← Chapters

ပါရာဂွန်တစ်ဦးက တာအိုစောင့်ရှောက်သူတစ်ဦးကို သုတ်သင်လိုက်ခြင်း

Vol. 74 Ch. 1024

ပါရာဂွန်တစ်ဦးက တာအိုစောင့်ရှောက်သူတစ်ဦးကို သုတ်သင်လိုက်ခြင်း

Vol. 74 Ch. 1024

အသံပဲ့တင်ထွက်လာသည်နှင့်တစ်ပြိုင်နက် န၀မတောင်ပင်လယ်ရှိ တာအိုနယ်ပယ်ပညာရှင်အကုန်လုံး နိုးနိုးကြားကြား ဖြစ်သွားကြသည်။ တစ်ချိန်တည်းမှာပင် အံ့သြတုန်လှုပ်ဖွယ် ပုံရိပ်တစ်ခုက သူတို့၏ စိတ်ထဲတွင် ပေါ်လာ၏။

၎င်းက အင်မော်တယ်အပျက်အစီးများနယ်တွင် လက်ရှိ မန်ဟိုရောက်နေသော နေရာ၏ ပုံရိပ်ဖြစ်သည်။

ပုံရိပ်သည် တာအိုနယ်ပယ်ပညာရှင်များအား အပြင်သူများ အင်မော်တယ်အပျက်အစီးများနယ်ထဲတွင်ဖြစ်ကြောင်း လမ်းပြပေးနေ၏။

မျက်စိတစ်မှိတ်အတွင်း တာအိုနယ်ပယ်ပညာရှင်တစ်၀က်ခန့်သည် ကြယ်တာရာကောင်းကင်သို့ ထွက်၍ ထိုအရပ်မျက်နှာသို့ တဟုန်ထိုး ပျံသန်းသွားကြသည်။ ဖန်ရှုတောက်လည်း ပါ၀င်သည်။ သူနှင့် တာအိုအစည်းအရုံးသုံးခုမှ ပညာရှင်များက အင်မော်တယ်အပျက်အစီးများနယ်သို့ ဦးတည်သွားသော ပထမဆုံးဦးအဖွဲ့ထဲတွင်ပင်။

မြောက်ကျူပင်ဂြိုလ်တွင် လီမျိုးနွယ်စုမှ ခေါင်းဆောင်ကြီးနှင့် အခြားသူများလည်း မြင်ခဲ့ရသော ပုံရိပ်၏ တည်နေရာသို့ ဦးတည်သွားကြသည်။

ဤ ရုတ်တရက် အဖြစ်အပျက်က သူတို့ကို အမြုတေထဲအထိ တုန်လှုပ်သွားစေပြီး ကျီမျိုးနွယ်စု၏ ထောင်ချောက်မဟုတ်ကြောင်း သိသာသည်။ ဤကိစ္စက ကောက်ကာငင်ကာ ထဖြစ်ခဲ့ခြင်းပင်။ ကျီမျိုးနွယ်စုပင်လျှင် ဤသို့ကြံစည်ရဲသည့်သတ္တိရှိမည် မဟုတ်ပေ။

တာအိုနယ်ပယ်ပညာရှင်များ အင်မော်တယ်အပျက်အစီးများနယ်သို့ တဟုန်ထိုး သွားနေကြစဉ် မှီခိုရာဂိုဏ်းချုပ်ကို ရင်ဆိုင်နေရသော အဘိုးကြီးမှာ ဦးရေပြားထုံကျင်လာသည်ကို ခံစားလိုက်ရပြီး မျက်နှာဖြူဖျော့လာသည်။ သူသည် ရီဖဇီ ပုံစံအစစ်အမှန်ကို ဖော်ပြလိုက်သည့်အတွက်ကြောင့် ကြုံတွေ့ရတော့မည့် အန္တရာယ်ကို ကောင်းကောင်းသိ၏။ ‌

