ငါ့စီးပွားရေးကို တုတ်နဲ့ လာထိုးတာလား
Vol. 74 Ch. 1028
မန်ဟိုသည် မျက်လုံးများ တလက်လက် တောက်ပနေလျက် သိုလှောင်အိတ်ကို ပုတ်ကာ သူ၏ အရှိန်အဝါနှင့် ပုံပန်းသွင်ပြင်ကို ပြောင်းနိုင်သော ပစ္စည်းဖြစ်သည့် အနက်ရောင်ငှက်မွှေးကို ထုတ်လိုက်သည်။ ၎င်းက သူ၏ပစ္စည်းများထဲ၌ အရေးပါသော ပစ္စည်းတစ်ခုဖြစ်သည်။
သို့သော် သူသည် ဤအနက်ရောင်ချေးပိုးထိုးများ၌ သူမတူသော သဘာ၀များရှိကြောင်းကိုလည်း သိထား၏။ နောက်ဆုံးတစ်ခေါက် သူ ဤနေရာတွင် ရှိခဲ့တုန်းက ငှက်မွှေးကို သုံးပြီး အသားဂျယ်လီနှင့်အတူ အလုပ်လုပ်ခြင်းဖြင့် ပတ်၀န်းကျင်မှ ဆေးပင်လက်တစ်ဆုပ်ကို ရယူနိုင်ခဲ့လေသည်။
မန်ဟိုသည် ငှက်မွှေး၏ အသွင်ပြောင်းလဲခြင်းအစွမ်းများက အနက်ရောင်ချေးပိုးထိုးများနှင့်ပက်သက်လျှင် အချိန်တိုမျှသာ အလုပ်လုပ်မည်ဖြစ်ကြောင်းသိ၏။
"သူတို့ကို အဆတ်မပြတ် အနှောင့်အယှက်ပေးနေရမယ့် တခြားနည်းလမ်းရှိလို့ကတော့ ငှက်မွှေးရဲ့အာနိသင်ကို အမြင့်ဆုံးအထိ မြှင့်တင်လို့ရတယ်" သူက မျက်လုံးများ တလက်လက် တောက်ပနေလျက် တွေးလိုက်သည်။ သူသည် ဆေးဥယျာဉ်မြေထုက အာကာသထဲ၌ တစ်နေရာတည်းတွင် တစ်သမတ်တည်း ရှိမနေကြောင်း သတိထားမိခဲ့ပြီးဖြစ်သည်။ ၎င်းတို့က သဘာ၀နိယာမနှင့် သွေဖယ်နေသည့်အလား ဟိုဟိုသည်သည် လွင့်မျောနေသည်။ တကယ်တမ်း ၎င်း၏ ရွေ့လျားမှုတွင် လမ်းကြောင်းတစ်ကြောင်း ရှိနေသည့်အလားပင်။
အတန်ကြာတွေးပြီးသော် မန်ဟိုက မျက်လုံးများ တောက်ပသွားပြီး လေပေါ်ခုန်တက်လိုက်သည်။ ဆေးဥယျာဉ်မြေထု၏အရှည်ကို တွက်ချက်ပြီးနောက် သူက ၎င်းထက်ကြို၍ ပျံသန်းသွားလိုက်သည်။ ထို့နောက် ဟင်းလင်းပြင်အတွင်း၌ လွင့်မျောနေသော အပျက်အစီးများနှင့်တွေ့တိုင်း ချိတ်ပိတ်ထားသော ဝိညာဉ်အင်မော်တယ်ကျောက်တုံးတစ်လုံးအား ပစ်ချတတ်၏။
"ဒီဆေးဥယျာဉ်မြေ ရွေ့လျားနေတဲ့ အမြန်နှုန်းအရဆိုရင်" သူက မျက်လုံးများ တလက်လက် တောက်ပနေလျက် ရေရွတ်လိုက်သည်။ "ဒီအပျက်အစီးတန်းကို လာမယ့်ရက်အတွင်း ဖြတ်သန်းသွားသင့်တယ်"
