← Chapters

တောင်ပင်လယ်လောကမဟာမိတ်

Vol. 74 Ch. 1023

တောင်ပင်လယ်လောကမဟာမိတ်

Vol. 74 Ch. 1023

ထူးဆန်းသောကျင့်ကြံသူတစ်ယောက်က လီလင်းအာကို လိုက်ဖမ်း၍ သတ်နိုင်တော့မည်။

မထင်မှတ်ဖွယ်ကောင်းစွာနှင့် လီမျိုးနွယ်စုမှ ဘယ်သူမှ ဖြစ်ပျက်နေသောအရာကို ဟန့်တားရန် ပေါ်မလာပေ။ အခြေအနေသည် အလွန်တရာ ထူးဆန်းနေ၏။ အထူးသဖြင့် လီမျိုးနွယ်စုက … ဤနေရာမှ သိပ်မလှမ်းသော မြောက်ကျူပင်ဂြိုဟ်၌ တည်ရှိသည်ကို ထည့်တွက်လျှင်ပင်။ နဝမတောင်ပင်လယ်တွင် သာမန်ကျင့်ကြံသူများ တစ်ယောက်ကိုတစ်ယောက် တိုက်ခိုက်သတ်ဖြတ်သည့်အခါ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ၏။ သို့သော် ရွေးချယ်ခံတစ်ဦး ထိခိုက်ဒဏ်ရာရလျှင်တော့ အကြီးအကျယ်ကိစ္စတစ်ရပ် ဖြစ်စမြဲပင်။

နောက်ဆက်တွဲလိုက်ပါလာမည့် အကျိုးဆက်များကြောင့် များသောအားဖြင့် ရွေးချယ်ခံတစ်ဦးအား အသေတိုက်ခိုက်သူမရှိသလောက်ရှား၏။

သို့သော် ဤထူးဆန်းသောကျင့်ကြံသူကား လီလင်းအာကို သတ်ဖြတ်ချင်နေသည်။ အရေးအကြီးဆုံးမှာမှာတော့ … မန်ဟို့အမြင်အာရုံမှာ ဖြစ်ပျက်နေသောအရာကို မမြင်ရအောင် စောစောကတင် ပိတ်ဖုံးကွယ်ခံခဲ့ရသည်ကိုပင်။

သိသာစွာပင် ဤထူးဆန်းသောကျင့်ကြံသူသည် တစ်ယောက်တည်း လှုပ်ရှားနေခြင်းမဖြစ်တန်ရာ။ အရိပ်ထဲတွင် နေ၍ သူ့ကို ကူညီပေးနေသော အစွမ်းထက်ပညာရှင်တစ်ဦး သေချာပေါက် ရှိလိမ့်မည်။ မန်ဟိုသည် လီလင်းအာကို လာမကယ်ခင်ကတည်းက ယင်းကဲ့သို့ သုံးသပ်မိပြီးသားဖြစ်သော်လည်း အရေးမကြီးဟုသာ ဆုံးဖြတ်ခဲ့သည်။ မည်သို့ဆိုစေ သူ့အနေဖြင့် သူမကို ကယ်ကို ကယ်ပေးရမည်။

ထို့ကြောင် သူသည် သူ၏အသေတိုက်ကွက် လူငယ်အပေါ်သို့ ကျရောက်သွားခြင်းအား ဟန့်တားရန် တစ်စုံတစ်ယောက် လှမ်းအော်လိုက်သည်ကို ကြားလျှင် တခဏလေးမျှ တွန့်ဆုတ်နေခြင်းမရှိဘဲ ပြောလိုက်၏။ “မှီခိုရာဂိုဏ်းချုပ် ၊ အဲဒီလူကို ဆယ့်ငါးမိနစ်ထိန်းပေးထားနိုင်ရင် ခင်ဗျား နှစ်တစ်ရာဘေးမဲ့ပေးမယ်” ဤသည်က တိုက်ပွဲတစ်ပွဲလုံးတွင်မှ သူ တတိယအကြိမ်မြောက်သာ စကားပြောလိုက်ခြင်းဖြစ်သည်။

