စုရန်
Vol. 74 Ch. 1030
ဝိညာဉ်အင်မော်တယ်ကျောက်တုံးများသည် ရတနာများဖြစ်ပြီး မန်ဟို့စိတ်တိုင်းကျ သုံးနိုင်လောက်သည်အထိ ပေါများမနေပေ။ သူ့တွင် …. တစ်သန်းခန့်သာ ရှိသည်။
ချေးပိုးထိုးအသွင်ဖြင့် မိန်းကလေးက မီးခိုးလုံးကို ထွေးထုတ်ပြီး လာနေသောချေးပိုးထိုးများကို ရှောင်ရန် နောက်ဆုတ်လိုက်သည်။ မန်ဟိုက ညစ်ကျယ်ကျယ် ရယ်သည်။ သူက လေလယ်တွင် ပျံဝဲနေစဉ် ညာလက်ကို ဝှေ့ယမ်းရင်း ဝိညာဉ်အင်မော်တယ်ကျောက်တုံးနှစ်တုံးအား မိန်းကလေးရှိရာသို့ ပျံထွက်သွားစေပြီး သူမပြေးပေါက်ကို ပိတ်လိုက်သည်။ ဝိညာဉ်အင်မော်တယ်ကျောက်တုံးများ ပေါ်လာလျှင်ချင်း အနက်ရောင်ချေးပိုးထိုးများမှာ သွေးရူးသွေးတန်းဖြစ်ကုန်ကြ၏။
အကောင်လေးငါးသောင်းအနည်းဆုံးရှိသော ချေးပိုးထိုးအုပ်လိုက်ကြီးက လေပေါ်ပျံတက်လာကြပြီး ကောင်းကင်အပြည့်နေရာယူကာ မိန်းကလေးထံ တဟုန်ထိုးပြေးဝင်သွားသည်။
သွက်သွက်ခါရူးနေသော ပိုးမွှားအုပ်ကြီးကို မြင်သောအခါ သူမမှာ မျက်လုံးများ ဝိုင်းစက်ပြူးကျယ်သွားတော့သည်။ ယခုတွင် ဤရတနာများမှာ အတိုင်းထက်အလွန် ရှားပါးနေပြီဖြစ်ကြောင်း လုံးလုံးလျားလျား ယုံကြည်ထား၍ သူမက အံတင်းတင်းကြိတ်ရင်း နောက်ဆုတ်လိုက်ပြန်သည်။ သူမမှာ ချေးပိုးထိုးမည်းမည်းကြီးများကို ရှောင်တိမ်းရန် နေရာရွှေ့ပြောင်းခြင်းကိုပင် မဖြစ်မနေ သုံးလိုက်ရ၏။
“သူ့မှာ အဲ့ဒါတွေ အများကြီး ရှိတာ ယုံတောင်မယုံနိုင်ဘူး” သူမက အသက်ဝဝရှူရင်း တွေးလိုက်သည်။ သူမသည် အေးစက်စက် ရယ်နေသော်လည်း အနက်ရောင်ကျောက်ခဲများကြောင့် အတော်လေးအံ့အားသင့်နေ၏။
ထို့နောက် မန်ဟိုက ဝိညာဉ်အင်မော်တယ်ကျောက်တုံးများကို ထပ်မံပစ်ပေါက်နေသည်။ ဤတစ်ခေါက်တွင် သူက ငါးခုပစ်ပေါက်လိုက်သည်။ ၎င်းတို့ကျလာစဉ် မိန်းကလေး၏ခန္ဓာကိုယ်မှာ ရိပ်ခနဲ ဖြစ်သွားပြီး လွတ်သည်ဆိုရုံကလေး လွတ်သွား၏။
အရပ်လေးမျက်နှာရှိ အနက်ရောင်ချေးပိုးထိုးအမြောက်အမြား ပျံတင်လာပြီး မိန်းကလေးရှိရာသို့ တဝှီးဝှီး ထွက်သွားသဖြင့် မြေထုကြီးမှာ လှုပ်ခါနေတော့သည်။