သူက ဝိညာဉ်အင်မော်တယ်ကျောက်တုံးများကို နေရာအမျိုးမျိုးသို့ ပစ်ချနေရင်း ဝေးဝေးသို့ ဆက်သွားလိုက်သည်။ ထို့နောက် သူသည် ဆေးဥယျာဉ်မြေထုရှိရာဘက်သို့ အလျင်အမြန် ထွက်သွားပြီး ပထမဆုံး ဝိညာဉ်အင်မော်တယ်ကျောက်တုံးကို ချခဲ့သောနေရာများတွင် ပုန်းနေလိုက်သည်။ ထိုနေရာတွင် သူက စိတ်ရှည်လက်ရှည် စောင့်နေ၏။
အချိန်များ ကုန်လွန်သွားသည်။ မကြာမီ အမွှေးတိုင်တစ်တိုင်ထွန်းစာကြာသော် ဆေးဥယျာဉ်မြေထုသည် မန်ဟို ပုန်းနေသော အပျက်အစီးတန်းထံသို့ လွင့်မျောရင်း ပေါ်လာ၏။
မန်ဟိုက သူ၏အစီအစဉ်ကို အလျင်အမြန် ပြန်ဆန်းစစ်ပြီးနောက် တစ်ချက်လေးပင် တုံ့ဆိုင်းမနေဘဲ မုဒြာလက်ကွက်တစ်ကွက်ပေါ်ကာ ဝိညာဉ်အင်မော်တယ်ကျောက်တုံးအား သုံးလိုက်သည်။ သူ၏ လက်ချောင်းတစ်ချောင်း ဝှေ့ယမ်းမှုက ဝိညာဉ်အင်မော်တယ်ကျောက်တုံးပေါ်ရှိ ချိတ်တံဆိပ်ကို ဖယ်ခွာကာ အရှိန်အဝါကို ဖော်ပြလိုက်သည်။
အရှိန်အဝါပေါ်လာသည်နှင့် ဆေးဥယျာဉ်မြေထုမှာ တုန်ခါလာပြီး မရေမတွက်နိုင်သော ချေးပိုးထိုးမည်းမည်းကြီးများ ပျံတက်လာကာ အနက်ချေးပိုးထိုးမုန်တိုင်း အသွင်ပြောင်းသွားသည်။ ၎င်းက မန်ဟို့ထံ ပြေးဝင်လာသော ဧရာမလက်ကြီးပုံံစံ ဖြစ်သွား၏။
အနက်ရောင်ချေးပိုးထိုးများ တရွှီးရွှီးအော်ရင်း မန်ဟို့ထံ ချဉ်းကပ်လာနေစဉ် ထစ်ချုန်းသံများက လေတွင် ပြည့်နှက်လာသည်။ မန်ဟိုက ငှက်မွှေးကို ခါကာ အသက်သွင်းလိုက်၏။
ချက်ချင်းပင် သူ၏ ပုံပန်းအသွင်သဏ္ဌာန်သည် ကျင့်ကြံသူတစ်ယောက်နှင့် မတူတော့ပေ။ ထိုအစား သူက ချေးပိုးထိုးများနှင့် လွန်စွာတူသော အရှိန်အဝါကို ပိုင်ဆိုင်ထားသည့် အနက်ရောင်ချေးပိုးထိုးတစ်ကောင် ဖြစ်သွား၏။
ထိုအခိုက်အတန့်တွင် ချေးပိုးထိုးမုန်တိုင်းကြီးက သူ ပုန်းကွယ်နေခဲ့သော အပျက်အစီးတန်းကို တိုက်ခတ်သွားသည်။ မန်ဟိုက ရင်တဒိန်းဒိန်းခုန်နေလျက် ၎င်းတို့နည်းတူ ရက်စက်ကြမ်းကြုတ်သည့်ပုံစံဖမ်းရင်း ချေးပိုးထိုးများကြားထဲ ကပျာကယာ ၀င်ရောလိုက်သည်။ သူသည် ၎င်းတို့နှင့်တတ်နိုင်သမျှ တူအောင် ကြိုးစားရင်း ဂရားဂရားပင်အော်ကာ ဝိညာဉ်အင်မော်တယ်ကျောက်တုံးအား တိုက်ခိုက်တော့၏။
