ပါယာနန်းတော်မှ လာခဲ့သူများသည် ပို၍ပင် ဩဇာညောင်းပေသည်။
မူလဘုံ အပြင်မှ အင်အားစုများသည်လည်း အဆက်မပြတ် တိုးတက်နေကြသည်။ သူတို့သည် နတ်ဘုရားကုန်းမြေပေါ်တွင် ကျင့်ကြံခြင်းအဆင့် တက်ခဲ့ကြပြီး ငြိမ်းချမ်းမှုကို ထိန်းသိမ်းရင်း သူတို့၏စွမ်းရည်များကို တိုးတက်အောင် လုပ်နေကြသည်။ ပြီးခဲ့သောနှစ်အနည်းငယ်အတွင်း၌ ကြီးကြီးမားမား ပဋိပက္ခများ မဖြစ်ခဲ့ချေ။
သို့သော် လှုပ်လှုပ်ခတ်ခတ်ဖြစ်သွားစေသော ကိစ္စတစ်ခုတော့ ရှိခဲ့သည်။ ၎င်းသည် ဘုံခုနစ်ခု၏ ကန့်လန့်ကာနောက်ကွယ်မှ အခြေအနေတင်းမာနေမှုပင်။
ထိုကိစ္စသည် လွန်ခဲ့သော နှစ်အနည်းငယ်က ဖြစ်ခဲ့သည့် လက်ထပ်ကာ မဟာမိတ်ဖွဲ့ရန် ကမ်းလှမ်းမှုနှင့် ပတ်သက်နေပေသေးသည်။ လူသားဘုံ အငြင်းခံလိုက်ရပြီး အရှက်တကွဲဖြစ်ခဲ့ပြီးနောက်တွင် သူတို့နှင့် ကောင်းကင်ဒေသ၏ ဆက်ဆံရေးသည် သိသိသာသာ ဆိုးဝါးလာခဲ့သည်။ ထိုအဖြစ်အပျက် ဖြစ်ပြီးနောက် မကြာခင်မှာပင် လူသားဘုံသည် ဘုံခုနစ်ခုမှ ထိပ်သီးများကို လူသားဘုံတွင် လက်ရည်စမ်းပွဲတစ်ခုကို လာရောက်ယှဉ်ပြိုင်ရန် ဖိတ်ခေါ်ခဲ့သည်။
ထိုလက်ရည်စမ်းပွဲနှင့် ပတ်သတ်၍ ခန့်မှန်းမှုများ များစွာရှိခဲ့၏။ လူအများစုသည် ထိုအကြောင်းနှင့် မရင်းနှီးပေ။ သို့သော် ကောလာဟလများအရ လူသားဘုံသည် လောကအားလုံးထဲမှ အသန်မာဆုံးပုဂ္ဂိုလ်ကို အလိုရှိခဲ့သည်ဟု သိရသည်။ ထိုကြောင့် ဖိတ်ခေါ်ခံခဲ့ရသူများထဲတွင် ကောင်းကင်ဒေသမှ ထိပ်သီးများလည်း ပါခဲ့ပေသည်။
သန်မာသော ကျင့်ကြံသူအများအပြားသည် လူသားဘုံသို့ သွားခဲ့ကြသည်။ ထိုသို့ သွားခဲ့သူများထဲတွင် ကောင်းကင်ဒေသမှ ကျော်ကြားသူများလည်း ပါပေသည်။ သူတို့သည် လျှို့လျှို့ဝှက်ဝှက်သွားခဲ့ကြ၏။ နောက်ပိုင်း လူသားဘုံတွင် မည်သည့်ကိစ္စများ ဖြစ်ပျက်ခဲ့သည်ကိုမူ မည်သူမှ မသိပေ။
ထိုကိစ္စတွင် ရီအင်ပါယာနန်းတော်က ဝင်မပါခဲ့ပေ။
လူသားဘုံမှ သန်မာသော ကျင့်ကြံသူတစ်ယောက်သည် ရီအင်ပါယာနန်းတော်သို့ ကိုယ်တိုင်သွား၍ ရီဖူရှင်းကို လူသားဘုံတွင် လာရောက်ကျင့်ကြံကာ လူသားဘိုးဘေးထံမှ သင်ယူရန် ဖိတ်ခေါ်ခဲ့သည်။ သို့သော် ရီဖူရှင်းသည် သူ့ကို ငြင်းခဲ့လေသည်။ ထို့ကြောင့် သူသည် လူသားဘုံနှင့် ရင်းနှီးနိုင်မည့် အခွင့်အရေးနှင့် လွဲချော်ခဲ့ပေသည်။
ယခုတွင် ရီအင်ပါယာနန်းတော်၏ နယ်မြေထဲတွင် ဆန်းကြယ်သော်လည်း အားကောင်းသည့် အရှိန်အဝါတစ်ခုက လွှမ်းခြုံနေသည်။ ကျယ်ပြောသော ရီအင်ပါယာနန်းတော်သည် အင်ပါယာအဆင့် နန်းတော်အစစ်တစ်ခုကဲ့သို့ ထင်ရသည်။ ၎င်းသည် လွန်စွာ ကြီးကျယ်ခမ်းနားပြီး အထက်ကောင်းကင်တွင်လည်း အင်ပါယာတစ်ပါး၏ အရှိန်အဝါကဲ့သို့ သဏ္ဌာန်မဲ့ဖိအားတစ်ခုနှင့် ပြည့်နှက်နေလေသည်။
