← Chapters

ရီဖဇီကို ဝိညာဉ်ဖွေရှာခြင်း

Vol. 74 Ch. 1025

ရီဖဇီကို ဝိညာဉ်ဖွေရှာခြင်း

Vol. 74 Ch. 1025

ရွှမ်းဝူလိပ်ကြီး၏ စူးရှသောအော်သံက ကြားနိုင်သည့် အရည်အချင်းရှိသောလူတိုင်း၏ နားထဲသို့ ဝင်ရောက်ရင်း နဝမတောင်ပင်လယ်တစ်ခွင် ပဲ့တင်ထပ်နေသည်။ တာအိုနယ်ပယ်ပညာရှင်များ အင်မော်တယ်အပျက်အစီးများကို ဝင်ရောက်လာသည်နှင့်အမျှ မိုးထိတိုင်အောင် မြင့်သွန်းနေသော အသတ်အဖြတ်စိတ်ဆန္ဒသည် နဝမတောင်ပင်လယ်တစ်လျှောက် တဖွေးဖွေး လှုပ်နေတော့၏။

အပြင်သူများကို သတ်

ယင်းက တောင်ပင်လယ်လောက၏ လိုအင်ဆန္ဒပင်။

မန်ဟိုသည် ရွှမ်းဝူလိပ်ကြီး၏အော်သံကို မကြားရသော်လည်း သူ့သိုလှောင်အိတ်ထဲရှိ မိစ္ဆာချုပ်နှောင်ကျောက်စိမ်းသည် တစ်ခါမှ မကြုံတွေ့ဖူးသော ပြင်းအားမျိုးဖြင့် တုန်ခါနေ၏။ ၎င်းက ရိုးတွင်းခြင်ဆီထဲထိ နက်ရှိုင်းနေသော မုန်းတီးစိတ်အား မန်ဟိုနှင့် တစ်သားတည်းဖြစ်နေစေသည်။ မိစ္ဆာချုပ်နှောင်သူအဖွဲ့သည် အပြင်သူခေါ်သောအရာအားလုံးအပေါ် လွန်စွာမုန်းတီးစက်ဆုပ်သည့်အတွက် သူ သူတို့ထဲမှတစ်ယောက်ယောက်နှင့် ဆုံလျှင် သတ်ဖြတ်ပစ်ခြင်းဖြင့်သာ အာသာပြေစေနိုင်လောက်အောင် ပြင်းထန်လွန်းလေ၏။

မန်ဟိုက နဝမမြောက်မိစ္ဆာချုပ်နှောင်သူဖြစ်ရာ ထိုခံစားချက်မှာ သူ့ကို စီးနင်းနေသည့်အလားပင်။ သို့သော် မိစ္ဆာချုပ်နှောင်ကျောက်စိမ်းမှ မတိုက်တွန်းလျှင်တောင်မှ မန်ဟိုသည် ရီဖဇီကို သတ်ဦးမည်သာ။ ရီဖဇီ သူ့ကို ရန်စခဲ့ပြီး အရှက်မရှိ ပြုမူခဲ့သောပုံစံကြောင့် မန်ဟိုကား သူ့ကို ဘယ်တော့မှ အလွှတ်ပေးမည်မဟုတ်ပေ။

မန်ဟိုက အေးစက်စက် နှာမှုတ်၍ ညာလက်ဖြင့် မုဒြာလက်ကွက်တစ်ကွက် ဖော်သည်။ ရုတ်တရက် မန်ဟို့တစ်ကိုယ်လုံး ဖုံးလွှမ်းသွားသည့်တိုင်အောင် ကြီးမားလှသော သွေးမိစ္ဆာခေါင်းကြီးတစ်ခေါင်း ပေါ်လာသည်။ ၎င်းက လင်းနို့များကို ဝင်တိုက်ရင်း မချိမဆန့်အော်သံများအား ဆူညံသွားစေသည်။ မျက်စိတစ်မှိတ်အတွင်း သွေးမိစ္ဆာခေါင်းကြီးက လင်းနို့များကို ဝါးမြိုလိုက်သော သွေးနီ‌ရောင်အလင်းအား ဖြာထွက်သွားစေ၏။

