ကြိုတင်ပြင်ဆင်ထားခြင်း
Vol. 196 Ch. 2799
ရီဖူရှင်း သွားခဲ့သော ဒုတိယရှေးဟောင်းနတ်ဘုရားကလန်သည် ဟောင်ထျန်းကလန်ဖြစ်သည်။
ဟောင်ထျန်းကလန်သည် နန်ထျန်းကုန်းမြေတွင် တည်ရှိပေသည်။ ၎င်းသည် ဗုဒ္ဓကုန်းမြေနှင့် ဝေးကွာ၏။ သို့သော် ရီဖူရှင်း၏ လက်ရှိကျင့်ကြံခြင်းနှင့်ဆိုလျှင် နယ်မြေများကြားမှ ဝေးကွာသော အကွာအဝေးကို အချိန်များစွာမလိုဘဲ သွားလာနိုင်လေသည်။
နန်ထျန်းကုန်းမြေရှိ ဟောင်ထျန်းကလန်သည် ကောင်းကင်ဒေသတွင် အခြေချခဲ့သော ရှေးဟောင်းနတ်ဘုရားကလန်များထဲမှ တစ်ခုဖြစ်သဖြင့် မရေမတွက်နိုင်သော နှစ်ပေါင်းများစွာ ရှည်လျားသည့် သမိုင်းကြောင်းရှိပြီး နန်ထျန်းကုန်းမြေတွင် ပြိုင်ဘက်ကင်းဩဇာအာဏာ ရှိပေသည်။ ဟောင်ထျန်းကလန် တည်ရှိသော အဓိကမြို့တော်သည် နန်ထျန်းကုန်းမြေ၏ ထိပ်တန်းမြို့တော်ဟုလည်း ကျော်ကြားသည်။
“ဘာဖြစ်ခဲ့တာလဲ...”
ထိုအချိန်တွင် မြို့အတွင်းရှိ လူများစွာသည် ထိုအကြောင်းကို ပြောဆိုနေကြသည်။ မကြာသေးခင်က ဟောင်ထျန်းကလန်ထဲတွင် ကလန်တွင်း၌ ကျင့်ကြံသူများကို စုဝေးခြင်းနှင့်ပတ်သတ်၍ လှုပ်လှုပ်ရှားရှားဖြစ်သွားကြသည်။ ထို့နောက် ဟောင်ထျန်းကလန်မှ ကျင့်ကြံသူများ နေရာရွှေ့ပြောင်းကြမည်ဟူသော သတင်း ထွက်ပေါ်လာ၏။
“ဘာတွေဖြစ်နေတာလဲ မသိဘူး... ကြည့်ရတာတော့ သူတို့ကို အဓိကရန်သူတစ်ယောက်နဲ့ ရင်ဆိုင်ဖို့ ပြင်ဆင်နေကြတဲ့ပုံပဲ။ ဒါပေမဲ့ ဘယ်လို ရန်သူမျိုးက ဟောင်ထျန်းကလန်ကို ခြိမ်းခြောက်နိုင်ရတာလဲ”
တစ်စုံတစ်ယောက်က ပြန်ပြောလိုက်၏။ လက်ရှိတွင် ဟောင်ထျန်းကလန်သည် အရှင်ဟောင်ထျန်း၏ အမိန့်အောက်တွင် ရှိနေသည်။ မည်သူက သူတို့ကို ကြောက်ရွံ့စေခဲ့သနည်း။
“ဖြစ်နိုင်တာတော့... ဒီကိစ္စက နတ်ဘုရားကုန်းမြေကြောင့်ဖြစ်မယ်”
တစ်စုံတစ်ယောက်က ပြောလိုက်၏။ ယခုတွင် နတ်ဘုရားကုန်းမြေအကြောင်းကို လူတိုင်း သိနေကြပြီဖြစ်သည်။ ထို့အပြင် ထိပ်သီးကျင့်ကြံသူများစွာသည် ကျင့်ကြံရန်အတွက် ထိုသို့သွားခဲ့ကြပြီး ကောင်းကင်ဒေသနှင့် နတ်ဘုရားကုန်းမြေကြားတွင် လူးလားခေါက်တုန့်လုပ်နေကြပေသည်။