ရီအင်ပါယာနန်းတော်ထဲတွင် ထိပ်သီးများစွာ စုဝေးနေ၏။ သန်မာသော ကျင့်ကြံသူ အများအပြားသည် မဟာလမ်းစဉ်ကောင်းကင်ကပ်ဘေးကို ဖြတ်ကျော်ခဲ့ပြီးဖြစ်သည်။ ပြီးခဲ့သောနှစ်ပိုင်းအတွင်း၌ ကျင့်ကြံသူများစွာသည် အဆင့်တက်နိုင်ခဲ့ကြသည်။
ပြီးခဲ့သောမုန်တိုင်း ဖြစ်ပေါ်ပြီးနောက်တွင် ရီဖူရှင်းသည် ရီအင်ပါယာနန်းတော်မှ သန်မာသော ကျင့်ကြံသူများကို အေးအေးချမ်းချမ်း ကျင့်ကြံ၍ သူတို့ကိုယ်သူတို့ တိုးတက်အောင်လုပ်ရန် အမိန့်ပေးခဲ့သည်။ ရီအင်ပါယာနန်းတော်၏ သန်မာသူများအားလုံးသည် ရီဖူရှင်း၏အမိန့်များကို နာခံခဲ့ပြီး ကြိုးစားကျင့်ကြံခဲ့ကြကာ ကြီးမားသော ပြောင်းလဲမှုများ ဖြစ်ပေါ်မလာခင် နောက်တစ်ဆင့်သို့ တက်နိုင်ရန် အကောင်းဆုံးကြိုးစားခဲ့ကြသည်။ သူတို့သည် ဤနည်းဖြင့်သာ ပြောင်းလဲမှုများကို တုံ့ပြန်နိုင်မည်ဖြစ်သည်။
ထိုကဲ့သို့သော ကျင့်ကြံခြင်းပတ်ဝန်းကျင်၊ ဆေလုံးများ၊ နတ်အတတ်အမျိုးမျိုးနှင့် အခြားကျင့်ကြံခြင်းအရင်းအမြစ်များ ရှိခဲ့သဖြင့် သူတို့၏စွမ်းရည်များသည် လျင်မြန်စွာ တိုးတက်လာခဲ့သည်။
ရီဖူရှင်းသည် ရီအင်ပါယာနန်းတော် ထိပ်ရှိ ကျင့်ကြံခြင်းနန်းတော်ထဲတွင် ထိုင်နေလေသည်။ နတ်အလင်းက သူ့ကို လှည့်ပတ်နေ၏။ သူ့ခန္ဓာကိုယ်ကို ဗဟိုပြု၍ အစိမ်းရောင်နတ်အလင်းသည် အကန့်အသတ်မဲ့လောကကို လွှမ်းခြုံထားသည်။ ၎င်းသည် နတ်နံရံတစ်လျှောက်အတိုင်းအထက်သို့ တက်သွားပြီး ကောင်းကင်ထိရောက်သွားကာ ဝင်္ကပါကို ဖြတ်ကျော်၍ ပြန့်ကားသွားပြီး ရီအင်ပါယာနန်းတော်ကို လွှမ်းခြုံသွားသည်။
လက်ရှိတွင် ရီအင်ပါယာနန်းတော်တစ်ခွင်လုံးသည် သူ့နတ်အာရုံ၏ လွှမ်းခြုံမှုအောက်တွင် ရှိနေသည်။ ထို့အပြင် သူ၏မဟာလမ်းစဉ်ဝိညာဉ်စွမ်းအား၏ စက်ကွင်းကလည်း လွှမ်းခြုံထားသည်။ ရီအင်ပါယာနန်းတော်သည် သူ၏လောကအသေးကဲ့သို့ပင်။
သူ၏နတ်အာရုံအောက်တွင် သူသည် ကျင့်ကြံသူအားလုံးကို မြင်နိုင်လေသည်။ သူသည် အစ်ကိုသုံး ဂူတုံးလျှို၊ ဓားဧကရာဇ်အရှင်၊ ဖန်းစွင်နှင့် ရှားရှင်းယွန်တို့၏ ကျင့်ကြံခြင်းအဆင့်ကို အလွယ်တကူ မြင်နိုင်ပေသည်။
သူတို့အားလုံးသည် ရီဖူရှင်းက နတ်အာရုံဖြင့် သူတို့ကို ကြည့်နေကြောင်းသိ၏။ သို့သော် သူတို့ ဂရုမစိုက်ကြပေ။ သူတို့ ကျင့်ကြံခြင်းတွင် ပြဿနာများနှင့် ကြုံခဲ့လျှင် ရီဖူရှင်းကို ထိုကဲ့သို့ တိုက်ရိုက်ဆက်သွယ်နိုင်ပေသည်။ အထူးသဖြင့် ဖန်းစွင်နှင့်အခြားသူများသည် မကြာခဏဆိုသလို ကျင့်ကြံခြင်းအကြောင်းကို ရီဖူရှင်းအား တိုက်ရိုက်ပြောခဲ့ကြသည်။
“ရီ...”
