သောက်ပါးစပ်ပေါက် ပိတ်ထားစမ်း
Vol. 74 Ch. 1022
အသတ်အဖြတ်စိတ်ဆန္ဒက မန်ဟို့မျက်လုံးများတွင် တဝင်းဝင်း တောက်နေပြီး အမျက်ဒေါသတို့က သူ့နှလုံးသားထဲ၌ တထောင်းထောင်း ထနေသည်။ သူနှင့် လီလင်းအာကြား၌ ကြီးကြီးမားမား ရန်ငြိုးမရှိပေ။ ကျင့်ကြံသူများအကြား ဖြစ်လေ့ဖြစ်ထသော သာမန်ပြိုင်ဆိုင်မှုများသာ ရှိသည်။
မင်္ဂလာဆောင်ကိစ္စကမူ လွန်ခဲ့လေပြီးသော နှစ်ပေါင်းများစွာက သဘောတူစေ့စပ်ထားခဲ့သော ကိစ္စတစ်ခုဖြစ်သည်။ မန်ဟိုမှာ မင်္ဂလာပွဲမှ ထွက်ပြေးလာခဲ့သော်လည်း လီလင်းအာ သေရေးရှင်ရေးဖြစ်နေသည့်အချိန် သည်အတိုင်း လက်ပိုက်ကြည့်နေမည်ဟု မဆိုလိုပေ။
အထူးသဖြင့် သူမအရှိန်အဝါမှာ အလွန်တရာ အားနည်းနေသော အခြေအနေမျိုးတွင်ပင်။ ယခင်က သူမသည် မိုးကောင်းကင်ကြီးတမျှ မာနကြီးခဲ့သော်လည်း ယခုတွင်တော့ သေခါနီးဆဲဆဲ ဖြစ်နေသည်။ မန်ဟို့ဒေါသတို့ကား အဆုံးမဲ့မီးတောက်များသဖွယ် တောက်လောင်သွားတော့၏။
လီလင်းအာမှာ စိတ်ပျက်လက်မှိုင်ကျနေပြီး သေချင်နေခဲ့သည်။ သို့သော် မန်ဟို့ကို မြင်သောအခါ ရုတ်တရက် မျှော်လင့်ချက်မှိန်ပျပျလေးက သူမမျက်ဝန်းများတွင် ရွှန်းလဲ့လာသည်။ မန်ဟို ရောက်ချလာမှုမှာ သူမ ဘယ်တုန်းကမှ မခန့်မှန်းထားခဲ့သော အရာပင်။
သူ့ကို မြင်လိုက်သော အခိုက်အတန့်တွင် သူမ၏ အသက်ရှင်လိုစိတ်များသည် တစ်ဖန် သက်ဝင်လာ၏။
“မင်းပဲကိုး … မင်း တကယ်ပဲ ငါ့ကို မြင်ရတယ်လား” ရီဖဇီက ခေတ္တ အံ့အားသင့်သွားသော်လည်း မန်ဟို့ကို မျက်ချေးထဲပင် မထည့်သည့်အလား ကောက်ကျစ်သောအပြုံးသည် သူ့မျက်နှာကို ဖုံးလွှမ်းသွား၏။ ရုတ်တရက် သူက ညာလက်ကို မြှောက်၍ လက်သီးဆုပ်ကာ လီလင်းအာ၏ နူးညံ့သောခေါင်းလေးကို ထိုးချလိုက်သည်။
သူသည် မန်ဟို့အရှေ့တည့်တည့်တွင် လီလင်းအာကို သတ်ပစ်ချင်၏။
သို့သော် ထိုအခိုက်အတန့်တွင် မိုးကြိုးဒယ်အိုးက ရုတ်တရက် မန်ဟို့လက်ထဲတွင် ပေါ်လာသည်။ ၎င်းသည် မိုးကြိုးလျှပ်စီးတို့ဖြင့် ကခုန်သွားပြီး ဂျိန်းခနဲအသံနှင့်အတူ သူကား လီလင်းအာနှင့် နေရာချင်းလဲသွားလေပြီ။
