← Chapters

သူလွတ်မြောက်နိုင်မည်လော

Vol. 195 Ch. 2787

သူလွတ်မြောက်နိုင်မည်လော

Vol. 195 Ch. 2787

ရီဖူရှင်း သူ၏စိတ်ကို အသုံးပြုလိုက်၏။ ထို့နောက် သူ ထိုနေရာမှ ပျောက်ကွယ်သွားသည်။ သူသည် ထွက်ပြေးရန် ပြင်ဆင်ထားသည့်ပုံပင်။

ထိုကဲ့သို့ ဆုံးဖြတ်ချက်ပြတ်သားမှုက မဟာအင်ပါယာငါးပါးကို အံ့အားသင့်သွားစေသည်။ ရီဖူရှင်းသည် သူ့လူများ၏အသက်ကို လျစ်လျူရှု၍ အမှန်ပင် ထွက်ပြေးမည်လော။

ထိုလုပ်ရပ်သည် ရီဖူရှင်း၏အကျင့်စရိုက်နှင့် မကိုက်ညီပေ။ သူ့တွင်သာ ထိုသို့သော အကျင့်စရိုက်ရှိလျှင် ယခင် စီဝေ့ကြယ်ကောင်းကင်မှာကတည်းက ထိုသို့ လုပ်ခဲ့နိုင်ပေသည်။ ရီဖူရှင်းသည် သူ၏ထွက်ပြေးမှုကို အသုံးချ၍ သူတို့ကို သူ့နောက်လိုက်လာစေကာ ရီအင်ပါယာနန်းတော်မှ ကျင့်ကြံသူများကို အသက်ရှင်နိုင်မည့်အခွင့်အရေးအနည်းငယ် ပေးလိုခြင်းဖြစ်ကြောင်း ထင်ရှား၏။

“ထွက်ပြေးတာလား... မင်း လွတ်နိုင်ပါ့မလား”

သူတို့သည် အေးစက်စက် နှာမှုတ်လိုက်ကြသည်။ ဤနေရာတွင် မဟာအင်ပါယာငါးပါး ရှိ၏။ သို့ပင်လျှင် ရီဖူရှင်းသည် ထွက်ပြေးလိုနေသလော။

သူက ဗုဒ္ဓရောင်ဝါခြေလှမ်းကို အသုံးပြုနိုင်လျှင်လည်း ဘာအရေးနည်း။

ရုတ်ခြည်းပင် ရီဖူရှင်းသည် ဟင်းလင်းပြင်ထဲတွင် ထပ်မံ ထွက်ပေါ်လာ၏။ ဗုဒ္ဓကုန်းမြေနတ်စွမ်းအားသည် မိုးကောင်းကင်ထဲတွင် စက်ကွင်းတစ်ခုကို ဖန်းတီးထားပြီး ရီအင်ပါယာနန်းတော်ကို ချိပ်ပိတ်ထားပေသည်။ ပတ်ပတ်လည်မှ ကောင်းကင်ပြင်များတွင် လှပသော နတ်အလင်းတောက်ပလာသည်။ ထိုအရာသည် ဗုဒ္ဓစက်ကွင်းပင်။ ဗုဒ္ဓရောင်ဝါခြေလှမ်းသည် မည်သည့်အကွာအဝေးကိုမဆို ဖြတ်သွားနိုင်သည်။ သို့သော် စက်ကွင်းတစ်ခုကိုတော့ အတင်းမဖွင့်နိုင်ပေ။

ဤနယ်မြေသည် ချိပ်ပိတ်ခံထားရပြီးဖြစ်သည်။ အကယ်၍ ရီဖူရှင်းသာ ဗုဒ္ဓရောင်ဝါခြေလှမ်းကိုအသုံးပြု၍ ထွက်ပြေးလွတ်မြောက်လိုလျှင် စက်ကွင်းကို ဖျက်ဆီးပစ်ရပေမည်။