ထိုစဉ်တွင် လူတစ်ယောက်သည် ရီအင်ပါယာနန်းတော်၏ ကျင့်ကြံရာနေရာတစ်ခုတွင် ရပ်နေပြီး ကောင်းကင်သို့ မော့ကြည့်နေလေသည်။ သူ၏ခန္ဓာကိုယ်သည် တွန့်လိမ်နေပြီး ခက်ထန်သောအားနှင့် ပြည့်နှက်နေသည်။ သူသည် ကောင်းကင်သို့ တိုက်ရိုက်ခေါ်လိုက်သည်။
ထိုနေရာတွင် အားကောင်းသော ချီလှိုင်းတစ်ခု ရှိနေ၏။ ၎င်းသည် ပုံရိပ်ယောင် မျက်နှာတစ်ခုအဖြစ် စုဝေးသွားသည်။ ထိုမျက်နှာသည် ရီဖူရှင်း၏မျက်နှာပင်။
“ဘာဖြစ်လို့လဲ”
ထိုပုံရိပ်ယောင်မှ အသံတစ်သံ ထွက်ပေါ်လာ၏။ ၎င်းသည် ရီဖူရှင်း၏ပုံရိပ်ဖြစ်သော်လည်း သူ၏ခန္ဓာကိုယ်အစစ်အမှန်သည် သီးခြားကျင့်ကြံနေဆဲဖြစ်သည်။ ထိုပုံရိပ်ယောင်သည် သူ၏အာရုံမှ ဖြစ်ပေါ်လာခြင်းပင်။
“ကျုပ်က နဂါးနတ်ဘုရားအလောင်းကောင်ကနေပြီး နဂါးနတ်ဘုရားရဲ့ စွမ်းအားနည်းနည်းကို နားလည်သွားတာပါ။ အဲဒီစွမ်းအားကို ကျုပ်ရဲ့ တိုက်ခိုက်နတ်ဘုရားဝိညာဉ်စွမ်းအားနဲ့ ပေါင်းစည်းပြီးသွားတော့ ကျုပ် အဆင့်တက်နိုင်ခဲ့တယ်။ နန်းတော်သခင် စမ်းကြည့်ချင်ပါသလား”
သောကျောက်က အနည်းငယ် စိတ်လှုပ်တရှား ပြောလိုက်၏။ ရီဖူရှင်းသည် တစ်ခါက ရှားရှင်းယွန်နှင့် နတ်ဂါးနတ်ဘုရား၏အလောင်းတစ်ခုကို လဲလှယ်ခဲ့သည်။ ထိုသို့လုပ်ခဲ့သည့် အဓိကအကြောင်းမှာ ဒီမွန်းကလန်၏ ကျင့်ကြံခြင်းတွင် ကူညီပေးရန်ဖြစ်သည်။ အထူးသဖြင့် နဂါးကလန်ကို ကူညီပေးရန်ဖြစ်သည်။
သောကျောက်သည်လည်း နဂါးနတ်ဘုရား၏ စွမ်းအားအနည်းငယ်ကို စုပ်ယူခဲ့သည်။
“ကောင်းပြီ”
ကောင်းကင်ထဲမှ ပုံရိပ်ယောင်က ဖြေလိုက်သည်။ သောကျောက်သည် ရုတ်ခြည်းပင် ကောင်းကင်ထက်သို့ ပျံတက်သွားပြီး သူ့ခန္ဓာကိုယ်သည် ဧရာမကြီးဖြစ်လာလေသည်။ သူသည် စစ်နတ်ဘုရားတစ်ပါးကဲ့သို့ ထင်ရပြီး သူ့မျက်ခုံးများအကြားတွင် ကြောက်မက်ဖွယ်ကောင်းသည့် နတ်အလင်းတောက်ပေနေသော စစ်သင်္ကေတတစ်ခု ထွက်ပေါ်လာ၏။ မရေမတွက်နိုင်အောင်များပြားသော”စစ်”စာလုံး သင်္ကေတများသည် ကောင်းကင်ထဲတွင် မျောနေပြီး အားကောင်းသော စစ်ဝိညာဉ်စွမ်းအားတစ်ခု ထွက်ပေါ်လာလေသည်။
ရုတ်ခြည်းအတွင်းမှာပင် ကျယ်ပြောသော ကုန်းမြေသည် အလွန်ပရမ်းပတာဆန်သော အရှိန်အဝါတစ်ခုနှင့် ပြည့်နှက်သွားသည်။ တိုက်ခိုက်စွမ်းအားသည် တုန်လှုပ်ဖွယ်ပင်။
ရီအင်ပါယာနန်းတော်ထဲမှ လူများစွာသည် တိမ်တိုက်များထဲရှိ ထိုအားကောင်းသော ဝိညာဉ်စွမ်းအားကို ခံစားလိုက်ရပြီး ထိုဘက်သို့ လှမ်းကြည့်လိုက်ကြသည်။ သူတို့သည် စစ်အရှိန်အဝါတစ်ခု ထိုးတက်သွားပြီး စစ်နတ်ဘုရားကဲ့သို့ ခန္ဓာကိုယ်ကြီးတစ်ခုက ကောင်းကင်ထဲတွင် အလျင်အမြန် ကြီးထွားလာသည်ကို မြင်လိုက်ကြရသည်။
