← Chapters

လက်အောက်ခံခြင်း

Vol. 196 Ch. 2800

လက်အောက်ခံခြင်း

Vol. 196 Ch. 2800

ဒွန်ဟောင်တိယွမ်သည် ရီဖူရှင်းဘက်သို့ ကြည့်လိုက်၏။ သူမ၏မျက်လုံးများထဲတွင် ခံစားချက်အရိပ်အယောင်တစ်ခုပင် မမြင်ရပေ။ အေးစက်မှုသာ ရှိနေသည်။

သူမသည် စကားမပြောဘဲ ဟောင်ထျန်းအရှင်နှင့် အခြားမဟာအင်ပါယာသုံးပါးကို လှည့်ကြည့်သည်။ ထို့နောက်မှ သူမပြောလိုက်၏။

“ရှေးဟောင်းနတ်ဘုရားကလန်လေးခုက ဒွန်ဟောင်အင်ပါယာနန်းတော်ဆီမှာ လက်အောက်ခံမှာလား”

“ဘာလဲဟ...”

ဟောင်ထျန်းမြို့ထဲမှ လူအားလုံး အံ့အားသင့်သွားသည်။ ဒွန်ဟောင်တိယွမ်၏စကားသည် ဘာအဓိပ္ပာယ်နည်း။

သူမသည် ရှေးဟောင်းနတ်ဘုရားကလန်လေးခုမှ မဟာအင်ပါယာလေးပါးကို သူမ ဒွန်ဟောင်တိယွမ်ထံတွင် လက်အောက်ခံမည်လောဟု မေးနေခြင်းလော။ သို့တည်းမဟုတ် သူမသည် ရှေးဟောင်းနတ်ဘုရားကလန်လေးခုက ဒွန်ဟောင်အင်ပါယာနန်းတော်၏ အမိန့်များကို နာခံမည်လောဟု မေးနေခြင်းလော။

သူတို့ နားမလည်ကြပေ။ သို့သော် မဟာအင်ပါယာလေးပါးက နားလည်ပေသည်။ ရီဖူရှင်းလည်း နားလည်သည်။

ရှေးဟောင်းနတ်ဘုရားကလန်၏ မဟာအင်ပါယာငါးပါးသည် ကျင့်ကြံရန်အတွက် လူသားဘုံသို့ သွားခဲ့ရမည်ဟု သူ ယခင်က ခန့်မှန်းခဲ့သည်။ သို့သော် လူသားဘိုးဘေးသည် နှစ်ကျပ်ကွက်နင်းလိုခြင်းဖြစ်သည်။ ပို၍ အရေးကြီးသည်မှာ ကောင်းကင်ဒေသသည် ရှေးဟောင်းနတ်ဘုရားကလန်များအပေါ် အာဏာမရှိခြင်းပင်။ ထို့ကြောင့် ထိုကိစ္စကို မည်သို့မှ မဖြေရှင်းနိုင်ဖြစ်နေသည်။ ရှေးဟောင်းနတ်ဘုရားကလန်များသည် ကောင်းကင်ဒေသပိုင်သည့် နယ်မြေများထဲတွင် အခြေချနေခြင်းသာ မဟုတ်ပါလား။ ၎င်းတို့သည် ဒွန်ဟောင်အင်ပါယာနန်းတော်၏ အမိန့်အောက်တွင် ရှိသော အင်အားစုများ မဟုတ်သေးပေ။

အရှင်ဒွန်ဟောင်သည် သူတို့ကို တစ်ခုခုလုပ်ရန် ဖိအားပေးနိုင်သည့် အနေအထားတွင် မရှိချေ။ သူသာ အတင်းအကျပ်လုပ်ခဲ့လျှင် သူ၏ကိုယ်ပိုင်စည်းမျဉ်းကို ချိုးဖောက်သလိုဖြစ်ကာ မှော်နက်လောကနှင့် ပုံစံတူဖြစ်လာမည်ဖြစ်သည်။

