← Chapters

အင်မော်တယ်အပျက်အစီးများနယ်ထဲအထိ လိုက်ခြင်း

Vol. 74 Ch. 1021

အင်မော်တယ်အပျက်အစီးများနယ်ထဲအထိ လိုက်ခြင်း

Vol. 74 Ch. 1021

မန်ဟိုက မှီခိုရာဂိုဏ်းချုပ်ကို လက်ညှိုးထိုးလိုက်ကာ သူ့အား တုံ့ခနဲ ရပ်သွားစေသည်။ ဤအခိုက်အတန့်တွင် လိပ်အိုကြီး၏ မကျေမချမ်းမှုမှာ ပေါက်ကွဲသွားသည့် အတိုင်းအတာသို့ ရောက်ရှိသွားခဲ့ပြီး သူက မန်ဟို့ကို အသားကုန် ဟိန်းဟောက်လိုက်တော့သည်။ မန်ဟိုကမူ ထရပ်ပြီး အဝေးသို့ လှမ်းကြည့်လိုက်၏။

"ထူးဆန်းတယ်။ ငါ အခုလေးတင် ထူးဆန်းတဲ့ ခံစားချက်တစ်ခု ရလိုက်တယ်" မည်သည့်အရာက ၎င်းကို ဖြစ်ပေါ်စေခဲ့သည်လဲ မသေချာသော်လည်း စောစောက သူ့မျက်လုံးအရှေ့တွင် ဇာပါးပါးလေးတစ်ခု ဖြတ်သွားသည့်အလားပင်။ သူ မြင်ခဲ့သင့်သည့်အရာအား ဖုံးကွယ်လိုက်သည်နှင့်တူသည်။

"ထူးဆန်းတယ်ဆိုတာ ဘာပြောချင်တာလဲ" မှီခိုရာဂိုဏ်းချုပ်က မာန်တက်နေသော လေသံဖြင့် ပြောသည်။ "အခုလေးတင် မိန်းကလေးတစ်ယောက် မင်းနာမည်အော်ခေါ်ရင်း ဖြတ်သွားတယ်လေ။ မင်းက သူ့ကို လျစ်လျူရှုထားတော့ သူက အင်မော်တယ်အပျက်အစီးနယ်ထဲကို ၀င်သွားတယ်။ ပြီးတော့ ကလေးတစ်ကောင်ကလည်း သူ့လိုက်နေတယ်။ ကြည့်ရတာ သတ်ဖို့ ကြိုးစားနေတဲ့အတိုင်းပဲ" မှီခိုရာဂိုဏ်းချုပ်က သူ့ကိုယ်သူ ကျေနပ်နေသောပုံစံဖြင့် စကားပြောနေသည်။

မန်ဟိုက တအံ့တဩ ငေးကြည့်လိုက်သည်။

"ဟုတ်တယ်။ အမှန်ပဲ" ကြက်တူရွေးက အံ့အားသင့်သောလေသံဖြင့် ပြောသည်။ "သခင်ငါးလည်း မြင်လိုက်တယ်။ မင်းမမြင်ဘူးလား"

"သခင်သုံးလည်း မြင်လိုက်တယ်" အသားဂျယ်လီက အလွန်လေးနက်သော လေသံဖြင့် ပြောသည်။ "လာစမ်းပါ။ မမြင်ချင်ယောင်ဆောင်မနေနဲ့။ မမြင်ချင်ယောင်ဆောင်တယ်ဆိုတာ မကောင်းဘူး"

"ငါလည်း မြင်လိုက်တယ်…" ဂူယွိတင်းစန်းယွီက လက်ကလေးအုပ်ကာ ပြုံးရင်း ပြောသည်။

မန်ဟိုက မျက်လုံးများ တလက်လက် တောက်ပနေလျက် ကြယ်တာရာကောင်းကင်ကို လှမ်းကြည့်လိုက်၏။ သူက အင်မော်တယ်အပျက်အစီးများနယ်ကို ငေးကြည့်၍ တစ်ယောက်တည်း ရေရွတ်လိုက်သည်။