ထိုသူမှာ သောကျောက်ပင်။ သူသည် လွန်ခဲ့သောနှစ်ပေါင်းများစွာကတည်းက မဟာလမ်းစဉ်ပထမကောင်းကင်ကပ်ဘေးကို ကျော်ဖြတ်ခဲ့ပြီးဖြစ်သည်။
“တော်တော်အားကောင်းတဲ့ အရှိန်အဝါပဲ။ သောကျောက်ရဲ့ စွမ်းရည်တွေက အခုတလော ပိုပြီးကြောက်ဖို့ကောင်းလာတယ်။ ငါလည်း ကြိုးစားကျင့်ကြံရမယ်”
တစ်စုံတစ်ယောက်က ရင်တုန်စွာဖြင့် တီးတိုးပြောလိုက်၏။ လက်တလောတွင် ရီအင်ပါယာနန်းတော်ထဲရှိ ကျင့်ကြံသူများ၏ စွမ်းရည်များသည် ပို၍ ပို၍ ကြောက်မက်ဖွယ်ကောင်းလာပေသည်။ အကယ်၍ သူတို့သာ ကျင့်ကြံခြင်းတွင် မကြိုးစားလျှင် နောက်ကောက်ကျ ကျန်ခဲ့မည်ဖြစ်သည်။
“ဖွင့်...”
သောကျောက် အော်လိုက်သည်။ သူသည် စစ်နတ်ဘုရားအဖြစ် ပြောင်းလဲသွားပြီး သူ၏ စစ်ဝိညာဉ်စွမ်းအားသည် အဆုံးအစွန်အထိ ဆက်လက်မြင့်တက်နေသည်။ သူသည် ကောင်းကင်ထက်သို့ လျင်မြန်စွာပျံတက်သွားရာ ရုတ်ခြည်း လေထဲတွင် တိုက်ပွဲအငွေ့အသက် ပြည့်နှက်သွားသည်။ စစ်နတ်ဘုရားသည် ဟင်းလင်းပြင်ကို ခွဲပစ်တော့ပေမည်။
သို့သော် ထိုစဉ်တွင် ကောင်းကင်ထဲရှိ ပုံရိပ်ယောင်သည် သူ၏ခြေကို ဆောင့်ချလိုက်ရာ မိုးထစ်ချုန်းသွားစေ၏။ ၎င်းသည် စစ်နတ်ဘုရား၏ ခန္ဓာကိုယ်အပေါ် တိုက်ရိုက် နင်းချလိုက်၏။ ကောင်းကင်ထက်သို့ ပျံတက်လာသည့် ခက်ထန်သော စစ်နတ်ဘုရားသည် အောက်ဘက်သို့ ပို၍လျင်မြန်စွာ ပြုတ်ကျသွားသည်။ ၎င်းသည် တက်နင်းခံလိုက်ရပြီး အောက်သို့ တိုက်ရိုက်ဖိချခံလိုက်ရလေသည်။
“ဝုန်း...”
ကျယ်လောင်သော ပေါက်ကွဲသံတစ်သံကို ကြားလိုက်ရပြီး အဆောက်အဦအချို့ ပြိုကျပျက်စီးသွားသည်။ လူများသည် အလွန်ရင်တုန်သွားကြသည်။ သူတို့အားလုံးသည် ပျောက်ကွယ်သွားသော စစ်နတ်ဘုရားအတွက် စုတ်သပ်လိုက်ကြသည်။
အလွန် စိတ်မကောင်းစရာပင်။
“သူက စိတ်ကြီးဝင်သွားတာကို”
တစ်စုံတစ်ယောက်က ရေရွတ်လိုက်ပြီး အကြည့်လွဲကာ ထပ်မံ စတင်ကျင့်ကြံလိုက်လေသည်။
“သူက တကယ်ကို စိတ်ကြီးဝင်သွားတာပဲ”
အခြားတစ်စုံတစ်ယောက်က ပြောလိုက်၏။ သောကျောက်သည် မည်သူနှင့်မဆို လက်ရည်စမ်းနိုင်ခဲ့သည်။ သို့ဆိုလျှင် အဘယ်ကြောင့် သူသည် ရီဖူရှင်းကို လက်ရည်စမ်းရန် ပြောခဲ့ရသနည်း။
သူသည် ကိုယ့်ဒုက္ခကိုယ်ရှာခြင်းပင်။
သူသည် မဟာလမ်းစဉ်ကောင်းကင်ကပ်ဘေးကို ဖြတ်ကျော်ပြီးနောက်တွင် သူ့အဆင့်သူ မသိပေသလော။
“သိမ်းငှက်လေး... မင်းအချိန်ရရင် သောကျောက်နဲ့ လက်ရည်စမ်းကြည့်ပေါ့”
ဟင်းလင်းပြင်ထဲတွင် ရီဖူရှင်း၏အသံထွက်ပေါ်လာ၏။
“ဟုတ်ကဲ့ပါ”
