နင်က ပိုးမွှားမိစ္ဆာပဲ
Vol. 74 Ch. 1029
မန်ဟို၏ ဟိန်းဟောက်သံ ပဲ့တင်ထပ့်သွားသည့်အခိုက်အတန့်မှာပင် …. ချေးပိုးထိုးများ၏အော်သံအစစ်နှင့် ခွဲမရအောင် တူနေခြင်းကြောင့် ဖြစ်တန်ရာသည်၊ မီးခိုးငွေ့များအတွင်း၌ ငေးကြောင်နေခဲ့သော ချေးပိုးထိုးများ ရုတ်တရက် နိုးထလာကြပြီး သူနှင့်အတူ ဟိန်းဟောက်လိုက်ကြသည်။
“ချီး” မိန်းကလေးက မျက်နှာ ရိပ်ခနဲ ဖြစ်သွားရင်း တွေးလိုက်သည်။ “ဘယ်နှယ့်ကြောင့် တစ်ကောင်က ဘာမှမဖြစ်တာတုန်း” သူမသည် မန်ဟို့ကို စိန်းစိန်းဝါးဝါးကြည့်ရင်း နောက်ဆုတ်ပြီးနောက် ညာလက်ဖြင့် မုဒြာလက်ကွက်တစ်ကွက် ဖော်လိုက်သည်။ သူမက မီးအိမ်ထဲရှိ အဖြူရောင်သစ်ပင်သေးသေးလေးကို ချေပစ်လိုက်သည်သာမက လျှာကိုလည်း ကိုက်ကာ သွေးတစ်လုပ်ထွေးထုတ်လိုက်၏။
တစ်ချိန်တည်းမှာပင် မန်ဟို၏အော်သံက ချေးပိုးထိုးများအား တစတစ နိုးထလာစေသည်။ ၎င်းတို့သည် ရက်စက်ကြမ်းကြုတ်သော လူသတ်ငွေ့များကို ထုတ်လွှတ်ရင်း မီးခိုးများထဲမှ ပျံထွက်လာကာ မိန်းကလေးထံ ပြေးဝင်သွားကြ၏။
မန်ဟိုပင်လျှင် ဤနည်းဖြင့် ချေးပိုးထိုးနက်များအား နှိုးနိုင်လိမ့်မည်ဟု မထင်ခဲ့ပေ။ ၎င်းတို့ထဲမှ တချို့က သူ့ကို အသိအမှတ်ပြုနေကြပုံပေါ်ပြီး သူ့ကို ရှေ့မှ ဦးဆောင်သွားစေချင်ကြောင်း ပြောနေသည့်အလား သူ့ကို ဝန်းရံပျံသန်းလိုက်ကြသည်။
ဤအခြင်းအရာကြောင့် မန်ဟိုသည် ပိုးမွှားများအကြား၌ အတော်လေး ထင်ပေါ်နေ၏။ သူကား … သူတို့၏ဆရာကြီးအလားပင်။
မန်ဟိုမှာ ရင်တဒိန်းဒိန်း ခုန်နေသော်လည်း သူ့ကိုယ်သူ အင်မတန် ကျေနပ်သည်။ မိန်းကလေးနှင့်ပတ်သက်၍မူ သူမ အန္တရာယ်တစ်ခုခုဖြစ်မည်ကို သူ မစိုးရိမ်ပေ။ ဤသည်မှာ အင်မော်တယ်အပျက်အစီးများနယ်မဟုတ်ပါလော။ သူမ လှိုင်းများထဲမှ ထွက်လာခဲ့သောပုံစံအရ သူမသည် ရှေးဟောင်းနယ်ပယ် စဦးပိုင်းအဆင့်ဖြစ်ကြောင်း မန်ဟို ထင်မြင်လိုက်သည်။ အခြေအနေမဟန်ပါက သူမတွင် ထွက်ပြေးနိုင်မည့်နည်းလမ်းများ ရှိလိမ့်မည်။
သူ့တွင် သူမကို သတ်ရန် အစီအစဉ်မရှိပေ။ သူ၏တစ်ခုတည်းသော ပန်းတိုင်က သူမကို မောင်းထုတ်ပြီး သူ့စီးပွားရေးကို တုတ်နှင့်မထိုးနိုင်အောင် ဟန့်တားရုံသာ ဖြစ်သည်.