မန်ဟိုက အနီရောင်အလင်းတန်းတစ်တန်းအသွင်ဖြင့် အင်မော်တယ်အပျက်အစီးများနယ်ကို ဖြတ်ကာ ရီဖဇီနောက်မှ ထပ်ကြပ်မကွာ လိုက်သွားသည်။

ရီဖဇီ၏ဖြူဆုပ်နေသော မျက်နှာတွင် ကြောက်လန့်တုန်လှုပ်မှုက အထင်းသား ပေါ်လွင်တေသည်။ မန်ဟိုက အစွမ်းထက်ကြောင်း သူ သိထားသော်လည်း ဤခွန်အားမျိုးက … သူ ခန့်မှန်းနိုင်ခဲ့သမျှထက် ကျော်လွန်နေခဲ့၏။

“သေလိုက်ပါတော့ ငါချီးတဲ့မှပဲ” ရီဖဇီသည် ပုံစံအစစ်အမှန်ဖြင့်တိုင် မန်ဟို့အတွက် ပြိုင်ဘက်မဖြစ်နိုင်သေးကြောင်း သဘောပေါက်ထားပြီးလေပြီ။ သူ့အချိန်မှာလည်း စေ့သွားခဲ့ပြီဖြစ်၍ ဤနေရာတွင် ပိတ်မိမနေလိုပေ။ သူ့တာအိုစောင့်ရှောက်သူသေဆုံးသွားခြင်းကလည်း သူ့ကို ကြောက်ဒူးတုန်စေသည်။ သူသည် မန်ဟို့ကို မျက်ခြေမဖြတ်နိုင်လျှင် သူ့ကို စောင့်နေမည့်တစ်ခုတည်းသောအရာက … သေခြင်းသာဖြစ်သည်ကိုလည်း ကောင်းကောင်းသိ၏။

သေမင်းက … သူ့ခန္ဓာကိုယ်ရော၊ ဝိညာဉ်ကိုပါ အပြတ်ရှင်းပစ်လိမ့်မည်။

ရီဖဇီသည် ခေါင်းနောက်လှန်၍ ဟိန်းဟောက်လိုက်သည်။ သူ့မျက်လုံးများက နီရဲတောက်နေပြီး တောင်ပံများအား ဆွဲဖြုတ်ခံခဲ့ရသော်လည်း ခေါင်းသုံးလုံးတော့ ရှိသေးလေသည်။ ခေါင်းများ ဟိန်းဟောက်လိုက်သည့်အါ နဖူးများမှ အနက်ရောင်အလင်းကွင်းများ ဖြာထွက်သွားသည်။

သူက ခေါင်းများကို ဆတ်ခနဲ ခါလိုက်ကာ အလင်းကွင်းသုံးကွင်းအား လျှို့ဝှက်ဆန်းကြယ်သောအလင်းရောင်များ ထုတ်လွှတ်လျက် မန်ဟို့ထံ ပြေးဝင်သွားသည့် အလင်းတန်းများအသွင် ပြောင်းသွားစေသည်။

“သက်စောင့်အလင်းရောင်” သူက ရူးမိုက်နေသောမျက်လုံးများဖြင့် မုဒြာလက်ကွက်ဖော်ရင်း အော်လိုက်သည်။

အနက်‌ရောင်အလင်းတန်းသုံးတန်း ပေါ်လာသည်နှင့် မန်ဟို့ညာလက်ထဲတွင် လျှပ်စီးများအား မြင်လိုက်ရသည်။ မိုးကြိုးဒယ်အိုးသည် လင်းခနဲ လက်သွားပြီး အနက်ရောင်အလင်းတန်းများ သူ့အပေါ် ထိုးဆင်းလာနေစဉ် သူက ရီဖဇီကို လှမ်းကြည့်လိုက်ရ ရုတ်တရက် နှစ်ယောက်သား နေရာချင်းလဲသွားသည်။ ရီဖဇီမှာ ဘာဖြစ်သွားမှန်း မသိလိုက်ပေ။

အလင်းတန်းများက ရီဖဇီ၏အရှေ့တည့်တည့်သို့ ရောက်လာကာ သူ့အား ခေါင်းနပန်းကြီးသွားစေသည်။ သူ့မှာ တအံ့တဩ စိုက်ကြည့်နေရုံမှတစ်ပါး ဘာမှမတတ်နိုင်ဖြစ်နေသည့်အချိန် မန်ဟိုက လက်ဝှေ့ယမ်း၍ တောင်ထောင်ချီအား ပေါ်လာစေသည်။ ၎င်းတို့က ဝုန်းခနဲ ရီဖဇီကို ပြေးတိုက်ကြ၏။