"ဪ ဟုတ်သားပဲ” မှီခိုရာဂိုဏ်းချုပ်က ဆက်ပြောသည်။ “မန်ဟို၊ ခွေးသူတောင်းစားလေး နားထောင်။ စောစောက ကလေးပြောသွားတဲ့စကားအရဆို မင်း အဲ့ကလေးမကို လက်မထပ်မှတော့ သူက မင်းအစား လင်ယောက်ျားတာ၀န်တွေကို ဖြည့်ဆည်းပေးတော့မယ်ထင်တယ်။ မင်းသိလား။ ဒီနေ့ခေတ်ကလေးက တကယ်ကို စိတ်သဘောထားကောင်းတယ်ကွ။ အခြားလူတွေကို ကူညီရင်း ပျော်ရွှင်တတ်တဲ့ လူမျိုးတွေပေါ့" သူက သူ့ကိုယ်သူ အလွန်ကျေနပ်နေရင်း တဟားဟားရယ်လိုက်သည်။

"ဟုတ်တယ် အမှန်ပဲ။ သခင်သုံးလည်း အဲ့ကလေးက တကယ်စိတ်ထားကောင်းတယ်လို့ တွေးမိတယ်။ ဘယ်လောက်ကောင်းလိုက်တဲ့လူလဲ။ ကမ္ဘာပေါ်မှာ အဲ့ဒီလို စိတ်ထားကောင်းတဲ့သူ များများစားစား မရှိဘူး။ အဲ့လို စာရိတ္တမျိုးနဲ့ အဲ့လို ကိုယ်ကျင့်တရားမျိုးက အင်မတန် အတုယူစရာကောင်းတယ်" အသားဂျယ်လီက အခြေအနေမှန်ကို လုံးလုံးလျားလျား လျစ်လျူရှုပြီး ခေါင်းတဆတ်ဆတ် ညိတ်လိုက်သည်။

ကြက်တူရွေးက မျက်လုံးကစားပြီးနောက် လည်ချောင်းရှင်းလိုက်၏။

"မန်ဟို၊ မင်း သူ့ကို အခုချက်ချင်း သွားမကယ်ရင် သူက အဲ့ဒီကောင်ရဲ့ ကစားစရာဖြစ်လာတော့မှာနော်။ သခင်ငါး မှတ်မိတာမိရင် အဲ့ဒီအမွှေးမရှိတဲ့ ကလေးမနာမည်က လီလင်းအာတဲ့"

မန်ဟိုသည် အင်မော်တယ်အပျက်အစီးများနယ်အား စိုက်ကြည့်နေစဉ် မျက်နှာ အလွန်တရာ မသာမယာဖြစ်သွားပြီး မျက်လုံးများ၌ အသတ်အဖြတ်စိတ်ဆန္ဒများ ပြည့်နှက်သွားတော့သည်။ သူသည် မည်သည့်အတွက်ကြောင့် လီလင်းအာ လီမျိုးနွယ်စုတွင် ရှိမနေခဲ့သည်လဲ မသေချာသော်လည်း ထိုအရာက အရေးမကြီးပေ။ သူတို့နှစ်ယောက်ကြား၌ မည်သည့်ပြဿနာများ ရှိခဲ့စေကာမူ သူသည် ကယ်ပေးနိုင်သော အခြေအနေတွင်ရှိစဉ် သူမကို သည်အတိုင်းထားလိုက်ရန် အကြောင်းပြချက်မရှိပေ။

ထိုမျှသာမက သူမနောက် လိုက်ဖမ်းနေသူက မန်ဟို့အစား လင်ယောက်ျားတာ၀န်များကို ဖြည့်ဆည်းပေးတော့မည်ဟု ပြောခဲ့ကတည်းက ၎င်းမှာ ယောက်ျားစစ်စစ်သို့ လက်ခံပေးနိုင်မည့်အရာမဟုတ်ပေ။

သူနှင့်လီလင်းအာ လက်ထပ်မည့်ကိစ္စသည် သူတို့နှစ်ယောက်ကြား ကိုယ်ရေးကိုယ်တာကိစ္စဖြစ်သည်။ အပြင်လူတစ်ယောက် ထိုကဲ့သို့ ပြောခဲ့ခြင်းမှာ စည်းဘောင်ကျော်နေသော အပြုအမူပင်။

