အင်ပါယာများ၏လမ်းစဉ်လော
Vol. 196 Ch. 2802
ရီဖူရှင်း ရီအင်ပါယာနန်းတော်သို့ ပြန်ရောက်သောအခါ သီးခြား ဆက်ကျင့်ကြံလိုက်သည်။ သူသည် ဤတစ်ခေါက် အပြင်ခရီးတွင် ရှေးဟောင်းနတ်ဘုရားကလန်ငါးခုထဲမှ ဗုဒ္ဓကုန်းမြေကိုသာ ဖျက်ဆီးနိုင်ခဲ့သည်။ လောလောဆယ်တွင် သူသည် သူဆန္ဒရှိသလို ကျန်ရှေးဟောင်းနတ်ဘုရားကလန်လေးကို မဖျက်ဆီးနိုင်သေးပေ။ သို့သော် သူသာ အင်ပါယာများ၏လမ်းစဉ်ပေါ်သို့ တက်လှမ်းနိုင်ခဲ့လျှင် ထိုသူများကို အနှေးနှင့်အမြန် ရှင်းပစ်နိုင်ပေလိမ့်မည်။
သူ့ခန္ဓာကိုယ်အတွင်းရှိ လောက၏ ဆင့်ကဲပြောင်းလဲမှုသည် ပြီးဆုံးရန် အတော်လိုပေသေးသည်။ ထို့အပြင် သူဖန်တီးခဲ့သော ဓာတ်စွမ်းအားများသည်လည်း ၎င်းတို့၏ အခြေခံအကျဆုံးပုံစံတွင်သာ ရှိသေး၏။ ထို့ကြောင့် သူ၏အင်အားသည် အထွတ်အထိပ်သို့ မရောက်သေးချေ။ သူသည် ပို၍စွမ်းအားကြီးသော စည်းမျဉ်းစွမ်းအားကို ဖန်တီးရန် ဓာတ်စွမ်းအားများကို ပေါင်းစည်းနိုင်ပေသည်။ ထိုစွမ်းအားကို အပြင်လောက,က နတ်စွမ်းအားဟုခေါ်၏။
ရီဖူရှင်း၏ကျင့်ကြံမှုကို မည်သူမှ မနှောင့်ကြပေ။ ရီအင်ပါယာနန်းတော်အတွင်းမှ လူအားလုံးသည် ထိုအခိုက်တွင် ရီဖူရှင်းသည် အရေးကြီးသောအခြေအနေ၌ရှိနေကြောင်း သိပေသည်။
မကြာခင်တွင် ကောင်းကင်ဒေသမှ သတင်းသည် နတ်ဘုရားကုန်းမြေအထိ ပျံ့နှံ့လာပြီး ရီအင်ပါယာနန်းတော်အတွင်းသို့ ရောက်လာလေသည်။ သတင်းမှာ ရီဖူရှင်းသည် ဗုဒ္ဓကုန်းမြေ၏ မဟာအင်ပါယာကို သတ်ဖြတ်၍ ဗုဒ္ဓကုန်းမြေကို တစ်ကိုယ်တော် ဖျက်ဆီးခဲ့သည်ဟူသော သတင်းပင်။ သူသည် ဟောင်ထျန်းကလန်၏ ဌာနချုပ်ကို ဖျက်ဆီးရန်ရည်ရွယ်၍ ဟောင်ထျန်းကလန်သို့ပင် သွားခဲ့သေးလေသည်။ သူ ရှေးဟောင်မဟာအင်ပါယာလေးပါးနှင့် တိုက်ခိုက်နေစဉ်တွင် ဒွန်ဟောင်အင်ပါယာနန်းတော်က ဝင်ရှုပ်၍သာ ရီဖူရှင်းသည် ပြန်ဆုတ်ရန် ဖိအားပေးခံခဲ့ရခြင်းဖြစ်သည်။
ထိုတိုက်ပွဲသတင်း ရောက်ရှိလာသောအခါ နတ်ဘုရားကုန်းမြေပေါ်မှ ကျင့်ကြံသူများစွာသည် ဆွံ့အအံ့ဩသွားကြသည်။ ရီဖူရှင်းတွင် ရှေးဟောင်းအင်ပါယာတစ်ပါးကိုပင် သတ်နိုင်သော စွမ်းရည် ရှိနေပြီလော။