“မန်ဟို” သူက ဟိန်းဟောက်သည်။ “မင်း ငါ့ကို လွှတ်ပေးရင်တော့ ငါ ရီဖဇီ မင်းအပေါ် အကြွေးတင်သွားလိမ့်မယ်” သူက လက်နှစ်ဖက်မုဒြာလက်ကွက်ဖော်ပြီးနောက် လက်နှစ်ဖက်လုံးအား ဘေးဖက်သို့ ဖြန့်ကားလိုက်သည်။ ချက်ချင်းပင် အနက်ရောင်အလင်းတန်းသုံးတန်းက တဝဲဝဲ လည်ရင်း တောင်ပေါင်းများစွားကို တန်ပြန်ရိုက်ခတ်လိုက်သော အနက်ရောင်မုန်တိုင်းတစ်လုံးအသွင် ပြောင်းသွား၏။ တစ်ချိန်တည်းမှာပင် ရီဖဇီက ချာခနဲ ဦးတည်ရာပြောင်းကာ လျှပ်စီးသဖွယ် ထွက်သွားတော့သည်။

မန်ဟိုက စကားတစ်ခွန်းမဆို။ ရီဖဇီ နေရာပြောင်းသွားသည်ကို မြင်လျှင် သူ့မျက်လုံးများက လင်းလက်သွားပြီး မိုးကြိုးဒယ်အိုးက တစ်ဖန်ပြန်ပေါ်လာသည်။ လျှပ်စီးများ ကခုန်သွားသည့်တိုင် ရီဖဇီကို ခြံရံထားသော အနက်ရောင်အလင်းက နေရာလဲစွမ်းအားကို တန်ပြန်တွန်းလှန်နေသည်။ မိုးကြိုးဒယ်အိုးကာ …. ဖြစ်တောင့်ဖြစ်ခဲ ကျရှုံးသွား၏။

“အီး” မန်ဟိုက ပြောသည်။ ထို့နောက် ရီဖဇီသည် အရှိန်အသားကုန်တင်ကာ အင်မော်တယ်အပျက်အစီးများနယ်၏ ဤပတ်ဝန်းကျင်တစ်ခွင် မျောလွင့်နေသော အပျက်အစီးများနှင့် အလောင်းများထဲသို့ ချက်ချင်း ပြေးဝင်သွားသော ရောင်စုံအလင်းတန်းအသွင်ပြောင်းတော့သည်။

“ပါရာဂွန်တံတား” မန်ဟို့ပါးစပ်မှ စကားလုံးများ ထွက်သွားလျှင်ချင်း ထစ်ချုန်းသံကြီးက လေထဲတွင် ပြည့်နှက်သွားသည်။ မိုးကောင်းကင်တုန်ဟည်း၍ ကမ္ဘာမြေပြိုပျက်သွားစေသော တံတားတစ်စင်း ရုတ်တရက် ပေါ်လာသည်။ ၎င်း အင်မော်တယ်အပျက်အစီးများထဲသို့ ဝုန်းခနဲ ကျလာသဖြင့် အကန့်အသတ်မဲ့လှိုင်းများက ရီဖဇီ၏လမ်းကို ပိတ်လိုက်၏။ ရီဖဇီမှာ လုံးလုံးလျားလျား အံ့အားသင့်သွားပြီး တုံ့ခနဲ ရပ်လိုက်သည်။ လှိုင်းများကပင် သူ့ကို သွေးအလုပ်ကြီးတစ်လုပ် အန်လိုက်ရစေသည်။ ရူးချင်နေသောအမူအရာက သူ့မျက်နှာကို စိုးမိုးလျက်ရှိ၏။