ရီဖူရှင်းသည် ပို၍မြင့်သောနေရာသို့ တန်းတန်းမတ်မတ် ပျံသန်းသွား၏။ သူသည် လျှပ်စီးတန်းတစ်ခုအဖြစ် ပြောင်းလဲသွား၏။ သူ၏နတ်ခန္ဓာသည် ဓားတစ်ချောင်းကဲ့သို့ ပျံတက်သွားပြီး ဗုဒ္ဓစက်ကွင်းကို တိုက်ရိုက် ထိမှန်သွားသည်။ ခပ်အုပ်အုပ်အသံတစ်သံ ထွက်ပေါ်လာပြီး ဗုဒ္ဓစက်ကွင်း အက်ကြောင်းထင်လာသည်။ သို့သော် ၎င်းသည် ကွဲမသွားပေ။

ဗုဒ္ဓကုန်းမြေ၏ မဟာအင်ပါယာသည် ရီဖူရှင်းကို တစ်ချက်ကြည့်လိုက်ပြီး ရှေ့သို့တိုးလိုက်သည်။ သူသည် သူ့ကို တားဆီးလိုနေသည့် ရှီးချီယောင်ကို လျစ်လျူရှုလိုက်၏။ သူမသည် သူ၏ပြိုင်ဘက် မဟုတ်ပေ။

ရှီးချီယောင်သည် ကောင်းကင်ထက်သို့ မော့ကြည့်သည်။ ရီဖူရှင်းသည် ဗုဒ္ဓစက်ကွင်းကို တိုက်ခိုက်နေဆဲဖြစ်သည်။ သို့သော် ထိုစဉ်တွင် ထိုနေရာသို့ ဗုဒ္ဓကုန်းမြေ၏ မဟာအင်ပါယာ ရောက်ရှိသွားသည်။ သူသည် အခြားမည်သို့မှ မလုပ်လိုက်ဘဲ ‌ရှေ့သို့ လက်ချောင်းညွှတ်၍ ရီဖူရှင်းကို သတ်ပေတော့မည်။

ရီဖူရှင်း၏တစ်ကိုယ်လုံး တောက်ပစွာ လင်းလက်လာသည်။ အစိမ်းရောင်နတ်အလင်းက သူ့ကို လွှမ်းခြုံသွား၏။ သူသည် နတ်ဓားတစ်ချောင်းကို အောက်သို့ ပစ်လွှတ်လိုက်ပြီး လက်ချောင်း၏ စွမ်းအားကို ခုခံလိုက်သည်။ သို့သော် ထိုနတ်ဓားသည် ကွဲအက်လာပြီး အလယ်မှနေ၍ ကျိုးပဲသွားသည်။ ဗုဒ္ဓကုန်းမြေနတ်စွမ်းအားသည် ဖျက်ဆီ၍မရ၊ ချိုးဖောက်၍မရသော စွမ်းအားပင်။ ၎င်းသည် နတ်ဓားကို တိုက်ရိုက် ဖြတ်သန်းသွားပြီး ရီဖူရှင်း၏ခန္ဓာကိုယ်ကို ထိုးစိုက်သွားသည်။

ထိုအခိုက်အတန့်တွင် ရီဖူရှင်းသည် နတ်ခန္ဓာအဖြစ် ပြောင်းလဲထားသော်လည်း ညည်းတွားလိုက်ရလေသည်။ ထိုနတ်စွမ်းအားသည် သူ၏ကိုယ်ပိုင်နတ်စွမ်းအားကို ထွင်းဖောက်သွားပြီး သူ့ခန္ဓာကိုယ်အတွင်းသို့ ဝင်လာ၏။ သူသည် ထိုနေရာမှနေ၍ ဖျတ်ခနဲ ပျောက်ကွယ်သွားပြီး အခြားတစ်နေရာတွင် ပြန်ထွက်ပေါ်လာ၏။ သို့သော် သူ သွေးအန်လိုက်ရလေသည်။

“မင်းက သေမျိုးတစ်ယောက်ပဲ... ဒါကိုတောင် နတ်ဘုရားတွေကို အနိုင်ယူဖို့ အိပ်မက်,မက်နေသေးတယ်”