ထိုမဟာအင်ပါယာများသည် သူတို့၏စွမ်းအားအကုန်လုံး ပြန်မရသေးသော်လည်း သူတို့သည် တစ်ချိန်က မဟာအင်ပါယာဖြစ်ခဲ့ဖူးသူများဖြစ်သည်။ ရီဖူရှင်းသည် ထိုတိုက်ပွဲတွင် နတ်အဆင့်ကို ဖြတ်ကျော်ကာ အဟန့်အတားများကို ချိုးဖျက်ခဲ့သည်လော။ သူသည် အင်ပါယာများ၏လမ်းစဉ်ပေါ်သို့ တက်လှမ်းနိုင်ခဲ့ပြီလော။
လက်ရှိ ရီဖူရှင်းသည် မဟာအင်ပါယာတစ်ပါးကဲ့သို့ ဖြစ်သည်ဟူသောသတင်း ကောင်းကင်ဒေသမှ ရောက်ရှိလာခဲ့သည်။ သူသည် နတ်ဘုရားတစ်ပါးကဲ့သို့ဖြစ်ပြီး သူ၏မျက်လုံးများသည် နေနှင့်လ အဖြစ် ပြောင်းလဲနိုင်ကာ သူ၏ပါးစပ်အတွင်းမှ လျှပ်စီးတန်းများ ပစ်လွှတ်နိုင်ပေသည်။ သူ၏ခြေတစ်လှမ်းသည် သတ်ဖြတ်ရန် ကျဆင်းလာသော တောင်ကြီးတစ်လုံးနှင့် တူပြီး သူ၏အရေပြားသည် ဖျက်ဆီး၍မရနိုင်သော ကြယ်တာရာများ၊ ကျောက်တုံးများနှင့်တူ၏။ သူ၏ရုပ်ခန္ဓာသည် အဆင့်တက်သွားပြီဖြစ်ပြီး စစ်မှန်သော နတ်ခန္ဓာတစ်ခု ဖြစ်လာခဲ့သည်။ ရှေးခေတ်မှ စွမ်းအားကြီး မဟာအင်ပါယာများသည်ပင် ရီဖူရှင်း၏ခုခံမှုများကို မဖျက်ဆီးနိုင်ပေ။
ထိုသတင်းပျံ့နှံ့သွားပြီးနောက် ပို၍ချဲ့ကားထားသော ကောလာဟလများစွာ ထွက်ပေါ်လာ၏။ ကောလာဟလများက လက်ရှိတွင် ရီဖူရှင်းသည် ခေါင်းသုံးလုံးနှင့် လက်ခြောက်ဘက်ရှိနေပြီး အင်ပါယာများ၏လမ်းစဉ်အပေါ် တက်လှမ်းနိုင်ခဲ့ကာ မကြာခင် အင်ပါယာတစ်ပါး ဖြစ်လာတော့မည်ဟု ဆိုကြသည်။
ရီအင်ပါယာနန်းတော်မှ ကျင့်ကြံသူများသည် ထိုကောလာဟလများ စတင်ပျံ့နှံ့လာသောအခါ အနည်းငယ် ဆွံ့အသွားကြသည်။ သို့သော် သူတို့သည်လည်း ရီဖူရှင်းအပေါ် မျှော်လင့်ချက်အပြည့်ရှိပေသည်။ သူသည် ကောင်းကင်ဒေသသို့ သူ့ဘာသာသွား၍ ဗုဒ္ဓကုန်းမြေ၏ မဟာအင်ပါယာကို သတ်ပစ်ခဲ့သည်။ ယခုတွင် သူ၏ကျင့်ကြံခြင်းသည် မည်မျှ တိုးတက်နေပြီနည်း။
အားလုံးသည် ရီဖူရှင်းတစ်ယောက် သီးခြားကျင့်ကြံနေရာမှ ထပ်မံထွက်လာမည့် အချိန်ကို မျှော်လင့်စောင့်စားနေကြသည်။
သူသည် မဟာအင်ပါယာတစ်ပါးဖြစ်လာရန် မည်မျှလိုသေးသနည်း။