“မန်ဟို” သူက အံတင်းတင်းကြိတ်ရင်း စူးစူးဝါးဝါး အော်ကာ မုဒြာလက်ကွက်ထပ်ဖော်လိုက်သည်။ အနက်ရောင်အလင်းက သူ့ပတ်ပတ်လည်တွင် ပြိုးပြိုးပြက်ပြက်လက်လာပြီး သူ့ခေါင်းသုံးလုံးစလုံးက မှော်ကျိန်စာတစ်ခုအား ကျိန်လိုက်ကြ၏။ သူ့အနောက်တွင် ဧရာမပုံရိပ်ယောင်ရုပ်တုကြီးတစ်ခု ပေါ်လာသည်။ အံ့ဩဖွယ်ကောင်းစွာနှင့် …. ရုပ်တုသည် ဧရာမမြွေနက်ကြီးတစ်ကောင်ပုံစံရှိ၏။ ၎င်းက ပေါ်လာလျှင်ချင်း ကြောက်စရာကောင်းသော အရှိန်အဝါတစ်ခုကို ထုတ်လွှတ်လိုက်သည်။

ကြည့်ရသရွေ့ ဤဖြစ်တည်မှုမှာ တစ်ခေတ်တစ်ခါက ဤလောကတွင် တည်ရှိခဲ့ဖူးသော စိတ်ဝိညာဉ်တစ်ကောင်ဖြစ်သယောင်ပင်။ ၎င်း ထုတ်လွှတ်နေသော ရှေးကျမှုသည် အံ့အားသင့်ဖွယ်ကောင်းပြီး အင်မော်တယ်အပျက်အစီးများနယ်ကိုပင် တုန်ခါလာစေ၏။

တစတစ အသတ်အဖြတ်အရှိန်အဝါတစ်ခု စုဝေးလာပြီးနောက် ရုပ်တုထံမှ ပေါက်ကွဲထွက်လာသည်။

“အို ဘိုးဘေး … အရှင့်ရဲ့ တည်ရှိမှုအား ကျွန်တော်မျိုး နှိမ့်ချစွာနဲ့ တောင်းဆိုပါတယ်” ရီဖဇီက ဟိန်းဟောက်လိုက်သည်။ ရုပ်တုကြီးက တဂျိန်းဂျိန်း မြည်ပြီး အကောင်အထည်ပိုမိုဖြစ်ပေါ်လာစဉ် ပါးစပ်ကြီးဟ၍ ပါရာဂွန်တံတားကို လှမ်းဟပ်လိုက်၏။

အုန်းခနဲ အသံအား ကြားလိုက်ရပြီး ပါရာဂွန်တံတားမှာ ယိမ်းခါပြိုကျသွားသည်။ သို့သော် ထိုအခိုက်အတန့်တွင် ပုံရိပ်ယောင်မြွေရုပ်ကြီးလည်း ကြေမွသွား၏။ တုန်ခါလှိုင်းကြီးတစ်လှိုင်းက အရပ်လေးမျက်နှာသို့ ဖြာထွက်သွားကာ အပျက်အစီးများနှင့် အလောင်းများအား လွင့်ထွက်သွားစေသည်။ မန်ဟိုမှာ အံ့အားသင့်သွားရင်း နောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်လိုက်ရသည်။

ရီဖဇီမှာမူ ပါးစပ်မှ သွေးများ ပန်းထွက်သွားပြီး မျက်လုံးများ၌ ရူးမိုက်မှုတို့ တောက်ပသွားသည်။ မြွေရုပ်တုကြီးမှာ ဖျက်စီးခံခဲ့ရသော်လည်း ယခုတွင် ရီဖဇီသည် သူ့ကို လွှမ်းခြုံပေးထားသော ဧရာမကျောက်သားဥတစ်လုံးဖြင့် ဥက္ကာခဲကြီးသဖွယ် အဝေးသို့ ထွက်သွားတော့သည်။

သူ့လက်ရှိအမြန်နှုန်းသည် စောစောကထက် အဆများစွာ သာလွန်၏။

သူ ပျောက်ကွယ်တော့ခါနီးဆဲဆဲမှာပင် မန်ဟို၏အသတ်အဖြတ်စိတ်ဆန္ဒသည် တဟုန်းဟုန်းတောက်သွား၏။ သူ့ဘယ်မျက်လုံးထဲရှိ ကြယ်ကျောက်ခဲက လင်းခနဲ လက်ကာ သူ့လက်ဝါးထဲတွင် ပြန်ပေါ်လာသည်။ ထို့နောက် ၎င်းက ကြယ်အလင်းရောင်အဖြစ် အရည်ပျော်ပြီးနောက် မန်ဟို့ကို လျင်မြန်စွာ ဝန်းရံလိုက်ကာ သူ့အား ဂြိုဟ်တစ်လုံးအသွင်ပြောင်းသွားစေသည်။