ဗုဒ္ဓကုန်းမြေ၏ မဟာအင်ပါယာက ထီမထင်ဟန်ဖြင့် ပြောလိုက်၏။ ကောင်းကင်ထဲတွင် သူ၏အေးစက်စက်အသံ ပဲ့တင်ထပ်သွားသည်။ မဟာအင်ပါယာတစ်ပါး၏ အသံသည် မဟာလမ်းစဉ်စည်းမျဉ်းများကဲ့သို့ လောကတစ်ခွင်တွင် ပဲ့တင်ထပ်နိုင်ပေသည်။ ထိုအသံကြောင့် လူပေါင်းများစွာ ရင်တုန်သွားပြီး နားစည်များလည်း တုန်ခါလာလေသည်။

နတ်ဘုရားများကို အနိုင်ယူနိုင်ရန် အိပ်မက်,မက်နေသော သေမျိုးတစ်ယောက်သည် ထင်ယောင်ထင်မှားဖြစ်နေခြင်းသာ။

ထိုစကားများသည် ငြင်း၍မရနိုင်သော ဝင့်ဝါခြင်းဖြင့် ပြည့်နှက်နေသည်။

ဗုဒ္ဓကုန်းမြေစွမ်းအားသည် သူ့ခန္ဓာကိုယ်ကို ဖြတ်၍ စတင်စီးဆင်းလာ၏။ မရေတွက်နိုင်သော ‌ရွှေရောင်နတ်အလင်းတန်းများ သူ့ခန္ဓာကိုယ်ကို လှည့်ပတ်ဝန်းရံသွား၏။ သူသည် စစ်မှန်သော နတ်ဘုရားတစ်ပါးအဖြစ် ပြောင်းလဲသွားသကဲ့သို့ပင်။ သူ ပြန်ရှင်သန်လာကတည်းက သူ၏အထွတ်အထိပ်အထိ ပြန်အရောက်သေးသော်လည်း သူသည် ပြန်ရှင်သန်လာသော မဟာအင်ပါယာတစ်ပါးပင် ဖြစ်နေသေးပေသည်။ သေမျိုးတစ်ယောက်သည် အဘယ်သို့ သူ၏ပြိုင်ဘက်ဖြစ်နိုင်မည်နည်း။

မည်သူမှ သူ့ကို မတားဆီးနိုင်ပေ။ ရီအင်ပါယာနန်းတော်မှ တိုက်ခိုက်နိုင်သူအားလုံးသည် သူ၏တိုက်ခိုက်မှုတစ်ခုကိုပင် မခံနိုင်ကြချေ။ သို့ဖြစ်ရာ သူတို့သည် မဟာအင်ပါယာငါးပါး၏ တိုက်ခိုက်မှုများကို တားဆီးနိုင်မည် မဟုတ်ပေ။ စွမ်းအားအကြီးဆုံးဖြစ်သော လင်လုံသည်ပင် မတားဆီးနိုင်ပေ။

ရီအင်ပါယာနန်းတော်မှ လူများသည် ထိုမြင်ကွင်းကို မြင်လိုက်သောအခါ စိတ်ပျက်အားငယ်သွားကြသည်။ ရှေးဟောင်းနတ်ဘုရားကလန်ငါးခုမှ သန်မာသောကျင့်ကြံသူများသည် ထိုအဖြစ်အပျက်အားလုံးကို နောက်မှနေ၍သာ ကြည့်နေကြလေသည်။ သူတို့၏မျက်လုံးများသည် ရီအင်ပါယာနန်းတော်မှ ကျင့်ကြံသူများကို ဝေ့ဝဲကြည့်ရှုနေကြ၏။ ယခင် ရီဖူရှင်း သူတို့၏ရန်သူဖြစ်လာကတည်းက ဤရလဒ်သာထွက်လာမည်ဖြစ်ကြောင်း သူတို့သိပြီးဖြစ်သည်။

သူတို့၏နတ်ဘုရားများ ပြန်ရှင်သန်လာပြီဖြစ်၍ ရှေးဟောင်းနတ်ဘုရားကလန်များသည် ပြန်လည်ဂုဏ်ရှိန်ကြီးမားလာပေတော့မည်။ သူတို့သည် ရှေးခေတ်ကကဲ့သို့ ပြန်လည်တောက်ပလာကြမည်ဖြစ်သည်။

