မဟာအင်ပါယာလမ်းစဉ်
Vol. 196 Ch. 2794
ရီအင်ပါယာနန်းတော် အတွင်းနှင့် အပြင်တွင် ရှင်းလင်းခြင်းနှင့် နောက်ဆက်တွဲအလုပ်များကို စတင်လုပ်ဆောင်ခဲ့ကြသည်။ လူများစွာသည် အလုပ်များလာ၏။ ထိုတိုက်ပွဲအတွင်း၌ ရီအင်ပါယာနန်းတော်သည် သိပ်မထိခိုက်ခဲ့ပေ။ ရီအင်ပါယာနန်းတော် အပြင်ဘက်အပိုင်းသည်သာ အဆိုးဆုံးအခြေအနေနှင့် ကြုံတွေ့ခဲ့ရသည်။ ရှေးဟောင်းနတ်ဘုရားကလန်ငါးခု ရောက်ရှိလာသောအခါ သူတို့သည် လက်ဖြောက်တစ်ချက်ဖြင့်ပင် သက်ရှိများကို အမှုန့်အဖြစ် ပြောင်းပစ်ခဲ့သည်။ လူပေါင်းများစွာ သေဆုံးခဲ့ရသည်။ ကံကောင်း၍ မသေသူများပင်လျှင် အပြင်းအထန် ဒဏ်ရာရခဲ့လေသည်။
ထိုလူများသည် စီဝေ့ကြယ်ကောင်းကင်နှင့် မဟာလမ်းစဉ်၏ ဒေသ(၃၀၀၀)မှ ရောက်လာခဲ့ကြသူများဖြစ်သည်။ သူတို့အားလုံးသည် ရီဖူရှင်းကို ယုံကြည်ခဲ့ကြသော ကျင့်ကြံသူများဖြစ်ကြသည်။
ကျယ်ပြောသော ကောင်းကင်နှင့်မြေကြီးကို ဝမ်းနည်းမှုနှင့် ဒေါသက လွှမ်းခြုံထားပေသည်။
ထိုအချိန်တွင် ဟွာဂျီယူ၊ ရှားရှင်းယွန်နှင့် အခြားသူများ တစ်နေရာတွင် ထွက်ပေါ်လာ၏။ အသက်အလင်းသည် ပတ်ဝန်းကျင်ရှိ စွမ်းအားကြီးကျင့်ကြံသူများကို လွှမ်းခြုံသွားပြီး အသက်ကြာပွင့်များစွာ ဖူးပွင့်လာသည်။ ဗုဒ္ဓအလင်းလည်း တောက်ပလာပြီး ထိုနေရာရှိ လူများကို ကုသပေးလိုက်သည်။
လူများစွာသည် ဟွာဂျီယူကို မှတ်မိသွားပြီး မေးလိုက်ကြသည်။
“သခင်မ... အဲဒီ ရှေးဟောင်းနတ်ဘုရားကလန်က လူတွေက ပြန်မွေးဖွားလာတဲ့ မဟာအင်ပါယာတွေလား”
“ဟုတ်တယ်...”
ဟွာဂျီယူ ခေါင်းညိတ်လိုက်၏။
ဂျွတ်...
