မျှော်လင့်ချက်မဲ့သော အခြေအနေ
Vol. 195 Ch. 2785
“ဟင်း....”
အေးစက်စက် နှာမှုတ်သံ တစ်သံ ထွက်ပေါ်လာပြီး အနန္တတောင်ကုန်း၏ တောင်ကုန်းသခင်သည် သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။ ရုတ်ခြည်းပင် အနန္တနတ်ဓားများသည် အပြင်းအထန် တိုက်ခိုက်လိုက်ပြီး ကောင်းကင်တစ်ခွင် ပြည့်နှက်နေသည့် နတ်ဘုရားအုပ်စိုးလက်နက်ပုံရိပ်များနှင့် ထိခတ်သွားကြသည်။
နတ်ဓားများသည် အဆုံးမဲ့သည်ဟု ထင်ရပြီး ဓားတစ်ချောင်းစီတွင် အားကောင်းသော ဓားဝိညာဉ်စွမ်းအား ပါဝင်ပေသည်။
အဆုံးမဲ့ တိုက်ခိုက်မှုများသည် ကောင်းကင်ရှိ နတ်ဘုရားအုပ်စိုးလက်နက်များနှင့် ထိခတ်နေပြီး ကျဆင်းလာသော နတ်ဘုရားအုပ်စိုးလက်နက်များကို ကာရံနေကြသည်။ ယခုတွင် အနန္တတောင်ကုန်း၏ တောင်ကုန်းသခင်သည် အရှင်ဝူလျန့်ဖြစ်နေပေပြီ။ သူဖန်တီးခဲ့သော နတ်စွမ်းအားသည် အနန္တနတ်စွမ်းအားဖြစ်သည်။ လောကအတွင်းရှိ အရာအားလုံးသည် တစ်ခုသော အရေအတွက်နံပါတ်သို့ ရောက်လျှင် ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှု စတင်ဖြစ်လာမည်ဖြစ်သည်။ သို့သော်”အနန္တ”ဆိုသော အဓိပ္ပာယ်မှာ အဆုံးမရှိခြင်းဖြစ်သည်။
သူ သာမန်အတိုင်း လက်ချောင်းတစ်ချောင်း မြှောက်လိုက်လျှင်ပင် ဓားတစ်ချောင်းသည် အနန္တဓားတန်းကြီးတစ်ခု ဖြစ်သွားပေလိမ့်မည်။ ဓားဝိညာဉ်စွမ်းအားတန်းသည် အဆုံးမရှိသော အနန္တဓားဝိညာဉ်စွမ်းအား ဖြစ်လာမည်ဖြစ်သည်။ အကယ်၍ အနန္တကို ဖျက်ဆီးလိုသည်ဆိုလျှင် အနန္တနတ်စွမ်းအားကို ရုတ်ခြည်း ဖျက်ဆီးနိုင်ရန်လုံလောက်သည့် စွမ်းအားကြီးတိုက်ခိုက်မှုတစ်ခု လိုပေသည်။ အကယ်၍ ထိုတိုက်ခိုက်စွမ်းအားသာ လုံလောက်အောင်အစွမ်းမကြီးခဲ့ပါက နောက်ထပ် အခွင့်အရေး ရမည်မဟုတ်ပေ။
“သူက မဟော်ရာဂီရဲ့ ဝိညာဉ်စွမ်းအားကို ငှားယူထားတာပဲ... ပြီးတော့ နတ်ဘုရားအုပ်စိုးလက်နက်ရဲ့ စွမ်းအားက ခင်ဗျားရဲ့အဆင့်နားကို ကပ်နေပြီ။ အဲဒီနတ်ဘုရားအုပ်စိုးလက်နက်ထဲမှာပါတဲ့ နတ်စွမ်းအားက သာမန်လမ်းစဉ်မဟုတ်ဘူး။ အဲဒါကက ရှေးစွမ်းအားတစ်ခု ဖြစ်ဖို့များတယ်”
