မျက်လုံးတစ်စုံ
Vol. 196 Ch. 2795
သူ မသိလိုက်ခင်မှာပင် အချိန်ကုန်ဆုံးသွားခဲ့သည်။ ရီအင်ပါယာနန်းတော်ကို ပြန်လည်ပြင်ဆင်ပြီးခဲ့ပြီဖြစ်ပြီး အပြင်ဘက်မှ ဒဏ်ရာရနေသူများကိုလည်း ကုသပေးခဲ့ပြီဖြစ်သည်။
သို့ပင်လျှင် ရီအင်ပါယာနန်းတော်သည် အနည်းငယ် လေးလေးလံလံ ဖြစ်နေသေးသလိုပင်။ တိုက်ပွဲ၏ ရိုက်ခတ်မှုသည် ယခုအထိ မပျက်ပြယ်သေးပေ။ မဟာအင်ပါယာငါးပါး ရောက်ရှိလာပြီး သတ်ဖြတ်ခဲ့သည်။ သူတို့သည် ခုပင်မခုခံနိုင်ခဲ့ကြချေ။ ထိုစဉ်က လူတိုင်း၏ မျက်ဝန်းများထဲတွင် စိတ်အားငယ်မှုနှင့်သာ ပြည့်နှက်နေခဲ့သည်။ သူတို့သည် အချိန်တိုအတွင်း ပြန်ကောင်းလာနိုင်မည် မဟုတ်ပေ။
အချိန်ကုန်ဆုံးလာသည်နှင့်အမျှ ရီအင်ပါယာနန်းတော်မှ ကျင့်ကြံသူများသည်လည်း အဆက်မပြတ် တိုးတက်လာခဲ့သည်။ သူတို့သည် သူတို့ကိုယ်သူတို့ တိုးတက်အောင်လုပ်ရန် ပို၍ပင် အားထုတ်ကျင့်ကြံခဲ့ကြသည်။ လူများစွာသည် သူတို့အဆင့်များ၏ အဟန့်အတားများကို ကျော်ဖြတ်နိုင်ခဲ့ကြ၏။
ရီဖူရှင်းသည် သီးခြား ကျင့်ကြံနေဆဲဖြစ်သည်။ မည်သူမှ သူ့ကို မနှောင့်ယှက်ခဲ့ပေ။ ယူချင်းနှင့် ရီချင်းယောင်တို့သည် သူ့ကို အချိန်ကြာမြင့်စွာ စောင့်ကြပ်ပေးခဲ့သော်လည်း သူ၏ကျင့်ကြံခြင်းကို မနှောင့်ယှက်ခဲ့ချေ။ ထိုနေ့က ရီဖူရှင်းသည် အဟန့်အတားများကို ဖြတ်ကျော်ကာ မဟာအင်ပါယာဟောင်းတစ်ပါး၏ တိုက်ခိုက်မှုကို ကာရံခဲ့သည်။ ထိုအဖြစ်ကို အားလုံးမြင်ခဲ့ကြရ၏။ ထိုအခြင်းအရာသည် ရီဖူရှင်းတစ်ယောက် အဆင့်သစ်သို့ တက်နိုင်သွားသည်ဆိုသော အဓိပ္ပာယ်ပင်။ ထို့ကြောင့် ယခုတွင် သူ၏ကျင့်ကြံခြင်းကို မည်သူမှ နှောင့်ယှက်မည် မဟုတ်ပေ။
ကျင့်ကြံခြင်းနန်းတော်ထဲတွင် ရီဖူရှင်း၏ခန္ဓာကိုယ်ကို နတ်အလင်းဖြတ်သန်းစီးဆင်းနေသည်။ ထိုနတ်အလင်းသည် အပြင်လောကမှ စွမ်းအားနှင့် ကွဲပြား၏။ ၎င်းသည် သူနှင့်သာ သက်ဆိုင်ပေသည်။
