ကောင်းကင်နတ်ဘုရားများ၏တိုက်ပွဲ
Vol. 196 Ch. 2797
ဗုဒ္ဓကုန်းမြေမဟာအင်ပါယာသည် ဗုဒ္ဓကုန်းမြေမှ ကျင့်ကြံသူများ၏အသက်ကို သိပ်ဂရုမစိုက်ပေ။ သူသည် ရှေးခေတ်မှ မဟာအင်ပါယာတစ်ပါးဖြစ်ပြီး သူ၏လက်ရှိမျိုးဆက်များအတွက် မည်သည့်ခံစားချက်မှ မရှိတော့သည်မှာ ကြာခဲ့ပြီဖြစ်သည်။ ထို့အပြင် မဟာအင်ပါယာအဆင့်အောက်မှ အရာအားလုံးနှင့် လူအားလုံးသည် ပုရွက်ဆိတ်များသာဖြစ်သည်။ သူ့အတွက် ဗုဒ္ဓကုန်းမြေမှ ကျင့်ကြံသူများသည် သူနှင့်ပိုရင်းနှီးသော ပုရွက်ဆိတ်များသာ။
သူသည် နောက်ဆုံးတိုက်ပွဲပြီးနောက်တွင် သီးခြားကျင့်ကြံနေခဲ့သည်။ ရီဖူရှင်း၏ကပ်ဘေးသည် သူ့ကို ဖိအားများစွာ ပေးခဲ့၏။ သူ့ကို အံ့အားသင့်စေသည်မှာ ရီဖူရှင်းသည် အချိန်တိုအတွင်း ထွက်လာခဲ့ပြီး လက်စားချေရန် စိတ်မရှည်ဖြစ်နေခြင်းပင်။
သူ၏အမြင်တွင် ထိုလုပ်ရပ်သည် သေချာပေါက် ဉာဏ်နည်းသောလုပ်ရပ်ဖြစ်သည်။ ပုရွက်ဆိတ်အချို့အတွက် မိမိ၏ကျင့်ကြံခြင်းကို နှောင့်နှေးခံ၍ လက်စားချေခြင်းသည် အလွန်ရူးမိုက်သည့် လုပ်ရပ်ပင်။
ထို့အပြင် ယခုတွင် ရီဖူရှင်း၏ကျင့်ကြံခြင်းသည် အဆင့်တစ်ခု ရှိလာပြီဖြစ်သည်။ သူသည် မဟာအင်ပါယာလမ်းစဉ်ပေါ်သို့ရောက်ရန် ခြေတစ်လှမ်းသာ လိုတော့ပေသည်။ ထိုသို့သောအချိန်တွင် သူ ဤကဲ့သို့သော လုပ်ရပ်မျိုးကို လုပ်ခြင်းသည် အလွန်ရူးမိုက်၍သာ ဖြစ်ရပေမည်။
အကယ်၍ သူသာ ရီဖူရှင်းဆိုလျှင် အချိန်အတော်ကြာသည်အထိ သီးခြားကျင့်ကြံနေရန်သာ ရွေးချယ်ခဲ့မည်ဖြစ်သည်။
“ဟိုးအရင်ခေတ်တုန်းက ကောင်းကင်လမ်းစဉ်က လောကကြီးကို ထိန်းချုပ်ခဲ့တယ်”
ဗုဒ္ဓကုန်းမြေမဟာအင်ပါယာက ပြောလိုက်၏။