လောလောဆယ်တွင် သူ့အကြံအစည် အောင်မြင်သွားခဲ့သယောင်ပင်။ ချေးပိုးထိုးများက အရပ်လေးမျက်နှာမှ မိန်းကလေးထံသို့ တဝီးဝီး သွားနေကြသည်။ သို့သော် မိန်းကလေး ချေခဲ့သော အဖြူရောင်သစ်ကိုင်းလေးက အဖြူရောင်အခိုးအငွေ့အသွင် ပြောင်းသွားသည်။ မိန်းကလေး၏ သွေးကို စုပ်ယူပြီးနောက် ၎င်းသည် ဒိုင်းသဖွယ် သူ၏ပတ်ပတ်လည်တွင် ဖြာထွက်သွား၏။
အနက်ရောင်ချေးပိုးထိုးများ သူမအနားရောက်လာသည့်အချိန်မှာပင် အဖြူရောင်အခိုးအငွေ့များက ပျံ့နှံ့လာပြီး မိန်းကလေးပျောက်သွားသည်။ သို့သော် အခိုးအငွေ့များ လွင့်ပျယ်သွားသည့်အခါ အခြားအရာတစ်ခုအား မြင်လာရသည် … အနက်ရောင်ချေးပိုးထိုးတစ်ကောင်။
ဤချေးပိုးထိုး၏အသွင်သည် လွန်စွာအနုစိတ်သည်။ ပုံပန်းသွင်ပြင်အရသာမက၊ အရှိန်အဝါအရပါ ချေးပိုးထိုးအစစ်များနှင့် ခွဲမရအောင် တူသည်။
အမှန်တွင် ၎င်းက ဖန်ဆင်းထားသည့်အရာလား၊ အစစ်အမှန်လား ပြောဖို့ခက်သည်။
မန်ဟိုမှာတော့ တအံ့တဩ ကြည့်နေလေသည်။
လာနေသော ချေးပိုးထိုးစစ်တပ်ကြီးလည်း အံ့အားသင့်သွားသည်။ သို့သော် သူတို့မှာ အသိဉာဏ်သိပ်မရှိသဖြင့် ဖြစ်ပျက်သွားခဲ့သောအရာကို နားမလည်နိုင်ပေ။ မန်ဟို ဒေါသတကြီး စိုက်ကြည့်နေစဉ် ချေးပိုးထိုးအသွင်နှင့် မိန်းကလေးက ချေးပိုးထိုးစစ်တပ်ကြီး၏ တစ်စိတ်တစ်ပိုင်း လျင်မြန်စွာ ဖြစ်လာသည်။
မကြာမီ အရာအားလုံး ငြိမ်သက်သွားပြီး မန်ဟိုကတော့ မိန်းကလေး ဆေးပင်များကို ရှာရင်း မြေကြီးပေါ်၌ ဂရုတစိုက် တွားသွားနေသည်ကို အေးစက်စက် ဆက်ကြည့်နေသည်။
“ဘယ်လောက်ယုတ်ညံ့လိုက်သလဲ” သူက စိတ်ထဲတွင် ဒေါကန်နေသည်။ “ကျင့်ကြံသူတစ်ယောက်ဖြစ်ရဲ့သားနဲ့ ပိုးကောင်တစ်ကောင်အသွင်ပြောင်းဖို့ ဂုဏ်သိက္ခာအကုန်လုံးကို စွန့်ပစ်ပြီး တန်ဖိုးမရှိတဲ့ ဆေးပင်တွေကို ရှာနေတယ်။ အဲ့ဒါက ကျင့်ကြံသူတစ်ယောက် လုပ်သင့်တဲ့အရာလား” ဤမိန်းကလေးကား အရှက်တစ်စက်မှ မရှိဟု သူ ခံစားနေရလေသည်။
ထိုသို့တွေးနေသော်လည်း မန်ဟိုသည် စောစောက လုပ်နေခဲ့အတိုင်း ဆက်လုပ်နေဆဲပင်။ သူက ပိုးမွှားအုပ်ကြီးအကြား တွားသွားရင်း အနီးဆုံးဆေးပင်ကို သွက်သွက်လက်လက် ခူးလိုက်သည်။
သို့သော် သူ့မှာ တွားသွားနေစဉ် နောက်မှလိုက်ခံနေရသည်ကို ခံစားလိုက်ရသည်။ ချေးပိုးထိုးတချို့က သူ ၎င်းတို့ကို နိုးလာစေခဲ့ပြီးနောက်တွင် သူ့အနောက်မှ တကောက်ကောက် လိုက်နေခဲ့လေသည်။