အချိန်အနည်းကြာသော် အင်မော်တယ်အပျက်အစီးတန်းတစ်တန်းလုံးမှာ အနက်ရောင်ချေးပိုးထိုးများ၏ ကြောက်ခမန်းလိလိ စွမ်းအားအောက်တွင် ပြိုကွဲသွားပြီးနောက် အငမ်းမရ ဝါးမြိုခံလိုက်ရသည်။
ချေးပိုးထိုးများ ကျောက်တုံးအစအနများကို တဂျွတ်ဂျွတ် ဝါးစားနေစဉ် မန်ဟို့မှာ ရင်တဒိန်းဒိန်း ခုန်နေတော့သည်။ ဖက်တီး၏သွားပင်လျှင် ထိုချေးပိုးထိုးတို့၏ မေးရိုးများနှင့် ယှဉ်နိုင်မည်မဟုတ်ပေ။
ဝိညာဉ်အင်မော်တယ်ကျောက်တုံးမှာမူ ချေးပိုးထိုးများအနက် တစ်ကောင်က ၎င်းကို ဝါးမြိုလိုက်သည်။ မန်ဟို စောင့်ကြည့်နေစဉ် ၎င်းက မချိတင်ကဲ အော်လိုက်၏။ အနက်ရောင်အလင်းက ၎င်းကို ၀န်းရံရင်း ဖြာထွက်လာကာ ဝိုးတိုးဝါးတား သရဲမျက်လုံးတစ်လုံးအား ၎င်းကျောပေါ်တွင် မြင်လိုက်ရသည်။
အနက်ရောင်ချေးပိုးထိုးများက ထိုမျက်လုံးထံ ပြေး၀င်၍ တစ်စစီ ကိုက်ဖြတ်စားသောက်ပစ်ချင်သည့်အလား ပို၍ရက်စက်သောမျက်လုံးများဖြင့် စိုက်ကြည့်နေကြ၏။ သိုသော် ၎င်းတို့မရွေ့နိုင်ခင် သရဲမျက်လုံးနှင့် အနက်ရောင်ချေးပိုးထိုးက ခေါင်းမော့ပြီး ဟိန်းဟောက်လိုက်သည်။ ဟိန်းဟောက်သံလေးကပင် ကျန်အနက်ရောင်ချေးပိုးထိုးများကို တုံ့ခနဲ ရပ်သွားစေ၏။
မန်ဟိုက တအံ့တဩ ကြည့်နေသည်။ ထို့နောက် သူသည် အတွေးထဲနစ်မြောနေရင်း အနက်ရောင်ချေးပိုးထိုးစစ်တပ်ကြီးနှင့်အတူ ဟိုဟိုသည်သည် ပျံဝဲပြီးနောက် ဆေးဥယျာဉ်မြေထုထံသို့ ဦးတည်သွား၏။
သူ့မှာ ချေးပိုးထိုးများနှင့် ပျံသန်းနေစဥ် အတိုင်းထက်အလွန် သတိရှိနေ၏။ သူသည် ရံဖန်ရံခါ မေးရိုးများကို ကြိတ်တက်ပြီး ကျန်ချေးပိုးထိုးများနှင့် တစ်ပုံစံတည်းတူအောင် ကြိုးစားနေလေသည်။ ဆေးဥယျာဉ်မြေထုသို့ ၀င်ရောက်ပြီးနောက်တွင် သူ့မှာ သံသယအဝင်မခံရအောင် အထူးဂရုစိုက်နေ၏။