ရီဖူရှင်း၏ကျင့်ကြံခြင်းကို မည်သူမှ မနှောင့်ယှက်ကြပေ။ ထို့အပြင် ရီအင်ပါယာနန်းတော်အတွင်းမှ လူများသည်လည်း အလွန်ကြိုးစားကျင့်ကြံနေကြသည်။ မည်သူမှ နောက်ကောက်ကျ မကျန်ခဲ့လိုချေ။ ကျင့်ကြံသူများသည် တစ်ယောက်ပြီးတစ်ယောက် အဆင့်တက်လာကြလေသည်။
သို့သော် ရီဖူရှင်းသည် အပြင်လောကတွင် ဖြစ်ပျက်နေသော ပြောင်းလဲမှုအားလုံးကို မသိရှိဘဲ သူ၏ကျင့်ကြံခြင်းတွင်သာ ဆက်၍ စိတ်နှစ်ထားခဲ့၏။
သူ့ခန္ဓာကိုယ်အတွင်းရှိ လောကထဲသည် ကိုယ်တွင်းနေရာတစ်ခုနှင့် မတူတော့ဘဲ လောကအစစ်တစ်ခုနှင် ပိုတူလာပေသည်။ နေနှင့်လတို့ ထွက်ခြင်း၊ ဝင်ခြင်းအပြင် တောင်တန်းများ၊ မြစ်များနှင့် စိမ်းစိုသောသစ်ပင်များလည်း ရှိလာသည်။
ထိုလောကထဲတွင် လူတစ်ယောက်သာ ရှိပေသည်။ ထိုလူသည် ရီဖူရှင်းပင်။ သို့သော် ထိုရီဖူရှင်းသည် ရီဖူရှင်းကိုယ်တိုင်မဟုတ်ဘဲ ဤလောကမှ မွေးဖွားလာသော ဝိညာဉ်စွမ်းအားဖြစ်ကာ ဤလောကကို ကိုယ်စားပြုပေသည်။
သူသည် မြင့်မားသော ကောင်းကင်ထက်တွင် ရပ်နေပြီး အဆက်မပြတ် ဖန်တီးဖြစ်ပေါ်နေသော လောကတစ်ခွင်လုံးကို ကြည့်သည်။
“နေနဲ့လတို့ လည်ပတ်နေရင် သေခြင်းနဲ့ရှင်ခြင်းကြားမှာလည်း လည်ပတ်မှုတွေ ရှိလာမယ်”
ရီဖူရှင်းသည် သူ့ဘာသာ ရေရွတ်လိုက်၏။ ထို့ကြောင့် ဤလောကအတွင်း၌ မွေးဖွားလာသော သက်ရှိများသည် ရှင်ခြင်းနှင့်သေခြင်း သံသရာကို စတင်ခံစားနေပြီး တဖြည်းဖြည်း သူတို့၏ ကိုယ်ပိုင် ရှင်သန်ရှေးစည်းမျဉ်းများကို ချမှတ်လာကြပြီး သက်ရှိများကို စည်ပင်လာစေလေသည်။ ထို့အပြင် အိုမင်းခြင်း၊ သေဆုံးခြင်းလည်း ရှိလာကြသည်။
သူ၏ခန္ဓာကိုယ်သည် ဟင်းလင်းပြင်ထဲတွင် မြင့်မားစွာပျံတက်သွားပြီး သူ့ကိုယ်ပိုင်လောက၏ အစွန်းသို့ သွားလိုက်သည်။ ထိုနေရာသည် အခြားနေရာများနှင့် နှိုင်းဆာလျှင် အနည်းငယ် ခြောက်ကပ်နေဆဲဖြစ်သည်။ ရီဖူရှင်းသည် ထိုအရာအားလုံးကို ကြည့်လိုက်ပြီးနောက် ကောင်းကင်ထက်သို့ မော့ကြည့်သည်။ ထိုအကြည့်တစ်ချက်သည် အချိန်များစွာကြာခဲ့ပြီး လနှင့်နေတို့၏ လှည့်ပတ်မှုပေါင်းများစွာကို ဖြတ်ကျော်ခဲ့လေသည်။