"နလပိန်းတုံး စောက်ဦးနှောက်ကို မရှိဘူး" အဘိုးကြီးက စိတ်ထဲတွင် ဒေါသတကြီး ကျိန်ဆဲလိုက်သည်။ "အသေဆိုးနဲ့သေမယ့် ကျန်းမျိုးနွယ်စု။ မင်းတို့ အရင်တုန်းကလည်း ဒီလိုလုပ်ခဲ့သလို ဒီကလေးကလည်း အတူတူပဲ။ သောက်ရူးတွေ။ နလပိန်းတုံးတွေ" တစ်ချိန်တည်းမှာပင် သူ့မှာ အတိုင်းထက်အလွန် သတိရှိလာပြီး စိုးရိမ်သောကရောက်လာတော့သည်။ အင်မော်တယ်လောကတွင် တောင်ကိုးလုံးသာ ကျန်ရှိတော့သည်သာမက အဆင့်နိမ့်လောကသုံးထောင်ကို အုပ်ချုပ်သည့် မဟာဖြစ်တည်မှုကြီးလည်း မရှိတော့သည့်တိုင် ပါရာဂွန်အင်မော်တယ်လောကသည် သူ့ကို ခေါင်းနပန်းကြီးသွားစေနိုင်သည့် အစွမ်းထက်ဖြစ်တည်မှုများကို ပိုင်ဆိုင်ထားသေး၏။

အဘိုးကြီးသည် ပါရာဂွန်အင်မော်တယ်လောကသားများ ထိုရှေးဟောင်းစစ်ပွဲကြီးကတည်းက ကျန်အင်အားစုနှစ်စုအပေါ် ထားရှိခဲ့သော နက်ရှိုင်းပြီး ရှုပ်ထွေးသော အမုန်းတရားကိုလည်း ကောင်းကောင်းသိ၏။ သို့သော် ထို‌အင်အားစုနှစ်စုထက်ပို၍ ပါရာဂွန်အင်မော်တယ်လောကသားများ မုန်းတီးသည်မှာတော့ ထိုစစ်ပွဲအတွင်း အင်မော်တယ်လောကကို ပုန်ကန်ခဲ့သည့် အဆင့်နိမ့်လောကများဖြစ်သည်။

စိတ်ဝိညာဥ်ကြယ်လောကလည်း ထိုလောကများထဲ၌ ပါဝင်ခဲ့သည်။

အဘိုးကြီးက အံတင်းတင်းကြိတ်၍ ရီဖဇီကို လျစ်လျူရှုလိုက်သည်။ သူက လက်ကို ဝှေ့ရမ်းရင်း ကပျာကယာ နောက်ဆုတ်ကာ သင်္ဘောအား ပေါ်လာစေသည်။ သူသည် အထဲသို့ ၀င်လိုက်သည်နှင့်တစ်ပြိုင်နက် ဆန့်ကျင်ဘက်သို့ ချာခနဲ လှည့်၍ ထွက်ပြေးတော့သည်။

သူကား န၀မတောင်ပင်လယ်မှ ကျင့်ကြံသူများ သူ၏တည်ရှိမှုကို မတုံ့ပြန်နိုင်ခင် ဤလောကမှ မြန်နိုင်သမျှမြန်မြန် ထွက်သွားနိုင်ရန် ရည်ရွယ်ထားလေသည်။ သူ၏ကျင့်ကြံခြင်းအခြေခံပေါ် မူတည်၍ သူတို့ရှိရာသို့ ပျံသန်းလာနေသော အစွမ်းထက်ပညာရှင်အများအပြား၏ အရှိန်အဝါများကို ခံစားနေရပြီးဖြစ်သည်။

သူ့အနေဖြင့် ထိုလူများကို လျစ်လျူရှုနိုင်သည်။ သို့သော် ဟိုးအတွင်းတစ်နေရာရာတွင် န၀မတောင်ပင်လယ်တစ်ခွင် စိမ့်၀င်ပျံ့နှံ့နေသော ကြောက်ခမန်းလိလိ ဖြစ်တည်မှုကြီးတစ်ခုကို သူ ခံစားနေရ၏။