စစချင်း မှီခိုရာဂိုဏ်းချုပ်မှာ စိတ်တိုသွားပြီး နှစ်တစ်ရာမျှသာ ဘေးမဲ့ပေးသည်ကို အဖက်မလုပ်ရန် ပြင်လိုက်သည်။ သို့သော် ပြန်တွေးကြည့်သောအခါ မန်ဟိုသာ တစ်သက်လုံးဘေးမဲ့ပေးမည်ဟု ပြောခဲ့လျှင် ၎င်းက လုံးဝယုံနိုင်စရာမရှိကြောင်း သဘောပေါက်လိုက်သည်။ သို့သော် နှစ်တစ်ရာသာဆိုလျှင် တကယ့်တကယ် ယုတ္တိရှိလေသည်။

“လခွမ်း” သူက ဆဲလိုက်သည်။ သူသည် ရက်စက်ကြမ်းကြုတ်မှုတို့ မျက်လုံးများတွင် တောက်ပနေလျက် ရုတ်တရက် ခေါင်းမော့ပြီး လာနေသာအဘိုးကြီးကို ကြည့်ကာ ဟိန်းဟောက်လိုက်သည်။

ထိုသို့အသံကျယ်ကြီးဟိန်းဟောက်လိုက်သည့်အချိန်နှင့် တစ်ချိန်တည်းမှာပင် သူက အဘိုးကြီးထံ ပြေးဝင်သွားသဖြင့် အနက်‌ရောင်အလင်းများသည် သူ၏ပတ်ပတ်လည်တွင် တောက်ပသွားတော့၏။

ထိုအဘိုးကြီးသည် ရီဖဇီကို တစ်ချိန်လုံးအဖော်ပြုပေးနေခဲ့သော တာအိုစောင့်ရှောက်သူမှတစ်ပါး အခြားမဟုတ်ပေ။

သူသည် မှီခိုရာဂိုဏ်းချုပ်၏ကိုယ်ကြီး သူ့အပေါ် ကျလာသည်ကို မြင်လျှင် ကြောက်အားလန့်အား မျက်လုံးပြူးသွားသည်။ သူ့မှာ မှီခိုရာဂိုဏ်းချုပ်နှင့်ပတ်သက်၍ ဘာလုပ်ရမှန်းမသိသဖြင့် လက်ကို ဝှေ့ယမ်းလိုက်ကာ ဖားလောင်းတစ်ကောင်နှင့်တူသော ဧရာမပုံရိပ်ယောင်သတ္တဝါတစ်ကောင်အား ပေါ်လာစေသည်။

၎င်းက မည်းနက်နေပြီး မျက်လုံးပေါက်မပါပေ။ ဟနေသော ပါးစပ်ပြဲကြီးသာ ရှိသည်။ ၎င်းက ပေါ်လာလျှင်ချင်း မှီခိုရာဂိုဏ်းချုပ်အား ဝါးမြိုရန်အလား လှမ်းဟပ်လိုက်သည်။

“မှော်စူပါလခွမ်းတိုက်ကွက်” မှီခိုရာဂိုဏ်းချုပ်က ဝုန်းဒိုင်းကြဲ ရှေ့တက်ရင်း အသံကုန်အော်သည်။ စကားလုံးများ သူ့ပါးစပ်မှ ထွက်သွားသွားချင်းမှာပင် သူက တုံ့ခနဲ ရပ်ပြီး ဘာကြောင့်ထိုသို့ပြောလိုက်မိသလဲ စဉ်းစားလိုက်သည်။ သို့သော် ၎င်းကား အတော်လေး အံခွင်ဝင်ကျဖြစ်သယောင်ပင်။

မှီခိုရာဂိုဏ်းချုပ်က စွမ်းအားအလုံးစုံကို ထုတ်ဖော်လိုက်သဖြင့် ဂျိန်းခနဲ ထစ်ချုန်းသံကြီး လေတွင် ပြည့်နှက်သွားသည်။ ပုံမှန်အားဖြင့် ယင်းက အဘိုးကြီးအား ရပ်စေနိုင်မည်မဟုတ်ပေ။ သို့သော် ဤအခိုက်အတန့်တွင် အဘိုးကြီးသည် မှီခိုရာဂိုဏ်းချုပ်ထံမှ ဖြာထွက်လာနေသော အလင်းတန်းအမြောက်အမြားများကို သတိထားမိလိုက်၏။ သူ့မှာ တစ်စုံတစ်ခုကို ယခုလေးတင် မှတ်မိလိုက်သည့်အလား မျက်နှာပျက်သွားသည်။ သူကား အံ့လည်းအံ့ဩ၊ အလင်းတန်းများကို ကြောက်လည်း‌ ကြောက်သွားသဖြင့် ၎င်းတို့အား ကမန်းကတန်း ရှောင်လိုက်သည်။ ရလဒ်အနေဖြင့် သူ့မှာ ရှေ့ဆက်မသွားနိုင်တော့ပေ။