“နေနဲ့လရဲ့ လှည့်ပတ်မှု၊ ရှင်ခြင်းနဲ့သေခြင်းရဲ့ တစ်လှည့်စီဖြစ်မှု၊ ဖန်တီးခြင်းနဲ့ ဖျက်ဆီခြင်းတို့က လောကထဲက အရာအားလုံးမှာ တစ်ခုနဲ့တစ်ခု တွဲဖက်နေတဲ့ ဆန့်ကျင်ဘက်နှစ်ခု ရှိတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ”
ရီဖူရှင်းသည် ထိုစကားကို ရင်ထဲတွင် လေးနက်စွာ ပြောလိုက်၏။ သူသည် ဤလောကကို ဆက်၍ လေ့လာ သုံးသပ်နေလေသည်။ ရက်ပေါင်းများစွာ ကြာပြီးနောက် ဤဗဟာဟင်းလင်းနေရာထဲတွင် အဖျက်လှိုင်းများ စတင်း ဖြစ်တည်လာသည်။ အောက်ဘက်တွင် ပင်လယ်တစ်ခု ထွက်ပေါ်လာပြီး ထိုပင်လယ်ထဲတွင် သေဆုံးခြင်းနှင့် ဖျက်ဆီးမှုကို ကိုယ်စားပြုသော အဖျက်မုန်တိုင်းအမျိုးမျိုး ရှိလေသည်။
“မီးတောက်တွေမှာတောင် အမျိုးအစား အမျိုးမျိုးရှိတယ်။ ယန်မီးတောက်ရှိတယ်၊ အပြင်းထန်ဆုံး နေနတ်မီးတောက်ရှိတယ်... ပြီးတော့ ယင်မီးတောက်လည်း ရှိတယ်”
ရီဖူရှင်းသည် သူ့ဘာသာ ထပ်မံ ပြောလိုက်၏။ သူသည် သူ၏ ဤလောကအပေါ် သိမြင်မှုများအားလုံးကို စုစည်းသုံးသပ်၍ ဤလောက၏ စည်းမျဉ်စွမ်းအားများကို မွေးထုတ်ပေးနိုင်ကာ ၎င်းတို့ကို ပြီးပြည့်စုံအောင်လုပ်နိုင်မည့် ဖန်တီးမှုတစ်ခုကို စတင်ရန် လုပ်လိုက်သည်။
ရီဖူရှင်းသည် အချိန်ကြာမြင့်စွာ ဓာတ်စည်းမျဉ်းအများအပြားကို ဖန်တီးနေခဲ့၏။ သူသည် ဟင်းလင်းပြင်သို့ ပြန်သွားလိုက်ပြီး တင်ပျဉ်ခွေထိုင်ကာ နက်နက်ရှိုင်းရှိုင်း တရားထိုင်လိုက်သည်။
သူသည် လောကကို ဖန်တီးနေသည်။ သို့ဆိုလျှင် အတိတ်က ကောင်းကင်လမ်းစဉ်သည် ဘာအဓိပ္ပာယ်နည်း။ ကောင်းကင်လမ်းစဉ်အောက်မှ တပ်ဖွဲ့ရှစ်ဖွဲ့သည်လည်း မည်သည်ကို ကိုယ်စားပြုသနည်း။ ၎င်းတို့သည် ကောင်းကင်လမ်းစဉ်ကိုယ်စား လောကကြီး၏ စည်းစနစ်တကျရှိမှုကို ထိန်းသိမ်းခဲ့ရသည်။ ၎င်းတို့ ထိန်းချုပ်ခဲ့သော စွမ်းအားများကိုလည်း ကောင်းကင်လမ်းစဉ်က ပေးထားခြင်းလော။
ရီဖူရှင်းသည် အတွေးတစ်ချက်ဖြင့် အောက်ဘက်တွင် သစ်ပင်ကို မှီလျက် ထွက်ပေါ်လာ၏။ ထိုမြင့်မားသော သစ်ပင်သည် လောကရှေးဟောင်းသစ်ပင်မှ ပြောင်းလဲသွားခြင်းဖြစ်ပြီး ဤလောက၏ တစ်စိတ်တစ်ပိုင်း ဖြစ်နေပုံပင်။