ရီဖဇီပင်လျှင် တုံ့ပြန်ရန် အချိန်မရလိုက်။ ရုတ်တရက်ဆိုသလို လီလင်းအာသည် မှီခိုရာဂိုဏ်းချုပ်၏ကိုယ်ပေါ်တွင် ပြန်ပေါ်လာ၏။ ဂူယွိတင်းစန်းယွီက ဒူးထောက်ပြီး သူမလက်ကို လီလင်းအာ၏နဖူးအပေါ်တင်ကာ ဒဏ်ရာများကို စတင်ကုသပေးသည်။
မန်ဟိုကမူ လီလင်းအာ ရှိခဲ့သော နေရာတွင် ပြန်ပေါ်လာလျှင်ချင်း သူ့ထံ ထိုးဝင်လာသော ရီဖဇီ၏လက်သီးကို လှမ်းမြင်လိုက်သည်။ သူက တစ်ချက်လေးပင် တုံ့ဆိုင်းမနေဘဲ ကျင့်ကြံခြင်းအခြေခံကို လှည့်လိုက်ရာ အင်မော်တယ်အကြော ၁၂၃ ကြော၏စွမ်းအား ပေါ်ထွက်လာသည်။ ကောင်းကင်ဘုံ (၃၃) ခုသည် ကြောက်ခမန်းလိလိအားကြီးဖြင့် ကျဆင်းလာ၏။ ၎င်းတို့အားလုံးက ရီဖဇီအပေါ်တည့်တည့်သို့ စုဆုံကျနေသည်။
အုန်းခနဲ ပဲ့တင်ထပ်သွားပြီး ရီဖဇီ မျက်နှာပျက်သွားသည်။ သူက ဖျတ်ခနဲ နောက်ဆုတ်ရင်း မန်ဟို့တိုက်ကွက်ကို ရှောင်ကာ လက်ညှိုးထိုးလိုက်သဖြင့် သူ့လက်သီးသည် ချုပ်နှောင်မန္တန်အသွင် ပြောင်းသွားသည်။ ချက်ချင်းပင် သူ့အနောက်ရှိ ခေါင်းသုံးလုံးမြွေက ဟိန်းဟောက်၍ မန်ဟို့ကို ဝါးမြိုရန်အလား ပြေးဝင်လာသည်။
“မင်း ပေါ်လာတာ ဝမ်းသာတယ်” သူက ရယ်သည်။ “အစက မင်းကို ငါ့အစွမ်းမြှင့်တင်ဖို့အတွက် သုံးချင်ခဲ့တာ။ ဆိုတော့ ဘာဖြစ်သွားမလဲ သိလား။ ဒီနေ့ကစပြီး တစ်နှစ်ပြည့်ရင် မင်းရဲ့ ပထမဆုံး တစ်နှစ်ပြည့်သပိတ်သွပ်ဖြစ်ပြီပေါ့ကွာ”
ရီဖဇီက ခေါင်းနောက်လှန်၍ တဟားဟား အော်ရယ်သည်။ သူက အားရကျေနပ်နေသောအမူအရာဖြင့် လက်ကို ဝှေ့ယမ်းလိုက်ရာ ခေါင်းသုံးလုံးမြွေနက်အား လျင်မြန်စွာ ကြီးထွားလာစေသည်။ ၎င်း မန်ဟို့ထံ ပြေးဝင်သွားစဉ် တဂျိန်းဂျိန်း ထစ်ချုန်းသံများ ပဲ့တင်ထပ်ဟိန်းထွက်သွားသည်။
“သူက နဝမတောင်ပင်လယ်က မဟုတ်ဘူး” လီလင်းအာက မျက်နှာဖြူဖပ်ဖြူလျော်နှင့် နွမ်းလျလျ အော်သည်။ ဂူယွိတင်းစန်းယွီ ကုသပေးနေသည့်တိုင် လီလင်းအာမှာ အတော်လေး အားနည်းနေသေးလေသည်။
မှီခိုရာဂိုဏ်းချုပ်မှာမူ သူခိုးကဲ့သို့ ဟိုကြည့်သည်ကြည့်ကြည့်ရင်း ဘေးတွင် နေနေသည်။ သူက ထုံးစံအတိုင်း ကူညီမနေပေ။ ထို့အပြင် မန်ဟို သေသွားလျှင် သူ တစ်သက်လုံး လွတ်မြောက်သွားလိမ့်မည်ဟုပင် တွေးနေသေးသည်။