မန်ဟိုက နောက်ပင်ပြန်လှည့်မကြည့်သလို ၊ အရှိန်လည်းမလျှော့ပေ။ မျက်စိတစ်မှိတ်အတွင်း သူကား ရီဖဇီ၏အပေါ် ရောက်သွားလေပြီ။ သူသည် အသတ်အဖြတ်စိတ်ဆန္ဒတို့ မျက်ဝန်းများ၌ တဝင်းဝင်းတောက်လျက် လက်သီးနှစ်ဖက်ကို ဆုပ်၍ အကာအကွယ်မဲ့နေသော ရီဖဇီကို ချေမှုန်းရန် ပြင်ရင်း ထိုးချလိုက်သည်။

ရီဖဇီမှာ ရင်တဒိန်းဒိန်း ခုန်နေသည်။ သူ့လောကတွင် သူသည် မယုံနိုင်လောက်အောင် အဆင့်အတန့်မြင့်မား၏။ ထို့အတွက်ကြောင့်သာမဟုတ်လျှင် သူ့ကို စောင့်ရှောက်ပေးမည့် တာအိုစောင့်ရှောက်သူတစ်ဦး ရရှိဖို့ အသာထား၊ နတ်မီးလျှံစမ်းသပ်ပွဲအတွက် နဝမတောင်ပင်လယ်သို့ လာရောက်ခွင့် ဘယ်တော့မှ ရရှိမည်မဟုတ်ပေ။

သို့သော် သူ့အတွေ့အကြုံကား မန်ဟို့အတွေ့အကြုံများနှင့် နှိုင်းယှဉ်မရသလို ရက်စက်မှုအရလည်း ပြိုင်ဘက်မဟုတ်ပေ။ ရီဖဇီအနေဖြင့် မန်ဟို တွေ့ကြုံခဲ့ရသောအရာအားလုံးကို စိတ်ကူးကြည့်နိုင်လိမ့်မည်မဟုတ်သည်သာ။

သေရေးရှင်ရေးအခိုက်အတန့်တွင် ရီဖဇီ၏အမူအရာသည် ရုတ်တရက် ခက်ထန်ကြမ်းကြုတ်သွား၏။ သူက လျှာထိပ်ကို ကိုက်ပြီးနောက် သွေးတစ်ပွက်အန်လိုက်သည်။ သွေးက မန်ဟို့ထံ လည်ထွက်သွားသော သွေးကန်ကြီးတစ်ကန်အသွင်ပြောင်းသွားသည်။

ကန်သည် မန်ဟိုနှင့် ထိတွေ့သောအခါ လျင်မြန်စွာ ပျောက်ကွယ်သွားသော သွေးရောင်မြူမှုန်များအသွင်ပြောင်းရင်းသာ အငွေ့ပျံသွားတော့၏။ လက်သီးကမူ … မြူများကို တိုက်ရိုက်ခွင်း၍ ရီဖဇီ၏ရင်ဘတ်အား တိုက်ချလိုက်သည်။

အရိုးကျိုးသံများနှင့်အတူ အုန်းခနဲ ဟိန်းထွက်သွားသည်။ ရင်ဘတ်ကျွံဝင်သွားသဖြင့် ရီဖဇီ၏ပါးစပ်မှ သွေးများပန်းထွက်လာသည်။ သူသည် နောက်သို့ လွင့်ထွက်သွားစဉ် သူ့ကိုယ်အတွင်း၌ ဆူဝေလာသော စွမ်းအားစီးကြောင်း ၁၂၃ ကြောင်းကို ခံစားလိုက်ရ၏။ မျက်စိတစ်မှိတ်အတွင်း သူကား ပေါက်ကွဲသွားတော့သည်။