သို့သော် ဤတစ်ကြိမ်တွင် သူတို့သည် ရီဖူရှင်း၏ ခြိမ်းခြောက်မှုကို ခံနေရလေသည်။ ထို့ကြောင့် ဤကဲ့သို့ ဘေးကျပ်နံကျပ်အခြေအနေတွင် ဒွန်ဟောင်တိယွမ်သည် အရေးပါသော ထိုမေးခွန်းကို မေးလိုက်ခြင်းဖြစ်သည်။ သူတို့ လက်အောက်ခံမည်မဟုတ်ဟု သူတို့ပြောနိုင်၏။ သို့သော် ထိုသို့ဖြေလိုက်လျှင် ဒွန်ဟောင်တိယွမ်နှင့် ဒွန်ဟောင်အင်ပါယာနန်းတော်မှ ကျင့်ကြံသူများသည် ‌ဘေးမှသာ ရပ်ကြည့်နေနိုင်ပေသည်။ အကယ်၍ သူတို့သာ လက်အောက်ခံမည်ဟု အဖြေပေးလိုက်လျှင် ယခုမှစ၍ သူတို့သည် အရှင်ဒွန်ဟောင်၏ အုပ်ချုပ်မှုအောက်သို့ ရောက်သွားပေလိမ့်မည်။ အရှင်ဒွန်ဟောင်သည် သူတို့ကို အမိန့်ပေးပေလိမ့်မည်။

ကောင်းကင်ထက်တွင် နတ်အလင်း တောက်ပစွာ လင်းလက်လာသည်။ လွန်စွာ ခမ်းနားသော အာကာသလမ်းကြောင်းများသည် ကောင်းကင်ထက်တွင် ရှိနေဆဲဖြစ်သည်။ ဒွန်ဟောင်တိယွမ်သည် ယခင်ကထက်ပင် ပို၍ လှပထည်ဝါနေသည်။

သူမထံမှ မေးခွန်းတစ်ခုသည် မဟာအင်ပါယာလေးပါးကို ရွေးချယ်ခိုင်းလိုက်ခြင်းပင်။

မဟာအင်ပါယာလေးပါးသည် မည်သို့မှ ပြန်မပြောကြပေ။ အကယ်၍ သူတို့သာသဘောတူခဲ့လျှင် ဒွန်ဟောင်အင်ပါယာနန်းတော်ကို နာခံလိုက်ခြင်းနှင့် အတူတူပင်ဖြစ်သည်။ သို့သော် သူတို့သာ သစ္စာဖောက်တစ်ဦး ဖြစ်လာဝံ့လျှင်လည်း အရှင်ဒွန်ဟောင် ကိုယ်တိုင်ဝင်ပါ၍ သူတို့ကို သတ်ပစ်နိုင်ပေသည်။ သူတို့သည် သူတို့အတွက် မည်သို့မှ ခုခံပြောဆိုနိုင်လိုက်မည် မဟုတ်ပေ။ လူသားဘိုးဘေးပင် မည်သို့မှ တတ်နိုင်မည် မဟုတ်ချေ။

တစ်စုံတစ်ယောက်ထံတွင် လောကကြီး၏ အခြေခံစည်းမျဉ်းများကို ချိုးဖျက်နိုင်မည့် အကြွင်းမဲ့စွမ်းအားမရှိလျှင် ထိုစည်းမျဉ်းများကို လိုက်နာရဦးမည်သာဖြစ်သည်။

ဒွန်ဟောင်တိယွမ်ထံတွင်လည်း သူမအကြံနှင့်သူမရှိကြောင်း ရီဖူရှင်း သဘောပေါက်ပေသည်။

သူ၏ခန္ဓာကိုယ်သည် တဖြည်းဖြည်း ကြီးမားလာပြီး ကောင်းကင်နတ်ဘုရားတစ်ပါးအဖြစ် ထပ်မံပြောင်းလဲသွား၏။ သူ သူ၏လက်များကို ဆန့်တန်းလိုက်ရာ လက်ထဲတွင် ဧရာမနတ်တုတ်ကြီးတစ်ချောင်း ထွက်ပေါ်လာ၏။ ထိုတုတ်သည် ရွှေရောင်ဖြစ်ပြီး ကြယ်တာရာအလင်းများ လင်းလက်တောက်ပနေ၏။ ၎င်းသည် ၎င်းဘာသာ ပြုတ်ကျသွားပင်လျှင် ကောင်းကင်အောက်ရှိ အရာအားလုံးကို ဖိချေပစ်ရန် လုံလောက်ပေသည်။

ရွှီး...