“တချို့က ကောင်းကင်လမ်းစဉ်နောက်ကို လိုက်ခဲ့ကြတယ်... တချို့က ကောင်းကင်လမ်းစဉ်ကို ဆန့်ကျင်ပြီး ဖျက်ဆီးပစ်ခဲ့ကြတယ်။ သူတို့က ခမ်းနားကြီးကျယ်တဲ့ နတ်ဘုရားခေတ်တစ်ခုကို အတူတကွ ဖော်ဆောင်ခဲ့ကြတယ်။ ကံဆိုးတာက လမ်းစဉ်ကို ဖျက်ဆီးခဲ့တဲ့သူတွေက ကောင်းကင်ကို ပြောင်းလဲချင်ခဲ့တယ်။ ကောင်းကင်လမ်းစဉ်နောက်ကို လိုက်ခဲ့တဲ့သူတွေကလည်း ပြန်တုံ့ပြန်ခဲ့ကြတယ်။ လက်ရှိမှာ လောကကြီးက အများကြီး ပြောင်းလဲလာနေပြီ... နောက်ဆုံးတော့ မဟာအင်ပါယာခေတ်ကို ရောက်ရှိလာပြီပေါ့”
“ဒီ ခေတ်သစ်မှာ နတ်ဘုရားတွေ ပြန်ရှင်သန်လာပြီး အင်ပါယာအသစ်တွေ ထွက်ပေါ်လာလိမ့်မယ်။ ကျင့်ကြံခြင်းလောက,က ရွှေရောင်ခေတ်သစ်တစ်ခေတ်ကို ကြိုဆိုပြီး ရှေးခေတ်ကလို ပြန်ပြီး စည်ပင်ဝပြောလာတော့မယ်။ မင်းက အခု ဒီအဆင့်ကိုတောင် ရောက်နေပြီဆိုတော့ အားလုံးရဲ့ အထက်မှာ ရပ်တည်နိုင်ပြီး အနာဂတ်ရဲ့ ကြယ်ပွင့်တွေထဲက ကြယ်တစ်ပွင့်ဖြစ်လာလိမ့်မယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ။ မင်းက ဒီအဆင့်မှာ ရှိနေပြီဆိုတော့ အခု မင်းရပ်တန့်မယ်ဆိုရင်ရော ဘယ်လိုလဲ”
ဗုဒ္ဓကုန်းမြေမဟာအင်ပါယာက ငြိမ်းချမ်းရေးယူလိုနေ၏။
သူ့အောက်ရှိ ဗုဒ္ဓကုန်းမြေမှ မရေမတွက်နိုင်အောင် များပြားသော ကျင့်ကြံသူများသည် သူတို့၏ မဟာအင်ပါယာကို ကြည့်လိုက်ကြ၏။ သူတို့၏ရင်ထဲတွင် ဖော်ပြ၍မရနိုင်သော ခံစားချက်တစ်ခုကို ခံစားနေလေသည်။ ဗုဒ္ဓကုန်းမြေမဟာအင်ပါယာသည် မဟာအင်ပါယာတစ်ပါးကဲ့သို့ ပြုမူ၍ ဗုဒ္ဓကုန်းမြေမှ ကျင့်ကြံသူများအတွက် လက်စားချေပေးရန် ရီဖူရှင်းကို မသတ်သင့်သလော။
ဗုဒ္ဓကုန်းမြေမဟာအင်ပါယာသည် ယုံကြည်မှုမရှိဖြစ်နေသည်ကို သူတို့ပင် မြင်နိုင်လေသည်။
ထို့ကြောင့်သာ သူသည် ငြိမ်းချမ်းရေးယူရန် ပြောနေခြင်းပင်။
မဟာအင်ပါယာ၏ အကျင့်စရိုက်နှင့်ဆိုလျှင် သူသာ ရီဖူရှင်းကို သတ်နိုင်လိမ့်မည်ဟု ယုံကြည်မှုရှိနေပါက ဤကဲ့သို့သောအချိန်တွင် ငြိမ်းချမ်းရေးယူရန် ပြောနေမည် မဟုတ်ချေ။ ရီဖူရှင်းသည် သတ်ဖြတ်၍ ဤနေရာသို့ ရောက်လာခဲ့သည်။
“ကြီးကျယ်မြင့်မြတ်တဲ့ အင်ပါယာလား...”