သိမ်းငှက်သခင်သည် အခြားတစ်နေရာမှ ပျံသန်းလာ၏။ သူသည် ဧရာမငှက်ကြီးအဖြစ် ပြောင်းလဲသွားပြီး သောကျောက်ထံ တန်းတန်းမတ်မတ် ပျံသန်းသွားသည်။ မကြာခင်တွင် ကျယ်လောင်သော ပေါက်ကွဲသံများနှင့် နာကျင်စွာ အော်လိုက်သံများကို ကြားလိုက်ရ၏။ “ကျုပ်တောင်းပန်ပါတယ်” ဟူသော တောင်းပန်သံကိုပင် ခပ်ရေးရေး ကြားလိုက်ရပေသည်။
ရီဖူရှင်းသည် ထိုအရာအားလုံးကို မြင်လိုက်ရ၏။ ယခုတွင် သူသည် သူ၏မျက်လုံးများကိုဖွင့်၍ ကောင်းကင်သို့ မော့ကြည့်သည်။ သူ၏အဆင့်သည် ပို၍ သန်မာလာပြီဖြစ်သည်။ သို့သော် လက်ဆုပ်လက်ကိုင်ပြနိုင်သော ပြောင်းလဲမှုမျိုးမရှိသေးပေ။ တတိယကောင်းကင်ကပ်ဘေး မရောက်လာသေးချေ။
သို့သော် အမှန်တွင် သူ၏ကျင့်ကြံခြင်းအစွမ်းသည် ယခင်ကနှင့် လားလားမျှ မဆိုင်တော့ပေ။ သူပို၍သန်မာလာသည်ကို သူခံစားနိုင်ပေသည်။
သူ နတ်ဘုရားတစ်ဝက်အဆင့်သို့ ရောက်မည်လော။
နတ်ဘုရားတစ်ဝက်အဆင့်သည် မည်သို့သော အဆင့်မျိုးနည်းဟုပင် ရီဖူရှင်း တွေးနေခဲ့သည်။ ထိုအဆင့်သည် မူလက ဟင်းလင်းပြင်အဆင့်တစ်ခုဖြစ်သည်။ ထိုအဆင့်သည် မဟာအင်ပါယာတစ်ပါးဖြစ်လာရန် သူတို့ဖြတ်ကျော်ရမည့် လမ်းတစ်ခုဟု သိရသည်။ သူတို့ဖြတ်ကျော်ရမည့် မူလတံခါးပင်။
သို့သော် သူ၏ကျင့်ကြံခြင်းသည် အခြားသူများနှင့် ကွဲပြားပေသည်။ သူက လက်ရှိတွင် ရန်ဟောင်အထွတ်အထိပ်အဆင့်၌ တစ်နေဆဲဖြစ်သည်။ သူသည် ကောင်းကင်ကပ်ဘေးနှစ်ခုကို ဖြတ်ကျော်ပြီးသွားသော်လည်း အခြားသူများကဲ့သို့ ကပ်ဘေးအဆင့်ကျင့်ကြံသူတစ်ယောက် ဖြစ်မလာသေးပေ။
သူ၏ကပ်ဘေးများသည်လည်း အခြားသူများ၏ကပ်ဘေးများနှင့် ကွဲပြားပေသည်။
ထို့ကြောင့် ရီဖူရှင်းသည် အနည်းငယ် တွေးတောသံသယဖြစ်နေခြင်းပင်။
“သောကျောက်က အသနားခံနေတာကို သိမ်းငှက်လေးက ဘာလို့ သူ့ကို မလွှတ်ပေးသေးတာလဲ”
ဟွာဂျီယူသည် ရီဖူရှင်းထံသို့ လျှောက်လာပြီး ပြုံး၍ ပြောလိုက်၏။
“အဲဒီကောင်က အရိုက်ခံသင့်တယ်။ သိမ်းငှက်လေးလည်း သွေးဆူလာပြီး စိတ်တက်ကြွသွားတာပေါ့”
ရီဖူရှင်းက ရယ်၍ ပြောလိုက်၏။ သောကျောက်က သူ၏ကျင့်ကြံခြင်းကို နှောင့်ယှက်ခဲ့သဖြင့် တမင်စနောက်ပြောလိုက်ခြင်းဖြစ်သည်။
“သူက တကယ်ကို အရိုက်ခံသင့်တယ်။ သူက နင်က ကျင့်ကြံခြင်းအတွက် စိတ်ရှုပ်နေတာကို လာနှောင့်ယှက်ခဲ့တယ်”
ဟွာဂျီယူ ပြောလိုက်၏။
“ဒါပေမဲ့ နင် စိတ်မလောသင့်ဘူး။ ကျင့်ကြံခြင်းဆိုတာ နေ့ချင်းညချင်း အောင်မြင်နိုင်တဲ့အရာ မဟုတ်ဘူးလေ။ အချိန်ယူရတယ်။ နင်သာ အဆင့်တစ်ခုကို လုံလုံလောက်လောက် သိမြင်နားလည်သွားရင် အတားအဆီးနံရံတွေကို ဖြတ်ကျော်သွားနိုင်မှာပါ။ နင့်ရဲ့ ကျင့်ကြံခြင်းက ထူးခြားလို့ အတားအဆီးနံရံတွေက သူများတွေထက် ပိုမြင့်နေတာ... ပြီးတော့ နင့်ရဲ့ စွမ်းရည်တွေကလည်း ပိုပြီးအစွမ်းထက်တယ်”
“အင်း...”