သူ့ခန္ဓာကိုယ်အတွင်းရှိ ဗလာဟင်းလင်းလောကအတွင်း၌ ယင်ဓာတ်နှင့် ယန်ဓာတ် ထွက်ပေါ်လာခဲ့သည်။ နေနှင့်လသည်လည်း စတင် လည်ပတ်လာခဲ့သည်။ ညအချိန်တွင် ယင်ဓာတ်သည် အားအကောင်းဆုံးဖြစ်ပြီး ကြယ်စုံသောကောင်းကင်ပင် ထွက်ပေါ်လာ၏။
ထို့အပြင် ထိုလောကအတွင်း၌ ဓာတ်ငါးပါးလည်း ဖြစ်တည်လာသည်။
ထိုလောက၏ တိုးတက်မှုသည် ရီဖူရှင်း၏ဝိညာဉ်စွမ်းအားအောက်တွင် ဖြစ်နေခြင်းမဟုတ်ပေ။ ၎င်းထံတွင် ၎င်း၏ကိုယ်ပိုင်စည်းမျဉ်းရှိသကဲ့သို့ပင်။ သို့သော် ထိုလောကအတွင်း၌ အရာအားလုံး ဖြစ်ပေါ်လာမှုသည် ရီဖူရှင်း၏ဝိညာဉ်စွမ်းအားနှင့် ဆက်စပ်နေသည်။ ထိုလောက၏ အဓိကအခြေခံသည် ဖန်တီးခြင်းဖြစ်သည်။
ဓာတ်ငါးပါးဖြစ်တည်လာပြီးနောက် ထိုလောကထဲတွင် တောင်တန်းများ မြစ်များ ရှိလာပြီဖြစ်သည်။ သစ်ပင်ပန်းမန်များလည်း ဖြစ်တည်လာပြီး လေသည် လောကကို ဖြတ်၍ တိုက်ခတ်လာသည်။ ဓာတ်တစ်ပါးစီတိုင်းကို ဖန်တီးပြီးနောက်တွင် ရီဖူရှင်း၏အရှိန်အဝါသည်လည်း အနည်းငယ် ပြောင်းလဲလာမည်ဖြစ်သည်။ ထိုနေရာတွင် ကံကြမ္မာအရ ဖြစ်ပေါ်လာသော စွမ်းအားတိုင်း လောကစည်းမျဉ်းဖြစ်သည်။ ထိုလောက၏စည်းမျဉ်းသည် သူ၏ကိုယ်ပိုင်စွမ်းအား ဖြစ်သည်။ ၎င်းသည် သူ့ကိုယ်ပိုင်နတ်စွမ်းအား၏ စည်းမျဉ်းပင်။ ၎င်းသည် စာလုံးတစ်လုံးဖြင့် ကောင်းကင် သို့မဟုတ် ဓားကို ဖန်တီးနိုင်သော အရှင်ရှန့်ကျား၏ နတ်စွမ်းအားကဲ့သို့ပင်ဖြစ်သည်။
ရီဖူရှင်းသည် လမ်းစဉ်ကို ဖျက်ဆီးခဲ့ကာ တစ်စုံတစ်ရာမှနေ၍ ဗလာဟင်းလင်းအဖြစ်သို့ သွားခဲ့သည်။ ယခုတွင် သူသည် ဗဟာဟင်းလင်းအဖြစ်မှ တစ်စုံတစ်ရာဆီသို့ ပြန်သွားနိုင်ရန် ပြောင်းပြန်ကျင့်ကြံနေသည်။ သူသည် မဟာလမ်းစဉ်၏ ဓာတ်စွမ်းအားများတွင် ကျွမ်းကျင်ခဲ့သည်။ ယခုတွင် သူသည် ဓာတ်များကို သူ့လောကအသစ်ထဲတွင် ဖန်တီးနေသဖြင့် ဓာတ်များ ဖြစ်ပေါ်လာနေသည်။
လက်ဖြောက်တစ်ချက်အတွင်းမှာပင် တစ်နှစ်ကုန်ဆုံးသွား၏။ ထိုနှစ်အတွင်း၌ ရီဖူရှင်း၏ခန္ဓာကိုယ်အတွင်းရှိ လောကသည် ပုံပေါ်လာခဲ့သည်။ ယင်နှင့်ယန် ပေါင်းစည်းခဲ့၏။ နေနှင့်လ လှည့်လည်လာ၏။ ရှင်ခြင်းနှင့်သေခြင်းလည်း ထွက်ပေါ်လာခဲ့သည်။