ရီဖူရှင်း၏ခန္ဓာကိုယ်သည် ရှေ့သို့ရွေ့လျားသွား၏။ ထိုနတ်ဘုရားခန္ဓာကိုယ်ကြီးသည် လက်ထဲတွင် နတ်တုတ်တစ်ချောင်းကို ကိုင်၍ အရှင်ဟောင်ထျန်းထံသို့ တည့်တည့်မတ်မတ် သွားနေလေသည်။

အရှင်ဟောင်ထျန်း၏အကြည့်များ စူးရှသွားသည်။ ရီဖူရှင်း၏အရှိန် တိုးလာသည်ကို သူတွေ့လိုက်၏။ ထိုနတ်ဘုရားခန္ဓာသည် သူ့ထံသို့ တိုက်ရိုက်လျင်မြန်စွာလာနေပြီး နတ်တုတ်သည်လည်း အတူပါလာလေသည်။ ထိုဧရာမနတ်တုတ်သည် အလွန်ပေါ့ပါး၍ သွက်လက်သကဲ့သို့ ရီဖူရှင်း၏လက်ထဲတွင် လည်ပတ်နေသည်။ သို့သော် ၎င်း ရိုက်ချလိုက်သောအခါ လေခွင်းသံတစ်သံကို ဟင်းလင်းပြင်တစ်ခွင်လုံးတွင် ကြားလိုက်ရ၏။ အာကာပြင်သည် ပေါက်ကွဲသွားပြီး ကောင်းကင်နှင့်မြေကြီး ပျက်စီးသွားတော့မလိုပင် ထင်လိုက်ရ၏။

ဟောင်ထျန်းမြို့တွင်း အဝေးနေရာ၌ ရပ်ကြည့်နေကြသော ကျင့်ကြံသူများသည် လွှဲရိုက်လိုက်သော တုတ်ကြီးကို မြင်လိုက်သေအခါ လေးလံသောဖိအားကို ခံစားလိုက်ကြရ၏။

အရှင်ဟောင်ထျန်းသည် သူ့လက်ကို မြှောက်၍ ဆန့်ထုတ်လိုက်၏။ ရုတ်တရက် သူ့လက်ဝါးထဲတွင် ကြောက်မက်ဖွယ် ဟောင်ထျန်းနတ်စွမ်းအား ထွက်ပေါ်လာ၏။ ကြီးမားသော နတ်လက်ဝါးပြင်တစ်ခု ပျံထွက်သွား၏။ ၎င်းသည် ကောင်းကင်မှ လက်ဝါးချက်ဟုထင်ရပြီး လေးလံနှေးကွေးပေသည်။

ထိုကြောက်မက်ဖွယ် တိုက်ခိုက်မှုနှစ်ခု ထိတိုက်သွားသောအခါ ကောင်းကင်နှင့်မြေကြီး ကြေမွသွားပြီး ဟင်းလင်းပြင်တစ်ခွင်လုံး တုန်ခါသွားသည်။ အဖျက်မုန်တိုင်းတစ်ခု ထွက်ပေါ်လာပြီး ဟောင်ထျန်းနတ်လက်ဝါးချိပ်စည်းပေါ်တွင် အက်ကြောင်းများစွာ ထွက်ပေါ်လာ၏။ ထို့နောက် ၎င်းသည် စတင်ကွဲအက် ပျက်စီးလာလေသည်။ ၎င်းသည် ဧရာမနတ်တုတ်ကြောင့် အစိတ်စိတ်အမွှာမွှာ ဖြစ်သွားပြီး ကြောက်မက်ဖွယ် မုန်တိုင်းသည်လည်း ဆက်လက် တိုက်စားနေသည်။ အရှင်ဟောင်ထျန်းသည် ထိုအခိုက်တွင် လွန်စွာကြီးမားသော ဖိအားကို ခံစားလိုက်ရ၏။

