အလွန်နှေးခဲ့သည့် ခြေတစ်လှမ်း
Vol. 195 Ch. 2781
“အားလုံးပဲ ပြန်ဆုတ်ကြ”
ထိုနေရာတွင် အသံတစ်သံ ပဲ့တင်ထပ်သွားသည်။ ကျူးကျော်လာသူများကို မည်သူမှ မခုခံနိုင်ပေ။ ထို့ကြောင့် အားလုံး စတင်ဆုတ်ခွာလိုက်ကြသည်။
ထိုသန်မာသောကျင့်ကြံသူများသည် သတ်ဖြတ်ရန် ရောက်လာခြင်းဖြစ်ကြောင်း သူတို့ သဘောပေါက်သွား၏။ သူတို့သည် ထိုသူများကို လုံးဝမတားနိုင်ပေ။ ထိုသန်မာသောကျင့်ကြံသူအုပ်စုသည် လွန်စွာ စွမ်းအားကြီးပေသည်။
သူတို့ကို တားဆီးလိုသူတိုင်းသည် တောင်တစ်လုံးကို တုတ်တစ်ချောင်းနှင့် တားရန်ကြိုးစားနေသကဲ့သို့ ဖြစ်နေလေသည်။ သူတို့သည် တိုက်ခိုက်မှုတစ်ချက်ကိုပင် မခံနိုင်ကြချေ။ ထို့ကြောင့် သူတို့ ပြန်ဆုတ်ရုံသာ ရှိတော့သည်။ သူတို့အသက်ရှင်နိုင်လျှင်ပင် လုံလောက်ပြီဖြစ်သည်။
ထိုအသံနှင့်အတူ အဝေးတွင် နတ်ဓားတစ်ချောင်းလည်း ထွက်ပေါ်လာ၏။ ၎င်းသည် ဓားဧကရာဇ်ဝိညာဉ်စွမ်းအားကို သယ်ဆောင်ထားပြီး ဧရာမဓားကြီးများအဖြစ် ပြောင်းလဲသွားကာ သတ်ဖြတ်ရန် ရောက်လာခဲ့သည့် သန်မာသောကျင့်ကြံသူများထံ ကျဆင်းသွားသည်။
မိုးချုန်းသံများကို အဆက်မပြတ် ကြားလိုက်ရ၏။ ဧရာမဓားကြီးများတွင် ဓားဧကရာဇ်အရှိန်အဝါ ပါဝင်ပေသည်။ ရီအင်ပါယာနန်းတော်အပြင်တွင် ဓားဧကရာဇ်အရှင်သည် စွမ်းအားကြီးကျင့်ကြံသူတစ်စုနှင့် ထွက်ပေါ်လာ၏။ သူတို့အားလုံး၏ မျက်နှာထားသည် အလွန်မသက်မသာဖြစ်နေကြသည်။ သူတို့သည် ရောက်ရှိလာသည့် အဝေးရှိ သန်မာသောကျင့်ကြံသူများကို ကြည့်သည်။ ထိုကျင့်ကြံသူများသည် ဖျက်ဆီးရင်း လာနေသည်။
ဟင်းလင်းပြင်ထဲတွင် မရေမတွက်နိုင်အောင်များပြားသော ရွှေရောင်နတ်အလင်းများ ဖြတ်သန်းသွာသည်ကို သူတို့တွေ့လိုက်ရ၏။ ၎င်းတို့သည် ရွှေရောင်နတ်ဓားတစ်ချောင်းအဖြစ် စုဝေးပြောင်းလဲသွား၏။ ဓားတွင် မည်သည့် ဓားအရှိန်အဝါမှ မပါပေ။ ၎င်းသည် ဖျက်ဆီး၍မရနိုင်သော နတ်စွမ်းအားသာဖြစ်သည်။ သို့သော် ထိုစွမ်းအားသည် သတ်ဖြတ်ရန်အတွက် ဓားအဖြစ်ပြောင်းလဲသွားပြီး တိုက်ခိုက်မှုများကို ဖန်တီးလိုက်၏။ ဓားအတတ်တော့ မဟုတ်ပေ။