ထိုအခြင်းအရာက မန်ဟို့အား ပို၍ပင် ထင်ပေါ်သွားစေသည်။ ယခု သူ့တွင် တော်ဝင်ကိုယ်ရံတော်များသဖွယ် ပြုမူနေသော ချေးပိုးထိုးတစ်သိုက်ရှိနေလေပြီ။ တကယ်တမ်း ၎င်းတို့က ဆေးပင်များ ခူးရာတွင် အများကြီးပို၍ လွယ်ကူစေသည်။
ဤအခိုက်အတန့်တွင် မန်ဟိုနှင့် မိန်းကလေးကြာ အတော်လေးလှမ်းသည်။ သူတို့သည် တစ်ယောက်၏အားစိုက်မှုအား မနှောင့်ယှက်ကြသလို မိန်းကလေးအနေနှင့်လည်း ချေးပိုးထိုးအုပ်ကြီးကြား၌ ပြိုင်ဘက်တစ်ယောက်ရှိနေသည်ကို ရှာတွေ့ဦးမည်မဟုတ်ပေ။
သို့ရာတွင် မန်ဟိုမှာတော့ ဒေါကန်နေဆဲဖြစ်၍ ဆေးပင်များ ဒေါနှင့်မောနှင့် မြန်မြန်ဆန်ဆန် ခူးနေသည်။ မန်ဟိုမှာ သူ့စီးပွားရေးကို သူမ တုတ်နှင့် ထိုးနေသည်ဟု ယုံကြည်လျှင်တောင်မှ ထိုနေရာတွင် ကြာကြာနေနိုင်ဖို့အတွက် လက်ခံနိုင်သေးလေသည်။
သို့သော် မိန်းကလေး၏နည်းလမ်းများက အတော်လေး ကိုးရို့ကားရားနိုင်ရာ ချေးပိုးထိုးများအား မကြာခဏ ပွက်လောရိုက်သွားစေသည်။ မှန်ပါသည်၊ ထိုအခြင်းအရာက မန်ဟို့အပေါ် သက်ရောက်မှုရှိ၏။
အချိန်ကြာမြင့်လာသည်နှင့်အမျှ ချေးပိုးထိုးများမှာ ပိုပို၍ ပွက်လောရိုက်လာသည်။ မန်ဟို အန္တရာယ်ကြားထဲ ရောက်သွားသော အခြေအနေတချို့ပင် ရှိသည်။ အမှန်တွင် အနက်ရောင်ချေးပိုးထိုးများ ရွစိရွစိဖြစ်တိုင်း တချို့ချေးပိုးထိုးများက ပတ်ဝန်းကျင်တွင် ကင်းလှည့်တတ်ရာ မန်ဟို့မှာ အလုပ်ကို မဖြစ်မနေ ရပ်လိုက်ရတော့သည်။
ဤအလွန်အကျွံဖြစ်လာမှုက မိန်းကလေးကို နည်းနည်းလေးမှ စိတ်အနှောင့်အယှက် ဖြစ်စေပုံမပေါ်ပေ။
သို့သော် မန်ဟို့အတွက်တော့ မချုပ်တည်းနိုင်တော့သော အမှတ်သို့ ရောက်ရှိသွားသည်။ သူက အနက်ရောင်ချေးပိုးထိုးများ ပြန်ငြိမ်သက်သွားသည်ကို စောင့်ပြီးနောက် မိန်းကလေး အလုပ်လုပ်နေသောနေရာသို့ လှည့်ထွက်သွားသည်။
နောက်ဆုံးတော့ မိန်းကလေးသည် တစ်ခုခုမူမမှန်သည်ကို သတိထားမိသွားပုံပေါ်၏။ သူမက မန်ဟို့ကို လှမ်းကြည့်လိုက်ပြီး စောစောက သူမတည်ရှိမှုကို သိသွားခဲ့သော ချေးပိုးထိုးဖြစ်ကြောင်း ချက်ချင်း မှတ်မိလိုက်သည်။