ရီဖူရှင်းသည် ခပ်လှောင်လှောင် ပြောလိုက်၏။ သူ့အသံသည် ပဲ့တင်ထပ်သွားသည်။ ဗုဒ္ဓကုန်းမြေမှ ကျင့်ကြံသူများပင် အမှန်ကို မြင်နိုင်သည်ဖြစ်ရာ သူသည်လည်း ဗုဒ္ဓကုန်းမြေမဟာအင်ပါယာက သူ့ကိုရှိန်နေကြောင်း မြင်နိုင်ပေသည်။
“ခင်ဗျားရဲ့ အပြုအမူက အရင်တုန်းကတော့ ဒီလို မဟုတ်ပါလား”
သူ၏အသံသည် အာကာပြင်ထဲတွင် ပြည့်နှက်သွားပြီး ပဲ့တင်ထပ်နေ၏။ တစ်ချိန်တည်းမှာပင် ကြောက်မက်ဖွယ်ကောင်းသော နတ်အလင်းသည် သူ့ခန္ဓာကိုယ်ကို ဖြတ်သန်းစီးဆင်းသွားပြီး မဟာလမ်းစဉ် ဖြစ်ပေါ်လာလေသည်။ သူ့မျက်လုံးများအတွင်းမှနေ၍ နေနှင့်လတို့၏ နတ်အလင်းများ တိုက်ရိုက်ပျံထွက်သွားပြီး ဗုဒ္ဓကုန်းမြေမဟာအင်ပါယာထံ ဦးတည်သွားသည်။
သူတို့အကြားတွင် ငြိမ်းချမ်းရေးယူရန် ဖြစ်နိုင်ချေ ရှိပါသေးသလော။
ဗုဒ္ဓကုန်းမြေမဟာအင်ပါယာ၏ ခန္ဓာကိုယ်ပတ်ပတ်လည်တွင် ဗုဒ္ဓနတ်စွမ်းအားမှ ဖြစ်ပေါ်လာသော အလင်းလွှာတစ်ခုက ကာရံသွားသည်။ အလင်းလွှာတစ်လျှောက်တွင် သင်္ကေတများမှ တလက်လက်တောက်ပနေသော အလင်း စီးဆင်းနေပြီး နတ်စွမ်းအား လှည့်ပတ်နေလေသည်။ ၎င်းသည် ဖျက်ဆီး၍ မရနိုင်ပေ။
သူသည် အမှန်ပင် ရီဖူရှင်းကို အနည်းငယ်ရှိန်ခဲ့သည်။ ရီဖူရှင်းသည် သူ၏လမ်းစဉ်ကို အောင်အောင်မြင်မြင် ဖျက်ဆီးနိုင်ခဲ့သည်။
ဤခေတ်တွင် မဟာအင်ပါယာအနည်းငယ်သာ မဟာလမ်းစဉ်နောက်သို့ လိုက်မည့်အစား ဆန့်ကျင်ခဲ့ပေသည်။ ထိုသို့လုပ်လျှင် သူတို့ သေနိုင်ချေများပြီး မဟာလမ်းစဉ်နောက်သို့ လိုက်သည့်သူများထက် ပိုသန်မာမလာနိုင်ချေရှိသော်လည်း အထွတ်အထိပ်တွင် ရပ်တည်နိုင်သည့် ထူးကဲသူများသည် ထိုသို့လုပ်ခဲ့သူအုပ်စုထဲမှသာ ဖြစ်လေ့ရှိပေသည်။
သူတို့သည် မဟာလမ်းစဉ်ကို ဖျက်ဆီးကာ သူတို့၏ကိုယ်ပိုင်လမ်းစဉ်ကို ဖန်တီးခဲ့သည်။
လက်ရှိခေတ်တွင် မဟာလမ်းစဉ်သည်လည်း ပြိုလဲနေပြီး အင်ပါယာများ၏လမ်းစဉ် ပျက်စီးနေသည်။ သို့သော် ရီဖူရှင်းသည် သူ၏လမ်းစဉ်ကို အောင်အောင်မြင်မြင် ဖျက်ဆီးနိုင်ခဲ့သည်။