မိန်းကလေးမှာ ရင်တဒိန်းဒိန်း ခုန်နေသော်လည်း အေးစက်စွာ ပြုံးရင်း မန်ဟို့ကို လှမ်းကြည့်နေသည်။
“နင့်မှာ ဘယ်လောက်များ ရှိနိုင်မှာမလို့လဲ”
မန်ဟိုက ဝိညာဉ်အင်မော်တယ်ကျောက်တုံးဆယ်တုံးကျော်ကို ပစ်ပေါက်၍ မိန်းကလေးအား ချက်ချင်း ကျဉ်းထဲကြပ်ထဲ ရောက်သွားစေခြင်းဖြင့် ဖြေလိုက်သည်။ သို့သော် သူမသည် မန်ဟို့တွင် ကျောက်တုံးများများစားစား မကျန်နိုင်တော့ဟု ယုံကြည်နေဆဲပင်။
“အဲဒီဟာတွေ ကုန်သွားတဲ့အထိပဲ စောင့်။ ဒီပိုးကောင်တွေကြားမှာ မရှုမလှ အဆုံးသတ်ရမယ့်သူက နင်ဖြစ်ရမယ်” မိန်းကလေးက အံတင်းတင်းကြိတ်ရင်း နည်းနည်းထပ်စောင့်ပါက သူမအနိုင်ရလိမ့်မည်ဟု သူမကိုယ်သူမ ဆက်ပြောနေသည်။ သူမသည် သူမအရှိန်အဝါအား ချေးပိုးထိုးများမသိအောင် အလွယ်တကူ ဖုံးကွယ်ထားနိုင်သည့်အချိန် မန်ဟိုမှာ ထို့သို့မလုပ်နိုင်သည်မဟုတ်ပါလော။
ထိုအကြောင်းကြောင့် မိန်းကလေးသည် ဝိညာဉ်အင်မော်တယ်ကျောက်တုံးများကြောင့် ဖြစ်ပျက်နေသော ပွက်လောရိုက်မှုများကို တောင့်ခံရုံသာ လိုအပ်ပြီး အောင်မြင်မှုအား သိမ်းပိုက်နိုင်မည်ဟု သေချာနေ၏။
“သူ မကြာခင် ကုန်တော့မှာပါ။ သေချာပေါက် ဒါဇင်အနည်းငယ်ထက် မရှိနိုင်ဘူး” သူမက ရူးသွပ်နေသော ချေးပိုးထိုးများကို အဆက်မပြတ်ရှောင်ရင်း အံတင်းတင်းကြိတ်ထားသည်။ သို့သော် ပတ်ဝန်းကျင်ရှိ ကြောက်မက်ဖွယ်ပိုးကောင်အရေအတွက်ကြောင့် မကြာခင် ပိတ်မိသွားတော့မည်ကို သူမ သိသည်။
မန်ဟိုက လေလယ်တွင် ပျံဝဲနေသည်။ သူ့ပတ်ဝန်းကျင်တွင် ချေးပိုးထိုးတစ်ကောင်မှ မရှိပေ။ သူက အောက်တွင် ပြုံတိုးနေသော ပိုးကောင်များနှင့် နေရာရွှေ့ပြောင်းနေသော မိန်းကလေးကို ငုံ့ကြည့်ပြီးနောက် လက်ကို ဝှေ့ယမ်းကာ နောက်ထပ်ကျောက်တုံးငါးတုံးအား ပျံထွက်သွားစေသည်။ ထို့နောက် နောက်ထပ်ငါးတုံး။ ထို့နောက် နောက်ထပ် ငါးတုံး…