သူတို့သည် လက်သီးကျစ်ကျစ်ပါအောင် ဆုပ်လိုက်ကြပြီး အမုန်းတရား ဒေါသမီးတောက်များ ခုန်ထွက်လာကြသည်။ ထိုမတိုင်ခင်က သူတို့သည် မဟာအင်ပါယာများကို လေးစားခဲ့ကြသည်။ မဟာအင်ပါယာများသည် မြင့်မြတ်၍ အစွမ်းကြီးသော သူတို့လေးစားအားကျရသည့် ဖြစ်တည်မှုများဖြစ်သည်။ သို့သော် ဤတစ်ခေါက်ကိစ္စပြီးနောက်တွင် သူတို့စိတ်ထဲ၌ အမုန်းတရာနှင့် ဒေါသများသာ ကျန်ခဲ့လေသည်။
ထိုမဟာအင်ပါယာများသည် သူတို့ကို သတ်ဖြတ်ခဲ့ပြီး သူတို့၏အသက်များကို မြက်ပင်များကဲ့သို့သာ သဘောထားခဲ့သည်။ သူတို့အားလုံးသည် ပုရွက်ဆိတ်များကဲ့သို့ သတ်ဖြတ်ခံခဲ့ရသည်။
မဟာအင်ပါယာများသည် ထိုသို့သာလော။
“သခင်မ... နန်းတော်သခင်က ကျုပ်တို့အတွက် လက်စားချေပေးမှာပါ... ဟုတ်တယ်မလား”
တစ်စုံတစ်ယောက်က မေးလိုက်၏။ ရန်သူသည် မဟာအင်ပါယာများ ဖြစ်နေလျှင်ပင် ရီဖူရှင်းက လက်စားချေပေးလိမ့်မည်ဟု သူတို့ ယုံကြည်ကြပေသည်။ သူတို့တွင် မျှော်လင့်ချက် မရှိပေ။ ထို့ကြောင့် သူတို့သည် ရီဖူရှင်းကိုသာ အားကိုးကြလေသည်။
“အင်း...”
ဟွာဂျီယူ ခေါင်းညိတ်လိုက်၏။ သူမ၏ အသိစိတ်အာရုံသည် ကျယ်ပြောသောနေရာတစ်ခွင်ကို လွှမ်းခြုံသွားသည်။ သူမသည် ဒဏ်ရာရသူများကို ရှာတွေ့သောအခါ အသံပို့လွှတ်လိုက်ပြီး သူတို့ကို ကူသမှုခံယူရန် ဤနေရာသို့လာရန် ပြောလိုက်လေသည်။
“ဟုတ်ကဲ့...”
ထိုသူများသည် တည်ငြိမ်စွာ ခေါင်းညိတ်လိုက်၏။ ယခုတွင် သူတို့ရင်ထဲ၌ လက်စားချေလိုသည့်မီးတောက်များ တောက်လောင်နေသည်။ သူတို့၏နန်းတော်သခင်သည် အနာဂတ်တွင် အင်ပါယာတစ်ပါးဖြစ်လာပြီး သူတို့ကို လက်စားချေနိုင်ရန် ဦးဆောင်ပေလိမ့်မည်။
အားလုံး အလုပ်များနေကြ၏။ ရီအင်ပါယာနန်းတော်၏ နန်းတော်သခင် ရီဖူရှင်းသည်သာ တစ်ကိုယ်တည်း ကျင့်ကြံနေသည်။
ရီဖူရှင်းသည် ရီအင်ပါယာနန်းတော်ထဲတွင် တင်ပျဉ်ခွေထိုင်နေ၏။ သူ့ခန္ဓာကိုယ်ထဲတွင် နတ်အလင်းတန်းများ လှည့်လည်နေပြီး သူ့ပတ်ပတ်လည်တွင် ရစ်သိုင်းထားသည်။ ၎င်းသည် လောက၏ချီဓာတ်နှင့် မကိုက်ညီပေ။ ၎င်းသည် ကွဲပြားသော အရှိန်အဝါတစ်မျိုးကဲ့သို့ပင်။