သူက ကြက်တူရွေးနှင့် အသားဂျယ်လီကို မျက်စောင်းထိုးရင်း အေးစက်စက်နှာမှုတ်ပြီးနောက် မှီခိုရာဂိုဏ်းချုပ်ပေါ်တက်ကာ ခြေဆောင့်နင်းလိုက်သည်။

“ကောင်းပြီ … သူတို့နောက်ကနေ အင်မော်တယ်အပျက်အစီးများနယ်ကို လိုက်သွား" သူက ပြောသည်။ သူ့အသံက အေးစက်နေသော်လည်း သူ့နှလုံးသားတွင် သတိဝီရိယတို့ပြည့်နှက်နေသည်။ စောစောက သူ့အမြင်အာရုံကို ဖုံးကွယ်ခဲ့ရန် မည်သည့်အရာကိုပဲ သုံးခဲ့သုံးခဲ့၊ ၎င်းသည် အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသော အရာတစ်ခုဖြစ်ကြောင်း သူ သိ၏။ ပို၍ပင် ကြောက်စရာကောင်းသည်က လီလင်းအာ လိုက်ဖမ်းခံနေရသည့်တိုင် လီမျိုးနွယ်စုက တစ်ယောက်မှ သူမကို ကယ်ရန် မလွှတ်ခဲ့သည့်အချက်ပင်။ သို့သော် မန်ဟိုက မှီခိုရာဂိုဏ်းချုပ်ကိုကြည့်ပြီး အရှေ့အောင်ပွဲဂြိုလ်ပေါ်တွင် လူတိုင်း အသိစိတ်ကင်းမဲ့နေတုန်းက ထိုလိပ်ကြီးအပေါ်တွင် သက်ရောက်မှုမရှိခဲ့သည်ကို တွေးလိုက်မိသည်။ ထိုအခြင်းအရာက ထိုလိပ်ကြီး တိုက်ပွဲထဲ၌ မည်မျှ မယုံကြည်နိုင်လောက်အောင် အစွမ်းထက်သလဲ သက်သေပြနေ၏။

မှီခိုရာဂိုဏ်းချုပ်က စိတ်လှုပ်ရှားစွာဖြင့် အင်မော်တယ်အပျက်အစီးများနယ်သို့ အမြန်ဆုံး ဦးတည်လိုက်သည်။ ကြက်တူရွေးလည်း စိတ်လှုပ်ရှားနေသည်။ အင်မော်တယ်အပျက်အစီးများနယ်ထဲတွင် အမွှေးအတောင်ပါသော သားရဲတိရိစ္ဆာန်များ ပြည့်နှက်နေသည်ဟု ခံစားနေရသဖြင့် ထိုနယ်က ၎င်းအတွက် စိတ်ကူးယဉ်အိမ်မက်ကမ္ဘာငယ်လေး ဖြစ်နေလေသည်။

တုံးတုံးအအ အသားဂျယ်လီမှာတော့ သူ၏ ရိုးရှင်းသောစိတ်ကလေးဖြင့် မည်သည့်အရာကိုမဆို အမှန်တကယ် ယုံကြည်နေ၏….

မှီခိုရာဂိုဏ်းချုပ်က အရှိန်တင်လိုက်သဖြင့် ဂျိန်းခနဲ မြည်ဟည်းသွားသည်။ မျက်စိတစ်မှိတ်အတွင်း သူက အင်မော်တယ်အပျက်အစီးများနယ်ထဲတွင် လီလင်းအာနောက်မှ လိုက်နေလေပြီ။ မှီခိုရာဂိုဏ်းချုပ်သည် အင်မတန်မှ ကြီးမားလှသဖြင့် အင်မော်တယ်အပျက်အစီးများနယ်သို့ ၀င်ရောက်လိုက်လျှင်ချင်း အရာအားလုံး တုန်ခါစပြုလာ၏။ သဘာ၀နိယာမများမှာ သူ၏ရောက်ရှိလာမှုကြောင့် ပြောင်းလဲကုန်သည့်အလားပင်။