သူတို့အားလုံးသည် နတ်ဘုရားကုန်းမြေပေါ်၌ ကြောက်မက်ဖွယ်ကျင့်ကြံသူများစွာရှိကြောင်း သိပေသည်။
“လွန်ခဲ့တဲ့ နှစ်ပိုင်းလောက်က နတ်ဘုရားကုန်းမြေပေါ်မှာ တိုက်ပွဲကြီးတစ်ပွဲ ဖြစ်ခဲ့တယ်လို့ ငါကြားတယ်... ရှေးဟောင်းနတ်ဘုရားကလန်ငါးခုက ရီဖူရှင်းကို တိုက်ခိုက်ဖို့ အင်အားပူးပေါင်းခဲ့ကြတယ်တဲ့။ သူတို့က သူ့ကို သတ်နိုင်လုနီးပါးတောင် ဖြစ်ခဲ့တယ်တဲ့။ ဒါပေမဲ့ အဲဒီတိုက်ပွဲပြီးသွားပြီးတော့ ရီဖူရှင်းက ကောင်းကင်ကပ်ဘေးကို ဖြတ်ကျော်နိုင်ခဲ့တယ်... အဲဒီနောက်မှာ သူက ပြောင်းလဲမှုတစ်ခုနဲ့ ကြုံတွေ့ခဲ့ရတယ်။ ဟောင်ထျန်းကလန် ကြောက်နေတာ သူဖြစ်နေလိမ့်မယ်လို့ မင်းတို့ထင်လား”
ထိုတိုက်ပွဲအကြောင်းကို ကြားခဲ့သော တစ်စုံတစ်ယောက်က မေးလိုက်သည်။
“ငါလည်း အဲဒီအကြောင်းကို ကြားခဲ့တယ်။ အဲဒီလို ဖြစ်နိုင်တယ်”
မြို့အတွင်း၌ သတင်းပေါင်းစုံ ပွထနေသည်။ အရာအားလုံးသည် မကြာသေးခင်က ဟောင်ထျန်းကလန်တွင် ဖြစ်ခဲ့သော ပြောင်းလဲမှုများက အစပြုခဲ့ခြင်းဖြစ်သည်။ ထိုကိစ္စသည် လူများစွာ၏အာရုံကို ဆွဲဆောင်နိုင်ပေသည်။
မြို့တွင်းမှ ကျင့်ကြံသူများအားလုံး ပြောဆို ခန့်မှန်းနေကြစဉ်တွင် မြင့်မားသော ကောင်းကင်ထက်၌ လူတစ်ယောက်သည် လေထုကို ဖြတ်သန်း၍ ဤအဓိကမြို့တော်ဆီသို့ လာကာ ဟောင်ထျန်းကလန်တည်ရှိသည့်နေရာသို့ ဦးတည်သွားနေလေသည်။
“ဟမ်...”
လေထဲတွင် သွားလာနေကြသော ကျင့်ကြံသူအချို့သည် ရီဖူရှင်းကို မြင်လိုက်ရသဖြင့် အံ့ဩတကြီး ဖြစ်သွားကြသည်။ လူများစွာသည် သူ့အောက်မှ ဖြတ်သွားကြ၏။
“ထူးဆန်းလိုက်တာ...”
တစ်စုံတစ်ယောက်သည် နောက်လှည့်၍ ထိုဘက်သို့ ကြည့်သည်။ ထို့နောက် သူ၏မျက်လုံးများစူးရှသွားပြီး လျင်မြန်စွာသွားနေသည့်လူကို စိုက်ကြည့်လိုက်လေသည်။
“အဲဒါ ရီဖူရှင်းပဲ...”
တစ်စုံတစ်ယောက်က ပြောလိုက်၏။
“သူက ဟောင်ထျန်းမြို့ထဲကို ရောက်နေတာပဲ။ သူက ဘာလုပ်...”