ဂြိုဟ်က ပေါ်လာလျှင်ချင်း မန်ဟို ယခင်က သုံးခဲ့ဖူးသည်ထက် များစွာပိုသောအမြန်နှုန်းဖြင့် အာကာသကို ခွင်းသွားသည်။ ၎င်းက လမ်း၌ရှိသမျှ အရာအားလုံးကို တွန်းတိုက်ချေမှုန်းနေပြီး ၎င်း၏ တဟုန်းဟုန်းတောက်နေသော စွမ်းအားက အရာအားလုံးကို ပြင်းပြင်းထန်ထန် လှုပ်ခါလာစေ၏။

မြန်သထက် မြန်လာသည်။ ရီဖဇီနှင့် နီးသထက် နီးလာသည်။

ရီဖဇီအတွက်မူ သူ့အပေါ် ဖိနှိပ်နေသော ဖိအားက သူ့အမြန်နှုန်းကို လျော့ကျသွားစေသည်။ အသက်ရှိုက်စာအနည်းငယ်လေးအတွင်း ဂြိုဟ်အသွင်ဖြင့် မန်ဟိုက သူ့ကို လိုက်မှီခဲ့လေပြီ။ ဂြိုဟ်က ရီဖဇီကို ကာကွယ်နေသော ကျောက်သားဥကို ဝင်တိုက်လိုက်သည်။

ဝုန်း

ကျယ်လောင်သောထစ်ချုန်းသံကြီးက အရာအားလုံးကို တုန်လှုပ်သွားစေရင်း ကောင်းကင်အထိ ရိုက်ခတ်သွားသည်။ ကျောက်သားဥမှာ ကြေမွသွားပြီး ရီဖဇီက မချိတင်ကဲ အော်လိုက်ရသည်။ သွေးများ သူ့ပါးစပ်မှ ပန်းထွက်သွားပြီး သူ့ခေါင်းသုံးလုံးအနက် လူသဏ္ဌာန်ခေါင်းမှာ ရုတ်တရက် ပေါက်ကွဲသွားတော့၏။

ရီဖဇီမှာ ပြင်းပြင်းထန်ထန် တုန်ရီပြီး ဆောက်တည်ရာမဲ့စွာ အော်ရင်း နောက်သို့ ယိမ်းယိုင်သွားတော့သည်။ “အဖေ သားကို ကယ်ပါဦး”

အသံဟိန်းထွက်သွားစဉ် သူက သူ့အသက်မီးတောက်ကို ဆင့်ခေါ်ကာ သူ့အသံကို အာကာသကို ဖြတ်၍ သူလာခဲ့သော တောင်ပင်လယ်လောကအပြင်ရှိ လောကထံသို့ ရောက်ရှိသွားစေရန် ထူးခြားဆန်းကြယ်မှော်အတတ်အား သုံးလိုက်သည်။

တခဏကြာသော် ကြီးမားသောကြောက်ခမန်းလိလိ ဖိအားတစ်ခုသည် အင်မော်တယ်အပျက်အစီးများနယ်အပေါ် သက်ရောက်လာ၏။

ဤအခိုက်အတန့်တွင် ဂြိုဟ်အသွင်ဖြင့် မန်ဟို့က ကိုယ်ကိုကျုံ့ရင်း မူလပုံစံပြန်ပြောင်းပြီးနောက် ရှေ့ဆက်လျှောက်သွားသည်။ သူ ညာလက်ခလယ်ကို ဆန့်ထုတ်လိုက်စဉ် အေးစိမ့်မှုက သူ့ထံမှာ ပျံ့လွင့်နေသည်။

“မိစ္ဆာချုပ်နှောင်ခြင်း သတ္တမမန္တန်… ကံကြွေးပြုစားခြင်း”