အသက်ရှိုက်စာအနည်းငယ်သာ ကြာသေးသည်၊ မန်ဟိုကား ဝိညာဉ်အင်မော်တယ်ကျောက်တုံးအတုံးလေးဆယ်ကျော်အား ပစ်ပေါက်ခဲ့ပြီးလေပြီ။ တစ်တုံးဆီက ချေးပိုးထိုးများအကြား ရုတ်ရုတ်သဲသဲ ဖြစ်နေစေရာ မိန်းကလေးမှာ ပိုပို၍ မျက်စိမျက်နှာပျက်သွားတော့သည်။
“မဖြစ်နိုင်ဘူး ဘယ်လိုလုပ်ပြီး သူ့မှာ ထပ်ရှိနိုင်သေးတာလဲ” မိန်းကလေးက ပိုးကောင်များကို ကပျာကယာ ရှောင်နေသည်။ သူမအတွက် ဝိညာဉ်အင်မော်တယ်ကျောက်တုံးများမှာ မြေပြင်ကို ဖြတ်၍ ပျံသန်းလာနေသာ လက်နက်များအလားပင်။ သူမမှာ ၎င်းတို့အား ဖမ်း၍ သိုလှောင်အိတ်ထဲ ထည့်ရန် တွေးခဲ့ဖူးသော်လည်း ချေးပိုးထိုးများ၏ သွေးရူးသွေးတန်းအကြည့်များက သူမအား တွန့်ဆုန်နေစေသည်။ သူမသာ တစ်တုံးလောက် ဖမ်းလိုက်မိလျှင် ချေးပိုးထိုးများ သူမကို တစစီစုတ်ဖြဲပစ်မှာ စိုးရိမ်နေသည်။
သူမလုပ်နိုင်သမျှမှာ ရှောင်ရုံသာဖြစ်သည်။ သို့သော် မန်ဟိုကမူ စိတ်ဝိညာဉ်ကျောက်တုံးများကို ဆက်လက်ပစ်ပေါက်ရင်း အနက်ရောင်ချေးပိုးထိုးများအား ထိန်းချုပ်၍ ၎င်းတို့အား မိန်းကလေးနောက် လိုက်နေစေသည်။
“ချီး ချီး” သူမမှာ မန်ဟို့ကို စိတ်လိုက်မာန်ပါ မောင်းထုတ်ခဲ့မိသဖြင့် နောင်တလည်းရ၊ လန့်လည်းလန့်လာတော့သည်။ သူတို့သာ ပူးပေါင်းဆောင်ရွက်ခဲ့လျှင် သူမ ဘာအန္တရာယ်မှဖြစ်မည်မဟုတ်ပေ။
အချိန်များ ကုန်လွန်သွားသည်…. ကျောက်တုံး ၁၀ တုံး။ အတုံး ၂၀ ၊ ၃၀ ၊ ၄၀ … မိန်းကလေးမှာ အနက်ရောင်ချေးပိုးထိုးများကို ဆက်တိုက်ရှောင်နေရသဖြင့် ပါးစပ်မှ သွေးများစီးကျနေသည်။ ယခုတွင် သူမက သူမထံသို့ စိတ်ဝိညာဉ်ကျောက်တုံးများအား တရစပ်ပစ်ပေါက်နေသော မန်ဟို့ကို ဒေါသတကြီး မော့ကြည့်နေလေသည်။ သူ့တွင် ထိုကျောက်တုံးများ မကုန်မခမ်းနိုင်အောင် ရှိပုံပေါ်ရာ သူမ၏ယုံကြည်ချကျ်ား ပြိုလဲလာစေတော့သည်။
“သူ့မှာ အဲဒီကျောက်တုံးတွေ ဘယ်လောက်တောင် ရှိတာတုန်း” သူမသည် သူမထံ ပစ်ပေါက်ခံနေရသော ဝိညာဉ်အင်မော်တယ်ကျောက်တုံးများကို ကြည့်ရင်း တဖြေးဖြေး ခေါင်းနပန်းကြီးလာတော့သည်။ အထူးသဖြင့် နေရာရွှေ့ပြောင်းနိုင်သည့်နေရာကွက်လပ်များ နည်းသထက် နည်းလာသည်ကို ထည့်တွက်လျှင်ပင်။ မကြာခင် သူမမျက်လုံးများသည် မယုံကြည်နိုင်မှု၊ အံ့အားသင့်မှုတို့ဖြင့် ပြူးကျယ်စပြုလာတော့သည်။