ယခုတွင် သူ၏ခန္ဓာကိုယ်သည် နတ်ခန္ဓာဖြစ်လာပြီဖြစ်ပြီး သူ၏မျက်လုံးများသည် နေနှင့်လအဖြစ် ပြောင်းလဲသွားကာ ပါးစပ်အတွင်းမှ နတ်လျှပ်စီးများ ထုတ်နိုင်လေသည်။ ရီဖူရှင်းသည် ရှေးခေတ်တွင်ပင် ထူးကဲသူဖြစ်ပေလိမ့်မည်။
နေနှင့်လ၏ နတ်အလင်းများသည် ဗုဒ္ဓကုန်းမြေအလင်းလွှာအပေါ် ကျဆင်းလာ၏။ ယင်နှင့်ယန် စွမ်းအားများသည် ထိုစက်ကွင်းကို ရုတ်ခြည်းလွှမ်းခြုံသွားသည်။ အကာအကွယ်အလင်းလွှာသည် တိုက်စားခံနေရ၏။ သို့သော် နတ်စွမ်းအားမှ ဖြစ်ပေါ်လာသော အကာအကွယ်များသည် တိုက်ရိုက် မကွဲပျက်သွားပေ။ သူသည် မဟာအင်ပါယာဟောင်းတစ်ပါး မဟုတ်ပါလား။
အောက်ဘက်တွင် ဗုဒ္ဓကုန်းမြေမှ ကျင့်ကြံသူအားလုံးသည် ကောင်းကင်ရှိ တိုက်ပွဲကို မော့ကြည့်နေကြသည်။ ထိုတိုက်ပွဲသည် သူတို့၏ကံကြမ္မာများကို အဆုံးအဖြတ် ပေးပေလိမ့်မည်။
ရီဖူရှင်း ပါးစပ်ဟလိုက်ပြီး နတ်လျှပ်စီးတန်းများကို ပစ်လွှတ်လိုက်သည်။ ၎င်းတို့သည် နတ်ဘုရားအပြစ်ပေးစွမ်းအားအဖြစ် ပြောင်းလဲသွားပြီး အလင်းလွှာတစ်ပြင်လုံးကို ထိမှန်သွားသည်။ ဗုဒ္ဓနတ်စွမ်းအားအလင်းလွှာတွင် အက်ကြောင်းတစ်ခု ထွက်ပေါ်လာ၏။ ယင်နှင့်ယန်သည် အကာအရံများကို တိုက်စားနေပြီးဖြစ်သည်။ နတ်လျှပ်စီးတန်း ကျဆင်းလာသောအခါ အလင်းလွှာသည် ရုတ်ခြည်း ပျက်စီးသွားလေတော့သည်။
အဖျက်တိုက်ခိုက်မှုသည် ရှေ့သို့ ဆက်သွားနေ၏။ ၎င်းသည် ဗုဒ္ဓကုန်းမြေမဟာအင်ပါယာထံ သတ်ဖြတ်ရန် ဦးတည်နေသည်။ သို့သော် ထိုအချိန်တွင် သူ၏မျက်လုံးများအတွင်းမှ ကြောက်မက်ဖွယ် နတ်အလင်းတန်းတစ်ခု ထွက်ပေါ်လာ၏။ ထိုအခိုက်အတန့်တွင် ကောင်းကင်ထဲ၌ များစွာသော နတ်အမွေအနှစ်များ ထွက်ပေါ်လာ၏။ ဗုဒ္ဓနတ်စွမ်းအားသည် သူ့ရှေ့တွင် ကာရံပေးထားမည့် နတ်အမွေအနှစ်များကို ဖန်းတီးလိုက်သကဲ့သို့ပင်။ ၎င်းတို့သည် မြင့်မားသောကောင်းကင်အပြင် လောကတစ်ခွင်လုံးတွင်လည်း ရှိနေ၏။ ၎င်းတို့သည် နေရာအနှံ့၌ ရှိနေသည်။
သူတို့သည် ရီအင်ပါယာနန်းတော်မှ တိုက်ပွဲတွင် သူတို့၏စွမ်းအားအကြီးဆုံး စွမ်းရည်များကို ထုတ်မသုံးခဲ့ကြပေ။
“သွား...”