သူတို့အားလုံးသည် မကြာသေးခင်က ဟောင်ထျန်းကလန်တွင် ဖြစ်ပျက်ခဲ့သော ပြောင်းလဲမှုများကို တွေးမိသွားသောအခါ တစ်စုံတစ်ခုကို သဘောပေါက်သွားပြီး နောက်လှည့်ကာ အခြားတစ်ဘက်သို့ လျှောက်သွားကြလေသည်။
မကြာခင်မှာပင် ဟောင်းထျန်းမြို့ထဲ၌ အထူးသတင်းတစ်ခု စတင် ပျံ့နှံ့သွား၏။
ဟောင်ထျန်းကလန်တွင် ဖြစ်ပျက်ခဲ့သော ပြောင်းလဲမှုများသည် သူတို့ကို သတ်ဖြတ်ရန် ရောက်လာသည့် ရီဖူရှင်းကြောင့် ဖြစ်ပေသည်။
ထိုသတင်းသည် မြို့တွင်း၌ အလွန်ရုတ်ရုတ်သဲသဲ ဖြစ်သွားစေပြီး လျှပ်စီးအလျင်နှင့် ပျံ့နှံ့သွားပေသည်။ ကျင့်ကြံသူများစွာသည် ဟောင်ထျန်းကလန်ရှိရာဘက်သို့ သွားလိုက်ကြသည်။
လက်ရှိဟောင်ထျန်းကလန်သည် အမှန်ပင် ရီဖူရှင်းကို အလွန်ကြောက်ရွံ့နေပုံပင်။
သတင်းပျံ့နှံ့သွားသည်နှင့် တစ်ချိန်တည်းတွင် ရီဖူရှင်းသည် ဟောင်ထျန်းကလန်သို့ ရောက်သွားသည်။ ရီဖူရှင်းသည် အေးစက်၍ ထီမထင်သောမျက်လုံးများဖြင့် သူ့ရှေ့ရှိ မိုးထိအောင်မြင့်မားသော ဟောင်ထျန်းကလန်ကို ကြည့်သည်။ သူသည် အောက်ဘက်ရှိ ဟောင်ထျန်းအထိမ်းအမှတ်နတ်ကျောက်တိုင်ကို ကြည့်လိုက်၏။ ရုတ်ခြည်းပင် အထိမ်းအမှတ်ကျောက်တိုင်သည် ယင်ဓာတ်စွမ်းအား၏ လွှမ်းခြုံမှုကို ခံလိုက်ရပြီး အမှုန့်ဖြစ်သွားသည်။
အဝေးရှိ ဟောင်ထျန်းကလန်အပြင်မှ ကျင့်ကြံသူများစွာသည် ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ အလွန်အမင်း ရင်တုန်သွားကြသည်။ တစ်စုံတစ်ယောက်သည် ဟောင်ထျန်းကလန်၏ အထိမ်းအမှတ်နတ်ကျောက်တိုင်ကို ဖျက်ဆီးပစ်လိုက်ပေပြီ။
ထို့နောက်တွင် ပို၍ပင် တုန်လှုပ်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခု ထွက်ပေါ်လာ၏။ ဟောင်ထျန်းကလန်အတွင်းသို့ ကြောက်မက်ဖွယ် အရှိန်အဝါများစွာ ကျဆင်းလာသည်။
ရီဖူရှင်းသည် အံ့ဩဟန်မပြဘဲ ပုံမှန်အတိုင်း ဆက်ပြုမူနေ၏။ လွန်ခဲ့သော နှစ်ပေါင်းများစွာက သူနှင့် ရှေးဟောင်းနတ်ဘုရားကလန်ခြောက်ခုသည် ပထမဆုံး ရန်ငြိုးကို ရရှိခဲ့သည်။ ထိုရှေးဟောင်းနတ်ဘုရားကလန်ခြောက်ခုသည် မဟာမိတ်ဖွဲ့ထားပြီး သတင်းများ ဖလှယ်ကြပေသည်။
သူသည် ဗုဒ္ဓကုန်းမြေကို ဖျက်ဆီးခဲ့ပြီး သူတို့၏ မဟာအင်ပါယာကို သတ်ဖြတ်ခဲ့သည်။ အခြားရှေးဟောင်းနတ်ဘုရားကလန်များသည် ထိုကဲ့သို့သော အရေးပါသည့်သတင်းကို မည်သို့ မသိရှိဘဲ နေမည်နည်း။
ထို့အပြင် သူတို့သည် သူ၏ပစ်မှတ်ကိုသိ၏။ ထို့ကြောင့် သူတို့ ဤနေရာသို့ အပြေးအလွှား ရောက်ရှိလာခြင်းဖြစ်သည်။
