လောကများ - တောင်ပင်လယ်ပြစ်ဒဏ်
Vol. 74 Ch. 1026
မန်ဟို ရီဖဇီ၏လက်ပေါ်ခေါင်းတင်လိုက်သည်နှင့်တစ်ပြိုင် သူ့စိတ်ထဲတွင် ပေါက်ကွဲသွားစေနိုင်လောက်အောင် ပြင်းထန်သော ပြင်းထန်သော ထစ်ချုန်းသံများ ပြည့်နှက်သွားသည်။ ရီဖဇီ၏ဦးနှောက်ထဲမှ မရေမတွက်နိုင်သောပုံရိပ်များနှင့် အချက်အလက်ပေါင်းများစွာက သူ့စိတ်ထဲသို့ ပြုံတိုးဝင်ရောက်လာသည်။ မန်ဟို၏နတ်ဘုရားအာရုံသည် ရီဖဇီ၏ မှတ်ဉာဏ်များနှင့် တစ်သားတည်းဖြစ်သွားပြီး အရာအားလုံးကို ထင်ထင်ရှားရှား ပြတ်ပြတ်သားသား မြင်နိုင်သွား၏။
သူ့မှာ မျက်လုံးများ၌ မယုံကြည်နိုင်မှုတောက်ပနေလျက် တဆတ်ဆတ် တုန်လာပြီး အသက်ရှူမြန်လာသည်။ သူသည် စိတ်ကို ပြင်ဆင်ထားခဲ့သော်လည်း ရီဖဇီ၏မှတ်ဉာဏ်များထဲတွင် မြင်နေရသောအရာကြောင့် နင့်နင့်နဲနဲ တုန်လှုပ်သွားသေး၏။
ရီဖဇီမှာ တစ်ဘဝလုံးတွင် ခံစားခဲ့ဖူးသမျှထက် ပို၍ပြင်းထန်သော နာကျင်မှုကို ခံစားနေရသဖြင့် မချိတင်ကဲ အော်ဟစ်နေသည်။ စိတ်ဝိညာဉ်ကြယ်လောက၌ သူ့လိုအရေးပါသောလူတစ်ယောက်က တစ်နေ့တွင် ဝိညာဉ်ဖွေရှာခံရလိမ့်မည်ဟု အိပ်မက်ပင် မမက်ခဲ့ဖူးပေ။
သူ့ပါးစပ်မှ အမြှုပ်များ ထွက်နေပြီး သူ၏ရဲတွတ်နေသော မျက်လုံးများက ကြောက်စရာကောင်းလောက်အောင် ပြူးထွက်လာသည်။ သူ့မှာ ဧရာမလက်ကြီးတစ်ဖက် သူ့ဦးနှောက်ကို စုတ်ဖြဲရင်း ခေါင်းအတွင်းထဲရှိ အရာများကို ဆွဲထုတ်နေသည့်အလား ခံစားရသဖြင့် သူ့ခန္ဓာကိုယ်မှာ တဆတ်ဆတ် တုန်နေ၏။ နာကျင်မှုကား … ဖော်ပြဖို့ရန်ပင် မတတ်နိုင်ပေ။
သူ့အော်သံများက ကြားလိုက်ရသည့် မည်သူ့ကိုဆို ချောက်ချားသွားစေနိုင်သည်။
ရီဖဇီကို ဆုပ်ကိုင်ထားသော မန်ဟို့လက်က မယုံနိုင်လောက်အောင် ကြီးမားသောဆွဲအားကို ထုတ်လွှတ်နေသယောင်ပင်။ ရီဖဇီ မည်မျှပြင်းပြင်းထန်ထန် ရုန်းကန်စေကာမူ သူ့အတွက် မန်ဟို့လက်ထဲမှ ရုန်းထွက်ရန် မဖြစ်နိုင်ပေ။
လောလောဆယ်တွင် မန်ဟိုမှာ ရီဖဇီ ရုန်းကန်နေသည်ကို အာရုံစိုက်ဖို့ အချိန်မရှိပေ။ အင်မတန် ရင်သပ်ရှုမောဖွယ်ကောင်းသော မြင်ကွင်းများ သူ့စိတ်ထဲတွင် ဖြတ်ပြေးနေသဖြင့် သူ့မှာ အမောတကော အသက်ရှူနေရသည်။