"န၀မတောင်ပင်လယ်ရဲ့ သခင် …. ကျီတျန်း။ အဲ့ဒီခွေးသားရီဖဇီက ဒီတစ်ခေါက်တော့ ပျားအုံကို တုတ်နဲ့ထိုးလိုက်တာပဲ" အဘိုးအို၏မျက်နှာမှာ တင်းမာခက်ထန်နေပြီး သူက အံတင်းတင်းကြိတ်ကာ သင်္ဘောအား တဟုန်ထိုး ပျံသန်းသွားစေသည်။ ထို့နောက် သူက လျှာထိပ်ကိုက်ပြီးနောက် သွေးတစ်ချို့ ထွေးထုတ်လိုက်သည့်အပြင် ယာယီအဟုန်ရရှိရန် သက်တမ်းတစ်ချို့ကိုပင် လောင်ကျွမ်းပစ်လိုက်၏။ သူက မယုံကြည်နိုင်ဖွယ်ရာ အမြန်နှုန်းဖြင့် ကြယ်တရာကောင်းကင်ကို ဖြတ်သန်းကာ အာကာသဟင်းလင်းပြင်ထဲသို့ ထိုးဝင်လိုက်သည်။ မျက်စိတစ်မှိတ်အတွင်း သူသည် ဟင်းလင်းပြင်နှင့် တစ်သားတည်း ပေါင်းစည်းပေတော့မည်။

ဤအခိုက်အတန့်တွင် အင်မော်တယ်အပျက်အစီးများနယ်အတွင်းရှိ သာမန်ကျင့်ကြံခြင်းဂူတစ်ဂူထဲ၌ အဖြူရောင်၀တ်ရုံနှင့် အမျိုးသမီးသည် တင်ပျဥ်ခွေလျက် တရားထိုင်နေ၏။ သူမ၏မျက်လုံးများ ဖြည်းညင်းစွာ ပွင့်လာသည့်အခါ ၎င်းတို့သည် ရေခဲတမျှ အေးစက်နေသည်။

ထိုအေးစက်မှုကား မုန်းတီးနာကြည်းမှု၊ အမျက်ဒေါသနှင့် သတ်ဖြတ်လိုစိတ်တို့ကို ပေါင်းစည်းထားသော အေးစက်မှုဖြစ်သည်။ သူမက ညာလက်ကို ဖြည်းညင်းစွာ မြှောက်လိုက်ပြီး လက်ချောင်းအား အာကာသဟင်းလင်းပြင်ထံသို့ ဝှေ့ယမ်းလိုက်သည်။

ထိုလက်ချောင်းက ပုံရိပ်ယောင်အမျှင်တစ်မျှင်အား မြွေလိမ်မြွေကောက်ထွက်သွားစေသည်။ မျက်စိ‌တစ်မှိတ်အတွင်း ထိုအမျှင်သည် အင်မော်တယ်အပျက်အစီးများကို ရွှီးခနဲ ဖြတ်ကာ အဘိုးကြီးနှင့် သူ့သင်္ဘောအား ထက်ပိုင်းပိုင်းချလိုက်၏။

အဘိုးအိုမှာ ထူးထူးဆန်းဆန်းဘာကိုမှ သတိမထားမိဘဲ ပျောက်ကွယ်လုဆဲဆဲဖြစ်နေစဉ် ရုတ်တရက် မျက်နှာပျက်သွားသည်။ သူ နောက်သို့ လှည့်ကြည့်ရန် ပြင်လိုက်သည့်အချိန်မှာပင် သူ၏ခေါင်းက ပခုံးမှ ပြတ်ထွက်သွားပြီး သွေးများက ရေပန်းသဖွယ် ပန်းထွက်သွား၏။

ရှည်လျားသော ဆံချည်မျှင်သဖွယ် အမျှင်က သူ့ကို ဖြတ်သွားပြီးနောက် အစအနမကျန် ပျောက်ကွယ်သွားသည်။