ရှေးဟောင်းကျန်းကလန်၏ ခေါင်းဆောင်က တစ်ချိန်လည်း တိတ်တဆိတ်ရပ်နေရာမှ ထပြောလိုက်၏။ သူသည်လည်း မူလအသိစိတ်မဟုတ်တော့ပေ။ ကောင်းကင်အင်ပါယာကျန်းက ထိုကျင့်ကြံသူ၏ ခန္ဓာကိုယ်ကို ထိန်းချုပ်နေခြင်းဖြစ်သည်။
သူသည် မဟာအင်ပါယာဟောင်းတစ်ပါးဖြစ်သဖြင့် ရီဖူရှင်း၏နတ်စွမ်းအားသည် မည်မျှထူးကဲခဲ့သည်ကို သူခံစားနိုင်ပေသည်။ ရီဖူရှင်း၏အခွင့်အရေးသည် သာမန်မဟုတ်ပေ။
“ဟုတ်တယ်... သူက အဲဒီလက်နက်ကို ကာရူရာအိမ်တော်က ရခဲ့တာ။ အဲဒါက ဒီမွန်းအရှင်ကို ထိန်းချုပ်ထားခဲ့တဲ့ နတ်ပစ္စည်းတစ်ခုပဲ.. ပြီးတော့ အရင်ကကောင်းကင်လမ်းစဉ်ရဲ့ စွမ်းအားလည်း ပါနိုင်တယ်။ အဲဒါက သူ့စွမ်းအား မဟုတ်လောက်ဘူး။ သူကတော်တော်လေး ကံကောင်းတာပဲ”
အရှင်ယွမ်ရှစ်က ပြောလိုက်၏။ သူ၏အသံသည် ထီမထင်သည့်အသံဖြစ်သော်လည်း သူ၏မျက်လုံးများကတော့ ကွဲပြားသော အလင်းတစ်မျိုးဖြင့် တောက်ပနေသည်။
သူတို့သည် ရီဖူရှင်းကို သတ်ပြီးနောက်တွင် ထိုကဲ့သို့သောနတ်ပစ္စည်းတစ်ခုကို ရရှိနိုင်မည်လော။ သို့သော် သူတို့ဘက်တွင် စွမ်းအားကြီးပုဂ္ဂိုလ်ငါးယောက်ရှိပေသည်။ ထို့ကြောင့် နတ်ဘုရားအုပ်စိုးလက်နက်တစ်ခုဖြင့် မလောက်ပေ။
“အဲဒါက သူ့စွမ်းအား မဟုတ်ပေမယ့် သူက အဲဒီစွမ်းအားနဲ့ပေါင်းစည်းပြီး သူ့အတွက် အသုံးပြုနိုင်တာကိုက တော်တော်ထူးကဲနေပြီ။ သူသာ ဒီနေ့ မသေဘူးဆိုရင် ပြောင်းလဲနေတဲ့အခြေအနေတွေအောက်မှာ သူ မဟာလမ်းစဉ်နဲ့ အင်ပါယာလမ်းစဉ်ပေါ်မှာ ခြေချနိုင်မယ့် အခွင့်အရေးကို ရလိမ့်မယ်”
ကောင်းကင်အင်ပါယာကျန်းက ပြောလိုက်၏။ သူသည် ရီဖူရှင်းကို အထင်ကြီးနေသည်။
သို့သော် ရီဖူရှင်းကို အထင်ကြီးခြင်းသည် သူ့ကိုသတ်မည်ဟု ဆုံးဖြတ်ထားသော ဆုံးဖြတ်ချက်အပေါ် သက်ရောက်မှု မရှိပေ။ ရီဖူရှင်း၏ပါရမီကြောင့်သာ သူ့ကို သတ်ရမည်ဖြစ်သည်။ အကယ်၍ အနာဂတ်တွင် သူသာ အင်ပါယာလမ်းစဉ်ပေါ်သို့ ခြေချနိုင်ခဲ့လျှင် သူသည် သူတို့အတွက် အန္တရာယ်တစ်ခု ဖြစ်လာပေလိမ့်မည်။
အကယ်၍ သူတို့၏ပြိုင်ဘက်များကြောင့်သာ မဟုတ်လျှင် သူသည် ထိုကဲ့သို့သော ပါရမီရှင်တစ်ယောက်ကို သတ်မပစ်လိုပေ။
သူ့တွင် သေရန် ကံအကြောင်းပါလာခြင်းမှာ စိတ်မကောင်းစရာပင်။ မည်သူမှ ထိုရလဒ်ကို မပြင်နိုင်ချေ။ ဤတစ်ကြိမ်တွင် မဟာအင်ပါယာခြောက်ပါး ဝင်ပါမည် မဟုတ်၍ မည်သူမှ ရီဖူရှင်းကို မကယ်နိုင်တော့ချေ။
