ကပ်ဘေးကို ဖြတ်ကျော်ပြီးနောက်
Vol. 196 Ch. 2791
“ပြောင်းလဲသွားတဲ့ လက်ရှိလောကကို ကျုပ်သိပ်နားမလည်ဘူး”
ကောင်းကင်အင်ပါယာကျန်းက ကောင်းကင်သို့ မော့ကြည့်၍ ပြောလိုက်၏။ သူ၏မျက်လုံးများထဲတွင် ရှုပ်ထွေးသောခံစားမှုအရိပ်အယောင်များ ရှိနေသည်။
အဖျက်နတ်အလင်း ကျဆင်းလာ၏။ ကျင့်ကြံသူများသည် ဤနေရာမှ စတင် ထွက်ပြေးလိုက်ကြသည်။ ကောင်းကင်အင်ပါယာကျန်းတို့အုပ်စုပင် အန္တရာယ်အငွေ့အသက်တစ်ခုကို ခံစားလိုက်ကြရသည်။ သူတို့ခန္ဓာကိုယ်များထဲတွင် နတ်စွမ်းအား စီးဆင်းလည်ပတ်လာပြီး ခုခံစွမ်းအားကို ဖန်တီးလိုက်ကြသည်။
ကောင်းကင်ထက်တွင် ပရမ်းပတာကပ်ဘေးအလင်း ဖြစ်ပေါ်လာ၏။ ကောင်းကင်ထက်မှနေ၍ သန်းထောင်ချီသော ကပ်ဘေးအလင်းတန်းများသည် တူညီသောတစ်နေရာသို့ ကျဆင်းလာကြသည်။ အနောက်အင်ပါယာပင် ထိုအလင်းတန်းများကို ရှောင်လိုက်သည်။ သူ၏ခန္ဓာကိုယ် တောက်ပလာပြီး ထိုနေရာမှ ထွက်ခွာသွားသည်။ ကောင်းကင်အင်ပါယာကျန်းနှင့် အခြားသူများသည်လည်း ရီဖူရှင်းဆီသို့ မသွားလိုက်ကြပေ။
သန်းထောင်ချီသော ကပ်ဘေးအလင်းတန်းများ တစ်ပြိုင်တည်း ကျဆင်းလာပြီး ရီဖူရှင်း၏ခန္ဓာကိုယ်ကို ထိမှန်သွားကြသည်။ ရီအင်ပါယာနန်းတော်မှ ကျင့်ကြံသူများသည် ထိုမြင်ကွင်းကို မြင်လိုက်သောအခါ အလွန်အမင်း ရင်တုန်သွားကြ၏။ ယခု ရီဖူရှင်း ခံနေရသော ကပ်ဘေးသည် ကမ္ဘာပျက်စစ်ပွဲကဲ့သို့ပင် ဖြစ်သည်။ သူသည် ထိုကပ်ဘေးကို တောင့်ခံနိုင်ပါမည်လော။
အားလုံးသည် ကောင်းကင်ထက်သို့ စိတ်လှုပ်တရှား မော့ကြည့်နေကြသည်။ သန်းထောင်ချီသော အလင်းတန်းများသည် ရီဖူရှင်း၏ခန္ဓာကိုယ်ကို ဝါးမျိုသွားသည်။ ထိုနေရာတွင် အဖျက်နတ်အရှိန်အဝါသာ ရှိနေသည်။ ရီဖူရှင်း၏ခန္ဓာကိုယ် နစ်မြုပ်နေသောနေရာကိုပင် လှမ်းမြင်နိုင်လေသည်။