“မဖြစ်နိုင်ဘူး” သူမက အက်ကွဲကွဲ အော်သည်။ သူမမှာ သူမထံသို့ မြားများသဖွယ် လေကိုခွင်းလာနေသော စိတ်ဝိညာဉ်အင်မော်တယ်တုံးအတုံးသုံးရာကို မြင်သောအခါ ယုံပင် မယုံရဲတော့ပေ။
“ငါ့မှာ ဒီဝိညာဉ်ကျောက်တုံးတွေ တစ်ပုံကြီးပဲ” မန်ဟိုက အလွန်ဩဇာညောင်းနေသောလေသံဖြင့် အော်လိုက်သည်။ စိတ်ထဲတွင် သူသည် သူ့ရန်သူအား ချေမှုန်းရန် ဝိညာဉ်အင်မော်တယ်ကျောက်တုံးများကို သုံးနိုင်သည်အထိ ချမ်းသာနေသဖြင့် အင်မတန် မာန်တက်နေတော့သည်။
ကျောက်တုံးသုံးရာကျော်ဖြင့် ပစ်ပေါက်လိုက်ခြင်းက အတန်ငယ်စိတ်လိုက်မာန်ပါလုပ်ရာ ကျသော်လည်း ချီးပိုးထိုးအုပ်လိုက်ကြီးက ကောင်းကင်အပြည့်စိုးမိုးရင်း မိန်းကလေးထံ ပြေးဝင်သွားကြသည်။ ရလဒ်အနေဖြင့် မြေထုကြီးသည် တုန်ခါလာပြီး မရေမတွက်နိုင်သော ချေးပိုးထိုးများ ပျံတက်လာကြသည်။ အင်မော်တယ်နယ်ပယ် သို့မဟုတ် ရှေးဟောင်းနယ်ပယ်နှင့်ပင် ညီမျှသော တချို့ပင် ပါဝင်သည်။ ချေးပိုးထိုးအကောင်တစ်သိန်းကျော် ပွက်လောရိုက်နေသဖြင့် ကြောက်ခမန်းလိလိ လှိုင်းဂယက်များက အရပ်လေးမျက်နှာသို့ ဖြာထွက်နေတော့၏။
မိန်းကလေးမှာ ထိတ်လန့်တုန်လှုပ်သွားသည်။ သူမ၏အဆိုးဆုံးအိပ်မက်ထဲမှာတောင်မှ သရဲမျက်လုံးချေးပိုးထိုးကို ယခုလို လှုံ့ဆော်နိုင်သည့် အရာဝတ္ထုမျိုးကို မကြုံတွေ့ခဲ့ရဖူးသလို မန်ဟို့တွင် … မကုန်မခမ်းနိုင်အောင် ရှိနေလိမ့်မည်ဟုလည်း မမက်ခဲ့ဖူးလေ။
ဝိညာဉ်အင်မော်တယ်ကျောက်တုံးများရာပေါင်းများစွာက လေကို ခွင်းလာသည်။ ချေးပိုးထိုးတစ်သိန်းမှာ မျက်လုံးများ နီရဲတွတ်နေလျက် ဟိန်းဟောက်ရင်း ထိန်းမနိုင်သိမ်းမရအောင် သွေးရူးသွေးတန်းဖြစ်နေကြသည်။ သူတို့သည် မိန်းကလေးထံ ပြေးဝင်လာနေစဉ် အချင်းချင်းပင် တိုက်ခိုက်နေကြ၏။ မိန်းကလေးမှာ ကြောက်မခန်းလိလိ တိုက်ပွဲများကြောင့် တစစီဖြစ်တော့မည်ဟု သေချာသွားတော့သည်။
