ယိုယွင်းနေသော ကောင်းကင်ဘုံ
Vol. 196 Ch. 2803
ရီဖူရှင်း၏စိတ်ထဲတွင် လူနှစ်ယောက် ရုတ်ခြည်းထွက်ပေါ်လာ၏။ တစ်ယောက်မှာ လွန်စွာပါရမီထူးသည့် ကောင်းကင်အင်ပါယာဘုံ၏ ဆက်ခံသူ ကျိဝူတောက်ဖြစ်သည်။ သူသည် ကောင်းကင်နန်းတော်ဟောင်း၏ အပျက်အစီးများကို သိမ်းပိုက်နိုင်ခဲ့ပြီး ၎င်း၏အမွေအနှစ်ကို ရရှိခဲ့သည်။ သူသည် ညှို့ဓာတ်ရှိသူတစ်ယောက်ပင်။
ထို့အပြင် နောက်တစ်ယောက် ရှိပေသေးသည်။ ထိုတစ်ယောက်မှာ ဓားဧကရာဇ်အရှင် ပြောပြခဲ့သည့် အတိတ်မှ ပစ္စုပ္ပန်အထိ အတုမဲ့သော အင်ပါယာ၏ သမီးတော်ဆိုသူဖြစ်သည်။ သူမ မရှိလျှင် လောကသည် အရောင်စုံတော့မည်မဟုတ်ပေ။ ကောင်းကင်အင်ပါယာ၏ သမီးတော် သူမသည်လည်း ယခင်ခေတ်များက ကောင်းကင်ဘုံကို အမိန့်ပေးခဲ့သည့် ကျင့်ကြံသူတစ်ယောက်ဖြစ်သည်။
သူမ ယခုအထိ အသက်ရှိနေသေးသလော။
ယနေ့ခေတ်တွင် ဘုံခုနစ်ခုရှိသော်လည်း အင်ပါယာခြောက်ပါးသာ ကျော်ကြားပေသည်။ ဘုံခုနစ်ခုကြားတွင် ကောင်းကင်ဘုံ၏တည်ရှိမှုကို သိရှိသူ မရှိသလောက်ပင်။ ထို အတုမဲ့သမီးတော်အကြောင်းကို ပြောသည့်သူ မရှိသလောက်ဖြစ်၍ သူမအကြောင်းကို မပြောရန် တားမြစ်ခံခဲ့ရခြင်း ဖြစ်ပုံပေါ်လေသည်။
ကျိဝူတောက်သည် သူမ၏တပည့်လော။
ပို၍ အရေးကြီးသည်မှာ သူမသည် အတိတ်တွင် အရေးပါသော ရာထူးအဆင့်အတန်းကို ယူကာ လျှို့ဝှက်ချက်များစွာတွင် ပါဝင်ခဲ့လိမ့်မည်ဟု ရီဖူရှင်း ခံစားနေရခြင်းဖြစ်သည်။
သူမသည် ကိစ္စများစွာ၏ သော့ချက် ဖြစ်နိုင်ချေ များပေသည်။
“အင်ပါယာတွေရဲ့ လမ်းစဉ် ပေါ်ထွက်လာပြီဆိုတော့ ငါ တစ်ချက်သွားကြည့်ရမှာပေါ့”
ရီဖူရှင်း ပြောလိုက်၏။ ကောင်းကင်လမ်းစဉ် ပြိုပျက်သွားပြီးသည့်နောက်တွင် မည်သည့် အင်ပါယာလမ်းစဉ်ကိုမှ ရှာမတွေ့ခဲ့တော့ပေ။ မဟာအင်ပါယာတစ်ပါး ဖြစ်လာစေရန် အတုမဲ့ပါရမီရှိရမည့်အပြင် ထူးကဲသော အခွင့်အရေးအချို့ ရရန်လည် လိုအပ်ပေသည်။ သို့သော် ထိုအခွင့်အရေးသည် မည်သို့သော အခွင့်အရေးဖြစ်မည်ကို ရီဖူရှင်း မသိသေးပေ။