ကောင်းကင်အင်ပါယာကျန်းနှင့် အခြားအင်ပါယာများသည် ထိုနေရာသို့ ငေးကြည့်နေကြ၏။ သူသည် ဤကဲ့သို့သော ကပ်ဘေးမျိုးကိုလည်း ဖြတ်ကျော်နိုင်ဦးမည်လော။
ဤကပ်ဘေး၏စွမ်းအားသည် သူတို့အတွက်ပင် အန္တရာယ်များပေသည်။
“ဒီလောက,က သူ့ကို ဆက်တည်ရှိနေဖို့ ခွင့်မပြုတော့ဘူး။ အဲဒါကြောင့် ဒီလို ကပ်ဘေးမျိုး ဖြစ်လာတာပဲ”
ကောင်းကင်အင်ပါယာကျန်းက လေသံတိုးတိုးဖြင့် ပြောလိုက်၏။ ရီဖူရှင်းသည် သဘာဝကိုပင် ခြိမ်းခြောက်ခဲ့မိခြင်း ဖြစ်နိုင်ပေသည်။
“ဒီလိုကပ်ဘေးမျိုး ရောက်လာရလောက်အောင် သူက ဘယ်လိုစွမ်းအားမျိုးကိုများ ဖန်တီးနိုင်ခဲ့လို့လဲ”
အရှင်ဟောင်ထျန်းသည် အနည်းငယ် မျက်မှောင်ကြုတ်လိုက်၏။ သူတို့သည် ယခင်က သူတို့၏ကျင့်ကြံခြင်း အနည်းငယ် တိုးတက်လာစေရန် လူသားဘုံသို့ သွားခဲ့ကြသည်။ ဤမတိုင်ခင်က သူတို့သည် သဘာဝ၏ အဟန့်အတားများကြောင့် ထိုခြေလှမ်းကို မလှမ်းနိုင်ခဲ့ကြပေ။
ယခုတွင် ရီဖူရှင်းသည် သူတို့အရှေ့တွင် ထိုခြေလှမ်းကို လှမ်းသွားခြင်းလော။
သို့သော် ရီဖူရှင်းသည် ဤသို့သော အဖျက်ကောင်းကင်ကပ်ဘေးမျိုးကို အောင်အောင်မြင်မြင် ဖြတ်ကျော်ရှင်သန်နိုင်ပါမည်လော။
သူလက်တစ်ဘက် ဆန့်တန်းလိုက်၏။ ရုတ်ခြည်းပင် အထက်ကောင်းကင်ရှိ အဖျက်လေမုန်တိုင်း၌ ဧရာမလက်ကြီးတစ်ခု ထွက်ပေါ်လာ၏။ ၎င်း၏အရှိန်အဝါသည် လောကအပေါ် ဖိနှိပ်လာပြီး အဖျက်လေမုန်တိုင်းအတွင်းသို့ ဦးတည်သွားကာ ၎င်း၏အလယ်ဗဟိုကို ဆုပ်ကိုင်ရန်ကြိုးစားလိုက်သည်။
ရွှစ်...ရွှစ်...
စူးရှသောအသံများ ထွက်ပေါ်လာ၏။ ဟောင်ထျန်းနတ်ချိပ်စည်းသည် အဖျက်ကောင်းကင်ကပ်ဘေးအတွင်းသို့ ရောက်သွားသောအခါ ကြောက်မက်ဖွယ်ထိခိုက်မှုများကို ခံလိုက်ရ၏။ သို့သော် နတ်ချိပ်စည်းသည် ဟောင်းထျန်းနတ်စွမ်းအားမှ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ၎င်းသည် ရှေ့သို့ ဆက်သွားနေပြီး အလယ်ဗဟိုသို့ ဦးတည်နေသည်။
ဝုန်း...