ရီဖူရှင်း၏တိုက်ခိုက်မှုသည် သူ၏နတ်စွမ်းအားကို ဖျက်ဆီးပစ်ရန် လုံလောက်ပေသည်။

သို့သော် ရီဖူရှင်းက အရှင်ဟောင်ထျန်းကို တိုက်ခိုက်လိုက်ချိန်တွင် အခြားမဟာအင်ပါယာသုံးပါးလည်း လှုပ်ရှားလိုက်ကြသည်။ ကောင်းကင်အင်ပါယာကျန်းသည် ရွှေနတ်လှံပုဆိန်ကိုကိုင်၍ ၎င်းကို အလင်းတန်းတစ်ခုအဖြစ် ‌ပြောင်းလဲလိုက်သည်။ အဖျက်နတ်လှံပုဆိန်သည် ဟင်းလင်းပြင်ကို ဖြတ်သန်းသွားပြီး ကျဆင်းလာကာ ရီဖူရှင်း၏ နတ်ဘုရားခန္ဓာကိုယ်ကို တိုက်ခိုက်လိုက်သည်။ ထိုအချိန်တွင် ရီဖူရှင်း၏ခန္ဓာကိုယ်သည် ဧရာမကြီးဖြစ်နေပြီဖြစ်၏။ ထို့ကြောင့် သူသည် ဧရာမပစ်မှတ်တစ်ခုလည်း ဖြစ်နေသည်။ ထိုပြင်းထန်သော တိုက်ခိုက်မှုသည် ၎င်း၏ပစ်မှတ်အပေါ် ကျဆင်းသွားလျှင် အသွေးအသားကို ထွင်းဖောက်သွားနိုင်လောက်ပေသည်။

အရှင်ဝူလျန့်သည် မရေမတွက်နိုင်အောင် များပြားသော နတ်ဓားများကို ပစ်လွှတ်လိုက်ပြီး အရှင်ယွမ်ရှစ်သည် ရီဖူရှင်းပေါ်သို့ နတ်ဘုရားပြစ်ဒဏ်ပေးခြင်းစွမ်းအားကို ကျဆင်းသွားစေသည်။

ရုတ်ခြည်းအတွင်းမှာပင် အဖျက်အားကြီးသည့် တိုက်ခိုက်မှုများသည် ဤနေရာရှိ ကောင်းကင်နှင့် မြေကြီးကို လွှမ်းမိုးသွားကာ ရီဖူရှင်းကို နှစ်မြှုပ်ပစ်ရန် အဆင့်သင့်ဖြစ်နေကြသည်။

ဝုန်း...

ရီဖူရှင်း၏ခန္ဓာကိုယ်သည် အတုမဲ့အရှိန်အဝါတစ်ခုကို ထုတ်လွှတ်လိုက်၏။ သူသည် နတ်ဘုရားတစ်ပါးအဖြစ် ပြောင်းလဲသွားပြီးဖြစ်ပြီး သူ့ခေါင်းပေါ်ရှိ ဆံသားတိုင်း ထောင်လာကြပြီး နတ်ဘုရားပြစ်ဒဏ်ပေးခြင်းစွမ်းအား၏ ရက်စက်ကြမ်းတမ်းသော တိုက်ခိုက်မှုကို ခုခံရန် ထက်ရှိသောဓားတစ်ချောင်းအဖြစ် ပြောင်းလဲသွား၏။ သူ၏အရေပြားသည် လောကအတွင်းရှိ အမာကြောဆုံးကျောက်သားအဖြစ် ပြောင်းလဲသွား၏။ သန်းချီသော နတ်ဓားများနှင့် နတ်လှံပုဆိန်များ သူ့ကိုယ်ပေါ်သို့ ကျဆင်းလာသော်လည်း သူ့ခန္ဓာကိုယ်ကို မဖျက်ဆီးပစ်နိုင်ခဲ့ချေ။

ရီဖူရှင်း ထိုအစွမ်းကို ထုတ်လိုက်သောအခါ သူ၏ခန္ဓာကိုယ်သည် အသွေးအသားနှင့် သေမျိုးခန္ဓာကိုယ် မဟုတ်တော့ဘဲ စစ်မှန်သော နတ်ဘုရားခန္ဓာကိုယ်အဖြစ် ပြောင်းလဲသွားခြင်းဖြစ်သည်။

ထိုခန္ဓာကိုယ်မှနေ၍ အတုမဲ့ အလင်းတန်းများ ထွက်ပေါ်လာပြီး ယင်ဓာတ်နတ်စွမ်းအားသည် ထို သန်းချီသော နတ်ဓားများနှင့် နတ်လှံပုဆိန်များကို ရုတ်ခြည်း အေးခဲသွားစေ၏။ ရီဖူရှင်း၏ နတ်ဘုရားကဲ့သို့ ခန္ဓာကိုယ်သည် နတ်တုတ်နှင့်အတူ လှည့်ပတ်လိုက်သည်။ ကျယ်လောင်သော ထစ်ချုန်းသံများ ထွက်ပေါ်လာ၏။ ကောင်းကင်နှင့်မြေကြီး မြည်ဟည်းလာပြီး မရေမတွက်နိုင်သော တိုက်ခိုက်မှုများ ပေါက်ကွဲ ပျက်စီးသွားသည်။ ကောင်းကင်တွင် တုတ်ရိုက်ချက် အရိပ်များ ပြည့်နှက်သွား၏။ ထိုရိုက်ချက်များသည် မဟာအင်ပါယာလေးပါးကို တစ်ပြိုင်တည်း ရိုက်ချလိုက်သည်။