သို့သော် သူမက အံတင်းတင်းကြတ်လိုက်ပြီး မျက်လုံးများ၌ ခိုင်မာပြတ်သားသောစိတ်ဆန္ဒတို့ တောက်ပသွားသည်။ အနက်ရောင်ချေးပိုးထိုးများ သူမအပေါ် ထိုးဆင်းလာနေစဉ် ရုတ်တရက်ဆိုသလို သူမသည် မီးခိုးမြူများဖြင့် ဝန်းရံခံလိုက်ရ၏။ မျက်စိတစ်မှိတ်အတွင်း သူမကား ချေးပိုးထိုးအဖြစ်မှ ကျင့်ကြံသူတစ်ယောက်အသွင် ပြောင်းသွားတော့သည်။ ထို့နောက် သူမသည် သူမအောက်ရှိ မြေထုထံသို့ အားပြင်းသောတိုက်ကွက်တစ်ကွက်အား ပစ်လွှတ်လိုက်၏။
မည်သည့်နတ်ဘုရားစွမ်းရည်ကို သုံးလိုက်သလဲ ပြောရခက်သော်လည်း ၎င်းက သူမအောက်တွင် ဧရာမသစ်ပင်ကြီးတစ်ပင်အား ဖြစ်တည်လာစေသည်။
၎င်းက မီတာသုံးထောင်တိတိမြင့်မား၍ ထိပ်က အောက်ကို ညွှန်နေသော ကန်တော့ချွန်ပုံသဏ္ဌာန်ရှိသည်။ သူမ လက်ကို အောက်သို့ ဝှေ့ယမ်းလိုက်သည်နှင့် သစ်ပင်ကြီးက အောက်ကျသွားတော့သည်။ မျက်စိတစ်မှိတ်အတွင်း ၎င်းက ဧရာမအပ်ကြီးသဖွယ် အောက်ရှိ မြေကြီးအား စိုက်ဝင်သွား၏။
ဧရာမအပ်သဖွယ် သစ်ပင်ကြီး မြေကြီးထဲ နစ်ဝင်သွားသဖြင့် တဝုန်းဝုန်း ဆူညံတော့သည်။
ထို့နောက် အောက်မှ လာနေသော စူးစူးဝါးဝါးအော်သံကြီးကို ကြားလိုက်ရပြီး အရာအားလုံး ပြိုကျလာသည်။ အော်သံကြီးက အင်မော်တယ်အပျက်အစီးများနယ်ထဲရှိ အရာအားလုံးကို တုန်ခါစေရင်း ပဲ့တင်ထပ်သွားသဖြင့် မရေမတွက်နိုင်သော ဆေးပင်များ ပျက်စီးကုန်သည်။
မန်ဟိုမှာ အောက်ရှိ မြေထုကြီး ဧရာမချီးပိုးထိုးကြီးအသွင်ပြောင်းသွားသည်ကို မြင်လျှင် ဦးရေပြားတို့ ထုံကျင်သွားသည်။ ကြည့်ရသရွေ့ ထိုအပ်ပုံစံသစ်ပင်ကြီးက ၎င်း၏ကိုယ်ထဲ ထိုးဝင်သွားသဖြင့် စူးစူးဝါးဝါးအော်ဟစ်နေသည့်အလားပင်။
မန်ဟိုက တစ်ချက်လေးပင် တုံ့ဆိုင်းမနေဘဲ ကြယ်တာရာကောင်းကင်ထက်သို့ ပျံတက်လိုက်သည်။ ချီးပိုးထိုးအကောင်တစ်သိန်းမှာမူ အော်သံကြီးက ၎င်းတို့အား အသိစိတ်ပြန်ဝင်သွားစေသည်။ ၎င်းတို့အားလုံးက မိန်းကလေးကို လျစ်လျူရှုရင်း အပ်ပုံစံသစ်ပင်ကြီးရှိရာသို့ တန်းတန်းမတ်မတ် ပျံသန်းသွားလေသည်။