သန်းထောင်ချီသော ကပ်ဘေးအလင်းတန်းများမှ ဖြစ်ပေါ်လာသည့် မုန်တိုင်းသည် လေထုထဲတွင် ဗြောင်းဆန်သွားသည်။ ဟောင်ထျန်းနတ်ချိပ်စည်းသည် မုန်တိုင်းအတွင်းပိုင်းသို့ ရောက်ရှိလာသောအခါ စတင် ပြိုပျက်လာပြီး ဆုတ်ပြဲ၊ တုန်ခါလာသည်။ ၎င်းသည် အဆက်မပြတ် အစိတ်စိတ်အမွှာမွှာဖြစ်လာပြီး လျင်မြန်စွာ ရှင်းထုတ်ပစ်ခံလိုက်ရလေသည်။
ထိုအရာသည် အစမ်းတိုက်ခိုက်မှုတစ်ခုသာဖြစ်သည်။ အရှင်ဟောင်ထျန်းသည် ထိုမြင်ကွင်းကို မြင်လိုက်သောအခါ အံ့အားသင့်သွားသည်။ အခြားအင်ပါယာများလည်း ထို့အတူပင်။ သူတို့သည် မျက်မှောင်ကြုတ်နေကြ၏။
ဟောင်ထျန်းနတ်ချိပ်စည်းသည်ပင် အဖျက်ကောင်းကင်ကပ်ဘေး၏ အလယ်ဗဟိုသို့ မဝင်ရောက်နိုင်ချေ။ ထို့ကြောင့် ရီဖူရှင်းသည် မည်မျှသေနိုင်လောက်သောစွမ်းအားကို ခံနေရကြောင်း တွေးကြည့်နိုင်ပေသည်။ သူသည် ကောင်းကင်ကပ်ဘေးအောက်တွင် သေသွားနိုင်ပေသည်။ သို့သော် သူမသေခဲ့လျှင် သူသည် သူတို့ကိုပင် ခြိမ်းခြောက်လာနိုင်ပေလိမ့်မည်။
“မင်းတို့ အရင်ပြန်သွားလိုက်ကြ”
ကောင်းကင်အင်ပါယာကျန်းက အောက်ဘက်မှ ကျန်းကလန်ရှိ သန်မာသောကျင့်ကြံသူများကို ပြောလိုက်၏။ သူ လက်တစ်ဘက်ဝှေ့ယမ်းလိုက်၏။ ထိုအခါ အာကာသတံခါးတစ်ချပ် ရုတ်ခြည်းပွင့်လာလေသည်။ နတ်စွမ်းအား ထွက်ပေါ်လာ၏။ တံခါး၏အခြားတစ်ဘက်သည် လွန်စွာဝေးကွာသောနေရာတစ်ခုဖြစ်သည်ဟု ထင်ရသည်။
ကျန်းရှေးဟောင်းနတ်ဘုရားကလန်မှ ကျင့်ကြံသူများသည် အရှေ့သို့ ပျံသွားကြပြီး ထိုတံခါးအတွင်းသို့ ဝင်သွားကြကာ ဤနေရာမှ ယာယီထွက်ခွာသွားကြသည်။
ယနေ့ မဟာအင်ပါယာငါးပါး ရီဖူရှင်းကို သတ်ရန် ရောက်လာခဲ့ချိန်တွင် မမျှော်လင့်သော ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာပေသည်။
အခြားမဟာအင်ပါယာများသည်လည်း သူတို့၏ရှေးဟောင်းနတ်ဘုရားကလန်များမှ ကျင့်ကြံသူများကို အဝေးသို့ ပို့လိုက်ကြသည်။ သူတို့သည် ထိုသူများ၏အသက်ကို ဂရုမစိုက်သော်လည်း ထိုသူများသည် သူတို့၏မျိုးဆက်များပင် ဖြစ်နေသေးသည်။ ဤနေရာတွင် မည်သည့်ကိစ္စဖြစ်ပျက်လာမည်ကို မသိနိုင်သဖြင့် ထိုသူများကို အဝေးသို့ပို့ထားခြင်းက အကောင်းဆုံးဖြစ်ပေသည်။