သို့သော် သူ ပေါက်ကွဲသွားပြီးနောက်တွင် မန်ဟိုသည် လွင့်စင်ပြန့်ကြဲသွားသော သွေးစက်များ ၊ အသားတုံးများက လေလယ်တွင် ပြန်စုစည်းသွားသည်ကို မြင်လိုက်ရသဖြင့် မျက်မှောင်ကြုတ်သွား၏။ ကြောက်စရာကောင်းသော စွမ်းအားလှိုင်းများ ဖြာထွက်လာသည်။

“မန်ဟို ငါ မင်းကို သတ်မယ်။ သတ်ပစ်မယ်”

“မင်းက ငါ့အကြိုက်ဆုံး မှော်လူသားကိုယ်ကို ဖျက်စီးပစ်ခဲ့တာ။ ငါ မင်းကို ဖမ်းပြီး ငါ့အတွက် မှော်လူသားကိုယ်အသစ်အဖြစ် သန့်စင်မယ်။ မန်ဟို မင်းကို သေကို သေရမယ်။ သေရမယ်”

ငရဲဘုံမှ မြစ်ဖျားခံပုံပေါ်သော ဟိန်းဟောက်သံများက မုန်းတီးမှုအပြည့်၊ ရူးသွပ်မှုအပြည့်ဖြင့် အသစ်ဖြစ်ပေါ်လာနေသည့်ခန္ဓာကိုယ်မှ ထွက်လာသည်။

စကားသံများ ပဲ့တင်ထပ်နေစဉ် အပိုင်းပိုင်းပြတ်နေသောအသားများသည် လျင်မြန်စွာ ပြန်စုစည်းလာရင်း စောစောက ရီဖဇီနှင့် လားလားမျှမတူဘဲ …

လူးလွန့်နေသာအမြီးရှည်ကြီးဖြင့် ခေါင်းသုံးလုံးသတ္တဝါတစ်ကောင်အား ဖြစ်ပေါ်လာစေသည်။ ၎င်းက လူနှင့်လည်းမတူ၊ မိစ္ဆာနှင့်လည်း မတူပေ။

ပထမခေါင်းက ရီဖဇီနှင့်တူသည်။ ဒုတိယခေါင်းက ရက်စက်ကြမ်းကြုတ်သောအသွင်အပြင်ဖြင့် လူတစ်ပိုင်းမြွေတစ်ပိုင်းဖြစ်သည်။ တတိယခေါင်းမှာမူ ထွက်ချည်ဝင်ချည်ဖြစ်နေသော လျှာနှစ်ခွနှင့် မြွေခေါင်းကြီးပင်။

“မန်ဟို” သူက စူးနေသောအသံကြီးဖြင့် အော်သည်။ “ငါ မင်းကို တစစီ စုပ်ဖြဲပစ်မယ်။ ငါ့အင်မော်တယ်အခြေ ပြည့်ဝအောင် မင်းသွေးနဲ့ ရေချိုးမယ်”

မန်ဟိုသည် အသစ်ဖြစ်ပေါ်လာသော ရီဖဇီကို မြင်လျှင် မျက်လုံးများပြူးကျယ်သွား၏။ လီလင်းအာလည်း သူ့ကို မြင်လိုက်ပြီး သူမနှလုံးသားမှာ တဒိတ်ဒိတ်ခုန်လာတော့သည်။

မန်ဟို့မှာ ရီဖဇီကို ကြည့်နေစဉ် ချာချာလည်လာသည်။ ယခုလို ဖြစ်တည်မှုမျိုးကို သူ တစ်ခါမှ မမြင်ခဲ့ဖူးပေ။ တောင်တန်းများ သို့မဟုတ် မြစ်ချောင်းများ လူယောင်ဖန်ဆင်းထားသော မိစ္ဆာများကို မြင်ဖူးသော်လည်း ထိုအရာများက နတ်မိစ္ဆာအစစ်များ ဖြစ်ကြ၏။

ယခုလိုအရာမျိုးကိုတော့ သူ ဘယ်တုန်းကမျှ မမြင်ခဲ့ဖူးပေ။ သားရဲတစ်ကောင်နှင့်တူသော်လည်း ထိုသို့မဟုတ်ပြန်။ ကျင့်ကြံသူတစ်ယောက်နှင့်တူသော်လည်း ကျင့်ကြံသူမဟုတ်ပြန်။