လက်ရှိသက်စောင့်ဟော်နန်းလောကသည် လောကတစ်ခု၏ ယေဘုယျပုံစံရှိသော်လည်း ၎င်းသည် ကြီးထွားနေဆဲဖြစ်ပြီး ၎င်းဘာသာ ပြီးပြည့်စုံအောင် လုပ်နေဆဲဖြစ်သည်။
ဤနေ့တွင် လောကအတွင်းရှိ နေရာတစ်နေရာတွင် ဓားအတတ်ဝိညာဉ်စွမ်းအား ဖြစ်ပေါ်လာ၏။ ၎င်းသည် လောကစည်းမျဉ်း၏ တစ်စိတ်တစ်ပိုင်းအဖြစ်သို့ ပြောင်းလဲသွား၏။
ထို့ကြောင့် ရီဖူရှင်းသည် သူ၏သီးခြားကျင့်ကြံခြင်းကို ရပ်တန့်လိုက်၏။ သူသည် လောကဆက်လက်တိုးတက်လာမည်ကို မစောင့်တော့ဘဲ ထွက်လာခဲ့သည်။
ယခုတွင် သူတစ်စုံတစ်ရာကို ပြီးပြည့်စုံအောင် လုပ်နိုင်ပြီဟု သူခပ်ရေးရေး ခံစားနေရသည်။
သူ ဆက်၍ စောင့်မနေလိုတော့ပေ။
ရီအင်ပါယာနန်းတော်အထက်တွင် ရီဖူရှင်း ထွက်ပေါ်လာသောအခါ ဟွာဂျီယူ ရောက်ရှိလာလေသည်။ ရီဖူရှင်းသည် ယခင်ကနှင့် ကွဲပြားနေပြီဖြစ်ကြောင်း သူမ ခံစားနိုင်ပေသည်။ သို့သော် သူမည်ကဲ့သို့ ကွဲပြားနေသည်ကိုမူ သူမ ထောက်မပြနိုင်ပေ။
အနီးတွင်လည်း အနောက်အင်ပါယာ ထွက်ပေါ်လာ၏။ သူသည် ရီဖူရှင်းကို ကြည့်သည်။ ယခုတွင် သူသည်ပင် ရီဖူရှင်းထံမှ အန္တရာယ်အငွေ့အသက်ကို အနည်းငယ် ခံစားနေရပေသည်။ ရီဖူရှင်းသည် မည်သည့်အရှိန်အဝါကိုမှ ထုတ်လွှတ်မထားသော်လည်း သူ၏သဘာဝအာရုံက သူ့ကို အန္တရာယ်အငွေ့အသက် ခံစားနေရစေသည်။
“ဂျီယူ... ငါ အပြင်သွားလိုက်ဦးမယ်”
ရီဖူရှင်းက ဟွာဂျီယူကို ပြောလိုက်၏။
“အင်း...”
ဟွာဂျီယူ ခေါင်းညိတ်လိုက်၏။ သူမသည် ရီဖူရှင်းကို တားမည် မဟုတ်ပေ။
“စီနီယာ... ကျေးဇူးပြုပြီးတော့ ရီအင်ပါယာနန်းတော်ကို ကူညီစောင့်ရှောက်ပေးထားပါ”
ရီဖူရှင်းသည် အနောက်အင်ပါယာကို ပြောလိုက်၏။ သူသည် ထိုမျက်နှာကို မြင်သောအခါ ရှီးချီယောင်ကို တွေးမိ၏။ သို့သော် သူမ၏ဟန်ပန်အမူအရာသည် များစွာပြောင်းလဲသွားပြီဖြစ်သည်။
“ကိစ္စမရှိပါဘူး...”