သို့ရာတွင် ယခု အင်ပါယာများ၏လမ်းစဉ် ရုတ်တရက် ထွက်ပေါ်လာခြင်းသည် ပဟေဋိ၏ တစ်စိတ်တစ်ပိုင်း ဖြစ်ပေလိမ့်မည်။
ရီအင်ပါယာနန်းတော်တွင် သူတစ်ယောက်သာ ရှိသည် မဟုတ်ပေ။ အခြား ကျင့်ကြံသူများစွာလည်း ရှိပေသေးသည်။ ဥပမာအားဖြင့် အနောက်အင်ပါယာလည်း ပြန်လည်ရှင်သန်လာခဲ့ပြီဖြစ်သည်။ ထို့အပြင် အနောက်အင်ပါယာနန်းတော်မှ ကျင့်ကြံသူများ၊ စွန့်ပစ်ခံကလန်မှ ကျင့်ကြံသူများနှင့် သူ့လက်အောက်မှ ကျင့်ကြံသူများလည် ရှိလေသည်။ သူတို့အားလုံးသည် အနာဂတ်တွင် ထိုအဆင့်ကို ဖြတ်ကျော်ရနိုင်ပေသည်။ ထို့ကြောင့် သူတို့သည် ကောင်းကင်ဘုံသို့ သွား၍ ကြည့်လိုနေကြသည်။ ရီဖူရှင်းမှာလည်း ဤအခွင့်အရေးကို လက်လွတ်ခံမည် မဟုတ်ချေ။
ယခုတွင် သူသည် ပြောင်းလဲခဲ့ပြီဖြစ်၍ အခြားသူများသည် သူ့ကို အလွယ်တကူ ကြောက်ရွံ့ကြပေလိမ့်မည်။ ထို့ကြောင့် သူသည် အပြင်တွင် လျှောက်သွားမနေသင့်ပေ။ သို့သော် မဟာအင်ပါယာခြောက်ပါးအကြားတွင် သဘောတူညီမှု တစ်ခု ရှိပေသည်။ လက်ရှိ အခြေအနေများအောက်၌ ကောင်းကင်ဘုံတွင် ဘုံခြောက်ခုမှ ကျင့်ကြံသူများလည်း ရှိနေမည်ဖြစ်၍ အင်ပါယာခြောက်ပါးလုံးလည်း ထိုကိစ္စအတွက် ရှိနေနိုင်ပေသည်။ သို့ကြောင့် သူ၏လုံခြုံရေးကို စိတ်ပူရန် မလိုပေ။
မဟာအင်ပါယာများအောက်မှ ကျင့်ကြံသူများစွာသည် သူ့ကို သတ်လိုနေကြသည်။ ထိုသူများထဲတွင် ရှေးဟောင်းနတ်ဘုရားကလန်များ၏ ပြန်လည်ရှင်သန်လာသော အင်ပါယာများလည်း ပါဝင်ပေသည်။ သို့သော် လက်ရှိ သူ၏ကျင့်ကြံခြင်းအစွမ်းနှင့်ဆိုလျှင် မဟာအင်ပါယာအဆင့်အောက်တွင် သူ့ကို အမှန်တကယ် ထိခိုက်အောင် လုပ်နိုင်မည့်သူမှာ အနည်းငယ်သာ ရှိလေသည်။
ရီဖူရှင်းနှင့် ဟွာဂျီယူသည် ထရပ်လိုက်ပြီး အပြင်သို့ လျှောက်သွားကြ၏။ သိမ်းငှက်လေးသည် နောက်မှ ကပ်လိုက်လာသည်။ သူတို့သည် မဟာခန်းမအရှေ့သို့ သွားလိုက်၏။ ထိုနေရာတွင် အားလုံးသည် သူတို့ကို စောင့်ဆိုင်နေကြသည်။ သူတို့အားလုံးသည် ရီဖူရှင်းကို မြင်လိုက်သောအခါ ဦးညွှတ်၍ အရိုအသေးပေးကာ နှုတ်ဆက်လိုက်၏။
“နန်းတော်သခင်...”