ပန်းရောင်ဝတ်ရုံနှင့် မိန်းကလေးမှာ မျက်မှာဖြူဖျော့နေပြီး အသက်မနည်းရှူကာ မန်ဟို့နည်းတူ ပျံပြေးလိုက်သည်။
အလင်းတန်းနှစ်တန်း အဝေးသို့ ထွက်သွားကြစဉ် ဒေါသတကြီး ဟိန်းဟောက်သံကြီး ပဲ့တင်ထပ်လာသည်။ အော်သံ၏ပြင်အားက မန်ဟို့နားများကို ဒဏ်ရာရသွားစေ၏။ သွေးများ သူ့ပါးစပ်မှ ပန်းထွက်သွားပြီး သူ့ကျင့်ကြံခြင်းအခြေခံသည် သူ့ကို တည်ငြိမ်အောင် ထိန်းပေးရင်း ပြင်းပြင်းထန်ထန် တုန်ခါသွားတော့သည်။
မိန်းကလေးမှာ ပါးစပ်မှ သွေးများပန်းထွက်လျက် ယိမ်းထိုးသွားသည်။ သူမသည် ဆေးဥယျာဉ်မြေထုကြီးအား ကြောက်လန့်တကြား ပြန်ကြည့်ပြီး တစ်စုံတစ်ခု ရေရွတ်လိုက်၏။
သူမ ရွတ်လိုက်သောအရာကို မန်ဟို မကြားရပေ။
သူ့မှာ တရိပ်ရိပ်သွားနေစဉ် ရင်တဒိန်းဒိန်း ခုန်နေသည်။ မိန်းကလေးလည်း အန္တရာယ်ကို လက်ယပ်ခေါ်ခဲ့မိကြောင်း သိ၍ မျက်နှာဖြူဖပ်ဖြူလျော်နှင့် တဟုန်ထိုး သွားနေသည်။
အော်သံက မရေမတွက်နိုင်သော လှိုင်းများကို ဖြာထွက်သွားစေရင်း ပဲ့တင်ထပ်နေသည်။ မြေထုကြီးမှာ တုန်ခါလာပြီး အက်ကွဲသံများ ကြားလာရသည်။ မီတာထောင်ပေါင်းများစွာ ကျယ်သော ဧရာမအက်ကွဲကြောင်းကြီးများက လျှို့ဝှက်ဆန်းကြယ်သောအလင်းရောင်တို့ ပြည့်နှက်လျက် အရပ်လေးမျက်နှာသို့ ဖြာထွက်သွား၏။
အက်ကွဲကြောင်းများထဲမှ မြူခိုးမျှင်များနှင့်အတူ ဆီးနှင်းများထွက်လကာ မြေပြင်တစ်လျှောက်လုံး ပျံ့နှံ့သွားသည်။
တစ်ချိန်တည်းမှာပင် အချိန်နှင့်အမျှ ကျယ်လောင်သထက် ကျယ်လောင်လာသော တဝီဝီမြည်သံများကို ကြားရနိုင်သည်။ အသက်ရှိုက်စာအနည်းငယ်အတွင်း မရေမတွက်နိုင်သော ချီးပိုးထိုးများ ပျံထွက်လာကြ၏။
၎င်းတို့က ကောင်းကင်တစ်ခုလုံးကို ပိတ်ဖုံးကွယ်ထားသည်။ ၎င်းတို့သည် ဟိန်းဟောက်ရင်း မန်ဟိုနှင့် မိန်းကလေးထံ ပြေးဝင်လာနေသော ဧရာမလက်မည်းမည်းကြီးတစ်ဖက်ပုံစံ စုစည်းနေသည့် ပိုးကောင်အုပ်ကြီးအသွင် ပြောင်း၍ ပျံသန်းလာကြသည်။