သူ တိတ်တိတ်ကလေး အလစ်ထွက်ပြေးတော့မည့်အချိန် မန်ဟိုက လက်ကို ဝှေ့ယမ်းလိုက်ကာ ပဉ္စမမန္တန်အက်ကွဲကြောင်းအား ပေါ်လာစေပြီး မှီခိုရာဂိုဏ်းချုပ်၏ခေါင်းကို ဖြေးညင်းစွာ လှည့်ပတ်နေစေသည်။
မှီခိုရာဂိုဏ်းချုပ်မှာ ကြောက်လွန်းသဖြင့် တုန်ရီလာပြီး တစ်လက်မလေးပင် မလှုပ်ရဲတော့ပေ။
မန်ဟို့မျက်ဝန်းများကား သတ်ဖြတ်လိုစိတ်တို့ဖြင့် မီးဝင်းဝင်းတောက်နေသည်။ သူသည် လီလင်းအာ၏စကားကို ကြားလျှင်ချင်း ရီဖဇီကို ကြည့်ကာ မျက်လုံးများ တောက်ပလင်းလက်လာတော့၏။ သူက ဘယ်လက်ဖြင့် မုဒြာလက်ကွက်တစ်ကွက်ဖော်ပြီးနောက် လက်ညှိုးထိုးလိုက်သည်။
ချက်ချင်းပင် သွေးမိစ္ဆာခေါင်းတစ်ခေါင်းက ဟိန်းဟောက်ရင်း ဖြစ်တည်လာသည်။ တစ်ခေါင်းသာမက … ၁၂၃ ခေါင်းပေါ်လာသည်။ အကုန်လုံးက မန်ဟို့စွမ်းအားအကုန်လုံးကို ထုတ်လွှတ်ရင်း တိုက်ခိုက်လိုက်ကြသည်။
သွေးမိစ္ဆာခေါင်း ၁၂၃ ခေါင်းသည် ခေါင်းသုံးလုံးမြွေနက်ကြီးထံ ပြေးဝင်သွားသော ပို၍ပင်ကြီးမားသည့် သွေးမိစ္ဆာခေါင်းကြီးအဖြစ် အတူတကွ ပေါင်းစည်းသွား၏။ မြွေနှင့်ခေါင်းကြီးက တစ်ခုကို တစ်ခု ဝင်တိုက်ကာ အုန်းခနဲ ပေါက်ကွဲသံကြီးနှင့်အတူ လေကြမ်းများအား အရပ်လေးမျက်နှာတွင် ရိုက်ခတ်သွားစေသည်။ မန်ဟိုက နောက်မဆုတ်ဘဲ ရှေ့တက်ကာ ရီဖဇီ၏ရှေ့တည့်တည့်တွင် ပေါ်လာပြီးနောက် လက်သီးထိုးချလိုက်သည်။
ထိုလက်သီးတစ်ချက်တွင် မန်ဟို၏ အင်မော်တယ်အတွင်းအားအပြင် အစစ်အမှန်အင်မော်တယ်အပြင်အားကိုယ်၏ စွမ်းအားအပြည့်ပါရှိသည်။ ၎င်း၏အားသည် အံ့ဖွယ်အဖျက်အစီးစွမ်းအားပါရှိသော အစွမ်းထက်မှော်သိုင်းကွက်တစ်ကွက်နှင့် နှိုင်းယှဉ်၍ရသည်။
အရပ်လေးမျက်နှာတွင် ဖုန်များ တထောင်းထောင်း ထသွားပြီး လေဟာနယ်သည် ကြေမွသွား၏။ ရီဖဇီမှာ မျက်လုံးပြူးသွားပြီး ပြင်းထန်သောအန္တရာယ်အာရုံက သူကို တုန်လှုပ်သွားစေသည်။ မန်ဟိုက အစွမ်းထက်ကြောင်း သူ သိခဲ့သော်လည်း ယခုတော့ မန်ဟိုမည်မျှအစွမ်းထက်သလဲ ကိုယ်တိုင်မြင်လိုက်ရလေပြီ။