“ဒါက…” သူက ခပ်တိုးတိုး ရေရွတ်လိုက်၏။
သူ မြင်နေသည်ကား …. လောကတစ်ခု။
ဤလောကတွင် အရာအားလုံးက ဖြစ်သင့်သည်နှင့် တခြားစီဖြစ်နေသည်။ ကောင်းကင်က အောက်ရောက်နေသည်။ မြေပြင်ကမူ အပေါ်တွင်။ အဆောက်အအုံများ၊ တောင်တန်းမြစ်ချောင်းများက အပေါ်မှ တွဲလောင်းကျနေသည်။
နေ၊ လ၊ နက္ခတ်တာရာအကုန်လုံးက အောက်တွင်ဖြစ်သည်။
ထိုနက္ခတ်တာရာတစ်ခုအပေါ်မှ သို့မဟုတ် နေမျက်နှာပြင်ပေါ်တွင် ရပ်ပြီး အပေါ်သို့ မော့ကြည့်လျှင် တောင်တန်းများ၊ ရှေးကျသောမြို့တော်များနှင့် ပြည့်နှက်နေသည့် အဆုံးမဲ့မြေပြင်များကို မြင်ရလိမ့်မည်။
မြို့များအတွင်းတွင် ခေါင်းကိုးလုံးမြွေတစ်ကောင်ပုံစံရှိသော ရုပ်တုများအား မြင်ရနိုင်သည်။
မန်ဟိုသည် မရေမတွက်နိုင်သော သတ္တဝါများကိုလည်း မြင်လိုက်ရ၏။ အများစုက ရီဖဇီကဲ့သို့ လူလည်းမဟုတ်၊ သားရဲလည်း မဟုတ်ပေ။
သာမန်ကျင့်ကြံသူများနှင့်တူသော တချို့တလေတော့ ရှိသည်။ သို့သော် သူတို့သည် အဆိုပါပုံပန်းသွင်ပြင်များကို ဖန်ဆင်းထားသော လူတစ်ပိုင်းသားရဲတစ်ပိုင်းများ ဖြစ်သည်ဟု မန်ဟို ခံစားနေသည်။ သူတို့ထုတ်လွှတ်နေသော အရှိန်အဝါမှာ အရိုင်းဆန်မှု၊ ရူးမိုက်မှုတို့ ပြည့်နှက်နေသည်။ သူတို့က ကြောက်ခမန်းလိလိ အသတ်အဖြတ်အရှိန်အဝါများဖြင့် သွေးအေးခက်ထန်နေ၏။
ဤနေရာက တောင်ကိုးလုံးနှင့် ပင်လယ်ကိုးစင်းထဲက တစ်နေရာမဟုတ် …. တောင်ကိုးလုံးနှင့်ပင်လယ်ကိုးစင်း၏အပြင်ရှိ လောကတစ်ခုပင်။
မန်ဟိုမှာ နဝမတောင်ပင်လယ်မှ တစ်ခါမှ မထွက်သွားခဲ့ဖူးသော်လည်း ယခု ရီဖဇီ၏အိမ်ကို ရှင်းရှင်းလင်းလင်း မြင်ပြီး ခံစားနေရသည့်အခါ ထိုလောကထဲ တည်ရှိသော သဘာဝနိယာမများနှင့် လှိုင်းများက သူ သိထားသည့်အရာနှင့် ကွဲပြားခြားနားကြောင်း ပြောနိုင်သွားသည်။
၎င်းက သူ့လောကနှင့် သပ်သပ်စီ ဆန့်ကျင်နေသည့် ရိုင်းစိုင်းကြမ်းကြုတ်နေသော နေရာတစ်နေရာဖြစ်လေသည်။ ဤလောကတွင် အစုအပြုံသတ်ဖြတ်ခြင်းက အင်အားအကြီးမားဆုံး သဘာဝနိယာမအလားပင်။