ရှေးဟောင်းနတ်ဘုရားကလန်ခြောက်ခုထဲတွင် ထျန်းယန်မြို့တော်နှင့် ဗုဒ္ဓကုန်းမြေတို့ ဖျက်ဆီးခံလိုက်ရပြီဖြစ်သည်။ ယခုတွင် ရှေးဟောင်းနတ်ဘုရားကလန်လေးခုသာ ကျန်ပေတော့သည်။ ထို့ကြောင့် သူတို့ အင်အားပူးပေါင်းခြင်းသည် အံ့ဩစရာ မရှိပေ။ အထူးသဖြင့် ယခုတွင် ရီဖူရှင်းသည် ဗုဒ္ဓကုန်းမြေ၏ မဟာအင်ပါယာကို သတ်လိုက်ပြီဖြစ်၍ သူတို့ အင်အားပူးပေါင်းသည်မှာ သဘာဝကျပေသည်။
ကွဲပြားသောနေရာအသီးသီး၌ မဟာအင်ပါယာလေးပါး ထွက်ပေါ်လာ၏။ သူတို့ထံမှနေ၍ ကြောက်မက်ဖွယ် အရှိန်အဝါလေးခု ထွက်ပေါ်နေပြီး ဤအာကာပြင်ကို ဖိနှိပ်ထားကာ ဟောင်ထျန်းမြို့တော်နှင့် အဝေးရှိ ကျင့်ကြံသူများကို တုန်လှုပ်နေစေလေသည်။
ဟောင်ထျန်းကလန်အတွင်းမှ ပြောင်းလဲမှုများသည် ရီဖူရှင်းကြောင့် ဖြစ်နေခဲ့သည်။ သူနှင့် ရင်ဆိုင်ရန် ရှေးဟောင်းနတ်ဘုရားကလန်လေးခုမှ မဟာအင်ပါယာများသည် ဤနေရာတွင် တစ်ပြိုင်တည်း ထွက်ပေါ်လာကြသည်။
လက်ရှိ ရီဖူရှင်းသည် အလွန်ကြောက်မက်ဖွယ်ကောင်းနေပြီလော။
ထို ရှေးခေတ်မှ မဟာအင်ပါယာလေးပါးသည် နတ်စွမ်းအားများ ထုတ်လွှတ်လိုက်၏။ သူတို့၏မျက်လုံးများထဲတွင် ရီအင်ပါယာနန်းတော်ကို ကျူးကျော်ခဲ့တုန်းကကဲ့သို့ အထင်သေးမှုများ မရှိတော့ပေ။ ယခုတွင် သူတို့၏မျက်လုံးများထဲတွင် စိုးရိမ်မှုများကသာ စိုးမိုးနေသည်။ သူတို့ထဲမှ တစ်ယောက်သည် ရီဖူရှင်း၏လက်ချက်ဖြင့် သေခဲ့ပြီ မဟုတ်ပါလား။
ရီဖူရှင်းသည် မဟာအင်ပါယာလေးပါးကို တစ်ချက်ကြည့်လိုက်၏။ သို့သော် မည်သည့်စကားမှ မဆိုလိုက်ချေ။ သူ့ခန္ဓာကိုယ်ပေါ်တွင် စွမ်းအားကြီး နတ်အလင်းထွက်ပေါ်လာပြီး သူ၏လက်နှစ်ဘက်စလုံးကို မြှောက်လိုက်လေသည်။ ရုတ်တရက် ဧရာမကြယ်တာရာများ ထွက်ပေါ်လာပြီး ကောင်းကင်ကို အလုံးစုံ ကာရံသွားသည်။ အဝေးမှနေ၍ တိုက်ပွဲကို ကြည့်နေသူများသည် သူတို့ခေါင်းထက်ရှိ ကောင်းကင်သည် မှေးမှိန်လာသည်ကို တွေ့လိုက်ရသောအခါ ကြောက်ရွံ့သွားကြသည်။
“ဒါက...”
ဟောင်ထျန်းကလန်မှ ကျင့်ကြံသူများသည် ကြောက်ရွံ့တုန်ရင်နေကြသည်။ ထို့နောက် သူတို့သည် ရီဖူရှင်း၏လက်များ ပြန်ကျသွားသည်ကို မြင်လိုက်ရ၏။ ရုတ်ခြည်းအတွင်းမှာပင် ဟောင်ထျန်းကလန်ကောင်းကင်ထက်ရှိ ကြယ်တာရာများသည် အောက်ဘက်သို့ ကျဆင်းလာပြီး ဟောင်ထျန်းကလုံးကို အလုံးစုံနှစ်မြှုပ်လိုက်လေသည်။ ထို့ကြောင့် ဟောင်ထျန်းကလန်သည် ယခုတွင် သမိုင်းတစ်ခုအဖြစ်သာ ကျန်ရှိခဲ့လေတော့သည်။
အရှင်ဟောင်ထျန်း၏မျက်နှာထား အနည်းငယ်ပြောင်းလဲသွားပြီး မဟာစွမ်းအားတစ်ခုကို သူ ရုတ်တရက် ထုတ်လွှတ်လိုက်၏။ ရုတ်ခြည်းပင် နတ်စွမ်းအားတစ်ခု ဖြစ်ပေါ်လာပြီး ထိုကောင်းကင်ကို ထောက်ကန်လိုက်သည်။
ဝုန်း...ဝုန်း...ဝုန်း...