ကြည့်ရသရွေ့… ချီးပိုးထိုးများကား သူတို့နှစ်ယောက်မသေမချင်း ရပ်တန့်မည်မဟုတ်သည့်အလားပင်။
မန်ဟိုမှာ အက်ကွဲကြောင်းထဲမှ ပျံထွက်လာသော ချီးပိုးထိုးတစ်ပြုံကြီးကို မြင်လျှင် ခေါင်းနပန်းကြီးသွားသည်။
“ဒါတွေအကုန်လုံးက မင်းအမှားကြောင့်” သူက ဒေါသတကြီး အော်ပြောသည်။ “ငါက အပင်နည်းနည်းပါးပါးပဲ ခူးနေတာ။ ဘာကြောင့် မင်းက အကုန်လုံးကို မောင်ပိုင်စီးဖို့ ကြိုးစားတာလဲ။ အဲဒီလိုသာ မကြိုးစားခဲ့ရင် အဲဒီကောင်တွေ အခုလို ငါတို့နောက် လိုက်နေမှာမဟုတ်ဘူး”
“ဒါက ငါ ဖြစ်စေချင်တဲ့အရာပဲလေ” သူမက ထေ့သလိုငေါ့သလို ပြန်ပြောသည်။ “နင် ဘာလုပ်ဦးမလို့လဲ။ ငါက သရဲမျက်လုံးချီးပိုးထိုးတွေကို ငါ့နောက်လိုက်စေချင်တာ။ နင့်အတွက် ပြဿနာရှိနေရင် သူတို့ကို သွားပြောလိုက်”
မန်ဟိုမှာ အတိုင်းထက်အလွန် ဒေါသထွက်သွားသည်။ ဤမိန်းကလေးက စဉ်းစားဉာဏ်မရှိပေ။ သူ အေးစက်စက် နှာမှုတ်လိုက်စဉ် ရွှေရောင်အလင်းက သူ့ကို ဝန်းရံသွားသည်။ သူ့အင်မော်တယ်အကြော ၁၂၃ ကြောက အင်မော်တယ်စွမ်းအားရာနှုန်းပြည့်အား ထုတ်ဖော်ကာ သူ့အား ရွှေရောင်သိမ်းငှက်ကြီးအသွင် ပြောင်းသွားစေသည်။ သူက တောင်ပံနှစ်ဖက်ကို တဖျပ်ဖျပ် ခတ်ရင်း အရှိန်တင်ကာ အဝေးသို့ ထွက်သွားတော့၏။
မိန်းကလေးကလည်း သူမအမြန်နှုန်းကို မြှင့်တင်၍ သူမကို ဝေဝါးသွားစေသည့် အမည်မသိအတတ်တစ်ခုကို သုံးလိုက်သည်။
သူတို့နှစ်ယောက်သား လေကို ခွင်း၍ သွားနေကြသည်။ သူတို့မှာ ဆေးဥယျာဉ်မြေထုအပေါ်တွင် မဟုတ်တော့သော်လည်း ချေးပိုးထိုးများက သူတို့နောက်သို့ သွေးရူးသွေးတန်း လိုက်နေဆဲပင်။ ချီးပိုးထိုးများသည် အရှိန်မလျှော့သည်သာမက ပိုပို၍ပင် များပြားလာကြ၏။
ဤကဲ့သို့ပိုးကောင်အုပ်ကြီးမှာ မြင်လိုက်ရသည့် ကျင့်ကြံသူတိုင်းအား အဆုံးအစွန်အထိ တုန်လှုပ်သွားစေမည့်အရာပင်။