ရီဖူရှင်းသည် သစ်ပင်ကို မှီ၍ ကောင်းကင်ထက်သို့ မော့လိုက်ပြီး နေနှင့်လတို့ ထွက်ခြင်း၊ ဝင်ခြင်းနှင့် နေ့ရက်များ ကုန်ဆုံးသွားခြင်းကို ကြည့်နေလေသည်။ ဤနေရာတွင် အချိန်ဟူသောနိယာမ မရှိသည့်ပုံပင်။
‘ နေနဲ့လ တစ်ခါလှည့်ရင် တစ်ရက်ပဲ။ ငါ ဒီမှာ တွေ့ကြုံရတဲ့အချိန်က အပြင်လောကနဲ့ အတူတူပဲ။ ဒီလောက,က ငါဖန်တီးထားတဲ့ လောကဆိုတော့ ငါက အချိန်ရွေ့လျားမှုကိုလည်း ပြောင်းလဲနိုင်လောက်လား ’
ရီဖူရှင်း တွေးလိုက်၏။ ထိုအတွေးသည် အလွန်ကြီးသော အတွေးပင်။
အချိန်သည် သတ်မှတ်ချက်တစ်ခုထက် မပိုပေ။ ထို့ကြောင့် အချိန်သည် အကြွင်းမဲ့ကာလတစ်ခုဖြင့် တည်ရှိပါလေသလော။
သို့သော် အချိန်ကို ထိုသတ်မှတ်ချက်နှင့် ကွဲပြားအောင် လုပ်မည်ဆိုလျှင် အတော်လေး ခက်ခဲပေလိမ့်မည်။
ရီဖူရှင်းသည် နေ့ရက်ပေါင်းများစွာ ထိုကဲ့သို့သာ ထိုင်၍ နေနှင့်လတို့ တစ်လှည့်စီပြောင်းလဲမှုကို ကြည့်နေလေသည်။
ကျင့်ကြံခြင်းတွင် အချိန်ကန့်သတ်ချက် မရှိပေ။ ထို့အပြင် ရီဖူရှင်းသည် နောက်တစ်ဆင့်သို့ရောက်အောင် ကျင့်ကြံနိုင်ခဲ့သည်။ သူ့အတွက် အချိန်သည် အလွန်လျင်မြန်စွာ ကုန်ဆုံးသွား၏။ အပြင်လောကသည်လည်း နေ့စဉ်နှင့်အမျှ ပြောင်းလဲနေသည်။ နေ့စဉ်လိုလို အဆင့်တက်သွားသော ကျင့်ကြံသူများ ထွက်ပေါ်လာ၏။
ထို့အပြင် မကြာသေးခင်က လွန်စွာတုန်လှုပ်ဖွယ် သတင်းတစ်ခုသည် လောကတစ်ခွင်လုံးတွင် ပျံ့နှံ့လာခဲ့သည်။ ရီအင်ပါယာနန်းတော်မှ လူများသည်လည်း ထိုသတင်းကို ရခဲ့ကြ၏။ ထိုအခိုက်တွင် သူတို့တော်တော်များများသည် ရီဖူရှင်း၏ကျင့်ကြံခြင်းကို ကြားဖြတ်သင့်၊ ကြားမဖြတ်သင့်ကို စုဝေး ဆွေးနွေးနေကြသည်။
“သခင်မကိုပဲ ဆုံးဖြတ်ခိုင်းကြတာပေါ့”
သခင်ချန်က သူတို့ဘက်သို့ လျှောက်လာသော ဟွာဂျီယူကို ကြည့်၍ အကြံပြုလိုက်သည်။ ဟွာဂျီယူကို ဆုံးဖြတ်ခိုင်းခြင်းက ပိုကောင်းပေသည်။
“ကျွန်မ သူ့ကို သွားပြောလိုက်ပါမယ်”
ဟွာဂျီယူ ပြန်ပြောလိုက်၏။ ဤသတင်းသည် အသေးအဖွဲမဟုတ်ပေ။ ရီဖူရှင်းကို ဤသတင်းအကြောင်း သွားပြောခြင်းက အကောင်းဆုံးဖြစ်ပေမည်။
“အင်း...”