“ဒါ ဘာနေရာလဲ” သူက စိတ်နှလုံးချာချာလည်လျက် ပင့်သက်ရှိုက်ကာ တွေးလိုက်သည်။ စောစောက သူသည် ရီဖဇီ၏ ဇစ်မြစ်က ဆန်းပြားကြောင်း သေချာခဲ့သော်လည်း ထိုကမ္ဘာခြားလောကကို မြင်တွေ့ရသောအခါ ရီဖဇီကား … တောင်ကိုးလုံးပင်လယ်ကိုးစင်းမှ ဖြစ်တည်မှုတစ်ခုမဟုတ်ကြောင်း အတပ်ပြောနိုင်သွားလေပြီ။
မန်ဟို ထိုလောကက မြင်လိုက်သည်နှင့်တစ်ပြိုင်တည်းဆိုသလို ရီဖဇီ၏မှတ်ဉာဏ်များမှ အချက်အလက်များမှာ ရုတ်တရက် မန်ဟို့စိတ်ထဲတွင် မြည်ဟည်းသွားသည်။ ၎င်းတို့က သူ့ သိထားသော ကမ္ဘာလောကကြီးအား ပြောင်းပြန်လှန်ရင်း ဂျိန်းခနဲ ပေါက်ကွဲသွားတော့သည်။
“ရှေးရှေးတုန်းက အဆင့်မြင့်လောကမှာ အင်မော်တယ်တွေရှိခဲ့တယ်
“အင်မော်တယ်ကြားမှာ ပါရာဂွန်တွေ မွေးဖွားလာတယ်။ အဲဒီလောကရဲ့ အဆင့်အတန်းကြောင့်၊ အဲဒီလောကရဲ့ မယုံကြည်နိုင်ဖွယ် အင်အားကြောင့် …. ပါရာဂွန်အင်မော်တယ်လောကဆိုပြီး အသိများလာခဲ့ပေတယ်
“ပါရာဂွန်အင်မော်တယ်လောက ကောင်းကင်ဘုံအားလုံးနဲ့ ကြယ်တာရာကောင်းကင်ထဲမှာ ပထမဆုံးသော လောက
“အဲဒီလောကအောက်မှာ အသက်ရှင်သန်ဖို့အတွက် ပါရာဂွန်အင်မော်တယ်လောကို မှီတွယ်နေကြတဲ့ တခြားလောကသုံးထောင် ရှိတယ်။ သူတို့တတွေဟာ အင်မော်တယ်လောကကို မျိုးရိုးစဉ်ဆက် ကိုးကွယ်ခဲ့ကြတာပေါ့။ မရေမတွက်နိုင်တဲ့ သက်ရှိတွေဟာ ပျံတက်ပြီး အင်မော်တယ်လောကထဲ ဝင်ရောက်နိုင်ဖို့ မျှော်လင့်ချက်တွေနဲ့ ကျင့်ကြံအားထုတ်ကြတယ်
“လူတိုင်း အင်မော်တယ်အဖြစ် တက်လှမ်းဖို့ ရှေးရှုကြတယ်
“စိတ်ဝိညာဉ်လောက၊ ကြယ်လောက၊ ရေသစ်သားလောက၊ နတ်လောက၊ စိတ်ဝိညာဉ်ကြယ်လောက၊ ရေစီးမာန်ဟုန်လောက … အစရှိတဲ့ လောကသုံးထောင်လုံးဟာ ပါရာဂွန်အင်မော်တယ်လောကကို ဦးညွှတ်ကိုးကွယ်ကြရပေတယ်
“ပါရာဂွန်အင်မော်တယ်လောကကနေ အဲဒီအဆင့်နိမ့်လောက သုံးထောင်ကို ဆင်းသက်လာတဲ့ ဘယ်သူမဆို နတ်ဘုရားတစ်ပါးနဲ့ တူနေလိမ့်မယ်
“ဒီလိုနဲ့ တစ်ခေတ်ပြီးတစ်ခေတ် ကူးပြောင်းသွားတာပေါ့။ အဲဒီနောက် နှစ်ပေါင်းအသင်္ချေကြာတဲ့အခါမှာ ကပ်ဆိုက်ခဲ့တယ်…