သေရေးရှင်ရေးအခိုက်အတန့်တွင် ရီဖဇီက ခေါင်းနောက်လှန်၍ ဟိန်းဟောက်ပြီးနောက် လက်နှစ်ဖက်မုဒြာလက်ကွက်တစ်ကွက် ဖော်သည်။ ချက်ချင်းပင် အလင်းမျှင်များက သံချပ်ကာတစ်ခုအား သူ့ခန္ဓာကိုယ်တစ်လျှောက် လွှမ်းခြုံသွားစေသည်။ သံချပ်ကာသည် ရွှေရောင်ဖြစ်ပြီး သူ့ကို မန်ဟို့ထက်ပင် အစစ်အမှန်အင်မော်တယ်တစ်ဦးနှင့် တူသွားစေသော အနန္တအလင်းရောင်တို့အား ဖြန့်ကျက်လိုက်၏။
မန်ဟို့မျက်လုံးများမှာ အေးစက်စက် တောက်ပသွားသည်။
ရီဖဇီက မောက်မာဝင့်ကြွားစွာ ရယ်ပြီးနောက် ပြောသည်။ “မန်ဟို ဟုတ်တယ်မလား။ အစစ်အမှန်အင်မော်တယ်မလား။ အခု မင်း ဘာတတ်နိုင်သေးလဲ။ ငါ့အစစ်အမှန်သံချပ်ကာကိုတောင် မချိုးဖျက်နိုင်ပါလား။ ငါနဲ့ တိုက်ခိုက်နိုင်လောက်အောင် မင်းက အစွမ်းထက်ပါတယ်လို့ ဘယ်အရာက ထင်စေတာတုန်း
“အင်မော်တယ်တဲ့လား ဟမ်။ ဒါက အင်မော်တယ်တဲ့လား
“တစ်ခေတ်တစ်ခါတုန်းက သူတို့တွေ သုံးခဲ့ဖူးတဲ့ အံ့ဖွယ်ထူးကဲအင်မော်တယ်ဘာပစ္စည်း ညာပစ္စည်းတွေလေ ထုတ်စမ်းပါဦး ကြည့်ရအောင်။ အင်မော်တယ်ဆိုတာ ဘယ်လိုမျိုးလဲ ငါ့ကို ပြပါဦး” ရီဖဇီ တဟားဟား ရယ်နေစဉ် မန်ဟိုသည် ရီဖဇီပြောနေသောအရာနှင့်ပတ်သက်၍ ဘာဆိုဘာမှမသိသဖြင့် ကြောင်တောင်တောင် ကြည့်နေမိတော့၏။
“အိုး နားမလည်ဘူးလား၊ သဘောမပေါက်ဘူးလား။ သိပြီ သိပြီ။ မင်းတို့ကောင်တွေအတွက် ဒီအကြောင်းအရာအကုန်လုံးကို လျှို့ဝှက်ချက်ကြီးအဖြစ် ထားထားတာ ဖြစ်ရမယ်။ မင်းလိုလူမျိုးက အမှန်တရားကို သိရဖို့ အရည်အချင်းမပြည့်မှီသေးပါဘူး” ရီဖဇီသည် မန်ဟို့အမူအရာကို မြင်သောအခါ လှောင်ရယ်ရယ်လိုက်သည်။
“သောက်ပါးစပ်ပေါက် ပိတ်ထားစမ်း” မန်ဟိုက အေးစက်စက် ပြောသည်။ သူသည် ရီဖဇီထံသို့ အံ့မခန်းလိလိ အမြန်နှုန်းဖြင့် ပြေးဝင်သွားသော ရွှေရောင်သိမ်းငှက်ကြီးတစ်ကောင်အသွင် ရိပ်ခနဲ ပြောင်းသွား၏။ မျက်စိတစ်မှိတ်အတွင်း သူကား ခြေသည်းချွန်ချွန်များကို ထုတ်ရင်း သူ့အပေါ် ရောက်သွားလေပြီ။