အဘိုးအို၏မျက်လုံးများမှာ ပြူးထွက်နေပြီး သူ့ခေါင်းသည် ဟင်းလင်းပြင်တွင် လွင့်ထွက်သွား၏။ သူ့မှာ မသေခင် အသက်တစ်ရှိုက်ရောက်မှ အမှန်တရားကို သဘောပေါက်သွားတော့သည်။

"ပါရာဂွန်…" အဘိုးအို၏ခေါင်းက သူ၏ခန္ဓာကိုယ်နှင့်အတူ ပြာကျသွားသည်။

သင်္ဘောကား ဟင်းလင်းပြင်နှင့် တစ်သားတည်းမဖြစ်တော့သည့်အပြင် ဖြည်းဖြည်းချင်း ပြန်လည်မြင်သာလာ၏။ မှီခိုရာဂိုဏ်းချုပ်က ၎င်းကို မြိုချလိုက်ပြီးနောက် တစ်ကိုယ်လုံး တုန်ရီသွား၏။

သူက ပျောက်ကွယ်သွားသော ဆံချည်မျှင်ကို ကြည့်ပြီးနောက် အတော်လေး ငိုင်တွေနေသောအမူအရာဖြင့် အင်မော်တယ်အပျက်အစီးများနယ်အတွင်းသို့ စိုက်ကြည့်လိုက်သည်။

သူသည် ဟိုးအတိတ်တုန်းက အရေးကြီးသော အရာတစ်ခုကို မှတ်မိသွားပုံရသော်လည်း သူ မည်မျှကြိုးစားပါစေ အရာအားလုံးက ဝိုးတိုးဝါးတားဖြစ်နေ၏။

မန်ဟိုလည်း အဘိုးကြီးသေသွားသည်ကို မြင်လိုက်ရပြီး ရင်ဒိန်းခနဲ ခုန်သွားသည်။ ထို့နောက် သူက အင်မော်တယ်အပျက်အစီးများနယ်ထဲသို့ လှမ်းကြည့်လိုက်ပြီး အဖြူရောင်၀တ်ရုံနှင့် ထိုအမျိုးသမီးကို သတိရလိုက်၏။

ရီဖဇီသည် သူ၏တာအိုစောင့်ရှောက်သူ သေသွားသည်ကို တွေ့သောအခါ ခေါင်းနပန်းကြီးသွားပြီး ကြောက်လန့်သွားသည့်အမူအရာ ပြောင်းသွားသည်။ သူကား တောင်ကိုးလုံးပင်လယ်ကိုးစင်းနှင့်ပက်သက်၍ ဘယ်တုန်းကမှ အံ့သြခြင်းမဖြစ်ခဲ့သော်လည်း ယခုတော့ လုံးလုံးလျားလျား ကြောက်လန့်နေလေပြီ။

"အဲ့ဒါ ဘာစွမ်းအားတုန်း။ သူက ငါ့ရဲ့ တာအိုစောင့်‌ရှောက်သူကို တစ်ချက်တည်းနဲ့ သတ်သွားတယ်" ရီဖဇီမှာ ဟောဟဲဟောဟဲလိုက်နေပြီး သူ၏ ရင်ခုန်သံနှုန်းက ကျယ်လောင်လျက်ရှိကာ သူ့မျက်လုံးများက ဝိုင်းစက်ပြူးကျယ်နေသည်။

ရုတ်တရက် ဤနေရာနှင့်ပတ်သက်သော ဒဏ္ဍာရီအမြောက်အများက သူ့စိတ်ထဲတွင် ပေါ်ပေါက်လာသည်။ သူသည် တဆတ်ဆတ် တုန်လာပြီး နောက်ဆုတ်လိုက်၏။ သူ့စိတ်ထဲတွင် ရှိသည့် တစ်ခုတည်းသော အရာမှာ ထွက်ပြေးရန်သာဖြစ်သည်။ စောစောက သူ၏ တဟုန်းဟုန်းတောက်နေသော စွမ်းအင်များနှင့် အရှိန်အဟုန်တို့မှာ ပြိုကွဲသွားပြီး မှေးမှိန်သွားတော့၏။