သူသည် အေးစက်သော လေသံဖြင့် ပြောလိုက်၏။ ရုတ်ခြည်းပင် နေရာအနှံ့ရှိ နတ်အမွေအနှစ်များသည် ရီဖူရှင်း၏ခန္ဓာကိုယ်ဆီသို့ ဘက်ပေါင်းစုံမှ ပျံဝင်သွားကြသည်။ ၎င်းတို့သည် လျှပ်စီးတမျှ လျင်မြန်ပေသည်။ အမွေအနှစ်များ၏ နတ်စွမ်းအားသည် ရီဖူရှင်းကို ဖမ်းချုပ်ရန် ဗုဒ္ဓကုန်းမြေအကျဉ်းထောင်အဖြစ် ပြောင်းလဲတော့ပေမည်။
ကောင်းကင်ထက်မှနေ၍ ခပ်အုပ်အုပ်အသံတစ်သံ ထွက်ပေါ်လာ၏။ လူများစွာသည် ကောင်းကင်ထက်သို့ မော့ကြည့်လိုက်ပြီး ထိုအံ့အားသင့်ဖွယ် မြင်ကွင်းကို ငေးကြည့်လိုက်ကြသည်။ နတ်အမွေအနှစ်တိုင်းသည် အလွန်ကြီးမားနေကြ၏။ ၎င်းတို့သည် အရပ်ရှစ်မျက်နှာမှနေ၍ ပေါင်းစည်းလိုက်သည်။ ယင်၊ ယန်နှင့် နတ်လျှပ်စီးတို့သည်ပင် ၎င်းတို့ကို ရုတ်ခြည်း ဖျက်ဆီးမပစ်နိုင်ကြပေ။ အကယ်၍ နတ်အမွေအနှစ်များသာ နီးကပ်လာပါက လောကအကျဉ်းထောင်တစ်ခု ဖြစ်သွားပေလိမ့်မည်။
ရီဖူရှင်းသည် သူ့မျက်လုံးများနှင့် ဝေ့ဝဲကြည့်လိုက်၏။ သူသည် ထိုအမွေအနှစ်များကို မရှောင်လိုက်ဘဲ ရှေ့သို့ တိုးလိုက်၏။ လောကကြီး မြည်ဟည်းလာပြီး ကောင်းကင်နတ်ဘုရားတစ်ပါးအဖြစ်သို့ ပြောင်းလဲသွား၏။ သူသည် သူ့ရှေ့ရှိ နတ်အမွေအနှစ်များထံ တိုက်ရိုက် တိုးဝင်သွားလိုက်သည်။
ဝုန်း...
ကြောက်မက်ဖွယ် ပေါက်ကွဲသံကြီးတစ်သံ ထွက်ပေါ်လာပြီး လောကကြီး ထက်ခြမ်းကွဲသွားတော့မလိုပင် ထင်ရသည်။ ရီဖူရှင်း၏နတ်ခန္ဓာသည် ဧရာမနတ်အမွေအနှစ်များကို ဝင်တိုက်လိုက်သောအခါ သူ့အရှေ့ရှိ အမွေအနှစ်များသည် ကွဲအက်သွားကြသည်။ သို့သော် အခြားဘက်များမှနေ၍ သူ့ထံသို့ ပျံဝင်လာသော နတ်အမွေအနှစ်များ ရှိနေဆဲပင်။ ရီဖူရှင်း၏လက်ထဲတွင် ဧရာမရွှေရောင်တုတ်တစ်ချောင်း ထွက်ပေါ်လာ၏။ ၎င်းသည် သူ့ကိုယ်တွင်းရှိ နတ်စွမ်းအားမှ ဖြစ်ပေါ်လာခြင်းဖြစ်သည်။
ဝှီး...
ရွှေရောင်နတ်တုတ်ချောင်း လည်ပတ်သွားပြီး တုတ်ရိပ်များသည် ကောင်းကင်ကို ဖြတ်သန်းသွားသည်။
ဖြန်း...ဖြန်း...ဖြန်း...
ဗုဒ္ဓနတ်စွမ်းအားမှ ထွက်ပေါ်လာသော အမွေအနှစ်များအားလုံးသည် ရိုက်ထုတ် ဖျက်ဆီးခံလိုက်ကြရသည်။ ၎င်းတို့သည် နတ်တုတ်၏ တိုက်ခိုက်မှုကို မခံနိုင်ကြပေ။
သို့သော် ထိုစဉ်တွင် ရီဖူရှင်းအရှေ့၌ ပို၍ပင် ထင်ရှားသော ရွှေရောင်ကောင်းကင်နတ်ဘုရားတစ်ပါး ထွက်ပေါ်လာလေသည်။ ထိုနတ်ဘုရားသည် ဗုဒ္ဓကုန်းမြေမဟာအင်ပါယာ၏ ပြောင်းလဲမှုဖြစ်သည်။ ဧရာမခန္ဓာကိုယ်ကြီးပေါ်တွင် နတ်အလင်းစီးဆင်းနေပြီး ဗုဒ္ဓနတ်စွမ်းအားသည် အဆုံးစွန်အထိ မြှင့်တင်ခံလိုက်ရ၏။ မဟာအရှိန်အဝါသည် ကျယ်ပြောသောကုန်းမြေကို လွှမ်းခြုံသွားပြီး အောက်ဘက်မှ လူများကို မြေပေါ်တွင် လဲကျသွားစေ၏။ ထိုနတ်ဘုရားသည် ကောင်းကင်နတ်ဘုရားအစစ်အမှန်တစ်ပါးပေလော။