ရီဖူရှင်းသည် သူတို့၏ နင်းတက်ရာလှေကားထစ်တစ်ခုပင်။ သူတို့ ပထမဆုံးသတ်မည့် လူတစ်ယောက်ပင်။ ရှေးဟောင်းနတ်ဘုရားကလန်ငါးခုသည် ရီဖူရှင်း၏အလောင်းကို နင်းတက်၍ သူတို့ ပြန်လာပြီဖြစ်ကြောင်း ကြေညာရပေမည်။

လက်ရှိခေတ်တွင် အင်ပါယာခြောက်ပါးသည် နတ်ဘုရားခေတ်ပြန်ရောက်လာမည်ဖြစ်ကြောင်း တိတ်တဆိတ်လက်ခံထားပြီးဖြစ်သည်။ ထို့ကြောင့် အခြားစိတ်ပူစရာများ မရှိ‌တော့ပေ။

ရီအင်ပါယာနန်းတော်မှ အချို့ဂျူနီယာလေးများသည် စိတ်ပျက်အားငယ်နေသဖြင့် မျက်လုံးထဲတွင် မျက်ရည်များပင် ဝဲလာကြသည်။ သူတို့သည် ဤကဲ့သို့ မျှော်လင့်ချက်မဲ့သော အခြေအနေတစ်ခုနှင့် ပထမဆုံးအကြိမ် ကြုံတွေ့ရခြင်းဖြစ်ပြီး သူတို့၏”နတ်ဘုရား”ရီဖူရှင်း ဤကဲ့သို့ ဖိအားပေးခံနေရသည်ကို ပထမဆုံးအကြိမ် တွေ့မြင်ရခြင်းဖြစ်ပေသည်။ မဟာအင်ပါယာငါးပါးသည် သတ်ဖြတ်ရန် ရောက်လာခဲ့ပေသည်။ သူတို့ကို မည်သူ တိုက်ခိုက်နိုင်မည်နည်း။

ရှီးချီယောင်သည် ကောင်းကင်သို့ မော့ကြည့်သည်။ သူမ၏ခန္ဓာကိုယ်ထဲမှနေ၍ ကြောက်မက်ဖွယ်အရှိန်အဝါတစ်ခု ထွက်သွား၏။ သူမ၏ခန္ဓာကိုယ်သည် တောက်လောင်နေသကဲ့သို့ပင်။ မိုးစက်နတ်ဓားအတွင်းသို့ အလင်းတန်းများ စီးဝင်သွားသည်။ သူမ၏မျက်နှာထားသည် နာကျင်နေပုံပေါ်ပြီး သူမ၏ခန္ဓာကိုယ်သည် တုန်ယင်နေသည်။ သူမ၏ခန္ဓာကိုယ်၊ နတ်ဝိညာဉ်နှင့် ထိုမိုးစက်နတ်ဓားတို့သည် စတင်ဆက်စပ်လာပြီး တစ်ခုနှင့်တစ်ခု ပေါင်းစည်းသွားသည်။

မိုးစက်နတ်ဓားထဲတွင် ပို၍ပင် အားကောင်းသော ဓားဝိညာဉ်စွမ်းအားတစ်ခု စီးဆင်းလာ၏။ နတ်ဓားအတွင်းမှနေ၍ နတ်စွမ်းအားထွက်လာသကဲ့သို့ နတ်အလင်းစီးဆင်းလာသည်။

နတ်ဓားအတွင်းမှ စွမ်းအားအချို့ နိုးထလာပေပြီ။

“ဝိုး...”