ဂူယွိတင်စန်းယွီမှာ တုန်ရီသွားပြီး ငေးကြောင်သွားသည်။ အကြောင်းတစ်ခုခုကြောင့် သူမသည် အင်မော်တယ်အပျက်အစီးများနယ်၏ ဟိုးအတွင်းပိုင်းထဲရှိ တစ်နေရာမှ တစ်စုံတစ်ခုက သူမကို ဆင့်ခေါ်နေသည့်အလား … ခံစားလိုက်ရလေသည်။

သူမ ၀င်ရောက်လိုက်လျှင်ချင်း မေ့ဖျောက်ခံထားရသော မှတ်ဉာဏ်အပိုင်းအစတစ်ချို့မှာ ရုတ်တရက် ပေါ်ပေါက်လာသည့်အလားပင်။

သူတို့အဖွဲ့လေး အင်မော်တယ်အပျက်အစီးများနယ်သို့ ၀င်ရောက်လိုက်သည်နှင့်တစ်ပြိုင်နက် နယ်၏ အပြင်တွင် ထိုင်နေသော အဘိုးကြီးက မျက်မှောင်ကြုတ်လိုက်သည်။

"ကြည့်ရတာ ငါ အဲ့ဒီလိပ်နဲ့ ငှက်ကို လျှော့တွက်ခဲ့မိတဲ့ပုံပဲ။ ခေါင်းလောင်းလိုဘာလိုလိုပစ္စည်းကိုရော၊ လိပ်ပေါ်က မိန်းကလေးကိုရော လျှော့တွက်ခဲ့မိတယ်" စောစောက သူသည် မှီခိုရာဂိုဏ်းချုပ်နှင့် ကြက်တူရွေး အစွမ်းထက်ကြောင်း သတိထားမိခဲ့သော်လည်း ယခုတွင်မူ သူထင်ထားသည်ထက် များစွာအစွမ်းထက်ကြောင်း ၀န်ခံလိုက်ရသည်။

"သူတို့ ငါ့ရဲ့ တာအိုမှော်သိုင်းကွက်ကို ဖောက်ထွင်းပြီး မြင်နိုင်တယ်ဆိုတာက …." သူက ရေရွတ်လိုက်သည်။ ၎င်းသည် သူ အကွက်ချထားသည်ထက် ကျော်လွန်နေသော အရာပင်။ မူလက သူ၏ အစီအစဉ်မှာ ရီဖဇီကို သတိပေးသည့်ပုံထင်ခဲ့ရသော်လည်း သူ့အား လီလင်းအာကို အပြတ်ရှင်းရန် လောဆော်လိုက်ခြင်းဖြစ်ခဲ့သည်။

လီလင်းအာ၏ သေဆုံးမှုမှတဆင့် စိတ်ဝိညာဉ်ကြယ်လောကမှ ကျန်းမျိုးနွယ်စုသည် မန်ဟိုနှင့်ပတ်သက်၍ အစေ့တစ်စေ့ စိုက်ပျိုးနိုင်မည်။ အဘိုးကြီးမှာ မည်ကဲ့သို့ ပန်းပွင့်မျိုး ပွင့်လန်းလာမည်လဲ မြင်တွေ့ရဖို့ စိတ်အားထက်သန်နေသည်။

သို့သော် အ‌ခြေအနေက သူ့အစီအစဉ်အတိုင်း မသွားတော့ပေ။

သူက အင်မော်တယ်အပျက်အစီးများနယ်သို့ လှမ်းကြည့်ရင်း အလွန်တရာ ကြောက်စရာကောင်းသော တစ်စုံတစ်ခုကို သတိရလိုက်သည်။

"တစ်ချိန်တုန်းက ပါရာဂွန်အင်မော်တယ်လောက" မှတ်ဉာဏ်များက သူ့စိတ်ထဲတွင် တဝဲဝဲလည်သွားပြီး သူက သက်ပြင်းချလိုက်၏။ နောက်ဆုံးတွင် သူက အံတင်းတင်းကြိတ်ပြီး အင်မော်တယ်အပျက်အစီးများနယ်သို့ ဦးတည်လိုက်သည်။ သူ့တွင် ရွေးချယ်စရာမရှိပေ။ သူ့‌အနေဖြင့် ကျန်းမျိုးနွယ်စုကို အကြောင်းပြချက်ပေးနိုင်သော်လည်း ရီဖဇီကိုတော့ အင်မော်တယ်အပျက်အစီးများနယ်ထဲတွင် သေခွင့်ပြု၍ မဖြစ်ပေ။