သူတို့သည် ဆက်၍မတိုက်ခိုက်တော့ဘဲ အခြားသူများအား သတ်ဖြတ်ခြင်းကို ရပ်တန့်လိုက်သည်။ သူတို့အတွက် မဟာအင်ပါယာအဆင့်အောက်မှ ကျင့်ကြံသူတိုင်းသည် ပုရွက်ဆိတ်များသာဖြစ်သည်။ အကယ်၍ ရီဖူရှင်းသာ မဟာအင်ပါယာဖြစ်လာရန် အရည်အချင်းမမီလျှင် သူတို့သည် ရီဖူရှင်းကို လာသတ်မည် မဟုတ်ပေ။ အခြားသူများ၏ အသက်များအတွက်မူ သူတို့ လုံးဝဂရုမစိုက်ပေ။ သူတို့သည် လမ်းတွင် လမ်းကြုံ၍သာ အခြားသူများကို သတ်ခဲ့ခြင်းဖြစ်သည်။
ယခုတွင် သူတို့သည် ရီဖူရှင်း၏ ကပ်ဘေးပြီးနောက်တွင် မည်သည့်ပြောင်းလဲမှုများ ဖြစ်ပေါ်လာမည်ကိုသာ သိလိုနေကြပေသည်။
ထိုအချိန်တွင် စွမ်းအားကြီးကျင့်ကြံသူများသည် အဝေးမှနေ၍ တစ်ဖွဲဖွဲ ရောက်ရှိလာကြသည်။ ကောင်းကင်ဒေသမှ စွမ်းအားကြီးကျင့်ကြံသူများလည်း ရောက်ရှိလာသည်။ ဒွန်ဟောင်တိယွမ်လည်း ကိုယ်တိုင် ရောက်ရှိလာသည်။
ယူချင်သည်လည်း နတ်ဆိုးလောကမှ ကျင့်ကြံသူများကို ဦးဆောင်ကာ ရောက်ရှိလာ၏။ လူသားဘုံလည်း ရောက်လာသည်။
ဘုံအားလုံးမှ ကျင့်ကြံသူများသည်လည်း တစ်ယောက်ပြီးတစ်ယောက် ဤနေရာသို့ ရောက်ရှိလာကြသည်။ တစ်ချိန်တည်းမှာပင် ကောင်းကင်မှနေ၍ ကြောက်မက်ဖွယ်အရှိန်အဝါနောက်တစ်ခု ကျဆင်းလာသည်။ အင်ပါယာအရှိန်အဝါသည် ဤနေရာကို လွှမ်းခြုံသွား၏။ ၎င်းသည် မဟာအင်ပါယာ၏ ဝိညာဉ်စွမ်းအားဖြစ်သည်။
ကောင်းကင်ထဲ၌ အရှင်ဒွန်ဟောင်၏ မျက်နှာ ပထမဆုံးထွက်ပေါ်လာ၏။ သူသည် ရီဖူရှင်းကို ငုံ့ကြည့်သည်။ ကြောက်မက်ဖွယ် ကပ်ဘေးအလင်း တဖြည်းဖြည်း ပျောက်ကွယ်လာသည်ကို သူမြင်လိုက်ရ၏။ အလယ်တွင် ရီဖူရှင်း၏ခန္ဓာကိုယ် ထွက်ပေါ်လာ၏။ ယခုတွင် သူ့ကိုယ်ပေါ်၌ မည်သည့် မဟာလမ်းစဉ်အရှိန်အဝါမှ ရှိမနေပေ။ သို့သော် သူ့ခန္ဓာကိုယ်ကို နတ်အလင်းက ရစ်သိုင်းထား၏။ သူ့တစ်ကိုယ်လုံး လင်းလက်နေပြီး သူ၏အရေပြားသည် မွေးကင်းစကလေးငယ်တစ်ယောက်ကဲ့သို့ ဖြစ်နေသည်။ သူသည် ပြန်လည်မွေးဖွားလာပြီး မသန့်စင်မှုအားလုံးကို ဖယ်ရှားလိုက်သလိုပင်။ သူသည် မူလအခြေအနေအတိုင်း ပြန်ရောက်လာပေသည်။
“ဒွန်ဟောင်... ခင်ဗျားက အဲဒီငါးယောက်ကို ပို့လိုက်တဲ့သူလား”
အေးစက်စက်အသံတစ်သံက ပြောလိုက်၏။ ထိုသို့ပြောလိုက်သူမှာ မှော်နက်အရှင်ဖြစ်သည်။ ကောင်းကင်ထက်တွင် မှော်နက်ပုံရိပ်တစ်ခု ထွက်ပေါ်လာပြီး နတ်အရှိန်အဝါ ကျဆင်းလာ၏။ သူ၏အသံထဲတွင် ခနဲ့သည့် အငွေ့အသက်အနည်းငယ် ပါနေသည်။
“မဟုတ်ဘူး...”