သူမက သူ့ကို မြင်လျှင်ချင်း အံတင်းတင်းကြိတ်ပြီးနောက် ခြိမ်းခြောက်ဟိန်းဟောက်လိုက်သည်။ မန်ဟို၏နောက်လိုက် ချေးပိုးထိုးများက ချက်ချင်း ပြန်ဟိန်းဟောက်ပြီး မိန်းကလေးကို ရန်လိုစွာ ကြည့်နေကြသည်။
မန်ဟိုမှာ တခြားရွေးချယ်စရာမရှိတော့ကြောင်း ခံစားနေရ၍ အရှေ့နည်းနည်း တိုးကပ်သွားပြီးနောက် စကားလှမ်းပို့လိုက်သည်။ “မင်း ဆေးပင်တွေ ခူးတဲ့အခါမှာ နည်းနည်းလောက် ပိုဂရုစိုက်ပေးလို့ မရဘူးလား။ ချေးပိုးထိုးတွေ အဲဒီလိုပွက်လောမရိုက်အောင် လုပ်လို့မရဘူးလား”
သူ့စကားကို ကြားသည်နှင့် မိန်းကလေးက ချေးပိုးထိုးအသွင်တွင်ပင် ထပ်ဟပ်လာသော အံ့ဩမယုံနိုင်မှုတို့ဖြင့် သူ့ကို ကြည့်သည်။
“န… န... နင်က ပိုးမွှားမိစ္ဆာတစ်ကောင်ပဲ” သူမက မှင်သက်နေသောဟန်ဖြင့် အက်ကွဲကွဲပြောသည်။ “တကယ်ကြီး ပိုးမွှားမိစ္ဆာဟ” သူမ၏ ပထမဆုံးအထင်မှာ မန်ဟိုက သူမကဲ့သို့ ကျင့်ကြံသူတစ်ယောက်မဟုတ်ဘဲ မိစ္ဆာတစ်ကောင်အဖြစ် ပြောင်းလဲသွားခဲ့သော ပိုးမွှားတစ်ကောင်ဟူ၍ပင်။
မှန်ပါသည်။ ဤသို့တုံ့ပြန်မှုမျိုးအတွက်လည်း သူမကို အပြစ်မဆိုနိုင်ပေ။ မန်ဟို့ရုပ်ဖျက်ထားခြင်းက အင်မတန် ပီပြင်လွန်းသည်။ သူမအမြင်အရ သူသည် ချေးပိုးထိုးများထဲက တစ်ကောင်သာဖြစ်၏။ သူမ၏ ချေးပိုးထိးအသွင်ပြောင်းစွမ်းရည်မှာ ပင်ကိုယ်ဖြစ်တည်နေသော အစွမ်းပင်။ ၎င်းက တောင်ကိုးလုံးပင်လယ်ကိုးစင်းလုံးတွင် သူမမျိုးနွယ်၏သွေးဆက်များသာ လုပ်နိုင်သော အရာဖြစ်လေသည်။
ကျန်အသွင်ပြောင်းစွမ်းရည်များအနေဖြင့် အနက်ရောင်ချေးပိုးထိုးများအား မလှည့်စားနိုင်ပေ။ သူမသည် မန်ဟိုလုပ်နေသကဲ့သို့ ပိုးမွှားအုပ်ထဲ၌ ရောနှောနေနိုင်ခဲ့သူဟူ၍ မတွေ့ခဲ့ဖူးသည်သာ။ ထို့အပြင် သူ၏ပုံပန်းသွင်ပြင်နှင့် နောက်လိုက်များ ရှိနေသောအချက်အရ သူမမှာ သူက ကျင့်ကြံသူတစ်ဦးဖြစ်သည်ကို ဘယ်နည်းနှင့်မှ ယုံမည်မဟုတ်ပေ။
သူမအမြင်အရ အနက်ရောင်ချေးပိုးထိုးများအကြား ရောနှောနေနိုင်သည်သာမက သူတို့၏ဆရာကြီးအဖြစ်ကိုပင် ရရှိထားသော ကျင့်ကြံသူမှာ … မိုးပြိုကျစေနိုင်မည့် ကျင့်ကြံသူမျိုးသာ ဖြစ်လိမ့်မည်။
“မင်းကမှ ပိုးမွှားမိစ္ဆာ” မန်ဟိုက မိန်းကလေးကို စိန်းစိန်းဝါးဝါးကြည့်ရင်း စိတ်ဆိုးမာန်ဆိုး ပြန်ရန်တွေ့သည်။ “မင်းတို့တစ်မိသားစုလုံးကမှ ပိုးမွှားမိစ္ဆာတွေ