သူ့ကိုယ်ထဲတွင် မည်သည့် ဓာတ်စွမ်းအားမှ ရှိမနေချေ။ သူ၏သက်စောင့်ဟော်နန်းသည် ဗလာဟင်းလင်းဖြစ်နေပြီး လောကသစ်ပင်သည် ပုံရိပ်ယောင်ဖြစ်လာသည်။ နတ်ဘုရားအုပ်စိုးလက်နက် ပျောက်ကွယ်သွားပြီး သူ့ခန္ဓာကိုယ်၊ အသွေးအသားနှင့် စိတ်ဝိညာဉ်အတွင်းသို့ ပျော်ဝင်သွားသည်။ ၎င်းသည် သူနှင့်တစ်သားတည်း ဖြစ်သွားပေပြီ။
သူ ကျွမ်းကျင်ခဲ့သော ဓာတ်စွမ်းအားများဖြစ်သည့် ဓား၊ ရေ၊ မီး၊ လျှပ်စီး၊ အာကာသ၊ အသက်နှင့် အစရှိသည်တို့အားလုံး ပျောက်ကွယ်သွားပြီဖြစ်သည်။ လမ်းစဉ်ကို ဖျက်ဆီးခြင်းသည် လမ်းစဉ်များ၏ဝိညာဉ်စွမ်းအား,အားလုံးကို ဖျက်ဆီးခြင်းပင်။ ထိုအရာအလုံးစုံ ပျက်စီးသွားပြီး တစ်စုံတစ်ခုမှနေ၍ ဗလာအခြေအနေသို့ ရောက်သွားကာ သူ၏ မူလအကျဆုံးခန္ဓာ ပြန်ဖြစ်လာပေသည်။
ဒဏ္ဍာရီများက ကောင်းကင်လမ်းစဉ်မတိုင်ခင်တွင် လောကကြီးသည် ဗဟာနတ္တိအခြေအနေဖြစ်ခဲ့သည်ဟု ဆိုကြသည်။ လောကကြီးသည် ညစ်နွမ်းသောလောကတစ်ခုဖြစ်ခဲ့ပြီး နောက်ပိုင်းမှ လောကကြီးသည် အသက်ကို မွေးထုတ်ပေးခဲ့သည်။ ထိုအခါမှ လောကကြီး၏ စည်းမျဉ်းများ ပေါ်ပေါက်လာ၏။ ထို့ကြောင့် “လမ်းစဉ်” ပေါ်ထွက်လာခဲ့သည်။ လောက၊ သဘာဝနှင့် လောကစည်းမျဉ်းများ၏ အသုံးဝင်မှုကို လေ့လာခဲ့သော ကျင့်ကြံသူများသည် ပို၍ကြီးမားသောစွမ်းအားကို ပိုင်ဆိုင်ရန် “လမ်းစဉ်” ကို ထိန်းချုပ်ခဲ့ကြသည်။
ထိုဗလာဟင်းလင်းလောကထဲတွင် ပုံရိပ်ယောင်ပစ္စည်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာ၏။ ထိုပုံရိပ်ယောင်ပစ္စည်းသည် တဖြည်းဖြည်း မျက်နှာတစ်ခုဖြစ်လာ၏။ ထို့နောက် ခန္ဓာကိုယ်တစ်ခု၊ လက်များနှင့် ခြေထောက်များ ဖြစ်ပေါ်လာ၏။ ၎င်းသည် လူပုံစံ ဖြစ်လာ၏။ ဤလောကထဲတွင် ပေါ်လာသော လူပုံရိပ်သည် ရီဖူရှင်း၏ပုံရိပ်ဖြစ်သည်။
ထိုပုံရိပ်သည် ရီဖူရှင်း၏အသိစိတ်မှ ဖြစ်ပေါ်လာခြင်း မဟုတ်ပေ။ ဤဗလာဟင်းလင်းလောက၏ အသိစိတ်သည် နောက်ထပ်ရီဖူရှင်းတစ်ယောက်ကို မွေးဖွားပေးလိုက်သလိုပင်။ သူသည် ဟင်းလင်းပြင်ထဲတွင် ရပ်၍ ထိုနေရာမှ အရာအားလုံးကို လေ့လာလိုက်သည်။