“ရီဖူရှင်း... မင်းနဲ့ငါ နှစ်ယောက်စလုံး အင်ပါယာတွေ ဖြစ်လာနိုင်တာပဲ။ ငါတို့ ဒီနေ့ ဘယ်သူသေမယ်၊ ဘယ်သူရှင်မယ်ဆို ဆုံးဖြတ်မှရမှာလား”
ဗုဒ္ဓကုန်းမြေမဟာအင်ပါယာ၏ အကြည့်သည် ရီဖူရှင်းအပေါ် ကျရောက်လာသည်။ သူ၏အသံသည် ခပ်ဩဩဖြစ်ပြီး စွမ်းအားကြီးလေသည်။ ထိုအသံသည် ကောင်းကင်တစ်ခွင်တွင် ပဲ့တင်ထပ်သွား၏။ ထိုအရာသည် အသံတစ်သံပင် ဖြစ်သော်လည်း အောက်ဘက်ရှိ ထိပ်သီးကျင့်ကြံသူများစွာသည် တုန်ရင်သွားကြသည်။ သူတို့၏ နားစည်များမှနေ၍ သွေးများ ယိုစီးကျလာသည်။
ကောင်းကင်ထဲတွင် ဗုဒ္ဓနတ်စွမ်းအားမှ ဖြစ်ပေါ်လာသော အလင်း တောက်ပဖြာထွက်နေ၏။ ၎င်းအလင်းသည် ရီဖူရှင်း၏ကိုယ်ပေါ်သို့လည်း ဖြာကျနေပြီး လွန်စွာထက်ရှိသောအရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေလေသည်။
သို့သော် ရီဖူရှင်းသည် တုတ်တုတ်မှ မလှုပ်ပေ။ သူ၏မျက်လုံးများသည် ဗုဒ္ဓကုန်းမြေမဟာအင်ပါယာထံသို့ နေနှင့်လအလင်းတန်းများ ဆက်လက်ပစ်လွှတ်လိုက်သည်။ သူ၏ခန္ဓာကိုယ်သည်လည်း ဆက်၍ ကြီးမားလာသည်။ သူသည် ဆက်၍ ကြီးထွားလာသဖြင့် အောက်ဘက်ရှိ ကျင့်ကြံသူများသည် အလွန်အမင်း ရင်တုန်လာလေတော့သည်။
“ဒီနေ့ သေရမှာ ခင်ဗျားပဲ”
ရီဖူရှင်း အေးစက်စွာ ပြောလိုက်၏။ ဤတိုက်ပွဲသည် မည်သူသေမည်၊ မည်သူရှင်မည်ကို ဆုံးဖြတ်ရန် မဟုတ်ပေ။ တစ်ဘက်လူကို သေသွားအောင် လုပ်ရန်သာဖြစ်သည်။
“စိတ်ကြီးဝင်နေတာပဲ...”
ဗုဒ္ဓကုန်းမြေမဟာအင်ပါယာက ထိုသို့ပြောလိုက်သောအခါ မရေမတွက်နိုင်အောင် များပြားသော နတ်အလင်းများ ပျံထွက်သွားသည်။ ဗုဒ္ဓနတ်စွမ်းအားသည် သန်းထောင်ချီသော ရွှေလှံများအဖြစ် ပြောင်းလဲသွားပြီး ရီဖူရှင်းထံသို့ ဦးတည်ပျံသန်းသွားကြသည်။
ရီဖူရှင်း၏မျက်လုံးများသည် နတ်အလင်း တောက်ပလာ၏။ လအလင်း ဖြာကျလာပြီး ယင်စွမ်းအား အောက်တွင် အချိန်နှင့်အာကာပြင်သည် ရပ်တန့်သွားသည်ဟု ထင်ရသည်။ အဆုံးမဲ့ ရွှေလှံများကို ဆီးနှင်းများ ဖုံးလွှမ်းသွားသဖြင့် ၎င်းတို့၏ အရှိန်သည် နှေးကွေးလာသည်။
တစ်ချိန်တည်းမှာပင် ရီဖူရှင်း ထပ်မံ တိုက်ခိုက်လိုက်သည်။ သူ့လက်ထဲတွင် ဧရာမနတ်ဓားတစ်ချောင်း ဖြစ်ပေါ်လာလေ၏။
***