ရီဖူရှင်း ခေါင်းညိတ်လိုက်သည်။
“ နားမလည်ဘဲ အတွေးလွန်နေတာက တကယ့်ကို အဓိပ္ပာယ်မရှိတာပဲ”
“နင် တတ်နိုင်တာကိုသာ အကောင်းဆုံးလုပ်ပါ... အချိန်တန်ရင် သူ့ဟာနဲ့သူ အဆင်ပြေသွားပါလိမ့်မယ်”
ဟွာဂျီယူ ဆက်ပြောလိုက်၏။
“ငါ နားလည်ပါတယ်”
ရီဖူရှင်းခေါင်းညိတ်ပြလိုက်ပြီး ဆက်ကျင့်ကြံလိုက်၏။ သူ အပြည့်အဝ အာရုံစိုက်လိုက်သည်။ သူ စတင်ကျင့်ကြံသည်နှင့် အခြားအတွေးများကို ဘေးဖယ်ထားလိုက်ပြီး သူ့ကိုယ်သူ ရှင်းရှင်းလင်းလင်း မြင်နိုင်ရန် သူ့လောကအတွင်းသို့ ဝင်သွားသည်။
အချိန်သည် ကုန်မှန်းမသိ ကုန်ဆုံးသွား၏။ ရီဖူရှင်းသည် သူ၏ကျင့်ကြံခြင်းတွင်သာ စိတ်နစ်နေသည်။
ထိုနေ့တွင် ရီအင်ပါယာနန်းတော်က ထိန်းချုပ်ထားသော နယ်မြေထဲမှ လူများစွာသည် ကောင်းကင်သို့ မော့ကြည့်လိုက်ကြသည်။ ဟင်းလင်းပြင်ထဲတွင် တုန်လှုပ်ဖွယ် အရှိန်အဝါတန်းများရှိနေ၏။ သူတို့အားလုံးသည် ကောင်းကင်ထက်သို့ မော့ကြည့်လိုက်ပြီး ကောင်းကင်မှနေ၍ သန်မာသော ကျင့်ကြံသူတစ်စု ဆင်းသက်လာသည်ကို တွေ့လိုက်ကြသည်။ ထိုအုပ်စုသည် အခြားအင်အားစုများမှ ဖြစ်ကြောင်း ထင်ရှား၏။ သို့သော် သူတို့အားလုံး၏ အရှိန်အဝါများသည် အလွန်အမင်းကြောက်မက်ဖွယ်ကောင်းလှသည်။
“သူတို့က ဘယ်သူတွေလဲ”
ထိုနေရာရှိ ကျင့်ကြံသူအားလုံးသည် ရင်ခုန်မြန်လာကြသည်။ ထိုအရှိန်အဝါများသည် အလွန် ကြောက်မက်ဖွယ်ကောင်း၏။ အထူးသဖြင့် ထိုအုပ်စုအရှေ့ပိုင်းမှ ကျင့်ကြံသူအနည်းငယ်၏ အရှိန်အဝါသည် ပို၍ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။ သူတို့သည် နတ်ဘုရားများကဲ့သို့ ထင်ရပြီး သူတို့၏အကြည့်များသည် မြေပြင်သို့ အထင်သေးဟန်ဖြင့် ဝေ့ဝဲကြည့်သည်။ သူတို့သည် ပုရွက်ဆိတ်များကို ကြည့်နေသကဲ့သို့ပင်။
ထိုအကြည့်များက ကျင့်ကြံသူများစွာကို အလွန်မသက်မသာ ဖြစ်သွားစေသည်။ အမှန်တွင် အချို့သည် အန္တရာယ်အငွေ့အသက်ကိုပင် အာရုံခံမိလိုက်ကြသည်။ သူတို့ မတုံ့ပြန်နိုင်ခင်မှာပင် ကောင်းကင်ထဲတွင် ရွှေရောင် အဖျက်လျှပ်စီးတန်းတစ်ခု ထွက်ပေါ်လာ၏။ ၎င်းတွင် မယုံနိုင်လောက်အောင် အားကောင်းသော အဖျက်အငွေ့အသက်ပါဝင်ပြီး ၎င်းသည် မြင့်မားသောကောင်းကင်ကို ဖြတ်သန်းသွားသည်။
ထို့နောက်တွင် ထိုသန်မာသောကျင့်ကြံသူများထဲမှ တစ်ယောက်သည် အောက်ဘက်သို့ လက်ချောင်းတစ်ချောင်း ညွှန်ပြလိုက်သည်။ ရုတ်ခြည်းပင် ရွှေရောင် အဖျက်လျှပ်စီးတန်းသည် လောကကြီးကို ဖျက်ဆီးပစ်တော့မလို အောက်သို့ အပြင်းအထန် ကျဆင်းလာလေသည်။ လူများစွာသည် ရုတ်ခြည်း တုန်လှုပ်သွားကြသည်။ သူတို့သည် အဝေးသို့ လျင်မြန်စွာ ထွက်ပြေးလိုက်ကြ၏။