သူတို့ အင်မော်တယ်အပျက်အစီးများနယ်ထဲတွင် တရွေ့ရွေ့‌သွားနေစဉ် မန်ဟိုက မှီခိုရာဂိုဏ်းချုပ်၏ ခေါင်းပေါ်တွင် ရပ်ကာ ‌ဘေးဘီဝဲယာကို ကြည့်နေသည်။ ဤသည်မှာ သူ ဒုတိယအကြိမ် ဤနေရာသို့ ရောက်လာခြင်းဖြစ်ပြီး ဤဧရိယာမှာ တာအိုဆရာအစည်းအရုံးသုံးခု ဖွင့်ခဲ့သော ၀င်ပေါက်ထက်စာလျှင် များစွာ ခြားနားလေသည်။

တာအိုဆရာအစည်းအရုံးသုံးခု၏ ၀င်ပေါက်သည် သူတို့ နှံ့နှံ့စပ်စပ် သေ‌သေချာချာ ရှာဖွေပြီး မည်သည့်အန္တရာယ်မှ မရှိကြောင်း စေ့စေ့စပ်စပ် စူးစမ်းထားသော နေရာတစ်နေရာဖြစ်သည်။ သို့သော် မန်ဟို ယခုရောက်နေသောနေရာမှာ လူအနည်းစုသာ လာခဲ့ဖူးသည့် နေရာတစ်နေရာဖြစ်၏။

အ‌ရှေ့တွင် ဧရာမကျောက်အစအနများသည် လေထဲတွင် ပျံဝဲနေ၏။ ကြေမွနေသော ရုပ်တုကြီးကိုလည်း မြင်ရနိုင်ပြီး ကောင်းကင်မှာ မည်သည့်အရာကိုမဆို ပိုင်းဖြတ်၀ါးမြိုနိုင်ပုံရသော အက်ကွဲကြောင်းများဖြင့် ပြည့်နှက်နေသည်။

ပို၍ပင် ထူးဆန်းသည်က ရှေးဆန်သော အရှိန်အဝါတစ်ခုနှင့်အတူ လေထဲတွင် ပဲ့တင်ထပ်နေသော မိစ္ဆာအော်သံများပင်ဖြစ်သည်။

ထိုမျှသာမက ဤသည်မှာ အင်မော်တယ်အပျက်အစီးများနယ်၏ အစပ်နားသာ ရှိသေးသည်။ သူတို့ရှေ့ဆက်သွားနေစဉ် မှီခိုရာဂိုဏ်းချုပ်၏ အမူအရာမှာ လေးနက်လာ၏။ သို့သော် သူက မည်သည့်အတားအဆီးကိုမဆို ဖြတ်သန်းပြီး မယုံကြည်နိုင်ဖွယ်စွမ်းအားဖြင့် ရှေ့ဆက်သွားနေနိုင်ပုံရသေးလေသည်။

သူ့အပြင်အားကိုယ်၏ သန်မာမှုသည် ကြောက်ခမ်းလိလိ အတိုင်းအတာသို့ ရောက်ရှိနေခဲ့သဖြင့် သူတို့အား အင်မော်တယ်အပျက်အစီးများနယ်စပ်ကို ဖြတ်၍ လျင်မြန်စွာ သွားနေနိုင်စေ၏။