မန်ဟိုနှင့် မိန်းကလေးမှာ တဟုန်ထိုး ပြေးနေကြသည်။ ချီးပိုးထိုးများက သူတို့ကို လွှတ်ပေးမည့်ပုံပေ။ သူတို့နောက်မှ လိုက်လာနေကြစဉ် ၎င်းတို့၏အော်သံများက အရပ်လေးမျက်နှာတွင် ပဲ့တင်ထပ်နေ၏။
မန်ဟိုက အံတင်းတင်းကြိတ်ပြီး ဦးတည်ရာပြောင်းလိုက်သည်။ ထိုသို့ဖြစ်ပျက်သောအခါ ပိုးမွှားအုပ်ကြီးမှာ နှစ်ခြမ်းကွဲသွား၏။ တစ်ဖွဲ့က သူ့ကို လိုက်ဖမ်းနေသည်။ နောက်တစ်ဖွဲ့က ပန်းရောင်ဂါဝန်နှင့် မိန်းကလေးနောက် လိုက်နေသည်။
သို့သော် မန်ဟို ဦးတည်ရာပြောင်းလိုက်သည်နှင့် မိန်းကလေး၏မျက်လုံးများက လင်းခနဲ လက်သွားသည်။ သူမခန္ဓာကိုယ်သည် ဖောက်ထွင်းမြင်ရသည်အထိ ဝေဝါးစပြုလာသည်။
ရုတ်တရက် သူမအနောက်ရှိ ချေးပိုးထိုးများမှာ သူမ အရှိန်အဝါကို မျက်ခြေပြတ်သွားပြီး ဦးတည်ရာပြောင်းကာ မန်ဟို့ထံသို့ တရွှီးရွှီး ပြေးဝင်လာကြသည်။
“ငါနဲ့ တိုက်ခိုက်ချင်တယ်ပေါ့လေ။ နင်က အတွေ့အကြုံနည်းလွန်းတယ်။ ငါ စုရန် အဋ္ဌမတောင်ပေါ်မှာ နိုးထလာကတည်းက ဘယ်သူမှ ငါ့ကို မကျော်နိုင်ခဲ့ဖူးဘူး။ အခု ငါ နဝမတောင်ကို ဖြတ်လာနေပြီ။ ငါ့အနေနဲ့ ငါစံချိန်ကို ဘယ်နည်းနဲ့မှ ပျက်စီးစေမှာမဟုတ်ဘူး” ချေးပိုးထိုးထောင်ပေါင်းများစွာ မန်ဟို့ကို လိုက်နေစဉ် သူမက သူမကိုယ်သူမအလွန် ကျေနပ်နေပုံပေါ်သည်။ သူမသည် မျက်လုံးများ တလက်လက် တောက်ပနေလျက် ထွက်မသွားဘဲ နောက်မှလိုက်သွားရန် ရွေးချယ်လိုက်၏။
“သူ ရှုံးခါနီးဆဲဆဲ ဖြစ်တာနဲ့ ငါ နည်းနည်းလောက် ထပ်ခြိမ်းခြောက်လိုက်ရင် အသက်ချမ်းသာရာရအောင် စောစောက သူ ခူးထားတဲ့ ဆေးပင်တွေကို ငါ့ဆီ သေချာပေါက်ပေးလိမ့်မယ်။ အဲဒီအနက်ရောင်ကျောက်တုံးတွေကော၊ ငါ သေချာပေါက် သူ့ဆီက ညှစ်ထုတ်နိုင်လိမ့်မယ်” စုရန်က တောက်ပစွာ ပြုံးလိုက်သည်။ သူမသည် တကယ်တမ်း လက်ဖျားခါလောက်အောင် လှပ၏။ သူမပြုံးလျှင် ထိုအလှက ပိုထင်ပေါ်သည်။ သို့သော် သူမတွင် ဉာဏ်နီဉာဏ်နက်များသော အငွေ့အသက်အနည်းငယ်လည်း ရှိနေသည်။
အထူးသဖြင့် သူမနှုတ်ခမ်းနားရှိ မှဲ့လေးက သူမအား ပို၍ပင် ဆွဲဆောင်မှုရှိနေစေတော့သည်။
***