မန်ဟို၏ မျက်လုံးများက လင်းခနဲ လက်သွားသည်။ ထိုအခိုက်အတန့်တွင် သူသည် လီလင်းအာအကြောင်း တွေးပင် မတွေးနိုင်တော့‌ပေ။ ရီဖဇီ၏ ပုံစံအစစ်အမှန်နှင့် စောစောက သူ၏စကားများအပြင် မိစ္ဆာချုပ်နှောင်ကျောက်စိမ်းမှ ပြင်းထန်သော အသတ်အဖြတ်စိတ်ဆန္ဒတို့ကြောင့် မန်ဟိုသည် သူ့အား ဘယ်နည်း‌နှင့်မှ အလွတ်ပေးတော့မည်မဟုတ်ပေ။ ရီဖဇီသာ ဖြေပေးနိုင်သည့် သူ သိချင်သောအရာများ ရှိသည်။

မန်ဟိုက မှီခိုရာဂိုဏ်းချုပ် ထွက်ပြေးလွတ်မြောက်သွားနိုင်သည့် အခြေအနေကိုပင် အာရုံစိုက်မနေတော့ပေ။ သူက လေကို ခွင်း၍ ရီဖဇီနောက်လိုက်တော့သည်။

ယခုတွင် ရီဖဇီသည် မူလပုံစံပြောင်းထား၍ ကျင့်ကြံခြင်းအခြေခံအရသာမက အမြန်နှုန်းအရတွင်ပါ တိုးတက်သွားသည်။ အချိန်တိုလေးအတွင်း သူက တော်တော်ဝေးဝေးသို့ ရောက်သွား၏။

သူ့မှာ ကြောက်လန့်နေပြီး သူ တွေးနိုင်သည့် တစ်ခုတည်းသောအရာမှာ မန်ဟို့ထံမှ လွတ်အောင် ပြေးရန်သာဖြစ်သည်။ ထို့နောက် အိမ်ပြန်ရန် ခေါင်းအေးအေးစဉ်းစားနိုင်မည့် နေရာတစ်နေရာ ရှာမည်။ လောလောဆယ်တွင် မည့်သို့ပြန်ရမည်လဲ မသိပေ။ သို့သော် သူ့မှာ သူ၏တာအိုစောင့်ရှောက်သူနည်းတူ အဆုံးသတ်လိုစိတ်မရှိပေ။ သူက တဆတ်ဆတ်တုန်ရီလျက် စိတ်ထဲတွင် အော်ဟစ်လိုက်သည်။

"အဖေ ငါ့တာအိုစောင့်ရှောက်သူ သေတာကို သေချာပေါက် အာရုံရလိမ့်မယ်။ သူ ငါ့ကို လာကယ်လိမ့်မယ်။ ငါ လုပ်ဖို့လိုတာက နေရာတစ်နေရာရှာရုံပဲ။ အဖေ ငါ့ကို နောက်ဆုံးကျရင် ရှာတွေ့လိမ့်မယ်

“စောက်အင်မော်တယ်လောက။ သောက်ကျိုးနည်းတဲ့မှပဲ။ ဘာကြောင့် အဲ့ဒီနှစ်တွေတည်းက မပျက်စီးသွားခဲ့တာတုန်း

"ပြီးတော့ အဲ့ဒီ ခွေး‌ကောင်မန်ဟို။ ငါက လူဆိုးမဟုတ်တာကို သူက ဘာလို့ ဒီလောက်တောင် အသည်းအသန် ဖြစ်နေရတာတုန်း" ရီဖဇီက စိတ်ထဲတွင် ကျိန်ဆဲရင်း အရှိန်တင်လိုက်သည်။ မန်ဟိုက သူ့နောက် လိုက်လာသည်။ သူတို့သည် အင်မော်တယ်အပျက်အစီးများနယ်အတွင်းထဲ ပို၍ရောက်ရှိသွား၏။