သို့သော် ရုတ်ခြည်းအတွင်းမှာပင် ကျဆင်းလာသော ဧရာမဓားကြီးများသည် ပျက်စီးသွားသည်။ ရွှေရောင်နတ်ဓားသည် ဓားဧကရာဇ်အရှင်၏ နတ်ဓားများကို ဖျက်ဆီးနိုင်၏။ ထို့ကြောင့် ဓားဧကရာဇ်အရှင် မျက်နှာပျက်သွား၏။ သူသည် ရှေ့သို့ပျံသန်းလာနေသည့် သန်မာသောကျင့်ကြံသူများကို စိုက်ကြည့်သည်။
သူတို့သည် အလွန်သန်မာလာပေပြီ။ သူတို့၏ခန္ဓာကိုယ်များမှနေ၍ အင်ပါယာအရှိန်အဝါ ဖြာထွက်နေ၏။ သူ့တို့ပတ်ပတ်လည်တွင်လည်း နတ်စွမ်းအား စီးဆင်းနေသည်။ သူတို့ကို ရပ်တန့်၍ မရနိုင်ပေ။ သူတို့သည် ရီအင်ပါယာနန်းတော်ကို ဖျက်ဆီးရန် ကြိုးစားနေသည်။
ဓားဧကရာဇ်အရှင်နောက်မှ ထွက်လိုက်လာသော စွမ်းအားကြီးကျင့်ကြံသူများ၏မျက်နှာထားများသည်လည်း မသက်မသာ ဖြစ်နေကြသည်။ ထိုသူများကို ဓားဧကရာဇ်အရှင်လည်း မတားဆီးနိုင်ကြောင်း သူတို့မြင်လိုက်ရပေသည်။ အကယ်၍ ထိုအုပ်စုသာ တိုက်ခိုက်လာလျှင် သူတို့သည် မခုခံနိုင်လောက်ပေ။
“ပြန်ဆုတ်ကြ... အထဲဝင်ကြ”
ဓားဧကရာဇ်အရှင်သည် ကောင်းကင်ကို ဖြတ်လာသော အေးစက်စက်အကြည့်များကို မြင်လိုက်၍ ရုတ်ခြည်း ထိုကဲ့သို့ ဆုံးဖြတ်ချက် ချလိုက်ခြင်းပင်။ သူသည် ပြန်ဆုတ်ရန် အမိန့်ပေးလိုက်ပြီး အားလုံးကို ရီအင်ပါယာနန်းတော်ထဲသို့ ပြန်သွားစေလိုက်သည်။ အပြင်တွင်နေခြင်းသည် သတ်သေခြင်းသာဖြစ်သည်။ သူတို့သည် ထိုအုပ်စု၏ ပြိုင်ဘက်မဟုတ်သဖြင့် အသတ်ခံလိုက်ရမည်ဖြစ်သည်။ ထိုသေဆုံးမှုသည် အဓိပ္ပာယ်မရှိသော သေဆုံးမှုပင်။
အပြင်ထွက်လာသော စွမ်းအားကြီးကျင့်ကြံသူများအားလုံးသည် အမိန့်နာခံလိုက်ပြီး ရီအင်ပါယာနန်းတော်သို့ ပြန်သွားလိုက်ကြသည်။
အဝေးမှ ကျင့်ကြံသူများသည် သူတို့ ပျောက်ကွယ်သွားသည်ကို မြင်လိုက်သော်လည်း အရေးမစိုက်ပေ။ သူတို့သည် သားကောင်ကို ကြည့်နေသကဲ့သို့ မျက်လုံးများထဲတွင် လှောင်ပြောင်သည့်အရိပ်အယောင်အချို့ ရှိနေ၏။
သူတို့က ဤနေရာအထိ ရောက်လာပြီဖြစ်သော်လည်း ထိုလူများသည် ထွက်ပြေးလိုနေသေးသလော။
သူတို့အားလုံး သေရပေမည်။