အရာအားလုံး တိတ်ဆိတ်ငြိမ်သက်သွားသော် သူက မျက်လုံးများကို ဟိုဟိုသည်သည် ကစားရင်း မြေကြီးပေါ်တွင် ၀ပ်နေသည်။ နောက်ဆုံး၌ သူသည် ချေးပိုးထိုးအများဆုံးနေရာ၊ နေပန်းပွင့် ပေါက်နေသောနေရာသို့ ဖြည်းဖြည်းချင်း ရွေ့သွား၏။ အလင်းရောင်တစ်ရောင် ဖျတ်ခနဲ လက်သွားပြီး နေပန်းပွင့် ရုတ်တရက် ပျောက်ကွယ်သွားသည်။
မန်ဟိုမှာ ရင်တဒိန်းဒိန်း ခုန်နေသော်လည်း စိတ်လှုပ်ရှားနေ၏။ ထို့နောက်တွင် သူက အခြားတစ်ဖက်သို့ ရွေ့လျားသွားသည်။ ချေးပိုးထိုးနောက်တစ်ကောင်နှင့်တွေ့လျှင် သူက မေးရိုးကို ကြိတ်၍ သူက ၎င်းတို့နှင့်အတူတူဖြစ်ကြောင်း သတိပေးကာ ဟိန်းဟောက်တတ်လေသည်။
ကံဆိုးစွာနှင့် သူ၏ ဟိန်းဟောက်သံက ၎င်းတို့၏ ဟိန်းဟောက်သံနှင့် လားလားမျှမတူပေ။ သို့သော် အဆက်မပြတ်လေ့လာပြီး မဆုတ်မနစ်တုပနေသည့်အတွက် မန်ဟို့အသံက တဖြေးဖြေး အစစ်နှင့် တူလာသည်။
မန်ဟို့ကို မြင်ပြီး ဤမြင်ကွင်းကို ကြည့်နေသော မည်သူမဆို သေချာပေါက် တွေးပင်တွေးနိုင်တော့မည်မဟုတ်ပေ။ သို့သော် မန်ဟိုမှတော့ အလွန်တရာ စိတ်လှုပ်ရှားနေသည်။
"ပွပြီ" သူက တွေးသည်။ "ငါတော့ ပွပြီဟေ့" သူက ချေးပိုးထိုး တစ်ကောင်ပြီးတစ်ကောင်ကို ဖြတ်၍ လေးဘက်ထောက်သွားရင်း ပထမဆုံး အင်မော်တယ်လမ်းပြနွယ်တစ်ချို့ကို သိမ်းလိုက်သည်။ ထို့နောက်တွင် နတ်ဝိညာဉ်မြက်ခင်းကို လှမ်းမြင်လိုက်၏။ သူက မျက်လုံးများ တလက်လက် တောက်ပနေလျက် လေးဘက်ထောက်သွားပြန်သည်။
ဤသို့ဖြင့် မန်ဟိုသည် မတူညီသော ဆေးပင်ခုနစ်ပင်၊ ရှစ်ပင်ကို လျင်မြန်စွာ ခူးဆွတ်လိုက်နိုင်၏။ သူ၏မျက်လုံးထဲရှိ တောက်ပမှုမှာ ပို၍ပင် အားကောင်းလာတော့သည်။ တစ်နေရာတွင် သူ လှည့်ကြည့်လိုက်ရာ ဒါဇင်အနည်းငယ်မျှအကွာရှိ ခရမ်းရောင်သစ်ပင်လေးတစ်ပင်ကို သတိထားမိလိုက်သည်။
"ခရမ်းမိုးကြိုးသစ်ပင်" သူက သွားများကို လျှာဖြင့် သပ်ရင်း တွေးလိုက်သည်။ သူ တိတ်တိတ်ကလေး သွားတော့မည့်အချိန်မှာပင် အနားရှိ ချေးပိုးထိုးတစ်ကောင်က တစ်စုံတစ်ခုနှင့်ပက်သက်ပြီး တွေဝေနေသည့်အလား သူ့ကို အေးစက်စက် မော့ကြည့်လိုက်သည်။