အရှင်ယွမ်ရှစ်သည် ရှီးချီယောင်ဘက်သို့ ကြည့်လိုက်၏။ သူတို့သည် အလွန်အာရုံခံနိုင်စွမ်း ကောင်းကြသဖြင့် ရှီးချီယောင်၏ ခန္ဓာကိုယ်အတွင်းမှ ပြောင်းလဲမှုများကို အာရုံခံနိုင်ပေသည်။ သူမသည် ဆင့်ကဲပြောင်းလဲနေသည်။ သူမ၏ မိုးစက်နတ်ဓားသည်လည်း ဆင့်ကဲပြောင်းလဲနေသည်။

ရှီးချီယောင်သည်လည်း ရှေးဟောင်းနတ်ဘုရားကလန်တစ်ခုမှပင် ဖြစ်သည်။ သူမသည် အ‌နောက်အင်ပါယာနန်းတော်မှ လာခဲ့ခြင်းဖြစ်ပြီး ရှေးဟောင်းနတ်ဘုရားတစ်ပါး၏ အမွေအနှစ်ကို ပိုင်ဆိုင်ပေသည်။ ထိုအရာသည် သူတို့ကြားမှ တူညီချက်တစ်ခုပင်။

ထို့အပြင် ရှီးချီယောင်သည် အနောက်အင်ပါယာ၏ အမွေအနှစ်နှင့် အသင့်တော်ဆုံး ကျင့်ကြံသူဟူ၍ ကျော်ကြား၏။ ထိုကောလာဟလသည် လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက ထွက်ပေါ်ခဲ့သော ကောလာဟလဖြစ်သည်။ ရှီးချီယောင်သည် လွန်ခဲ့သောနှစ်ပေါင်းများစွာကပင် အနောက်အင်ပါယာနန်းတော်၏ နတ်မိမယ်အဖြစ် ဘွဲ့ပေးအပ်ခြင်းခံခဲ့ရပြီး အနာဂတ်တွင် ထိုနန်းတော်ကို အုပ်စိုးမည့်သူဖြစ်သည်။

သူမ၏ အနောက်အင်ပါယာ၏အမွေအနှစ်နှင့် လိုက်ဖက်ညီမှုသည် ယခင်က အနောက်အင်ပါယာနန်းတော်ရှိ မည်သည့်ကျင့်ကြံသူထက်မဆို သာလွန်ပေသည်။ သူတို့သည် ရှေးဟောင်းနတ်ဘုရားများဖြစ်သဖြင့် ထိုအရာသည် မည်သည့်အဓိပ္ပာယ်ဖြစ်ကြောင်း နားလည်ကြသည်။

အထူးသဖြင့် ယခုတွင် ရှီးချီယောင်၏ကိုယ်တွင်း၌ စွမ်းအားအချို့ နိုးထလာပြီဖြစ်ရာ သူတို့သည် တစ်စုံတစ်ခုကို နားလည်သွားပုံ ပေါ်လေသည်။

ကြည့်ရသည်မှာ နောက်ထပ် ရှေးဟောင်းနတ်ဘုရားတစ်ပါး ပြန်အသက်ဝင်လာပုံပင်။ သို့သော် ရှီးချီယောင်သည် ထိုအဆင့်သို့ရောက်ရန် သူမကိုယ်သူမ မညှာမတာတွန်းအားပေးခဲ့ရသည်။ သူမသည် သူမကိုယ်သူမ ဂရုမစိုက်တော့ပေ။

သူတို့၏ဂျူနီယာများသည် အလွန်နာခံမှု မရှိသူများပင်။

ရှီးချီယောင် ကောင်းကင်ထက်သို့ မော့ကြည့်လိုက်သောအခါ သူမ၏မျက်လုံးများ ပြောင်းလဲသွားပေပြီ။ ထိုမျက်လုံးများသည် ယခင်ကပုံစံနှင့် ကွဲပြားနေသည်။ ထိုမျက်လုံးများသည် အနောက်အင်ပါယာအစစ်၏ မျက်လုံးများကဲ့သို့ပင်။

အရှင်ယွမ်ရှစ်သည် လက်တစ်ဘက် မြှောက်လိုက်၏။ ရှီးချီယောင်အထက်ရှိ ကောင်းကင်ထဲတွင် နတ်ဘုရားပြစ်ဒဏ်ပေးစွမ်းအား ထွက်ပေါ်လာ၏။ သို့သော် ရှီးချီယောင်သည် ချက်ချင်း လှုပ်ရှားလိုက်ပြီး ဝေဝါးကာ ပျောက်ကွယ်သွားသည်။ မိုးစက်နတ်ဓားသည် ထိုးစိုက်သွားပြီး မပြီးပြည့်စုံသေးသော နတ်ဘုရားပြစ်ဒဏ်ပေးအစီအရင်ကို ဖောက်ထွင်းသွား၏။