စီဝေ့အင်ပါယာနန်းတော်မှ စွမ်းအားကြီးကျင့်ကြံသူအားလုံး အသက်ရှင်နိုင်ရန် မတွေးသင့်ပေ။ သူတို့အားလုံး သတ်ဖြတ်ခံရမည်ဖြစ်ပြီး စီဝေ့အင်ပါယာနန်းတော်သည်လည်း ရှင်းပစ်ခံရမည်ဖြစ်သည်။
သန်မာသောကျင့်ကြံသူအုပ်စုသည် ရှေ့သို့ ဆက်ပျံလာကြသည်။ သူတို့လက်တစ်ယမ်းတွင် လူပေါင်းမည်မျှ အသက်ဆုံးရှုံးသွားသည်ကို မည်သူသိနိုင်မည်နည်း။ သူတို့သည် မဆင်မခြင် သတ်ဖြတ်နေကြ၏။ သူတို့ ဖြတ်သွားသောနေရာတိုင်းသည် အမှုန့်ဖြစ်သွားပေပြီ။ သူတို့အတွက် လူများ၏အသက်သည် မြက်ပင်တစ်ပင်ကဲ့သို့ဖြစ်ပြီး ကျင့်ကြံသူများမှာ ပုရွက်ဆိတ်လေးများကဲ့သို့ပင်။
ထို့ကြောင့် အားလုံးသည် အလွန်ကြောက်ရွံ့နေကြသည်။ အကြွင်းမဲ့စွမ်းအားနှင့် ရင်ဆိုင်ရချိန်တွင် သူတို့သည် အမှန်ပင် ပုရွက်ဆိတ်များကဲ့သို့သာ ဖြစ်လေသည်။ သူတို့သည် ခုခံရန်ပင် အရည်အချင်းမမီချေ။ သူတို့သည် သေမင်းဆင်းသက်လာသည်ကို ကြည့်ရုံသာ ကြည့်နေနိုင်ပြီး လောကထဲမှ ပျောက်ကွယ်သွားကြရမည်ဖြစ်သည်။
ထို့အပြင် ဓားဧကရာဇ်အရှင် ထွက်လာခဲ့သော်လည်း ပြန်ဆုတ်သွားခဲ့သည်။ သူတို့ပင် ထိုကျင့်ကြံသူများ၏ သွေးချောင်းစီသတ်ဖြတ်မှုကို မတားဆီးနိုင်ပေ။ ရီအင်ပါယာနန်းတော်ထဲ၌ စီဝေ့ကြယ်ကောင်းကင်၏ အရေးပါသောပုဂ္ဂိုလ်များ စုဝေးနေကြသည်။
ယခုတွင် ရီအင်ပါယာနန်းတော်တစ်ခွင်သည် တုန်ခါနေသည်။ ဓားဧကရာဇ်အရှင်သည် ကျယ်လောင်စွာအော်လိုက်ပြီး ကျင့်ကြံသူများကို အထိတ်တလလန့်နိုးလာစေ၏။ ထို့နောက်တွင် သူတို့သည် အပြင်၌ ဖြစ်ပျက်နေသည်များကို သိရှိသွားကြသည်။ သန်မာသောရန်သူများသည် ရီအင်ပါယာနန်းတော်ကို ကျူးကျော်ရန် ရောက်ရှိလာကြပေပြီ။
ကျင့်ကြံသူများ ကောင်းကင်ထက်သို့ ပျံတက်သွားကြ၏။ အားကောင်းသော မဟာလမ်းစဉ်အရှိန်အဝါများ ဖြာထွက်လာပြီး သူတို့၏မျက်လုံးများသည် ခက်ထန်တင်းမားနေလေသည်။ ရန်သူများသည် အမှန်ပင် သတ်ဖြတ်ရန် ရောက်လာကြပေပြီ။ ရီအင်ပါယာနန်းတော်ကို တည်ဆောက်ပြီးကတည်းက မည်သူမှ မကျူးကျော်လာသေးပေ။
ဤအကြိမ်သည် ပထမဆုံးအကြိမ်ဖြစ်သည်။ သို့သော် ပထမဆုံးအကြိမ်မှာပင် သူတို့သည် ကြီးမားသော ဘေးအန္တရာယ်နှင့် ရင်ဆိုင်ရလေသည်။