“အဲဒီကပ်ဘေးအတွင်း ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို စိတ်ဝိညာဉ်ကြယ်လောကထဲမှာ ကမ္ဘေကမ္ဘာတည်ရှိခဲ့တဲ့ ဧရာမနံရံပန်းချီတစ်ခုပေါ်မှာ မှတ်တမ်းတင်ထားတယ်… အဲဒီနေ့မှာ ကြယ်တာရာကောင်းကင်တစ်နေရာမှာ နေကိုးစင်းက ဧရာမရုပ်တုကြီးတစ်ခုကို ကောင်းကင်တွေ ကြားကနေ ဖြတ်ဆွဲလာရင်း ပေါ်လာခဲ့တယ်။ အဲ့ရုပ်တုက ထာဝရဖြူဆွတ်နေတဲ့ ဆံပင်နဲ့ ယောက်ျားတစ်ယောက်ပုံစံ ရှိတယ်
“အဲဒီနေ့မှာပဲ ကြယ်တာရာကောင်းကင်နောက်တစ်နေရာမှာ လိပ်ပြာကိုးကောင်ဟာ အာကာသကို ဖိချေပစ်လိုက်တဲ့ ဧရာမခေါင်းတလားကြီးတစ်ခုကို ဆွဲလာရင်း ပေါ်လာခဲ့တယ်။ အဲဒီခေါင်းတလားကြီးအပေါ်မှာ သက်ရှိသတ္တဝါအားလုံးရဲ့ပုံစံတွေကို ရေးဆွဲထားတယ်
“အဲဒီအင်အားနှစ်ရပ်လုံးက ပါရာဂွန်အင်မော်တယ်လောကနဲ့ တုယှဉ်ပြိုင်နိုင်တဲ့အထိ အင်အားကြီးမားတဲ့အတွက် အဆင့်နိမ့်လောကသုံးထောင်ကို ကြောက်လန့်တုန်ရီနေစေခဲ့တာပေါ့လေ
“ကပ်ဘေးက စတင်ရုံရှိသေးတယ် … အဆင့်နိမ့်လောကသုံးထောင်လုံး သစ္စာဖောက်ခဲ့ကြတဲ့ စစ်ပွဲတစ်ပွဲ စတယ်။ အရေးကြီးတဲ့အခိုက်အတန့်မှာမှ သူတို့အကုန်လုံးက အကြိမ်ပေါင်းများစွာ ပုန်ကန်ကြတော့ ပါရာဂွန်အင်မော်တယ်လောကဟာ သူတို့ကို ဖိနှိပ်ခဲ့ရတယ်။ ဒါမဲ့ သူတို့တွေက ပါရာဂွန်အင်မော်တယ်လောကကို ဖျက်စီးဖို့ အဲဒီအပြင်အင်အားစုနဲ့ပါ ပေါင်းလိုက်ကြတယ်
“အဲဒီစစ်ပွဲမှာ …. အင်မော်တယ်လောက ပျက်စီးပြိုကွဲခဲ့တယ်။ အင်မော်တယ်သွေးဆက်ပေါင်းများစွာ သေဆုံးပြီး ရှေးအင်မော်တယ်အများအပြား ကြွေလွင့်ကုန်တယ်။ အစွမ်းထက်တဲ့ လောကပါလတာအိုအင်မော်တယ်တွေ ဇီဝိန်ချုပ်ကုန်ပြီး ဧကရာဇ်ကိုးပါးလည်း အသက်ပေးလိုက်ရတယ်။ အသက်ရှင်ကျန်ခဲ့သူတွေကတော့ မဟာပါရာဂွန်အရှင်သုံးပါးပဲ။ သူတို့ဟာ အမည်မသိ နည်းလမ်းတစ်ခုကို သုံးရင်း အင်မော်တယ်လောကရဲ့ အစိတ်စိတ်အမြွှာမြွှာဖြစ်နေတဲ့ အပိုင်းအစတွေကနေတစ်ဆင့် တောင်ကိုးလုံးနဲ့ ပင်လယ်ကိုးစင်းကို ဖန်ဆင်းခဲ့တယ်