သို့သော် ထိုရွှေရောင် အဖျက်လျှပ်စီတန်းတွင် နတ်စွမ်းအားပါပုံပင်။ ၎င်း ထိမှန်သွားသော ကျင့်ကြံသူတိုင်းသည် ရုတ်ခြည်း အမှုန့်ဖြစ်သွားသည်။ သူတို့သည် လုံးဝမခုခံနိုင်ခဲ့ကြဘဲ ရွှေရောင်လျှပ်စီးတန်းအောက်တွင် မရှုမလှ သေဆုံးသွားကြလေသည်။
မြေပြင်သည်လည်း ထက်ခြမ်းကွဲသွားပြီး ကြောက်မက်ဖွယ် အက်ကြောင်းများ ပေါ်လာ၏။ ရွှေရောင်လျှပ်စီးတန်းက အဝေးသို့ ဆက်ပျံသန်းသွား၏။ မြေပြင်သည် တစ်စစီဖြစ်သွားပေသည်။
ထိုကျယ်ပြောသောနယ်မြေအတွင်းမှ ကျင့်ကြံသူများသည် သွေးရူးသွေးတန်းဖြင့် စတင်ထွက်ပြေးကြ၏။ သူတို့ခေါင်းများအထက်၌ အဖျက်အရှိန်အဝါ ရှိနေဆဲပင်။ သူတို့အားလုံးသည် အန္တရာယ်အငွေ့အသက်တစ်ခုကို ခံစားလိုက်ရလေသည်။
ထိုကျင့်ကြံသူများသည် သတ်ဖြတ်ရန် ရည်ရွယ်၍ လာခဲ့ကြခြင်းဖြစ်သည်။
“ပြေးကြ...”
“နန်းတော်သခင်ရီကို သတင်းပို့...”
တစ်စုံတစ်ယောက်က အော်လိုက်သည်။ သူတို့သည် နန်းတော်သခင်ရီ၏အကူအညီကို တောင်းခံလိုပုံပင်။ သို့သော် ထိုသူ စကားပြောပြီးပြီးချင်းမှာပင် ရွှေရောင်လျှပ်စီးတန်းသည် သူ့ခန္ဓာကိုယ်ကို ထိမှန်သွားသည်။ သူ့တစ်ကိုယ်လုံး ရွှေရောင်လျှပ်စီးတန်းအောင်တွင် ပျောက်ကွယ်သွားသည်။ သူ၏ဝိညာဉ်သည်လည်း ပြန့်ကျဲသွားသည်။ သူ၏ အလောင်းပင် မကျန်ခဲ့ပါချေ။
ထိုကျင့်ကြံသူအုပ်စုသည် အဝေးရှိ ရီအင်ပါယာနန်းတော်ကို ကြည့်လိုက်၏။ သူတို့၏မျက်လုံးများထဲတွင် အထင်အမြင်သေးမှုနှင့် ပြည့်နှက်နေပြီး သတ်ဖြတ်လိုသောအရိပ်အယောင်တစ်ခုလည်း ရှိနေသည်။
ရီအင်ပါယာနန်းတော်ကို သတင်းပို့မည်လော။
လောစရာမလိုပင်။ သူတို့သည် ရီအင်ပါယာနန်းတော်ကို ဖျက်ဆီးရန် လာခဲ့ခြင်းဖြစ်သည်။ ယနေ့တွင် အရာအားလုံး အဆုံးသတ်ရပေမည်။
ရီအင်ပါယာနန်းတော်နှင့် စီဝေ့ကြယ်ကောင်းကင်သည် သမိုင်းတစ်ခုသာ ဖြစ်သွားပေလိမ့်မည်။
ဤခေတ်သည် ရီဖူရှင်း၏ခေတ် မဟုတ်ပေ။ မည်သည့်အခါကမှ သူ၏ခေတ်ဟူ၍ မရှိခဲ့ဖူးချေ။ သူသည် အပြည့်အဝမမှည့်ခင် ကြွေရမည့် ပါရမီရှင် ဂျူနီယာတစ်ယောက်သာ။ သူက အလွန်ပါရမီထူးလျှင်လည်း ဘာအရေးနည်း။ သူ့အနေဖြင့် မည်သည့်အရာကို ပြောင်းလဲနိုင်ပါမည်နည်း။
ယနေ့တွင် သူတို့သည် မရဏနတ်ဘုရားကို ကိုယ်စားပြု၍ လာခဲ့ခြင်းဖြစ်သည်။
ဝုန်း...