အရှင်ဒွန်ဟောင်က တိုက်ရိုက် ငြင်းဆိုလိုက်သည်။ သူ၏မျက်နှာထားသည် အနည်းငယ် အထင်သေးဟန်ရှိနေသည်။
မှော်နက်အရှင်သည် အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။
“ခင်ဗျား မပို့ဘူးဆိုရင်တောင် ခင်ဗျား ပိုစောစောရောက်လာသင့်တယ်။ ကောင်းကင်ဒေသက မဟာအင်ပါယာဟောင်းငါးပါးက အတူပူးပေါင်းပြီး ရီဖူရှင်းကို သတ်ဖို့ လုပ်နေတာကို ခင်ဗျားက ကြည့်ရုံပဲ ကြည့်နေတာပေါ့လေ”
“သူတို့က မဟာအင်ပါယာဟောင်းတွေဆိုတာ ခင်ဗျားလည်း သိတာပဲ။ သူတို့က သူတို့စိတ်ထဲရှိတဲ့အတိုင်း လုပ်ကြတဲ့သူတွေ... ကျုပ် သူတို့ကို ဖျောင်းဖျလို့ ရမှာမဟုတ်ဘူး”
အရှင်ဒွန်ဟောင်က အရေးမစိုက်ဟန်ဖြင့် ပြောလိုက်၏။ သူ၏အသံသည် အတော်လေး အေးစက်ကာ ခပ်တန်းတန်းဖြစ်နေ၏။ သူသည် ထိုသို့ပြောရင်း လူငါးဦးကို ဝေ့ဝဲကြည့်လိုက်ပြီး တစ်စုံတစ်ခုကို သဘောပေါက်သွားဟန် ပေါ်လေသည်။
သို့သော် ကောင်းကင်အင်ပါယာကျန်းနှင့် အခြားအင်ပါယာများသည် ဂရုမစိုက်ပေ။ သူတို့ ဤကဲ့သို့ ပေါ်ပေါ်ထင်ထင်ထွက်လာဝံ့ခြင်းမှာ သူတို့ကိုယ်သူတို့ ယုံကြည်မှုရှိ၍ဖြစ်သည်။
“ဟင်း...”