အင်ပါယာခြောက်ပါးသည် ဝင်မနှောင့်လှက်လောက်ပေ။
သူတို့စကားပြောနေစဉ်တွင် နောက်ထပ်တိုက်ခိုက်မှု ကျဆင်းလာသည်။ ဧရာမ မဟော်ရာဂီပုံရိပ်ကြီးသည် နတ်ဘုရားအုပ်စိုးလက်နက်ကို မလိုက်ပြီး ထပ်မံ တိုက်ခိုက်လိုက်သည်။ ၎င်းသည် လွန်စွာခက်ထန်ပြီး ထိုတိုက်ခိုက်မှုသည် ပို၍ပင် စွမ်းအားကြီးကာ ရပ်တန့်၍ မရနိုင်ပေ။
ထိုတိုက်ခိုက်မှု ကျဆင်းလာသောအခါ ၎င်းသည် အရှင်ဝူလျန့်၏တိုက်ခိုက်မှုကို ရုတ်ခြည်း ထွင်းဖောက်သွားသည်။ အနန္တနတ်စွမ်းအားသည် ထွင်းဖောက်ခံလိုက်ရပေသည်။
ထို့ကြောင့် မဟာအင်ပါယာအားလုံး အံ့အားသင့်သွားကြ၏။ ထိုနတ်ဘုရားအုပ်စိုးလက်နက်၏ တိုက်ခိုက်မှုတွင် မဟာလမ်းစဉ်နှင့် ကွဲပြားသော စွမ်းအားတစ်ခုပါပေသည်။ ကြောက်မက်ဖွယ် စွမ်းအားကြီးသောအားအပြင် အာကာသမဟာလမ်းစဉ်၏ ထွင်းဖောက်နိုင်စွမ်းလည်း ပါသည့်ပုံပင်။ ၎င်းသည် အနန္တနတ်စွမ်းအားကို ရုတ်ခြည်းထွင်းဖောက်သွားသည်။ အရှင်ဝူလျန့်သည် သတိလက်လွတ်ဖြစ်ခဲ့သော်လည်း ထိုကဲ့သို့သော တိုက်ခိုက်မှုမျိုးသည် ကြောက်မက်ဖွယ် ကောင်းနေပြီဖြစ်သည်။
သူတို့အပေါ်သို့ လွန်စွာပြင်းထန်သော တိုက်ခိုက်မှုများ အဆက်မပြတ် ကျဆင်းလာသည်။ သို့သော် အောက်ဘက်ကောင်းကင်မှ ကျင့်ကြံသူများရပ်နေသော နေရာအထက်တွင်မူ လှပသည့်အလင်းလွှာတစ်ခု ရစ်သိုင်းလွှမ်းခြုံနေသည်။ နတ်ဘုရားအုပ်စိုးလက်နက်၏ တိုက်ခိုက်မှုများက ထိုအလင်းလွှာနှင့် ထိတွေ့သွားသောအခါ ဟင်းလင်းပြင်ထဲသို့ နစ်မြုပ်သွားကဲ့သို့ ထင်ရသည်။ အာကာသအလင်းလွှာသည် ဂယက်ထသွားရုံသာ ထသွားပြီး အခြားမည်သည့် တုံ့ပြန်မှုမှ မပြပေ။ ထိုအလင်းလွှာကို ဖန်တီးထားသူမှာ ကောင်းကင်အင်ပါယာကျန်းဖြစ်သည်။
“အဆုံးသတ်ဖို့ အချိန်ရောက်ပြီ”
ကောင်းကင်အင်ပါယာကျန်းက ပြောလိုက်၏။ သူက လက်တစ်ဘက်မြှောက်၍ ကောင်းကင်သို့ ညွှန်ပြလိုက်သည်။ ရုတ်ခြည်းအတွင်းမှာပင် နတ်အလင်းဖြာထွက်လာပြီး ကျယ်ပြောသောကောင်းကင်ကို ဖြတ်သန်းသွားသည်။ နတ်စွမ်းအားလည်း ထွက်ပေါ်လာပြီး တိမ်များအတွင်းသို့ လျင်မြန်စွာ ဝင်သွားသည်။
ဝုန်း...