ရီဖူရှင်း၏ ဟန်ပန်အရှိန်အဝါသည် ထပ်မံပြောင်းလဲသွားပြီဖြစ်ကြောင်း သူတို့ တွေ့လိုက်ရ၏။ လက်ရှိတွင် ရီဖူရှင်းသည် မဟာအင်ပါယာများကဲ့သို့သော ဟန်ပန်အရှိန်အဝါကို ပိုင်ဆိုင်ထားပေသည်။ ထိုဟန်ပန်အရှိန်အဝါသည် ဖော်ပြရန် ခက်ခဲ၏။ သို့သော် သူ သူတို့ရှေ့တွင် ရပ်လိုက်ချိန်၌ သူသည် ဤလောကနှင့် တစ်သားတည်းဖြစ်နေသည်ဟု ထင်ရသည်။
ထိုမှ သူတို့သည် ရီဖူရှင်းက သူ၏ အင်ပါယာလမ်းစဉ်ပေါ်သို့ ရောက်နေပြီဖြစ်ကြောင်း သိသွားကြသည်။
ရီဖူရှင်းနှင့် အတော်ရင်းနှီးသည့် သခင်ချန်ကဲ့သို့သောသူများသည်ပင် တစ်ချိန်က ရီဖူရှင်းထံတွင် လက်အောက်ခံခဲ့ခြင်းမှာ ရီဖူရှင်း၏အလားအလာနှင့် အရှင်စီဝေ့၏ဆက်ခံသူဟူသော သူ၏အဆင့်အတန်းကို တန်ဖိုးထားခဲ့၍ဖြစ်သည်။ သူတို့သည် တစ်ဦးကိုတစ်ဦး ယဉ်ယဉ်ကျေးကျေး ဆက်ဆံကြသော်လည်း သူတို့၏လေးစားမှုသည် နှလုံးသားဆီမှ လာခဲ့ခြင်းမဟုတ်ပေ။
သို့သော် ယခုတွင် ကွဲပြားသွားပေပြီ။ ရီအင်ပါယာနန်းတော်အတွင်းရှိ လူအားလုံးသည် ရီဖူရှင်းအပေါ် သူတို့၏အမြင်သဘောထားကို ပြောင်းလဲလိုက်ပြီဖြစ်သည်။ ထိုပြောင်းလဲမှုသည် တမင်လုပ်ယူ ပြောင်းလဲခြင်းမျိုးမဟုတ်ဘဲ မမြင်ရသော အဆင့်ဆင့်တိုးတက်ပြောင်းလဲလာမှုတစ်ခုပင်။
ထိုသို့ ပြောင်းလဲလာခြင်းမှဦ ရီဖူရှင်း၏အစွမ်းသည် နောက်တစ်ဆင့်သို့ ရောက်သွား၍ ဖြစ်သည်။ အနာဂတ်တွင် သူသည် မဟာအင်ပါယာတစ်ပါး ဖြစ်လာရန် ကံကြမ္မာပါပေသည်။
“အင်ပါယာတွေရဲ့ လမ်းစဉ် ထွက်ပေါ်လာတယ်ဆိုတော့ ရန်ဟောင်အထွတ်အထိပ်အဆင့်နဲ့ အဲဒီအထက်အဆင့်တွေအထိ ရောက်အောင် ကျင့်ကြံပြီးခဲ့သူတွေ အဲဒီကိုသွားချင်တယ်ဆိုရင် ထွက်ခွာဖို့ ပြင်ဆင်ကြပါ။ အဲဒီလူတွေက ကျုပ်နဲ့အတူ လိုက်ခဲ့နိုင်ပါတယ်”
ရီဖူရှင်း အားလုံးကို ပြောလိုက်၏။ အမှန်တွင် မည်သည့်ပြင်ဆင်မှုမှ မလိုအပ်ပေ။ တစ်နည်းဆိုရလျှင် သူတို့သည် အဆင်သင့်ဖြစ်နေပြီဖြစ်ပြီး အချိန်မရွေး ထွက်ခွာနိုင်လေသည်။
ရီဖူရှင်းသည် အားလုံးက သူ့ဘက်ကို ကြည့်နေသည်ကို တွေ့လိုက်သောအခါ သူတို့ ဘာတွေးနေသည်ကို သဘောပေါက်သွားသည်။ သူ ရှေ့သို့ထွက်လိုက်ပြီး ပင်မခန်းမရှေ့တွင် ရပ်ကာ အောက်ဘက်ရှိ ရီအင်ပါယာနန်းတော်ကို ကြည့်လိုက်၏။ သူ ကျယ်လောင်စွာ အော်လိုက်သည်။
“ကျုပ် အပြင်သွားနေတုန်း လုံခြုံအောင် မသွားခင် ရီအင်ပါယာနန်းတော်ကို ချိပ်ပိတ်ခဲ့ပါမယ်။ အားလုံးပဲ ဒီတစ်ခေါက် နည်းနည်းပိုပြီး ကြိုးစားရမယ်... ရီအင်ပါယာနန်းတော်ထဲမှာပဲ ကျင့်ကြံခြင်းကို အာရုံစိုက်နေကြပေါ့”
“ကျုပ်တို့ နားလည်ပါတယ် နန်းတော်သခင်...”