“စစ်ပွဲပြီးတော့ အဆင့်နိမ့်လောကသုံးထောင်ရဲ့ ကိုးဆယ်ရာခိုင်နှုန်း ဖျက်စီးခံခဲ့ရတယ်။ အဆုံးသတ်မှာ ကျန်ရစ်ခဲ့တဲ့ (၃၃) လောက်က အင်မော်တယ်လောကကို ချုပ်နှောင်ထားတဲ့ သော့ခလောက် (၃၃) ခုလို ပြုမူရင်း ထင်ရှားလာခဲ့တာပေါ့
“နောက်တော့ အဲဒီအဆင့်နိမ့်လောက (၃၃) ခုက အင်မော်တယ်တွေကို အပျော်သတ်တာကို ဝါသနာပါလာတယ်။ အင်မော်တယ်ကို သတ်ပြီး အဲ့သွေးနဲ့ အစွမ်းမြှင့်တင်နိုင်ရင် (၃၃) လောကလုံးမှာ ကျော်ကြားလာမှာတဲ့လေ”
အချက်အလက်အားလုံး သူ့စိတ်ထဲ စီးဝင်းလာနေသဖြင့် မန်ဟိုမှာ တုန်ရီနေသည်။ သူ့အနေဖြင့် သတိမထားမိသော်လည်း ဤသို့ဖြစ်ပျက်နေစဉ် ရီဖဇီမှာ တစတစ အားနည်းလာပြီး ရုန်းကန်နေခြင်း ရပ်သွားသည်။
တစတစ သူ့ခန္ဓာကိုယ်သည် အေးစက်လာပြီး မျက်ဆံများ ခဲရောင်ပြောင်းသွား၏။
တဂျွတ်ဂျွတ် အသံများ ကြားလိုက်ရစဉ် မန်ဟို့စိတ်ထဲရှိ အချက်လက်များသည် လေမုန်တိုင်းအသွင်ပြောင်းသွားသည်။ သူ့မှာ သူ လုပ်နေသောအရာကို သတိပင်မထားမိတော့ဘဲ သူ့အစွမ်းသူ မထိန်းချုပ်နိုင်ဖြစ်ရင်း ရီဖဇီ၏ခေါင်းအား အစိတ်စိတ်အမြွှာမြွှာ ဆုပ်ခြေပစ်လိုက်တော့သည်။
ခေါင်းပေါက်ကွဲသွားသောအခါ ရီဖဇီ၏ခန္ဓာကိုယ်သည် အာကာသထဲ ကျသွားပြီး အင်မော်တယ်အပျက်အစီးများနယ်၏ တစ်စိတ်တစ်ပိုင်း ဖြစ်သွား၏။ မန်ဟိုက ခေါင်းငုံ့ပြီး ရီဖဇီအပိုင် လက်စွပ်တစ်ကွင်းထံသို့ ဖမ်းဆုပ်လိုက်သော လက်ဟန်လုပ်လိုက်သည်။
ရီဖဇီ သေသွားသော အခိုက်အတန့်တွင် ရွှမ်းဝူလိပ်ကြီး၏ အော်သံမှာ တိခနဲ တိတ်ဆိတ်သွားသည်။ ၎င်း၏ခန္ဓာကိုယ်သည် တုန်ရီနေခြင်းမရှိတော့ဘဲ ရေထဲ ပြန်ငုပ်သွားကာ မလှုပ်တော့ပေ။
နတ်ရေကန်ထဲရှိ ရေသည် ပုံမှန်ပြန်ဖြစ်သွား၏။ မည်သည့်လှိုင်းဂယက်ကိုမှ မမြင်ရတော့သည့်အပြင် ကြေးမုံတစ်ချပ်ပမာ ငြိမ်သက်သွားသည်။
ကျီမျိုးနွယ်ကျင့်ကြံသူများမှာ စိတ်သက်သာရာရသွားကြသည်။ တစ်ချိန်တည်းမှာပင် ကျီတျန်း၏အသံက အင်မော်တယ်အပျက်အစီးများနယ်ထဲရှိ တာအိုနယ်ပယ်ပညာရှင်များ၏စိတ်ထဲတွင် ပဲ့တင်ထပ်လာသည်။