အားလုံး ခေါင်းညိတ်လိုက်ကြ၏။ ထို့နောက် ဟွာဂျီယူသည် ရီဖူရှင်း ကျင့်ကြံနေသောနေရာသို့ ရောက်ရှိလာပြီး သူနှင့် မလှမ်းမကမ်းသို့ လျှောက်သွားလိုက်သည်။
သူမနောက်တွင် သိမ်းငှက်လေးက ရီဖူရှင်းကို သတင်းစကားတစ်ခု ပို့လိုက်၏။
ရုတ်တရက် ရီဖူရှင်းသည် သူ၏မျက်လုံးများကို ဖွင့်လိုက်ပြီး ဟွာဂျီယူကိုကြည့်၍ နူးညံ့စွာ ပြောလိုက်၏။
“ဂျီယူ...”
ဟွာဂျီယူသည် ရီဖူရှင်းဘေးသို့ လျှောက်သွားလိုက်ပြီး ထိုင်ချကာ ပြောလိုက်၏။
“ဒီနှစ်အနည်းငယ်အတွင်း အပြင်လောကမှာ ကိစ္စတွေအများကြီး ဖြစ်သွားခဲ့တယ်။ နင်က အနှောင့်အယှက်မရှိ ကျင့်ကြံနေတာဆိုပေမယ့် မကြာသေးခင်တုန်းက အင်ပါယာနန်းတော်ထဲက လူအများကြီးကို အပြင်ကိုထွက်ပြီး သူတို့ဘာသာ စုံစမ်းချင်စိတ် ဖြစ်လာစေတဲ့ သတင်းတစ်ခု ရောက်လာခဲ့တယ်”
ရီဖူရှင်းသည် ခေတ္တမျှ မှင်တက်သွားပြီး အနည်းငယ် အံ့အားသင့်သွားသည်။ သူသည် သူတို့၏စကားများကို တစ်စုံတစ်ယောက် ခိုးနားထောင်နေမည်ကို စိုးရိမ်ခြင်း မဟုတ်ပေ။
“ဘာဖြစ်ခဲ့တာလဲ”
ရီဖူရှင်း မေးလိုက်၏။
“ကောင်းကင်အင်ပါယာဘုံမှာ အင်ပါယာတွေရဲ့ လမ်းစဉ် ထွက်ပေါ်လာတယ်ဆိုတဲ့ ကောလာဟလတစ်ခု ရှိနေတယ်။ နေရာအနှံ့က ကျင့်ကြံသူတွေက အဲဒီကောလာဟလကို အတည်ပြုဖို့ အဲဒီကို အမြန်သွားနေကြတယ်”
ဟွာဂျီယူ ပြောလိုက်၏။ ရီဖူရှင်း သဘောပေါက်သွားပေသည်။ အင်ပါယာများ၏လမ်းစဉ် ထွက်ပေါ်လာခြင်းလော။
သို့ဆိုလျှင် ရီအင်ပါယာနန်းတော်မှ ကျင့်ကြံသူများသည်လည်း ထိုသို့ ကိုယ်တိုင်သွား၍ ကျင့်ကြံလိုကြပေလိမ့်မည်။
ယိုယွင်းနေသော လောကတစ်ခုဖြစ်သည့် ကောင်းကင်အင်ပါဘုံသည် အတိတ်တုန်းက စည်ပင်ဝပြောသော နေရာတစ်ခု ဖြစ်ခဲ့ဖူးသည်။ ယခုတွင် အင်ပါယာများ၏လမ်းစဉ်သည် ၎င်းဘာသာ ထွက်ပေါ်လာခဲ့ပေပြီ။
***