ကြောက်မက်ဖွယ် ကျယ်လောင်သောအသံများကို ကြားလိုက်ရပြီး ဧရာမ အကန့်အသတ်မဲ့ကောင်းကင်ခန္ဓာကိုယ်များ ကျဆင်းလာသည်။ သို့သော် ၎င်းတို့သည် ဟောင်ထျန်းနတ်စွမ်းအား၏ တားဆီးမှုကို ခံလိုက်ရပြီး လေထဲတွင် ရပ်သွားသည်။
ရီဖူရှင်း၏မျက်လုံးများသည် ထိုဘက်သို့ ကြည့်လိုက်၏။ သူ၏မျက်လုံးများသည် နေနှင့်လအဖြစ် ပြောင်းလဲသွားပြီး အရိပ်နှင့်နေ နတ်စွမ်းအားများသည် အရှင်ဟောင်ထျန်းထံ တိုက်ရိုက်ပျံထွက်သွားသည်။ အရှင်ဟောင်ထျန်းသည် လက်နှစ်ဘက်စလုံးကို အသည်းအသန် မြှောက်လိုက်ပြီး ကောင်းကင်ထက်သို့ ရိုက်ထုတ်လိုက်သည်။ ရုတ်တရက် သူတို့အထက်ရှိ ကြယ်တာရာများသည် ပေါက်ကွဲ ပျက်စီးသွားသည်။ အရှင်ဟောင်ထျန်းသည် သူ၏လက်ဝါးများကို ရှေ့သို့ ထပ်မံ ရိုက်ထုတ်လိုက်ပြီး ပျံဝင်လာသည့် အရိပ်နှင့်နေ နတ်စွမ်းအားများကို ကာရံလိုက်သည်။
အခြားမဟာအင်ပါယာသုံးပါးသည်လည်း ကောင်းကင်မှ ကျဆင်းလာသည့် ကြယ်တာရာများကို ခုခံလိုက်သည်။ သူတို့သည် ၎င်းတို့ကို ထောက်ကန်ရန် ကြိုးစားခြင်း သို့မဟုတ် နတ်စွမ်းအားဖြင့် ၎င်းတို့ကို တိုက်ရိုက်တိုက်ခိုက်ကာ ဖျက်ဆီးပစ်ခြင်းတို့ဖြင့် ခုခံနေကြသည်။
ရီဖူရှင်းသည် အကြည့်လွှဲကာ အောက်ဘက်ရှိ ဟောင်ထျန်းကလန်ကို ကြည့်သည်။ နေနတ်မီးတောက် ကျဆင်းသွားပြီး ရုတ်ခြည်းအတွင်းမှာပင် ကျယ်ပြောသောဟောင်ထျန်းကလန်သည် နတ်မီးတောက်များ၏ လောင်ကျွမ်းမှုကို ခံလိုက်ရကာ ချက်ချင်း ပြာဖြစ်သွားသည်။ နေရာအနှံ့သည် ဆက်၍လောင်ကျွမ်းနေပြီး တစ်ခဏအတွင်းမှာပင် နေနတ်မီးတောက်သည် ဟောင်ထျန်းကလန်တစ်ခွင်လုံးကို လွှမ်းခြုံသွားပေပြီ။
ကံအားလျော်စွာ ဟောင်ထျန်းကလန်မှ ကျင့်ကြံသူများသည် နေရာရွှေ့ပြောင်းထားပြီး ဖြစ်နေသည်။ ဟောင်ထျန်းမြို့မှ ကျင့်ကြံသူများစွာသည် ရင်ထဲမှ ကြိတ်၍အံ့ဩချီးမွမ်းနေကြ၏။ သူတို့သည် အမှန်ပင် ရီဖူရှင်းကို တားဆီးနိုင်ခဲ့မည် မဟုတ်ပေ။ နေနတ်မီးတောက် ကျဆင်းလာသည်နှင့် တစ်ပြိုင်နက် အနီးနားရှိ မည်သည့်ကျင့်ကြံသူမဆို အသတ်ခံလိုက်ရမည်ဖြစ်သည်။
ဟောင်ထျန်းကလန်မှ လူများ လွတ်သွားသော်လည်း ဟောင်ထျန်းကလန်ကတော့ မရှိတော့ပေ။ ၎င်းသည် မီးလောင်ပြာကျသွားပြီဖြစ်သည်။
“ရီဖူရှင်း...”