“တာအိုရောင်ရင်းတို့။ ဂုဏ်သရေရှိ လူကြီးမင်းများနဲ့ အမျိုးသမီးတို့ … အပြင်သူတွေ အသတ်ခံလိုက်ရပါပြီ””
နဝမတောင်ပင်လယ်ကို စိုးမိုးနေခဲ့သော တုန်ခါလှိုင်းများ ပျောက်ကွယ်သွားသည်။ အင်မော်တယ်အပျက်အစီးများနယ်ရှိ တာအိုနယ်ပယ်ပညာရှင်များက ရပ်လိုက်ကြသည်။ သူတို့သည် ပတ်ပတ်လည်ရှိ လျှို့ဝှက်ဆန်းကြယ်သောအပျက်အစီးများကို ကြည့်ပြီးနောက် လှည့်ထွက်သွားကြလေသည်။
ဖန်ရှုတောက်မှာ တခဏ ချီတုံချတုံ ဖြစ်နေပြီးနောက် ထွက်ခွာရန် ရွေးချယ်လိုက်သည်။
အင်မော်တယ်အပျက်အစီးများနယ်လည်း ပုံမှန်အတိုင်း ပြန်ဖြစ်သွားကာ အရာအားလုံး ငြိမ်သက်သွားသည်။ ထာဝရမျောနေသောအလောင်းများလည်း သူတို့၏အဆုံးမရှိသော ခရီးစဉ်အား ဆက်နှင်လိုက်ကြသည်။
အပျက်အစီးနယ်အတွင်းထဲ၌ မန်ဟိုက ခေါင်းမော့လိုက်ပြီး သူ့မျက်လုံးမှာ ငေးကြောင်နေသည်။ လောလောဆယ်တွင် ဝိညာဉ်ဖွေရှာခြင်းမှ မြင်ခဲ့ရသော အချက်အလက်အားလုံးက သူ့စိတ်ထဲတွင် တဝဲဝဲ လည်နေသည်။
အကြာကြီးကြာသော တွေဝေရှုပ်ထွေးနေသောအမူအရာက သူ့မျက်နှာကို ဖုံးလွှမ်းသွားသည်။ သူသည် ရီဖဇီ၏မှတ်ဉာဏ်များမှ ရရှိခဲ့သောအရာရာတိုင်းကို တထစ်ချ မယုံသော်လည်း သူ သိထားပြီးသည်နှင့် သူ့ဆင်ခြင်သုံးသပ်နိုင်စွမ်းအပေါ် အခြေခံ၍ ရှစ်ဆယ်ရာခိုင်နှုန်းမှန်ကြောင်း ယုံကြည်ချက်ရှိ၏။
“ဆိုတော့ ဒါက တောင်ကိုးလုံးနဲ့ ပင်လယ်ကိုးစင်းရဲ့ တကယ့်သမိုင်းပေါ့” သူက ရေရွတ်လိုက်သည်။
“ပါရာဂွန်အင်မော်တယ်လောက… အဲဒါက ငါ တောင်ကောင်းကင်ဂြိုဟ်ပေါ်မှာ ကြားခဲ့ရတဲ့ ထူးထူးဆန်းဆန်း အရာတချို့ကို ရှင်းပြနေတယ်
“အင်မော်တယ်တွေ….” သူ၏မျက်လုံးများသည် စူးရှတောက်ပလာ၏။
“မိစ္ဆာချုပ်နှောင်သူအဖွဲ့က တောင်ကိုးလုံးပင်လယ်ကိုးစင်းနဲ့ တစ်ခုခုပတ်သက်ရမယ်” သူက တစ်ယောက်တည်း ပြောနေသည်။ “တကယ်တော့ သူတို့က အဲဒီပါရာဂွန်အရှင်သုံးပါးနဲ့ ပတ်သက်နေတာလည်း ဖြစ်နိုင်ခြေများတယ်” ထို့နောက် သူသည် ခေါင်းထောင်၍ ကြယ်တာရာကောင်းကင်အား မော့ကြည့်လိုက်သည်။
“အပြင်မှာ စောင့်ကြပ်နေတဲ့ ၃၃ လောက … တောင်ကိုးလုံးနဲ့ပင်လယ်ကိုးစင်းကို အထင်သေးထားတာပဲ…