“နားထောင် ငါ ဒီကို အရင်ရောက်တာ ။ ဒီတော့ မင်း ဆေးပင်တွေကို ခူးချင်ရင် ခူးလို့ရတယ် ။ အနည်းဆုံးတော့ ဂရုလေးဘာလေးစိုက်ဦးပေါ့၊ ပိုးကောင်တွေကို ပွက်လောရိုက်အောင် လုပ်မနေနဲ့။ အဲဒီလိုလုပ်တာက ငါတို့နှစ်ယောက်လုံးအတွက် အကူအညီမဖြစ်ဘူး” မန်ဟိုမှာ ကူကယ်ရာမဲ့စွာဖြင့် အံကြိတ်လိုက်သည်။ မိန်းကလေးသည် အပင်များကို ခူးနိုင်သည့်အတွက် ထွက်သွားမည်မဟုတ်ပေ။ ထို့အပြင် သူတို့ တိုက်ခိုက်လျှင်လည်း သူ့အတွက် ဆေးပင်များကို ဆက်ခူးနိုင်တော့မည်မဟုတ်။
မိန်းကလေးက သူ့ကို တအံ့တဩ ပြန်ကြည့်သည်။ သူမသည် မန်ဟို့ကို တခဏကြည့်ပြီးနောက် ထိုချေးပိုးထိုးမည်းမည်းကြီးမှာ သူမကဲ့သို့ကျင့်ကြံသူတစ်ယောက်ဖြစ်ကြောင်း ယုံကြည်ချက်စပြုလာတော့၏။
သူမအတွက် ၎င်းမှာ မယုံနိုင်လောက်အောင်ပင်။
“နင်က ကျင့်ကြံသူတစ်ယောက်လား” သူမက မေးရင်း စိတ်သက်သာရာရသွားသည်။ အမှန်တွင် မိစ္ဆာဖြစ်သွားသော ပိုးမွှားတစ်ကောင်ထက် ကျင့်ကြံသူတစ်ယောက်ကို ဆုံရခြင်းက များစွာတော်သေးလေသည်။ ဤအခိုက်အတန့်တွင် သူမမျက်လုံးများတွင် အေးစက်စက် ရွှန်းလဲ့သွားသည်။
“နင့်ဘာသာနင် ပိုးမွှားဖြစ်ဖြစ်၊ ကျင့်ကြံသူဖြစ်ဖြစ် ဒီနေရာကို အရင်ရောက်ရောက်မရောက်ရောက် အရေးမကြီးဘူး” သူမက ခက်ခက်ထန်ထန် ပြောသည်။ “ဒီဆေးပင်အားလုံးက ငါ့အပိုင်။ အခုချက်ချင်း ထွက်သွားလိုက်တော့။ နင် ငါနဲ့ တိုက်ခိုက်ရဲလို့ကတော့ ပိုးမွှားမိစ္ဆာဖြစ်နေရင်တောင်မှာ ငါ နင့်ကို ပြားကပ်သွားတဲ့ပိုးမွှားဖြစ်အောင် လုပ်လို့ရတယ်။ နင်က ကျင့်ကြံသူတစ်ယောက်ဆိုရင်တော့ ငါ နင့်ကို အလောင်းအဖြစ် ပြောင်းလဲပစ်မယ်
“ငါ ဒီပိုးမွှားတွေကို ပွက်လောရိုက်အောင် လုပ်နေတာက ငါ့ကိစ္စ။ နင်နဲ့ ဘာမှမဆိုင်ဘူး။ အခု ဒီနေရာက ထွက်သွားစမ်း” အသတ်အဖြတ်စိတ်ဆန္ဒက မိန်းကလေး၏ မျက်ဝန်းများတွင် ဖြတ်ပြေးသွားသည်။ သူမသည် မန်ဟို့ကို အဖက်မလုပ်တော့ဘဲ သူတို့နှစ်ယောက်လုံး အစကတည်းက ပစ်မှတ်ထားခဲ့ကြသော ဆေးပင်အနားကပ်သွား၏။
“ဘယ်လောက်တောင် ပိန်းလိုက်သလဲ” မန်ဟိုက တွေးလိုက်သည်။ သူလည်း မျက်လုံးများ အေးစက်စွာ တောက်ပနေလျက် တူညီသောဆေးပင်ထံ တဟုန်ထိုးထွက်သွားသည်။ မျက်စိတစ်မှိတ်အတွင်း သူတို့နှစ်ယောက်လုံး အပင်အနား ရောက်သွားလေပြီ။ ဤအခိုက်အတန့်တွင် မိန်းကလေးက ဖျတ်ခနဲ ချေးပိုးထိုးသုံးကိုယ် ခွဲလိုက်သည်။