မန်ဟိုမှာ ရင်တုန်ပန်းတုန်ဖြင့် တုံ့ခနဲ ရပ်သွား၏။ ချေးပိုးထိုးတစ်ကောင်မှ အော်သံက ကျန်ပတ်ပတ်လည်ရှိ ချေးပိုးထိုးများကို ကမှူးရှုးထိုးဖြစ်သွားစေနိုင်သည် မဟုတ်ပါလော။
ထိုကဲ့သို့ ဝရုန်းသုန်းကား မဖြစ်စေရန်အလို့ငှာ မန်ဟိုသည် ၎င်းတို့ထက်ပို၍ ရက်စက်ကြမ်းကြုတ်သောပုံစံ ဖမ်းခဲ့ရ၏။ သူက ၎င်းတို့ကို တိုက်ခိုက်တော့မည့်အလား ခြိမ်းခြောက်ဟိန်းဟောက်ခဲ့သည်။
လောလောဆယ်တွင် သူ့အရှေ့ရှိ ချေးပိုးထိုးမှာ ဒေါသထွက်နေသကဲ့သို့ တဆတ်ဆတ် တုန်နေပြီး အတိုင်းထက်အလွန် ခက်ထန်သောအမူအရာဖြင့် မန်ဟို့ကို ကြည့်နေသည်။
မန်ဟိုက ရှေ့သို့ ခြေလှမ်းအနည်းငယ် တက်၍ ဟိန်းဟောက်ခြောက်လှန့်ရင်း ပြန်စိမ်းစိမ်းဝါးဝါး ကြည့်လိုက်သည်။
အချိန်အနည်းငယ်ကြာသော် ထိုချေးပိုးထိုးက နောက်ဆုတ်ပြီး မန်ဟို့ကို လမ်းဖယ်ပေးသည်။ မန်ဟိုက ရင်တဒိန်းဒိန်း ခုန်နေလျက် ချေးပိုးထိုးဘေးမှ ဖြည်းညင်းစွာ ဖြတ်သွားပြီးနောက် သေးငယ်သော ခရမ်းရောင်သစ်ပင်လေးနားသို့ ကပျာကယာ ပြေးသွားလေသည်။ အရောင်အဝါတစ်ခုက သစ်ပင်ကို ၀န်းရံသွားပြီးနောက် ၎င်းမှာ ပျောက်ကွယ်သွားသည်။
သစ်ပင်၏ ပျောက်ကွယ်သွားမှုက အလွန်တရာ သက်ရောက်မှုကြီးမားဟန်တူသည်။ နောက်ဆုံးတွင် အနက်ရောင်ချေးပိုးထိုးများမှာ တစ်ခုခု မူမမှန်သည်ကို သတိထားမိသွားကြ၏။ ချေးပိုးထိုးတစ်ကောင်ပြီးတစ်ကောင် လေပေါ်ပျံတက်သွားကြသဖြင့် မြေပြင်တစ်ခုလုံး တုန်ခါသွားသည်။ ၎င်းတို့က အလွန်တရာ ဒေါသထွက်နေဟန်ဖြင့် မြေကြီးနှင့် နီးကပ်စွာ ပျံသန်းရင်း ပတ်၀န်းကျင်ကို စူးစမ်းထောက်လှမ်းနေလေသည်။
မန်ဟိုလည်း တစ်ခုခုကို ရှာနေသည့်အလား လေပေါ်ပျံတက်လိုက်သည်။
ပို၍များသော ချေးပိုးထိုးများ လေပေါ်ပျံတက်လိုက်ကြရာ မန်ဟို့အား ခေါင်းနပန်းကြီးလာစေတော့သည်။ ဤပိုးကောင်များသာ ဆက်လက်ရှာနေလျှင် နောက်ဆုံးတွင် သူ့ကို ရှာတွေ့သွားမည်ဖြစ်ကြောင်း သူ သိ၏။ သူ ရင်တဒိန်းဒိန်း ခုန်နေသည့်အချိန် ရုတ်တရက် အရှေ့ရှိ ဟင်းလင်းပြင်ထဲတွင် သူ ဝိညာဉ်အင်မော်တယ်ကျောက်တုံးများ ပစ်ချထားခဲ့သည့် နေရာတစ်နေရာကို မြင်လိုက်သည်။ ချက်ချင်းပင် သူက ထိုကျောက်တုံးနှင့် ၎င်း၏အရှိန်အဝါကို ချိတ်ဖွင့်ပေးလိုက်၏။