ကောင်းကင်ထဲတွင် ခပ်အုပ်အုပ်အသံတစ်သံ ထွက်ပေါ်လာ၏။ ရုတ်ခြည်းပင် နယ်မြေတစ်ခွင်လုံးသည် ထိုနတ်စွမ်းအား၏ လွှမ်းခြုံမှုကို ခံလိုက်ရပြီး ရပ်တန့်သွားသည်။ သောင်းကျန်းနေသော လေမုန်တိုင်းသည်လည်း ရုတ်ခြည်း တိတ်ဆိတ်သွားပြီး ရပ်တန့်သွား၏။
ရီအင်ပါယာနန်းတော်မှ ကျင့်ကြံသူများအားလုံးသည်လည်း ရပ်တန့်သွားပြီး ကောင်းကင်ထက်သို့ မော့ကြည့်လိုက်၏။ အစောက သောင်းကျန်းနေသော မုန်တိုင်းထဲတွင် မရေမတွက်နိုင်အောင် များပြားသည့် ရွှေရောင်သင်္ကေတများ ထွက်ပေါ်လာသည်ကို သူတို့ တွေ့လိုက်ရ၏။ နတ်စွမ်းအားမှ ဖြစ်ပေါ်လာသော သင်္ကေတအလင်းများသည် အာကာပြင်ကို ရပ်တန့်နေစေ၏။ ၎င်းအလင်းများသည် နတ်အစီအရင်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး အာကာပြင်ကို ချိပ်ပိတ်လိုက်သည်။ ၎င်းအစီအရင်ထဲတွင် အံ့အားသင့်ဖွယ် အာကာသစွမ်းအား ပါဝင်ပေသည်။
စွမ်းအားကြီးကျင့်ကြံသူအားလုံးသည် ရင်ခုန်မြန်လာကြသည်။ သူတို့သည် ကောင်းကင်အင်ပါယာကျန်းရှိရာဘက်သို့ ထပ်မံကြည့်ရှုလိုက်၏။ သူ ကောင်းကင်သို့ လက်ညိုးညွှန်လိုက်ရာ သူနှင့် အထက်အာကာပြင်အကြားတွင် ဖြောင့်တန်းသော အလင်းတန်းတစ်ခု ထွက်ပေါ်လာ၏။ နတ်စွမ်းအားသည် လေထုအတွင်းသို့ အရှိန်အဟုန်ဖြင့် ဝင်ရောက်နေသည်။ ထိုစွမ်းအားသည် ကောင်းကင်အင်ပါယာကျန်း၏ နတ်စွမ်းအားပင်။ ၎င်းသည် မဟော်ရာဂီ၏ ခက်ထန်သောအရှိန်အဝါကို ထိုးဖောက်၍မရနိုင်သော အာကာသနတ်စွမ်းအားဖြင့် ချိပ်ပိတ်လိုက်သည်။
ရီဖူရှင်း၏အသိစိတ်သည်လည်း အထဲတွင် ချိပ်ပိတ်ခံလိုက်ရ၏။ သူ၏အသိစိတ်သည် နယ်မြေနှင့် ပေါင်းစည်းထားပြီးဖြစ်သည်။ ထို့ကြောင့် သူသည် နတ်စွမ်းအား၏ ချုပ်နှောင်မှုကို ပို၍ထင်ထင်ရှားရှား ခံစားနေရခြင်းဖြစ်၏။
“ဖျက်...”