မဟာအင်ပါယာလေးပါးသည် သူတို့ကိုယ်သူတို့ ကာကွယ်ရန် သူတို့၏တိုက်ခိုက်မှုများကို တစ်ချိန်တည်း ထုတ်လွှတ်လိုက်၏။ တုတ်အရိပ်များသည် ကောင်းကင်တစ်ခွင်လုံးကို ဖုံးလွှမ်းထားပြီး တုတ်ချက်တစ်ချက်စီတိုင်းတွင် ဟင်းလင်းပြင်ကို ချေမွှ၍ ကောင်းကင်ကို ကွဲအက်စေနိုင်ရန် လုံလောက်သော မဟာနတ်စွမ်းအား ပါဝင်ပေသည်။

တစ်ချိန်တည်းမှာပင် အရိပ်နှင့်နေ နတ်ရောင်ဝါ ဖြာကျလာပြီး အကန့်အသတ်မဲ့အာကာပြင်ကို လွှမ်းခြုံသွားသည်။ သို့သော် ၎င်းသည် အရှင်ဟောင်ထျန်းကိုသာ အထူးပစ်မှတ်ထား ထားလေသည်။ ရီဖူရှင်းသည် တစ်ကြိမ်လျှင် တစ်ယောက် ရင်ဆိုင်၍ တစ်ယောက်ချင်း ရှင်းပစ်တော့ပေမည်။

“ဒါက...”

ဟောင်ထျန်းမြို့ထဲမှ ကျင့်ကြံသူများသည် ထိုတိုက်ပွဲကို မြင်လိုက်ရသောအခါ တုန်လှုပ်သွားကြသည်။ ရီဖူရှင်း၏ အသွေးအသားသည် ဖျက်ဆီး၍မရနိုင်သော အသွေးအသားပင်။ ရီဖူရှင်း၏ မျက်လုံးများသည် နေနှင့်လအဖြစ်ပြောင်းလဲသွားပြီး သူ့ပါးစပ်အတွင်းမှ လျှပ်စီးများကို ပစ်လွှတ်နိုင်ယုံသာမက သူ၏ဆံသားများသည်လည်း ထက်ရှသောဓားများအဖြစ် ပြောင်းလဲသွားကာ သူ၏အရေပြားသည်လည်း ကြယ်တာရာများနှင့် ကျောက်တုံးများကဲ့သို့ မာကြောသွားပေသည်။ သူသည် မည်သို့သော မိစ္ဆာမျိုးနည်း။

ဟောင်ထျန်းမြို့မှ ကျင့်ကြံသူများအပြင် ဒွန်ဟောင်အင်ပါယာနန်းတော်မှ ကျင့်ကြံသူများပင် ထိုအခိုက်တွင် ရီဖူရှင်းကို မြင်လိုက်ရသောအခါ ရင်တုန်သွားကြလေသည်။

လက်ရှိ ရီဖူရှင်းသည် အလွန်စွမ်းအားကြီးနေသည်။ သူသည် ဤလောကသို့ ဆင်းသက်လာသည့် နတ်ဘုရားတစ်ပါးကဲ့သို့ပင်။ သူ၏စွမ်းအားသည် တောင်များကို အမြစ်လှန်ပစ်ရန် လုံလောက်ပေသည်။ ထို့အပြင် သူ့ထံတွင် မရှုံးနိုင်သူတစ်ယောက်၏ ပြိုင်ဘက်ကင်း လွှမ်းမိုးမှုအရှိန်အဝါတစ်ခုလည်း ရှိ၏။

ဝုန်း...