မှီခိုရာဂိုဏ်းချုပ်က မျက်တောင်ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်သည်။ သူက ဒေါသထွက်နေဟန်ဖြင့် မန်ဟို့နောက်လိုက်သော်လည်း တကယ့်တကယ် ‌‌တရွေ့ရွေ့သာ ပျံသန်းနေလေသည်။ တစ်ချိန်တည်းမှာပင် သူ့အသံသည် ကျယ်သထက် ကျယ်လာသည်။

"ပြေးနေတာ ရပ်လိုက်စမ်း။ ငါဂိုဏ်းချုပ် မင်းကို သေချာပေါက် ဖမ်းမယ်။

"ပြေးနေတုန်းပဲလား။ မင်း ငါ့ကို တကယ် ဒေါသထွက်အောင် လုပ်နေတာပဲ။ ငါမင်းကို အသားကုန် လိုက်ဖမ်းမှာနော်

"ငါ အခု အရမ်းဒေါကန်နေတာကွ" ဟိန်းဟောက်နေစဉ် မှီခိုရာဂိုဏ်းချုပ်၏မျက်လုံးများသည် ဟိုဟိုသည်သည် ပြေးလွှားနေ၏။ နောက်ဆုံးတွင် မန်ဟို အဝေးသို့ ၀င်ရောက်ပျောက်ကွယ်သွားသောအခါ မှီခိုရာဂိုဏ်းချုပ်က ဆန့်ကျင်ဘက်သို့ လှည့်ပြေးတော့သည်။

ကြက်တူရွေး၊ အသားဂျယ်လီနှင့်အတူ လီလင်းအာက သူ့‌အပေါ်တွင် ရှိနေသေးလေသည်။ သူတို့မှာ မှီခိုရာဂိုဏ်းချုပ် ထွက်ပြေးနေသည်ကို တအံ့တဩ ကြည့်နေကြသည်။

အသက်ရှိုက်စာအနည်းငယ်ကြာသောအခါ မှီခိုရာဂိုဏ်းချုပ်သည် အင်မော်တယ်အပျက်အစီးများနယ်ထဲရှိ အခြားတစ်နေရာတွင် ပေါ်လာရန် အမည်မသိ နည်းလမ်းတစ်ခုကို သုံးလိုက်၏။ ထို့နောက် သူက သူ့ကျောပေါ်ရှိ ကုန်းမြေကြီးကို ခါလိုက်ကာ ကြက်တူရွေး၊ အသားဂျယ်လီနှင့် လီလင်းအာတို့အား သူ့ကိုယ်ပေါ်မှ လွင့်ထွက်သွားစေသည်။

"ထွက်သွားစမ်း" သူက ဟိန်းဟောက်လိုက်သည်။ "အခုကစပြီး ငါ မှီခိုရာဂိုဏ်းချုပ်က အနှောင်အဖွဲ့ကင်းပြီး လွတ်လပ်သွားပြီ။ ဟားဟားဟား ငါ ဂိုဏ်းချုပ်က တကယ် အားလုံးထဲမှာ ဉာဏ်အကောင်းဆုံးဖြစ်သွားပြန်တာပဲ။ အခွင့်အရေးကို ဘယ်လိုအသုံးချရမလဲ သိပ်သိတဲ့ကောင် ဟားဟား

"မန်ဟို ခွေးသူတောင်းစားလေး နေနှင့်ဦးပေါ့။ ငါတို့ကိစ္စ အခုထိ မပြီးသေးဘူး

"ငါ အခု ဒီမှာကျိန်တယ်။ မင်း ငါ့ကို ဘယ်တော့မှ ရှာမတွေ့စေရဘူး ခွေးသူတောင်းစား" မှီခိုရာဂိုဏ်းချုပ်မှာ ပျော်ရွှင်မြူးထူးနေလေသည်။ သူက ခေါင်းနောက်လှန်ပြီး ဟိန်းဟောက်လိုက်သည်။ သူသည် လီလင်းအာ၊ ကြက်တူရွေးနှင့် အသားဂျယ်လီတို့ကို ဖယ်ထုတ်ပြီးနောက် အဝေးသို့ ထွက်သွားတော့သည်။