ရီဖဇီက ကောက်ကျစ်စွာ ရယ်ပြီး မှော်အတတ်တစ်ခုအား ဆင့်ခေါ်ရန် လက်ကို ဝှေ့ယမ်းလိုက်သည်။ အံ့ဩဖွယ်ကောင်းစွာနှင့် ခေါင်းကိုးလုံးမြွေနက်ကြီးသည် သူ့ကို ရစ်ပတ်လျက် ပေါ်လာကာ ဟိန်းဟောက်ရင်း မန်ဟို့ထံ ပြေးဝင်သွားတော့၏။
တစ်ချိန်တည်းမှာပင် ရီဖဇီ၏မျက်လုံးတစ်ဖက်စီနှင့် သူ့နဖူးအပေါ်တွင် မှော်သင်္ကေတတစ်ခု ပေါ်လာသည်။ မှော်သင်္ကေတသုံးခုသည် မန်ဟို့ပြေးဝင်သွားသော မှော်ဝင်္ကပါတစ်ခုအဖြစ် ပေါင်းစည်းသွား၏။
မန်ဟိုက မြွေနက်ကြီးကို ကုတ်ခြစ်ရင်း လာနေသောမှော်ဝင်္ကပါထံသို တောင်ပံခတ်လိုက်သဖြင့် ဟင်းလင်းပြင်တစ်လျှောက် ဝေါခနဲ မြည်ဟည်းသွားသည်။ ရုတ်တရက် မရေမတွက်နိုင်သော တောင်များ ပေါ်လာပြီး တစ်တောင်နှင့်တစ်တောင် ဆက်သွားကာ ဧရာမနဂါးကြီးများအသွင်ဆောင်သော တောင်စဉ်တန်းများ ဖြစ်သွားသည်။
တဝုန်းဝုန်း ပေါက်ကွဲထစ်ချုန်းနေစဉ် အချိန်တိုလေးအတွင်း တိုက်ကွက်ပေါင်းဒါဇင်ချီအား ဖလှယ်ပြီးလေပြီ။ မန်ဟို့နတ်ဘုရားစွမ်းတစ်ခုခု ရီဖဇီအပေါ် ကျသွားတိုင်း ရီဖဇီ၏ရွှေသံချပ်ကာက တိုက်ကွက်ကို တားဆီးပေးနေသည်။
မန်ဟို့မျက်လုံးများတွင် အညှာအတာကင်းမဲ့သော အလင်းလက်သွားပြီး သူက ရှေ့တစ်လှမ်းတက်လိုက်သည်။ အင်မော်တယ်နဂါများက ရီဖဇီထံသို့ ပြေးဝင်သွား၏။
တအုန်းအုန်း တဝုန်းဝုန်း ပေါက်ကွဲနေသည်နှင့်အမျှ အင်မော်တယ်အပျက်အစီးများနယ်၏ မြေပြင်မှာ လှုပ်ခတ်နေတော့သည်။ မရေမတွက်နိုင်သော ရုပ်တုများနှင့်အပျက်အစီးများမှာ နောက်သို့လွင့်ထွက်ကုန်ကြသည်။
ရီဖဇီ၏မျက်နှာက မသိမသာ ရိပ်ခနဲ ဖြစ်သွားပြီး သူက ရုတ်တရက် နောက်ဆုတ်သည်။ တစ်ချိန်တည်းမှာပင် အော်ခေါ်လိုက်သည်။
“သေမျိုးအပေါင်းရဲ့ အရှင် ကောင်းကင်ဘုံ၊ ကောင်းကင်ဘုံရဲ့ အရှင် ငရဲ၊ ငရဲရဲ့ အရှင် လင်း” ရီဖဇီ၏လက်နှစ်ဖက်က မုဒြာလက်ကွက်တစ်ကွက်ကို ဖော်လိုက်ရာ ထူးဆန်းသောလှိုင်းများက သူ့ကိုယ်တစ်လျှောက် ဖြာဆင်းသွားသည်။ အံ့ဩဖွယ်ကောင်းစွာနှင့် သူ့ကျောမှ ထူးဆန်းသောအလင်းကို ထုတ်လွှတ်နေသည့် ဧရာမတောင်ပံနက်ကြီးနှစ်ဖက် ပေါက်လာ၏။ ၎င်းတို့က သူ့ပတ်ပတ်လည်ရှိ ဟင်းလင်းပြင်နှင့် တစ်သားတည်းဖြစ်ကာ သူ့အား အလွန်အမင်း ဆန်းပြားသွားစေသည်။ တစ်ဆက်တည်းမှာပင် ဧရာမအနက်ရောင်လေးကြီးတစ်လက်က သူ့လက်ထဲတွင် ပေါ်လာသည်။