အရှိန်အဝါ ဖြာထွက်လာသည်နှင့်တစ်ပြိုင်နက် ထစ်ချုန်းသံကြီး လေတွင် ပြည့်နှက်သွားသည်။ မန်ဟို့ပတ်ပတ်လည်ရှိ အနက်ရောင်ချေးပိုးထိုးများမှာ သွေးရူးသွေးတန်း ဖြစ်သွားတော့သည်။ ၎င်းတို့က မျက်လုံးရဲရဲကြီးများဖြင့် မြေထု၏အပြင်ရှိ ဟင်းလင်းပြင်သို့ လှည့်ထွက်သွားကြသည်။ မန်ဟိုလည်း နောက်မှ တန်းလန်းတန်းလန်း လိုက်သွား၏။
ထပ်မံ၍ အပျက်အစီးတန်းတစ်တန်းလုံး ဖျက်ဆီးဝါးမြိုခံလိုက်ရသည်။ ချေးပိုးထိုးနောက်တစ်ကောင်က ဝိညာဉ်အင်မော်တယ်ကျောက်တုံးကို ဝါးမြိုခဲ့ပြီး သရဲမျက်လုံးတစ်လုံးက ၎င်း၏ကျောတွင် ပေါ်လာ၏။ ထို့နောက် ချေးပိုးထိုးအားလုံး မြေထုဆီ ပြန်ရောက်လာသည်။ မန်ဟိုက ဆေးပင်များကို ခူးရင်း နောက်တစ်ဖန် ဟိုဟိုသည်သည် သွားနေပြန်တော့သည်။
ချေးပိုးထိုးများ သူ့ကို တွေ့တော့မည့်အချိန်တိုင်း မန်ဟိုက ဝိညာဉ်အင်မော်တယ်ကျောက်တုံးတစ်တုံးကို ချိတ်ဖွင့်ပေးတတ်သည်။ ဤသို့ဖြင့် ရက်ပေါင်းများစွာ ကြာသွား၏။ မန်ဟိုသည် ထိုလုပ်ငန်းစဉ်နှင့် အတော်လေးရင်းနှီးလာခဲ့ပြီး ဆေးပင်အမျိုးအစား ၇၀ ကျော်ကို ခူးဆွတ်ခဲ့ပြီးလေပြီ။
သူ၏ ဟိန်းဟောက်သံမှာလည်း အကြိမ်ပေါင်းများစွာ လေ့ကျင့်ပြီးသည့်နောက်တွင် အနက်ရောင် ချေးပိုးထိုးများနှင့် ခွဲမရသလောက် ဖြစ်လာ၏။
"ဒီတစ်ခေါက်တော့ အချီကြီးပွတာပဲ" သူက လိပ်ဝိညာဉ်ပန်းပွင့်ထံသို့ လေးဘက်ထောက်သွားရင်း စိတ်လှုပ်တရှား တွေးလိုက်သည်။ ရုတ်တရက် သူ့ပတ်ပတ်လည်ရှိ အနက်ရောင်ချေးပိုးထိုးများက ရွစိထိုးလာပြီး ဟိန်းဟောက်ရင်း အေးစက်သော မျက်လုံးများဖြင့် ကောင်းကင်သို့ မော့ကြည့်လိုက်ကြသည်။
မန်ဟိုလည်း အံ့အားသင့်သွားပြီး တွေးပင်မတွေးမိဘဲ ချေးပိုးထိုးများနှင့်အတူ ဟိန်းပင်ဟိန်းဟောက်လိုက်သည်။ သူသည် ၎င်းတို့ကြည့်နေသောအရာကိုမြင်လျှင် မျက်လုံးများပြူးကျယ်သွား၏။ တည်ငြိမ်နေခဲ့ပုံရသော ဟင်းလင်းပြင်မှာ ယခုတွင် လှိုင်းဂယက်များ ထနေ၏။ လှိုင်းများက ကန်ရေပြင်ထက်က ကယက်များသဖွယ် ဖြာထွက်လာပြီး ၎င်းတို့၏အလယ်တွင် လမ်းလျှောက်နေသည့်အလား ဟင်းလင်းပြင်ကို ဖြတ်၍ အေးအေးလူလူ လျှောက်လာသော ပုံရိပ်တစ်ခုအား မြင်ရနိုင်သည်။