ပို၍ပင် အံ့အားသင့်ဖွယ်ကောင်းသည်မှာ … မန်ဟိုသည် သူ့သိုလှောင်အိတ်ထဲရှိ မိစ္ဆာချုပ်နှောင်ကျောက်စိမ်းက သူ ယခင်က ကြုံတွေ့ခဲ့ဖူးသကဲ့သို့မဟုတ်ဘဲ ရုတ်တရက် ပြင်းပြင်းထန်ထန် တုန်ခါလာသည်ကို သဘောပေါက်လိုက်၍ပင်။

ထိုတုန်ခါမှုများကား ပဉ္စမန္တန်ကို သူ ရရှိခဲ့စဉ်တုန်းက သို့မဟုတ် ဆဋ္ဌမမြောက်မိစ္ဆာချုပ်နှောင်သူကို ကြုံတွေ့ခဲ့ရစဉ်တုန်းကထက်ပင် ကျော်လွန်နေသည်။

အချိန်၏တိုက်စားမှုဖြင့် ဖယ်ရှားမပစ်နိုင်သော အငြိုးအာဃာတနှင့် အမုန်းတရားတို့က ကြောက်မခန်းလိလိ ပြင်းအားဖြင့် မိစ္ဆာချုပ်နှောင်ကျောက်စိမ်းမှ ရုတ်တရက် ပေါက်ကွဲထွက်လာသည့်အလားပင်။

“အဆင့်နိမ့်လောကသား သူပုန်တစ်ကောင်။ ကျန်းမျိုးနွယ်စုရဲ့ သွေးဆက်။ မိစ္ဆာချုပ်နှောင်သူတွေ အဲဒီလိုသတ္တဝါနဲ့တွေရင် အဲဒီသတ္တဝါ သေကို သေရမယ်

“သေရမယ်၊ သေရမယ်၊ သေရမယ်” မန်ဟိုစိတ်ထဲတွင် မိစ္ဆာချုပ်နှောင်ကျောက်စိမ်းမှ ရှေးဆန်သောအသံကြီးက မြည်ဟည်းနေသည်။ ပြင်းထန်သော လူသတ်ငွေ့များက ချက်ချင်း သက်ဝင်လှုပ်ရှားလာသည့် မိစ္ဆာချုပ်နှောင်အင်မော်တယ်အကြောမှ ပေါ်ထွက်လာသည်။

ကြည့်ရသရွေ့ မန်ဟိုသာ ဤအဆင့်နိမ့်လောကသားသူပုန်ကို မသတ်လျှင် သူ၏မိစ္ဆာချုပ်နှောင်သူအင်မော်တယ်အကြောက သူ့ကို အသိအမှတ်မပြုတော့မည့်အလားပင်။

ဤသည်မှာ မန်ဟို့တစ်ဘဝလုံးတွင် ဘယ်တုန်းကမှ မခံစားခဲ့ရဖူးသော ပြင်းထန်ကြီးမားသည့် အမျက်ဒေါသ၊ မုန်းတီးစက်ဆုပ်မှုဖြစ်သည်။

ရီဖဇီ၏ ပုံစံအစစ် ဖြစ်ပေါ်လာသည်နှင့် တစ်ပြိုင်နက် မှီခိုရာဂိုဏ်းချုပ်နှင့်တိုက်ခိုက်နေသော အဘိုးကြီးမှာ ချက်ချင်း မိုးမီးလောင်မတတ် ဒေါကန်သွားတော့သည်။ “သောက်ရူး၊ စောက်ဦးနှောက်ကို မရှိဘူး … လီးလိုပဲ။ မင်း ရှုံးနေပြီလေ။ ဘာလို့ချက်ချင်း ထွက်မပြေးတုန်း။ ဒီနေရာမှာ ကိုယ့်ပုံစံအစစ်ကို ဖော်ပြလိုက်တာထက် ဘယ်အရာကပိုပြီး ရူးမိုက်တော့မှာလဲ။ သောက်ကျိုးနည်း လီးတဲ့မှ၊ မင်းတို့ကျန်းမျိုးနွယ်စု‌က ကောင်တွေအကုန်လုံး နလပိန်းတုံးတွေ”