“နန်းတော်သခင် စိတ်ချလက်ချ သွားပါ။ ကျုပ်တို့ အဆင်ပြေမှာပါ”
အသံများ တစ်သံပြီးတစ်သံ ထွက်ပေါ်လာပြီး ရီဖူရှင်းကို စိတ်ချရန် ပြောလိုက်ကြသည်။
ရီဖူရှင်းသည် ရီအင်ပါယာနန်းတော်၏ လုံခြုံရေးအတွက် နန်းတော်ကို ချိပ်ပိတ်ခဲ့လို၏။ သူတို့သည် ထိုကိစ္စကို ကောင်းစွာ နားလည်ပေသည်။
“ကောင်းပြီ...”
ရီဖူရှင်း၏စိတ်သည် အနည်းငယ် လှုပ်ခတ်သွား၏။ ရုတ်ခြည်းပင် သူ့ထံမှနေ၍ နတ်စွမ်းအား ပြန့်ထွက်သွားပြီး ရီအင်ပါယာနန်းတော်ဆီသို့ ပြန့်ကားသွားသည်။ ခေတ္တအတွင်းမှာပင် သူ၏စည်းမျဉ်းနတ်စွမ်းအားသည် ရီအင်ပါယာနန်းတော်တစ်ခွင်လုံးကို လွှမ်းခြုံသွားပြီး ထွက်ပေါက်တစ်ပေါက်စာသာ ချန်ခဲ့လေသည်။
“သွားကြစို့...”
ရီဖူရှင်းသည် ကျင့်ကြံသူတစ်စုကို ခေါ်၍ ထွက်သွားသည်။ သူတို့ ရီအင်ပါယာနန်းတော်အပြင်သို့ ရောက်သည်နှင့် ရီဖူရှင်းသည် သူ့နောက်ရှိ အပေါက်ကို ပိတ်လိုက်သည်။ ရုတ်တရက် ကျယ်ပြောသော ရီအင်ပါယာနန်းတော်သည် ပိုးမျှင်အိမ်တစ်ခုကဲ့သို့ ဖြစ်သွားပြီး နတ်အလင်း၏လွှမ်းခြုံမှုကို ခံထားရကာ ကိုယ်ပိုင်လောကတစ်ခုထဲ၌ ရှိနေသကဲ့သို့ ဖြစ်သွားသည်။ ထိုချိပ်စည်းအကာအရံသည် အလွန်ခိုင်ခံ့သဖြင့် အရှင်ဟောင်ထျန်းကဲ့သို့သော ကျင့်ကြံသူများပင် ၎င်းကို ဖောက်ဝင်ရန် ခက်ခဲပေလိမ့်မည်။
****
အခြားဘုံခြောက်ခုနှင့် နှိုင်းဆာလျှင် ကောင်းကင်အင်ပါယာဘုံသည် အားကောင်းသောအငွေ့အသက်တစ်ခု ရှိမနေပေ။ သို့သော် လောကအတွင်းရှိ ကြီးမားသော ပြောင်းလဲမှုများ ဖြစ်လာပြီးနောက် ကောင်းကင်ဘုံသည်လည်း အာကာသလမ်းကြောင်းတစ်ခု ဖွင့်လှစ်ခဲ့သည်။ ထိုလမ်းကြောင်းကိုအသုံးပြု၍ မူလဘုံမှနေ၍ ကောင်းကင်အင်ပါယာဘုံကို တိုက်ရိုက်ဆက်သွယ်နိုင်ပေသည်။ ကောင်းကင်အင်ပါယာဘုံမှ ကျင့်ကြံသူများသည်လည်း ထိုအာကာသလမ်းကြောင်းကို အသုံးပြု၍ မူလဘုံသို့ လာရောက်လာ ကျင့်ကြံကြသည်။