မန်ဟို့လက်ချောင်းလေးအဝှေ့က ရီဖဇီ၏ပတ်ပတ်လည်တွင် ကံကြွေးမျှင်များအား ပေါ်လာစေသည်။ ကံကြွေးမျှင်များကို တခြားမည်သူမှ မြင်နိုင်မည်မဟုတ်သော်လည်း မန်ဟိုကတော့ ၎င်းတို့ အာကာသအတွင်း ဝင်ရောက်ပျံ့နှံ့နေသည်ကို မြင်လိုက်ရသည်။ ၎င်းတို့က သက်ရောက်သော ထိုကြောက်ခမန်းလိလိဖိအားကြီးအား သွားထိတော့မည်ပုံပင်။

၎င်းတို့ မထိနိုင်ခင် မန်ဟို့လက်ချောင်း၏ထိပ်က ကျဆင်းလာပြီး ကံကြွေးမျှင်များ တုန်ခါလာသည်။ မျက်စိတစ်မှိတ်အတွင် ၎င်းတို့သည် ချုပ်နှောင်ခံလိုက်သည့်အလား နောက်ပြန်ဆုတ်လာပြီး ရီဖဇီ၏ ခန္ဓာကိုယ်မှ ဖြာမထွက်နိုင်တော့ပေ။

“မလုပ်နဲ့” ရီဖဇီက မျှော်လင့်ချက်မဲ့သွားသောအမူအရာဖြင့် အော်လိုက်သည်။ သူ့ပါးစပ်မှ သွေးများပို၍ ပန်းထွက်သွားပြီး သူက နောက်ဆုတ်သွားသည်။ တစ်ချိန်တည်းမှာပင် မန်ဟိုက မျက်လုံးထဲ၌ အသတ်အဖြတ်စိတ်ဆန္ဒတို့ ဝင်းဝင်းတောက်လျက် ချဉ်းကပ်လာကာ နောက်ထပ်လက်ချောင်းတစ်ချောင်းကို ဝှေ့ယမ်းလိုက်၏။

“မိစ္ဆာချုပ်နှောင်မန္တန် ပဉ္စမန္တန်”

စင်တီမီတာအနည်းအကျဉ်းရှည်လျားသော အက်ကွဲကြောင်းတစ်ကြောင်းက ရုတ်တရက် မန်ဟို့လက်ချောင်းအရှေ့တည့်တည့်တွင် ပေါ်လာသည်။ သို့သော် ၎င်းအကောင်အထည် ဖြစ်ပေါ်လာသည့်အခိုက်အတန့်တွင် ကြောက်ခမန်းလိလိ စွမ်းအားတစ်ရပ်က ရီဖဇီထံသို့ ပြေးဝင်သွား၏။ ၎င်းက သူ့ဒုတိယခေါင်းကို ဝင်တိုက်ပစ်လိုက်သဖြင့် ၎င်းမှာ သွေးပျက်မတတ် အကျယ်ကြီးအော်ဟစ်လိုက်ရသည်။ ထို့နောက် ခေါင်းမှာ ဝုန်းခနဲ ဟင်းလင်းပြင်၏ဝါးမြိုခြင်းခံလိုက်ရပုံပေါ်ပြီးနောက် ပျောက်ကွယ်သွားသည်။

“ငါ့ကို မသတ်ပါနဲ့။ မန်ဟို ငါ့ကို အသက်ချမ်းသာပေးရင် မင်း စိတ်ဝိညာဉ်ကြယ်လောကမှာ ကံကြမ္မာကောင်းမျိုးစေ့ စိုက်ပျိုးနိုင်မှာနော်။ ငါ မင်းကို အဆများစွာ ကျေးဇူးပြန်ဆပ်ပေးပါ့မယ်

“မင်းကို မကုန်မခမ်းနိုင်တဲ့ ကျင့်ကြံခြင်းအရင်းအမြစ်၊ အဆုံးမဲ့တဲ့ စွမ်းအားတွေ ပေးမယ်။ မင်းလိုချင်တာ ဘာမဆို … ငါ … ငါ ပေး ပေးပါ့မယ်…” ရီဖဇီ မန်ဟို့ကို တောင်းပန်နေစဉ် သူ၏နောက်ဆုံးစာလုံးနှစ်လုံးမှာ တုန်ရီသွားသည်။ သူ့နှလုံးသားမှာ နောင်တတို့ဖြင့် ပြည့်နှက်နေပြီး သူ့စိတ်ပျက်ဝမ်းနည်းမှုတို့က အထွတ်အထိပ်သို့ ရောက်ရှိနေခဲ့လေပြီ။