ထိုစဉ် အင်မော်တယ်အပျက်အစီးများနယ်၏ အခြားတစ်နေရာတွင် မန်ဟို၏ အသတ်အဖြတ်စိတ်ဆန္ဒသည် မိုးထိတိုင်အောင် ရိုက်ခတ်နေ၏။ သူ၏ ကျင့်ကြံ‌ခြင်းအခြေခံက စွမ်းအားတို့ဖြင့် ပေါက်ကွဲထွက်သွားပြီး ကောင်းကင်ဘုံ ၃၃ ခုက သူ့ကို ၀န်းရံထားသည်။ သို့သော် ရီဖဇီက မယုံကြည်နိုင်ဖွယ်အမြန်နှုန်းဖြင့် ရွေ့လျားနေသည်။ သူတို့နှစ်ယောက် သူတစ်ပြန် ကိုယ်တစ်ပြန် တိုက်ခိုက်နိုင်ခဲ့ကြသော်လည်း ရီဖဇီက ဘယ်တော့မှ အရှိန်မလျော့သွားခဲ့ပေ။ သို့စေကာမူ နောက်မှလိုက်ဖမ်းခံနေရသဖြင့် သူ၏ ဒဏ်ရာများမှာ ဆိုးဝါးလာသည်။

သို့ထိတိုင် သူက သူ၏အမြန်နှုန်းကို ကြေက်စရာကောင်းလောက်အောင် မြင့်တက်သွားစေသော လျှို့ဝှက်အတတ်တစ်ခုအား သုံးလိုက်၏။ သူ မန်ဟို့ကို မျက်ခြေဖြတ်နိုင်ခဲ့သော အခွင့်အရေးများစွာ ရှိခဲ့သည်။ သို့သော် မန်ဟိုက အဋ္ဌမမိစ္ဆာချုပ်နှောင်မန္တန်ကိုသုံးကာ သူ့ကို ရပ်သွားစေ၍ သူ့အခွင့်အရေးများအား လက်လွှတ်လိုက်ရစေခဲ့သည်။

ဤသို့ဖြင့်‌ ပြေးရင်းလွှားရင်း ရက်အနည်းငယ်ကြာသွားသည်။ နောက်ဆုံးတွင် သူတို့သည် ဧရာမခေါင်းကြီးတစ်ခေါင်း မျောနေသောတစ်နေရာသို့ ရောက်ရှိသွား၏။

ခေါင်းကြီးတွင် ဟိုးလွန်ခဲ့လေပြီးသောနှစ်တွေတုန်းက အထုတ်ခံခဲ့သည့်အလား တွင်းနက်ကြီးသဖွက် ဇောက်နက်နေသော မျက်လုံးအိမ်များ ရှိသည်။ ၎င်းက အပြည့်အစုံပါသည့် ခေါင်းတစ်လုံးဖြစ်သော်လည်း ခေါင်းထိပ်မှစ၍ အောက်ထိတောက်လျှောက် ကွဲအက်နေသော ဧရာမအက်ကွဲကြောင်းကြီးတစ်ကြောင်း ရှိနေသည်။

အဆိုပါ ခေါင်းအတွင်းမှ မချိတင်ကဲ ပူဆွေးနေသော ရှေးဟောင်းစိတ်ဆန္ဒတစ်ခုလည်း စီးမျောထွက်လာ၏။

ခေါင်းကြီးနှင့် နီးကပ်လာသည့်အခါ မယုံကြည်နိုင်ဖွယ် ဖိအားက ရီဖဇီကို ဖိနှိပ်ရင်း အရှိန်လျော့သွားစေသည်။ သူ့မျက်နှာပျက်သွား၏။