သို့သော် ဘုံခြောက်ခုနှင့် ယှဉ်လျှင်မူ ကောင်းကင်အင်ပါယာဘုံသည် လမ်းကြောင်းများစွာ မဖွင့်လှစ်ခဲ့ဟု ဆိုနိုင်သည်။ မည်သို့ပင် ဖြစ်စေ လမ်းကြောင်းအချို့ကိုတော့ ဖွင့်လှစ်ခဲ့ပြီဖြစ်သည်။
ရီဖူရှင်းတို့အုပ်စုသည် အာကာသလမ်းကြောင်းတစ်ခုအတိုင်းလိုက်၍ မူလဘုံမှနေ၍ ကောင်းကင်ဘုံသို့ သွားခဲ့ကြသည်။
သူတို့ ကောင်းကင်ဘုံသို့ ရောက်သောအခါ အံ့အားသင့်သွားကြသည်။ သူတို့ ကောင်းကင်သို့ မော့ကြည့်လိုက်ကြ၏။ ရီဖူရှင်းသည် သူတို့အထက်တွင် ပရမ်းပတာအာကာပြင်မှလွဲ၍ အခြားမည်သည့်အရာမှ ရှိမနေသည်ကို တွေ့လိုက်သောအခါ အံ့အားသင့်သွားသည်။
ကောင်းကင်ဘုံအထက်တွင် မိုးကောင်းကင်မရှိချေ။
အတိတ်တွင် ကောင်းကင်ဘုံ၌ မည်သည့်အရာဖြစ်ပျက်ခဲ့သနည်း။
သူတို့သည် လေပေါ်မှနေ၍ ဦးတည်ရာတစ်ဘက်သို့ လွန်စွာလျင်မြန်သောအလျင်ဖြင့် သွားလိုက်ကြသည်။ ကောင်းကင်ဘုံအထက်တွင် မိုးကောင်းကင်မရှိသော်လည်း မြေပေါ်တွင်မူ ကုန်းမြေထုများ ရှိပေသည်။ ထိုကုန်းမြေများတွင် ရှေးဟောင်းအငွေ့အသက်များ ပြည့်နှက်နေပြီး ကုန်းမြေများပေါ်ရှိ အဆောက်အဦများသည်လည်း ရှေးခေတ်မှ အဆောက်အဦများဖြစ်ကြလေသည်။
သူတို့သည် လမ်းတစ်လျှောက်တွင် နေထိုင်သူရှိသည့် လက္ခဏာတစ်ခုပင် မတွေ့ရသော အပျက်အစီးကုန်းမြေများစွာကို တွေ့ခဲ့ရသည်။
“အရင်တုန်းက ကောင်းကင်ဘုံမှာ ဘာဖြစ်ခဲ့တာလဲ”
ရီဖူရှင်း တီးတိုးရေရွတ်လိုက်သည်။ သူ့ရှေ့ရှိ အရာအားလုံးကို ကြည့်ရုံဖြင့်ပင် ကောင်းကင်ဘုံသည် ဤကဲ့သိုအခြေအနေဖြစ်လာရန် လွန်ခဲ့သောနှစ်ပေါင်းများစွာက ကြောက်မက်ဖွယ် တိုက်ပွဲတစ်ခုဖြင့် ကြုံတွေ့ခဲ့ရမည်ဖြစ်ကြောင်း သူခံစားနိုင်လေသည်။
သူ သိသလောက် ကောင်းကင်ဘုံသည် တစ်ချိန်က အလွန် စည်ပင်ဝပြောခဲ့သည်။ ကောင်းကင်အင်ပါယာ၏ခေတ်တွင် ကောင်းကင်ဘုံသည် ထိပ်တန်းဘုံတစ်ခုဖြစ်ခဲ့ပြီး အခြားဘုံအားလုံးထက် သာလွန်ခဲ့လေသည်။