ကောင်းကင်ထက်မှနေ၍ မရေမတွက်နိုင်အောင်များပြားသော ဧရာမလက်ဝါးရာများ ကျဆင်းလာသည်။ ၎င်းတို့၏ လမ်းကြောင်းရှိ မည်သည့်အရာမှ မရှင်သန်နိုင်ခဲ့ပေ။ အားလုံးသည် လက်ဝါးရာများ၏ တိုက်ခိုက်မှုများအောက်၌ ရုတ်ခြည်းအတွင်း အသတ်ခံခဲ့ရပြီး မြေပေါ်တွင် လက်ဝါးရာကျွင်းကြီးများ ထွက်ပေါ်လာလေသည်။
အားလုံးသည် အဝေးသို့ ထွက်ပြေးနေကြသော်လည်း ထိုဘေးအန္တရာယ်ကျဆင်းလာသောအခါ ဆုတောင်းရုံသာ တတ်နိုင်တော့ပေသည်။ အဖျက်တိုက်ခိုက်မှုများသည် အဆက်မပြတ် ကျဆင်းနေပြီး ဤနယ်မြေသို့ သေမင်းရောက်ရှိလာသည်ဟုပင် ထင်ရသည်။
“ဒီမှာ ဘယ်သူ ပြဿနာရှာနေတာလဲ”
အဝေးမှနေ၍ လှပသော မဟာလမ်းစဉ်နတ်အလင်း စီးဆင်းလာသည်။ စီဝေ့အင်ပါယာနန်းတော်မှ ကျင့်ကြံသူများ အလျင်အမြန် လာနေခြင်းဖြစ်သည်။ သူတို့သည် ယခင်က စီဝေ့အင်ပါယာနန်းတော်နှင့် ပူးပေါင်းခဲ့သူများဖြစ်သည်။ ယခုတွင် သူတို့တော်တော်များများသည် ရန်ဟောင်အထွတ်အထိပ်အဆင့်သို့ ရောက်နေပေပြီ။ သူတို့သည်လည်း အဖျက်အရှိန်အဝါကို ခံစားလိုက်ရသောအခါ ရင်တုန်သွားကြသည်။ ထိုလူများသည် လွန်စွာ ကြောက်မက်ဖွယ်ကောင်းလှသည်။ သို့သော် သူတို့သည် ထိုလူများကို သွားရောက်တားဆီးရမည်ဖြစ်သည်။ သူတို့သည် ရီအင်ပါယာနန်းတော်ကိုလည်း သတင်းပို့ထားခဲ့လေသည်။
သူတို့ စကားပြောပြီးသွားသောအခါ ကောင်းကင်ထဲတွင် အဖျက်နတ်အစီအရင်တစ်ခု ထွက်ပေါ်လာ၏။ ထို့နောက် ချိုးနှိမ်သော ဓားအရှိန်အဝါကျဆင်းလာပြီး အဆုံးမဲ့ ဓားထိုးသံများ ထွက်ပေါ်လာလေသည်။ သူတို့သည် နာကျင်စွာ အော်ရန်ပင် အချိန်မရလိုက်ကြဘဲ တိုက်ခိုက်မှုများအောက်တွင် မရှုမလှ သေဆုံးသွားကြသည်။ သူတို့သည် ခုခံရန်ပင် မတွေးနိုင်ခဲ့ပေ။
ယခုတွင် ထိုနေရာသည် ကမ္ဘာပေါ်မှ ငရဲကဲ့သို့ဖြစ်နေပေပြီ။ ထိုတဒင်္ဂလေးအတွင်း၌ ကျင့်ကြံသူမည်မျှ သေသွားကြောင်းကို မည်သူမှ မသိပေ။ ထိုကဲ့သို့ ရက်စက်၍ သွေးအေးသော သတ်ဖြတ်မှုမျိုးကို နတ်ဘုရားကုန်းမြေတွင် မမြင်ခဲ့ရသည်မှာ နှစ်ပေါင်းများစွာကြာခဲ့ပြီဖြစ်သည်။ သို့သော် ယနေ့တွင် ထိုကဲ့သို့သော သတ်ဖြတ်မှု ဖြစ်ပျက်ခဲ့ပေပြီ။
လူများစွာသည် သွေးရူးသွေးတန်းဖြစ်နေကြသည်။ သူတို့သည် ထွက်၍ပင် မပြေးနိုင်ချေ။ သို့သော် သန်မာသော ကျင့်ကြံသူများသည် သူတို့၏အသက်များကို ဂရုစိုက်ပုံမပေါ်ပေ။ ထိုကျင့်ကြံသူများသည် သွေးအေးအေးဖြင့် သတ်ဖြတ်နေကြလေသည်။
သူတို့သည် ကောင်းကင်ကို ဖြတ်၍ ရီအင်ပါယာနန်းတော်ဆီသို့ တိုက်ရိုက် သွားနေကြသည်။ သူတို့ဖြတ်သွားသောနေရာတိုင်းတွင် မရေမတွက်နိုင်အောင် များပြားသော လူများ အမှုန့်ဖြစ်သွားကြသည်။ သူတို့၏ပန်းတိုင်သည် ရီအင်ပါယာနန်းတော်ပင်။
ထိုထိပ်သီးများသည် ရီအင်ပါယာနန်းတော်ကို ဖျက်ဆီးရန် လာခဲ့ကြခြင်းဖြစ်လေသည်။