ရီဖူရှင်းသည် သီးခြားကျင့်ကြံနေ၏။ သို့သော် ထိုကဲ့သို့ ကိစ္စကြီး ဖြစ်ပျက်နေသဖြင့် သူချက်ချင်း နိုးလာသည်။ ရီအင်ပါယာနန်းတော်အထက်ရှိ ကောင်းကင်ထဲတွင် ကြောက်မက်ဖွယ်ကောင်းသော မဟာလမ်းစဉ်ဝိညာဉ်စွမ်းအားတစ်ခု ပျံ့နှံ့သွားသည်။ ကောင်းကင်ထဲတွင် ပုံရိပ်ယောင်တစ်ခု ထွက်ပေါ်လာ၏။
“ဗုဒ္ဓကုန်းမြေ၊ ဟောင်ထျန်းကလန်၊ ကျန်းကလန်နဲ့ ကောင်းကင်ဒေသက တခြားရှေးဟောင်းနတ်ဘုရားကလန်တွေက မဟာမိတ်ဖွဲ့ပြီး ကျုပ်တို့ကို လာတိုက်ခိုက်တာပဲ”
ဓားဧကရာဇ်အရှင်က ပြောလိုက်၏။ သူ၏အသံသည် ရီအင်ပါယာနန်းတော်တစ်ခွင်လုံး ပျံ့နှံ့သွားကာ ထိုနယ်မြေတွင် ပဲ့တင်ထပ်သွားသည်။
“သူတို့က အပြင်ဘက်မှာ မြင်မြင်ရာ သတ်ဖြတ်နေကြတယ်... အခု ဒီကို ရောက်လာကြတော့မယ်”
ရီဖူရှင်းသည် ကျင့်ကြံနေရင်းမှ မျက်လုံးများဖွင့်လိုက်သည်။ သူ၏ခန္ဓာကိုယ် ဖျတ်ခနဲပျောက်သွားပြီး ကောင်းကင်ထက်တွင် ပြန်ပေါ်လာကာ ပုံရိပ်ယောင်နှင့် ပေါင်းစည်းသွားသည်။ သူ၏မျက်နှာထား မကောင်းပေ။
ရှေးဟောင်းနတ်ဘုရားကလန်များသည် အမြဲပင် အန္တရာယ်တစ်ခု ဖြစ်နေခဲ့သည်။ ရှေးဟောင်းနတ်ဘုရားကလန်များမှ မဟာအင်ပါယာများ၏ ဝိညာဉ်စွမ်းအားများ နိုးထလာပြီးနောက်တွင် သူတို့သည် လွန်စွာအန္တရာယ်ကြီးလာခဲ့သည်။ သူတို့သည် အခြားသူများထက် လျင်မြန်စွာ ကျင့်ကြံနိုင်ရန် အမြဲကြိုးစားခဲ့ကြပြီး အခြားသူများကို ရှင်းပစ်ခဲ့ကြသည်။
ထိုမတိုင်ခင်က ရှေးဟောင်းနတ်ဘုရားကလန်များသည် သိုသိုသိပ်သိပ် နေခဲ့ကြပြီး သူ့ကို မတိုက်ခိုက်ခဲ့ပေ။
သို့သော် ယနေ့တွင် သူတို့သည် အတူတကွ တိုက်ခိုက်ခဲ့ပြီး သွေးချောင်းစီးစေခဲ့လေသည်။ တစ်ဘက်မှလူများသည် အလွန်ယုံကြည်မှုရှိနေကြောင်း ရီဖူရှင်း သဘောပေါက်ပေသည်။ သို့ကြောင့် သူတို့သည် အရေးပါသော ခြေလှမ်းတစ်လှမ်းကို လှမ်းနိုင်လိုက်ကာ ပြောင်းလဲမှုတစ်ခုကို ကြုံတွေ့ခဲ့ရခြင်း ဖြစ်နိုင်ပေသည်။ ထို့ကြောင့်လည်း သူတို့သည် ရီအင်ပါယာနန်းတော်ကို မဆင်မခြင် တိုက်ခိုက်ရဲခြင်းဖြစ်သည်။
သူတို့သည် မည်သည့်အဆင့်သို့ တက်လှမ်းနိုင်ခဲ့ခြင်းနည်း။
ဝုန်း...