၎င်းသည် ပန်းရောင်ဂါ၀န်ရှည်ကို ၀တ်ဆင်ထားသော အမျိုးသမီးတစ်ဦးဖြစ်၏။ သူမ၏ ပုံပန်းသွင်ပြင်မှာ လှပပြီး အသက်ကြီးပုံမပေါ်သော်လည်း အတန်ငယ်ရှေးဆန်သော အငွေ့အသက်ကို ပိုင်ဆိုင်ထားလေသည်။ သူမက အလင်းများ ဖြန့်ကျက်ပေးနေသော မီးအိမ်တစ်လုံးကို ကိုင်ရင်း ရှေ့လျှောက်လာ၏။
သူမမှာ အလွန်တရာ သတိရှိနေပုံရပြီး ရောက်ရောက်ချင်း ပတ်၀န်းကျင်ကို လှည့်ပတ်ကြည့်ရင်း သံသယဝင်စရာ မတွေ့သည့်အခါမှ အတန်ငယ် စိတ်အေးသွားပုံပေါ်သည်။
အမျိုးသမီးပေါ်လာလျှင်ချင်း မန်ဟိုနှင့်အတူ ချေးပိုးထိုးများက ဟိန်းဟောက်ရင်း သူမထံသို့ ရန်လိုစွာ ပြေး၀င်သွားကြ၏။
သို့သော် ချေးပိုးထိုးများ အနားကပ်လာသည့်တစ်ပြိုင်နက် သူမက မီးအိမ်ကို ခေါင်းထက်သို့ မြှောက်ပြီးနောက် ၎င်း၏ ဘေးဘက်ခြမ်းကို ဖွင့်ကာ အတွင်းရှိ ဖယောင်းတိုင်ခွက်အား ဖော်ပြလိုက်သည်။ ဖယောင်းတိုင်ခွက်ပေါ်တွင် တည်ရှိနေသည်မှာတော့ တရိပ်ရိပ် လှုပ်နေသော မီးအလင်းရောင်ကို ဖြန့်ကျက်၍ လောင်ကျွမ်းနေသော အဖြူရောင်သစ်ကိုင်းလေးတစ်ကိုင်းဖြစ်သည်။ အမျိုးသမီးက တစ်ခဏလေးပင် ရပ်မနေပေ။ သူမသည် သူမ၏ လက်ချောင်းထိပ်ကို လှီးဖြတ်ပြီးနောက် သွေးစက်တစ်စက်အား မီးတောက်ပေါ်သို့ ကျစေလိုက်၏။
သွေးစက် မီးတောက်ကို ထိသောအခါ ၎င်းက လာနေသော ချေးပိုးထိုးများထံသို့ ဖြာထွက်သွားသော မီးခိုးတိမ်တိုက်တစ်လုံးအသွင် ပြောင်းလဲသွား၏။ မျက်စိတစ်မှိတ်အတွင်း မီးခိုးများက မန်ဟိုအပါအဝင် ချေးပိုးထိုးများကို ၀န်းရံလိုက်သည်။
ချက်ချင်းပင် မန်ဟို့ပတ်၀န်းကျင်ရှိ ချေးပိုးထိုးများမှာ ကြောင်အသွားသည့်အလား တုံ့ခနဲ ရပ်သွားကြသည်။ မန်ဟိုမှာ မီးခိုးများ သူ့အပေါ် သက်ရောက်မှုမရှိကြောင်း တွေ့လိုက်ရသဖြင့် အလွန်အံ့အားသင့်သွားလေသည်။