အနောက်အင်ပါယာက ခေါင်းညိတ်လက်ခံလိုက်သည်။
ရီဖူရှင်းက အနည်းငယ် ဦးညွှတ်လိုက်၏။ ထို့နောက် သူသည် ရှေ့သို့ ပျံသန်းသွားသည်။ မျက်တောင်တစ်ခတ်အတွင်း သူပျောက်ကွယ်သွားပြီး ရီအင်ပါယာနန်းတော်အပြင်သို့ ထွက်ခွာသွားသည်။
အနောက်အင်ပါယာသည် ရီဖူရှင်း၏ကျောပြင်ကို ကြည့်လိုက်၏။ သူ၏မျက်လုံးများထဲတွင် ထူးဆန်းသောအကြည့်တစ်ခု ပေါ်လာလေသည်။ ရီဖူရှင်း ဘာလုပ်တော့မည်ကို သူတွေးမိခဲ့သည်။
ရီဖူရှင်းသည် ကြာရှည်စွာ သီးခြား ကျင့်ကြံခဲ့သည် မဟုတ်ပေ။ တစ်နှစ်ဆိုသော အချိန်ကာလသည် အလွန်တိုတောင်းသည်ဟု ဆိုနိုင်သည်။ သူသည် သူ့ကိုယ်သူ ဆက်၍ တိုးတက်အောင် လုပ်နေနိုင်၏။ သို့သော် ရီဖူရှင်း၏ လက်ရှိကျင့်ကြံခြင်းအဆင့်နှင့်ဆိုလျှင် သူသည် တစ်စုံတစ်ခုကိုလုပ်ရန် မစောင့်နိုင်တော့သည့်ပုံပင်။
ယခုတွင် ရီဖူရှင်း လုပ်လိုသောအရာသည် တစ်ခုသာ ရှိပေသည်။ လက်စားချေခြင်းပင်။
ယခုတွင် နတ်ဘုရားကုန်းမြေသည် ဘုံအားလုံးနှင့် ဆက်စပ်နေပြီဖြစ်သည်။ ကောင်းကင်ဒေသနှင့် ဆက်သွယ်ထားသော လမ်းကြောင်းများစွာ ရှိပေသည်။ လောကကြီး ကြီးမားစွာ ပြောင်းလဲခဲ့ပြီးနောက်တွင် အာကာပြင်သည်လည်း ပြောင်းလဲခဲ့ပုံပင်။ သူသည် အဖိုးတန်ပစ္စည်းကို ဆက်မသုံးနိုင်တော့ပေ။ သို့သော် ရီဖူရှင်းသည် ထိုလမ်းကြောင်းများကို သုံး၍ ကောင်းကင်ဒေသသို့ အလွယ်တကူ သွားနိုင်ပေသည်။
ကောင်းကင်ဒေသမှ ဗုဒ္ဓကုန်းမြေသည် ကြီးမားသော နယ်မြေတစ်ခုဖြစ်သည်။
လက်ရှိဗုဒ္ဓကုန်းမြေသည် ကောင်းကင်ဒေသ၏ အင်အားအကြီးဆုံးနေရာများထဲမှ တစ်ခုဖြစ်၏။ ဗုဒ္ဓကုန်းမြေ၏ ရှေးဟောင်းအင်ပါယာ ပြန်အသက်ရှင်လာခဲ့သည်။
ဗုဒ္ဓကုန်းမြေမှ ကျင့်ကြံသူများသည် ထိုအချက်ကို ဂုဏ်ယူကြ၏။
ထိုအချိန်တွင် ဗုဒ္ဓကုန်းမြေအတွင်း၌ ကျင့်ကြံသူများသည် ဟိုဒီသွားလာနေကြသည်။ သူတို့သည် ဗုဒ္ဓကုန်းမြေမဟာအင်ပါယာ နောက်သို့ လိုက်ကြသဖြင့် အနာဂတ်အတွက် ယုံကြည်မှု ရှိနေကြသည်။ တစ်နေ့တွင် မဟာအင်ပါယာသည် စွမ်းအားအပြည့်အဝ ပြန်ရရှိလာမည်ဖြစ်သည်။
သို့သော် ထိုစဉ်၌ ဗုဒ္ဓကုန်းမြေထဲတွင် လမ်းလျှောက်နေကြသော ကျင့်ကြံသူတစ်စုသည် ကောင်းကင်သို့ မော့ကြည့်လိုက်ကြသည်။ မြင့်မားသော ကောင်းကင်ထက်တွင် လူတစ်ယောက် ထွက်ပေါ်လာသည်ကို သူတို့ မြင်လိုက်ရ၏။ ထိုလူသည် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ငွေဖြူရောင်ဆံပင်နှင့်ဖြစ်သည်။ သူသည် အလွန်ချောမောခံ့ညားကာ ဖော်ပြ၍မရနိုင်သော ဟန်ပန်အရှိန်အဝါ ရှိပေသည်။ သူသည် မြင့်မားသော ကောင်းကင်ထက်တွင် ရပ်နေပြီး အားလုံး၏ အကြည့်များကို ရုတ်ခြည်းအတွင်း ဆွဲဆောင်လိုက်သည်။ သူသည် ဤလောကနှင့် မသက်ဆိုင်သကဲ့သို့ပင်။ သူသည် အမှီအခိုကင်းသူတစ်ယောက်ဟု ထင်ရ၏။ ထိုကဲ့သို့သော် ဟန်ပန်အရှိန်အဝါမျိုးသည် သူတို့ကို အလွန်အံ့အားသင့်နေစေလေသည်။ သူတို့သည် ထိုအရှိန်အဝါကို သူတို့၏ ရှေးဟောင်းအင်ပါယာထံမှ ခံစားခဲ့ရဖူးသည်။