သူတွေးတောနေ၏။ ထိုဟင်းလင်းပြင်သည် ရီဖူရှင်း၏စိတ်ဝိညာဉ်တန်းတစ်ခုကို မွေးထုတ်ပေးခဲ့သည်။ ၎င်းသည် ဗလာဟင်းလင်းလောက၏ အသိစိတ်ကို ကိုယ်စားပြုသကဲ့သို့ပင်။
ယခုတွင် ရီဖူရှင်းသည် အလွန် ရင်တုန်နေသည်။ သူသည် ရှေးဟောင်းကောင်းကင်လမ်းစဉ်ကို တွေးတောလိုက်၏။ ကောင်းကင်ကို အုပ်စိုးခဲ့သော ကောင်းကင်လမ်းစဉ်အောက်တွင် တပ်ဖွဲ့ရှစ်ဖွဲ့ရှိခဲ့ပြီး လောက၏စည်းမျဉ်းများကို စီမံခန့်ခွဲခဲ့သည်။ ထို လောကကြီး၏ စည်းမျဉ်းများဟု ခေါ်သောအရာများသည် ကောင်းကင်လမ်းစဉ်ကိုယ်တိုင်ပင် ဖြစ်နိုင်ပေသည်။
ကောင်းကင်လမ်းစဉ်သည် စည်းမျဉ်းဖြစ်သည်။
တပ်ဖွဲ့ရှစ်ဖွဲ့သည် ကောင်းကင်လမ်းစဉ်၏ စည်းမျဉ်းအောက်တွင် ရှိသဖြင့် ကောင်းကင်လမ်းစဉ်၌ ကိုယ်ပိုင်အသိစိတ်ရှိပေသည်။
ထို့ကြောင့် ထူးကဲသည့်ပုဂ္ဂိုလ်များ မွေးဖွားလာပြီးနောက် သဘာဝကို ဆန့်ကျင်၍ လမ်းစဉ်ကို တိုက်ခိုက်ခဲ့သောအခါ ကောင်းကင်လမ်းစဉ် ပြိုပျက်ခဲ့ခြင်းဖြစ်သည်။ သူတို့သည် ကောင်းကင်လမ်းစဉ်ထံတွင် လက်အောက်မခံလိုခဲ့ကြပေ။ ထို့ကြောင့် သူတို့သည် သဘာဝကို ဆန့်ကျင်၍ နတ်ဘုရားများ၏ စစ်ပွဲကို စတင်ခဲ့ခြင်းဖြစ်သည်။ ထို့နောက်တွင် နတ်ဘုရားခေတ် အဆုံးသတ်ခဲ့လေသည်။
ရီဖူရှင်းသည် အတွေးနက်နေ၏။ ရှေးဟောင်းနတ်ဘုရားခေတ်တွင် ကောင်းကင်လမ်းစဉ်အောက်၌ တပ်ဖွဲ့ရှစ်ဖွဲ့ရှိခဲ့သည်။ သို့သော် တပ်ဖွဲ့ရှစ်ဖွဲ့သာ မဖြစ်ခဲ့နိုင်ပေ။ ကောင်းကင်လမ်းစဉ်ဘက်တွင် မဟာအင်ပါယာများစွာ ရှိခဲ့ရမည်။ မဟာအင်ပါယာများစွာသည် ကောင်းကင်လမ်းစဉ်ကြောင့်သာ ထိုအဆင့်သို့ ရောက်ခဲ့ခြင်းဖြစ်မည်။ ကောင်းကင်လမ်းစဉ်ကို တိုက်ခိုက်လိုခဲ့သူများသည် အခြားလမ်းစဉ်ကို လျှောက်လှမ်းခဲ့ခြင်းဖြစ်ပေမည်။