အရှင်ဟောင်ထျန်းသည် သူတို့ကို အဆက်မပြတ် တိုက်ခိုက်နေခဲ့သော မဟော်ရာဂီပုံရိပ်ဆီသို့ ဟောင်ထျန်းနတ်လက်ဖဝါးကို ပစ်လွှတ်လိုက်သည်။ ရုတ်ခြည်းပင် ဟင်းလင်းပြင်ထဲ၌ ခပ်အုပ်အုပ်အသံတစ်သံကို ကြားလိုက်ရ၏။ မဟော်ရာဂီပုံရိပ် ကွဲအက်ပျက်စီးသွား၏။ သို့သော် မဟော်ရာဂီသည် မတည်ရှိပေ။ ထို့ကြောင့် ထိုတိုက်ခိုက်မှုသည် ရီဖူရှင်းကို အမှန်တကယ် မထိခိုက်စေခဲ့ချေ။
သူ့အပေါ်သက်ရောက်မှုရှိသည်မှာ အထက်အာကာပြင်ရှိ စွမ်းအားဖြစ်သည်။
ထိုအချိန်တွင် ကောင်းကင်ထဲရှိ မုန်တိုင်းသည် စတင် ထပ်မံမြည်ဟည်းလာသည်။ ၎င်းသည် အချုပ်အနှောင်မှ လွတ်သွားပုံပင်။ ထို့ကြောင့် ကောင်းကင်အင်ပါယာကျန်း အံ့အားသင့်သွားသည်။ ၎င်းသည် သူ့နတ်စွမ်းအား၏ အချုပ်အနှောင်များမှ လွတ်ထွက်နိုင်သလော။ ထိုနတ်ဘုရားအုပ်စိုးလက်နက်အတွင်းရှိ စည်းမျဉ်းသည် အမှန်ပင် ထူးကဲပေသည်။
သို့သော် သို့ဆိုလျှင်လည်း ဘာအရေးနည်း။ လူသားစွမ်းအားသည် အဘယ်သို့ ကောင်းကင်အင်ပါယာတစ်ပါး၏ ရည်ရွယ်ချက်ကို ပြောင်းလဲနိုင်မည်နည်း။
နတ်အလင်းစုဝေးသွားပြီး မရေမတွက်နိုင်အောင် များပြားသော နတ်စွမ်းအားအလင်းတန်းများသည် ဒြပ်ထည်ရှိသော လှံပုဆိန်ရှည်တစ်လက်အဖြစ် ပြောင်းလဲသွား၏။ ကောင်းကင်အင်ပါယာကျန်းသည် လှံပုဆိန်ကို ကိုင်လိုက်ပြီး ခန္ဓာကိုယ်သည် ဖျတ်ခနဲလက်သွား၍ ထိုနေရာမှ ပျောက်ကွယ်သွားသည်။
ထို့နောက်တွင် နတ်စွမ်းအားမှ ဖြစ်ပေါ်လာသော နတ်လှံပုဆိန်သည် နတ်အစီအရင်၏ အလယ်ဗဟိုကို ရိုက်ချလိုက်သည်။ အစီအရင်အတွင်းရှိ နတ်စွမ်းအားသည် ချက်ချင်းပင် အပြင်းအထန် ပေါက်ကွဲသွားသည်။ အဖျက်နတ်စွမ်းအား ဗြောင်းဆန်သွားပြီး အရာအားလုံးကို ဖျက်ဆီးပစ်လိုက်သည်။ မဟော်ရာဂီ၏ ဝိညာဉ်စွမ်းအားမှ ဖြစ်ပေါ်လာသော မုန်တိုင်းသည်လည်း ပြင်းထန်စွာ ဖျက်ဆီးခံနေရလေသည်။