မန်ဟိုသည် ကျင့်ကြံခြင်း‌အခြေခံကို လှည့်ပတ်၍ မျက်နှာထားလေးနက်လျက်ရှိ၏။ အင်မော်တယ်အကြော ၁၂၃ ကြောတို့သည် စွမ်းအားတို့ဖြင့် သက်ဝင်ပြီး မည်သည့်စွမ်းအားကမှ သူ့ခန္ဓာကိုယ်ထဲမှ စိမ့်ထွက်မသွားပေ။ ဝိုးတိုးဝါးတား ကောင်းကင်ဘုံ ၃၃ ခုလည်း ကျဆင်းလာပြီး တလက်လက် တောက်ပနေသော အလင်းရောင်က သူ့မျက်လုံးထဲတွင် ပေါ်လာသည်။ ထိုနေရာတွင် စွမ်းအားတို့ တဟုန်းဟုန်းတောက်လျက် ရပ်နေစဉ် သူကား အင်မော်တယ်နယ်ပယ်ပါရာဂွန်တစ်ဦး၏ စိတ်ဆန္ဒအား ထုတ်လွှတ်ထားသည်။

"ငါ စောစောက ဖြစ်သွားတာမျိုး မင်းတို့တွေမြင်ရပြီး ငါမမြင်ရတဲ့အရာမျိုးကို ထပ်မဖြစ်စေချင်ဘူး" သူက ရုတ်တရက် အေးစက်စက် ကြေညာ၍ လက်ကို မြှောက်လိုက်ရာ ပဉ္စမမန္တန်အက်ကွဲကြောင်း ပေါ်လာ၏။

မှီခိုရာဂိုဏ်းချုပ်က တစ်ယောက်တည်း ပွစိပွစိ ပြောပြီးနောက် ရုတ်တရက် ပါးစပ်ကြီးဟကာ ဟိန်းဟောက်လိုက်သည်။ ဟိန်းဟောက်သံက အရပ်လေးမျက်နှာသို့ ပျံ့နှံ့မသွားဘဲ သူ့ပတ်ပတ်လည်ရှိ ဧရိယာသေးသေးလေးတွင်သာ ပျံ့နှံ့သွားလေသည်။

"ပွင့်စမ်း"

ဂျိန်းခနဲ အသံကြီးနှင့်အတူ မန်ဟို့ပတ်ပတ်လည်ရှိ အရာအားလုံး ပျောက်ကွယ်သွားသည်။ သူသည် လွင့်မျောနေသော သွေးစက်များနှင့် တစ်စုံတစ်ယောက် ရက်ရက်စက်စက် လိုက်ဖမ်းခံနေရသည့် သဲလွန်စများကို မြင်လိုက်ရသည်။

သိပ်မလှမ်းသည့် နေရာတစ်နေရာတွင် လီလင်းအာ၏မျက်နှာသည် သွေးဆုတ်ဖြူလျော့နေပြီး သူမပါးစပ်မှ သွေးများစီးကျနေ၏။ မီးငြိမ်းသေတော့မည့် မီးအိမ်တစ်လုံးအလား သူမ၏ အသက်စွမ်းအားမှာလည်း နောက်ဆုံးအတိုင်းအတာသို့ ရောက်ရှိနေသည်။ သူမမှာ အင်မော်တယ်အပျက်အစီးများနယ်ထဲတွင် စိတ်ပျက်အားငယ်မှုမှအပ မည်သည့်အရာကိုမှ ရှာမတွေ့ခဲ့သဖြင့် ခါးသီးစွာ ရယ်နေတော့သည်။

ရီဖဇီနှင့် သူ၏ ခေါင်းသုံးလုံးမြွေနက်ကား သူမ၏ နောက်တည့်တည့်တွင် ဖြစ်သည်။ အရိုင်းဆန်သောအရှိန်အဝါက အရပ်လေးမျက်နှာသို့ ခွဲဖြာကာ အနီးအနားရှိ အပျက်အစီးများကို တွန်းဖယ်လိုက်သဖြင့် အရာအားလုံး တုန်ခါသွားသည်။

"ဆောက်တည်ရာမဲ့နေပြီမလား…" ရီဖဇီက တဟားဟားရယ်ရင်း တွေးသည်။ သူက မျက်လုံးများ၌ မကောင်းဆိုးဝါးအလင်းတို့ လင်းလက်နေလျက် ညာလက်ကို မြှောက်လိုက်သည်။