ထိုအခိုက်တွင် ကောင်းကင်ထက်မှနေ၍ အားကောင်းသောအသံတစ်သံ ထွက်ပေါ်လာ၏။ ၎င်းအသံသည် ဟင်းလင်းပြင်ကို ထိုးဖောက်လာသကဲ့သို့ပင်။ ထို့နောက်တွင် ကောင်းကင်မှနေ၍ နတ်အလင်းတန်းများ ကျဆင်းလာပြီး အာကာသလမ်းကြောင်းများကဲ့သို့ ဟင်းလင်းပြင်ကို ထိုးဖောက်သွားသည်။
ရွှေရောင်နတ်အလင်းကျဆင်းလာပြီး လူအချို့သည် ရွှေရောင်လမ်းကြောင်းအတွင်းမှ ထွက်လာကြသည်။ သူတို့အားလုံးထံတွင် ကြောက်မက်ဖွယ်ကောင်းသည်ထက် ပိုသော အံ့အားသင့်ဖွယ် အရှိန်အဝါများ ရှိပေသည်။
ဟောင်ထျန်းမြို့တော်မှ ကျင့်ကြံသူများစွာသည် သူတို့၏မျက်လုံးများကို မှိတ်လိုက်၏။ နတ်အလင်းသည် အလွန် မျက်စိကျိန်းဖွယ်ပင်။
ရီဖူရှင်း၏မျက်လုံးများသည် ဆင်းသက်လာသော ထိုကျင့်ကြံသူများကို စိုက်ကြည့်နေသည်။ သူသည် ရင်းနှီးသော မျက်နှာများစွာကို မြင်လိုက်ရ၏။ ထိုထဲတွင် ကောင်းကင်ဒေသ၏ မင်းသမီး ဒွန်ဟောင်တိယွမ်လည်း ပါပေသည်။
သူမဘေး၌ ကောင်းကင်ဒေသ၏ ဒွန်ဟောင်အင်ပါယာနန်းတော်တွင် အသန်မာဆုံးပုဂ္ဂိုလ်ဟု ကျော်ကြားသည့် လီတောက်လျှို့ ပါလာလေသည်။
သို့သော် ဤတစ်ကြိမ်တွင် ရွှေရောင်လမ်းကြောင်းများမှ ထွက်လာသူများထဲတွင် လီတောက်ရှို့ထက် အားနည်းသူတစ်ယောက်မှ မပါပေ။ ထိုလူများသည် ဒွန်ဟောင်အင်ပါယာနန်းတော်၏ ဝှက်ဖဲများ ဖြစ်ပေလိမ့်မည်။ ထိုအရာသည် ထူးဆန်းသည်ဟု ရီဖူရှင်း မခံစားရပေ။ ထိုကဲ့သို့သော ကျင့်ကြံသူအုပ်စုသည် လူသားဘုံတွင်လည်း ရှိပေသည်။ ထို့ကြောင့် ကောင်းကင်ဒေသတွင်လည်း ထိုသို့သော ကျင့်ကြံသူအုပ်စု ရှိနေခြင်းမှာ အံ့အားသင့်စရာမရှိပေ။
တစ်ခါက အရှင်ဒွန်ဟောင်သည် ကောင်းကင်ဒေသကို စည်းလုံးစေခဲ့သည်။ ထို့ကြောင့် သူ့အမိန့်ကို နာခံကာ သူ့လက်အောက်တွင် ကျင့်ကြံနေခဲ့သော ရှေးခေတ်မှ စွမ်းအားကြီး ပုဂ္ဂိုလ်များ ရှိနေနိုင်ပေသည်။
“ဒွန်ဟောင်အင်ပါယာနန်းတော် ရောက်လာပြီ”
ဟောင်ထျန်းမြို့ထဲမှ ကျင့်ကြံသူများသည် ဒွန်ဟောင်အင်ပါယာနန်းတော်ကိုပင် တပ်လှန့်နိုင်သော ရီဖူရှင်း၏အင်အားကို ကြိတ်၍အံ့ဩချီးမွမ်းလိုက်ကြလေသည်။