အတော်အတန် ကျယ်လောင်သော ပေါက်ကွဲသံတစ်သံနှင့်အတူ သန်မာသောကျင့်ကြံသူအုပ်စုသည် ရီအင်ပါယာနန်းတော်အတွင်းသို့ ဝင်လာကြသည်။ ထိုအုပ်စုသည် အမှန်ပင် အတိတ်က ကောင်းကင်ဒေသမှ ရှေးဟောင်းနတ်ဘုရားကလန်အနည်းငယ်၏ မဟာမိတ်အုပ်စုဖြစ်သည်။ ထိုမဟာမိတ်အုပ်စုသည် သူတို့ကို တစ်ကြိမ်မက သုတ်သင်ရန် ကြိုးစားခဲ့သည်။ သူတို့သည် ယခင်ကလည်း စီဝေ့ကြယ်ကောင်းကင်ကို အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခဲ့သည်။ သို့သော် သူတို့အားလုံးသည် ကြီးမားသော တန်ကြေးများကို ပြန်ပေးဆပ်ခဲ့ရပေသည်။ ထျန်းယန်မြို့သည် ဖျက်ဆီးခံခဲ့ရပြီး အရှင်ထျန်းယန်၏ ဝိညာဉ်စွမ်းအားသည် သုတ်သင်ခံခဲ့ရသည်။ နတ်လက်နက်များလည်း ယူဆောင်သွားခံခဲ့ရလေသည်။
သို့သော် အခြားရှေးဟောင်းနတ်ဘုရားကလန်များ ကျန်ရှိနေသေးပြီး သူတို့သည် သူတို့၏ စွမ်းအားအကြီးဆုံး ဝှက်ဖဲကို အမြဲလျှို့ဝှက်ထားခဲ့ကြသည်။ သူတို့သည် ယခင်က တိုက်ခိုက်ခဲ့ဖူးသော်လည်း တစ်ခါမှ ရီဖူရှင်းကို ရှင်းပစ်နိုင်မည်ဟု ယုံကြည်ချက်မရှိခဲ့ဘဲ စောင့်ဆိုင်း၍သာ နေခဲ့ကြသည်။
ယခုတွင်မူ သူတို့သည် သူ့ထက် ခြေတစ်လှမ်းဦးသွားပုံပေါ်ပြီး ဤနေရာသို့ ရောက်လာကာ တိုက်ရိုက် တိုက်ခိုက်ခဲ့ကြလေသည်။
ရီအင်ပါယာနန်းတော်ဝန်းထဲတွင် မဟာလမ်းစဉ်မုန်တိုင်းတစ်ခု ဖြစ်ပေါ်လာ၏။ ကောင်ကင်ထဲတွင် ရီဖူရှင်း၏ပုံရိပ်ယောင် ထွက်ပေါ်လာ၏။ သူသည် ဝင်ရောက်လာသည့် သန်မာသောကျင့်ကြံသူများကို ငေးကြည့်နေသည်။ ဗုဒ္ဓကုန်းမြေအရှင်သခင်နှင့် အခြား ထိပ်သီးကျင့်ကြံသူများစွာသည်လည်း ကောင်းကင်ထက်သို့ မော့ကြည့်လိုက်ကြသည်။
သူတို့၏မျက်လုံးများသည် နတ်မျက်လုံးများနှင့် ဆင်တူပြီး လွန်စွာစူးရှသော အရှိန်အဝါများ ရှိနေသည်။ ထို့အပြင် အထင်သေးသော အငွေ့အသက်တစ်ခုလည်း ရှိနေသည်။ သူတို့သည် ဤနေရာရှိ ဘာကိုမှ ဂရုမစိုက်သော ကြီးကျယ်မြင့်မြတ်သည့် နတ်ဘုရားများဟုပင် ထင်ရပြီး လွန်စွာ အထင်သေး၊ အမြင်သေးဟန် ပေါ်နေသည်။
ရီဖူရှင်းသည် ထိုမျက်လုံးများကို မြင်လိုက်သောအခါ ဤရှေးခေတ်မှပုဂ္ဂိုလ်များသည် ယခင်က အရှင်ထျန်းယန်လုပ်ခဲ့သလိုမျိုး လုပ်ခဲ့ခြင်းဖြစ်နိုင်ကြောင်း သိသွားသည်။ သူတို့သည် သူတို့ငှားယူထားခဲ့သော ရုပ်ခန္ဓာများကို တစ်ဆင့်ပြီးတစ်ဆင့် ထိန်းချုပ်ခဲ့ခြင်းပင်။
ယခင်တုန်းက အရှင်ထျန်းယန်သည် ဝမ်ရှောင်၏ခန္ဓာကိုယ်ကို ထိန်းချုပ်ခဲ့ပြီး နောက်ဆုံးတွင် သူနှင့်တစ်သားတည်း ဖြစ်သွားခဲ့သည်။ ဝမ်ရှောင် ပျောက်ကွယ်သွားပြီး အရှင်ထျန်းယန် ပြန်မွေးဖွားလာခဲ့လေသည်။
ယခုတွင် ရှေးဟောင်းနတ်ဘုရားကလန်များမှ အုပ်ချုပ်သူအချို့သည် မဟာအင်ပါယာများ၏ ခန္ဓာခွံများဖြစ်လာသည့်ပုံပင်။
“ရီဖူရှင်း...”