“အို အရှင်တော်မြတ်သုံးပါး အင်မော်တယ်တွေကို သုတ်သင်ကွပ်မျက်တော်မူပါ” စကားလုံးများ သူ့ပါးစပ်မှ ထွက်သွားသည်နှင့်တစ်ပြိုင်နက် သူ၏ရွှေသံချပ်ကာပေါ်မှ မရေမတွက်နိုင်သော မှော်သင်္ကေတများထွက်လာကာ မြားတစ်စင်းအဖြစ် စုစည်းသွားသည်။
လေးညို့မှာ အဆွဲခံလိုက်ရပြီး မြားကား ပျံထွက်သွားလေပြီ။
ဟင်းလင်းပြင်မှာ ကြေမွသွားသည်အထိ ပြင်းပြင်းထန်ထန် တုန်ခါသွားသည်။ အားကြီးသောမြားက ကြယ်တာရာကောင်းကင်ကို စုတ်ဖြဲရင်း မန်ဟို့ထံ ထိုးဝင်လာသည်။
မြား မန်ဟို့အနားကပ်လာနေသည်ကို မြင်လျှင် လီလင်းအာမှာ လွန်စွာစိတ်ပူလာသည်။ သို့သော် သူမကူညီနိုင်သည့်အရာ မရှိပေ။ ကြက်တူရွေး၊ အသားဂျယ်လီနှင့် မှီခိုရာဂိုဏ်းချုပ်တို့မှာမူ နည်းနည်းလေးမှ စိတ်ပူပုံမပေါ်။
မန်ဟိုက အေးစက်စက် နှာမှုတ်၍ ညာလက်ကို ဆန့်ထုတ်လိုက်ရာ လှံရှည်တစ်စင်းပေါ်လာသည်။ ၎င်းက အဖြူရောင်လှံခေါင်းကို ပိုင်ဆိုင်ထားပြီး အရိုးကို လောကသစ်ပင်မှ ဖန်တီးထားခြင်းဖြစ်သည်။ ၎င်းပေါ်လာလျှင်ချင်း ထူးဆန်းသောအရောင်များ ပြိုးပြိုးပြက်ပြက် လက်သွားပြီး အကန့်အသတ်မဲ့လှိုင်းများက အင်မော်တယ်အပျက်အစီးများနယ်ကို ဖရိုဖရဲ ဖြစ်စေရင်း ဖြာထွက်လာသည်။
မန်ဟိုက လှံကို ပစ်ပေါက်လိုက်ရာ ကြယ်တာရာကောင်းကင်တွင် ဂျိန်းခနဲ ထစ်ချုန်းသွားသည်။ လှံက နဂါးဖြူတစ်ကောင်သဖွယ် ဟင်းလင်းပြင်ကို ဖြတ်သန်းရင်း ကွင်းပုံစံဂယက်များအား ၎င်းဖြတ်သွားသောနေရာတိုင်းတွင် ဖြစ်ပေါ်ကျန်ရစ်စေခဲ့သည်။ မျက်စိတစ်မှိတ်အတွင်း မြားနှင့် လှံက တစ်ခုကို တစ်ခု ထိတွေ့သွားကာ ကြောက်စရာကောင်းလောက်အောင် ကျယ်လောင်သော ပေါက်ကွဲမှုကြီးအား အရပ်လေးမျက်နှာသို့ ဖြာထွက်ရိုက်ခတ်သွားစေ၏။
“မန်ဟို ဒါက မင်းရဲ့အစွမ်းအစစ်လား။ မင်းရဲ့တိုက်ကွက်တစ်ကွက်မှ ငါ့သံချပ်ကာကို ချိုးဖျက်နိုင်ပုံမပေါ်ဘူး။ ဒါက တကယ်ပဲ အစစ်အမှန်အင်မော်တယ်တစ်ဦးရဲ့ စွမ်းအားစစ်စစ်လား”