လက်ချောင်းတစ်‌ချောင်း ဝှေ့ယမ်းလိုက်ခြင်းဖြင့် သူသည် အနက်ရောင် အတန်းတစ်တန်းအား ထွက်သွားစေသည်။ ၎င်းဖြတ်သန်းသွားသော နေရာတိုင်းရှိ ကျောက်တုံးကျောက်စိုင်များမှာ အစိတ်စိတ်အမွှာမွှာ ကြေမွခြင်းအဖြစ်သို့ ရောက်ကုန်၏။

ဖောင်းခနဲ အသံကြားလိုက်ရပြီး ကျောက်တုံးကျောက်စိုင်များ၏ ဝင်တိုက်ခြင်းခံလိုက်ရသဖြင့် လီလင်းအာ၏ ပါးစပ်မှ သွေးများပန်းထွက်သွားပြန်သည်။ သူမက နည်းနည်းလေးမှ အရှုံး‌မပေးလိုသော၊ မလိုက်လျောလိုသော မျက်ဝန်းများဖြင့် ရီဖဇီကို စိမ်းစိမ်းဝါးဝါး ကြည့်လိုက်၏။

သူမ‌အနေဖြင့် ဆောက်တည်ရာမဲ့နေသော်လည်း၊ သေကောင်းသေသွားနိုင်သော်လည်း ဂုဏ်သရေရှိရှိနှင့်သာ သေမည်ဖြစ်သည်။

"ငါ ဒီလို အမူအရာမျိုးကို သဘောကျတယ်" ရီဖဇီက ပြောသည်။ "အိမ်မှာကွာ ခေါင်းဆောင်ကြီးတွေ သမိုင်းတစ်‌လျှောက်လုံး သတ်ခဲ့တဲ့ အင်မော်တယ်ခေါင်းတွေအကုန်လုံးမှာ အဲ့ဒီလိုမျိုး တူညီတဲ့ အမူအရာမျိုးရှိတယ်

"အင်မော်တယ်တွေ…" သူက ခေါင်းနောက်လှန်ပြီး တဟားဟားရယ်လိုက်သည်။ သူ၏ အမူအရာကား လုံးလုံးလျားလျား မောက်‌မာခက်ထန်နေသည့်ပုံပေါ်သည်။

"အင်မော်တယ်တွေက သေရမှာ။ အင်မော်တယ်လောကအကုန်လုံး ဖျက်ဆီးခံရမှာလေ။ ဘယ်သူက အင်မော်တယ်လောကနဲ့ မင်းတို့လိုမျိုး မလောက်လေးစား အင်မော်တယ်တွေကို စောက်ဂရုစိုက်နေမှာတုန်း" ရီဖဇီသည် အသတ်အဖြတ်စိတ်ဆန္ဒတို့ကို ထုတ်ဖော်လျက် လီလင်းအာထံသို့ ချီတက်သွားသည်။

သူက ညာလက်ကို ကုတ်ခြစ်လိုက်သည့်ဟန်ဖြင့် ဝှေ့ယမ်းလိုက်ရာ ဧရာမစွမ်းအားကြီးတစ်ခု ပေါက်ကွဲထွက်လာသည်။ လီလင်းအာမှာ ပြန်မတိုက်ခိုက်နိုင်သလို ရုန်းလည်းမရုန်းကန်နိုင်ပေ။ ရုတ်တရက် သူမ၏မျက်လုံးများသည် ခိုင်မာပြတ်သားသောစိတ်ဆန္ဒဖြင့် တောက်ပသွားပြီး သူမကိုယ်ထဲတွင် အဖျက်အစီးအငွေ့အသက်များ ဆူပွက်လာသည်။

သူမကား မိမိကိုယ်ကို ဖောက်ခွဲရန် ရွေးချယ်လိုက်လေပြီ။

"ကိုယ့်ကိုကိုယ် ဖောက်ခွဲမယ်ဟုတ်လား" ရီဖဇီက မဆိုစလောက် ပြုံးကာ ပြောသည်။ သူက ညာလက်ဖြင့် မန္တန်လက်ကွက်တစ်ကွက်အား လျင်မြန်စွာ ဖော်ကာ လီလင်းအာအား တုန်ခါသွားစေသော တာအိုမှော်သိုင်းတစ်ကွက်ကို ထုတ်လွှတ်လိုက်သည်။ ရုတ်တရက် သူမကိုယ်ထဲရှိ အဖျက်အဆီးအငွေ့အသက်မှာ ပျောက်ကွယ်သွား၏။ သူမမှာ ကိုယ့်ကိုယ်ကို ဖောက်ခွဲ၍မရတော့ကြောင်း သိလိုက်သဖြင့် အံ့ဩမှင်သက်သွားတော့သည်။