ကျယ်လောင်သော ပေါက်ကွဲသံတစ်သံ ထွက်ပေါ်လာပြီး အရှင်ဟောင်ထျန်းသည် လွင့်ပျံထွက်သွားသည်။ သူသည် တစ်ချက် ညည်းတွားလိုက်ပြီး သူ၏ကိုယ်တွင်းအင်္ဂါများ တုန်ရင်လာသည်ကို ခံစားနေရလေသည်။ သူ ခေါင်းမော့၍ ရီဖူရှင်းကို ငေးကြည့်သည်။

ထိုအဆုံးမဲ့တုတ်ချက်များ ကျဆင်းလာသောအခါ သူသည် အဆုံးမဲ့ကြယ်တာများ ကျဆင်းလာပြီး အတုမဲ့စွမ်းအားပါဝင်သော ကောင်းကင်ပြင်ကြီး ပြိုကျလာသည်ဟု ခံစားနေရလေသည်။ ထိုစွမ်းအားသည် ဟောင်ထျန်းနတ်စွမ်းအားပင် မတောင်ခံနိုင်သော စွမ်းအားတစ်ခုဖြစ်သည်။

ထိုကဲ့သို့သော မိစ္ဆာတစ်ကောင်ကို မည်သို့ဖန်တီးခဲ့သနည်း။

သူသည် ရိပ်ခနဲ မြင့်မားသော ကောင်းကင်ထက်သို့ ပျံတက်လိုက်သည်။ အတွေးတစ်ချက်ဖြင့် ကျယ်ပြောသောလောကသည် သူ၏လောကဖြစ်လာသည်။ သူသည် ထိုလောကနှင့် ပေါင်းစည်းသွားကာ ပျောက်ကွယ်သွားပြီး ကျယ်ပြောသော ကောင်းကင်၏ တစ်စိတ်တစ်ပိုင်းဖြစ်သွား၍ တစ်သားတည်းကျသွားသည်။

လေးလံသော ဖိအားတစ်ခု ကျဆင်းလာပြီး ရီဖူရှင်းပေါ်သို့ ဖိချလိုက်လေသည်။ ရီဖူရှင်းသည် ထိုကောင်းကင်ကို အထင်သေးဟန်ဖြင့် ကြည့်သည်။ အထက်တွင် နေနှင့်လ ထွက်ပေါ်လာပြီး အရိပ်နှင့်နေ နတ်စွမ်းအားသည် ထိုအာကာပြင်ကို လွှမ်းခြုံသွားသည်။ ရုတ်ခြည်းပင် အာကာပြင်ကို ဆီးနှင်းများ ဖုံးလွှမ်းသွား၏။ သို့သော် တောက်လောင်နေသော နတ်မီးတောက်များလည်း ရှိနေပြီး နတ်လျှပ်စီးတန်းများလည်း ထွက်ပေါ်လာ၏။ တိုက်ခိုက်မှုများသည် တစ်ခုပြီးတစ်ခု အဆက်မပြတ် ထွက်ပေါ်လာလေသည်။

ရီဖူရှင်း၏လက်ထဲရှိ နတ်တုတ်သည် ထပ်မံ ဝှေ့ယမ်းသွားပြီး တိုက်ခိုက်ရန် အဆင့်သင့်ဖြစ်နေသည်။ သို့သော် ထိုအခိုက်တွင် ကျယ်ပြောသောကောင်းကင် ပျောက်ကွယ်သွားပြီး အရှင်ဟောင်ထျန်းသည် အဝေးသို့ ဆုတ်ခွာသွား၏။ သူသည် ကျယ်ပြောသောကောင်းကင်အဖြစ် ဆက်၍ မပြောင်းလဲဝံ့တော့ပေ။ ထိုကောင်းကင်သည် အနှေးနှင့်အမြန် ရီဖူရှင်း၏ ရိုက်နှက်မှုကို ခံလိုက်ရမည်သာ။

“ဟောင်ထျန်းကလန်က ဒွန်ဟောင်အင်ပါယာနန်း‌တော်ရဲ့ အုပ်ချုပ်မှုအောက်မှာ လက်အောက်ခံလိုပါတယ်”

အရှင်ဟောင်ထျန်းသည် ခေါင်းမော့၍ ကောင်းကင်ထဲရှိ ဒွန်ဟောင်တိယွမ်ကို ပြောလိုက်၏။ သူသည် နောက်ဆုံးတွင် အရှုံးကို ဝန်ခံခဲ့ပေပြီ။

***

All Chapters