“လောက ၃၃ ခု၊ ကောင်းကင်ဘုံ ၃၃ ခု ….” သူသည် အတွေးရထားကြီးနှင့် လိုက်သွားနေစဉ် ဆဋ္ဌမမိစ္ဆာချုပ်နှောင်သူနှင့် အဋ္ဌမမိစ္ဆာချုပ်နှောင်သူတို့၏ ကျောက်စိမ်းပြားမှ ကြားခဲ့ရသော တစ်စုံတစ်ခုကို ရုတ်တရက် သတိရလိုက်၏။
“တောင်ပင်လယ်ပြစ်ဒဏ်…
“မိစ္ဆာချုပ်နှောင်သူအဖွဲ့ရဲ့ မျိုးဆက်တိုင်းဟာ တောင်ပင်လယ်ပြစ်ဒဏ်ကို ကျော်လွှားဖို့ ကြိုးစားကိုကြိုးစားရတယ်။ အဲ့ဒါက မိစ္ဆာချုပ်နှောင်သူအဖွဲ့ဝင်တိုင်းအတွက် ကံကြမ္မာ … တစ်နည်းပြောရရင် သူတို့က လောက ၃၃ ခုကို တိုက်ခိုက်သတ်ဖြတ်ရင်း လွတ်လပ်မှုကို ရယူချင်ကြတာပဲ” မန်ဟိုက အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ သူ့မှာ သူ့ကိုယ်သူ တည်ငြိမ်အောင် မလုပ်နိုင်ခင် သူ့စိတ်သည် ကြာမြင့်စွာ တုန်လှုပ်နေခဲ့၏။ ဤလျှို့ဝှက်ချက်ကို သိနေသည့်တိုင် သူ၏ နိမ့်ကျသောကျင့်ကြံခြင်းအခြေခံဖြင့် နားမလည်နိုင်သလို၊ ဘာမှမတတ်နိုင်ကြောင်း သူ သိသည်။
“အက်ရှလွန်…” သူက မျက်လုံးများ ဝင်းလက်နေလျက် တွေးလိုက်သည်။ နောက်ဆုံးတွင် သူသည် ဘေးဘီဝဲယာကို ကြည့်ရင်း အရပ်မျက်နှာတစ်ဖက်အား ရွေးချယ်ကာ ပျံသန်းသွားတော့သည်။ သူက ထင်မြင်ချက်အားလုံးနှင့် သံသယများကို ရင်ဝယ်သိမ်းဆည်းထားလိုက်၏။ လောလောဆယ် အရေးအကြီးဆုံးမှာ အန္တရာယ်များသော အင်မော်တယ်အပျက်အစီးများနယ်ထဲမှ ထွက်ဖို့ပင်။ သူ့အနေဖြင့် နဝမပင်လယ်နှင့် နဝမပင်လယ်နတ်လောကသို့ သွားဖို့လိုသည်။
“ငါ တာအိုဆရာအစည်းအရုံးသုံးခုကနေ ငါ့ကို ပေးဖို့ လိုနေတဲ့ ဆုလာဘ်ကို သွားယူဖို့ နဝမပင်လယ်ကို သွားရမယ်။ အဲ့ဒါပြီးရင် တာအိုဆရာအစည်းအရုံးသုံးခုထဲမှာ အစွမ်းထက်အောင် ကျင့်မယ်။ ရှေးဟောင်းနယ်ပယ်ကို ဝင်ရောက်ပြီးရင်တော့ … တာအိုနယ်ပယ်အတွက် ကိုယ့်နည်းလမ်းကိုယ် ရှာရတော့မယ်