“အဲဒါ ဘယ်သူလဲ”
အချို့လူများသည် ယခင်က ရီဖူရှင်းကို တစ်ခါမှ မမြင်ခဲ့ဖူးပေ။
“အဲဒါ ရီဖူရှင်းပဲ”
အံ့အားသင့်သံတစ်သံက ပြောလိုက်၏။ ရုတ်ခြည်းပင် လူများစွာ၏ မျက်နှာထားများ ပြောင်းလဲသွားကြသည်။
ရီဖူရှင်းသည် သတ်ဖြတ်လိုသောအငွေ့အသက်ဖြင့် ဗုဒ္ဓကုန်းမြေသို့ ရောက်လာခဲ့သည်။
ရုတ်ခြည်းအတွင်းမှာပင် စွမ်းအားကြီးအရှိန်အဝါတန်းများ ပေါက်ကွဲထွက်ပေါ်လာ၏။ သူတို့၏ခန္ဓာကိုယ်များမှနေ၍ ဗုဒ္ဓနတ်စွမ်းအား ထွက်ပေါ်လာ၏။ သို့သော် သူတို့ သူတို့၏ မဟာလမ်းစဉ်အရှိန်အဝါများကို ထုတ်လွှတ်လိုက်သောအခါ ရီဖူရှင်းသည် သူတို့ကို ငုံ့ကြည့်သည်။
ထို့နောက်တွင် သူတို့သည် သူတို့စတင်ကျင့်ကြံခဲ့ချိန်ကတည်းက မြင်ကွင်းများထဲတွင် အံ့အားသင့်ဖွယ်အကောင်းဆုံး မြင်ကွင်းကို မြင်လိုက်ရလေသည်။
ရီဖူရှင်း၏မျက်လုံးများသည် လူသားတစ်ဦး၏ မျက်လုံးများနှင့် မတူတော့ချေ။ သူတို့သည် သူ၏ဘယ်ဘက်မျက်လုံးထဲတွင် နေကို မြင်လိုက်ရပြီး သူ၏ညာဘက်မျက်လုံးထဲတွင် လကို မြင်လိုက်ရ၏။
လအလင်းဖြာကျလာ၏။ ရုတ်ခြည်းပင် သူတို့၏ခန္ဓာကိုယ်များသည် ရေခဲ၏ ချိပ်ပိတ်မှုကို ခံလိုက်ရ၏။ သူတို့၏ အသိစိတ်အားလုံး ရှင်းပစ်မခံခဲ့ရသဖြင့် သူတို့သည် လှုပ်ရှားရန် ကြိုးစားလိုက်ကြသည်။ သို့သော် သူတို့သည် ချိပ်ပိတ်ခံလိုက်ရပြီဖြစ်ကြောင်း သူတို့ သိလိုက်သည်။ လွန်စွာအေးသော အအေးဓာတ်သည် ယင်ဓာတ်နတ်စွမ်းအားဖြစ်သည်။
“မဟုတ်ဘူး...”
သူတို့ ရင်တုန်သွား၏။ ထို့နောက်တွင် ရီဖူရှင်း၏အခြားမျက်လုံးမှနေ၍ နေမင်းနတ်မီးတောက် ထွက်ပေါ်လာကာ ရေခဲရုပ်တုများထံ ပစ်လွှတ်လိုက်သည်။
ထို့နောက်ရုတ်ခြည်းပင် ရေခဲရုပ်တုအားလုံးသည် ခြေရာလက်ရာတစ်ခုပင် မကျန်ခဲ့ဘဲ လောကအတွင်းမှ ပျောက်ကွယ်သွားသည်။ ထိုကျင့်ကြံသူများသည် လောကအတွင်း၌ ယခင်က မရှိခဲ့ဖူးသလိုပင်။
အဝေးရှိ လူများသည် အလွန်ရင်တုန်သွားကြသည်။ ထိုစွမ်းအားသည် လူသားကျင့်ကြံသူတစ်ဦး၏ စွမ်းအားပင် ဟုတ်ပါသေးသလော။
ထိုအခိုက်တွင် သူတို့၏စိတ်ထဲတွင် အတွေးတစ်ခု ထွက်ပေါ်လာ၏။
နတ်စွမ်းအား...
ရီဖူရှင်းသည် သူ၏ကိုယ်ပိုင်နတ်စွမ်းအားကို ဖန်တီးခဲ့ပေပြီ။
***