မြားနှင့်လှံ တစ်ခုကို တစ်ခု တွေ့ထိသွားသောအခိုက်အတန့်တွင် မန်ဟိုက ရှေ့တစ်လှမ်းတက်လိုက်သည်။
“ငါ ဘယ်လိုချိုးဖျက်ပစ်မလဲ စောင့်ကြည့်လိုက်” သူက အေးစက်စက် ပြောသည်။ သူသည် ပထမဆုံး ခြေလှမ်းလှမ်းလိုက်သောအခါ ညာလက်ခလယ်ကို ဝှေ့ယမ်းလိုက်ကာ အနန္တအလင်းရောင်တို့အား ကြယ်တာရာကောင်းကင်တစ်ခွင် ဖြာထွက်သွားစေသည်။ မျက်စိတစ်မှိတ်အတွင်း အလင်းရောက်သည် လက်သီးဆုပ်အရွယ်အလင်းဖန်လုံးအသွင်ပြောင်းသွား၏။
၎င်းကား … နေတစ်စင်း။
နေပေါ်လာသည်နှင့် အံ့မခန်းလိလိ ဂယက်များ ဖြာထွက်သွားသည်။ သို့သော် ရီဖဇီက နေကို နည်းနည်းလေးမှ ဂရုမစိုက်သည့်အလား အေးတိအေးစက် ရယ်နေဆဲပင်။ သူက နောက်မဆုတ်သည့်အပြင် ရှေ့တက်ကာ ဒုတိယလေးနှင့်မြားကို ဖော်ပြလိုက်သည်။
တစ်ချိန်တည်းမှာပင် မန်ဟိုက ဒုတိယမြောက်ခြေလှမ်းကို လှမ်း၍ ညာလက်ကို ဝှေ့ယမ်းလိုက်ပြန်ရာ နေ၏ဘေးတွင် ရင်သပ်ရှုမောဖွယ်ကောင်းသော နက္ခတ်တာရာတစ်ခုပေါ်လာသည်။
၎င်းကား …လ။
နေနှင့်လသည် အချင်းချင်း လှည့်ပတ်ရင်း ကြီးမားသော အားတစ်ရပ်အား ပေါက်ကွဲထွက်လာစေ၏။ ရီဖဇီ၏မျက်လုံးများ ဝိုင်းစက်သွားပြီး ထိုအခိုက်အတန့်တွင် မန်ဟိုက တတိယမြောက်ခြေလှမ်းလှမ်းလိုက်သည်။
သူက ရှေ့လှမ်းလိုက်စဉ် မုဒြာလက်ကွက်တစ်ကွက်ဖော်ကာ လက်ညှိုးထိုးသည်။ အံ့ဩဖွယ်ကောင်းစွာနှင့် နေနှင့်လကြား၌ တောင်တစ်လုံး၏ ပုံရိပ်ယောင်ပေါ်လာသည်။
၎င်းကား …. နဝမတောင်၏ ပုံရိပ်။
နေနှင့်လက နဝမတောင်ကို လှည့်ပတ်နေသည်။
ကြီးမားသောစွမ်းအင်တစ်ရပ် ပေါ်ထွက်လာရာ ရီဖဇီမှာ မျက်နှာပျက်ထွက်သွားတော့သည်။ ရုတ်တရက် စကားလုံးများဖြင့် ဖော်ပြမရနိုင်သော အန္တရာယ်အာရုံက စိုးမိုးလာသည့်အတွက် သူသည် ရှေ့ဆက်တက်နေမည့်အစား နောက်ဆုတ်လိုက်၏။
သို့သော် သူ နောက်ဆုတ်လိုက်သော အခိုက်အတန့်တွင် မန်ဟိုက လေးလှမ်းမြောက်ခြေလှမ်းအား လှမ်းလိုက်သည်။
အဆိုပါ လေးလှမ်းမြောက်ခြေလှမ်းနှင့်အတူ သူက အင်္ကျီလက်စကို ခါရမ်းလိုက်၏။ ဂျိန်းခနဲ မြည်ဟည်းသွားစဉ် …. ပုလဲဖြူတစ်လုံးနှင့် ပုလဲနက်တစ်လုံံး ပေါ်လာပြီး နဝမတောင်နှင့် နေနှင့်လကို စတင်လှည့်ပတ်သည်။