သူမသည် ဆေးပင်အား ဖမ်းဆုပ်ရန် အလောတကြီး ထွက်သွား၏။ သို့သော် မန်ဟိုကား ဆေးပင်ခူးပုံခူးနည်းနှင့် အလွန်ရင်းနှီးနေပြီဖြစ်၍ သူမမှာ သုံးကိုယ်ခွဲထားသည့်တိုင် နောက်ကျသွား၏။ သူက ဆေးပင်အား လျှပ်စီးသဖွယ် လျင်မြန်စွာ ခူးလိုက်သည်။
“နင် သေချင်နေလား” သူမက မျက်လုံးများ မီးဝင်းဝင်းတောက်နေလျက် အော်လိုက်သည်။ သူမသည် ရုတ်တရက် မီးခိုးလုံးတစ်လုံးအား ထွေးထုတ်ကာ မန်ဟိုအပါအဝင် သူတို့ပတ်ပတ်လည်ရှိ ပတ်ဝန်းကျင်ကို လွှမ်းခြုံသွားစေ၏။
တစ်ချိန်တည်းမှာပင် အနက်ရောင်ငှက်မွှေး၏ အရှိန်အဝါပြောင်းလဲခြင်းအစွမ်းမှာ မီးခိုးကြောင့် ပရမ်းပတာဖြစ်သွားသည်။
အရှိန်အဝါ နှောင့်ယှက်ခံလိုက်ရသည်နှင့်တစ်ပြိုင်နက် ပတ်ဝန်းကျင်ရှိ ချေးပိုးထိုးများမှာ ပွက်လောရိုက်သွားတော့သည်။ မန်ဟို့နောက်လိုက်တချို့ပင်လျှင် ရုတ်တရက် ရက်စက်ကြမ်းကြုတ်သွားပြီး သူ့ထံ တန်းတန်းမတ်မတ် ပြေးဝင်လာကြသည်။
မန်ဟို မျက်နှာပျက်သွားသည်။ မိန်းကလေးက ယခုလိုဗျူဟာမျိုးကို အသုံးပြုလိမ့်မည်ဟု သူ တစ်ခါမှ မထင်ထားခဲ့ပေ။ ယခု သူ့တွင် ကျင့်ကြံသူတစ်ယောက်၏အရှိန်အဝါရှိကြောင်း ပေါ်လွင်သွား၍ သူ့ကိုယ်သူ ဆက်လက်ဖုံးကွယ်မထားနိုင်ဖြစ်သွားသည်။ မန်ဟိုမှာ ထွက်ပြေးရုံမှတစ်ပါး အခြားရွေးချယ်စရာမရှိတော့။
သူထိုသို့ပြေးလိုက်စဉ် ချေးပိုးထိုးထောင်များစွာ ပျံတက်လာသဖြင့် မြေကြီးမှာ တသိမ့်သိမ့်တုန်လာသည်။ ချေးပိုးထိုးများက သူ့ကို မမှိန်မသုန်ကြည့်ရင်း ပျံသန်းလာရာ တဝီးဝီးမြည်သံများ ဆူညံသွားသည်။
ချေးပိုးထိုးအသွင်ဖြင့် မိန်းကလေးက ကျေနပ်အားရနေသော မျက်ဝန်းများဖြင့် လျင်မြန်စွာ နောက်ဆုတ်လိုက်သည်။ စိတ်ထဲတွင် သူမသည် ညစ်ကျယ်ကျယ် ရယ်နေ၏။
မန်ဟိုက မိန်းကလေးကို အေးစက်စက် ကြည့်သည်။ မီးခိုး၏ဂုဏ်သတ္တိများက သူ့ကို အံ့အားသင့်သွားစေခဲ့၏။ သိသိသာသာပင် ၎င်းတွင် အသွင်ပြောင်းအာနိသင်ကို ပျယ်သွားစေနိုင်သော စွမ်းရည်များ ရှိနေသည်။
“ဆိုတော့” သူက တွေးသည်။ “မင်းမှာ ငါ့အသွင်ပြောင်းအစွမ်းကို နှောင့်ယှက်နိုင်တဲ့ မှော်သိုင်းကွက်ရှိပြီးသားမလို့ ငါ့ကို ပြတ်ပြတ်သားသား တိုက်ခိုက်ခဲ့တာကိုး။ တကယ်ပဲ ငါ့ကို ဒီနေရာကနေ ကန်ထုတ်ချင်တယ်ပေါ့လေ ဟမ်...