မဟာအင်ပါယာငါးပါးသည် ရောက်ကတည်းက အကြိမ်ပေါင်းများစွာ တိုက်ခိုက်နေသော်လည်း ကောင်းကင်အင်ပါယာကျန်းကဲ့သို့ သူတို့၏နတ်လက်နက်ဖြင့် တိုက်ခိုက်သည်မှာ ယခုမှ ပထမဆုံးအကြိမ်ဖြစ်သည်။ ထိုတိုက်ခိုက်မှုသည် အာကာပြင်ကို ဆုတ်ဖြဲသွားသည်။
ခပ်အုပ်အုပ်အသံတစ်သံ ထွက်ပေါ်လာ၏။ ရီအင်ပါယာနန်းတော်မှ ကျင့်ကြံသူများသည် အာကာပြင်တွင် အက်ကြောင်းများစွာ ထွက်ပေါ်လာသည်ကို တွေ့လိုက်ကြသည်။ တစ်နေရာမှနေ၍ သွေးစိမ်းရှင်ရှင်များ ပန်းထွက်လာ၏။ ထို့နောက်တွင် ယင်းနေရာ၌ လူတစ်ယောက် ထွက်ပေါ်လာ၏။ ထိုသူမှာ ရီဖူရှင်းပင်။
ရီအင်ပါယာနန်းတော်မှ ကျင့်ကြံသူများသည် ထိုမြင်ကွင်းကို မြင်လိုက်သောအခါ ရင်လေးသွားကြသည်။ သူတို့၏ မျက်နှာများသည် စက္ကူစကဲ့သို့ ဖြူဖျော့နေပေပြီ။ ရီဖူရှင်းသည် မဟာအင်ပါယာတစ်ပါး မဟုတ်ပေ။ သူသည် မဟော်ရာဂီ၏ ဝိညာဉ်စွမ်းအားကိုသာ ငှားယူ၍ ရပေသည်။ သို့သော် သူ၏ပြိုင်ဘက်သည် ပြန်ရှင်သန်လာသော မဟာအင်ပါယာအစစ်အမှန်ဖြစ်သည်။ ထို့အပြင် ထိုမဟာအင်ပါယာသည် ရီဖူရှင်းကို ရှင်းပစ်ရန် ဤနေရာသို့ ရောက်လာခြင်းပင်။ သူသည် မည်မျှသန်မာသနည်း။
ရီအင်ပါယာနန်းတော်သည် စတင်တည်ထောင်ခဲ့သည့်အချိန်ကတည်းက ဤကဲ့သို့သော ဘေးအန္တရာယ်မျိုးကို ရင်မဆိုင်ရသေးပေ။ ဤဘေးအန္တရာယ်သည် လွတ်လမ်းမရှိသည့် သေနိုင်လောက်သောကပ်ဘေးဟု ဆိုနိုင်သည်။ ရှေးခေတ်မှ မဟာအင်ပါယာငါးပါး ပြန်ရှင်သန်လာပေပြီ။ မည်သူမှ သူတို့ကို ပြန်မတိုက်ခိုက်နိုင်ပေ။
သူတို့အားလုံးသည် ပြီးခဲ့သော နှစ်ပိုင်းအတွင်း၌ ကြိုးစားကျင့်ကြံခဲ့ကြသော်လည်း သူတို့သည် သူတို့ကိုယ်သူတို့ တိုးတက်လာစေရန် မဟာအင်ပါယာ၏ဝိညာဉ်စွမ်းအားကိုသာ လေ့လာခဲ့ကြရသည်။ ယခုတွင်တော့ သူတို့သည် မဟာအင်ပါယာအစစ်အမှန်များနှင့် ရင်ဆိုင်နေရပေပြီ။