မှော်နက်အရှင်သည် အေးစက်စွာ နှာမှုတ်လိုက်သည်။ ထို့နောက် သူ့အကြည့်သည် ရီဖူရှင်းပေါ်သို့ ကျရောက်သွား၏။
“ဒီကောင်းကင်ကပ်ဘေးကို သမိုင်းတစ်လျှောက်မှာ တစ်ခါမှ မမြင်ခဲ့ဖူးဘူး။ သူက သူ့လမ်းစဉ်ကို ကောင်းကင်ရဲ့ တောင်းဆိုချက်တွေကနေ ခွဲထုတ်နိုင်ခဲ့တဲ့ပုံပဲ။ ဒီလိုမျိုးသတ္တိက တွေ့ရခဲတယ်... ဒါပေမဲ့ အဲဒါက လူတချို့ကို ခြိမ်းခြောက်သလိုဖြစ်သွားမှာ ကျုပ်စိုးမိတယ်”
အရှင်ဒွန်ဟောင်သည် မှော်နက်အရှင်ပြောသည့်စကား၏အဓိပ္ပာယ်ကို နားလည်၏။ သို့သော် သူ ပြန်မပြောလိုက်ပေ။
“ဒွန်ဟောင်က အရင်တုန်းက ကတိပေးထားတော့ ဒီကိစ္စမှာ ဝင်ပါမှာ မဟုတ်ဘူး။ မှော်နက်အရှင် ခင်ဗျားက ကောင်းကင်ဒေသရဲ့ အုပ်စိုးသူကို အတော်လေးအထင်သေးနေတာပဲ”
အသံတစ်သံ ထွက်ပေါ်လာ၏။ ထိုအသံသည် လူသားဘိုးဘေး၏အသံဖြစ်သည်။ သူအော်ပြောလိုက်၏။
“နတ်ဘုရားခေတ်ရောက်လာပြီ။ အရာအားလုံးက သဘာဝအတိုင်း ဖြစ်ပျက်လာမှာပဲ။ လူတိုင်းက ကြီးကျယ်ခမ်းနားတဲ့လောကကြီးကို မြင်လိုကြလိမ့်မယ်လို့ ကျုပ်ယုံကြည်တယ်”
“လူသားဘိုးဘေးက ဘယ်တုန်းက ဒီလောက် သဘောထားကြီးသွားတာလဲ”
မှော်နက်အရှင်က ရွဲ့ပြောလိုက်၏။
“ကျုပ်က လူသားဘိုဘေးပါ... လူသားဘုံကို အုပ်စိုးတယ်။ အဲဒီတော့ လူသားတွေ စည်ပင်ဝပြောလာနိုင်ဖို့ ကျုပ်ဆန္ဒရှိတာပေါ့”
လူသားဘိုးဘေးသည် ဖြောင့်မတ်သူတစ်ဦးကဲ့သို့ပင် ထင်ရသည်။ သူ၏အသံသည် လောကအတွင်း၌ ပဲ့တင်ထပ်သွားပြီး လူများကို သူ့အား အရိုအသေပြုလိုက်စေလေသည်။
သို့သော် မှော်နက်အရှင်နှင့် အခြားအင်ပါယာများသည် လူသားဘိုးဘေး၏စကားများကို စိတ်ထဲမှ နှာခေါင်းရှုံ့လိုက်ကြသည်။
သူတို့စကားပြောနေစဉ်တွင် အောက်ဘက်ကောင်းကင်၌ နောက်ထပ်ပုဂ္ဂိုလ်တစ်ယောက် ထွက်ပေါ်လာ၏။ ထိုပုဂ္ဂိုလ်မှာ ဗုဒ္ဓကုန်းမြေ၏ မဟာအင်ပါယာဖြစ်သည်။ သူ့ခန္ဓာကိုယ်သည် ဖျတ်ခနဲ လှုပ်ရှားသွားပြီး ရီဖူရှင်းထံ ဦးတည်သွားလိုက်သည်။ ထို့နောက် သူသည် ရီဖူရှင်းကို လက်ချောင်းညွှန်လိုက်သည်။ ဗုဒ္ဓကုန်းမြေစွမ်းအားသည် အဖျက်လက်ချောင်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ရီဖူရှင်းကို သတ်ရန်အတွက် လောကကို ထွင်းဖောက်သွားသည်။
မဟာအင်ပါယာတစ်ပါး ဆင်းသက်လာသော်လည်း သူသည် ရီဖူရှင်းကို သတ်လိုနေသေးပြီး တိုက်ခိုက်လိုက်ပေသေးသည်။
ကောင်းကင်ထဲရှိ အခြားမဟာအင်ပါယာများသည် မလှုပ်ရှားလိုက်ကြပေ။ သူတို့အားလုံး ငုံ့ကြည့်နေကြသည်။ ရီဖူရှင်းက ကောင်းကင်ကပ်ဘေးကို ဖြတ်ကျော်ပြီးနောက်တွင် မည်သည့်အဆင့်သို့ ရောက်သွားမည်နည်း။