“မိစ္ဆာချုပ်နှောင်သူမျိုးဆက်တိုင်း တောင်ပင်လယ်ပြစ်ဒဏ်ကို ရင်ဆိုင်ရမှာဆိုတော့ ငါ့အနေနဲ့ ပိုပိုအစွမ်းထက်လာအောင် ကြိုးစားနေဖို့ လိုတယ်။ နောက်ဆုံးကျရင် ငါ တောင်ကိုးလုံးနဲ့ ပင်လယ်ကိုးစင်းကို ဖုံးကွယ်ထားတဲ့ ဇာပဝါကို ဖောက်ထွက်နိုင်တဲ့ … တစ်နေ့ ရောက်လာလိမ့်မယ်” သူ့မျက်လုံးများသည် အစွဲကြီးမှုတို့ဖြင့် တောက်ပနေပြီး သူ၏တုန်လှုပ်နေသောနှလုံးသားမှာ တဖြေးဖြေး ပုံမှန်ပြန်ဖြစ်လာသည်။
သူသည် အင်မော်တယ်အပျက်အစီးနယ်ကို ဖြတ်သွားသော အလင်းတန်းတစ်တန်းအသွင် ပြောင်းသွား၏။ သူက ခရီးနှင်နေစဉ် ဟိုဟိုသည်သည် လွင့်မျောနေသော အလောင်းများနှင့် အပျက်အစီးများကို ကြည့်ရင်း အင်မော်တယ်အပျက်အစီးများနယ်နှင့်ပတ်သက်သော ဒဏ္ဍာရီများအား တွေးနေမိသည်။ ကြည့်ရသရွေ့ … ၎င်းတို့က ထိုဧရာမစစ်ပွဲကြီးအတောအတွင်း ပျက်စီးသွားခဲ့သော အင်မော်တယ်လောက၏ တစ်စိတ်တစ်ပိုင်း ဖြစ်သယောင်ပင်။
သူသည် နတ်ဘုရားအာရုံအား အရပ်လေးမျက်နှာသို့ ဖြန့်ကျက်ရင်း တိတ်ဆိတ်စွာ ပျံသန်းနေ၏။ သူက အန္တရာယ်များသောနေရာတိုင်းကို ဂရုတစိုက် ရှောင်ကွင်းပြီး ကျိုးပဲ့နေသောရုပ်တုကြီးများ သို့မဟုတ် ဧရာမသတ္တဝါကြီးများ ဖြတ်သွားလျှင် မကြာခဏ ရပ်တန့်ရလေ၏။ တစ်ချိန်တည်းမှာပင် သူ လက်ရှိမြင်နေရသောအရာနှင့် ဆင်တူသော ရှေးခေတ်မှ ပုံရိပ်များက သူ့စိတ်ထဲတွင် ပေါ်ပေါက်လာသည်။
အချိန်များ ကုန်ဆုံးသွားသည်။ မကြာမီ လဝက်ကြာခဲ့လေပြီ။
ထိုအတောအတွင်း မန်ဟိုက အင်မော်တယ်အပျက်အစီးများနယ်၏ အလယ်ကို ကျော်နိုင်ခဲ့သည်။ လက်ရှိအချိန်တွင် သူသည် ကြောက်ခန်းလိလိအမြန်နှုန်းဖြင့် ပျံသန်းနေ၏။ တစ်ခါတရံ သူ့မှာ အရှိန်လျှော့ရသည်။ တစ်နေရာတွင် သူက ခေါင်းလှည့်ကြည့်လိုက်ရာ သိပ်မလှမ်းမကမ်းတွင် ပေါင်းမြက်များထူပိန်းနေလျက် မည်းနက်နေသော ဧရိယာတစ်ခုကို မြင်လိုက်လေသည်။ မြက်များကြားရှိ အတော်များများမှာ … အပြင်လောကတွင် မျိုးသုဉ်းသွားခဲ့ပြီဖြစ်သော ရှားမှရှား ဆေးပင်များ ဖြစ်နေသည်။
သူသည် ထိုဧရိယာကို မြင်လျှင် ဦးရေပြားပေါက်ကွဲတော့မည့်အလား ခံစားလိုက်ရ၏။
“အဲ့ဒါက ဟိုဟာ မဟုတ်ရင်တော့ …” သူ၏မျက်လုံးများမှာ ပြူးကျယ်သွားလေသည်။