“ကောင်းပြီ ဒါဆို ဘယ်သူက အရင်ကန်ထုတ်နိုင်မလဲ ကြည့်ကြသေးတာပေါ့” ချေးပိုးထိုးများ ချဉ်းကပ်လာနေစဉ် မန်ဟိုက အေးစက်စက်ရယ်ရင်း ဖမ်းဆုပ်သည့်လှုပ်ရှားမှု လုပ်လိုက်သည်။ ချက်ချင်းပင် ဝိညာဉ်အင်မော်တယ်ကျောက်တုံးတစ်တုံးက သူ့သိုလှောင်အိတ်ထဲမှ ပျံထွက်လာ၏။ သူက ၎င်းကို မိန်းကလေးရှိရာသို့ ပစ်ပေါက်လိုက်သည်။
အနက်ရောင်ကျောက်တုံး လေကိုခွင်း၍ သူမထံ လာနေသည်ကို မိန်းကလေးက တအံ့တဩကြည့်နေသည်။ တခဏကြာသော် ၎င်းက သူမအရှေ့တည့်တည့်သို့ ကျလာ၏။
ဝိညာဉ်အင်မော်တယ်ကျောက်တုံး ပေါ်လာသည်နှင့်တစ်ပြိုင်နက် ၎င်း၏အရှိန်အဝါက ဖြာထွက်သွားရာ ချေးပိုးထိုးများအား သွေးရူးသွေးတန်း ဖြစ်သွားစေသည်။ မန်ဟို့နောက် လိုက်နေခဲ့သော ချေးပိုးထိုးများက ဒေါသတကြီး ဟိန်းဟောက်ကြပြီးနောက် ဦးတည်ရာပြောင်းလိုက်ကြသည်။ မြေထုကြီးပေါ်က အခြားနေရာများမှ ချေးပိုးထိုးများလည်း မျက်လုံးများ နီရဲနေလျက် ဝိညာဉ်အင်မော်တယ်ကျောက်တုံးထံ ပြေးဝင်လာကြသည်။
မိန်းကလေးမှာ မျက်နှာပျက်သွား၏။ မန်ဟိုက ဤကဲ့သို ဗျူဟာတစ်ခုကို သုံးရင်း ကစားပွဲကို ပြောင်းပြန်လှန်လိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။ သူမ၏အရှိန်အဝါက ချေးပိုးထိုးများကို ပွက်လောမရိုက်စေနိုင်သော်လည်း သူမအရှေ့ရှိ အနက်ရောင်ကျောက်တုံးကြောင့် သူမမှာ ရုတ်ရုတ်သဲသဲအခြေအနေကြီး၏ အလယ်တည့်တည့်သို့ ရောက်နေရလေပြီ။
“အဲ့ဒါ ဘာကျောက်တုံးမျိုးလဲ” သူမက တွေးလိုက်သည်။ “သရဲမျက်လုံးချေးပိုးထိုးတွေကို ရူးအောင် လုပ်နေပါလား။ ဒါက ရတနာမျိုးပဲ ဖြစ်ရမယ်။ ဆိုတော့ သူ့မှာ သိပ်များများစားစား မရှိလောက်ဘူး။ အလွန်ဆုံး လက်တစ်ဆုပ်လောက်ပဲ။ ငါ့အနေနဲ့ ဒီရူးနေတဲ့ ချေးပိုးထိုးတွေကို ရှောင်ပြီး သူ့ပစ္စည်းကုန်သွားမှာ စောင့်နေဖို့ပဲ လိုတယ်” မိန်းကလေးက အံတင်းတင်းကြိတ်ပြီးနောက် နောက်ဆုတ်ကာ နောက်ထပ်မီးခိုးလုံးတစ်လုံးအား ထွေးထုတ်၍ သူမအား ဝန်းရံလိုက်စေသည်။
***