ဥပမာအားဖြင့် အရှင်ရှန့်ကျားသည် သူ့ကိုယ်ပိုင်လမ်းစဉ်ကို ရှာတွေ့ခဲ့သည်။ သူသည် လောကထဲတွင် မည်သည့်လမ်းစဉ်မှ မရှိဟု ယုံကြည့်ခဲ့သည်။ ထို့ကြောင့် သူသည် သူ့ကိုယ်ပိုင် စည်းမျဉ်းဥပဒေကို ဖန်တီးခဲ့၏။ သူ့ခန္ဓာကိုယ်အတွင်း၌ သန်းထောင်ချီသော သင်္ကေတများ ရှိခဲ့ပေသည်။ သင်္ကေတတစ်ခုစီတိုင်းသည် စည်းမျဉ်း သို့မဟုတ် ဥပဒေဖြစ်ခဲ့သည်။ တစ်နည်းဆိုရလျှင် ထိုအရာသည် သူ၏လမ်းစဉ်ဖြစ်သည်။ အကယ်၍ သူ”ကောင်းကင်”ဟူသော စာလုံးကို ရေးထိုးခဲ့လျှင် ၎င်းသည် ကောင်းကင်အဖြစ် ပြောင်းလဲသွားပေမည်။ အကယ်၍ သူ”ဓား”ဟူသော စာလုံးကို ရေထိုးခဲ့လျှင် ၎င်းသည် ဖျက်ဆီး၍မရနိုင်သော ဓားအတတ်လမ်းစဉ်တစ်ခု ဖြစ်လာပေလိမ့်မည်။
ဒီမွန်းအရှင်နှင့် အခြားသူများသည်လည်း ထိုကဲ့သို့သာ ဖြစ်ခဲ့နိုင်သည်။
ထို့ကြောင့်သာ ယခုကဲ့သို့ ထူးဆန်းသည်များ ဖြစ်ပျက်နေခြင်းလော။
သို့ဆိုလျှင် သူသည် ထိုလမ်းစဉ်ပေါ်သို့ ခြေချနိုင်ခဲ့ပြီဆိုသော အဓိပ္ပာယ်ပင်။ သို့သော် ကိစ္စများသည် ထိုမျှ မရိုးရှင်းဟု ရီဖူရှင်း ခံစားနေရသည်။ သူသည် ထိုအဆင့်သို့ တိုက်ဆိုင်မှုကြောင့် ရောက်လာခြင်းဖြစ်သည်။ သူ၏သိမြင်နားလည်မှုကြောင့် မဟုတ်ပေ။ ထို့အပြင် သူ၏ အသက်ဝိညာဉ် လောကသစ်ပင်လည်း ရှိနေ၏။ ယခုတွင် လောကသစ်ပင်သည် ကောင်းကင်လမ်းစဉ်နှင့် ဆက်စပ်နေရမည်ဟု ရီဖူရှင်း ခန့်မှန်းမိ၏။ ထိုခန့်မှန်းချက်သည် အလွန်ရဲတင်းသော ခန့်မှန်းချက်ပင်။
သို့သော် ဤအယူအဆအထိ ရောက်လာရန် ကိစ္စများစွာ ဖြစ်ပျက်ခဲ့ပေသည်။
သို့ဆိုလျှင် သူ၏ကိုယ်တွင်း၌ အခြားလောကတစ်ခု ဆင့်ကဲ့ဖြစ်ပေါ်လာပြီး အခြားကောင်းကင်လမ်းစဉ်တစ်ခုကို ဖန်တီးမည်လော။
ထိုအခါ သူ၏လောကထဲတွင် မည်သို့သော နတ်စွမ်းအားမျိုး ထွက်ပေါ်လာမည်နည်း။
ရီဖူရှင်း တွေးတောနေစဉ်တွင် မွေးဖွားလာသော အသိစိတ်သည်လည်း တွေးတောနေသကဲ့သို့ပင်။
အရှင်ဒွန်ဟောင် ကျွမ်းကျင်သော နတ်စွမ်းအားသည် ထုတ်ဖော်ခြင်းဖြစ်သည်။ လူသားဘိုးဘေးသည် လူသားလမ်းစဉ်ကို ကိုယ်စားပြုသော လူသားမျိုးနွယ်၏စွမ်းအားကို လေ့လာခဲ့သည်။ ထို့အပြင် ဗုဒ္ဓကုန်းမြေနတ်စွမ်းအား၊ အနန္တနတ်စွမ်းအား အစရှိသဖြင့် ရှိပေသည်။ သူ၏နတ်စွမ်းအားကရော အဘယ်နည်း။
သူသည် အခြားသူများနှင့် ကွဲပြားသော လမ်းစဉ်တစ်ခုပေါ်သို့ ခြေချခဲ့မိသည်ဟု ရီဖူရှင်း ခံစားနေရ၏။
“နတ်စွမ်းအား...”