မန်ဟိုက မပြောင်းလဲသောအမူအရာဖြင့် ရှေ့သို့လျှောက်လာကာ ညာလက်ကို မြှောက်၍ ရီဖဇီထံသို့ ဝှေ့ယမ်းလိုက်သည်။ ရီဖဇီ၏ ရင်ဘတ်ကျွံဝင်သွားသဖြင့် သူ့ခန္ဓာကိုယ်ထဲမှ တဂျွတ်ဂျွတ်မြည်သံများ ထွက်လာသည်။ သူ့ညာလက်လည်း သွေးသားအမှုန်အမွှားများအဖြစ် ပေါက်ကွဲသွားပြီးနောက် မန်ဟိုက ရွှေရောင်သိမ်းငှက်တစ်ကောင် အသွင်ပြောင်းသွားသည်။ သူသည် ရီဖဇီကို ခြေသည်းများဖြင့် ကုတ်ခြစ်ရင်း သူ့တစ်ကိုယ်တစ်ဝက်အား စုတ်ဖြဲပစ်လိုက်၏။

သူသည် ရီဖဇီကို မသတ်ချင်ပေ။ ပို၍ပင်အ‌ရေးကြီးသည်ကား … ရီဖဇီ၏ မူလဇစ်မြစ်နှင့် သူ့ကိုယ်တွင်း၌ ဖုံးကွယ်ထားသော လျှို့ဝှက်ချက်များကို သူ သိချင်သည်။ ထို့ကြောင့် သူက သူ့ကို ချက်ချင်း မသတ်ဘဲ ဖြေးဖြေးချင်း ညှင်းပန်းနေခြင်းဖြစ်သည်။

ရီဖဇီ နောက်ဆုတ်နေစဉ် မန်ဟိုက ရှေ့တစ်လှမ်းတက်ပြီး သူ့အနောက်တွင် ပေါ်လာစေသည်။ သူက လက်ကို မြှောက်၍ မျက်လုံးများ ထူးဆန်းစွာ တောက်ပနေလျက် … သူ့လက်ဖဝါအား ရီဖဇီ၏နဖူးပေါ် ရိုက်ချလိုက်သည်။

“ဝိညာဉ်ဖွေရှာ” ဤသည်မှာ ရှေးဟောင်းမိစ္ဆာအင်မော်တယ်ဂိုဏ်းမှ သူ လေ့လာခဲ့သည့် အန္တရာယ်များသော မှော်အတတ်၊ ဝိညာဉ်ကို မွှေနှောက်၍ လူတစ်ယောက်၏မှတ်ဉာဏ်များကို မြင်နိုင်သော နည်းလမ်းတစ်ခုဖြစ်သည်။

ရီဖစီမှာ တုန်ရီနေပြီး တိုက်ခိုက်နေသည့်အတောအတွင်း အော်ခဲ့ဖူးသမျှထဲ သွေးအပျက်ဆုံးသော အော်သံကြီးကို ထုတ်လွှတ်ကာ မျက်လုံးကြီးပြူးထွက်လာသည်။ မဖော်ပြနိုင်သော နာကျင်မှုက နှိပ်စက်နေသဖြင့် သူ့တစ်ကိုယ်လုံး ပြင်းပြင်းထန်ထန် တုန်ခါနေတော့သည်။

တစ်ချိန်တည်းမှာပင် တုန်ခါလှိုင်းတစ်လှိုင်းက မန်ဟို့ကို ဖြတ်စီးသွားသည်။ သူ ရီဖဇီအား ဝိညာဉ်ဖွေရှာနေစဉ် မှတ်ဉာဏ်များက ရုတ်တရက် သူ့စိတ်ထဲတွင် ပေါ်လာ၏။

“ဒါက …” သူက ရင်တဒိန်းဒိန်း ခုန်နေလျက် တွေးလိုက်သည်။ သူ့မှာ မရေမတွက်နိုင်သော မိုးကြိုးများဖြင့် ပစ်ချခံနေရပြီး လောလောဆယ်တွင် ၎င်းတို့အားလုံးက သူ့ခေါင်းထဲ၌ ဗိန်းဗိန်းဗောင်းဗောင်းမြည်ရင်း သူ့စိတ်အား လှုပ်ခါစေနေသည့်အလားပင်။

***

All Chapters