အရှင်ယွမ်ရှစ်က မျက်မှောင်ကြုတ်၍ မော့ကြည့်သည်။ ထို့နောက်တွင် ရှီးချီယောင်သည် မိုးစက်နတ်ဓားဖြင့် ဗုဒ္ဓစက်ကွင်းကို တိုက်ခိုက်လိုက်၏။ ထိုဓားသည် အလွန်စွမ်းအားကြီးသည်ဟု မထင်ရပေ။ မည်သည့် အားကောင်းသောတုန်ခါမှုမှလည်း ဖြစ်မသွားချေ။ မရေတွက်နိုင်သော မိုးစက်များ ကျဆင်းလာခြင်းသာဖြစ်သည်။ သို့သော် ဗုဒ္ဓစက်ကွင်းတွင် အပေါက်တစ်ပေါက် ဖြစ်ပေါ်သွား၏။ စက်ကွင်းသည် မိုးစက်များ၏ ထွင်းဖောက်မှုကို ခံလိုက်ရပြီး ခေတ္တအကြာတွင် ပြိုကျပျက်စီးသွားသည်။

ဓားသည် ဆက်၍ ပျံတက်သွားပြီး ရီအင်ပါယာနန်းတော်အထက် ကောင်းကင်တွင် အပေါက်တစ်ပေါက်ဖြစ်အောင် လုပ်ပေးလိုက်၏။

“သွား...”

ရှီးချီယောင် အော်ပြောလိုက်၏။ ရီဖူရှင်းသည် သူ၏ဗုဒ္ဓရောင်ဝါခြေလှမ်းကို ထုတ်သုံးလိုက်ပြီး ပျောက်ကွယ်သွားသည်။ သူသည် မဟာအင်ပါယာငါးပါး၏ ပစ်မှတ်ဖြစ်သည်။ ထို့ကြောင့် သူ ရီအင်ပါယာနန်းတော်မှ ထွက်သွားရပေမည်။ မဟုတ်လျှင် အခြားကျင့်ကြံသူအားလုံးကို ထိခိုက်စေမိမည်ဖြစ်သည်။

“ဘယ်ကိုသွားမှာလဲ...”

ကောင်းကင်အင်ပါယာကျန်းက ပျောက်ကွယ်သွားသော ရီဖူရှင်းကို မော့ကြည့်သည်။ သူသည်လည်း သူ၏စိတ်ကိုအသုံးပြု၍ ခြေရာလက်ရာမကျန်ခဲ့ဘဲ ပျောက်ကွယ်သွားသည်။

ဗုဒ္ဓဂိုဏ်း၏ ဗုဒ္ဓရောင်ဝါခြေလှမ်းသည် လောကထဲတွင် စွမ်းအားအကြီးဆုံး နတ်အတတ်များထဲမှ တစ်ခုဖြစ်သည်။ ၎င်းသည် မည်သည့်ခြေရာလက်ရာမှ မချန်ခဲ့ပေ။ သို့သော် အနိုင်ယူ၍ မရသည်တော့ မဟုတ်ချေ။ လောကထဲတွင် အမှန်တကယ် အနိုင်ယူ၍မရသော အတတ်များ မရှိပေ။ အရာအားလုံး၏အခြေခံသည် ကျင့်ကြံခြင်းအဆင့်သာဖြစ်သည်။

သူတို့သည် ယခင်ကသူတို့၏စွမ်းအားအကုန်လုံးကို ပြန်မရသေးသော်လည်း မဟာအင်ပါယာများ ဖြစ်နေဆဲပင်။ ရီဖူရှင်းသည် သူတို့၏လက်မှ အဘယ်သို့ လွတ်မြောက်နိုင်မည်နည်း။

မဟာအင်ပါယာငါးပါးသည် ရုတ်ခြည်း ပျောက်ကွယ်သွားကြလေသည်။

All Chapters