သို့သော် မည်သည့်အကြောင်းကြောင့် ကောင်းကင်ဘုံသည် ဤသို့ ဖြစ်လာရသနည်း။
“ကောင်းကင်ဘုံက ကျင့်ကြံသူတွေတော်တော်များများက တခြားနေရာကို ပြောင်းရွှေ့သွားကြတယ်။ သူတို့က တခြားဘုံတွေကို ပြောင်းရွှေ့သွားကြတယ်လို့ ပြောကြတယ်။ ဥပမာပြောရရင် ဒီနေ့ခေတ် ကောင်းကင်ဘုံက ကျင့်ကြံသူတွေက ဘုံခုနစ်ခုထဲက ဘုံတစ်ခုခုမှာ နေခဲ့ဖူးကြတယ်”
ဓားဧကရာဇ်အရှင်က ရှင်းပြလိုက်သည်။ သူတို့သည် သူတို့၏လမ်းတစ်လျှောက်တွင် စည်ပင်သောကုန်းမြေအနည်းငယ်နှင့် ကျင့်ကြံသူများစွာကိုလည်း တွေ့ခဲ့ရသည်။ သို့သော် ကောင်းကင်ဒေသရှိ အဓိကကုန်းမြေ၏ စည်ပင်ဝပြောမှုနှင့် နှိုင်းယှဉ်လျှင် အတော်လေး ကွာခြားနေဆဲဖြစ်ပေသည်။
နတ်ဆိုးလောကနှင့် မှော်နက်လောကတို့ရှိ ကျင့်ကြံသူအရေအတွက်သည်ပင် ကောင်းကင်ဘုံရှိ ကျင့်ကြံသူအရေအတွက်ထက်များပေသည်။
သို့သော် သူတို့သည် ထိုကိစ္စကို များစွာ အာရုံမစိုက်ကြပေ။ ဤတစ်ခေါက် သူတို့၏ရည်ရွယ်ချက်သည် ကောင်းကင်ဘုံကို လေ့လာရန်မဟုတ်ပေ။ အင်ပါယာများ၏လမ်းစဉ် ထွက်ပေါ်လာရာနေရာသို့သွားရန်သာဖြစ်သည်။ ထိုနေရာသည် ကောင်းကင်နန်းတော်ဟောင်း၏ အပျက်အစီးများရှိသောနေရာဖြစ်သည်။
သူတို့သည် တည်နေရာကို မေးမြန်းစုံစမ်းပြီးသောအခါ သူတို့၏ ဦးတည်ရာသို့ ရောက်ရန်သာ အာရုံစိုက်လိုက်ကြသည်။ လမ်းတစ်လျှောက်တွင် သူတို့သည် ဦးတည်ရာတစ်ခုတည်းသို့ သွားနေသော အခြားကျင့်ကြံသူများစွာကို တွေ့ခဲ့ရသည်။ သူတို့အများစုသည် ကောင်းကင်အင်ပါယာဘုံမှ ကျင့်ကြံသူများဖြစ်သည်။ သို့သော် နတ်ဘုရားကုန်းမြေနှင့်၊ လောကနေရာအနှံ့မှလာခဲ့သော ကျင့်ကြံသူများစွာလည်း ရှိနေသည်။
အင်ပါယာများ၏လမ်းစဉ်ထွက်ပေါ်လာမှုသည် ဘုံခုနစ်ခုလုံးအတွက် အံ့အားသင့်ဖွယ်သတင်းဖြစ်သည်။ နတ်ဘုရားကုန်းမြေပေါ်ရှိ ဘုံခုနစ်ခုမှ ကျင့်ကြံသူများသည်လည်း ထိုသတင်းကို ကြားပြီးနောက်တွင် ဤနေရာသို့ အလျင်အမြန် လာခဲ့ကြလေသည်။
***