"ငါ ဒီမှော်သိုင်းကွက်ကို ကိုယ့်ကိုကိုယ် ဖောက်ခွဲဖို့ ကြိုးစားနေတဲ့ အင်မော်တယ်တွေနဲ့ ရင်ဆိုင်ခဲ့တုန်းက သင်ယူခဲ့တာလေ” ပြောပြောဆိုဆိုနှင့် ရီဖဇီသည် လီလင်းအာ၏ ရှေ့တွင် ပေါ်လာကာ ညာလက်ကို မြှောက်ပြီး သူမကို လည်ပင်းမှ ဆုပ်ကိုင်လိုက်၏။ ထို့နောက် သူမကို မြေကြီးသို့ ပစ်ပေါက်လိုက်သည်။ သူက ရက်စက်ကြမ်းကြုတ်သော အမူအရာဖြင့် ပြောသည်။ "ကဲ လိမ္မာစမ်းပါ။ ငါတို့ အခု မင်္ဂလာဦးညလေး ဖန်တီးကြတာပေါ့။ ပြီးရင် ငါ့ရဲ့အစွမ်းမြှင့်တင်ဖို့အတွက် မင်းရဲ့သွေးကို သုံးမယ်"

လီလင်းအာမှာ တဆတ်ဆတ် တုန်နေပြီး နှုတ်ခမ်းကို ပြတ်ထွက်မတတ် ကိုက်ရင်း ရီဖဇီကို စိမ်းစိမ်းဝါးဝါး ကြည့်လိုက်သည်။ ဤအခိုက်အတန့်တွင် ရုတ်တရက် သူမက ပါးစပ်ကို ဟကာ ‌တောက်ပသော အလင်းရောင်အား ဖြာထွက်သွားစေ၏။

ရီဖဇီမှာ တုန်လှုပ်သွားသည်။ တစ်ချိန်တည်းမှာပင် တောက်ပသော အလင်းရောင်က ရုတ်တရက် သူ့ပတ်ပတ်လည်တွင် ပေါ်လာ၏။ အလင်းတန်းက သူ့လည်ပင်းနားမှ ပွတ်သီကာ ဖြတ်သွားသည်။ ၎င်းက သူ၏ လည်မျိုကို ပိုင်းဖြတ်ရန် လာနေသော ချွန်မြနေသည့် မိုးမခသစ်ရွက်တစ်ရွက် ဖြစ်၏။

"အပျက်မ" သူက ဟိန်းဟောက်လိုက်သည်။ စိတ်ထဲတွင် သူ့မှာ တုန်လှုပ်နေ၏။ မျိုးနွယ်စုမှ ပေးအပ်ထားသော အသက်ကယ်ဒိုင်းသာမပါလျှင် ထိုမိုးမခသစ်ရွက်က သူ့လည်ပင်းအား ဖြတ်ပြီးလေပြီ။

သူက လီလင်းအာ၏လျှာကို ဒေါသတကြီး လှမ်းဖြတ်တော့မည့်အချိန် ရုတ်တရက် အအေးလှိုင်းက သူ့အား ခေါင်းမော့၍ အဝေးသို့ လှမ်းကြည့်မိလိုက်စေသည်။ သူမြင်လိုက်ရသည်မှာ သူ့ထံသို့ ဝုန်းဒိုင်းကြဲ ပြေး၀င်လာနေသော မှီခိုရာဂိုဏ်းချုပ်၏ ဧရာမခန္ဓာကိုယ်ကြီးကို ဖြစ်သည်။ သူ၏ ကျောပေါ်တွင် မန်ဟိုက သူ့ကို အေးစက်စက်ကြည့်ရင်း ရပ်နေ၏။

***

All Chapters