မီးခိုးများက အလွန်လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သော်လည်း အလင်းမှာလည်း မြန်ဆန်စွာ ငြိမ်းလာသည်။ တခဏတွက်ချက်ပြီးနောက် မန်ဟိုသည် ၎င်းက အမွှေးတိုင်တစ်တိုင်ထွန်းစာမျှသာ ခံမည်ဖြစ်ကြောင်း သေချာသွား၏။
ထို့နောက် ပန်းရောင်၀တ်ရုံနှင့် မိန်းကလေးမှာ သူမကိုယ်သူမ အလွန်တရာ ဘ၀င်ခွေ့သွားဟန်ဖြင့် မြေထုပေါ်သို့ ဆင်းသက်လိုက်သည်။ သူမက သွားလေရာနေရာတိုင်းတွင် မီးခိုးငွေ့များကို ထုတ်လွှတ်ရင်း ပျံတက်လာသော ချေးပိုးထိုးများအား အတုံးအရုံး လဲကျသွားစေရင်း ဆေးပင်များကို ခူးဆွတ်နေ၏။
"ငါ့စီးပွားရေးကို တုတ်နဲ့ထိုးနေတာပဲ" မန်ဟိုက ချက်ချင်း ဒေါသထွက်သွားသည်။ သူ့ဘ၀တွင် အမုန်းဆုံးအရာများထဲမှ တစ်ခုမှာ သူ့စီးပွားရေးကို တုတ်ဖြင့်ထိုးရန် ကြိုးစားခြင်းဖြစ်သည်။ စောစောက သူ့မှာ ဤပတ်ဝန်းကျင်ရှိ ဆေးပင်များကို ခူးဆွတ်ရန် လိပ်ပြာလွင့်မတတ် ကြောက်ရွံ့နေခဲ့၏။ ဝိညာဉ်အင်မော်တယ်ကျောက်တုံးဆယ်တုံးကျော်ကိုပင် သုံးခဲ့ရပြီး ရက်ပေါင်းများစွာ ပိုးကောင်တစ်ကောင်အနေဖြင့် နေခဲ့ရသည့် ရလဒ်အနေဖြင့် ဆေးပင် ၇၀ ကျော်ကို ခူးနိုင်ခဲ့လေသည်။ သို့သော် ဤမိန်းကလေးက မီးအိမ်တစ်လုံးဖြင့် တစ်ခါတည်း ဆေးပင်ဆယ်ပင်ကို ခူးနိုင်နေ၏။ ထိုအခြင်းအရာက မန်ဟို သည်အတိုင်း လက်ခံနိုင်မည့်အရာမဟုတ်ပေ။
"ငါ လူလည်ကျတဲ့ကောင်တွေကို မုန်းတယ်။ ဒီမိန်းမက လာပြီး လူလည်ကျနေတာပဲ" မန်ဟိုက ဒေါသူပုန်ထသွားပြီး မိန်းကလေး ဆေးပင်များအား လျင်မြန်စွာ ခူးနေသည်ကို စောင့်ကြည့်နေလိုက်သည်။ နောက်ဆုံးတွင် သူက ရှေ့တက်လိုက်၏။ ချေးပိုးထိုးများကို ငေးကြောင်သွားစေသည့် မီးခိုးများက သူ့အပေါ်တွင် သက်ရောက်မှုမရှိပေ။
သူ လှုပ်ရှားလာသည်နှင့်တစ်ပြိုင်နက် မိန်းကလေးက သူ့ကို လှည့်ကြည့်ပြီး ပါးစပ်အဟောင်းသားဖြစ်သွားသည်။
သူမ လှည့်ကြည့်နေသည့်အခါ မန်ဟိုက ချေးပိုးထိုးသံထက်ပင်ပို၍ အသက်၀င်နေသော ချေးပိုးထိုးအသံဖြင့် ဟိန်းဟောက်လိုက်သည်။
***