ထိုအခိုက်အတန့်တွင် မန်ဟိုက အနောက်မှ ချဉ်းကပ်လာသည်။ သူက လက်ကို မြှောက်ကာ အဋ္ဌမမိစ္ဆာချုပ်နှောင်မန္တန်ကို ထုတ်လွှတ်လိုက်၏။

သူ လက်ညှိုးထိုးလိုက်သည်နှင့်တစ်ပြိုင်နက် ရီဖဇီ၏ ခန္ဓာကိုယ်မှာ တုန်ရီသွားသည်။

"မကောင်းတော့ဘူး" တစ်ချိန်တည်းမှာပင် အသတ်အဖြတ်စိတ်ဆန္ဒတို့က မန်ဟို့မျက်လုံးထဲတွင် ပေါက်ကွဲထွက်လာသည်။ သူက ညာလက်ကို မြှောက်လိုက်ကာ ကြယ်ခူးသိုင်းကို သုံးရင်း ရီဖဇီအား လှမ်းဆွဲလိုက်သည်။

ရီဖဇီက ခေါင်းနောက်လှန်၍ ဟိန်းဟောက်လိုက်သည်။ မရေမတွက်နိုင်သော အနက်ရောင်အလင်းတန်းများက သူ့ခန္ဓာကိုယ်မှ ဖြာထွက်လာကာ မန်ဟို့ထံသို့ ကမူးရှုးထိုးပြေး၀င်လာသော လင်းနို့များအသွင် ပြောင်းသွား၏။

ရီဖဇီက တွန်းအား၏အဟုန်ကို ငှားယူ၍ နောက်တစ်ဖန် တဟုန်ထိုး ထွက်သွားပြန်သည်။ သူ ကြယ်ခူးသိုင်းအား ရှောင်တိမ်းနိုင်တော့မည့်ဆဲဆဲတွင် မန်ဟို့၏လက်က သူ၏တောင်ပံများကို ဖမ်းဆုပ်လိုက်၏။ သူက ၎င်းတို့ကို ပြင်းပြင်းထန်ထန် ဆုပ်ကိုင်၍ ဆွဲဖြုတ်လိုက်သဖြင့် ရီဖဇီမှာ မချိတင်ကဲ အော်လိုက်ရ‌လေသည်။ ဒဏ်ရာမှ သွေးများပန်းထွက်လာပြီး ရီဖဇီ၏မျက်နှာမှာ ဖြူဖျော့သွားသည်။ သူက ဒယိမ်းဒယိုင်ဖြစ်သွားပြီးနောက် အံတင်းတင်းကြိတ်၍ ပြေးထွက်သွားသည်။

မန်ဟို၏ အသတ်အဖြတ်စိတ်ဆန္ဒက နည်းနည်းလေးမှ လျော့ကျမသွားခဲ့ပေ။ သူ ‌ပြတ်ထွက်သွားသော ‌တောင်ပံများအား သိုလှောင်အိတ်ထဲသို့ ထည့်နေစဉ် မိစ္ဆာချုပ်နှောင်ကျောက်စိမ်းက ပြင်းပြင်းထန်ထန် တုန်ခါမြဲ‌တုန်ခါနေဆဲဖြစ်သည်။ သူက ဓားသဖွယ် တလက်လက် တောက်ပနေသော မျက်၀န်းများဖြင့် နောက်တစ်ဖန် ထပ်လိုက်ပြန်တော့သည်။

တစ်ချိန်တည်းမှာပင် တာအိုနယ်ပယ်ပညာရှင်များသည် အင်မော်တယ်အပျက်အစီးများနယ်ထဲသို့ ၀င်ရောက်လာပြီး အပြင်သူများအား မြေလှန်ရှာဖွေတော့သည်။ ရွှမ်းဝူလိပ်ကြီး၏ စူးစူးဝါးဝါးအော်သံက ပဲ့တင်ထပ်နေဆဲပင်။

အပြင်သူအားလုံး မ‌သေမချင်း ၎င်းက ဘယ်တော့မှ ပြန်လည်အိပ်စက်မည်မဟုတ်။

***

All Chapters