ရီဖူရှင်း တီးတိုးရေရွတ်လိုက်သည်။
လောကအတွင်းရှိ အရာအားလုံးသည် အနတ္တတရားမှ ဖြစ်ပေါ်လာပြီး အနတ္တတရားသို့ပင် ပြန်သွားရပေမည်။ ယခုတွင် အရာအားလုံး ဖျက်ဆီးခံလိုက်ရပြီဖြစ်သည်။ ရှေးဟောင်းသစ်ပင်၏အရှိန်အဝါသာ ကျန်ခဲ့ပေသည်။ နတ်စွမ်းအား အမျိုးအစားတစ်မျိုးသာ အသက်သစ်ပင်၏ဝိညာဉ်လိပ်ပြာနှင့် ကိုက်ညီလေသည်။
၎င်းသည် ဖန်တီးခြင်းဖြစ်သည်။
အကယ်၍ သူ့ကိုယ်တွင်းရှိ လောကသည် ကောင်းကင်လမ်းစဉ်အသေးကို ကိုယ်စားပြုလျှင် သူသည် မကြာခင်တွင် သူ၏ကိုယ်ပိုင် စည်းမျဉ်းကို ဖန်တီးနိုင်ပေလိမ့်မည်။
ဝုန်း...
ထိုအတွေး ပေါ်လာသောအခါ သူ့ကိုယ်တွင်းရှိ လောကမှနေ၍ ကျယ်လောင်သော ပေါက်ကွဲသံတစ်သံ ထွက်ပေါ်လာလေသည်။ ထိုဗဟာဟင်းလင်းလောကသည် ပြင်းထန်စွာ တုန်ခါသွားပြီး ပုံရိပ်ယောင်ရီဖူရှင်းသည် သူ၏လက်ကို ဝှေ့ယမ်းလိုက်ကာ ဗဟာဟင်းလင်းပြင်ကို ခုတ်ဖြတ်လိုက်သည်။ ဗဟာဟင်းလင်းလောကသည် နှစ်ပိုင်းပြတ်သွား၏။ အထက်ပိုင်းသည် ကောင်းကင်ဖြစ်ပြီး အောက်ပိုင်းသည် ကုန်းမြေဖြစ်သည်။
လောကမှနေ၍ အသက်စွမ်းအင်တန်းများ မွေးဖွားလာသည်။ တစ်ခုမှာ ယင်ဖြစ်ပြီး၊ တစ်ခုမှာ ယန်ဖြစ်သည်။ ၎င်းတို့သည် လောကထဲတွင် ကြီးထွားလာ၏။
၎င်းတို့သည် ရီဖူရှင်းစိတ်၏ ထိန်းချုပ်မှုကို ခံနေရခြင်း မဟုတ်ဘဲ သဘာဝအတိုင်း ဆင့်ကဲပြောင်းလဲလာသည်။ ဤလောကမှနေ၍ သဘာဝစည်းမျဉ်း မွေးဖွားလာသကဲ့သို့ပင်။
“ဗလာဟင်းလင်းကနေပြီး တစ်စုံတစ်ခုဖြစ်လာတယ်”
ရီဖူရှင်းသည် ထိုပြောင်းလဲမှုအားလုံးကို တိတ်တဆိတ် လေ့လာကြည့်ရှုနေ၏။ အပြင်လောကထဲတွင် သူ၏ခန္ဓာကိုယ်သည် နတ်အလင်းရောင်ခြည်များ တောက်ပလာပြီး သူသည် အခြားသူများနှင့် ကွဲထွက်လာပေသည်။
ထိုအခိုက်တွင် ရီဖူရှင်းသည် သူ့အတွက် ကျင့်ကြံခြင်းလမ်းစဉ်ကို ရှာတွေ့ခဲ့ပုံပင်။
ထိုလမ်းစဉ်သည် မဟာအင်ပါယာအဆင့်သို့ တန်းတန်းမတ်မတ် ဦးတည်သည်ဟုလည်း သူ ခပ်ရေးရေး ခံစားနေရသည်။ သူ ယခင်က အင်ပါယာတစ်ပါး တိုက်ရိုက်ဖြစ်မလာခြင်းမှာ ဤလောက မပြီးဆုံးသေး၍ဖြစ်လေသည်။
***