သူ့မှာ ဒေါကန်လွန်း၍ တဆတ်ဆတ် တုန်နေသည်။ သူ့မျက်နှာအပေါ်တွင် အမျက်ဒေါသတို့အပြင် စိုးရိမ်ထိတ်လန့်မှုလည်း စိုးမိုးနေသည်။ ရီဖဇီ သူ့ပုံစံအစစ်အမှန်ကို ဖော်ပြလိုက်ခြင်းက မိုးပြိုသွားစေမည့်ကပ်ဘေးကြီးအလားပင်။

ရီဖဇီ သူ့ခန္ဓာကိုယ်အား ဖော်ပြလိုက်သော အခိုက်အတန့်တွင် ဆွဲဆွဲငင်ငင်အော်သံတစ်သံ နဝမတောင်ပေါ်ရှိ ကျီမျိုးနွယ်စု၏ဘိုးဘေးစံအိမ်ထဲရှိ လာနေသည်ကို ကြားလိုက်ရသည်။ ထိုဆွဲဆွဲငင်ငင်အော်သံက ချက်ချင်းပင် နဝမတောင်ပင်လယ်တစ်ခွင် ပဲ့တင်ထပ်သွား၏။

သို့သော် လူတိုင်းမကြားရပေ။ တာအိုနယ်ပယ်ပညာရှင်များသာလျှင် စူးစူးဝါးဝါး ဆွဲဆွဲငင်ငင် အော်သံကို ကြားရနိုင်သည်။

၎င်းကား မကြားခဲ့ရသည်မှာ အင်မတန့် အင်မတန် ကြာမြင့်ခဲ့ပြီဖြစ်သော အသံတစ်သံပင်။

ထိုအော်သံက နဝမတောင်ပင်လယ်ရှိ တာအိုနယ်ပယ်ခေါင်းဆောင်ကြီးအားလုံး၏ မျက်နှာများအား ရိပ်ခနဲ ဖြစ်သွားစေသည်။

နဝမတောင်ပေါ်ရှိ ကျီမျိုးနွယ်စုတစ်စုလုံး လှုပ်လှုပ်ရှားရှား ဖြစ်နေကြသည်။ သူတို့၏ တာအိုနယ်ပယ်ပညာရှင်များသည် ကျီမျိုးနွယ်စုဘိုးဘေးစံအိမ်၏ အနောက်နားသို့ အမောတကော ဦးတည်သွားကြ၏။ ထိုနေရာတွင်ကား… နတ်ရေကန်တစ်ကန်။

ကန်ရေသည် ဖန်သားကဲ့သို့ ကြည်လဲ့နေပြီး အဖြူရောင်မြူခိုးမျှင်များ ရစ်သိုင်းနေသည်။ သို့သော် ကန်အောက်ရှိ ကြေးဒယ်အိုးကိုးလုံးကိုတော့ မြင်ရသေးသည်။ ဒယ်အိုးတစ်လုံးစီကား အချိန်စီးကြောင်းထဲ၌ မဖော်ပြနိုင်လောက်အောင် တည်ရှိခဲ့သည့်အလား အလွန်ရှေးကျသောအငွေ့အသက်များကို ထုတ်လွှတ်နေ၏။

ဒယ်အိုးကိုးလုံး၏ အလယ်တည့်တည့်တွင်တော့ အံဩဖွယ်ကောင်းစွာနှင့် …. ဧရာမရွှမ်းဝူလိပ်ကြီးတစ်ကောင် ရှိနေသည်။

ထိုရွှမ်းဝူလိပ်နှင့် ဒယ်အိုးကိုးလုံးက ကျီမျိုးနွယ်စုအပိုင်မဟုတ်ပေ။

တကယ်တမ်း မည်သည့်ဂိုဏ်း၊ မည်သည့်မျိုးနွယ်စုနှင့်မှ မသက်ဆိုင်ကြောင်း ပြောနိုင်သည်။ ၎င်းတို့က … နဝမတောင်အပိုင်ဖြစ်သည်။