ကြောက်ခမန်းလိလိဂယက်လှိုင်းများက ရီဖဇီကို မျက်လုံးပြူးသွားစေပြီး ကြောက်လန့်တကြား နောက်ဆုတ်သွားစေသည်။
“မှော်အတတ်ပေါင်းစည်းမှု၊ အဲ့ဒါက အင်အားကြီးပညာရှင်တွေပဲ ထိန်းချုပ်နိုင်တဲ့ ရှုပ်ထွေးဆန်းပြားမှော်အစွမ်းတစ်ခုလေ။ မင်း ဒီလို ဘယ်လိုလုပ်နိုင်နေတာလဲ”
ရီဖဇီ စကားပြောနေစဉ် မန်ဟို့မျက်လုံးများတွင် သတ်ဖြတ်လိုစိတ်တို့ ဖြတ်ပြေးသွားသည်။ သူက ညာလက်ကို ဝှေ့ယမ်းလိုက်ပြီး ပုလဲဖြူပုလဲနက်နှင့် နေလသည် နဝမတောင်ကို လှည့်ပတ်လျက် ရီဖဇီထံ ရင်သပ်ရှုမောဖွယ်အမြန်နှုန်းဖြင့် ပြေးဝင်သွားတော့၏။
အမြန်နှုန်းမှာ ရီဖဇီအတွက် ရှောင်တိမ်းမရသည်အထိ ဖြစ်သည်။ သူက အံတင်းတင်းကြိတ်ရင်း ဟိန်းဟောက်ကာ လက်နှစ်ဖက်မုဒြာလက်ကွက်ဖော်ပြီးနောက် သူ့လက်အား အရှေ့သို့ တွန်းပို့လိုက်သည်။ သူ တိုက်ကွက်ကို အစွမ်းကုန် တားလိုက်သဖြင့် ရွှေသံချပ်ကာမှာ မျက်စိကျိန်းမတတ် တောက်ပလာသည်။
အုန်းခနဲ အရပ်လေးမျက်နှာသို့ ရိုက်ညောင်းသွားသည်။ နေနှင့်လ ပျက်ပြားပြီး နဝမတောင် ကြေမွသွားသည်။ ပုလဲဖြူပုလဲနက်လည်း လွင့်ပျယ်သွားသည်။ သို့သော် ထိုအခိုက်အတန့်မှာပင် ရီဖဇီ၏ တောက်ပနေသော သံချပ်ကာလည်း တစ်လွှာပြီးတစ်လွှာ ကြေမွလာလေပြီ။
ရီဖဇီသည် သွေးအလုပ်ကြီးတစ်လုပ် အန်လိုက်ရပြီး ထိတ်လန့်မှုက သူ့မျက်နှာကို စိုးမိုးနေသည်။ သူ နောက်သို့ အမြန်ဆုံးဆုတ်တော့မည့်ဆဲဆဲ မန်ဟိုက ရက်စက်ခက်ထန်သောမျက်နှာထား၊ သတ်ဖြတ်လိုနေသောမျက်ဝန်းများဖြင့် ငါးလှမ်းမြောက်ကို လှမ်းလိုက်သည်။
ထိုအချိန်တွင် အဝေးမှ ရှေးဆန်သောအသံတစ်သံက မိုးခြိမ်းသံကြီးသဖွယ် ပဲ့တင်ထပ်လာသည်။
“လက်ဖယ်လိုက်စမ်း”
ကြက်တူရွေးက မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်ပြီး အမွှေးများ ထောင်သွားသည်။ အသားဂျယ်လီမှာ တဆတ်ဆတ် တုန်လာပြီး မှီခိုရာဂိုဏ်းချုပ်က မလေးနက်စဖူး လေးနက်နေသော အမူအရာဖြင့် ခေါင်းလှည့်ကြည့်လိုက်သည်။
***