ဗုဒ္ဓကုန်းမြေအရှင်သခင်က အော်ခေါ်လိုက်သည်။ သူ၏မျက်လုံးများသည် ရွှေရောင်ဖြစ်နေပြီး လွန်စွာ စူးရှိနေသည်။ သူ့မျက်လုံးများထဲတွင် နတ်စွမ်းအား စီးဆင်းနေပြီး ရီဖူရှင်းကို အထင်သေးဟန်ဖြင့် စိုက်ကြည့်နေသည်။
“နောက်ဆုံးကျတော့လည်း မင်းက နည်းနည်းနှေးနေသေးတဲ့ပုံပဲ”
သူပြောလိုက်၏။
“ဒီနေ့ပြီးသွားရင် မူလဘုံက ထွက်ပေါ်လာတဲ့ ဒီနာမည်ကြီးကျင့်ကြံသူက လောကထဲကနေ ပျောက်ကွယ်သွားတော့မယ်”
နှေးသည်လော။
ရီဖူရှင်းသည် အားကောင်းသော နတ်စွမ်းအားနှင့် ဗုဒ္ဓကုန်းမြေအရှင်သခင်၏ မျက်လုံးထဲမှ အားကောင်းသောယုံကြည်မှုကို ခံစားနေရ၏။ မဟာအင်ပါယာ ပြန်လည်မွေးဖွားလာပြီဖြစ်ပြီး သူ၏အသက်ကို နှုတ်ရန် ရီအင်ပါယာနန်းတော်ကို တိုက်ခိုက်ခဲ့လေသည်။
အခြားမဟာအင်ပါယာများလည်း အတူ ပါလာခဲ့ပေသည်။ သူတို့သည် သူ့ကို အထင်တကြီးရှိပုံပင်။
“ခင်ဗျားတို့အားလုံးက အရင်က မဟာအင်ပါယာဖြစ်ခဲ့ဖူးကြတာပဲ။ ခင်ဗျားတို့ အပြစ်မဲ့တဲ့သူတွေကို ဘယ်လိုများ သတ်ပစ်နိုင်ရတာလဲ”
ရီဖူရှင်း အေးစက်စက် မေးလိုက်သည်။
သူတို့သည် မဟာအင်ပါယာများဖြစ်ခဲ့သော်လည်း မဆင်မခြင် သတ်ဖြတ်ခဲ့ကြသည်။
အပြင်ဘက်မှ လူများသည် မဟာအင်ပါယာဟောင်းတစ်ယောက်၏ သတ်ဖြတ်မှုကို မည်သို့ ခုခံနိုင်ပါမည်နည်း။
“သူတို့က ပုရွက်ဆိတ်သာသာပါပဲ။ ရှေးခေတ်တုန်းကဆို ကျင့်ကြံသူဆယ်ယောက်မှာ တစ်ယောက်တောင် မရှင်သန်နိုင်ခဲ့ဘူး။ အခုဟာက ဘာမှ မပြောပလောက်ပါဘူး”
သူတို့ အေးစက်စွာ ပြောလိုက်ကြ၏။ သူတို့သည် လူများ၏အသက်များကို လုံးဝ ဂရုမစိုက်ကြပေ။ သူတို့အတွက် လူများသည် ပုရွက်ဆိတ်များကဲ့သို့သာဖြစ်သည်။