ရွှမ်းဝူလိပ်ကြီး၏ကျောတွင် မရေမတွက်နိုင်သော မှော်သင်္ကေတများ ဖုံးလွှမ်းနေသည့် ဆူးချွန်ချွန်များ ထွက်နေသည်။ ၎င်း ထိုနေရာတွင် အတိုင်းထက်အလွန် ကြမ်းကြုတ်ခက်ထန်သော ဟန်ပန်ဖြင့် ရပ်နေစဉ် ၎င်းကျောက ရေပေါ်တွင် ပေါ်သည်ဆိုရုံကလေးသာ ရှိသည်။ နှစ်ပေါင်းများစွာကြာသည့်တိုင်အောင် ၎င်းသည် ရုပ်တုကြီးသကဲ့သို့ ထိုနေရာတွင်သာ မလှုပ်မယှက်ရှိနေခဲ့၏။

သို့သော် စောစောက ဧရာမရွှမ်းဝူလိပ်ကြီး လှုပ်သွားခဲ့သည်။ ၎င်းတစ်ကိုယ်လုံး တုန်ရီသွားပြီး ၎င်းက ခေါင်းမော့၍ ဆွဲဆွဲငင်ငင်အော်လိုက်သည်။ ကြောက်ခမန်းလိလိ အော်သံကြီးက ကြယ်တာရာကောင်းကင်တစ်ခွင် ပဲ့တင်ထပ်သွားသည်။

အရာအားလုံး တသိမ့်သိမ့် တုန်လာပြီး ကန်ရေပြင်မှာ တဖွေးဖွေး လှုပ်နေသည်။ ဒယ်အိုးကိုးလုံးလည်း စတင် လှုပ်လာ၏။

ကျီမျိုးနွယ်တာအိုနယ်ပယ်ပညာရှင်အကုန်လုံး အလွန်တရာ စိတ်ပူလာကြသည်။ သူတို့သည် အော်နေသော ရွှမ်းဝူလိပ်ကြီးကို ကြည့်ပြီး မျက်စိမျက်နှာ ပျက်နေကြ၏။

အော်သံက ရွှမ်းဝူလိပ်ကြီးသည် စကားလုံးများဖြင့် ဖော်ပြမရနိုင်သော နာကျင်မှုကို ခံစားနေရကြောင်း ညွှန်ပြနေသ‌ယောင်ပင်။

“ဘာဖြစ်သွားတာလဲ။ ရွှမ်းဝူလိပ်ကြီးက ဘာလို့ နာကျင်နေသလို အော်နေတာလဲ”

“တစ်ယောက်ယောက် ငါတို့ကျီမျိုးနွယ်စုထဲ ကျူးကျော်ဝင်ရောက်လာတာများလား”

“မဟုတ်ဘူး အဲဒီမဟုတ်တန်ဘူး။ အခု ငါတွေးကြည့်တော့မှ နဝမတောင်မှာ ဒဏ္ဍာရီတစ်ပုဒ်ရှိတယ်…”

တာအိုနယ်ပယ်ပညာရှင်များ အံ့ဩတုန်လှုပ်နေကြသည့်အချိန်မှာပင် နဝမတောင်ပင်လယ်၏ ကောင်းကင်ထက်၌ ဧရာမမျက်လုံးကြီးတစ်လုံး ပေါ်လာသည်။

ထိုမျက်လုံးထဲတွင် တင်ပျဉ်ခွေလျက် တရားထိုင်နေသော အဘိုးကြီးတစ်ဦး၏ပုံရိပ်အား မြင်သည်ဆိုရုံကလေး မြင်ရနိုင်၏။

မျက်လုံးပေါ်လာသော အခိုက်အတန့်တွင် နဝမတောင်ပင်လယ်တစ်ခုလုံး တုန်ခါသွားသည်။

ရှေးဆန်သောအသံတစ်သံက ရုတ်တရက် မျက်လုံးထဲမှ ပဲ့တင်ထပ်လာ၏။ “အပြင်သူတွေ နဝမတောင်ပင်လယ်ကို ဝင်ရောက်လာခဲ့ပြီ။ တောင်ပင်လယ်လောက မဟာမိတ်သဘောတူစာချုပ်ကို လိုက်နာကြကုန်လော့။ အပြင်သူတွေကို သုတ်သင်ကြလော့”

***

All Chapters